ဒမာသက်သို့ သွားရာလမ်း

ရှောလု .. သူကား နှယ်နှယ်ရရ မဟုတ်.. အဆင့်မြင့် ဖာရိရှဲ တစ်ယောက်.. ဂျူးလူမျိုးတို့ ၀တ်ပြုရာ ကျောင်းတော်ကြီးမှ အဆင့်မြင့် အရာရှိ တစ်ဦး.. ယဇ်ပုရောဟိတ်များနှင့် အလွမ်းသင့်သူ.. ခရစ်ယာန်များက သူ့အမည်ကို ကြားရုံမျှနှင့် ဖိန့်ဖိန့်တုန်အောင် ကြောက်ရသည်။ ယခုသူ ဒမာသက်(Damascus) မြို့သို့ သွားရာလမ်းပေါ်၌ ရောက်နေသည်။ မြင်းဖြူကြီးကို စီးနင်းပြီး လက်ထဲ၌မူ ဓားရှည်တစ်လက်ကို ကိုင်ဆွဲထားသည်။ မြင်းတပ် စစ်သည်တော်များ နှင့် ခြေလျင်တပ်သားတစ်စု ကို ဦးဆောင်ကာ ဒမာသက်မြို့ သို့ ဦးတည် ခရီးဆက်နေသည်။ စိတ်ထဲမှာလည်း ”ဖာရိရှဲပဲ နိုင်မလား၊ ယေရှုပဲ နိုင်မလား၊ တွေ့ကြသေးတာပေါ့” ဟု  ကြိမ်းဝါးနေသည်။ ဂျေရုဆလင်မြို့ မှ ထွက်ပြေးတိမ်းရှောင်နေသော ကနဦး ခရစ်ယာန်များကို ရှာဖွေပြီး သုတ်သင်ရှင်းလင်း ပစ်ရန်သာ သူ၏ အတွေးထဲ၌ ရှိသည်။

.

ဤမြင်းတပ်နှင့် စစ်သည်တစ်စုကို အဆင့်မြင့် ယဇ်ပုရောဟိတ်ဖြစ်သူ ကယာဖ (Caiaphas )မှ ထည့်ပေးလိုက်ခြင်း ဖြစ်သည်။ ကယာဖ သည် ရှောလု၏ အစွမ်းကို သိသည်။ ရှောလုသည် ပညာတတ်၊ စိတ်ပြတ်သူ၊ ဇွဲသတ္တိနှင့် ပြည့်စုံသူ ။ ခရစ်ယာန်များကို ဤကမ္ဘာမြေမှ အပြီးတိုင် ချေမှုန်းနိုင်သူသည် ရှောလုသာ ဖြစ်ကြောင်းကို ကယာဖ ကောင်းကောင်း သဘောပေါက်သည်။ ကယာဖ သည် စာချွန်လွှာတစ်ထပ်ကို လည်း ရှောလု လက်ထဲသို့ ထည့်ပေးလိုက်သည်။ စာချွန်လွှာများကို ချိတ်ပိတ်ပြီး ယဇ်ပရောဟိတ်မင်း တံဆိပ်တုံးကို ထုထားသည်။ ထိုစာချွန်လွှာများသည် ဂျေရုဆလင် မြောက်ပိုင်းမှာ ရှိသော တရားဇရပ် (Synagogues) များအတွက် ဖြစ်သည်။

ရှောလုက ထွက်ပြေးတိမ်းရှောင်နေသော ခရစ်ယာန်များကို မြောက်ပိုင်းတစ်ခွင် ပြဲပြဲစင်အောင် ရှာမည်။ တွေ့လျှင် ဖမ်းဆီးချုပ်နှောင်ပြီး ယဇ်ပရောဟိတ်မင်း ကယာဖ ထံကို အပ်နှံမည် ဟု ကတိက၀တ် ပြုထားသည်။ နေ့ပေါင်းများစွာ၊ ညပေါင်းများစွာ ခရီးဆက်ကာ ရှာဖွေပါသော်လည်း ခရစ်ယာန် ဆို၍ တစ်ယောက်တစ်လေမျှ မတွေ့ရ။ ကြက်ပျောက်ငှက်ပျောက် ပျောက်နေသည်။ ရှောလု ပျင်းပင်ပျင်းလာသည်။ လမ်းခရီးတစ်လျှောက် ဘာမှ မလှုပ်ရှားရ။ သို့ နှင့် ပင် ဒမာသက်မြို့ သို့ပင် နီးလာချေပြီ။ ဒမသတ်မြို့ အ၀င်သည် အလွန်လှပသည်။ မြက်ခင်းပင် စိမ်းစိမ်းများကို မျက်စိပသာဒ ကြည်နူးလှပစွာ စတင်တွေ့မြင်လာရသည်။ မြစ်ကြီး နှစ်သွယ် ကလည်း ဤမြို့ ကလေးကို ၀န်းရံ ထားသည်မှာ အလှပေါ်တွင် အယှဉ်ဆင့်ထားသည့်နှယ်ပင်။ ရောမတို့၏ လက်အောက်မှာ ရှိနေလင့်ကစား ဒမသတ်မြို့ သူမြို့ သားများသည် ပျော်ရွှင်ကြသည်ကို တွေ့မြင်ရသည်။

ဒမာသက် (Damascus) မြို့ 

 ရက်ပေါင်းများစွာ သွားခဲ့ရသော ခရီးရှည်ကြောင့် ရှောလု ခန္ဓာ တစ်ခုလုံး ဖုံ အလိမ်းလိမ်းကပ်နေသည်။ ရေငတ်သောကြောင့် အာခေါင်မှာလည်း ခြောက်ကပ်နေသည်။ ၀မ်းထဲကလည်း ကျုတ်ကျုတ်မြည်အောင် ဆာလောင်နေသည်။ ဒမာသက်မြို့ သို့ ရောက်လျှင် တည်းခိုခန်းကောင်းကောင်း တစ်ခု၌ ညစာ ကောင်းကောင်းစားပြီး၊ တုံးကနဲ နေအောင် အိပ်ပစ်လိုက်မည်ဟု ရှောလု ကြုံးဝါးလိုက်သည်။ ထိုစဉ်မှာပင် ရုတ်တရက် ရှောလု ခန္ဓာကိုယ်သည် မြင်းကုန်းနှီးပေါ်မှာ ယိမ်းထိုးလာသည်။ ရှောလု ၏ စက္ခု နှင့် သောတ အာရုံသည် ရုတ်ချည်း ပြောင်းလဲသွားသည်။ မျက်စိကျိန်းပြီး ကန်းလောက်အောင် အားကြီးသော အလင်းသည် ကောင်းကင်မှ ရှောလု ပေါ်သို့ ကျရောက်လာသည်။ ရှောလု၏ နားထဲတွင်လည်း လှိုင်းတံပိုးများ ရိုက်ခတ်သံကဲသို့ ဝေါကနဲ ဝေါကနဲ အသံများ ကြားလာရသည်။ အေးစိမ့်သော လေများကလည်း ရှောလုခန္ဓာကိုယ် ပေါ် တိုက်ခိုက်လာသည်။

ရှောလု မြင်းဇက်ကြိုးကို အားဖြင့် ဆုပ်ကိုင်လိုက်သည်။ လက်များက တုန်နေသော ကြောင့် မိမိရရ မဆုပ်ကိုင်နိုင်တော့။ ခြေ နှစ်ဖက်ဖြင့် မြင်းစီးခြေကွင်းကို မလွတ်ထွက်သွားအောင် အားဖြင့်ဖိကာ ချိတ်ထားသည်။ ဒူးဆစ်များ၊ ခြေကျင်းဝတ်များ မခိုင်တော့။ ခြေထောက်များမှာ အားမရှိတော့ သကဲ့သို့  ချည့်နဲ့သွားသည်။ နောက်ဆုံး မြင်းပေါ်မှ မြေကြီးပေါ်သို့ ရှောလု ပြုတ်ကြသွားသည်။ မြေကြီးပေါ်တွင် ပက်လက် နှင့် ရှောလု မလှုပ်နှိုင်တော့။

ရှောလုမြင်းပေါ်မှ ပြုတ်ကျစဉ်

လှိုင်းတံပိုးကဲ့သို့ ၀ုန်းဒိုင်း အသံများ တဖြည်းဖြည်း ရပ်တန့်သွားသည်။ အခိုက်တန့်မျှ ဆိတ်ငြိမ်သွားသည်။ ထိုစဉ်မှာပင် နူးညံ့သိမ်မွေ့သော အသံတစ်ခုကို ရှောလု ကြားလိုက်ရသည်။

 ”ရှောလု၊ ရှောလု အဘယ်ကြောင့် ငါ့ကို ညှင်းဆဲသနည်း“

မြေကြီးပေါ်မှာ လဲနေသော ရှောလု ညည်းတွားလျက်ပင် ပြန်လည် မေးမြန်းလိုက်သည်။

”သခင်၊ ကိုယ်တော်သည် အဘယ်သူနည်း”

ထိုအသံရှင်က

”ငါကား သင်ညှင်းဆဲသော ယေရှု ဖြစ်သတည်း။ အဘယ်ကြောင့် နှင်တံကို ပြန်၍ ကန်ချင်ပါသနည်း။”

ရှောလု နူတ်များ ဆွံအသွား သည်။ ထိုစကား၏ အနက်ကို ရှောလု ကောင်းစွာ နားလည်ပေသည်။ နှင်တံ ဆိုသည်မှာ တိရိစ္ဆာန်များ ထိန်းကျောင်းရာ၌ သုံးသည့် ကိုးပေခန့် ရှည်သော တုတ်တစ်မျိုးဖြစ်သည်။ အဖျားတဖက်တွင် ချွန်ထားပြီး ထိုအချွန်ဖြင့် တိရိစ္ဆာန်များကို ထိုးပြီး ကျောင်းရသည်။ ထိုနှင်တံကို တိရိစ္ဆာန်များက ပြန်ကန်သော်လည်း နှင်တံ ကိုင်သူသည် ကိုးပေ အကွာမှာ ရှိသောကြောင့် အရာ မရောက်။ အလဟဿ အချည်းနှီးပင်။ 

ရှောလု စိတ်တွင် အံ့သြခြင်း နှင့် တုန်လှုပ်ခြင်းတို့သည် တစ်ပြိုင်နက်တည်း ၀င်ရောက်လာသည်။ လက်လျှော့ အရှုံးပေးလိုက်သော လေသံဖြင့် ရှောလု အထစ်ထစ် အငေါ့ငေါ့ မေးလိုက်သည်။

 ”သခင်၊ အကျွန်ုပ်ကို ဘာခိုင်းချင်ပါသနည်း။”

အသံရှင်က

”ထ၍ မြို့ သို့ ၀င်လော့။ သင့်ပြုမည့် အမှုကို ပြောလိမ့်မည်။”

ထိုအသံသည် တဖြည်းဖြည်း ဝေးကာ ပျောက်ကွယ်သွားသည်။

ရှောလု ခေါင်းထောင်ထလိုက်ပြီး ထထိုင်လိုက်သည်။ သူ၏ တပ်သားများမှာ ရှောလုအား ၀ိုင်းလျက် ရပ်ကြည့်နေကာ အံ့သြလွန်းသဖြင့် ကြက်သေ သေနေကြသည်။ တပ်သားများအားလုံးလည်း အသံကိုသာ ကြားလိုက်ရပြီး အသံရှင်ကို မမြင်ရကြ။ ခေါင်းဆောင်ဖြစ်သူ ရှောလုသာ ပါးစပ်လှုပ်ကာ ပြောနေသည်ကို မြင်ရသည်။ အားလုံးမှာ ညှို့ ထားခြင်း ခံရသူများပမာ မှင်သက်နေကြသည်။ ထိုစဉ်မှာပင် တပ်သားနှစ်ဦး သတိရသလို ဖြစ်လာပြီး ရှောလုကို လက်မောင်းမှနေ၍ ၀ိုင်း ထူလိုက်ကြသည်။ ရှောလု မတ်တပ်ရပ်နိုင်သောအခါမှ လက်လွှတ်လိုက်သည်။ ရှောလု မိမိဖာသာ လမ်းလျှောက်ရန် ကြိုးစားလိုက်သည်။ သဲသဲကွဲကွဲ ဘာမှ မမြင်ရသဖြင့် လက်ဖြင့် စမ်းကာ စမ်းတ၀ါးဝါး လျှောက်လိုက်သည်။ ရှောလု ဘာမှ မမြင်ရတော့ ။ ဘာဆိုဘာမှ မမြင်ရတော့။ ရှောလု သဘော ပေါက်လိုက်သည်။ သူ၏ မျက်စိအလင်းကွယ်လေပြီ။

ရှောလု သူ၏တပ်သားများ အကူအညီဖြင့် ဒမာသက်မြို့  အ၀င်ဝသို့ ဆက်လျှောက်ခဲ့သည်။ ထူးဆန်းသည်မှာ မျက်စိကန်းသော်လည်း၊ မိမိလက်အောက်ငယ်သားများ၏ အကူအညီဖြင့် သွားလာနေရသော်လည်း ရှောလု အားငယ်ခြင်း၊ အကျိုးနည်းခြင်း မခံစားရ။ မြို့ ထဲသို့ သွားပြီး သခင်ယေရှုထံမှ ဘာဆက်လုပ်ရမည့် ညွှန်ကြားချက်ကို ရှောလု စောင့်မည်။ ရှောလုအတွက် ထိုအချက်သာ အရေးကြီးပေသည်။

ရှောလုသည် ယုဒဟု အမည်ရသော ခရစ်ယာန် တစ်ယောက်အိမ်၌ တည်း၏။ ယုဒသည် ရှောလု မည်သူဖြစ်သည်ကို ကောင်းစွာ သိ၏။ ရှောလုသည် ခရစ်ယာန်တို့၏ ကြောက်မက်ဖွယ် အကောင်းဆုံး ရန်သူဖြစ်ပေသည်။ ရှောလုအား သနားကြင်နာခြင်းကို ပြခြင်းအားဖြင့် မိမိအား ချမ်းသာပေးမည် မဟုတ်သည်ကိုလည်း ယုဒသိသည်။ ယုဒ ထိုမျှလောက် မအ။ သို့သော်လည်း ယုဒ၌ အခြား ရွေးချယ်ရာ လမ်းမရှိ။ ဧည့်သည် ရှောလုအား ကြောက်ကြောက်နှင့်ပင် သူ၏ အိမ်ထဲ၌ လက်ခံပြီး အိပ်စက်ခွင့်ပေးရသည်။

သုံးနေ့၊ သုံးည တိုင်အောင် ရှောလု၏တပ်သားများ ရှောလု အနားယူနေစဉ် ယုဒအိမ် ပတ်လည် တွင် စောင့်ကြပ်နေသည်။ ဒမာသက်မြို့  ရှိ သမားတော်များ မှာလည်း ရှောလု ကို အစွမ်းကုန် ကုသကြသည်။ သို့သော် ရှောလုကို မျက်စိပြန်မြင်အောင် မစွမ်းနိုင်ကြ။ ရှောလု အစားလည်းမစား၊ ရေလည်းမသောက်တော့။ တစ်ကိုယ်တည်းသာ မိမိဖာသာ ရေရွတ်နေသည်။ တပ်သားများက ရှောလု မိမိဖာသာမိမိ ပြောနေသည်ကို ကြည့်ပြီး သူတို့၏ ခေါင်းဆောင်သည် ရူးသွပ်သွားပြီ ဟု ထင်မှတ်ကြသည်။

အမှန်မှာ ရှောလု တိုးညှင်းစွာ ဆုတောင်းနေခြင်း ဖြစ်သည်။ ထိုသို့ ဆုတောင်းနေသည်ကို တစ်စုံတစ်ယောက် သိသည်။ ထိုသူမှာ အာနနိ (Ananias) ဖြစ်သည်။

သခင်ယေရှုသည် အာနနိအား ဗျာဒိတ်တော်အားဖြင့် ခေါ်တော်မူသည်။

”အာနနိ”

”သခင်ဘုရား။ အကျွန်ုပ်ရှိပါသည်”

ဟု အာနနိလျှောက်လျှင် သခင်ယေရှုက

”သင်သည်ထ၍ လမ်းဖြောင့် အမည်ရှိသော လမ်းသို့သွားလော့။ ရှောလုအမည်ရှိသော တာရှုမြို့သားကို ယုဒ၏ အိမ်၌ရှာဖွေ လော့။ အကြောင်းမူကား၊ ထိုသူသည် ဆုတောင်း လျက်နေ၏။”

သခင်ယေရှု ပြောအပြီးတွင် အာနနိ အာရုံထဲ၌ ရှောလု ဆုတောင်းနေသည်ကို မြင်ယောင်လာသည်။ ရှောလုသည် သနားစရာ ကောင်းလောက်အောင် အခြေအနေ ဆိုးရွားနေသည်။ မျက်စိလည်း စုံလုံးကန်းနေပြီ။ ထိုအခိုက် လူတစ်ယောက်သည် ရှောလု အခန်းထဲသို့ ၀င်ရောက်လာပြီး တုန်ယင်သောလက်ဖြင့် ရှောလုမျက်လုံးများပေါ်သို့ အုပ်လိုက်သည်။ ထိုသို့ အုပ်လိုက်သူမှာ မိမိကိုယ်တိုင်ဖြစ်နေသည် အာနနိ အာရုံ၌ ထင်ထင်ရှားရှား မြင်လိုက်ရသည်။

 အာနနိ သွေးဆုတ်ဖြူရော်သွားပြီး တုန်တုန်ယင်ယင် ဖြစ်လာသည်။

”သခင်ဘုရား၊ ထိုသူသည် ယေရုရှလင် မြို့၌ ကိုယ်တော်၏သန့်ရှင်းသူတို့ကို အဘယ်မျှလောက်ပင် ညှဉ်းဆဲသည်ကို လူများပြော၍ အကျွန်ုပ်ကြားရပါပြီ။ ဤအရပ်၌လည်း ကိုယ်တော်ကို ပဌနာပြုသောသူရှိသမျှတို့ကို ဖမ်းဆီးချုပ်နှောင် ခွင့်ကိုလည်း ယဇ်ပုရောဟိတ် ထံမှ ထိုသူ ရထားပြီးဖြစ်ပါသည်”

 ထိုသို့ အာနနိ လျောက်တင် အပြီး တစ်ဒင်္ဂမျှ ဆိတ်ငြိမ်သွားသည်။ ပြီးမှ ဘုရားသခင်က

”ထိုသူကား တပါးအမျိုးသားတို့နှင့် ရှင်ဘုရင်ထံသို့၎င်း၊ ဣသရေလအမျိုးသားတို့ရှိရာသို့၎င်း၊ ငါ၏နာမကို ပို့ဆောင်စေခြင်းငှါ ငါရွေးကောက်သော တန်ဆာဖြစ်၏။ အကြောင်းမူကား၊ ထိုသူသည် ငါ၏နာမကြောင့် အဘယ်မျှလောက်ပင် ဆင်းရဲခံရမည်ကို ငါသည် သူ့အားပြမည်။ ထိုကြောင့် သင်သွားလော့”

ဟု အာနနိအား မိန့်တော်မူ၏။

အာနနိ ဘာမှပြန်မပြော တော့ပဲ အမိန့်ကို နာခံလိုက်သည်။ မကြာမီ အချိန်တွင်းမှာပင် အာနနိ အိမ်မှ ထွက်ခွာ လာခဲ့သည် ။ နံနက်စောစော စီးစီး လူသူရှင်းသော လမ်းကျဉ်းများကို လျှောက်သွားကျော်ဖြတ်ပြီး ရှော်လုကို တွေ့ရန် ယုဒအိမ်သို့ ဦးတည်လာခဲ့သည်။ ယုဒအိမ်သို့ ရောက်သော် နေသည် ကောင်းစွာ မထွက်သေးပေ။ ဝေလီဝေလင်း အချိန်တွင် အိပ်ယာထက်၌ လဲလျောင်းနေသော ရှောလုကို အာနနိ တွေ့လိုက်ရသည်။ 

”ညီ ရှောလု၊ သင်လာသောလမ်း၌ သင့်အား ထင်ရှားတော်မူသော သခင်ယေရှုသည် သင်၏မျက်စိမြင်ပြန်စေခြင်းငှါ၎င်း၊ သင့်ကို သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်စေခြင်းငှါ၎င်း ငါကိုစေခန့်တော်မူသည်”

အာနနိ ပြောလည်းပြောရင်း တုန်ယင်သော လက်များကို ရှောလု မျက်စိပေါ်သို့ တင်လိုက်သည်။

ထိုအခိုက်အတန့်မှာပင် ရှောလုထံမှ သက်သာရာ ရသွားဟန်ဖြင့် နှုတ်မှ အသံထွက်ပေါ်လာသည်။ ရှောလု၏မျက်စိမှာ ငါး အကြေးခွံ ကွာကျသကဲ့သို့ ဖြစ်၍၊ မျက်စိပြန်မြင်သဖြင့် ချက်ချင်းထ၍ ဗတ္တိဇံ ကိုခံလေသည်။ 

ရှောလု ဗတ္တိဇံ ခံလေပြီ။ ထိုသတင်းသည် အနယ်နယ် အရပ်ရပ်၌ ပုန်းအောင်း နေကြသော ခရစ်ယာန်များအကြား တောမီးပမာ ပြန့်နှံသွားသည်။ ရှောလုသည် ဒမာသက်မြို့ အသွား၌ သခင်ယေရှုကို မျက်ဝါးထင်ထင်မြင်ယုံသာမက ကြားပါ ကြားလိုက်ရ သည်။ ရှောလုသည် ထိုဖြစ်စဉ်ပြီးနောက် မျက်စိကွယ်သွားပြီး ခရစ်ယာန်တစ်ယောက်၏ အကူအညီဖြင့် မျက်စိပြန်မြင်သည်။ ခရစ်ယာန်များကို မုန်းသော၊ ညှင်းပန်းနှိပ်စက်သော ရှောလုသည် ခရစ်ယာန် တစ်ယောက်ဖြစ်လေပြီ။ ကြားရသော ခရစ်ယာန်အပေါင်းတို့ ထိုသတင်းကို ကြားကြားချင်း မိမိတို့နားပင် မိမိ မယုံနိုင်ကြ။

 မှန်ပါသည်။ ရှောလုတစ်ယောက် ခရစ်ယာန်တစ်ယောက် ဖြစ်လေပြီ။ မြင်းပေါ်မှ ပြုတ်ကျသည့် ဒဏ်ကြောင့် ခါး၊ အဆစ်၊ ပေါင်များ နာကျင်နေသော်လည်း ရှောလု ဂရုမထားပြီ။ ခေါင်းမာစွာ မရမက ထရပ်လိုက်ပြီး အာနနိအား ရေလောင်းစေကာ ခမည်းတော်၊သားတော်၊သန့်ရှင်းသော ၀ိညာဉ်တော်၌ ဗတ္တိဇံ ခံယူလေပြီ။

ရှောလု အခန်းသည် တက်နေရောင်ခြည်ဖြင့် လင်းလာသည်။ သူ၏ မိတ်ဆွေသစ် များဖြစ်သော ယုဒ နှင့် အာနနိကို ရှောလု ထင်ရှားစွာ မြင်လာရသည်။ ထိုအခိုက်အတန့် မှာပင် ရှောလုသည် အသစ်သောသူ၊ ၀ိညာဉ်သစ်ကို ပိုင်ဆိုင်သောသူ ဖြစ်လေပြီ။

ရှောလု သူပြောင်းလဲသွားသည့် အထိမ်းအမှတ် အနေဖြင့် သူ၏ အမည်ဟောင်း ရှောလုကို ပစ်ပယ်လိုက်ပြီး၊ အမည်သစ်ဖြစ်သော ပေါလု သို့ ပြောင်းပစ်လိုက်တော့သည်။ ထိုပေါလုသည် နောင်တစ်ချိန်ဝယ် ဓမ္မသစ်ကျမ်း များ၌ သြ၀ါဒစာ ၁၃ ကျမ်းကို ရေးသားသော တမန်တော်ကြီး ရှင်ပေါလု ဖြစ်လေတော့သတည်း။

တမန်တော်ကြီးရှင်ပေါလု

 ”လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင်အသစ်ပြုပြင်သော သတ္တဝါဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။” ၂ကော ၅း၁၇

ရှင်ပေါလု၏ အသက်တာ ပြောင်းလဲခြင်း အဖြစ်အပျက်ကို ခံစားရေးဖွဲ့ သည်။

နာမတော်မြတ်၌

လှမင်းသူ

ကျမ်းကိုးများ

၁။ Wikipedia

၂။ သမ္မာကျမ်းစာမှ တမန်တော်ဝတ္ထု

၃။ Eternal World Television Network မှ သရုပ်ဖေါ်ချက်