စာရေးသူသည် ကျမ်းမာရေးအတွက် နှစ်စဉ်နှစ်တိုင်း ဆေးစစ်ခြင်းအမှုကို ပြုလေ့ရှိသည်။ ယခုနှစ်တွင်လည်း ထုံးစံအတိုင်း ဆေးစစ်လေရာ ဆရာဝန်က စာရေးသူ၏ ခန္ဓာအတွင်းရှိ ကောလက်စထရောမှာ ပုံမှန်ရှိသင့်သည်ထက် အဆမတန် များပြားသည်ဟု မှတ်ချက်ချလေသည်။ ဇနီးသည်မှာ နပ်(စ်) အဖြစ် အသက်မွေးဝမ်းကြောင်း ပြုခဲ့ဘူးသည်ဖြစ်ရာ ဆရာဝန်၏ မှတ်ချက်ချသည်ကို ကြားသည်နှင့် စာရေးသူအား လူနာစာရင်းသို့ သွတ်သွင်းလိုက်တော့သည်။ ထိုသို့ သွတ်သွင်းလိုက်ပြီးသည်နှင့် စာရေးသူအတွက် ကိုလက်စထရော နည်းသော ဟင်းလျာများကိုသာ တွင်တွင်ချက်၍ ကျွေးမွေးလေတော့သည်။ ဟင်းလျာများမှာ လူမမာစာများကဲ့သို့် အဆီမပါသော ဟင်းသီးဟင်းရွက် ရေလုံပြုတ် ဟင်းချိုများ၊ အသားပြုတ်များ ၊ ပဲဟင်းများ၊ တခါတရံ ဆန်ပြုတ်များသာ ဖြစ်ပေသည်။ ထိုသို့ စားသုံးရသည်မှာ ကြာမြင့်လာသည့် အလျောက် မစားရတာကြာပြီဖြစ်သော အသားဟင်းဆီပြန်များ၊ ကြက်ဥဟင်း ကြက်ဥကြော်များ၊ ပုဇွန်ဟင်းများကို စားရသည်ဟု အိမ်မက်ထဲတွင် ထည့်၍ မက်ယူရသည်အထိပင် စွဲလမ်းခြင်းဖြစ်မိလေတော့သည်။
ဇနီးဖြစ်သူသည် ဟင်းလျာများသာမက မနက်မနက်သောက်သုံးသော ကော်ဖီ နှင့် စားသောက်စရာများကိုပင် ကော်လက်စထရော နည်းသည်ထက်နည်းအောင် ပြင်ဆင်ကျွေးမွေးလေသည်။ ကိုလက်စထရောများသည့် စာရေးသူကြိုက်နှစ်သက်သော နွားနို့ နှင့် ကွတ်ကီများ၊ ပေါင်မုန့် ထောပတ်များသည် စာရေးသူနှင့် တစိမ်းဆန်ဆန်ဖြစ်ခဲ့ရပေသည်။ ထိုမျှသာမက နံနက်တိုင်း သောက်သုံးသော ကော်ဖီများတွင်လည်း နို့များကို လျှော့ထည့်ခြင်း၊ သကြားများကို လျှော့ထည့်ခြင်း တို့ကို ပြုလေရာ စာရေးသူမှာ ကော်ဖီသောက်ရသည်နှင့် မတူပဲ ဆေးခါးရေကျဲကို သောက်ရသည်နှင့်ပင် တူလေတော့သည်။ ထိုပုံအတိုင်း ဆက်၍သွားလျင် စာရေးသူသည် ကိုလက်စထရောကြောင့် အနိစ္စမရောက်ပဲ စားချင်သည့်အစာကို မစားရသောကြောင့် အလိုမပြည့်သော ရောဂါနှင့်ပင် ကိစ္စတုံးရန် ပို၍ အခွင့်အလမ်းများလေသည်။
နံနက်ခင်းတစ်ခု၌ စာရေးသူသည် ထုံးစံအတိုင်း အိမ်ရှင်မပြင်ဆင်ပေးသော ကော်ဖီ (၀ါ) ဆေးခါးရေကျဲကို စိတ်ပျက်စွာ သောက်သုံးနေစဉ် အကြံကောင်းတစ်ခုကို လက်ကနဲရလိုက်လေသည်။ အကြောင်းတစ်ခုခုပြ၍ အပြင်ထွက်ပြီး စားချင်သည်များကို စားသောက်ရန်ဖြစ်သည်။ မည်ကဲ့သို့ အကြောင်းပြရမည်ကို စဉ်းစားနေစဉ် ကိုထူးဆန်းကို သတိရမိလိုက်သည်။ ကိုထူးဆန်းအား တစ်နေရာ ချိန်းပြီး စကားဝိုင်းဖွဲ့ရန် တွေးမိသည့်အလျောက် ၄င်းပေးထားသည့်ဖုန်းနံပါတ်ကို ရှာဖွေလိုက်ပြီး ဆက်လိုက်သည်။
”ဟဲလို... ငါ့ညီလား။ အစ်ကို လှမင်းသူပါ။ ငါ့ညီအားလား။ ငါညီနဲ့ အတူတူ ကော်ဖီသောက်ပြီး စကားပြောချင်လို့”
“ဟာ အစ်ကိုလား။ ကောင်းတာပေါ့ ။ ကျွန်တော် အခု Orchard လမ်းမှာ ရောက်နေတယ်။ ဒီလမ်းမှာ ကော်ဖီဆိုင်ကောင်းကောင်း တစ်ခုရှိတယ်။ ဈေးတော့ကြီးတယ်”
”အာ.. ဘယ်လောက်ဈေးကြီးကြီး အစ်ကို ပေးမယ်။”
” ရပါတယ်။ ကျွန်တော်ပဲ ဒကာခံပါ့မယ်။ လာခဲ့လေ”
စာရေးသူသည် ဇနီးသည်အား ကိုထူးဆန်းနှင့် စကားပြောဆိုရန် အပြင်ထွက်ခွင့် တောင်းရာ၊ ဇနီးသည်မှာ ကိုထူးဆန်းဆိုလျင် ဘာမှ ဆန့်ကျင် ကန့်ကွက်မနေတော့ပဲ အသာတကြည် ခွင့်ပြုလေသည်။ စာရေးသူလည်း စူဠလိပ်ရေထဲလွှတ်လိုက် သကဲ့သို့ပင် ၀မ်းမြောက်ပျော်ရွှင်စွာ အိမ်မှ ထွက်ခဲ့ပြီး ကိုထူးဆန်းနှင့် ချိန်းဆိုထားသည့် Orchard လမ်းသို့ ရထားဖြင့် ထွက်ခဲ့တော့သည်။ Orchard ဘူတာမှ ထွက်လျင် ထွက်ချင်း အသင့်စောင့်နေသော ကိုထူးဆန်းကို Notebook ကလေးတစ်လုံးနှင့် တွေ့လိုက်ရသည်။
”စောင့်နေရတာ ကြာပြီလား ငါ့ညီ။ စောစောစီးစီး Orchard ကို ဘယ့်နှယ့်ကြောင့် ရောက်နေတာလဲ။”
”ဒီနားက ဟော်တယ်တစ်ခုမှာ သင်တန်းကလေးတစ်ခုရှိတာနဲ့ လာတက်တာ။ သင်တန်းဆိုတာထက် Seminar ဆိုရင် ပိုမှန်ပါလိမ့်မယ်။ လာ အစ်ကို ဟိုဘက်လမ်းမှာ ကျွန်တော်ပြောတဲ့ ကော်ဖီဆိုင်ကို သွားရအောင်”
စာရေးသူတို့ နှစ်ယောက်စလုံး ကားလမ်း တစ်ဖက် ဆီသို့ ကူးသွားပြီး ကိုထူးဆန်းပြောသော ကော်ဖီဆိုင်သို့ ရောက်ရှိသွားတော့သည်။ ထိုကော်ဖီဆိုင်သည် ကော်ဖီကိုသာ သီးသန့် ရောင်းချသည့်ဆိုင် ဖြစ်ပေသည်။ ကော်ဖီ မီနူးကို ကြည့်လိုက်ရာ စာရေးသူ လုံးဝမကြားဘူးသော ကော်ဖီများ ဖြစ်သည်နှင့် ကိုထူးဆန်းကို သာ မှာကြားခိုင်းလိုက်တော့သည်။ ကိုထူးဆန်းသည် Three-Layered-Latte ဟု အမည်ရသော ကော်ဖီကို မှာကြားလိုက်လေသည်။ ထိုကော်ဖီတစ်ခွက်၏ တန်ဖိုးကို ကြည့်ရှု့ လိုက်ရာ s$12 ရှိသည်ကိုတွေ့လိုက်ရသည်။ ထိုမျှဈေးကြီးသည့် ကော်ဖီကို စာရေးသူသည် မြင်ချင်ဇောနှင့် စားပွဲထိုးလာအချကို စိတ်မရှည်စွာ စောင့်ဆိုင်းနေလိုက်သည်။ အတန်ငယ်ကြာမှ အလွှာသုံးထပ်ပါသော ဆန်းပြားသောကော်ဖီကို စားပွဲထိုးသည် လာရောက်ချပေးလေသည်။ ထိုကော်ဖီသည် နှင်းဆီပန်းရနံမွှေးကြိုင်နေပြီး အရသာထူးကဲလှပေသည်။ အိမ်မှ ဇနီးသည် ဖျော်ပေးသော ဆေးခါးရေကျဲနှင့်စာလျင် နံ့သာဆီနှင့် ရေ လိုကွာခြားလှပေသည်။
(ထို ၁၂ ဒေါ်လာတန် ကော်ဖီကို စာရေးသူ ဓါတ်ပုံ ရိုက်ယူလာခဲ့၍ စာဖတ်သူတို့ အတွက် ဖော်ပြလိုက်ပါသည်။)

စာရေးသူသည် ကော်ဖီကို မြိန်ရည်ရှက်ရည် သောက်သုံးလိုက်သည်။ စာရေးသူ၏ အငမ်းမရ သောက်သုံးဟန်ကို ကိုထူးဆန်းသည် အကဲခတ်ကြည့်ရှု့ လိုက်ပြီး
”အစ်ကို့ကို ကြည့်ရတာ Diet Control လုပ်နေတဲ့ပုံပဲ။ ဇနီးသည်ကို မလွန်ဆန်နိုင်လို့သာ အစားအစာကို ခြိုးခြံနေရတယ်နဲ့ တူတယ်။ ကိုယ်ရေတော့ အတော့ကို စစ်သွားတယ်။”
”ဟုတ်တယ် ငါ့ညီရေ။ ဆရာဝန်က ကိုလက်စထရော များတယ်ဆိုလို့ အစာရှောင်ပြီးစားနေရတော့ အစားကောင်းအသောက်ကောင်း မစားရတာ ကြာလှပြီပေါ့။ အိမ်ရှင်မက ကော်ဖီဆိုလဲ နို့က ပါလေကာ ထည့်တော့ ဘယ်လိုလုပ် အရသာရှိတော့ မတုံး။ အခုမှပဲ အကောင်းစား ကော်ဖီနှင့် ရှယ်သောက်ရတော့တယ်။”
”ဟား .. ဟား ..ဟား ။ ဒါကြောင့် ကျွန်တော့်ကို အကြောင်းပြ ထွက်လာပြီး သောက်ချင်ရာ လာသောက်နေတယ်ပေါ့။”
”ဟုတ်တာပေါ့ ငါ့ညီရာ။ ပြီးတော့ ငါ့ညီနဲ့စကားပြောရရင် အကျိုးရှိမယ်ဆိုတာလဲ သိတယ်လေ။ အပြင်းပြေလေး တစ်နေရာရာ ကို သွားရင်ကောင်းမယ်။ အခုတလော ရုံတင်ကားတွေကောင်းတယ်။ ဒီနားက ရှောဘရားသား ရုပ်ရုင်ရုံမှာ ရုပ်ရှင် ကြည့်မလား။ ကော်ဖီသောက်ပြီးရင် အပြင်းပြေကြည့်ကြမယ်လေ။ ”
”ကျွန်တော် ဒီနေ့ ရုပ်ရှင်ကြည့်လောက်အောင် အချိန်မရဘူး အစ်ကို။ ပြီးတော့ ရုံတွေမှာ တင်တဲ့ ကားအကြောင်းတွေကို ကျွန်တော်ဖတ်ပြီးပြီ။ သိပ်ကောင်းပုံမရဘူး။”
”အစ်ကို သိရသလောက်ကတော့ အက်ရှင် ကားကောင်းတွေပါ။ ငါ့ညီက အဲ့ဒီလိုကားမျိုး မကြိုက်ဘူးလား။”
”ကျွန်တော်က အက်ရှင်ကားတွေ သိပ်မကြိုက်ဘူး ။ အက်ရှင်ကားတွေက ကြည့်ပြီးရင် ဘာမှလည်း သင်ခန်းစာ မရဘူး။ ကြည့်ကောင်းတာပဲရှိတယ်။ ဇတ်လမ်းကလည်း သိပ်မယ်မယ်ရရမရှိဘူး။ ကျွန်တော်ကြိုက်တဲ့ကားတွေက အတွေးအခေါ်ကို နိုးဆော်ပေးတဲ့ Thought Provoking ရုပ်ရှင်ကားတွေဗျ။ ဒီဇတ်ကားမျိုးက ကြည့်နေတဲ့ ဇတ်ကားတစ်လျောက်လုံး ပရိတ်သတ်ကို ဆွဲခေါ်သွားတယ်။ အဆုံးအထိပဲ။ ဇတ်ကားဆုံးသွားတဲ့ အခါကျတော့ ဘယ်လိုဆုံးသွားမှန်းမသိဘူး ဆုံးသွားတယ်။ ပရိတ်သတ်မထင်မှတ်တဲ့ အဆုံးသတ်ပုံမျိုးပဲ။ ဇတ်ကားက ဆုံးသွားပေမဲ့ ကြည့်တဲ့ ပရိတ်သတ်က ဒါရိုက်တာရဲ့ ဆိုလိုချက်ကို ရုတ်ချည်းနားမလည်ဘူး။ အိမ်ပြန်ပြီး ကြည့်ခဲ့တဲ့ ဇတ်ကားကို ပြန်ပြီးတွေးရတယ်။ ဘာဆိုလိုချင်တာလဲပေါ့။ အပြန်ပြန်အလှန်လှန် စဉ်းစားပြီးတွေးခေါ်ရတယ်။ အဲဒီလိုကားမျိုးကို ကျွန်တော်သဘောကျတယ် အစ်ကိုရ။”
”အင်း။ အစ်ကိုကတော့ ဘယ်လိုမှ တွေးခေါ်နိုင်တဲ့ အရည်အချင်းမရှိတော့ ငါ့ညီပြောတဲ့ ဇတ်ကားမျိုးကို ဘယ်လိုမှကြိုက်နိုင်မယ် မထင်ဘူး။ ငါ့ညီပြောတဲ့ ဇတ်ကားမျိုး အစ်ကို့ကို တစ်ခုလောက် ပြောပြပါလား။”
”ကျွန်တော်တို့ ဗမာတွေက ကိုရီးယားကားကို ကြိုက်တော့ ကိုရီးယားတစ်ကားအကြောင်း ပြောပြပါ့မယ်။ ဇာတ်ကားနာမည်ကတော့ Secret Sunshine တဲ့။ ကိန်းလို ရုပ်ရှင်ပွဲတော်မှာ ဆုရခဲ့တဲ့ ဇတ်ကားပေါ့။ ဇတ်လမ်းကတော့ ခင်ပွန်းဖြစ်သူ ဆုံးသွားလို့ ဆိုးလ်မြို့ ကနေ ခင်ပွန်းသည်ရဲ့ ဇာတိနေရပ် ဖြစ်တဲ့ Milyang ကို ပြန်လာပြီး အခြေချတဲ့ မုဆိုးမ တစ်ယောက်အကြောင်းပဲ။ ဒီမုဆိုးမမှာ သားကလေးတစ်ယောက်ရှိတယ်။ ဒီမြို့ ရောက်လို့ မကြာသေးဘူး ပြန်ပေးတစ်ယောက်က သူ့ရဲ့ သားလေးကို ဖမ်းပြီး ငွေညှစ်တယ်။ လိုတဲ့ငွေပမာဏကို မရတော့ သားဖြစ်သူကို သတ်ပစ်လိုက်တယ်။”
”လင်ဆုံးတာမှ မကြာသေးဘူး သားကပါ စွန့်ခွာသွားတော့ ဒီအမျိုးသမီးမှာ အရူးမီးဝိုင်းတော့တာပေါ့။ အဲဒီအချိန်မှာ ခရစ်ယာန် အုပ်စုတစ်စုနဲ့ သွားတွေ့ပြီး Born Again ဖြစ်သွားတယ်။ အဲဒီလိုဖြစ်သွားပြီး သူသားကို သတ်ခဲ့တဲ့ ပြန်ပေးသမားကိုတောင် ခွင့်လွတ်ဖို့ ထောင်ထဲမှာ သွားတွေ့တယ်။ အဲဒီမှာ အတိုချုပ်ပြောရရင်တော့ အခြေအနေပိုဆိုးသွားခဲ့တာပေါ့။ Born Again ဖြစ်တာမှ မကြာသေးဘူး ဘုရားကို အယုံအကြည်မဲ့သလို ဖြစ်သွားတဲ့အထိပဲ။ နောက်ဆုံး ကိုယ့်ကိုကိုယ် လက်မှာ ဓါးနဲ့လှီးပြီး ကောင်းကင်ကို မော့ကြည့်ပြီးတော့ ဘုရားသခင်တကယ်ရှိလို့ ရှိရင် ကျွန်မဒီလိုဖြစ်နေတာကို လက်ပိုက် ကြည့်နေမှာလား ဆိုပြီး အော်ဟစ်တယ်။ ဘာမှ ထူးထူးခြားခြား မဖြစ်လာဘူး။ နောက်ဆုံးတော့ စိတ်ရောဂါကုဆေးရုံရောက်သွားပြီး ကုသရတယ်။ နောက်ဆုံးကောင်းသွားတော့ သူ့ကို ဒီမြို့ မှာ စရောက်ကတည်းက တောက်လျောက် အကူအညီပေးခဲ့တဲ့ လူက လာကြိုတယ်။ ဇတ်လမ်းရဲ့ နောက်ဆုံးခန်းကတော့ မြေကြီးကို တစ်မိနစ်ခန့် ရိုက်ပြပြီး အဆုံးသတ်သွားတယ်။”
”ဟင် ဒီလိုပဲ ပြီးသွားရောလား။ ဘယ်လိုကြီးလဲ”
”ဟုတ်တယ် အစ်ကိုရ။ ကျွန်တော် အဲဒီဇတ်ကားကို ကြည့်ပြီး ဘာကို ဆိုလိုချင်မှန်း စဉ်းစားလို့ မရဘူး။ Cinema Review တွေ၊ ဒါရိုက်တာနဲ့ အင်တာဗျူးတာတွေ ဖတ်ပြီး နောက်ဆုံးမှ ဒါရိုက်တာရဲ့ ဆိုလိုချက်ကို ကျွန်တော်နားလည်လိုက်တယ်။”
”လုပ်စမ်းပါဦး။ ဘယ်လိုတဲ့လဲ”
”ပထမအချက်က ဒါရိုက်တာက ကိုရီးယားမှာ ရှိနေတဲ့ အချို့ သော ခရစ်ယာန်အဖွဲ့အစည်းများရဲ့ Christian Hypocrisy ကို တင်ပြရင်း မီးမောင်းထိုးပြတာချင်တာပါပဲ။ ဒုတိယတစ်ချက်ကတော့ မင်းသမီးက ကောင်းကင်ပေါ်ပဲ မော့်ကြည့်ပြီးတော့ ကောင်းကင်ကနေ သဘာဝလွန် အဖြစ်အပျက်တွေနဲ့ ဘုရားက ကူညီမယ်လို့ထင်တယ်။ တစ်ကယ်ကတော့ ဒီကမ္ဘာမြေပေါ်မှာပဲ ဘုရားပေးတဲ့ အကူအညီရှိတာကို မင်းသမီးက သတိမထားမိဘူး။ သူနဲ့တစ်လျှောက်လုံး အတူရှိနေပြီးတော့ ကူညီခဲ့တဲ့ လူဟာ၊ ဘုရားက သူနဲ့အမြဲ အတူရှိနေပြီး ကူညီနေတာကို သဘောမပေါက်ဘူး။ ဒါရိုက်တာက နောက်ဆုံးခန်းမှာ မြေကြီးကိုပဲ ရိုက်ပြသွားတာကတော့ ဒီကမ္ဘာပေါ်မှာပဲ ဘုရားရှိပါတယ် တခြားမှာ မရှာပါနဲ့လို့ ဆိုလိုတဲ့သဘောပါ။ ဇတ်ကားတစ်ကားလုံးက သဘာဝကျလွန်းလို့ ရုပ်ရှင်ကို ကြည့်နေရတယ်လို့ကို မထင်ရဘူး။ အပြင်မှာ တစ်ကယ်ဖြစ်နေတဲ့ အတိုင်းပဲ အစ်ကိုရ။”
(မှတ်ချက်။ ။ ကိုထူးဆန်း ရှင်းပြသော ကိုရီးယား ရုပ်ရှင် ဇာတ်ကား Secret Sunshine ရုပ်ရှင်ကားကြော်ငြာပိုစတာကို စာဖတ်သူတို့အတွက် ရှာဖွေတင်ပြလိုက်ပါသည်။)

”အင်း။ ငါ့ညီပြောပြတဲ့ ဇတ်ကားကို ကြည့်ဖြစ်အောင် ကြည့်ဦးမှပဲ။ ဒါနဲ့ ခုနက ငါ့ညီပြောတဲ့ Christian Hypocrisy ဆိုတာ ဘာကို ဆိုလိုတာလဲ။”
”Hypocrite ဆိုတာ ဂရိစကားလုံးကနေ ဆင်းသက်လာတာ အစ်ကိုရ။ ရှေးခေတ်က ဂရိပြဇတ်တွေမှာ မျက်နှာဖုံးစွပ်ပြီး သရုပ်ဆောင်တဲ့သူတွေခေါ်တာ။ ဒီစကားရဲ့အဓိပ္ပါယ်ကတော့ အပြင်တစ်မျိုးအထဲတစ်မျိုး ဖြစ်နေတဲ့ ဟန်ဆောင်တတ်တဲ့ လူတွေကို ဆိုချင်တာပါပဲ။ Christian Hypocrisy ဆိုတာကတော့ တကယ့်မယုံကြည်ပဲနဲ့ ယုံကြည်ဟန်ပြုတဲ့ ခရစ်ယာန်တစ်ချို့ ကို ပြောတာပါ။ ဒါရိုက်တာက ကိုရီးယားမှာရှိတဲ့ အချို့ သော ဟန်ဆောင်ခရစ်ယာန်တွေကို ပြောချင်ပုံရပါတယ်။ ဒီ Hypocrite ဆိုတဲ့ အသုံးအနူန်းကိုပဲ သခင်ခရစ်တော်က ဖာရိရှဲတွေကို ရည်ညွှန်းသုံးနုန်းထားတာကို ကျမ်းစာရဲ့ နေရာတော်တော်များများမှာ အစ်ကိုတွေ့လိမ့်မယ်။ ရှင်မဿဲ အခန်းကြီး ၆ အငယ် ၂၊၅၊၁၆ တွေမှာ အစ်ကို ဖတ်ကြည့်ရင် တွေ့ရ လိမ့်မယ်။ ဒီစကားလုံးကို ဆရာကြီး ယုဒသန်က လျှို့ ဝှက်သောသူလို့ ဘာသာပြန်ထားတာကို တွေရတယ်။ Hypocrite ဆိုတဲ့ ဝေါဟာရနဲ့ တူတဲ့ စကားလုံးကို ခရစ်တော်လက်ထက် မှာ သုံးနေတဲ့ စကားတွေ ဖြစ်တဲ့ Hebrew နဲ့ Aramaic မရှိဘူးဗျ။ ဒါဖြင့်ရင် ဒီအသုံးအနုန်းကို သခင်ခရစ်တော်ကိုယ်တိုင်က ဘာကြောင့် သုံးနုန်းတယ် ။ အဲဒီ ခေတ်မှာ ရှိတဲ့ ဂျူးတွေကလည်း ဒီအသုံးအနုန်းကို ဘယ်လိုလုပ် ရင်းနှီးနေတာလဲလို့ တွေးဆစရာ ရှိပါတယ်။”
ကိုထူးဆန်းသည် ကော်ဖီကို တငုံခန့် သောက်ပြီးမှ စကားကို ဆက်လိုက်သည်။
” သခင်ခရစ်တော်လက်ထက်တုန်းက ဂျူးတွေဟာ ရောမအောက်မှာ နေရတဲ့ အချိန်ပေါ့ဗျာ ။ ဒီတော့ ဂရိ စကားနဲ့ ရောမယဉ်ကျေးမှုဟာ ခရစ်တော်လက်ထက်က ဂျူးတွေအတွက် သိပ်မစိမ်းဘူး လို့ဆိုရမှာပဲ ။ သခင်ခရစ်တော်ရဲ့ နေရပ်ဖြစ်တဲ့ နာဇရက် မြို့ နားလေးမှာတင်ပဲ ရောမနဲ့ ဂရိယဉ်ကျေးမှု လွှမ်းမိုးတဲ့Sepphoris ဆိုတဲ့ မြို့ ရှိတယ်။ နာဇရက်ကနေ ခြေလျင်ခရီးဆိုရင် တစ်နာရီသာသာပဲကြာတယ်။ ဒီမြို့ ကို ကျမ်းစာမှာမဖော်ပြပေမဲ့ သမိုင်းမှတ်တမ်းမှတ်ရာများမှာ တွေ့ရတယ်။ ရောမတွေဟာ နာဇရက်မြို့ အပါအ၀င် အနီးအနားက ရွာသိမ်ဇနပုဒ်တွေကို Sepphoris မြို့ ကနေ အုပ်ချုပ်တယ်။ ဒီမြို့ က အုပ်ချုပ်ရာ မြို့ ဖြစ်တော့ အတော်စည်ကားပြီး ဂရိပြဇတ်ရုံတို့ အားကစားကွင်းတို့ရှိတယ်။ အဲဒီ Sepphoris မြို့ ကို ရှေးဟောင်းသုတေသနပညာရှင်တွေ ပြန်လည်တူးဖော်ရရှိခဲ့တယ်။ တူးဖော်ရရှိခဲ့တဲ့ ပြဇတ်ရုံ ပုံ ကျွန်တော့် Laptop ထဲမှာ ရှိတယ်။”
ဟု ဆို၍ ကိုထူးဆန်းသည် အောက်ပါပုံများကို ပြသလေသည်။

ကိုထူးဆန်းသည် အထက်ပါပုံမှာ ခေတ်မှီနာဇရက်မြို့ ကလေးပုံ ဖြစ်ကြောင်း နှင့် မလှမ်းမကမ်းရှိ တောအုပ်စိမ်းစိမ်းကလေးများနှင့် ဖုံးအုပ်နေသော တောင်ကုန်းငယ်လေးသည် Sepphoris မြို့ ဟောင်းတည်နေရာဖြစ်ကြောင်း ရှင်းပြလေသည်။ ထိုတောင်းကုန်းလေး၏ ထိပ်၌ မျှော်စင်ကလေး တစ်ခုကို တွေမြင်ရသည်။

တဖန် ကိုထူးဆန်းသည် နောက်ပုံတစ်ပုံကို ပြပြန်၍ Sepphoris ရှိ တူးဖော်ရရှိခဲ့သော ပြဇာတ်ရုံဖြစ်ကြောင်း ရှင်းပြလေသည်။
”အင်း ရှေးရှေးတုန်းက အဆောင်အအုံ တွေဆိုပေမဲ့လည်း တကယ်ခန်းနားတာပဲနော် ”
”ဟုတ်တယ် အစ်ကို။ ဒီလိုခန်းနားတဲ့ အဆောက်အဦ တွေကို နာဇရက်လို ရွာတွေက လုပ်အားတွေကို ခေါ်ပြီး တည်ဆောက်ခဲ့ပုံရတယ်။ သခင်ခရစ်တော်လည်း ငယ်ငယ်တုန်းက နာဇရက်မြို့ သားဆိုတော့ Sepphoris မှာ ရှိတဲ့ ရောမတွေရဲ့ ပြဇတ်တွေနဲ့ ရင်းနှီးခဲ့ပုံရတယ်။ ဒါကြောင့်လည်းပဲ ပြဇတ်တွေမှာသာ သုံးတဲ့ Hypocrite လို အသုံးအနူန်းမျိုးကို ဖာရိရှဲတွေကို ညွှန်းဆိုရာမှာ သုံးနုန်းခဲ့တယ်လို့ ယူဆလို့ ရတယ်။ သခင်ခရစ်တော်ရဲ့ တရားတွေကို နာတဲ့ဂျူးလူမျိုးတွေကလည်း ဒီအဓိပ္ပါယ်ကို ကောင်းကောင်းနားလည်ခဲ့ပုံပဲ။”
” အင်း။ ငါ့ညီပြောပုံအရဆိုရင် သခင်ခရစ်တော်လက်ထက်မှာ ဂျူးတွေဟာ ရောမတွေရဲ့ ယဉ်ကျေးမှု လွှမ်းမိုးတာကို ခံခဲ့ရပုံပဲနော်။”
”ဒါပေါ့။ ဒါပေမယ့် ဂျူးတွေက တိုင်းတစ်ပါးသားလက်အောက် ရောက်နေခဲ့ပေမယ့်လို့ သူတို့ရဲ့ ယဉ်ကျေးမှုမှ သူတို့ပဲ။ ပြီးတော့လဲ ဂျူးလူမျိုးတွေဟာ ဘာသာရေးကို အထွတ်အမြတ်ထားတယ် အစ်ကိုရ။ ဗုဒ္ဓဘာသာ မြန်မာများဟာ ဗမာပြည်မှာရှိတဲ့ ရွှေတံဂုံ ဘုရားကို ဘယ်နေရာရောက်ရောက် မမေ့သလိုပဲ ဂျူးတွေဟာလည်းပဲ ဘယ်နေရာပဲရောက်ရောက် သူတို့ရဲ့ ကျောင်းတော်ဗိမာန်ကို မမေ့ဘူးဗျ။ ဒီဗိမာန်ကျောင်းတော် အတွက် လိုအပ်တဲ့ ငွေကြေးအခွန်ကိုလည်း မပျက်မကွက် ပေးလှူတတ်ကြတယ်။ သခင်ခရစ်တော်လက်ထက်တုန်းက ဗိမာန်တော်အခွန်အတွက် half shekel ပေးရတယ်။ အဲဒီ ဗိမာန်တော်အခွန် half Shekel ကို ရှေးဟောင်းသုတေသန ရှာဖွေရေးအဖွဲ့က တူးဖော်ရတဲ့ပုံလေးတစ်ပုံကို ကျွန်တော်ပြမယ်။”
ကိုထူးဆန်းသည် ၄င်း၏ notebook လေးထဲမှာ ကျောင်းတော်အတွင်းမှ တူးဖော်ရရှိခဲ့သော Half Shekel ပြားကို စာရေးသူအား အောက်ပါအတိုင်း ပြလေသည်။

” သူတို့ရဲ့ ကျောင်းတော်ဗိမာန်ဆိုတာကလဲ သေးသေးလေးလို့ မထင်လိုက်နဲ့ အစ်ကိုရေ။ အကြီးကြီးဗျ။ အခုခေတ် စံချိန်မီ ဘောလုံးကွင်း နှစ်ဆယ်စာလောက် ကျယ်တယ်။ ဒီဗိမာန်ကျောင်းတော်ရဲ့ ပုံသဏ္ဍန်ကို ရှေးဟောင်းသုတေသနပညာရှင်များရဲ့ ပြည်လည်ပုံဖော်ထားချက်ကတော့ ဒီပုံပဲ”
ဟူ၍ အောက်ပါပုံကို စာရေးသူအား ပြလေသည်။
(မှတ်ချက်။ ပုံကြီးချဲ့ ရန် ပုံကို နှိပ်ပါ။)
”ဒီဗိမာန်တော်က ဒုတိယအကြိမ် ပြန်လည်တည်ဆောက်ခဲ့တဲ့ ဗိမာန်ဗျ။ ပထမဗိမာန်တော်ကို ဆော်လမွန်ဘုရင်က တည်ထောင်ခဲ့ပြီး အဖျက်ဆီးခံခဲ့ရတယ်။ သခင်ခရစ်တော်လက်ထက်ရောက်တော့ အခုကျွန်တော်ပြတဲ့ ဒုတိယ ဗိမာန်ကျောင်းတော်ကို ဟဲရော့(ဒ်) ဘုရင်က ပြန်ပြီး တည်ဆောက်ခဲ့တယ်။ Passover ပွဲတို့လို့ အချိန်မျိုးဆိုရင် အနယ်နယ်အရပ်ရပ်က ဂျူးတွေ၊ တိုင်းတစ်ပါးသားတွေက ဒီဗိမာန်တော်ဆီကို လာရောက် ဖူးမျှော်တတ်ကျတယ်။ ဘုရားပွဲ အချိန်ဆိုရင် ဒီကျောင်းတော်ကြီးဟာ ကျက်ပျံမကျ စည်ကားတာကလား။ လူတွေအရမ်းများတဲ့အချိန်မှာ ဂျူးတွေဟာလူစုပြီး တော်လှန်ပုန်ကန်မှာကို ကြောက်လို့ မျက်ခြေမပြတ် စောင့်ကြည့်ဖို့အတွက်လည်း ရောမလုံခြုံရေးကင်းစခန်းကို ကျောင်းတော်နဲ့ မနီးမဝေးမှာ ဆောက်ထားတာကို ဒီပုံထဲမှာ အစ်ကို တွေ့တယ် မဟုတ်လား။”
ကိုထူးဆန်းပြောမှ ပုံထဲတွင် ရောမတပ်များအတွက် ကင်းစခန်းကို တွေ့ရလေသည်။
”ရွှေတိဂုံ စေတီမှာ ရင်ပြင်တော်ပေါ်တက်မယ်ဆိုရင် မြင့်မြတ်တဲ့နေရာလို့ ယူဆတဲ့အတွက် ဖိနပ်ချွတ်ြပီးမှ တက်ရတယ်။ ဒီဗိမာန်တော်ကို သွားမယ်ဆိုရင်လည်း ဂျူးတွေဟာ သန့်ရှင်းခြင်း ၀တ်ကို ပြုပြီးမှ ဗိမာန်တော်ရဲ့ ရင်ပြင်တော်ကို တက်လို့ရတယ်။ ဂျူးအမျိုးသားတစ်ယောက်ဟာ ကာမစပ်ယှက်ပြီးလို့ရှိရင် မသန့်ရှင်းဘူးလို့ သတ်မှတ်တယ်။ ဂျူးအမျိုးသမီးတစ်ယောက်ဟာလည်း ဓမ္မတာ လာပြီးလို့ရှိရင် မသန့်ရှင်းဘူးလို့ မှတ်ယူတယ်။ ဒီလို မသန့်ရှင်းခဲ့ရင် ရင်ပြင်တော်ကို တက်လို့မရဘူး။ သန့်ရှင်းသွားအောင် ရေကန်တွေထဲမှာ ဆင်းပြီး ဆေးကြောခြင်းအားဖြင့် သန့်ရှင်းစေခြင်း ၀တ်ကို တစ်ပါတ်လောက်ကြာအောင် ပြုရတယ်။ ဒီရေကန်လေးက မသန့်ရှင်းသူတွေ အတွက် ဆေးကြောဖို့ လုပ်ထားပေးတဲ့ ရေကန်လေးရဲ့ ပုံပဲ”
ဟုဆိုကာ အောက်ပါပုံကို ပြလေသည်။

အထက်ပါပုံသည် ခရစ်တော်လက်ထက် ဘုရားဖူးများ သန့်ရှင်းခြင်း ၀တ်ပြုရာ ရေကန်ကို ပြန်လည်တူးဖော်ရရှိပုံ ဖြစ်ကြောင်း ကိုထူးဆန်းက ရှင်းပြလေသည်။ ပြီးမှ ဆက်၍
”တခြားမသန့်ရှင်းစေတဲ့ အရာတွေလည်းရှိတယ်။ လူသေအလောင်းနဲ့ ထိတွေ့မိတာတို့၊ နူနာစွဲတာတွေဟာ မသန့်ရှင်းဘူးလို့ ယူဆတယ်။ အဲဒီလိုမျိုး မသန့်ရှင်းတဲ့ အရာတွေကိုလည်း ဘယ်လိုသန့်ရှင်းရမယ်ဆိုတဲ့ နည်းဥပဒေသ(Purity Laws) ကို မောရှေလက်ထက်ကတည်းက ချမှတ်ထားခဲ့တယ်။ မောရှေချမှတ်ထားခဲ့တဲ့ Purity Laws တွေကတော့ အများကြီးပဲ။ သခင်ခရစ်တော်ကိုယ်တိုင်လည်း နူနာတစ်ယောက်ကို ပျောက်ကင်းစေပြီးတဲ့နောက်မှာ ယဇ်ပရောဟိတ်မင်းဆီကို သန့်ရှင်းစေတဲ့ ၀တ်ကို ပြုဖို့ လွှတ်လိုက်တာကို ( ရှင်မာကု ၁း၄၀-၄၄) မှာ အစ်ကို ဖတ်ကြည့်ရင် တွေ့လိမ့်မယ်။”
” ဗိမာန်တော်အတွင်းမှာလည်း သူ့အကန့်နဲ့ သူထားတယ် အစ်ကိုရ။ တိုင်းတပါးသား လူမျိုးခြားတွေက သတ်မှတ်ထားတဲ့ ရင်ပြင်တစ်နေရာ အထိပဲဝင်လို့ ရတယ်။ အမျိုးသမီးတွေလည်း သူတို့အတွက် သတ်မှတ်ထားတဲ့ ရင်ပြင်တစ်နေရာအထိပဲ ၀င်လို့ရတယ်။ အမျိုးသားတွေကတော့ ပိုပြီးအတွင်းကျတဲ့ ရင်ပြင်တော်နေရာအထိ ၀င်လို့ရတယ်။ အလယ်မှာကတော့ Sanctuary လို့ခေါ်တဲ့ အမြင့်မြတ်ဆုံးနေရာပဲ။ ထာဝရဘုရားရဲ့ ၀ိညာဉ်တော်ကိန်းဝပ်တဲ့ နေရာ။ ဒီနေရာကို ယဇ်ပရောဟိတ်မင်းက လွဲလို့ ဘယ်သူမှ ၀င်ခွင့်မရဘူး။ သူ့နေရာနဲ့သူ ကန့်သတ်ထားတာကို ကျူးကျော်ဝင်ရောက်လို့ ရှိရင် သေဒဏ်လို့ သတိပေးထားတယ်။ ဒီပုံကတော့ သတိပေး ဆိုင်းဘုတ်တစ်ခုပေါ့”
ဟုဆိုကာ ကိုထူးဆန်းသည် ပုံတစ်ပုံကို အောက်ပါအတိုင်း ထပ်၍ ပြလေသည်။
( မှတ်ချက်။ ကိုထူးဆန်းရှင်းပြသော ကန့်သတ်ထားသော နေရာများကို သိရန် ဗိမာန်တော်ပုံကို ကြည့်ပါ။ ပုံတွင် ဖော်ပြထားပါသည်။ )

အထက်ပါ ပုံသည် ဂရိဘာသာအားဖြင့် ရေးထားသော သတိပေးဆိုင်းဘုတ် ဖြစ်သည်။ တိုင်းတစ်ပါးသားများ သတ်မှတ်ထားသည့် နေရာထက် ကျူးကျော်ဝင်ရောက်လျင် သေဒဏ်ဖြစ်ကြောင်း ရေးသားထားသည်ကို ကိုထူးဆန်းက ရှင်းပြလေသည်။
” တကယ့်မြင့်မြတ်တဲ့ နေရာကို ယဇ်ပုရောဟိတ် တွေကသာ ၀င်နိုင်တယ်ဆိုတော့ သူတို့က အဲ့ဒီ အချိန်တုန်းက အတော့်ကို အဆင့်မြင့်တဲ့ ပုံပဲနော်။”
”အဆင့်မြင့်ရုံတင် ဘယ်ကမလဲ အစ်ကိုရ။ ငွေကြေးလည်းချမ်းသာတယ်။ အာဏာလည်း ရှိတယ်လို့ ဆိုရမှာပဲ။ သခင်ခရစ်တော်ကို လက်ဝါးကပ်တိုင် တင်သတ်နိုင်အောင် ရောမအစိုးရကို ပြောဆိုနိုင်တာပဲ ကြည့်ပေတော့။ အမှန်ကတော့ ယဇ်ပုရောဟိတ်ဆိုတာ မောရှေလက်ထက်တုန်းက အထူးခန့်ထားတဲ့ သူတွေဗျ။ အာရုန် တို့လို ယဇ်ပုရောဟိတ် မျိုးကို မောရှေက ခန့်ထားခဲ့တာ။ နောက်ပိုင်းယဇ်ပုရောဟိတ်များကတော့ ကြွယ်ဝချမ်းသာလာပြီး အဆင့်မြင့်လာတော့ ဘ၀င်မြင့်လာကြပုံပါပဲ။ နေထိုင်တာကအစ ကိန်းကြီးခန်းကြီးတွေနဲ့ နေကြတယ်။ ရှေးဟောင်းသုတေသန အဖွဲ့တွေ တူးဖော်ရရှိခဲ့တဲ့ ယဇ်ပုရောဟိတ် တစ်ဦး အိမ်ဆိုရင် အရမ်းကို ကောင်းတာကို အစ်ကို့ကို ကျွန်တော်ပြမယ်”
ကိုထူးဆန်းသည် ထိုသို့ ပြောဆိုပြီး အောက်ပါ ပုံကို ပြလေသည်။ ထိုပုံသည် ယဇ်ပုရောဟိတ်တစ်ဦး ၏ အိမ် ကို ရှေးဟောင်းသုတေသန အဖွဲ့ က ပြန်လည် တည်ဆောက်ထားသော အသေးစား Model ပုံဖြစ်သည်။ စာရေးသူကြည့်ရှု လေရာ ကိုထူးဆန်းပြောသလိုပင် ယဇ်ပရောဟိတ်တို့သည် အတန်ပင် ကြွယ်ဝချမ်းသာကြဟန် ရှိပေသည်။


” အင်း။ ငါ့ညီ ပြောမှပဲ တော်တော်လေးသိရတော့တယ် ။ ဒါနဲ့ Synagouges ဆိုတဲ့ တရားဇရပ်တွေက ဘယ်လိုနေရာမျိုးလဲ။ ဗိမာန်တော်လို ၀တ်ပြုတဲ့ နေရာမျိုးတွေပဲလား”
” တရားဇရပ်တွေကတော့ ဗိမာန်တော်လောက် အကြီးကြီးတွေမဟုတ်ဘူး အစ်ကိုရ။ အခုခေတ် Church တွေလိုပဲ။ ကျမ်းစာကို ဖတ်တယ်။ ဟောပြောရှင်းပြတယ်။ သခင်ခရစ်တော်က ကပရေနောင်မှာ တရားဇရပ်တစ်ခုမှာ တရားစဟောတာကို ရှင်မာကု ၁း ၂၁-၂၂ မှာ တွေ့ရတယ်။ ကပရေနောင်က ခရစ်တော် ဟောခဲ့တဲ့ တရားဇရပ်လို့ ယူဆရတဲ့ ပုံကျွန်တော့်မှာ ရှိတယ်။”
ဟု ဆိုကာအောက်ပါပုံကို ပြလေသည်။

ကိုထူးဆန်းက ပုံထဲရှိ အဖြူရောင်အဆောက်အဦသည် ကပရေနောင်ရှိ တရားဇရပ်ဖြစ်ပြီး ရှစ်မြှောင့်သဏ္ဍန် ပုံ အဆောက်အဦ ရှိရာနေရာသည် ရှင်ပေတရု ၏ နေအိမ်တည်နေရာဖြစ်ကြောင်း ရှင်းပြလေသည်။ ရေပြာပြာသည် ဂါလိလဲအိုင်ဖြစ်ကြောင်းကိုလည်း ရှင်းပြလေသည်။ သခင်ယေရှုသည် တရားဇရပ်၌ သာမာန်ကျမ်းတတ် ပုဂ္ဂိုလ်ကဲ့သို့ မဟုတ်ပဲ အခွင့်အာဏာရှိသူသကဲ့သို့ ဟောပြောအပြီး ရှင်ပေတရုအိမ်သို့ ကြွ၍ ရှင်ပေတရု၏ ယောက္ခမဖြစ်သူအား ကုသခဲ့ကြောင်း ရှင်းပြလေသည်။
” ဒီတရားဇရပ်တွေမှာ မောရှေရဲ့ ကျမ်းငါးကျမ်းကို ဖတ်ပြပြီး အနက်ကို ဖွင့်ဆိုလေ့ရှိတယ်။ မောရှေရဲ့ ကျမ်းငါးကျမ်းကို အစ်ကိုသိတယ်မဟုတ်လား။”
”ဒါလောက်ကတော့ သိတာပေါ့ ငါ့ညီရာ။ ကမ္ဘာဦးကျမ်း၊ ထွက်မြောက်ရာကျမ်း၊ ၀တ်ပြုရာကျမ်း၊ တောလည်ရာကျမ်း၊ တရားဟောရာကျမ်း ဗျ။ ဟဲ ဟဲ ဟဲ”
”ဟား ဟား ဟား။ သိပ်တော်တဲ့ ငါ့အစ်ကို ပဲ။ ဒီကျမ်းငါးကျမ်းကို ကျမ်းတတ်ပညာရှင်များကတော့ Pentatueh လို့ ခေါ်တယ်။ ဂျူးတွေကတော့ (Torah) လို့ ခေါ်ကြတယ်။ ဒီ(Torah)ကို တရားဇရပ်တွေမှာ ဖွင့်ပြီး ဖတ်ကြတယ်။ (Torah)ဖတ်ခွင့်ရတဲ့ လူကတော့ တကယ့်ကို အခွင့်ထူးရတဲ့လူဆိုပြီး ဂုဏ်ယူတတ်ကြတယ်။ Torah ကျမ်းကို ပေရွက်လိပ်လို လိပ်ထားပြီး Ark လို့ ခေါ်တဲ့ အထူးပြုလုပ်ထားတဲ့ ဗီရိုလို ပုံမျိုးထဲမှာ အသေအချာသိမ်းထားတယ်။ Torah ဖတ်မယ့်လူက အရင်ဆုံးလက်ကို သန့်ရှင်းအောင် စနစ်တကျ သေသေချာချာ ဆေးရတယ်။ ပြီးမှ Torah ကျမ်းစာလိပ်ကို Torah Ark ထဲကနေထုတ်တယ်။ စားပွဲပေါ်တင်တယ်။ ပြီးမှ ဖတ်တယ်။ Torah ကို ဖတ်တဲ့နေရာမှာ ရိုးရိုးဖတ်ကြတာ မဟုတ်ဘူး။ သီချင်းဆိုသလိုမျိုး အသံနေအသံထားနဲ့ ဖတ်တယ်။ ခေတ်သစ်ဂျူးတွေ တိုရာ ဘယ်လိုဖတ်တယ်ဆိုတာကို ကျွန်တော်ရှာထားတဲ့ YouTube ဗီဒီယိုလေးတစ်ခုကို ပြမယ်။”
ဟု ဆိုကာ အောက်ပါ ဗီဒီယို ပိုင်းလေးကို ပြလေသည်။
စာရေးသူသည် Torah ကို စားပွဲပေါ်တင်ပြီး အသံနေအသံထားနှင့် ဖတ်ပုံတို့ကို စိတ်ဝင် တစားကြည့်နေလိုက်သည်။ အတန်ငယ်ကြည့်ရှု၍ ပြီးသွားမှ ကိုထူးဆန်းကို ကြည့်လိုက်ရာ တစ်စုံတစ်ခုကို တွေးတောနေဟန် ရှိသဖြင့် အလိုက်တသိပင် မည်သည့် မေးခွန်းကိုမှ ဆက်၍ မမေးတော့ပဲ နေလိုက်သည်။
အတန်ငယ်ကြာမှ စာရေးသူက
”ငါ့ညီ။ ဒီလိုမျိုး သမိုင်းတို့ ၊ ရှေးဟောင်းသုတေသန အချက်အလက် တို့နဲ့ ဆိုတော့ ကျမ်းစာ ဖတ်ရတာ ပိုပြီး နားလည် လွယ်သလိုပဲ။”
”ဟုတ်တယ် အစ်ကိုရ။ အခု ကျွန်တော်ပြောနေတာ ကောက်ကြောင်းလေးတစ်ခု ပဲပေါ့။ ဓမ္မသစ်ကျမ်းကို ရေးသူများဟာ ဂျူးတွေရဲ့ ဓလေ့ကို သိပြီးသားဖြစ်နေတော့ သူတို့ အနေနဲ့ ဂျူးတွေရဲ့ ဓလေ့လိုအရာမျိုးတွေကို အသေးစိတ်ဖော်ပြမနေတော့ဘူး။ ဂျူးတွေဖတ်ရင်တော့ အခက်အခဲ မရှိနားလည် လွယ်တယ်။ ကျွန်တော်တို့ အစ်ကိုတို့လို ဗမာလူမျိုးတွေ ဖတ်ရင်တော့ သိပ်နားလည်ဖို့ မလွယ်ဘူး။ ဒါကြောင့် ကျမ်းစာဖတ်တာကို ပံ့ပိုးတဲ့ အနေနဲ့ သမိုင်းကြောင်းတွေ၊ ရှေးဟောင်းသုတေသနက အချက်အလက်တွေကို ကျွန်တော်တို့ ဖတ်ဖို့လိုတာပေါ့အစ်ကိုရာ။”
ကိုထူးဆန်းသည် ထိုသို့ ပြောဆိုပြီး လက်ပတ်နာရီကို ကြည့်လိုက်လေသည်။
”ဟာ။ အစ်ကို စကားကောင်းနေလိုက်တာ အချိန်တောင် အတော်လေးလင့်သွား ပြီ။ ကျွန်တော် လုပ်စရာလေးတစ်ခုရှိသေးတယ်။ ”
”ဟုတ်လား။ ဒါဆို ပြန်ကြရင် ကောင်းမယ်နဲ့ တူတယ်။ ကော်ဖီဖိုးကို အစ်ကိုပဲ ရှင်းလိုက်ပါ့မယ်။ ငါ့ညီက ဗဟုသုတတွေ ပြောလည်း ပြောရသေး ။ ကျွေးလည်း ကျွေးရသေး ဆိုတော့ မဟုတ်သေးပါဘူး။ နေနေ.. အစ်ကိုပေးလိုက်မယ်။”
စာရေးသူသည် စားပွဲထိုးကို ခေါ်လိုက်ပြီး ကျသင့်ငွေကို ရှင်းလိုက်လေသည်။ ထို့နောက် ကိုထူးဆန်းအတူ orchard ဘူတာသို့ လျှောက်ခဲ့ပြီး ဘူတာမှာပင် နူတ်ဆက်စကားဆိုကာ လမ်းခွဲလိုက်သည်။ စာရေးသူ အိမ်အပြန်လမ်းတွင် ဂျူးတို့၏ ဗိမာန်တော်အကြောင်း၊ တရားဇရပ် အကြောင်း၊ တိုရာဖတ်ပုံအကြောင်း၊ တို့ကို စဉ်းစားရင်းဖြင့်။
နာမတော်မြတ်၌
လှမင်းသူ

written by barblumoo, March 08, 2010
ကိုထူးဆန်းနှင့် ကော်ဖီစကားဝိုင်း









It's very educating. Especially for someone like me - who's very lazy to do research and read up many books.
Hope you can write more of these kinds.
God bless!