မုရန် မဂ္ဂဇင်း

လွတ်လပ်ခြင်းဖြင့် ဘုရားရှင်အား ကိုးကွယ်မည်

Thursday, Sep 09th

Last update07:05:36 PM GMT

You are here:: ၀ိညာဉ်ရေးရာ

Spiritual

ခရစ်တော်၏ရုပ်ပုံလွှာ-၁

E-mail Print PDF

မင်းအောင်သက်လွင်

( အာလဖ နှင့် သြမေ)

ကျွန်ုပ်တို့ ကိုးကွယ် သော ယေရှု သခင် သည် အာလဖ နှင့် သြမေဃ ဆိုသည့် ခမ်းနား ထည်ဝါ လွန်းသည့် ဘွဲ့နာမ ဂုဏ်ထူးအား လူသားများ သိရှိရန် သမ္မာ ကျမ်းစာ၏ နောက်ဆုံးကျမ်း (ဗျာဒိတ်) တွင် ဖော်ပြ ခဲ့ပါသည်။ ထိုဘွဲ့ထူး သည် သခင် ဤလောက ကမ္ဘာသို့ ပြန်လည်ဆင်းသက် ကြွလာအုံးမည့် စကားဆက်များ ဖြစ်သည်။ မကြာမီပင် ပြန်လာမည် ဆိုသည့် စကားအား ဗျာဒိတ်ကျမ်း၏ နောက်ဆုံး အခန်းကြီးတွင် သုံးကြိမ်တိုင်တိုင် ဖော်ပြထားသည် ကိုတွေ့ရသည်။

ဤ အာလဖ နှင့် သြမေဃ ဆိုသော ဂုဏ်ထူးသည် သခင် ပြန်ကြွ လာမည့် အလွန်ကြီးမားသော ကတိတော်ကို ပြည့်စုံရန် ယုံကြည်မှုနှင့် အခွင့် အာဏာတော်ကို ပေးပါသည်။ ဤ ဘွဲ့နာမ ဂုဏ်ထူး (ငါသည် အလျင်အမြန် လာမည်) အား ဗျာဒိတ်ကျမ်း ၂၂း၇၊ ၁၂၊ ၂ဝ တို့တွင် သုံးကြိမ်တိုင် တွေ့နိုင် ပါသည်။ ဗျာဒိတ် ၁း၈ တွင် သခင်ယေရှုအား  ယုံကြည်မှု ရှိရန် ဖော်ပြထား ပါသည်။ ဗျာဒိတ် ၂၁း၆ တွင် ဘုရားသခင်၏ ပြောဆိုချက်ကို တွေ့ရပါသည်။ ဤနေရာတွင် ထိုဂုဏ်ထူးကို သခင်ယေရှုသည် ကောင်းကင်ဘုံ နှင့် စပ်ဆိုင် သောသူ။ ဘုရားဇာတိ ရှိသောသူ ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ကောင်းကင်ဘုံသား ဖြစ်သော ယေရှုခရစ်သည် မိမိ၏ ဘုရား ဇာတိကို အခိုင် အမာ သက်သေပြုခဲ့ခြင်းဖြစ်သည်။ အာလဖနှင့် သြမေဃ သည် ဂရိ အက္ခရာ၏ ပထမ နှင့် နောက်ဆုံး အက္ခရာများ ဖြစ်ကြောင်း အများ သိပြီး ဖြစ်သည်။ ၄င်း၏ အဓိပ္ပါယ်မှာ ဗျာဒိတ် ၂၂း၁၃ တွင် ဖော်ပြထားသော ငါသည် အာလဖ ဖြစ်၏၊ သြမေဃ လည်း ဖြစ်၏။ အဦးဆုံးသောသူ နောက်ဆုံး သောသူဖြစ်၏။ အစနှင့် အဆုံး လည်းဖြစ်၏။ ဆိုသော စကားကို အသေးစိတ် ဖော်ပြ သက်သေခံသော သက်သေများ ဖြစ်သည်။

သူသည် အာလဖ၊ အစအဦးလည်း ဖြစ် သည်။ ပထမ လည်း ဖြစ်သည်။

ပထမ ဆိုသည်မှာ အီဂျစ်။ ဘာဘုလုံ။ ဂရိ။ ရောမ အင်ပါယာ များ မတိုင်ခင် ကာလကို ဆိုလိုခြင်း ဖြစ်သည်။

ပထမ ဆိုသည်မှာ ဘူမိဗေဒ ပညာရှင် များက သက်သေမပြု၊ မခန့်မှန်း၊ မစူးစမ်း နိုင်သေး သော ကမ္ဘာမြေကြီး၏ သက်တမ်း အစ ကို ဆိုလိုခြင်း ဖြစ်သည်။

ပထမ ဆိုသည် မှာ နေစွမ်း အင်။ နဂါးငွေ့တန်း။ စကြဝဠာ မပေါ်ခင် ကာလ ကို ဆိုလိုခြင်းဖြစ်သည်။

သူသည် သြမေဃ နိဂုံး။ အဆုံး လည်း ဖြစ်သည်။

ယေရှုခရစ် လူ့ဇာတိ ခံယူ၍ လောကတွင် ရှင်သန်သွားခဲ့ခြင်းသည် လွမ်းမောဖွယ်ရာ ဒုက္ခဆင်းရဲခြင်း။ အနာ ခံခြင်း။ အသည်းကွဲ ဇာတ်လမ်း တစ်ပုဒ် အဖြစ် တင်ဆက်သွားခဲ့သော်လည်း။ ဇာတ်၏ နိဂုံးပိုင်း အဆုံးသတ် ချိန်တွင် ပျော်ရွှင်ဖွယ်ရာ၊ နှစ်ထောင်းအားရစရာ၊ ဟာသ ဇာတ်မြူးကို ရှုမြင် ခံစားရမည် ဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော်။ ခမည်းတော် ဘုရားသခင် သည် မိမိ၏ လူသားများအား ပျော်ရွှင် ဝမ်းမြောက်ရသော အခွင့်ထူးကို ပေးမည် ဖြစ်သော ကြောင့်ပင်။ ယေရှုခရစ်၏ နိဂုံးပိုင်းသည် အစပိုင်း ကဲ့သို့ ပင် ထူးမြတ် သောကြောင့် ဖြစ်သည်။ သြမေဃသည် အာလဖ နည်းတူ ကောင်းမြတ် သောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ လူမျိုးတော်အတွက် နိဂုံးပိုင်းတွင် ဝမ်းမြောက် ပျော်ရွှင်ရသော အခွင့်ကို ဘုရားသခင် ပြင်ဆင် ထားပြီးဖြစ်သည်။ ထို အက္ခရာ နှစ်လုံးသည် လုံးဝဥဿုံ ပြီးပြည့်စုံ ခြင်းကို ကိုယ်စားပြု ပါသည်။

ကျန်သော အက္ခရာ ၂၆ လုံးအား - နာမည်ကျော် ပြဇာတ် ဆရာကြီး ရှိတ်စပီးယားမှ ချစ်သူများက မိမိတို့၏ ခံစားချက်များကို ဖော်ပြရန်၊ တရား သူကြီးများက စီရင်ချက်များကို အမိန့်ထုတ်ပြန်ရန်။ သမ္မတများ က အုပ်ချုပ် ရေး လမ်းစဉ်များကို ဖော်ပြရန်။ မိဘများက သားသမီးများကို သွန်သင် ရန်။ စသည့် ထာဝရ တည့်တံ့သော စာသားများအဖြစ် ရေးသားနိုင်ခဲ့ပါသည်။

ကျွန်ုပ်တို့၏ အာလဖ နှင့် သြမေဃ ဖြစ်သော ယေရှု ခရစ်တော် ဘုရားသည်၊ ကျွန်ုပ်တို့ ဘဝအသက်တာ၏ အစပိုင်းနှင့် အဆုံးပိုင်းလည်း ဖြစ်သော ဘုရားဖြစ်သည်။ သူသည် ကျွန်ုပ်တို့ အသက်တာ၏ အစပိုင်း ဖြစ်သည်။ ပထမဦးဆုံး လှေခါးထစ် ဖြစ်သည်။ ကျွန်ုပ်တို့၏ မွေးဖွားခြင်း။ ကြီးထွားခြင်း။ ပညာ သင်ကြားခြင်း။ ထမ်းမြား မင်္ဂလာ ဆောင်နှင်းခြင်း။ အသက်မွေး ဝမ်းကြောင်း အတွက် အလုပ် တာဝန် စတင် ထမ်းဆောင်ခြင်း။ သားဦး ရတနာ မွေးဖွားခြင်း စသော အသက်တာ၏ အစပိုင်းများ အားလုံးသည် သခင် ယေရှု ခရစ်တော်၏ လက်တော်ထဲတွင် ရှိပါသည်။

သူသည် ကျွန်ုပ်တို့ အသက်တာ၏ နိဂုံးပိုင်းလည်း ဖြစ်ပါသည်။ နေအိမ်မှ ထွက်ခွာသွားရခြင်း။ လုပ်ငန်းတာဝန် ပြီးဆုံးသွားခြင်း။ နေထိုင်ခွင့် သက်တမ်း ကုန်ဆုံးသွားခြင်း။ ချစ်ခင်သူ မိတ်ဆွေများနှင့် ခွဲခွာနေရခြင်း။ ချစ်ခင်သူ မိသားစုဝင်များ ဆုံးပါးသွားခြင်း။ အငြိမ်းစား ယူခြင်း။ သေဆုံးခြင်း စသော ကျွန်ုပ်တို့ အသက်တာ၏ အဆုံးပိုင်းများသည် ဘုရားသခင်၏ လက်တော်ထဲတွင် ရှိပါသည်။

အာလဖ နှင့် သြမေဃ ဆိုသော သခင်ယေရှု ခရစ်တော်၏ ရုပ်ပုံလွှာသည် ကျွန်ုပ်တို့၏ နာကျင်ခြင်းများကို သက်သာ စေပါသည်။ မရေရာ ခြင်းများကို ပို၍ သေချာစေပါသည်။ အားနည်းခြင်းများကို ခွန်အား တိုးစေပါသည်။ ကျွန်ုပ်တို့၏ ဘဝအသက်တာသည် ဘုရားသခင်၏ လက်တော်ထဲတွင် ရှိနေ ကြောင်း စိတ်ချ သေချာစေပါသည်။ ကျွန်ုပ်တို့၏ ဘဝအသက်တာသည် ယေရှု အားဖြင့် ပြီးပြည့်နိုင်မှာ ဖြစ်ပြီး သူသည် ကျွန်ုပ်တို့၏ အစပိုင်းနှင့် အဆုံးပိုင်းကို ချုပ်ကိုင်ထားသော သခင် သာလျှင် ဖြစ်ပါတော့သည်။

ခရစ်တော်သည်သာ ထာဝရ ၊ အာလဖ နှင့် သြမေဃ

ခရစ်တော်သည်သာ ထာဝရ ၊ ကျွန်ုပ် ဘဝထဲက အဆုံးနဲ့ အစ ။

(မင်းအောင်သက်လွင်)

(ဝန်ခံချက် - ဟန်နရီ ဂရာဖီ ရေးသားသော Alpha and Omega အား ဆီလျော်အောင် မြန်မာဘာသာ ပြန်ဆို ပါသည်။)


မုန်တိုင်းသုံးမျိုးမှ ကာကွယ်စောင့်ရှောက်ခံရန်

E-mail Print PDF


Burmese Bible မှ ပြန်လည်ဖေါ်ပြပါသည်။

  မင်္ဂလာအပေါင်းနဲ့ပြည်စုံပါစေလို့  ရှေးဦးစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ဘုရားသခင်ကျေးဇူးတော်ကြောင့်ပဲ ကျွန်တော်နဲ့ အတူတကွ ကျွန်တော်တို့ အဖွဲ့လေးဟာ စင်ကာပူရောက်ရှိလာပြီးတော့ အခုလို ယုဒသန်နှစ်ခြင်းအသင်းတော်အနေနဲ့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုဧည့်ခံတဲ့အတွက် ကျွန်တော့အနေနဲ့ အများကြီးကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်း ပြောကြားလိုပါတယ်။ ဘုရားသခင်ထံမှ ကောင်းကြီးမင်္ဂလာနဲ့ ငြိမ်သက်ခြင်း၊ ၀မ်းမြောက်ခြင်း၊ ပျော်ရွှင်ခြင်း၊ ကျန်းမာခြင်း၊ စည်းစိမ်ဥစ္စာ ချမ်းသားခြင်းများ အသင်းတော် ဥက္ကဌ၊ ဒုတိယ ဥက္ကဌ၊ အတွင်းရေးမှူး၊ ဒုတိယ အတွင်းရေးမှူး၊ သင်းထောက်လူကြီးများနဲ့ အတူတကွ အသင်းသူအသင်းသား အယောက်တိုင်းအပေါ်တွင် သက်ရောက်ပါစေလို့လည်း ဆုတောင်းမေတ္တာပို့သ အပ်ပါတယ်။ အခု ကျွန်တော်တို့ ဘုရားသခင် နှုတ်ကပတ်တော်တရားကို မဝေငှခင် ကျွန်တော်နဲ့ ပါလာတဲ့အဖွဲ့လေးနဲ့ နည်းနည်းလေး ဂုဏ်တော်အားဖြင့် သူတို့ အရင်ချီးမွမ်းပါမယ်။ ချီးမွမ်းပြီးတဲ့အခါ နှုတ်ကပတ်တော်တရားကို အတူတကွ ခံယူကြရအောင်ဖြစ်ပါတယ်။ (တရုပ်ဘာသာဖြင့် ဧည့်သည်များအား ဖိတ်ခေါ်ပါသည်)

  ကျွန်တော်က ဆက်ဆိုမလားဆိုတော့ မရှိတော့ဘူးတဲ့။ မနေ့ည အများကြီးဆိုသွားပြီးပြီထင်တယ်။

ဘုရားသခင်ကျေးဇူးတော်ပဲ။ ဒီကနေ့ ဒီမှာ ရှိတဲ့ချစ်သောညီအစ်ကိုမောင်နှမများ၊ အထူးသဖြင့် အမိနိုင်ငံ နယ်အသီးသီးမှ ရောက်ရှိလာကြတဲ့ မြန်မာလူမျိုးညီအစ်ကိုမောင်နှမများ ပြန်တွေဆုံရတာ ကျွန်တော့ရင်ထဲမှာ အင်မတန်ပဲ ၀မ်းသာမိပါတယ်။ တကယ့်ကို မြန်မာပြည်ပြန်ရောက်ပြီးမှ ကျွန်တော်တို့ မြန်မာပြည်မှာရှိတဲ့ ညီအစ်ကိုမောင်နှမများနဲ့ တွေ့နေရသလိုပဲ ရင်ထဲမှာခံစားရပါတယ်။ ဒီကနေ့ ကျွန်တော်တို့ နိုင်ငံတကာထွက်လာပြီးတော့ ဧ၀ံဂေလိတရားကို ဟောကြားပြီး အသင်းတော်တိုင်းကို သွားရောက်ပြီး အားပေးပါတယ်။ အဲဒီလို နိုင်ငံတကာသွားပြီးတဲ့အခါ အခုတလော အထူးသဖြင့် မေလကနေစပြီးတော့ ဒီကနေ့ထိတိုင်အောင် ရောက်တဲ့နေရာ၊ ရောက်တဲ့အသင်းတော်တိုင်းမှာ မေးနေကြမေးခွန်းတခု၊ ရောက်တဲ့နေရာတိုင်းမှာ ယုံကြည်သူရော၊ မယုံကြည်သူရော မေးတဲ့မေးခွန်းတခု။ နံပါတ်တစ် ဘာမေးလဲဆိုတော့ သူတို့က ယုံကြည်သူတွေကိုမေးကြတယ်။ ခင်ဗျားတို့ရဲ့ ဘုရားဟာ ချစ်ခြင်းမေတ္တာရှိတယ်၊ ဘာဖြစ်လို့ နှစ်ထောင့်ငါးခုနှစ်မှာ  ဆူနာမိ ဖြစ်ပြီးမှ လူဒါလောက်တောင် သေသွားသလဲ တဲ့။ ခင်ဗျားတို့ရဲ့ ဘုရားသခင်က ချစ်တယ်လို့လဲ ပြောတယ်၊ ဘာမှအပြစ်မရှိပဲနဲ့ မုန်တိုင်းမှာ လူအများကြီးသေသွားသလဲ။ ခင်ဗျားတို့ရဲ့ ဘုရားသခင်က ချစ်ခြင်းမေတ္တာရှိတယ်လို့ပြောတယ် ဘာဖြစ်လို့ တရုပ်ပြည်မှာ မေလ ၁၂ရက်မှာ စီရွမ်းမှာ မြေငလျင်လှုပ်ပြီးတော့ တိုက်တွေပြိုပြီး လူဒါလောက်တောင် သေရသလဲ။   ပြောစမ်းပါဦး   ဆိုတော့ ယုံကြည်သူများတောင်မှ ယုံကြည်ချက်က သံသယဖြစ်လာတယ်။ အေး သူတို့မေးတဲ့ မေးခွန်း မှန်သလိုလိုပဲ။ ဘုရားသခင်က ဘာဖြစ်လို့ ဒိလိုဖြစ်သလဲ။

   ဒါကြောင့် ဒီကနေ့ ချစ်သောညီအစ်ကိုမောင်နှမများကို ဘာဝေငှချင်သလဲဆိုတော့ တကယ်တမ်းကြတော့ ဒီကနေ့ ကမ္ဘာပေါ်မှာဖြစ်နေတဲ့ အရာမှန်သမျှ ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ အသက်တာအပါအ၀င် ခင်ဗျားတို့ကျွန်တော်တို့ရဲ့ အလုပ်၊ ခင်ဗျားတို့ကျွန်တော်တို့ရဲ့ စီးပွားရေး၊ ခင်ဗျားတို့ ကျွန်တော်တို့ ခရီးသွားလာရေး၊ အားလုံးအပါအ၀င် ကျွန်တော်တို့ မသိတဲ့အရာအများကြီးရှိတယ်။ အကယ်စင်စစ် ဒီအရာအားလုံးဟာ သမ္မာကျမ်းစာမှာ (ကျမ်းစာကို ကိုင်မြှောက်ပြ) ရေးသားပြီးသားဖြစ်ပါတယ်။


   ခင်ဗျားတို့ ကျွန်တော်တို့က သမ္မာကျမ်းစာကို မဖတ်လို့ ဒီဟာတွေဖြစ်ပျက်ရတဲ့ အကြောင်းရင်းကို မသိကြဘူး။ အဲဒါကြောင့် မေးခွန်းက ထပ်တလဲလဲမေးတယ်။ တကယ်တမ်းကြတော့ ခင်ဗျားတို့ ကျွန်တော်တို့ ယုံကြည်သူများရဲ့ အသက်တာမှာ ယုံကြည်သူများရဲ့ လမ်းပြဟာ ဒီသမ္မာကျမ်းစာပဲ။ လောကမှာ ခင်ဗျားတို့ ကျွန်တော်တို့ အသက်ရှင်တဲ့အခါမှာ မနက်ဖန် ဘာဖြစ်မလဲဆိုတာ မသိပါဘူး။ ဒါပေမဲ့ ဒီသမ္မာကျမ်းစာက ခင်ဗျားတို့ ကျွန်တော်တို့ အားလုံး လမ်းညွန်ပြောထားပြီးသား။ ဖြစ်ပြီးတဲ့အရာ၊ အခုလက်ရှိဘာဖြစ်နေသလဲ။ နောက်လာလတံ့သော နေ့ရက်မှာ ဘာဖြစ်ဦးမလဲဆိုတာ ကျမ်းစာမှာပါပြီးသား။ ဓမ္မာဟောင်းကျမ်းစာကိုလည်း ဖတ်ဖို့လိုတယ်။ ခင်ဗျားတို့ ကျွန်တော်တို့က ကျမ်းစာဗျာ ဖတ်ရတာ သိပ်ခက်တာပဲ။ မဖတ်တော့ဘူဗျာ၊ ဆာလံကျမ်းလောက်ဖတ်ရင် တော်ပြီပေါ့။ ဒါသိပ်ဖတ်လို့ကောင်းတာ သိပ်ပျော်တာပဲ။ အဲသလောက်ပဲ သိကြတယ်။

   အကယ်စင်စစ် ခင်ဗျားတို့ ကျွန်တော်တို့ ယုံကြည်သူဟာ ဓမ္မဟောင်းကျမ်းစာကို သေချာဖတ်ရှုမှသာလျင် ဓမ္မာဟောင်းကျမ်းစာမှာ ပြောထားတဲ့အရာမှန်သမျှဟာ ဓမ္မသစ်ကို မီးမောင်းထိုးပြနေတယ်။ ဓမ္မသစ်မှာတော့ တခုပြီးတခု ဓမ္မဟောင်းပြောပြသွားတဲ့အရာများကို ထင်ရှားစွာပြသသွားတယ်ဆိုတဲ့အကြောင်းကို ကျွန်တော်တို့သိရတယ်။ ဒါကြောင့် ခင်ဗျားတို့ ကျွန်တော်တို့ ဘ၀အသက်တာမှာ လိုအပ်တာက သမ္မာကျမ်းစာ ဖတ်ဖို့အရေးကြီးတယ်။ သမ္မာကျမ်းစာ ဖတ်ပြီဆိုရင်တော့ ခင်ဗျားရဲ့အသက်တာ ခင်ဗျားရဲ့လုပ်ငန်း၊ ခင်ဗျားရဲ့အိမ်ထောင်ရေး၊ ခင်ဗျားရဲ့စီးပွားရေး၊ ခင်ဗျားရဲ့အသက်တာ၊ ခင်ဗျားခရီးသွားတဲ့အခါ ဘယ်လိုဆောင်ရွက်ရမလဲ။ ခင်ဗျားနိုင်ငံတကာရောက်သွားတဲ့အခါ အလုပ်ရှာရင် ဘယ်လို လုပ်ရမလဲ ကျမ်းစာမှာ အားလုံးပါပြီးသား။ အဲဒီတော့ ဒီကျမ်းစာကို အဓိက ဖတ်ပြီးတော့မှ ကျမ်းစာမှာ ဖေါ်ပြတဲ့အတိုင်း အသက်ရှင်သွားရင် ခင်ဗျားတို့ ကျွန်တော်တို့အသက်တာဟာ အောင်မြင်တဲ့ အသက်တာဖြစ်မှာပါ။ ကျမ်းစာကို မဝေငှခင် ဆုတောင်းရအောင်။

ဆုတောင်းခြင်း။
   အဖဘုရား   ကိုယ်တော်ကို ကျေးဇူးတင်ပါတယ်။ ယနေ့ကိုယ်တော်ရှင်၏ကျွန် ကျွန်တော်မျိုးကိုပို့ဆောင်ပြီး ကိုယ်တော်ရှင်ဘုရား၏ နှုတ်ကပတ်တော်တရားကို ဤနေရာတွင် အတူတကွ လာရောက်ဝေငှရသောကြောင့် ကျေးဇူးတင်ပါတယ်။ ယနေ့ ကြားနာရသူ အယောက်တိုင်းအတွက် တည်ဆောက်စရာ ဖြစ်စေတော်မူပါ။ ကျွန် ကျွန်တော်မျိုးတို့ကိုလည်း မိမိရဲ့ အလိုဆန္ဒအလျောက်မဟုတ်ပဲ ကိုယ်တော်ရှင်ဘုရားရဲ့ နှုတ်ကပါတ်တော် သွန်သင်ထားတဲ့အတိုင်း ဟောကြားနိုင်မည့်အတွက်၊ ဝေငှနိုင်မည့်အတွက် ကောင်းကြီးပေးပါမည့်အကြောင်း ယေရှုခရစ်တော်၏ နာမတော်အားဖြင့် ဆပ်ကပ်ဆုတောင်းပါ၏ အဖဘုရား    အာမင်။


    ကျွန်တော်အခုနပြောတဲ့ အခုတလောဖြစ်နေတဲ့ မုန်တိုင်း၊ မြေငလျင်၊ ဒီအကြောင်းနဲ့ပတ်သတ်ပြီးတော့ ကျမ်းစာကနေ ကြည့်ရအောင်။ ဒီမှာတော့ မုန်တိုင်းအကြောင်းပဲ ဝေငှပါမယ်။ အချိန်အကန့်အသတ်ရှိတဲ့အတွက်ပါ။ ညနေ စိန့်အင်ဒရူး (Little Myanmar Burmese Church, Peninusla) မှာတော့ မြေငလျင်အကြောင်း ဝေငှမှာဖြစ်ပါတယ်။ သမ္မာကျမ်းစာကို ဒီကနေ့ ပြန်ကြည့်လိုက်တဲ့အခါမှာ မုန်တိုင်းကို ဖြစ်ရတဲ့အကြောင်းရင်း ၃ ချက်ရှိတယ်။ နံပါတ် ၁ ကတော့ သဘာဝအတိုင်း ဖြစ်တဲ့မုန်တိုင်း ဆိုပြီးတော့ ရှိတယ်။ အကယ်စင်စစ် ဘုရားသခင်ဟာ စင်္ကြာဝဌာတခုလုံးကို ဖန်ဆင်းပြီးတဲ့အချိန်မှာ သူ သေချာ လူသားတွေကို မှာတယ်။ ကမ္ဘာဦးကျမ်း အခန်းကြီး ၁ အငယ် ၂၈၊ ဒါကတော့ ရေးထားပြီး အိမ်ကျမှ ဖတ်ကြည့်ပါ။ ဘုရားသခင်ဟာ လူအာဒံ ဧ၀ ဖန်ဆင်းပြီးတော့ ဒီကမ္ဘာကို သေချာ ကောင်းမွန်စွာ အုပ်ချုပ်ဘို့အတွက် ကမ္ဘာကြီးကို တာဝန်ပေးထားတယ်။ ဒါပေမဲ့ သူကနေဆင်းသက်လာတဲ့ လူသားတွေက ကမ္ဘာကြီးကို ဘုရားသခင် ဖန်ဆင်းတော်မူသော နိယာမထက် ကျော်လွန်ပြီး အသက်ရှင်နေတယ်ဆိုတာ တွေ့ရတယ်။ ဘုရားရှင် နိယာမ၊ နွေ၊မိုး၊ဆောင်း၊ နေ့နဲ့ည ဒါသဘာဝအတိုင်း နိယာမအတိုင်း သွားရမယ်လို့ ဖန်ဆင်းထားပြီးသား၊ ဒါပေမဲ့ လူသားတွေဟာ ဒီကနေ့ မိမိရဲ့ စီးပွားရေးကြောင့်၊ မိမိရဲ့ အတ္တကြောင့်၊ ဘုရားသခင်ဖန်ဆင်းထားတဲ့ ဒီကမ္ဘာကြီးရဲ့ သဘာဝတရားကို အားလုံးက ဖျက်ဆီးနေတယ်ဆိုတာ အားလုံးသော ဒီကနေ့ လူသားတွေ မြင်နေရတယ်။ အကယ်စင်စစ် မုန်တိုင်းလာတဲ့အခါမှာ ထိုမုန်တိုင်းများကို ပြေသွားဖို့ရန်အတွက်၊ ထိုမုန်တိုင်းများကို ကာကွယ်နိုင်ဖို့ရန်အတွက်၊ နေရာတကာမှာ သစ်တောထူထပ်အောင် ဘုရားသခင်က ဖန်ဆင်းထားပြီးသား။ ဒါပေမဲ့ လူသားတွေက ဒီကနေ့ဘယ်လိုဖြစ်လဲဆိုတော့ မိမိရဲ့စီးပွားရေးအတွက် ခုတ်တာပဲ။ ခုတ်ပြီး ပြန်မစိုက်ဘူး၊ ခုတ်ပါ၊ သုံးပါ၊ ပြန်စိုက်ရမှာ။ ဒီကနေ့ နိုင်ငံတကာဖြစ်ပွားနေတာ သစ်ပင်တွေကို ကြိုက်သလို ခုတ်ကြတယ်။ ပြန်မစိုက်ကြဘူး ဆိုတာဖြစ်လာတယ်။ ပတ်ဝန်ကျင် ထိန်းသိမ်းမှုဆိုတာ မရှိတော့ဘူး။  ဒီသစ်တွေကို ခုတ်ပစ်တဲ့အခါ ပြန်မစိုက်တဲ့အခါ ရာသီဥတုဟာ ပြောင်းလဲသွားရတယ်။ ဒီသစ်ပင်တွေ ခုတ်ပစ်တဲ့အခါ သဘာဝဘေးအန္ဒရယ်လာတဲ့အခါ မကာကွယ်နိုင်တော့ဘူး။ ဒါဘုရားသခင်ကို အပြစ်တင်လို့ရသလား။ အပြစ်တင်လို့မရဘူး။ ခင်ဗျားတို့ ကျွန်တော်တို့ လူသားတွေဟာ ဒီကနေ့ လောကမှာ အသက်ရှင်တဲ့အခါ သဘာဝတရား ပတ်ဝန်းကျင်ရဲ့ ထိန်းသိမ်းမှုဟာ ခင်ဗျားတို့ ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ ဒီကနေ့ ကမ္ဘာပေါ်မှာ ပတ်ဝန်းကျင်ရဲ့ ထိန်းသိမ်းမှုမှာ ခင်ဗျားတို့ ကျွန်တော်တို့ ပါဝင်ခဲ့ရဲ့လား။ ခင်ဗျားတို့ ကျွန်တော်တို့ ဒီကနေ့ သစ်ပင်တပင်စိုက်သလား။ မစိုက်ဘူး။ သုံးတော့ သုံးနေတာပဲ။ ဒါက နံပါတ်တစ်။

   နံပါတ်နှစ်၊ မုန်တိုင်းကို ဖြစ်ပွားစေတာက စာတန်မာနတ်။ စာတန်မာနတ်ကလည်း မုန်တိုင်းကို လွှတ်လို့ရတယ်။ မုန်တိုင်းအားဖြင့် လူကို ဖြက်ဆီး သတ်လို့ရတယ်။ ဓမ္မာဟောင်းကျမ်းကို ပြန်ဖတ်လိုက်တဲ့အခါမှာ ဥဇတိုင်းပြည် တခါတုံးက မုန်တိုင်းကြီးကြီးကျယ်ကျယ် ကျရောက်ဖူးတယ်လို့ ကျမ်းစာမှာ ပါပါတယ်။ ဒါပေမဲ့ များသောအားဖြင့် ကျွန်တော်တို့ ဥဇတိုင်းပြည် ဘယ်နားမှာရှိကြောင်း ယုံကြည်သူများ မသိဖြစ်နေတတ်ပါတယ်။ ဥဇ ဆိုတာ ဘယ်ကလာသလဲ။ ကျွန်တော်တို့ကျမ်းစာဖတ်တဲ့အခါ ဒီအပိုဒ်ရဲ့ ရည်ရွယ်ချက်၊ ဦးတည်ချက်ဟာ ဘာကိုပြောသလဲဆိုတာ နာလည်ဖို့လိုပါတယ်။

   ဥဇရဲ့ အကြောင်းကို ပြန်လည် ကြည့်တဲ့အခါမှာ ဥဇ ဆိုတာ လူရဲ့ နာမည်ပါ။ နေဧမှာ သား ၃ ယောက်ရှိတယ်။ သူ့ရဲ့ ဒုတိယသားဟာ ရှေမ လို့ခေါ်တယ်။ ဒုတိယသား ရှေမ ကနေ မွေးလာတဲ့ သား ၅ ယောက်ရှိတယ်။ နံပါတ်၅ ကျတော့ ဟာရံလို့ခေါ်တယ်။ အဲဒီ နံပါတ်၅ သားကနေပြီး နောက်ထပ် ကလေးမွေးတဲ့အခါ ပထမ အကြီးဆုံးကလေးကို ဥဇ လို့ခေါ်တယ်။ အဲဒီ ဥဇကနေ ဆင်းသက်လာတဲ့လူတွေ တည်ထောင်ထားပြီး နေတဲ့နေရာကို ဥဇ တိုင်းပြည်လို့ခေါ်တယ်။ အီဂျစ်ပြည်နဲ့ ဖိလိတ္တိပြည် စပ်ကြားမှာရှိတယ်။ အဲဒီ ဥဇတိုင်းပြည်မှာ တခါတုံးက လေမုန်တိုင်း ကြီးကြီးကျယ်ကျယ် လာသွားတယ်။ ကျမ်းစာမှာပါတယ်။ ယောဘ၀တ္တု အခန်းကြီး ၁၊ အငယ် ၁၈၊ ဒါလည်း ကိုယ်ဖာသာ ရေးထားပြီးတော့ အိမ်ရောက်တဲ့အခါ ပြန်လည်ပြီးတော့ ဖတ်ကြည့်လို့ရပါတယ်လို့။ အဲဒီတခေါက်ဖြစ်တဲ့ မုန်တိုင်းဟာ ဥဇ တိုင်းပြည်မှာရှိတဲ့ လူတွေမြောက်များစွာ သေကျေပျက်စီးသွားတဲ့အပြင် ယောဘရဲ့ သားနဲ့ သမီးအိမ်ကိုလည်း လေပွေတိုက်လာပြီးတော့မှ အဲဒီအိမ်ဟာ လေးဖက်လေးတန် အကုန်လုံး ကျိုးပြတ်ပြီးတော့မှာ ယောဘရဲ့ သားသမီးတွေပါ သေသွားတယ်ဆိုတာ ကျွန်တော်တို့ သိရတယ်။  ဒါက ဥဇ တိုင်းပြည်မှာ ဖြစ်သွားတဲ့ မုန်တိုင်း။ ဒါကတော့ စာတန်မာနတ်အားဖြင့် ဖြစ်တဲ့ မုန်တိုင်း။

   နံပါတ်တစ်၊ သဘာဝအားဖြင့် ဖြစ်တဲ့မုန်တိုင်း၊ လူမှားလို့ လူတွေမမှန်လို့ ဖြစ်လာတဲ့ မုန်တိုင်း။ ဒုတိယကျတော့ စာတန်မာနတ် ဖြစ်စေတဲ့ မုန်တိုင်း၊ တတိယကို ကျွန်တော်တို့ ကြည့်ရအောင်။ ဘုရားသခင် တရား မျှ တ စွာ  စီရင်သောမုန်တိုင်းဆိုတာ ရှိတယ်။ ဒါလဲ ကျွန်တော်တို့ကျမ်းစာအားဖြင့်ကြည့်ရန်လိုတယ်။ အခုလောလောဆယ်ဖြစ်တဲ့ မုန်တိုင်းကိုမပြောဘူး။ ဓမ္မဟောင်းခေတ်က ဖြစ်ခဲ့တဲ့ မုန်တိုင်းအကြောင်းကို ပြောခြင်းဖြစ်ပါတယ်။ ဘုရားသခင် တရားမျှတသော စီရင်ခြင်း လို့ပြောတဲ့အခါမှာ ဘုရားရှင်ဆိုတာ ဘယ်တော့မှ မတရားတဲ့အလုပ် မလုပ်ဘူး။ ဘုရားသခင်က ပညတ်တော် ၁၀ ပါးပေးတဲ့အခါ၊ ဘုရားသခင်ဟာ မောရှေအားဖြင့် စီရင်ထုံးဖွဲ့မှုကို လူသားတွေကို ပေးတဲ့အခါ အရင်ဆုံး က္ကုသရေလ လူမျိုးများကို ခေါ်ပြီးမှ သူတို့ဆီက ဆန္ဒကို ခံယူပြီးမှ သူတို့က လက်ခံမှ ဘုရားသခင်က အတည်ပြုတာ။ ဘုရားသခင် ပညတ်တော် ၁၀ ပါးပေးတယ်ဆိုတာ ကျွန်တော်တို့ တရားဟောခွေမှာရှိပါတယ်။ အတွဲ ၇ တွဲ၊ ပညတ်တော် ၁၀ပါး မပေးခင် လူတွေနဲ့ အကုန်လုံး  အရင်ဆုံး ဆန္ဒခံယူပြီးမှ ပေးတာ။ ခင်ဗျားတို့ သဘောတူသလား။ ခင်ဗျားတို့ လိုက်နိုင်သလား။ လိုက်နိုင်ရင်တော့ ဒီအတိုင်း အတည်ပြုလိုက်တော့မယ်နော်။ ပဋိညာဉ်ပြုလိုက်တော့မယ်နော်။ ပဋိညာဉ်ပြုပြီရင် ပြန်ပြီးတော့ ပြင်လို့မရတော့ဘူး။ ထွက်မြောက်ရာကျမ်း အခန်းကြီး၁၀။ အငယ် ၅၊၆ မှာ ရေးထားပါတယ်။ ဘုရားသခင်ဟာ က္ကုသရေလ လူမျိုးနဲ့ ပဋိညာဉ် မပြုခင်လေးမှာ ဒီအချက် စီရင်ထုံးဖွဲ့မှုလေး ပေးထားပါတယ်။ အေး -  အကယ်၍ ဘုရားသခင်ရဲ့ စကားကို နားထောင်ရင် အဲဒီနားထောင်တဲ့သူရဲ့ သားမြေးစဉ်ဆက်ဟာ အဆက်တသောင်းထိ ဘုရားသခင်ရဲ့ ဂရုနာတော်ကို ခံစားရမယ်လို့ ပြောတယ်။ အကယ်၍ ဘုရားသခင်ရဲ့ စီရင်ထုံးဖွဲ့မှုကို နားမထောင်ပဲနဲ့ ချိုးဖောက်ရင် အဲဒီသူရဲ့ အပြစ်ဟာ သူ့ရဲ့သား မြေး မြစ် လေးဆက်ထိတိုင်အောင် အဲဒီအပြစ်ကို ပေးရမယ်လို့ ပြောတယ်။ ချစ်လှစွာသော ညီအစ်ကိုမောင်နှမများတို့ အဲဒီအကြောင်းအရာကို က္ကုသရေလ လူမျိုးများနဲ့ ဘုရားသခင် သဘောထားခံယူလိုက်တဲ့အခါ က္ကုသရေလ လူမျိုးများက ဘာပြောသလဲ။ ဘုရားသခင်၊ ရပါတယ်။ ကိစ္စမရှိဘူ။ အေး - ရရင်ကောင်းပါတယ်လေ။ ပဋိညာဉ် ပြုမယ်၊ အဲဒီအချိန်မှာ ယာဇ်ပလ္လင်ပေါ်မှာ သိုးသတ်ပြီးတော့ ဘုရားသခင်နဲ့ ပဋိညာဉ်ပြုထားတာ။ ဒါတချက် ကျွန်တော်တို့ တွေ့ရပါတယ်။ ဒါက သမိုင်းရာဇ၀င် အနေနဲ့ပြောတာ။ ဒီနေ့ကျွန်တော်ပြောရမှာက ယောရှိမင်းကြီးရဲ့ ခေတ်ကို ပြောချင်ပါတယ်။ ယောရှိမင်းကြီးဆိုတာ ယုဒ ရှင်ဘုရင်ဖြစ်ပါတယ်။ သူရဲ့ခေတ် သူရဲ့အခါမှာ သူဘုရင်ဖြစ်လာတဲ့အခါမှာ တခါတည်း တိုင်းပြည်စီးပွားရေး တိုးတက်အောင်မြင်လာအောင် တိုင်းပြည်ရဲ့ မွေးမြူရေး၊ စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေး အားလုံးကို သူက တဖန် ပြန်လည်ပြီးတော့ ပြုပြင်တယ်။ အဲဒီလို ပြုပြင်တဲ့အခါမှာ အလားတူပဲ သာသနာတော်ကို သန့်စင်ခဲ့တယ်။ ဘယ်လိုသန့်စင်ခဲ့သလဲ။ သူ့ရဲ့ခေတ် သူ့ရဲ့အခါမှာ မမှန်ကန်တဲ့ ၀တ်ပြုကိုးကွယ်မှု မိစ္ဆာဒိဌိ မှန်သမျှကို အားလုံး ဖယ်ရှားတယ်။ ထာဝရဘုရားကို ကိုးကွယ်ရမယ်လို့ အဲဒီလို သာသနာတော်ကို သန့်စင်တဲ့အခါမှာ ၀တ်ပြုကိုးကွယ်တဲ့ ဗိမာန်တော်ကို သေချာပြန်လည် မွမ်းမံတယ်၊ ပြုပြင်တယ်။ ဆေးသုတ်တဲ့အခါမှာ မောရှေခေတ်တုံးက ရေးထားတဲ့ ပညတ်၊ စီရင်ထုံးဖွဲ့မှု၊ ပညတ်များ ပြန်လည်ရရှိသောအခါ သူကြည့်လိုက်တယ်။ ဘယ်သူ့ကို ဖတ်ခိုင်းမလဲ၊ အမျိုးသမီး ဟုလဒ ဆိုတဲ့ ပရောဖက်ဖြစ်တယ်။ တော်တော်များများ ခရစ်ယာန်များက ဟုလဒ လို့ပြောရင် မသိကြဘူး။ ပရောဖက် ဟေရှာယလို့ပြောရင်တော့ သိတယ်။ အမျိုးသမီး ပရောဖက် ကလည်း ဓမ္မရာဇ၀င် စတ္တုထစာစောင် အခန်းကြီး ၂၂ ကနေ ၂၃ ကို ဖတ်ပါ။ အင်မတန်ရှင်းစွာရေးထားတယ်။ ဘုရားသခင်က အမျိုးသားတွေ သုံးလို့မရတဲ့အခါ အမျိုးသမီးကို သုံးတယ်။ အမျိုးသမီးများ အားမငယ်နဲ့၊ ဘုရားသခင်က အမျိုးသမီးများကို အများကြီးသုံးတယ်။ ဓမ္မဟောင်းမှာ တီပိုရာ တို့၊ အခု ဟုလဒ၊ ရှင်ဘုရင်တောင်မှ ယဇ်ပရောဟိတ်လွှတ်ပြီးတော့ သူ့ဆီမှာ မေးရတယ်။ မေးတဲ့အခါ သူရှင်းပြတယ်။ က္ကုသရေလ လူမျိုးကို ဘုရားသခင်က မောရှေအားဖြင့် ပဋိညာဉ် ပြုထားတဲ့အရာ ခင်ဗျားတို့ ဒီကနေ့ ပြန်လုပ်ဖို့လိုတယ်။ အဲဒီလိုပြောတဲ့အခါ ယောရှိဆိုတဲ့ ရှင်ဘုရင်က ပြည်သူလူထု အကုန်လုံးကိုခေါ်လိုက်တယ်။ ခေါ်လိုက်ပြီး ဘာပြောလဲဆိုတော့ ပြည်သူလူထုအပေါင်းတို့  ငါတို့ရ မောရှေ ဘုရားသခင်နဲ့ ပဋိညာဉ်ပြုထားတဲ့အရာ စောင့်ရှောက်ရင် စောင့်ရှောက်တဲ့အတိုင်း အဆက် တစ်သောင်းထိ ခံစားရမှာ၊ မစောင့်ရှောက်ရင်တော့ သား၊မြေး၊မြစ်၊ လေးဆက်ထိအောင် အဘရဲ့အပြစ်ကို ပေးဆပ်ရမှာ။ ခင်ဗျားတို့လက်ခံသလား၊ လက်ခံတယ်။ အကုန်လုံး လက်ခံပါတယ် အရှင်မင်းကြီး ကျွန်တော်တို့ လိုက်ရှောက်ပါမယ် ဆိုတော့။ အေး အဲဒီ ပဋိညာဉ်အတိုင်း ပြန်လည်ပြီးတော့ အဓိဌာန်ပြုမယ် ဆိုတော့ အဲဒီနေ့မှာ က္ကုသရေလ လူမျိုးအားလုံးကိုခေါ်ပြီးတော့ ဘုရားရှင်ရှေ့မှာ ပြန်လည်ပြီးတော့ အဓိဌာန်ပြုတယ်။

   ချစ်လှစွာသော မိတ်ဆွေတို့၊ ခင်ဗျားတို့ ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ရှေ့မှာ လွယ်လွယ်ကူကူနဲ့ ဂတိမပေးနဲ့။ လွယ်လွယ်ကူကူနဲ့ အဓိဌာန် မပြုနဲ့၊ မလုပ်နိုင်ရင် ကိုယ်တော်၊ ကျွန်တော် အားနည်းပါတယ်။ မလုပ်နိုင်ပါဘူး။ ကိုယ်တော် ကျွန်တော့ကို အားပေးပါ၊ ခွန်အားပေးပါလို့ပဲ ဆုတောင်းပါ။  ကိုယ်တော် ကျွန်တော့ကို ပိုက်ဆံချမ်းသာအော်ပေး၊ ပေးရင် ကျွန်တော် ဒါလုပ်မယ်။ ကိုယ်တော် ကျွန်တော့ကို ဒါပေး ရင် ဒါလုပ်မယ်။ ဘရမ်းဘတာနဲ့ အဓိဌာန်ပြုလိုက်တယ်။ ချမ်းသာလည်း ခင်ဗျားမလုပ်နိုင်ဘူး။ ကျန်းမာလာတဲ့အခါ မလုပ်နိုင်ဘူး။ အဲဒီအခါမှာ ပဋိညာဉ်ပြုတဲ့အတိုင် ကျွန်တော်တို့ ခံရတာ။ အဲဒီတော့ ခင်ဗျားတို့ ကျွန်တော်တို့ ခရစ်ယာန်အသက်တာမှာ သင်ခန်းစာတစ်ခု ယူရမှာ ဘုရားရှင်ရှေ့မှာ လွယ်လွယ်ကူကူနဲ့ ဂတိမပေးပါနဲ့။ မလုပ်နိုင်တော့တဲ့အတွက် ရိုးရိုးသားသားနဲ့ ကိုယ်တော်၊ ခွန်အားပေးပါလို့ပဲ ဆုတောင်းပါ။   ဒီနေရာမှာ က္ကုသရေလ လူမျိုးက ရှင်ဘုရင် ယောရှိနဲ့ အတူတကွ အဓိဌာန်ပြုလိုက်တယ်။ ပြုလိုက်တဲ့အခါ သာသနာတော်ကို သန့်စင်စေတယ်။ သူတို့အနေနဲ့ ထုံးတမ်းအစဉ်အလာကို ကိုးကွယ်တယ်။ သူတို့အနေနဲ့ ပုံမှန်ကလေးတော့ ရှိခိုးကြတယ်။ ယာဇ်ပူဇော်ကြတယ်။ သို့သော်လဲပဲ ဒီလူတွေဟာ လုံးဝ စိတ်နှလုံး ပြောင်လဲခြင်း မရှိဘူး။ ယခင်တုံးက မိုက်တယ်။ သာသနာတော်သန့်စင်ပြီးတော့ ဆက်မိုက်တာပဲ။ ယခင်တုံးက မဟုတ်တရုတ်လုပ်တယ်။ ဒီအချိန်မှာ ဘုရားသခင်ထံ အဓိဌာန်ပြုပြီးတဲ့နောက်မှာလည်း ဆက်လက်လုပ်တယ်ပဲ။ ယခင်တုံးက သူများရဲ့အတင်းကို တုတ်တယ်၊ အဓိဌာန်ပြုပြီးတဲ့နောက်မှာလည်း ဆက်တုတ်နေတာပဲ။ ယခင်တုံးက မဟုတ်မမှန်တာတွေလုပ်တယ်။ အဓိဌာန်ပြုပြီးလဲ ဆက်လုပ်တယ်။ ပြောင်လဲခြင်းမရှိဘူး။ ပြောင်လဲခြင်းမရှိတဲ့အခါ ဘုရားရှင်က လူကိုရွေးကောက်ပြီးတော့ စကားပြောခိုင်းတယ်။ ဒီခေတ် ဒီအခါတော့ လူရွေးကောက်စရာမလိုဘူး။ ကျမ်းစာအားဖြင့် စကားပြောတယ်။ အဲဒီခေတ် အဲဒီအခါမှာ ယောရှိမင်းကြီး မှာ ဇေဖတိဆိုတဲ့ ပရောဖက်ရှိတယ်။ အဲဒီအချိန်မှာ နာဟုံဆိုတဲ့ ပရောဖက်လည်း ရှိတယ်။ ဘုရားသခင်က သူ့နေရာနဲ့ သူ့နေရာ ပရောဖက် ခန့်ထားပြီးသား။ ဒါပေမဲ့ ဘုရားသခင်က ဒီနေရာမှာ ပရောဖက် နောက်တပါးပြန်ရွေးတယ်။ ဘယ်သူ့ကိုရွေးလဲဆိုတော့ ယေရမိကိုရွေးပါတယ်။ ဘာကြောင့် ယေရမိကိုရွေးရသလဲ၊ မေးစရာရှိပါတယ်။ ပရောဖက် ရှိပြီးသားပဲ။ နာဟုံလည်း ရှိတာပဲ။ ဇေဇနိ လည်းရှိတာပဲ၊ ဘာဖြစ်လို့ ယေရမိကိုရွေးရသလဲ။ ဒီကနေ့ ခင်ဗျားတို့လည်း မေးစရာအကြောင် အများကြီးရှိတာပဲ။ ဒီမှာ ဆရာတွေအများကြီးရှိရဲ့သားနဲ့ နောက်ထပ်ဆရာတွေ အများကြီးခေါ်လာတာ ဘာလုပ်ဖို့လဲ။ ဘုရားသခင် ခိုင်းဖို့ရှိပါတယ်။ ဒီနေရာမှာ ဘုရားရှင် ယေရမိကိုရွေးတဲ့အကြောင်းရင်  နံပါတ်(၁) ယေရမိဟာ နန်းတော်ထဲက ရှင်ဘုရင်ဆီကို အချိန်မရွေးသွားလာလို့ရတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ ဦးလေးက နန်တော်မှာရှိတဲ့ အချုပ်ဝန်။ အချုပ်ခန်းကို ကိုင်တာမဟုတ်ဘူး။ အင်္ကျီချုပ်တာ၊ ရှင်ဘုရင်ရဲ့ ၀တ်ရုံတွေကို ချုပ်တဲ့ အချုပ်ဝန်။ သူက အဲဒီ အချုပ်ဝန်ရဲ့ တူကိုး။  အဲ ခုနကပြောတဲ့ ပရောဖက်မ ဟုလဒ ရဲ့ တူလည်းဖြစ်တယ်။ အဲဒါအပြင် သူဟာ ပြည်သူလူထုထံကို သွားနိုင်တယ်။ ၀င်နိုင်တယ်။ အ၀င်ဆံ့တဲ့ ပုဂ္ဂိုလ်လည်း ဖြစ်တယ်။ ယေရမိ ကိုရွေးတဲ့အခါ ကြည့်ရအောင်။ ယေရမိ အခန်းကြီး ၁၆ ၊ အိမ်ပြန်သွားတဲ့အခါ ပြန်ဖတ်ကြည့်လို့ရပါတယ်။ အငယ် ၁ ကနေ ၇ အထိ ဖတ်လို့ရပါတယ်။ ဒါပေမဲ့ ယေရမိ အခန်းကြီး ၁၆ အငယ် ၁ ကနေ ၂ အထိ ဖတ်လိုက်တဲ့အခါ ဘာတွေ့ရသလဲဆိုတော့ ဘုရားရှင် ယေရမိကို ရွေးကောက်တဲ့အခါ အလွန်အံ့သြစရာကောင်းပါတယ်။ ယေရမိ - မင်းငါ့အတွက် အလုပ်လုပ်ရမယ်။ ဒါပေမဲ့ မင်းကို ငါတခုပြောမယ်။ မင်း မိန်မ မယူရဘူးနော်။ ယေရမိက ဗျာ - ကျွန်တော်က အသက်ငယ်ငယ်လေးရှိသေးတယ်။ မိန်မမယူခိုင်းရင် ပြသနာပဲ။ သူလည်း မိန်မလိုချင်မှာပဲ။ လူငယ်တွေဆိုတာ အရွယ်ရောက်လာရင် မိန်မ ယူချင်လာတာပဲ၊ ယေရမိကို ဘုရားသခင်က မိန်မမယူရဘူး။ နောက် ကလေးလည်း မမွေးရဘူး။ ဟောဗျာ - မိန်းမလည်း မယူရဘူး။ ကလေးလည်းမယူရဘူး။ ဒါပေမဲ့ ဘုရားသခင် ရွေးကောက်တဲ့အခါ သူလက်ခံရမှာပဲ။ ဘာကြောင့်သူကို မိန်မမယူရဘူး။ ကလေးမမွေးရဘူးဆိုတာ ယေရမိ အခန်းကြီး ၁၆ အငယ် ၃ ကနေ ၇၊ ၈ အထိ ဖတ်သွားရင် သိပါတယ်။ ကျွန်တော် မပြောတော့ဘူး။ ဘုရားရှင် ဘယ်လောက်ပြောထားသလဲ၊ နောင် လာမဲ့နှစ်ကာလမှာ ဒီလူဟာ အင်မတန်မိုက်မှားလို့ မင်းမိန်းမနဲ့ ကလေးယူရင် အားလုံးပါသွားလိမ့်မယ်။ အဲဒါကြောင့် မင်း မိန်မလဲမယူ၊ ကလေးလည်း မယူခိုင်းတာ။ အဲဒီမှာရေးထားပါတယ်။ ပြန်သွားတဲ့အခါ ဖတ်ကြည့်ပါ။

   နောက် ဘုရားရှင်ကရွေးကောက်တဲ့အခါ သိပ်အံ့သြဘွယ်ကောင်းပါတယ်။ ခင်ဗျားတို့ ကျွန်တော်တို့ကိုလည်း ဘုရားသခင်က တယောက်နဲ့ တယောက် မတူအောင်ထားတာလည်း သိပ်အံ့သြစရာကောင်းပါတယ်။ ဘုရားရှင်က အယောက်တိုင်းအသက်တာကို သိတယ်။ အယောက်တိုင်း မတူညီတဲ့အသက်တာကို ဘုရားသခင်က သူဖာသာသူ စီစဉ်ပြီးသား။ ယေဇတြေလကို ပြန်ရွေးတာ ကြည့်ရအောင်။ ယေဇကြေလ ဆိုတဲ့ပရောဖက်ကို ရွေးတဲ့အခါမှာ ယေဇတြေလ အခန်းကြီး ၂၄ အငယ် ၁၅ ကနေ ၁၈ ပြန်သွားတဲ့အခါ ဖတ်ကြည်ပါ။ ကျမ်းစာဖတ်ရင် အကျိုးရှိတယ်။ ခင်ဗျားတို့ရဲ့ တကယ်ဘ၀အသက်တာရဲ့ လမ်းပြပဲ။ ယေဇတြေလကို ရွေးတဲ့အခါမှာ ဘယ်လိုပြောသလဲဆိုတော့ ရေဇတြေလ မင်းကတော့ မိန်းမယူလို့ရတယ်။ ဒါပေမဲ့ အချိန်မရောက်ခင် မင်းနဲ့ မင်းမိန်မ အင်မတန် ချစ်နေတဲ့အချိန် ငါသူ့ကို ခေါ်လိုက်ရင် မင်းမငိုရဘူး။ ဟောဗျာ - ဘုရားသခင်က မိန်းမတော့ယူခိုင်းတယ်။ အချိန်မရောက်ခင် ကြီးတဲ့ထိ၊ အိုတဲ့ထိ မပေါင်းရဘူး။ စောစောစီးစီးခေါ်သွားလိမ့်မယ်၊ ခေါ်သွားတဲ့အခါ မငိုရဘူးတဲ့။ ဟောဗျာ - မငိုရဘူးတဲ့။ ငိုချင်ရင်တော့ ငိုလို့ရတယ် တဲ့။ အခန်းထဲမှာသွားငို၊ လူများကို ငိုမပြနဲ့ တဲ့။ ဟောဗျာ - ဘုရားရှင်က လူတယောက်နဲ့ တယောက် ရွေးကောက်တဲ့အခါ တယောက်နဲ့တယောက် ဘ၀အသက်တာ ထားတဲ့အခါ မတူဘူး။ သူ့ကို ပြောတဲ့အကြောင်းရင်းကလည်း ရှိပါတယ်။ ဒါပေမဲ ကျွန်တော်တို့ ပြန်ကြည့်ရအောင် နောက်တယောက်။

    ဟောရှေဆိုတဲ့ ပရောဖက်ကို ဘုရားသခင် ပြန်ရွေးတဲ့အခါ ဘယ်လိုရွေးလဲဆိုတော့ ဟောရှေ၊ မင်းတော့ မိန်မယူလို့ရတယ်။ ဒါပေမဲ့ မင်းယူရမဲ့ မိန်မက ပြည်တဆာမ ယူရမယ်။ ဟောဗျာ - ဟောရှေ လည်း ပရောဖက်ပဲ။ သူ့ကို မိန်းမယူတော့ ပြည့်တဆာမ ယူရမယ်။ ရိုးရိုးမယူရဘူးနော် ပြည့်တဆာမ၊ တော်တော်ကြမ်းကြမ်းတမ်းတမ်းကို ယူရမယ်။ ဘုရားရှင်က ပြောလိုက်ပြီ။ ပြောလိုက်တဲ့အပြင် ဘုရားရှင်က ပြောတဲ့အတိုင်း ပြည့်တဆာမနဲ့ မိန်မယူလိုက်တယ်။ ယူလိုက်တဲ့အခါ သူနဲ့ ကလေး တယောက်၊ နှစ်ယောက်၊ သုံးယောက်၊ လေးယောက်မွေးပြီးပြီ။ လေးယောက်မွေးပြီးတဲ့အခါမှာ သူ့ရဲ့မိန်းမ ဂေါမလို့ခေါ်တယ်။ တနေ့တော့ သူငယ်ရီးစားနဲ့ သွားတွေ့ရော။ သူ့ငယ်ရီးစားနဲ့ ပြန်ကြိုက်သွားတယ်။ ဟာ - - ဟောရှေ တော်တော်ဒုက္ခရောက် သွားတယ်။ ဘုရားရှင် ဘယ်လို လုပ်လိုက်ပါလိမ့်။ ကျွန်တော်ယူတဲ့ မိန်မက ပြည့်တဆာဖြစ်ပြီး အခု သူငယ်ရီးစားထံ ပြန်သွားနေပြီ။ ဟောရှေ အနာဂါတ်တိကျမ်းကို ဖတ်ရင် ဒီအကြောင်းကို သိပါလိမ့်မယ်။ အခန်းကြီး ၁၊ အငယ် ၁၊ ၂ ကိုဖတ်၊ ပြီးတော့မှာ နောက်အခန်းတွေ ဆက်ဖတ်ပါ။ ဒါလည်း သင်ခန်းစာပဲ၊ ခင်ဗျားတို့ အိမ်ပြန်သွားတဲ့အခါ ဖတ်လို့ရအောင်။ ကလေး လေးယောက်မွေးတယ်။ သူ့ငယ်ရီးစားနောက်လိုက်တယ်။ သူ့ငယ်ရီးစားနဲ့ ကိုယ်ဝန်ရှိလာပြန်ရော။ ကိုယ်ဝန်ရှိလာတော့ အသက်နည်းနည်းကြီးလာလို့လားမသိ သူ့ငယ်ရီးစားက မကြိုက်တော့ဘူး။ မယူတော့ဘူးတဲ့၊ အဲဒီခေတ်က မိန်းမကို ကျွန်အဖြစ် အနေနဲ့ ရောင်းလို့ရတယ်။ သူ့ငယ်ရီးစားက သူ့ကိုရောင်းတဲ့အခါ ဘုရားရှင်က ဟောရှေကိုပြောတယ် ဟောရှေ၊ မင်းရဲ့မိန်းမ သူများနဲ့ကိုယ်ဝန်ရှိလာတယ်။ သူ့ကို ပြန်သွားယူလာပါတဲ့။ ချစ်လှစွာသော ညီအစ်ကိုမောင်နှမများတို့၊ ဟောရှေလည်း နားထောင်ရတာပဲ။ ဟုတ်ကဲ့ ဆိုပြီး ပိုက်ဆံယူလို့ သူမိန်းမကို ပြန်သွားရွေးရတယ်။

   ဒါတွေက ဘုရားရှင်က ဓမ္မသစ်ကာလကို မီးမောင်းထိုးပြနေတာ။ ဒီနေ့ ဘုရားရှင်က ကျွန်တော်တို့ကို ဘယ်လောက်ချစ်သလဲ။ ကျွန်မတို့ကို ဘယ်လောက်ချစ်သလဲ။ ကျွန်တော်တို့ ခရစ်တော်ကို ယုံကြည်တယ်။ အပြစ်ဒုစရိုက်ကို ကျူးလွန်တယ်။ တကယ်တမ်း စစ်မှန်သော နောင်တနဲ့ ပြန်လာရင် ဘုရားသခင် ခွင်လွှတ်ပါတယ်။ ခုန ပြောတဲအတိုင်း တကယ်တမ်းတော့ ယုံကြည်သူလူအများဟာ ခရစ်တော်ကို ယုံကြည်ပြီး အပြစ်ကို မကျူးလွန်တော့ဘူးဆိုတဲ့လူ ဘယ်သူရှိသလဲ။ ဘယ်သူမှ .. မရှိဘူး။ လောကမှာ အသက်ရှင်နေတဲ့အခါ သိ၍ဖြစ်စေ၊ မသိ၍ဖြစ်စေ အကြိမ်ကြိမ် ဘုရားသခင်ကို ပြစ်မှာတတ်ပါတယ်။ ဒါပေမဲ့ အရေးကြီးတာက  ပြစ်မှားသော်ငြားလည်း စစ်မှန်သော နောင်တတရားနဲ့ ဘုရားရှင်ထံကို ပြန်လာဖို့လိုပါတယ်။ ချစ်လှစွာသော ညီအကိုမောင်နှမများတို့။ စစ်မှန်တဲ့ နောင်တ တရားနဲ့ ဘုရားရှင်ဆီကို ပြန်လာရင် ဘုရားရှင်ရဲ့ ကောင်းချီးပေးပါမယ်။


    ဒါကတော့ ပရောဖက် ကိုမူတည်ပြီး လူအကြောင်း နည်းနည်းပြောတာ။ အဓိကပြောရမဲ့ ဇတ်လမ်းရောက်လာပြီ။

   ယေရမိ ရွေးကောက်ပြီးတော့ ယေရမိကို ဘုရားသခင်က သူ့ရဲ့ကိုယ်စား စကားပြောခိုင်းတယ်။ ကိုယ်စားပြောတဲ့အခါ ယေရမိ ထွက်လာပြီးတော့ ရှင်ဘုရင်ရော။ က္ကုသရေလ လူမျိုးအားလုံးရော ဘုရားသခင်က ပြောခိုင်းတယ်။ ဒီကနေ့ ခင်ဗျားတို့ သာသနာ သန့်စင်တယ်ဆိုတာက ပြင်ပရဲ့ လှုပ်ရှားမှု။ ပြင်ပရဲ့ ၀တ်ပြုကိုးကွယ်မှု။ ပြင်ပမှာတော့ သားသားနားနားနဲ့ ကိုးကွယ်တာ လုပ်နေတယ်။ လုပ်နေတာ ကောင်းပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့က တကယ်တမ်း စိတ်နှလုံး ပြောင်းလဲဖို့ လိုအပ်တယ်ဆိုတဲ့အကြောင်း ပြောခဲ့တယ်။ ပြောတဲ့အခါ က္ကုသရေလ လူမျိုးက မပြောင်းလဲရုံမက ထပ်မံပြီးတော့ ပိုမိုပြီးတော့ မိုက်တယ်ဆိုတာ ကျမ်းစာအားဖြင့် သိရပါတယ်။
    တနေ့တော့ ယေရမိက ဗိမာန်တော်သွားပြီး ထပ်မံပြီး ဒီအကြောင်းကိုပြောတယ်။ ကျွန်တော် ခင်ဗျားတို့ကို အကြိမ်ကြိမ်ပြောပြီးပြီ။ နောင်တရ ရမယ်ဆိုတဲ့အကြောင်း ကျွန်တော်ပြောတာ။ ခင်ဗျားတို့မသိဘူးလား။ ကျွန်တော် ထပ်မံပြောမယ်။ ယေရမိ အခန်းကြီး ၂၃ အငယ် ၁၉ နဲ့ ၂၀ မှတ်ထားလိုက်ပါ။ ယေရမိ ထပ်မံပြီးတော့ စကားပြောလိုက်တယ်။ ကဲ ခင်ဗျားတို့ နားမထောင်ဘူးနော်၊ ဒီတခါတော့ နည်းနည်းကြမ်းပြီနော်။ အကယ်၍ နောင်တမရပဲနဲ့ ဘုရားသခင်ဆီ ပြန်မလာရင် လေပွေလာလိမ့်မယ်။ ဒီတခါ လေပွေလာရင်တော့ အရင်တခါနဲ့မတူဘူးနော် သတိထား။ ဥဇတိုင်းပြည်လိုမျိုးနိုင်ငံမှာတော့ တော်တော်ပြင်းထန်တဲ့ လေပွေလာမယ်။ အဲဒီလို ဗိမာန်တော်မှာပြောတဲ့အခါ ယာဇ်ပရောဟိတ် ၄ ယောက် အရမ်းဒေါသထွက်တယ်။ ဒီကောင် အ မင်္ဂလာ စကား လာပြောတာပဲတဲ့။ ပြီးတော့ ဗိမာန်တော်မှုး၊ အခုခေတ်သုံးပြောရမယ်ဆိုရင် အသင်းတော် ဥက္ကဌ၊ အသင်းတော် ဥက္ကဌကလည်း အရမ်းဒေါသထွက်လာတယ်။ ဒီကောင် ဘာကောင်မို့လို့လဲ၊ ငါတို့ကို အ မင်္ဂလာစကားလာပြောတယ်။ ငါတို့ကို မုန်တိုင်းကျမယ်လို့ လာပြောတာ ဘယ်သူလဲ၊ ယေရမိ၊ ထွက်လာ၊ ဒါနဲ့ ခေါ်ပြီးတော့ ယေရမိကို ကြိုးတုတ်တယ်။

    ယေရမိ အခန်းကြီး၂၀ အငယ် ၁ နဲ့ ၂၊ မှတ်ထားပါ။ အိမ်ပြန်သွားတဲ့အခါ ဖတ်ကြည့်ပါ။ ဒီစတိုရီက သိပ်နားထောင်လို့ကောင်းတာ။ ယေရမိကို ဖမ်းလိုက်တယ်။ ဖမ်းလိုက်တဲ့အခါမှာ ယေရမိကို ရိုက်တယ်လို့ ပြောတယ်။ ရိုက်တယ်ဆိုတာ ဒီလို ထိုးလိုက်၊ ပုတ် ဆို ရိုက်လိုက် မဟုတ်ဘူး။ ဓမ္မဟောင်းခေတ်တုံးက လူတယောက် အပြစ်လုပ်ပြီး မှားလို့ ရိုက်ရင် မောရှေရဲ့ စီရင်ထုံးဖွဲ့မှုအတိုင်း လုပ်ရတယ်။ ဘယ်လို ရိုက်ရသလဲဆိုတော့ တရားဟောရာကြမ်း အခန်းကြီး ၂၅ အငယ် ၂ နဲ့ ၃ ကို ဖတ်ကြည့်ရင် သိနိုင်ပါတယ်။ ဘယ်လိုရိုက်တယ်ဆိုတာ အချက်ကြီး ၄၀ ချက်ကြီး ရိုက်တာ။ ယေရမိ အရိုက်ခံလိုက်ရတဲ့အခါ ဒီကခါကြတော့ သူက အေးအေးဆေးဆေးနဲ့ခံလိုက်တယ်။ ခံရပါစေ၊ ဒါဘုရားသခင်ပြောခိုင်းလို့ ပြောတဲ့စကားပဲ။ ကဲ - သူက ဗိမာန်တော်မှုးက ပြောလိုက်တယ်။ ကဲ ဗိမာန်တော်မှုးရေ။ ခင်ဗျားရဲ့ နာမည်က ပါရှုရလို့ခေါ်တယ်။ ခင်ဗျား ကျွန်တော့ကို ဘုရားသခင်စကားပြောလို့ ရိုက်တယ်ဆိုရင်တော့ ဒီကနေ့ ကစပြီး ခင်ဗျားနာမည်ကို ပြောင်းလိုက်တော့  ပါရှုရ မခေါ်ပါနဲ့။ မာဂေါမိတ္တာပိတ် လို့သာ ခေါ်လိုက်တော့ လို့ သူ့ကိုပြောလိုက်တယ်။ ဟော - ဘာအဓိပ္ပါယ်လဲဗျာ၊ မာဂေါပိတ္တာပိတ် ဆိုတာက ထာဝရဘုရား လေပွေ၊ မုန်တိုင်း လေးမျက်နှာက ခင်ဗျားတို့ဆီ ကျရောက်လိမ့်မယ်။ ဒါအရေးကြီးတယ်၊ ခင်ဗျား သတိထား လို့ ပြောလိုက်တယ်။ ဒါပေမဲ့ ဘုရားရှင်ကလည်း ၀င်လာသလား၊ မလာပါဘူး။ ယေရမိပြောတာ ယောရှိမင်းကြီးလက်ထက်ကတည်းက ပြောသော်ငြားလည်း ဒီမုန်တိုင်းလာသလား။ မလာပါဘူး။ လူတွေက ပြောတယ် ဘယ်မှာလည်း မုန်တိုင်း၊ ယေရမိပြောတဲ့စကား မုန်တိုင်း၊ ဟုတ်ပါမလား။ ဘုရားရှင်ရဲ့ မုနတ်တိုင်း မလာဘူး ဆိုတာ ဘုရားရှင်က လူသားတွေကယ်တင်ခြင်းရဖို့အတွက် အသက်ရှင်သန်ရေးအတွက် သည်းခံတာ။ ဒီကနေ့ မြောက်များစွာသော ခရစ်ယာန်များ ကျွန်တော်ဒါလုပ်လိုက်တာ ဘာဖြစ်သလဲ။ ဘယ်မှာလဲ၊ ဘုရားသခင်။ မလုပ်ပါဘူး၊ မဆုံးမပါဘူး။ မလုပ်နဲ့။ ဘုရားသခင်က ခင်ဗျားတို့ ကျွန်တော်တို့ နောင်တရဖို့အတွက် သည်းခံတာ။ ယေရမိပြောလိုက်တဲ့စကား ခေတ်တခုတော့ကုန်သွားတယ်။ မုန်တိုင်းမလာပါဘူး။ ယောရှိမင်းကြီး ပြီးတဲ့အခါ ယောခတ်မင်းကြီး  ကာလမှာလည်း ယေရမိက ပိုပြင်းထန်ပြီ။ ယေရမိ အခန်းကြီး ၂၅၊ အငယ် ၃၂ နဲ့ ၃၃ ကိုပြန်ရွတ်လိုက်။ အေး - ခင်ဗျားတို့ နားမထောင်းဘူး။ အဲဒီမှာ ဘယ်လောက်ထိပြောသလဲဆိုတော့ လေပွေဟာ လာတဲ့အခါမှာ လူတွေသေပြီးတော့ အလောင်းတွေဟာ ပုံပြီးတော့ မသဂြိုလ်နိုင်တဲ့အထိ ဖြစ်လိမ့်မယ် တဲ့။ ယေရမိ ၁၆၊ အခန် ၂ ကနေ ၇ နဲ့ ၈ မှာဆိုရင် အဲဒီ သေသွားတဲ့လူရဲ့ အလောင်းဟာ ကောင်းကင်ငှက်က လာစားလိမ့်မယ်။ မြေကြီးပေါ်မှာရှိတဲ့ သားရဲတိရိစ္ဆာန်တွေ အဲ့ဒီအလောင်း လာစားလိမ့်မယ်။ မင်းတို့ ဒီအလောင်းတွေ စုပုံနေပြီး မငိုကြွေးနိုင်၊ မသင်္ဂြိုလ်နိုင် တဲ့အထိ ဖြစ်လိမ့်မယ်တဲ့။

    ချစ်လှစွာသော မောင်နှမအပေါင်းတို့။ အဲဒါက ယောရှုမင်းကြီးခေတ်မှာ ယေရမိ ထပ်ပြောလိုက်တာ။ သတိထား၊ ဘုရားသခင်ရဲ့ လေပွေမလာတာဆိုတာ ခင်ဗျားတို့ကို အချိန်ပေးနေတာ။ ဒါပေမဲ့ ယောခတ်မင်းကြီးအတွက် ကျွဲပါးစောင်းတီး။ ဘယ်လိုပဲပြောပြော အလကားပဲ။ ဘယ်မှာလဲ မုန်တိုင်းမလာဘူး။ ပြီးတော့မှာ ယောယကိန်မင်းကြီးခေတ် ရောက်လာတယ်။ တခေတ်ပြီးတခေတ်၊ တခေတ်ပြီးတခေတ် ပြောင်းလာသော်ငြားလည်း မုန်တိုင်းလာတာ မတွေ့ရဘူး။ အကယ်စင်စစ် မုန်တိုင်းမလာဘူးဆိုတာက ဘုရားရှင်က သူတို့ကို နောင်တရအောင် အချိန်ပေးနေတာ။ ဒီကနေ့ ကျွန်တော်တို့အသက်တာလည်း ထိုနည်းတူစွာပဲ ချစ်လှစွာသော မိတ်ဆွေတို့။ ဒီကနေ့ သဘာဝမုန်တိုင်း၊ စာတန်မာန်နတ်ရဲ့မုန်တိုင်း၊ ဒါမှမဟုတ် ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ ဘ၀ အသက်တာရဲ့ မုန်တိုင်းက မလာသော်ငြားလည်း ဒါဘုရားသခင် အချိန်ပေးထားတာရှိပါတယ်။ ဒါ တကယ့်မုန်တိုင်း လာမယ်ဆိုရင်တော့ ကျွန်တော်တို့ သတိထားဖို့လိုပါတယ်။ ယောခပြီးတော့ ယောယ ခေတ်။ ယောယ ယေရမိထပ်မံပြီတော့မှ ဒီစကားကို ပြောပြန်တယ်။  ယေရမိအခန်းကြီး ၃၀၊ အငယ် ၂၃ မှာရေးထားပါတယ်။ ပြန်ဖတ်ကြည့်ပါ။ ဒီတခါ ဘုရားသခင် မသည်းခံတော့ဘူးနော်။ ခေတ် တခေတ်၊ နှစ်ခောတ်၊ သုံးခေတ် ရောက်လာပြီ။ ဒီတခါ  ဘာဖြစ်သွားသလဲ။ ယေရကိမ်မင်းကြီး ခေတ်နဲ့ ယေခေါနိမင်းကြီးတို့ရဲ့ ခေတ် စပ်ကူမတ်ကူးကြားမှာ မုန်တိုင်းကြီးတခု လာသွားတယ်ဆိုတာ သိရပါတယ်။ အဲဒီအခါမှာ တကယ်ပဲ ယေရမိပြောတဲအတိုင်း မုန်တိုင်းက လေးဖတ်လေးတန်က မွှေ့လာပြီး တိုက်ခိုက်သွားတဲ့အခါ လူတွေဟာ အစုလိုက် အပြုံလိုက် သေသွားတယ်။ အဲဒီအပြင် မသေတဲ့သူဟာ လေပွေမုန်တိုင်းဆိုတာ အပူချိန်ပြင်းထန်သောကြောင့် ထိုသူများရဲ့ ရှေ့ကျော၊ နောက်ကျော အားလုံးဟာ လောင်ကျွမ်းသွားတယ်လို့ ကျမ်းစာမှာ ပါပါတယ်။

    ချစ်လှစွာသော ညီအစ်ကိုမောင်နှမများတို့၊ ဒီအကြောင်းအရာတွေဟာ ဒီကနေ့ကျမှာ ခင်ဗျားတို့၊ကျွန်တော်တို့ မုန်တိုင်းဖြစ်တာမဟုတ်ပါဘူး။ ဓမ္မဟောင်းခေတ်ကာလကတည်းက မုန်တိုင်းဟာ ပြင်းစွာတိုက်ခိုက်သွားတယ်ဆိုတာ သိရပါတယ်။ ဒါကြောင့် ဓမ္မဟောင်းခေတ်ကာလမှာ ဘုရားရှင်က ၀မ်နင် ပေးတဲ့အချိန်တုံးက သူတို့က ဘုရားသခင်ဆီ ပြန်လာဖို့လိုတယ်။ ဒီကနေ့ ခင်ဗျားတို့ ကျွန်တော်တို့ အသက်တာမှာ ထိုနည်းတူစွာပဲ၊ သမ္မာကျမ်းစာ မဖတ်တဲ့အခါ မသိတော့ဘူး။ သမ္မာကျမ်းစာ ဖတ်တဲ့အခါ ကျွန်တော်တို့ နားလည်တာ ရှေ့ဆက်ပြီးတော့ ဘာဖြစ်ဦးမလဲ။ ရှေ့ဆက်ပြီးတော့ မုန်တိုင်း ဘယ်လိုလာမလဲ။ ရှေ့ဆက်ပြီးတော့ မြေငလျင် ဘယ်လောက်လာမလဲ။ ရှေ့ဆက်ပြီးတော့ ဘ၀အသက်တာရဲ့ ဆူနာမီ ဘယ်လောက်လာဦးမလဲ။ ရှေ့ဆက်ပြီးတော့ ခင်ဗျားတို့ ကျွန်တော်တို့ ဘ၀မှာ နောက်ထပ် ဘ၀ရဲ့မုန်တိုင်းတွေ ဘာလာဦးမလဲ။ ကျမ်းစာမှာ ပါပြီးသားပဲ။  Bible Study  လုပ်တာမမှားပါဘူး။ မနက်ဖန်ည ကျွန်တော် Bible Study လုပ်မယ်။ အောင်မြင်တဲ့ ခရစ်ယန်အသက်တာအကြောင်း ထပ်မံပြီးတော့ သင်ကြားပါဦးမယ်။
   ထိုအရာ၊ ထိုမုန်တိုင်း၊ ထိုငလျင် ဘယ်လိုရှောင်ရှားလို့ရမလဲ။ ကျမ်းစာမှာ ပါပြီးသားပဲ။ ကျွန်တော်တို့ကို သင်ထားပြီးသားပါ။ အဲဒါကြောင့် ကျမ်းစာဖတ်ဖို့ လိုအပ်ပါတယ်။ ကောင်းပြီ။ ဒီအကြောင်းအရာတွေကို ကြည့်လိုက်တဲ့အခါမှာ ယေရမိခေတ်ကာလမှာ ဒါတွေ လုံးဝဖြစ်သွားတဲ့အကြောင်း။ ကျွန်တော်တို့ ကျမ်းစာအားဖြင့် သိရတယ်။

    ကျွန်တော်တို့ ဓမ္မသစ်ကာလအတွက် ကြည့်ရအောင်။ မုန်တိုင်းရှိသလား။ ရှိတယ်။ ဒီကနေ့တော့ ဓမ္မသစ်ကာလရဲ့ မုန်တိုင်းကိုတော့ နည်းနည်းပဲပြောပါမယ်။ ဓမ္မသစ်ကာလမှာ ဖြစ်ပေါ်တဲ့မုန်တိုင်းဆိုတာက ရှင်ပေါလုရဲ့ခေတ်မှာ မုန်တိုင်းကြီးကြီးကျယ်ကျယ် ၁၄ ရက်လောက် တိုက်ခတ်သွားတယ်။ ဒါပေမဲ့ လူမသေပါဘူး။ ဘာကြောင့်လဲ - ယေရမိခေတ်ကာလတုံးက တိုက်ခတ်တယ်။ လူအများကြီးသေသွားတယ်။ ရှင်ပေါလုရဲ့ခေတ်ကျတော့ မုန်တိုင်းလာတယ်။ ၁၄ ရက်လောက်တိုက်သွားတယ်။ ဘာမှမဖြစ်ဘူး။ ချစ်လှစွာသော ညီအစ်ကိုမောင်နှမအပေါင်းတို့။ ဒီနေရာမှာ ရှင်ပေါလုရဲ့ခေတ်မှာ သူ့ရဲ့နောက်ဆုံးကာလဖြစ်တယ်။ ဧ၀ံဂေလိ ခရီးစဉ်ပြီးသွားတယ်။ ယေရုဆလင်မြို့မှာရှိတဲ့ ယာဇ်ပယောဟိတ်နဲ့ ယုဒလူမျိုးတို့ကို အမျိုးမျိုးအပြစ်ရှာပြီးတော့ ဖမ်းဆီးတယ်။ ပြီးတော့ ရောမ အုပ်ချုပ်သူတွေလက်ထဲ အပ်လိုက်တယ်။ အဲဒီအချိန်မှာ ယေရုဆလင်မြို့ကနေ ကဲသရိမြို့ကို ပို့လိုက်ပြီးတော့ ကဲသရိမြို့မှာ ၂ နှစ်တိတိ သူကိုချုပ်ထားခဲ့တယ်။ ကဲသရိမြို့ကနေပြီး သူဟာ ရောမမြို့အထိ ရောမအစိုးရကို အယူခံဖို့ရာ သွားတဲ့ ခရီးစဉ်ကို ပြန်ကြည့်ရအောင်။

   ကဲသရိမြို့ကနေ ဆီးဒုံရောက်သွားတယ်။ ဆီးဒုံကနေတဖန် သင်္ဘောစီးပြီးတော့ လာဒရဲမြို့ ရောက်သွားတယ်။ အဲဒီအချိန်က ရောမတပ်မှုး၊ရောမတပ်သားတွေက သူ့ကို ချုပ်ပြီးတော့မှ ကြိုးနဲ့ချည်နှောင်ထားတာ။ လာဒရဲမြို့ကနေ တခါ ကရေတေကျွန်းရောက်သွားပြီး ဖိနိတ်ဆိပ်ကမ်းရောက်သွားတယ်။ အဲဒီနေရာရောက်တဲ့အခါ ရှင်ပေါလုပြောတယ်။ မိတ်ဆွေ တပ်မှုး၊ ဆက်မထွကပါနဲ့တော့။ ဒီရာသီဥတု၊ ဒီခရီးစဉ်ဟာ အင်မတန်မှ ကြမ်းတမ်းပါတယ်။ အကယ်၍ ခင်ဗျားတို့ ကျွန်တော်တို့သွားရင် ဒုက္ခရောက်နိုင်တယ်။ ဒါပေမဲ့ တပ်မှုးက ဘယ်နားထောင်မလဲ။ ဒီဓမ္မဆရာကြီးတယောက်ပြောတဲ့ စကားကို နားမထောင်နိုင်ဘူး။ သူက  Weather Forcast ကိုပဲနားထောင်မှာပဲ။ ဆိပ်ကမ်း အာဏာပိုင်များကိုမေးလိုက်တဲ့အခါ သွားလို့ရတယ်။ ဘာမှမဖြစ်ဘူး။ သင်္ဘောမောင်းတဲ့သူကလည်း သွားလို့ရပါတယ်ဆိုလို့ သွားလိုက်တယ်။ အာလေဇနြေ္ဒ ဆိုတဲ့ သင်္ဘောကြီးနဲ့သွားကြတယ်။ သင်္ဘောထွက်ပြီး လမ်းတ၀က်မှာ မုန်တိုင်း ကြီးကြီးကျယ်ကျယ်လာတယ်ဆိုတာ တွေ့ရတယ်။ အဲဒီ သင်္ဘောကြီးဟာ နစ်လုမတတ်တောင် ဖြစ်လာတယ် တဲ့။ အဲဒီ မုန်တိုင်းရဲ့ နာမည်က ဘယ်လိုခေါ်သလဲ၊ ဥရုကလုဒုန်မုန်တိုင်း။ နာဂစ် မုန်တိုင်းမဟုတ်ဘူး။ ဥရုကလုဒုန်မုန်တိုင်း၊ မုန်တိုင်းရဲ့ နာမည်ဆိုတာလည်း ရှေးခေတ်ကတည်းကရှိတယ်။ ဒီခေတ်၊ဒီအခါမှ မုန်တိုင်းနာမည် မည့်တာမဟုတ်ဘူး။ သမ္မာကျမ်းစာ တမန်တော်ခေတ်ကတည်းက ဥရုကလုဒုန်မုန်တိုင်း၊ ဆယ်လေးရက်တိတိတောင် တိုက်သွားတယ်။ တိုက်သွားတဲ့အခါ လူတွေက သင်္ဘောမှာရှိတဲ့ ဆန်အိတ်တွေချ၊ ပစ္စည်းတွေချ၊ ခင်ဗျားက ခင်ဗျားရဲ့ဘုရား။ ကျွန်တော်က ကျွန်တော်ရဲ့ဘုရား အကုန်လုံး မိမိဘုရားကို တမ်းတပြီးတော့ ဆုတောင်းကြတယ်။ ဆုတောင်းလေလေ မုန်တိုင်းက ကြီးလေလေ၊ သင်္ဘောကြီးက မြုတ်လုမတတ်ဖြစ်လာတဲ့အခါ မှာကျမှ ရှင်ပေါလု ထလာပြီးတော့ ပြောတယ်။

   ချစ်လှစွာသော ညီအစ်ကိုမောင်နှမများတို့၊ ခုန ဆရာသြဂတ်စတတ်ပြောသလို သိပ်ပြောလို့ကောင်းပြီ၊ ဒီအချိန်။ တရားဟောတာကို လူတွေက လက်ခံတယ်ဗျာ။ ဒုက္ခရောက်တဲ့အခါ အခက်အခဲတွေ့တဲ့အခါ တရားဟောရင် သိပ်လွယ်တယ်။ ဒီနေရာမှာလည်း မုန်တိုင်းပြင်းထန်နေတဲ့အချိန် ရှင်ပေါလု ထွက်လာပြီ။ ချစ်လှစွာသော ညီအစ်ကိုမောင်နှမ အပေါင်းတို့။ ခင်ဗျားတို့ကို အပြစ်တော့မတင်ပါဘူး။ ကျွန်တော်ပြောသားပဲ မသွားနဲ့လို့ ပြောပါရက် ခင်ဗျားတို့ သင်္ဘောသွားတာကိုး။ ဒါပေမဲ့ နေပါစေတော့။ ခင်ဗျားတို့က နားမထောင်လို့လာတာ လာပစေတော့။ ဒီမုန်တိုင်းကြောင့် ပစ္စည်းပစ္စယ ဆုံးရှုံးမှာ၊ ဆန်အိတ်၊ပစ္စည်းပစ္စယ ဆုံးရှုံးမှာ၊ ဒါပေမဲ့ နေပါစေတော့။ မနေ့ညက ဘုရားသခင်ရဲ့ ကောင်းကင်တမန် ကျွန်တော့နောက်က လာပြောတယ်။ ပစ္စည်းပစ္စယတော့ ဆုံးရှုံးမယ်။ အသက်တော့ မသေရဘူးတဲ့။ ဟာ - -  အဲဒီကျမှ သူတို့ပျော်သွားကြတယ်၊ သိလား . . သင်္ဘောတစီးလုံးမှာ လူဘယ်နှစ်ယောက်ပါသလဲ။ နှစ်ရာခုနှစ်ဆယ့် ခြောက်ယောက်ပါတယ်။ အဲဒီ လူ ၂၇၆ ယောက်ဟာ ရှင်ပေါလုပြောတဲ့စကားကို ကြားသိလိုက်တဲ့အခါ ရှင်ပေါလုတယောက်ထဲဆုတောင်းတာမဟုတ်တော့ဘူး။ ဒီကနေ့ အဲဒီ ၂၇၆ ယောက်စလုံး ဆုတောင်းကျတာ PRAISE THE LORD ဆိုပြီး အားလုံးဆုတောင်းကြတယ်။ ဘုရားသခင် တန်ခိုးကြီးတယ်။ ကွယ်ကာတော်မူမယ်။ ကျွန်တော်တို့ မသေဘူး။ ၀မ်းသာကြတယ်ကိုး။  အားလုံး ရှင်ပေါလုပြောတဲ့အတိုင်း ကျေးဇူးတော်ချီးမွမ်းပြီးတော့မှာ စိတ်အေးထားပြီး ထမင်းစားကြတယ်။ ရှင်ပေါလုက သိတယ်။ ယေရှုခရစ်တော်က မုန်တိုင်းကို ယိမ်းလိုက်တယ်။ ယေရှုရဲ့ နာမနဲ့ တတ်နိုင်တယ်ဆိုတဲ့အကြောင်း။ အဲဒီမှာ ပြောပြီးတဲ့နောက်ပိုင်း ဆုတောင်းကြတယ်။ မုန်တိုင်းက ဖြေးဖြေးနဲ့ ပြေသွားပြီးမှ သူတို့က ကျွန်းတခုမှာ ရောက်သွားတယ်ဆိုတဲ့အကြောင်း ကျမ်းစာမှာ ပါပါတယ်။ ဘယ်ကျွန်းကိုရောက်သွားသလဲဆိုတော့ မေလိတေကျွန်းကို ဆိုက်တယ်။ အဲဒီကတဆင့် ရောမမြို့သို့ရောက်ရှိသွားတဲ့အကြောင်း ကျမ်းစာမှာပါ ပါတယ်။ (အယ်ဒီတာ။  ။ တမန်တော်ဝတ္တု အခန်းကြီး ၂၇ နှင့် ၂၈)



   ဒါကြောင့် ချစ်လှစွာသော မိတ်ဆွေ။ ဒီကနေ့ သဘာဝ မုန်တိုင်းဖြစ်စေ။ စာတန်မာနတ်ဆီကလာတဲ့ မုန်တိုင်းဖြစ်စေ၊ ဘုရားသခင် တရားမျှတစွာ စီရင်သော မုန်တိုင်းဟာလည်း ကျွန်တော်တို့ကို အချိန်အကြားကြီးပေးပါတယ်။ ဒီကနေ့ ကျွန်တော်တို့အပေါ်မှာ ဒီမုန်တိုင်းတွေ မကျရောက်ပါဘူး။ ဒီကနေ့ ခင်ဗျားတို့ ကျွန်တော်တို့ အသက်တာမှာ ဘုရားသခင်ကို အပ်နှံထားဖို့ လိုတယ်။ ဘုရားသခင် ကျွန်တော်တို့ရဲ့ အကွယ်အကာအဖြစ် ရယူထားဖို့ လိုအပ်ပါတယ်။ အကယ်၍ ခင်ဗျားတို့ ကျွန်တော်တို့ဟာ ဘုရားသခင်အကွယ်အကာကို မရရင် ခင်ဗျားမှာရှိတဲ့ စည်းစိမ်ဥစ္စာ မိနစ်ပိုင်းအတွင်း အားလုံးကုန်နိုင်တယ်။ ခင်ဗျားမှာရှိတဲ့ ကျန်းမာရေး ကောင်းပါတယ်လို့ ပြောတယ်။ မကြွားပါနဲ့။ မိနစ်၊စက္ကန့်အတွင်းမှာပဲ ခင်ဗျားမှာ ရောဂါကျရောက်နိုင်တယ်။ ခင်ဗျားရဲ့ စီးပွားရေး အချိန်မရွေးကျနိုင်တယ်။ အရေးကြီးတာက ဘုရားရှင်ရဲ့ အကွယ်အကာနဲ့ ထိုဘုရားရှင်ကို အားကိုးဖို့ လိုပါတယ်။

    မုန်တိုင်းလာတဲ့အခါ ကျွန်တော့ရဲ့ မိတ်ဆွေတယောက်။ လွန်ခဲ့တဲ ၃၅ နှစ်ကတည်းက ကျွန်တော်နဲ့အတူ တတောဝင်  တတောထွက်ဧ၀ံဂေလိထွက်ခဲ့တယ်။   ကျွန်တော်တို့ အဲဒီအချိန်တုံးက မြန်မာပြည် နေရာအနှံ့ ဟောကြားခဲ့ကြတယ်။ ဘယ်သူမှ ကျွန်တော်တို့ကို ပိုက်ဆံမပေးပါဘူး။ ခရစ်တော်ဘုရားရဲ့ ကျေးဇူးတော်ကြောင့် ခရစ်တော်ဘုရားကို ယုံကြည်ပြီးတဲ့နောက် ဧ၀ံဂေလိထွက်ခဲ့ကြတယ်။ လွန်ခဲ့တဲ့ ၃၅ နှစ်ကတည်းက ကျွန်တော်နဲ့အတူ လက်တွဲပြီးတော့ စားလည်းအတူ၊ အိပ်လည်းအတူ။ အဲဒီအချိန်တုံးက ကျွန်တော်တို့ အင်မတန် ဆင်းရဲပါတယ်။ ဘောင်ဘီဆိုလည်း တထည်ပဲ။ အင်္ကျီဆိုလည်း ၀တ်စရာ တထည်ထဲရှိပါတယ်။ ဘောင်းဘီရှည်ဝတ်ပြီးမှာ စုတ်သွားလို့ရှိရင် ဘောင်ဘီကို ဖြတ်ပြီးမှ ဘောင်းဘီတိုလုပ်ပြီး ၀တ်တဲ့အချိန် ဖြစ်ပါတယ်။ အကျီတောင် လဲစရာမရှိပါဘူး။  ကျွန်တော်နဲ့အတူ ဘုရားသခင်ရဲ့ ဘုရားသခင်ရဲ့ လုပ်ငန်းမှာ ပါဝင်ပြီးတော့မှ ဟောကြားနေတဲ့ပုဂ္ဂိုလ်။ ဒီကနေ့ ပါလာပါတယ်။ ဆရာ မောင်မောင်ဟန်ပါ။ ထပါ၊ ကျေးဇူးပြု၍ ထပါ။ 

   မုန်တိုင်းကျရောက်လာတဲ့အခါ ဘုရားသခင် ထံကိုဆုတောင်းတယ်။ ဘယ်လိုဆုတောင်းသလဲ ဆိုတော့ ကြည့်ရအောင်။ သူရဲ့အိမ်လည်း ဘယ်လိုဖြစ်သွားသလဲဆိုတဲ့အကြောင်း နည်းနည်းသက်သေခံရင်း ဆုတောင်းရအောင်။ ၅ မိနစ်လောက်ပေါ့။ ဘာကြောင့်လဲဆိုတော့ သူကပြောရင် ကမ္ဘာဦးကနေ ဗျာဒိတ်အထိ ရောက်တတ်တယ်။ (ရယ်မောသံများ)

   ဆရာဦးမောင်မောင်ဟန်မှ သက်သေခံခြင်း၊ ဆုတောင်းခြင်းနဲ့ ဆက်လက်ပြီး တရားဒေသနာကို အဆုံးသတ်ပါတယ်။ ထို့နောက် သင်းအုပ်ဆရာ ဆရာသြဂတ်စတပ်မှာ ပွဲတော်မင်္ဂလာကို ဆက်လက်ဦးဆောင်သွားပါတယ် ။

Rev. Dr. ဦးကျော်ဝင်း (စင်ကာပူမြို့၊ ယုဒသန် နှစ်ခြင်းအသင်းတော်  မေလ-၆ ရက်၊ ၂၀၀၈)

 

Video Sermon from JBC Church
Click Here
http://blip.tv/file/1058857

 


အမှတ်တရ၊  ကွာလာလမ်ပူ ၂၀၀၉  ...  ဆရာဦးကျော်ဝင်း နှင့် ဓမ္မမိတ်ဆွေများ

Last Updated on Sunday, 05 September 2010 20:11

SHMILY

E-mail Print PDF

ဘုရားသခင်တွဲဘက်၍ ထမ်းဘိုး တင်တော်မူသောအရာကို လူမခွဲမခွါစေနှင့်ဟု မိန့်တော်မူ၏။”

မာကု ၁၀း၉

”ကလင်..ကလင်”

ကျွန်တော်၏ လက်ကိုင်ဖုန်းမှ မြည်လာသော အသံကြောင့် စာထဲ၌ နစ်မြောနေသည့် အာရုံတို့ ပျက်ပြားသွားသည်။ စိတ်မရှည်စွာဖြင့် နှောက်ယှက်လာသော ဖုန်းကို ကိုင်လိုက်သည်နှင့် တဖက်မှ အမျိုးသမီး ဖြစ်သူ တစ်ဦး၏ အသံကို ကြားလိုက်ရသည်။

”အစ်ကို လှမင်းသူလားရှင်..”

 ”ဟုတ်ပါတယ်..”

”ဟို.. ကျွန်မလေ... ကျွန်မအမျိုးသားနဲ့ ကွာရှင်းချင်လို့ ။ အဲဒါ.. ကျွန်..ကျွန်.........မ.........အဟင့်..အဟင့် ”

ထိုအမျိုးသမီးသည် စကားကိုပင် အဆုံးသတ်ခြင်း မပြုနိုင်ရှာပဲ စိတ်ထိခိုက်မှုကြောင့် သနားဖွယ်ရာ ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။ စာထဲ၌ ရောက်နေသော ကျွန်တော်၏ အာရုံတို့သည် ချက်ချင်းလွင့်ပြယ်ကုန်သည်။ ”ဒီ အမျိုးသမီး ဘယ်သူများပါလိမ့်။ အသံ ကြားဖူးသလိုပဲ” ဟု စိတ်ထဲ၌လည်း တွေးမိသည်။ အပြေးအလွှား ဦးနှောက်ထဲ၌ စဉ်းစားပါသော်လည်း အာရုံထဲ၌ ထိုအမျိုးသမီး၏ အသံနှင့် ရုပ်ကို ထပ်၍ မရချေ။

”အခုပြောနေတာ ဘယ်သူလဲမသိဘူး။ စိတ်မရှိပါနဲ့ဗျာ .. ကျွန်တော် အသံမမှတ်မိလို့ပါ။”

 ”ကျွန်မလေ.. အစ်ကို။ မဖြူလေ .. မမှတ်မိတော့ဘူးလား..”

Last Updated on Saturday, 04 September 2010 17:32

သခင့်စကား အမှတ် ၁၀၉ (စက်တင်ဘာ ၂၀၁၀)

E-mail Print PDF




မင်းအောင်သက်လွင်စီစဉ်ထုတ်ဝေသည်။

 ကဗျာများ။  အဆိုးအားဖြင့် အရှုံးမခံ အကောင်းအားဖြင့်အနိုင်ယူ - Blessing Htay၊  ပေးဆပ်ချင်သူမို့  - နောသောသီဖော၊  ဘ၀ခရီးသည် (လောကဧည့်သည်)၊  အတုကမ္ဘာ (လချိဒ်လ - ဒူကထောင်)၊  ဘ၀ရဲ့အဖြေ (နော်ချိုလေး ... အင်းစိန်)၊  အမှားနောက်မှာ (မ .. ယုံကြည်သူ)၊  ပြောပြချင်တယ်  (Samuel Soe Lwin)၊  ကျေးဇူးတော် (Marie Saw Say, မှော်ဘီ)၊

 သက်သေခံချက်များ၊  အနော၊  အားချာ၊ candlelight25၊
 
 ဆောင်းပါးများ၊  အချိန်မနှောင်းခင် (F-penny . Mizo) တမူး၊ ပုရွက်ဆိတ်နှင့်လူပျင်း (မာရနယာနီနီခိုင်)၊ အသက်အရွယ်သို့ အမှတ်တမဲ့မှအမှတ်တရသို့၊  ထမြောက်ချင်း အရှင်သခင်ယေရှုတော် (အင်ဒရူး)၊ စိတ်နေသဘောထား (မင်းအောင်သက်လွင်)၊
 
 ကာတွန်း၊  "ကျေးဇူးတော်၊ ဟာလေလုယ၊ ပရေ့စ်သလော့"


ဒေါင်းလုတ် ရန် လင့်  Click Here


သခင့်စကား လစဉ်ထုတ်ဝေချက်အားလုံး တခုစီဒေါင်းလုတ်ရန် Click Here
http://www.jbcs.org.sg/main/index.php/lord-word

 

Page 1 of 12

  • «
  •  Start 
  •  Prev 
  •  1 
  •  2 
  •  3 
  •  4 
  •  5 
  •  6 
  •  7 
  •  8 
  •  9 
  •  10 
  •  Next 
  •  End 
  • »