
တစ်ခါက လင်မယားနှစ်ယောက်ရှိသတဲ့။ တစ်နေ့တော့ လင်ဖြစ်သူက စဉ်းစားမိတယ်။
”အင်း။ ငါတို့ ပေါင်းလာတာကြာပြီ။ အိမ်ထောင်သက်တမ်း တစ်လျှောက်လုံး ဘယ်သူက ပိုပြီး အပြစ်ပိုလုပ်မိသလဲ ဆိုတာ မသိရဘူး။ ”
ဒီလိုတွေးမိပြီး အကြံတစ်ခုရတာနဲ့ မိန်းမဖြစ်သူကို ခေါ်လိုက်သတဲ့။
”ရှင်မရေ။ လာပါအုံးကွာ။ မင်းကို ပြောစရာ ရှိလို့”
”အလုပ်ရှုပ်ရတဲ့အထဲ ရှင်ကလဲ တမှောင့်။ ကဲ.. ပြော ဘာပြောမလို့လဲ”
” ဒီလိုမိန်းမရာ ။ ငါတွေးတွေးနေတာ တစ်ခုရှိတယ်။ မင်းနဲ့ငါနဲ့ အပြစ် ဘယ်သူပိုများသလဲလို့ သိချင်တယ်။ အဲဒီတော့ ငါတို့ တစ်ခုခု စမ်းသပ်ကြရင် ကောင်းမယ်။”
”ရှင့်မလဲ ရှုပ်ရှုပ်ရှက်ရှက်ရယ်။ ကဲ မိန့်တော်မူပါဦး။ ဘယ်လိုစမ်းသပ်မလို့လဲ”
” ဒီလိုလေ။ ငါက မင်းကလွဲလို့ တခြား မိန်းကလေးတွေကို စိတ်နဲ့ တစ်ခါ ပြစ်မှားမိရင် ပဲလုံးလေးတစ်လုံးကို ငါ့တို့ ထမင်းစားပွဲဝိုင်းပေါ်မှာတင်မယ်။ မင်းကလဲ ငါကလွဲလို့ တခြားယောက်ျားလေးတွေကို စိတ်နဲ့တခါ ပြစ်မှားမိလို့ရှိရင် ပဲလုံးတစ်လုံးတင်ရမယ်။ ကဲ ဘယ့်နှယ့်လဲ သဘောတူတယ်မဟုတ်လား”
”ကဲပါလေ။ ထားပါတော့ သဘောတူပါတယ်။ ငါ့ယောက်ျားနှယ် ကြံကြံဖန်ဖန်တော်”
ဒီလိုနဲ့ လင်မယားနှစ်ယောက် သဘောတူပြီး စမ်းသပ်ချက်ကို အစပြုလိုက်တယ်။ ရက်များမကြားမှီမှာပဲ လင်ဖြစ်သူချည်းကသာ တင်နေရတဲ့ ပဲလုံးလေးတွေဟာ ထမင်းစားပွဲပေါ်မှာ တဖြည်းဖြည်း ပုံလာတော့တာပေါ့။ အဲဒီမှာပဲ လင်ဖြစ်သူက ”ဟာ ငါ့တို့ ယောက်ျားတွေဟာ တော်တော် ဖောက်ပြန်တတ်တာပဲ။ အပြစ်တွေလည်း မိန်းမတဲ့စာရင် ပိုလုပ်မိတတ်ကြပါလား”လို့ တွေးမိတယ်။ အဲဒီလို တွေးမိပြီး မိန်းမဖြစ်သူကို တောင်းပန်ဖို့ ခေါ်လိုက်သတဲ့။
”ရှင်မရေ။ သစ္စာရှင်မကြီးရေ။ ငါတော့ မှားပကွာ။ မင့်အပေါ်မှာ သစ္စာဖောက်ခဲ့တာများ ပဲလုံးတွေက သက်သေခံနေပြီလေ။ ငါတောင်းပန်ပန်ပါတယ်။ မင်းတို့ဟာ ငါတို့ထက် အပြစ်လုပ်နည်းတယ်ဆိုတာ ဒီစမ်းသပ်ချက်က သက်သေပြနေပြီ”
”သြော်။ ရှင့်နှယ့် ကောက်ချက်ဆွဲ မှားရန်ကော။ ကျွန်မရှင့်ကို နေ့တိုင်း ပဲဟင်းချက်ကြွေးနေတာ ရှင်ကမှ သတိမပြုမိပဲကိုး” လို့ မယားဖြစ်သူက လင်ဖြစ်သူကို ပြောလိုက်ပါတော့တယ်။
(မှတ်ချက်။ ဟာသသက်သက်သာ ဖြစ်ပါသည်။ မည်သူမျှ ထိခိုက် နစ်နာစေရန် မရည်ရွယ်ပါ။)
လှမင်းသူ

ဘယ်သူအပြစ်ပိုများလဲ






