မုရန် မဂ္ဂဇင်း

လွတ်လပ်ခြင်းဖြင့် ဘုရားရှင်အား ကိုးကွယ်မည်

Monday, Sep 06th

Last update03:33:41 AM GMT

You are here:: ၀ိညာဉ်ရေးရာ ၀န်လေး၍ ပင်ပန်းသောသူ အပေါင်းတို့ ငါ့ထံသို့လာကြလော့။

ဝန်လေး၍ ပင်ပန်းသောသူ အပေါင်းတို့ ငါ့ထံသို့လာကြလော့။

E-mail Print PDF


  အဆွေ ….. အဘယ့်ကြောင့် ဒုက္ခဆင်းရဲခံနေရသနည်း?  Samual Soe Lwin .. 

ချစ်သောအဆွေ၏ ပရိဒေ၀ သောက (အို၊နာ၊သေရေး) ဒုက္ခဆင်းရဲရောက်နေရခြင်းသည် တရားသဘောအားဖြင့် ဆင်ခြင်ကြည့်သော် လူသည် မိမိဘ၀ကို မိမိမပိုင်နိုင်၊ မစီမံနိုင်သောကြောင့်သာ လက်လှမ်းမီရာ ဆေးရုံ၊ ဆေးခန်း၊ လောကဓါတ်ပညာ အတိုအထွာတို့မှ အားကိုးရာရလိုရငြား မျှော်လင့်ချက်ဖြင့် လုပ်ဆောင်နေခြင်းပင်မဟုတ်ပါလား?

 

“ထက်ရပ်ဘုံတစ်ခွင်နှင့် အောက်ရပ်လူ့ပြည်မှ အပ်ငယ်နှစ်ချောင်း ထိပ်ခြင်းတိုက်ပါသော်မှ လူအဖြစ်ကားရခဲစွတည်း၊ အကယ်လူဖြစ် ဘုရားကိုဖက်ပါမှ မွန်မြတ်ဘ၀ ဆိုအပ်လှ´´ဆိုသော စကားအတိုင်း ရခဲလှသော လူဘ၀တွင် ချစ်သောအဆွေ၏ အားကိုးအားထားပြုရာသည် တဒင်္ဂသာတည်သည့် လောကီဏ္ဍာ၊ ဂုဏ်ရှိန်သတင်း၊ ကျော်စောကိတ္တိတို့ဖြင့် ဘဝ

ကို အချိန်ကုန်လွန်စေကာ၊ ဖာသိဖာသာဖြင့် ဘ၀ကို ရေစုန်မျောကာ လျှစ်လျှူရှုရန်ကား မသင့်လျှော်ပါလေ။ သေခြင်းတရားအား မကြားနာလိုကြသော်လည်း ရှောင်လွှဲရနိုင်ကောင်းသော အရာမဟုတ်သဖြင့် ပညာနှင့် ပြည့်စုံသော အဆွေသည် အသင့်ပြင်ဆင်ထားရှိရန် လိုအပ်လှပေသည်၊။

လူသည် ဓါတ်ကြီးလေးပါးဖြင့်၎င်း၊ အာရုံငါးပါးတို့ဖြင့်၎င်း၊ လိုတမရ ဒုက္ခဆင်းရဲ ဖျားနာနေကြရခြင်းလား၊ သို့တည်းမဟုတ် ဥတု၊ ဗီဇ၊ ကမ္မ၊ နိယာမ တရားသဘောတို့ကြောင့် ဒုက္ခ ပရိဒေ၀တို့နှင့် ယှဉ်တွဲနေရခြင်းမဟုတ်ပါလား။

တရားရှာကိုယ်မှာတွေ့ဟူ၍ ဆိုနိုင်သော်ငြားလည်း ဘုရားကိုကား ကိုယ်ခန္ဓာမှာရှာ၍ မတွေ့နိုင်ပါလေ။

`အနာနှင့်ဆေးတည့်အောင်ပေး ပျောက်ရေးမခက်ပါ´ ဆိုသည့်အတိုင်း လူ့ဘ၀၏အဖြေသည် ဤလောကတွင် မရှိပေ၊ ဘုရားမှတပါး အားကိုးစရာမရှိခြင်းကြောင့် ဤဒုက္ခတိဘုံတွင် မိဘ၊ ဘိုးဘွားမှအစ ကြီးငယ်မဟူ ကိုယ်စီ အပူဒုက္ခ တို့ဖြင့်ရှိကြပြီး၊ အချို့က မူးယစ်ဆေးဝါး တို့ဖြင့်၎င်း၊ ကာမဂုဏ်စည်းစိမ်တို့ဖြင့်၎င်း၊ သတင်းသီလ၊ ဘာသာတရားကိုင်းရှိုင်းခြင်းတို့ဖြင့်၎င်း ကုစားရန်ကြိုးစားကြသော်လည်း ဧငြိမ်းရာ အစစ်အမှန်ကိုကား မတွေ့ရှိနိုင်ကြပေ။ အကြောင်းမှာ ဘုရားကို ပေလျာယကန်ပြုကာ ပလပ်ထားကြခြင်းကြောင့်ပင်ဖြစ်လေသည်။

ဘုရားဟူသည် မပစ်ပယ်ကောင်းသလို မပြစ်မှားအပ်ပေ၊ အကယ်၍ ပစ်မှားခဲ့သော်ကား မိဘ၊ ဆရာသမားတို့ကို စော်ကားသောအပြစ်တရားမှ ရသောကျိန်ခြင်းထက် ကြီးလေးလှသော ဘုရားစာရေသင့် (ကျိန်ခြင်းခံ)၍ ဘ၀ပင်လယ်တွင် ကမ်းမမြင် လမ်းမမြင်ဘဲ အားကိုးရာမဲ့ ဒုက္ခတို့ကိုသာ အဖေါ်ပြုရချေတော့မည်။ ထို့ကြောင့်လည်း လူသားသင်နှင့် ကျွန်ုပ်တို့သည် ဒုက္ခရောက်ခဲ့ရလေပြီ။ ဤအရာတို့သည် အားလုံးအတွက် ကျွန်ုပ်တို့အဘယ်သို့ ဆက်နွယ်နေကြောင်း မြတ်ဘုရား ကျမ်းဂန်မြတ်တွင် အောက်ပါအတိုင်း ဖေါ်ပြထားပါသည်။

၁။ သြကာသလောက။

အစအဦး၌ မြတ်ဘုရားရှင်သည် သြကာသ လောကကို သူ၏ ဣဒ္ဓိပါတ်တန်ခိုးတော်ဖြင့် စီရင်ဖန်ဆင်းတော်မူလေ၏။ စကြာဝဠာ၊ နေ၊ လ၊ ကြယ်တာရာတို့မှအစ နေ့နှင့်ညတို့ပါဝင်ခဲ့ပါတယ် ဓမ္မမိတ်ဆွေ၊

၂။ သတ္တလောက။

တဖန်မြတ်ဘုရားရှင်သည် သူ၏ သဗ္ဗညုတဥာဏ်တော်ရှိသည့်အတိုင်း ဦးစွာ ကုန်းမြေ၊ သစ်ပင်၊ ပန်းမာလာတို့ကို စီရင်ပြီးသော် ကြီးငယ်၊ မျိုးစုံ သတ္တ၀ါအပေါင်းတို့ကို စီရင်ဖန်ဆင်းတော်မူလေသည်။ သို့သော် သင်နှင့် ကျွန်ုပ်တို့လူသားတို့ကိုကား ထိုသို့ မပြုဘဲ တမူထူးကဲစွာ ဖန်ဆင်းတော်မူခဲ့လေသည်ကို ချစ်သောဓမ္မအဆွေ သိမြင်စေရန် မြတ်ဘုရားအလိုတော်ရှိတော်မူလေသည်။

၃။ နိစ္စလောက။

ရှင်တော်မြတ်ဘုရားသည် မနုဿဟူ၍ ခေါ်ဆိုကြသော ကျွန်ုပ်တို့ကိုကား ဓါတ်ကြီးလေးပါး (ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယော)တို့ဖြင့် သာမက ရုပ်ခန္ဓာကို ပြုပြင်ပြီးသော် အသက်မဲ့ ရုပ်သာရှိသေးသော လူသားအား ဇီဝ အသက်တည်းဟူသော နာမ်သက်ကိုပေး၍ အို၊ နာ၊ သေခြင်းကင်းသော လူသားဘ၀ကို ဖန်းဆင်းတော်မူလေသည်။

ထိုလောက သုံးပါးတို့၏ အရှင်မြတ်ဘုရားက လူသားတို့အား ဓမ္မလမ်းစဉ်တစ်ခုကို ချမှတ်ပေးလေသည်။ ၎င်းမှာ ဘုရားစကားတော်နှင့်အညီ နာယူမှတ်သားကာ နေ၊ထိုင်၊ သွားလာစေပြီး မရှိစကား နားဝမှာပင် မကြားရသော ဘ၀ဖြင့် ကောင်းကြီးမင်္ဂလာဖြင့် စစ်မှန်သော လူဘ၀တွင် ဘုရားဖက်၍ အသက်ရှည်ရှည် လိုတရ ဘ၀ဖြင့် နေထိုင်စေတော်မူခဲ့လေသည်။

၎။ အနိစ္စလောက။

“ကဲ ဒါဆို နိစ္စလောကမှ အခုတော့ အနိစ္စလောကဖြစ်လာရခြင်းက ဘာကြောင့်လည်း”ဟူ၍ အဆွေမေးလိုကောင်း မေးပေလိမ့်မည်။

ထိုအရာကိုပင် စာရေးသူကလည်း ဖြေဆိုလိုပေ၏။ အို၊ နာ၊ သေခြင်း မမြဲခြင်းတရားတို့သည် ငါသာလျှင်သခင် ငါသာလျှင်အရှင်ဟူ၍ ဘုရားကို ဖက်ပြိုင်ကာ ဘုရား စာရေ (ကျိန်ခြင်း) သင့်သော မာရ်နတ်မင်း၏ စကားအား ယုံမှတ်၍ ဘုရားကဲ့သို့၎င်း၊ ဘုရားလိုဖြစ်ချင်သောကြောင့် ထိုကနဦး လူသားတို့သည် ဖန်ဆင်းခြင်းရဲ့အရှင်၊ ဖန်ဆင်းသခင်ရဲ့နေရာတွင် ဖန်ဆင်းခံ မာရ်နတ်မင်းကို ရှေ့တန်းတင်မှားမိခြင်းကြောင့် မိဘစာရေသင့်ခြင်းတို့ထက် ကြီးမားသော ဘုရားစာရေသင့်ခြင်းကြောင့် အို၊ နာ၊ သေခြင်း ကင်းသော နိစ္စဘုံသားဘ၀မှသည် ရုတ်ခြည်းပင် အို၊ နာ၊ သေခြင်း၊ ဒုက္ခဆင်းရဲ အတိပြည့်သော အနိစ္စဘုံသို့ရောက်ခဲ့ကြရလေသည်။

ထို့ကြောင့် မိတ်ဆွေ…… အဘယ့်ကြောင့် သင်နှင့် ကျွန်ုပ် ဒုက္ခ၌ ကျင်လည်နေရပါသနည်းဟူမူကား ဘုရားကို ဘုရားမှန်းမသိ၊ တရားကို တရားမှန်းမသိ ၊ ဘုရားကို ဘုရားလို မဆည်းကပ်၊ တရားကို တရားလို မမှတ်ယူ ပစ်ပယ်စော်ကားမိသော အကြောင်းတရားအကျိုးဆက်တို့ကြောင့်ပင် ဖြစ်လေတော့သတည်း။

၅။ နိစ္စဘုံသို့သွားရာလမ်း။

ကျွန်ုပ်တို့သည် ဘုရားမဲ့ဝါဒီများယုံကြည်သကဲ့သို့ လူသည် မွေးဖွားခြင်းဖြင့် စကာ သင်္ချိုင်းတွင် လမ်းဆုံးသွားမည့်သူများ မဟုတ်ပေ။

အကြောင်းမှာ လူသည် အပြစ်၏ အကျိုးဆက်ကြောင့် ဤရုပ်ခန္ဓာသည် သေလွန်ရသော်လည်း နာမ်သက်ခန္ဓာကား ပေးတော်မူသော ဘုရားရှင်ထံသို့ တစ်ဖန်ပြန်၍ စစ်ကြောခြင်းကို ခံရပေတော့မည်။ ထို့ကြောင့်လည်း ငယ်စဉ်က ကြားဘူးသော ဓမ္မကဗျာ၌ ပါသောစာစကားလေးအား အလျှဉ်းသင့်၍ ပြောရမည်ဆိုပါက “သေပြီးမုချ မရဏာမင်းထံရောက်ရ”ဆိုသည့်အတိုင်း အမှန် စစ်ကြောခံရပေမည်။

ကောင်းမှုကုသိုလ်၊ အာပါဒ်ဖြေခြင်းတို့သည် လူလူခြင်းတို့ရှေ့တွင် လက်ခံဖွယ်ဟူ၍ ထင်မှတ်ကြသော်လည်း ဘုရားကိုဖက်ပြိုင်၊ ငါသာလျှင် ပဓါန၊ ငါသာလျှင် ငါ့ရဲ့ပဲ့ကိုင်ရှင်ဟူသော“ငါတကောကောသူ (မိစ္ဆာဒိဌိ) ဖြစ်ခဲ့ပါမူ ပြုမိလေသမျ အရာရာအားလုံးတို့သည် သဲထဲရေသွန် (အဟောသိကံ) ဖြစ်ရပေမည်။ ဤကား လူမျိုးရေးနှင့်မဆိုင် ကျွန်ုပ်တို့နှင့် ဘုရားအကြားသာ ဆိုင်လေသည်တကား။

ထို့ကြောင့် အဆွေ ဒုက္ခဆင်းရဲတို့ဖြင့် ပြည့်နှက်နေသော ဤဘ၀တွင် ဘ၀ နာမှုတွေထဲမှာ ထင်ယောင်ယိုးမှား အချိန်ဖြုန်းတီးမနေပဲ ဘ၀နာ စခန်းသို့ ဆိုက်ရောက်ရန် အချိန်ကောင်းသည် ယခုပင်ဖြစ်လေ၏။

“ကွေးသောလက်မဆန့်မီ၊ ဆန့်သောလက် မကွေးမီ” ကျွန်ုပ်တို့၏ ဘ၀သည်ကား အမှန် ချုပ်ငြိမ်းကာ ဘ၀အသက်ဆီမီးစာ ကုန်ဆုံးသွားနိုင်ပေသည် မဟုတ်ပါလား။

“ဘုရားမှတပါး အားကိုးရာအခြားမရှိ”ဆိုသော စကားအတိုင်း စွန့်ခြင်းကြီးများစွာဖြင့် ကျွန်ုပ်တို့အတွက် “ဇီဝိတဒါန” အသက်တော်ကိုပင် စွန့်လွတ်တော်မူပြီး သေခြင်းမဇ္ဈုမာန်ကို အောင်၍ “နိစ္စထာဝရ”အို၊ နာ၊ သေခြင်းကင်းရာ နန်းအမတ မာဂ်လမ်းကို ဖွင့်ပေးတော်မူသော ယေရှုခရစ်တော်အား မိမိပြုမိလေသမျှ ကာယ၊ ၀စီ၊ မနော အလီလီတို့၏ အပြစ်တို့အား သံဝေဂရလျှက် ၀န်ခံတောင်းပန် လျှောက်ကြားပါက အဆွေသည် ဘုရားစာရေ၊ တရားစာရေ သင့်ခြင်းတို့မှကင်းကာ “ငါတို့သည်ကား နွယ်တော်သားပင် ဘုရားမျိုးပင်ဖြစ်ကြလေ”ဟူသောဓမ္မသဘောအတိုင်း ဘုရားရဲ့အတွင်းလူဖြစ်ကာ ထိုအရှင်ခရစ်တော်ဘုရား၏ စောင့်ထိန်းပဲ့ပြင် မှုအစ “ဘ၀၏မွန်မြတ်ရခဲလှခြင်း” ဟူသော အနှစ်သာရတို့ကို အမှန်သိမြင်လာကာ ဒိဌကိုယ့်တွေ့ခံစားလာရပေတော့မည်။

ဝန်လေး၍ ပင်ပန်းသောသူ အပေါင်းတို့ ငါ့ထံသို့လာကြလော့။ ငါသည်ချမ်းသာပေးမည်။ ဆိုးသောကာလ မရောက်မီ သင့်ကို ဖန်ဆင်းတော်မူသော အရှင် (ဘုရားမြတ်) ကိုအောက်မေ့လော။ ငါ့ကိုခေါ်လော၊ ငါထူးမည်၊ ကြီးသောအရာ သင်မသိနိုင်အောင် နက်နဲသော အရာတို့ကို ငါပြမည်။ အမြင့်ဆုံးသော ဘုရား၏ ကွယ်ကာရာ ဌာနတော်၌ နေသောသူသည် အနန္တ တန်ခိုးရှင် အရိပ်ကိုခိုရလိမ့်မည်ဟူ၍ ကတိပေးတော်မူသော ထိုဘုရားမြတ်အား ယခုပင်ခေါ်ဖိတ်၍ တရားဖက်၍ အမျက်ပြေ၊ ဘုရားဖက်၍ အသက်ရှည်ကာ ဒုက္ခဘုံမှ လွတ်ငြိမ်းနိုင်ကြပါစေသော်………..။

နာမတော်မြတ်၌

SAMUEL SOE LWIN

Comments (0)Add Comment

Write comment
quote
bold
italicize
underline
strike
url
image
quote
quote
smile
wink
laugh
grin
angry
sad
shocked
cool
tongue
kiss
cry
smaller | bigger

busy