မုရန် မဂ္ဂဇင်း

လွတ်လပ်ခြင်းဖြင့် ဘုရားရှင်အား ကိုးကွယ်မည် Christian Ezine

Saturday, May 23rd

Last update03:34:28 AM GMT

You are here:: ၀ိညာဉ်ရေးရာ ကဗျာ၊သီဆိုချီးမွမ်းခြင်း အမေ (ကဗျာ - မင်းအောင်သက်လွင်)

အမေ (ကဗျာ - မင်းအောင်သက်လွင်)

E-mail Print PDF



ငါတို့ စား၊၀တ်၊နေရေးအတွက် ..
ထမီတို ၀တ်၊ ချွေး စိုစွတ်ခဲ့တဲ့ အမေ
နေလောင်လို့ အသားနက် ၊ လက် အသားမာ တက်ခဲ့တဲ့ အမေ။
ဆံပင်တွေ ဖြူမွဲ နေလဲ၊ အကြင်နာတွေ ထူထဲနေဆဲ အမေ
သွားကျိုးနေပေမဲ့ သားဆိုးတွေကို ချစ်တဲ့ အမေ
မျက်စိမှုန်နေပေမဲ့ သတ္တိတွေမကုန်သေးတဲ့အမေ
နားလေးနေပေမဲ့ တရားအေးတွေ ဟောတဲ့ အမေ
အမေ့ခါးတွေ ကိုင်းနေခဲ့ပေမဲ့ ထင်ရာစိုင်းတဲ့ သားသမီးတွေအတွက်
ထမင်းရည်ငှဲ့ရင်း မေတ္တာပို့နေတဲ့ အမေ၊
လက်ဦးဆရာ အမေက မီးဖိုချောင် ထရံပေါ်မှာ မီးသွေးခဲနဲ့ စာသင်ပေးခဲ့တဲ့
ကျေးဇူးကြောင့် အိုင်တီခေတ်ထဲမှာ သားသမီးတွေက အင်တာနက်ထဲ ရောက်ခဲ့ကြပါပြီ။

သားကြီးတွေက ဘီယာတစ်ကျိုက်နဲ့ ကြက်ကြော်ကိုက်နေချိန်မှာ
အမေက ဗူးသီးပြုတ်ကို ငပိဖုတ်နဲ့စားခဲ့တယ်
သားသမီးတွေက လေအေးစက်တပ် ဘတ်စ်ကားနဲ့ ဘုရားကျောင်းလာနေချိန်မှာ
အမေက နေပူကျဲကျဲထဲ ရွာဘုရားကျောင်းကို ခြေကျင်လျှောက်နေရတယ်
သားသမီးတွေက မှန်လုံခန်း ဘုရားကျောင်းထဲ ၀တ်ပြုနေချိန်မှာ
အမေက ထရံကျဲ ရွာဘုရားကျောင်းလေးထဲမှာ ဆုတောင်းပေးနေခဲ့တယ်
သားသမီးတွေက ဆယ်ထပ်တိုက်အသစ်ပေါ် တက်နေတဲ့အချိန်မှာ
အမေက တဲ့အိုပျက်မှာ အထီးကျန်နေခဲ့တယ်
သားသမိးတွေက မိတ်ကပ်လိုင်နာနဲ့ လှသွေးကြွယ်နေချိန်မှာ
အမေက သနပ်ခါးဘဲကြားနဲ့ အိမ်တွင်းပုန်းနေရတယ်
သားသမီးတွေက ဒီဂရီဘွဲ့တွေအောင်မြင်ခြင်းတောင်ထိပ်ပေါ်
တက်လှမ်းနေချိန်မှာ
အမေက ကင်ဆာ၊ မီးယပ်၊ သွေးချို ရောဂါပေါင်းစုံနဲ့ သေမင်းချိုင့်ထဲ လျှောက်လှမ်းနေရတယ်။

ဈေးဖိုးတွက်ရင်း လက်ကျန်ငွေကို လက်ပူတိုက်သုံးနေရတဲ့ အမေ
သွေးတိုးတက်ရင်း ရက်လွန်ဆေးတွေနဲ့ မျက်ဖြူဆိုက်နေတဲ့ အမေ။

သားသမီးတွေက ၀ဖြိုးပြီး အလှတိုးနေချိန်မှာ
အမေက ရောဂါတွေတိုးပြီး ဘ၀ဆိုးနေခဲ့တယ်။
သားသမီးတွေက ပို့ပေးသလောက်ငွေနဲ့ အဆင်ပြေသလို ကျေနပ်ပြီးနေတဲ့အမေ
သားသမီးသုံးယောက်ပေါင်းပြီး ပို့ပေးလိုက်တဲ့ ပါတိတ်ထမီတစ်ထည်ကို
အခါခါ မလဲတမ်းဝတ်ရင်း ကြည်နူးနေတတ်တဲ့ အမေ

သာရာမကူးတဲ့ အမေ၊ အဿပြာ မခူးတဲ့ အမေ
ဝေဒနာ မပူးတဲ့ အမေ၊ ၀ါသနာ မရူးတဲ့ အမေ
စေတနာ ထူးတဲ့ အမေ၊ အကြင်နာဦးတဲ့ အမေ။

ရယူဖို့ထက် ပေးဝေခြင်းကို မြတ်နိုးတဲ့သူ
အနိုင်ယူခြင်းထက် အနာခံခြင်းကို မက်မောတဲ့သူ

ကိုယ့်အကျိုးထက် သားသမီးအကျိုးကို မျှော်ကိုးတဲ့သူ
ခံယူခြင်းထက် သွန်သင်ခြင်းကို မက်မောတဲ့သူ။

စေတနာမှန်တဲ့ အမေ၊  သဒ္ဒါသန်တဲ့ အမေ
အပြစ်ရှာ ရန်စကားတွေထက်၊ အနစ်နာခံ စကားတွေမြွတ် ။

သားသမီးတွေက ကားစီးပြီးတိုက်ဆောက်၊
တို့အမေကတော့ ၀မ်းမီးတောက်၊ ဗိုက်မှောက်။

သားသမီးတွေက နိုင်ငံရပ်ခြားသွား၊
တို့အမေကတော့ တောခြုံမြက်ကြားနား။
အမေ့ဆီမှာ ဒေါ်လာမရှိတာ၊ အမေ့ကိုယ်အမေသာ အသိဆုံးပါ။
အိတ်ကပ်မှာ ခြူးတစ်ပြားမှ မ၀င်လဲ စိတ်ဓါတ်ဟာ ထူးမခြားနား အရင်လိုပါဘဲ

အမေတွေရဲ့ ဂုဏ်ပုဒ်ဟာ
ထုတ်ဖေါ်၍ မကုန်၊ ဖော်ကျူး၍ မလောက်

နှင်းတစ်ပေါက်မှ ဧ၀ရက်တောင်အထိ
မိုးထိလဲမြင့်၊ မြေနက်ထဲ လျှိုး
တန်ဖိုးရတနာ ထိုက်တန်လှပါရဲ့။
လူ့ဘ၀ခေတ်သမိုင်းတစ်လျှောက်မှာ
အမေဆိုတာ မပေါက်ဖွားလာခဲ့ရင်
ကမ္ဘာဟာ တစ်ခြမ်းပဲ့သွားလိမ့်မယ်ထင်။

အမိမဲ့သား ရေနည်းငါး
သားဆိုးအမေ တဝေေ၀
လင်ဆိုးမယား တဖားဖား

သားကိုသခင်၊ လင်ကို ဘုရား
မိသားစုတွေ လူလုံးလှစေဖို့ သူ့ဘ၀ကို နင်းပြားအဖြစ်ခံယူလို့
သားသမီးတွေအတွက် စတေးခဲ့တဲ့ အမေ့သွေးတွေ
သားသမီးတွေအတွက် ပုံအောခဲ့တဲ့ အမေ့ချွေးတွေ
သားသမီးတွေအတွက် ရင်းနှီးခဲ့တဲ့ အမေ့မျက်ရည်တွေ

အဲဒီ မေတ္တာရည်တွေ မြစ်ဖျားခံရာ ဒေသဟာ အမေ့ရဲ့နှလုံးသားထဲကပါ။
အမေ့သွေးရည်က ငါတို့ကို ရှင်သန်စေခဲ့တယ်။
အမေ့နို့ရည်က ငါတို့ကို ကြီးထွားစေခဲ့တယ်။
အမေ့ချွေးရည်က ငါတို့ကို တိုးပွားစေခဲ့တယ်။
အမေ့ရုပ်ရည်က ငါတို့ကို လိမ္မာစေခဲ့တယ်။
အမေ့အသံတွေက ငါတို့ကို သန်မာစေခဲ့တယ်။
အမေ့ဟန်တွေက ငါတို့ကို ခိုင်မာစေခဲ့တယ်။

ဆရာမပြ၊ နည်းမကျ တဲ့၊
အမေ ပြခဲ့လို့ ၊ စည်းဝါးနဲ့ ကခဲ့ကြတဲ့
ဘ၀ ဇတ်ခုံပေါ်က အမေ့သားသမီးတွေ။
ဆရာကို အာခံ၊ အာခေါင်လှံစူးတဲ့၊
အမေ့ကို မနာခံလို ပြာလူးတဲ့ သူလို
နောင်တနဲ့ အမေ့သားသမီးတွေ။

အခုချိန်မှာ စုပေါင်းညာညီ လက်အုပ်ချီ၍
ဦးခိုက် ဂါဝရ ပြုလိုက်ပါသည်
ကမ္ဘာ အဆုံးတိုင်၊ အမြေ့ပုံးနိုင်ပါစေ ။  ။

မင်းအောင်သက်လွင်
(ကမ္ဘာတစ်လွှားမှ အမေများအားလုံးကို သားဆိုးကျွန်တော် လက်စုံမိုး၍ ဂါရ၀ပြုလိုက်ပါသည်။ ဘုရားသခင် ကောင်းကြီးပေးပါစေ၊ အမေ့ကိုချစ်တဲ့ သားသမီးများ အားလုံးကိုလဲ ဘုရားသခင်ကောင်းကြီးပေးပါစေ)

Hits: 4147
Comments (5)Add Comment
...
written by လင်းနိုင်ဦး, October 21, 2012

ကျွန်တော် ကိုမင်းအော်သက်လွင်ဲ့ ခံစားချက်တွေကို ဖတ်သွားပါတယ်..
လေးစားပြီး အားပေး လိုက်နာသွားပါတယ်.
ကျေးဇူးပါပဲဗျာ...
report abuse
vote down
vote up
Votes: -1
...
written by lamin, October 28, 2012
ကျွန်တော့်ရင်ထဲရှိာတွေ အကုန်ရေးလိုက်လို့

ကျေးဇူးတင်ပါတယ် အကို
report abuse
vote down
vote up
Votes: +0
...
written by ကိုမောင် , November 05, 2012
သေသေချာချာ ကို ဖတ်သွားပါတယ် ခင်ဗျာ ......... ကော်ပီလဲ လုပ်သွားပါတယ် ဗျ
report abuse
vote down
vote up
Votes: +2
...
written by အမရာ, November 21, 2012
အရမ်းလည်းကြိုက်မိပ တယ် အကို့ ကိုလည်းအဲလိုရေးနိုတဲ့အတွက်အရမ်းကို လးစားမိပါတယ်နောက်ထ က်လည်းအများကြီးအမေ ကြောင်းလေးတွေရေးနုင်ပါစေလို့........................
report abuse
vote down
vote up
Votes: +0
...
written by မို့, January 26, 2013
ကော်ပီကူးသွားတယ်နေ်..
report abuse
vote down
vote up
Votes: +1

Write comment
smaller | bigger

busy

Facebook Google Twitter buttons

သက်သေခံချက်များ Testimony (random article)

"ကျေးဇူးတော်ခွက်ဖလားလျှံပြီမို့" - ကိုမေတ္တာ(သင်းအုပ်ဆရာ)

"ကျေးဇူးတော်ခွက်ဖလားလျှံပြီမို့"  ကိုမေတ္တာ (သင်းအုပ်ဆရာ)

"စိုက်သည့်အတိုင်း ရိတ်ရလိမ့်မည်" ဆိုတဲ့ တမန်တော်ကြီး ရှင်ပေါလုရဲ့ သြ၀ါဒဟာ တကယ်တော့ လူ့လောကကြီးရဲ့ နိယာမအမှန်တရား တစ်ခုဆိုတာ ဘယ်သူကမှ ငြင်းလို့မရပါဘူး။ လူတိုင်းဟာ မိမိပြုလုပ်တဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံများရဲ့ အကျိုးအပြစ်ကို ပြန်ပြီးတော့ ခံရတတ်စမြဲ ဆိုတာကိုလည်း သံသရာ ခရီးသည်လို့ မိမိကိုယ်ကို သတ်မှတ်ထားကြတဲ့ လူတိုင်းက နားလည်လက်ခံထားတဲ့ ကိစ္စပါ။ .... ဒါပေမဲ့ ကံတရားရဲ့ စေစားမှုထက်ကျော်လွန်ပြီး မိမိပြုတဲ့အရာ .. တတ်နိုင်တဲ့ အစွမ်းတွေထက်ကို ကျော်လွန်ပြီးရလာတဲ့ အကျိုးရလဒ်ကိုတော့ ဘာလို့ပြောမလဲ ?  ။ ဒါက ခရစ်ယာန်အသက်တာရဲ့ အံ့သြစရာကောင်းတဲ့ လျှို့ဝှက်ချက်ဖြစ်ပါတယ်။ ... အဲဒီ အခြေအနေမျိုးကို ဘယ်လိုဝေါဟာရနဲ့ ဖေါ်ပြမှာလဲ? ဆိုရင်   "ကျေးဇူးတော် (The Grace)" ဆိုတာပေါ့။ ဒီကိစ္စနဲ့ ပတ်သက်လို့ ကိုမေတ္တာ အနေနဲ့ ပုံပြင်မဟုတ်တဲ့ တကယ့်ဖြစ်ရပ်မှန် ဇတ်လမ်းလေးတစ်ပုဒ်ကို ပြောပြချင်ပါတယ်။ .. ဝေမျှပေးချင်ပါတယ်။

ဟိုး .. လွန်ခဲ့တဲ့ ၁၅ နှစ်လောက်တုံးက ခန္ဓီးမြို့ရဲ့ ဇီးဖြူကုန်း ဆိုတဲ့ ရပ်ကွက်ကလေးမှာ အလွန်ဆင်းရဲ့တဲ့ လင်မယားနှစ်ယောက် ရှိခဲ့ဖူးတယ်။ သူတို့က ခန္ဓီးမြို့  ဇီးဖြူးကုန်း ရပ်ကွက်ကလေးနဲ့ (၂)မိုင်လောက် အကွာအဝေးမှာရှိတဲ့ ချောင်းကလေးတခုအနားမှာ အခင်း (စိုက်ခင်း) လုပ်ပြီး ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးရောင်းချ အသက်မွေးကြရတယ်။ သူတို့မှာ ရှားရှားပါးပါးဆိုလို့ သားကလေး တယောက်ပဲရှိတယ်။ "ကံမကောင်းကြပါဘူး" လို့ ပတ်ဝန်းကျင်က ဂရုနာသက်စရာ အကြောင်းကတော့ အဲဒီသားငယ်ကလေးဟာ မွေးလာကတည်းက မကျန်းမမာဖြစ်ပြီး ငယ်ရွယ်တဲ့ ကလေးဘ၀မှာပဲ ပိုလီယို အကြောသေ ရောဂါကြောင့် ခြေထောက်နှစ်ဘက်စလုံးဟာ ပိန်လှီနေပြီး လမ်းလုံးဝမလျှောက်နိုင်ပဲ သူ့ရဲ့ လက်ကလေး နှစ်ဖက်မှာ ဘိနပ်ကလေးကို စီးပြီးတော့ သွားရရှာတယ်။ "သြော် .. ကံဆိုးလိုက်တာနော်"  လို့ လူတွေက ဂရုနာနဲ့ စုတ်တသတ်သတ်ပေါ့။ သူတို့က ခရစ်ယာန်တွေလေ ... ။ ဘုရားတရားကိုလည်း လွန်စွာမှ ရိုသေကိုင်းရှိုင်းကြတယ်။ အပတ်စဉ် တနင်္ဂနွေ ဥပုဒ်နေ့တိုင်း သူတို့မိသားစုဟာ ဘုရားကျောင်းကို မှန်မှန် တက်လို့ပေါ့။ နောက်ပြီး သူတို့ စိုက်ခင်းထဲက ဟင်းသီးဟင်းရွက် ရောင်းလို့ ရတဲ့ ငွေထဲက ဆယ်ဖို့ တဖို့ အလှုငွေကိုလည်း ဘုရားကျောင်းကို ယူလာပြီး မှန်မှန်ဆက်ကပ်ကြရှာတယ်။ သူတို့ကို အများရဲ့ အမြင်မှာတော့  သနားဂရုနာ သက်စရာလို့ မြင်ကြပေမဲ့ သူတို့ရဲ့ လက်တွေ့ ခံယူချက်ကတော့ အံ့သြစရာကောင်းလှပါတယ်။

ဘာလို့လည်း ဆိုတော့ .....။

တနေ့ ညနေခင်းမှာ ကျွန်တော့ဆီကို သူတို့လင်မယား နှစ်ယောက် ရောက်လာကြတယ်။ တစ်စုံတစ်ရာ အကူအညီတောင်းလိုတဲ့ ပုံစံပေါက်နေပေမဲ့ မဟုတ်ပါဘူး။ ညက လင်မယားနှစ်ယောက်ဟာ တိုင်ပင်ကြပြီး ကိစ္စတစ်ခုကို မေးချင်လို့ .. တဲ့။ အဲဒါကတော့ သူတို့တတွေ အပါတ်စဉ်တိုင်း သူတို့စိုက်ခင်းထဲက ရတဲ့ ၀င်ငွေရဲ့ ဆယ်ဖို့၊တဖို့ အလှုငွေကို ဘုရားကျောင်းကို ယူလာပြီး ဆက်ကပ်တာ အားမရလို့ နောက်ထပ် ဆယ်ဖို့တဖို့ အလှုငွေကို ဆရာတို့ ကျမ်းစာကျောင်းကို ဆက်ကပ်ချင်တယ်တဲ့..။ ကျွန်တော် အရမ်း အံ့သြ တုံလှုပ်သွားမိတယ်။ အင်မတန် ဆင်းရဲပြီး "ကံမကောင်းပါလား"  ဆိုတဲ့ ပတ်ဝန်းကျင်က ဂရုနာသက် သနားမှုကို ခံနေရတဲ့ မိသားစုက ထူးထူးခြားခြား အဆိုပြုလာတဲ့ ကိစ္စ။ ကျွန်တော်က သူတို့ လင်မယား နှစ်ယောက်ရဲ့ တစ်ပတ်တာ ဆယ်ဖို့တဖို့ အလှုငွေပမာဏကို မေးလိုက်တော့ နှစ်ရာကျပ် (၂၀၀ိ/-) ပတ်ဝန်းကျင် တဲ့။ တွက်ချက်ကြည့်လိုက်တဲ့အခါ သူတို့မိသားစုရဲ့ ဆယ်ဖို့တဖို့ ၀င်ငွေကို တစ်နှစ်တာ စုစည်းလိုက်ရင် ကျွန်တော်တို့ နာဂ နှစ်ခြင်းကျမ်းစာကျောင်းမှာ ကျောင်းတက်နေတဲ့ ကျောင်းသားတယောက်ကို ကောင်းကောင်းကြီး ၀ိညာဉ်မိဘအဖြစ် ခံယူနိုင်တယ်ဆိုတာ သိရတော့၊  ဆင်းရဲပြီး ကျောင်းတက်ဖို့ အခက်အခဲ ရှိနေတဲ့ ကျမ်းစာ ကျောင်းသား (၁) ယောက်ကို ၀ိညာဉ်မိဘအဖြစ် မွေးစားနိုင်ဘို့ စီစဉ်ပေးလိုက်ခဲ့ပါတယ်...။  အဲဒီနောက်ပိုင်း ကျွန်တော်လည်း နာဂနှစ်ခြင်း ကျမ်းစာ ကျောင်းအုပ်ဘ၀က နေပြီးတော့ နာဂတောင်တန်း မြောက်ပိုင်း နန်းယွန်း နာဂနှစ်ခြင်း သာသနာနယ်အဖွဲ့  ရဲ့ အတွင်းရေးမှုးတာဝန်ကို ပြောင်းလဲပြီး တာဝန်ယူရတဲ့အချိန်၊ ခန္ဓီးမြို့က သူတို့မိသားစုနဲ့ အဆက်အသွယ်ပြက်သွားပြီး ကိုယ့်အလုပ်၊ ကိုယ့်အာရုံနဲ့ သူတို့ကို မေ့သလို ဖြစ်သွားရတယ်။

ဒါပေမဲ့ တနေ့ (တနှစ်ကျော်ခန့်အကြာ)  ကချင်ပြည်နယ် မြို့တော်ဖြစ်တဲ့ မြစ်ကြီးနားမြို့ရဲ့ မြို့မ ဈေးကြီးအနားမှာ မမျှော်လင့်ပဲ သူတို့နဲ့ ပြန်ပြီး ဆုံလိုက်ရတယ်။ ကျွန်တော်က စက်ဘီးကလေး စီးပြီး ဈေးက ထွက်အလာ၊ တိုယိုတာ အက်စ်အီး (Toyota S.E) ကားအဖြူကလေး တစီးဟာ ကျွန်တော့ရဲ့ နောက်က ဟွန်းတီးပြီး အချက်ပေးနေတယ်။ ပထမတော့ လမ်းတောင်းတယ်ထင်ပြီး စက်ဘီးကို လမ်းဘေး နဲနဲ ကပ်ပေးလိုက်တယ်။ ဒါပေမဲ့ ကားကလေးဟာ ကျော်တက်ပြီး မောင်းမသွားပဲ "ဟွန်း" ကိုပဲ ဆက်တီးနေတော့ ကျွန်တော် နဲနဲတောင် စိတ်တိုမိသွားတယ်။ အဲဒီနောက် ကားဖြူလေးဟာ ကျွန်တော့စက်ဘီးကို ကျော်တက်ပြီး ရှေ့ခပ်လှမ်းလှမ်းမှာ သွားပြီး ရပ်လိုက်တယ်။ ကားနောက်ခန်းတံခါး တဖက်တချက်စီက မိန်းကလေးတယောက်နဲ့ ယောင်္ကျားတယောက်က ကသောကမျောနဲ့ ထွက်လာပြီး "ဆရာ ဦးစောမင်းလွင် မဟုတ်လား ... ကျွန်တော်တို့ကို မမှတ်မိဘူးလား"  ဆိုတော့ ကျွန်တော် ပထမတော့ ဇဝေဇ၀ါနဲ့ ခပ်ကြောင်ကြောင်ဖြစ်နေတယ်။ "ကျွန်မတို့ ခန္ဓီးကလေ"  .. ဆိုမှ သူတို့ရုပ်ကို ပြန်ပြီး ဖမ်းမိတော့တယ်။ တကယ်ပါဘဲ .. လုံးဝကို မှတ်မိနိုင်စရာ မရှိတဲ့ ပြောင်းလဲနေတဲ့ ရုပ်ဟန်သွင်ပြင်တွေနဲ့ ... အဲ ဒါနဲ့ပဲ တိုတိုပြောရရင် မြို့လည်ခေါင်က သူတို့အိမ်  .. အဲ .. အိမ်ဆိုတာထက် .. တိုက်ကြီးလို့ ပြောရင် ပိုပြီးကောင်းမယ်။ အဲဒီ ဟိန်းနေတဲ့ ခမ်းနားလှတဲ့ တိုက်ကြီးတလုံးထဲ ရောက်သွားရတယ်။ "ဟိုမှာလေ .. သားငယ်ငယ်က စာမသင်ခဲ့လို့ .. အခုမှ အိမ်ကို ဆရာမခေါ်ပြီး စာသင်ပေးနေတာလေ"  ဆိုပြီးတော့ ပိုလီယို ရောဂါသည် သားငယ်ကလေးကို မိတ်ဆက်ပေးတယ်။

ကျွန်တော်လည်း အံ့သြခြင်း ကြီးစွာနဲ့ပဲ သူတို့မိသားစု အချိန်ကာလ တခဏခြင်းမှာ ဘယ်လိုလုပ်ပြီး သူဌေးတွေ ဖြစ်ကုန်ကြတာလဲ ?  ဆိုတာကို တွေးမရ ဖြစ်နေတယ်။ သူတို့ကပဲ  "ဆရာ အံ့သြနေမှာပေါ့နော် .."  ဆိုတော့။ "ဟုတ်တာပေါ့၊  အံ့သြလွန်းလို့ ဘယ်ကနေစပြီး အကျိုးအကြောင်း မေးရမှန်းတောင် မသိဖြစ်နေတာ" .. လို့ ဆိုမိတယ်။ "ဆရာရေ .. ဘုရားသခင် ကျေးဇူးတော်ကြောင့် ဒီလိုဘ၀ ရောက်လာတာ" .. လို့ ဆိုပြန်တယ်။ လာပြန်ပြီး "ဒီ ကျေးဇူးတော် ဆိုတာ သူတို့က ပြောပဲ ပြောနိုင်လွန်းတယ်"။  ခန္ဓီးမှာတုံးကလည်း အများကတော့ "ကံဆိုးလိုက်တာ"  လို့ ၀ိုင်းပြီး ဂရုနာသက်နေချိန်မှာ သူတို့က ဘုရားသခင်ရဲ့ ကျေးဇူးတော် ကြီးမားစွာ ခံစားရလွန်းလို့ ဟင်းသီးဟင်းရွက် ရောင်းရငွေ ဆယ်ဖို့တဖို့ နောက်တစ်ဖို့ကို ဆက်ကပ်ချင်တယ်ဆိုတဲ့ ကိစ္စကိုလည်း ပြန်ပြီး သတိရမိသေးတယ်။  ဇတ်လမ်းစုံ ခင်းပြတော့ ကျွန်တော်လည်း အံ့သြခြင်းတွေနဲ့အတူ နောက်ထပ် ဇတ်လမ်းတစ်ပုဒ်ကို အံ့သြစွာ ကြားရပြန်တယ်။ အံ့သြခြင်းတွေက ထပ်နေတာပဲနော် .. ။

ဇတ်လမ်းက ဒီလို ...။

တနေ့မှာတော့ သူတို့ စိုက်ခင်းလုပ်တဲ့နေရာမှာ ရှိတဲ့ တောင်ယာတဲကလေး အနားဆီကို လူတယောက်ဟာ ဒယီးဒယိုင် နဲ့ ရောက်လာတယ်။ ကြည့်လိုက်တော့ တကိုယ်လုံး ခြစ်ခြစ်တောက်အောင် ပူနေတယ်။ "တဟီးဟီး"  နဲ့ ငှက်ဖျားတက်နေပြီး ဘယ်လိုမှ မဟန်နိုင်တော့လောက်အောင် ဖြစ်နေရှာတယ်။ အပြင်းဖျားပြီး အားအင်ပြက်နေတဲ့ပုံပေါ့။  သူတို့ တဲကိုလည်း ရောက်တော့ ပုံပြီး လဲကျသွားတော့တာပေါ့။ သူတို့လည်း အဲဒီလူနာကို ပွေ့ထူပြီး တဲပေါ်မှာ အိပ်ခိုင်းလိုက်တယ်။ အကျိုးအကြောင်း မေးကြည့်တော့ ကျောက်စိမ်းတူးတဲ့ "မှော်" ထဲက လာတာတဲ့။ ကျောက်စိမ်းတွင်း ရှိတဲ့ နေရာကို "မှော်"  လို့ ခေါ်ကြတာလေ။ အဲဒီမှာ တွင်းသားလုပ်နေရင်း ကျောက်စိမ်းကလည်း မရတာနဲ့ ရရာ ကျပမ်းအလုပ်ကို ထွက်လုပ်ပြီးတော့ စားဖို့ သောက်ဖို့ ရှာရင်း ငှက်ဖျားရောဂါ ဖြစ်လာပြန်ရော။ ဆေးကုဖို့ကလည်း ပိုက်ဆံမရှိ။ စားစရာလည်း မရှိနဲ့ အတော် ဒုက္ခရောက်နေပြီး ကူညီမဲ့သူ မရှိဖြစ်တာနဲ့ "မထူးတော့ပါဘူး"  ဆိုပြီး ခန္ဓီးမြို့ကို ပြန်လာခဲ့တာ စက်လှေခတောင် မရှိလို့ ခြေလျှင်နဲ့ပဲ ပြန်လာခဲ့ရတယ်။ ဘာမှ စားစရာလည်း မရှိတော့ အားပြက်ပြီး ဆက်မသွားနိုင်တော့လို့ ဒီကိုဝင်ပြီး အကူအညီ ရလိုရငြား ၀င်လာခဲ့တာ .. တဲ့။ ဒါနဲ့ ဒီလင်မယား နှစ်ယောက်က လူနာကို အကဲခပ်ကြည့်လိုက်တော့ အခြေအနေက စိုးရိမ်စရာ ကောင်းလောက်အောင် ဆိုးဝါးနေတာ။ သနားစိတ်ကြောင့် သူ့ကို ဘယ်လိုကူညီရမလဲ ?  ဆိုတာ စဉ်းစားတော့လည်း ပါလာတဲ့ ထမင်းထုပ်လေးတောင် နေ့လည်စာ စားပြီးလို့ ကုန်နေပြီ။ ကျွေးစရာလည်း မရှိ။ ဖျားနေတဲ့ လူနာကို တိုက်ဖို့ ဆေးဝါးလည်း မရှိ။ ဖြစ်နေတော့ အခက်အခဲ တွေ့နေတာပေါ့။ ဒါပေမဲ့ မိန်မလုပ်တဲ့လူက သူတို့အခင်း တဲအမိုးမှာ ချိတ်ထားတဲ့ ကျွတ်ကျွတ်အိပ်နဲ့ ထုပ်ထားတဲ့ ဆန်ကလေး နည်းနည်း ရှိနေတာ သတိပြုမိလိုက်တယ်။ အခင်းရှင်းတုန်းက စုပေါင်းလုပ်အား ခေါ်ကျွေးတဲ့ ဆန်လက်ကျန်ကလေးပေါ့။ ဒါနဲ့ပဲ ဟန်းကောလေးမှာ ဆန်နည်းနည်းကို ရေကြဲကြဲ နဲ့ ပြုတ်ပြီးတော့ ဆားခပ်လို့ ဆန်ပြုတ်ရေကြဲလေးနဲ့ လူနာကို တိုက်ပြီး ပြုစုခဲ့ကြတယ်။ လူနာကလည်း အစာငတ်ပြိး အားအင်ပြက်နေတာမို့ ဆန်ပြုတ်ကြဲကြဲလေးကို အငန်းမရ သောက်ရှာတာပေါ့။

သူတို့ လင်မယားဟာ လူနာကို ဘယ်လိုဆက်ပြီး ကူညီရမလဲ ?   စဉ်းစာတော့ အကြံအိုက်နေတာပေါ့။ အိမ်ကိုခေါ်သွားရင်လည်း ဆေးကုပေးဖို့ ၊ ကျွေးမွေးဖို့၊ ငွေကြေးအင်အား သူတို့မှာ မရှိဘူး၊ မတော်တဆ လူနာဟာ သူတို့အိမ်မှာ ဆုံးပါးသွားခဲ့ရင် အသုဘစရိတ်က ခက်နေဦးမယ်.. လို့တောင် တွေးမိကြသတဲ့ ..။ အဲဒီ အခင်း တဲကလေးမှာပဲ ချန်ထားခဲ့ရင်လည်း သူကိုညမှာ ကြည့်ရှုကျွေးမွေးသူ ပြုစုမဲ့သူမရှိတာကြောင့် မတော်သေသွားခဲ့ရင် မနက်ဖန် အခင်းတဲထဲမှာ သူ့အလောင်းကောင်ကြီးကို စန့်စန့်ကြီး တွေ့ရလေမလားပေါ့ ။  နောက်ဆုံး လင်မယား နှစ်ယောက်ဟာ ဆုံးဖြက်ချက်တခုကို ခိုင်ခိုင်မာမာ ချလိုက်နိုင်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ဒီလူနာကို ခန္ဓီးမြို့ရောက်အောင်တော့ ခေါ်သွားမယ်။ ဒါပေမဲ့ အိမ်တော့မဟုတ်ဘူး။ ခန္ဓီးမြို့ ပြည်သူ့ဆေးရုံဆီကိုပေါ့။ အခင်းသိမ်းချိန်မှာတော့ မိန်မဖြစ်သူက ဟင်းသီးဟင်းရွက်တွေကို နှစ်ယောက်စာ တယောက်ထဲကပဲ တနင့်တပိုးထမ်းပြီးတော့၊ ယောင်္ကျားလုပ်သူက လူနာကို ကျောပိုးပြီး သယ်ပိုးလာခဲ့ကြတယ်။ တကယ့်ကို မလွယ်တဲ့ ခရီးပေါ့။ ကျွန်တော် အဲဒီနေရာကို ကောင်းကောင်းသိတယ်လေ။ ကျွန်တော်တို့ ကျမ်းစာကျောင်း စိုက်ခင်းကလည်း အဲဒီနားမှာပဲဟာ ... (၂)မိုင်လောက် ဝေးတဲ့ခရီးမှာ တောင်တက် (စစ်တပ်ကုန်း) လည်းရှိသေးတယ်။ အသွားက အဆင်းခရီး၊ အပြန် အတက်ခရီး။ .. ပြီးတော့ ဆေးရုံကုန်းက တခါ အတက်ခရီးဆိုတော့ တော်ရုံတန်ရုံ စေတနာ မေတ္တာနဲ့တော့ လူတယောက်ကို ကျောပေါ်မှာ ကုန်ပိုးပြီးတော့ မတက်နိုင်ဘူး။ အံ့ပ။

မိုးကြီးချုပ်မှ သူတို့တတွေ ဆေးရုံရောက်တော့ ဆရာမတွေက လူနာကို ကြည့်ပြီးတော့ နာမည်ဘယ်သူလဲ?  လူနာရှင်က ဘယ်သူလဲ ?  လို့ မေးတယ်။ သူတို့လင်မယားက မဖြေနိုင်ရှာဘူး။ "မသိဘူး၊ မဟုတ်ဘူး ပေါ့" "ဟဲ့ လူနာကို မသိပဲနဲ့ ခေါ်လာရတယ်လို ... နင်တို့မှာ ဆေးကုဖို့ ပိုက်ဆံ ဘယ်လောက်ပါသလဲ"  ဆိုတော့ "မပါဘူး၊ သနားလို့ ခေါ်လာတာ .. "ပြောရတယ်။ "စရိတ်မျှပေး ကျန်းမာရေး" စနစ် ကျင့်သုံးနေပြီဖြစ်တဲ့ ပြည်သူ့ဆေးရုံရဲ့ ၀န်ထမ်းဆရာမတွေရဲ့ အဆူ၊အငေါက်ကို ကောင်းကောင်းကြီး ခံကြရရှာတယ်။ သူတို့ တတ်နိုင်တာ သူတို့ နားလည်သလောက်လေးနဲ့ ဆေးရုံကို ခေါ်လာရင်တော့ ဆေးကုပေးမှာပဲ ဆိုတဲ့ အသိရိုးရိုးလေးနဲ့ပေါ့။ ဆေးရုံရောက်လာမှတော့ ဘယ်တတ်နိုင်တော့မလဲ။ လက်ခံပြီး အစိုးရစရိတ်နဲ့ ကုသပေးရတာပေါ့။ လူနာကလည်း အခြေအနေ တော်တော် ဆိုးနေပြီလေ။ အခြား လူနားတွေ လူနာရှင်တွေက ဒီအဖြစ်အပျက်ကို ကြားသိမြင်ရတော့ သနားဂရုနာနဲ့ စုတ်သပ်ကြပြီး သူတို့ရဲ့ ထမင်း၊ ဟင်းကျန်လေးတွေ၊ မုန့်လေးတွေကို ယူလာပြီး လူနာကို ကျွေးမွေးကြရှာတယ်။ အဲဒီနောက်မှာတော့ သူတို့လင်မယား နှစ်ယောက်ဟာ လူနာကို ဆေးရုံမှာ ထားခဲ့ပြီး တိတ်ဆိတ်စွာနဲ့ပဲ ဆေးရုံက ပြန်ခဲ့ကြတော့တယ်။

နောက်နေ့တွေမှာ သူတို့လည်း ဆေးရုံကို တခေါက်တလေမှာ မရောက်တော့ပါဘူး။ သူတို့ တာဝန်ပြီးဆုံးပြီး ကူညီနိုင်တာတွေကို ကူညီခဲ့ပြီလို့ သဘောပိုက်မိတယ် .. တဲ့။ ဒီလိုနဲ့ပဲ အဲဒီလူနာဟာ ဆေးရုံမှာ အစိုးရစရိတ်နဲ့ ဆေးကုသခဲ့ရပြီး အခြားလူနာတွေရဲ့ ထမင်းကျန်၊ ဟင်းကျန်၊ သဒ္ဒါမုန့်လေးတွေကို စားရင်းနဲ့ပဲ တစ်လအကြာလောက်မှာ ဆေးရုံက ကျန်းမာပြီး ပြန်ဆင်းခဲ့ရရှာတယ်။ ဆရာဝန်၊ ဆရာမ တွေကို နှုတ်ဆက် ကန်တော့၊ ကျေးဇူးရှင် တခြား လူနာရှင်တွေကို နှုတ်ဆက်ပြီးတော့ ခန္ဓှီးမြို့က ပြန်ထွက်ခဲ့တော့တယ်။ သူ့ကို ဆန်ပျြတ် ရေကြဲကြဲလေး တိုက်ပြီး ဆေးရုံပေါ် အရောက် ထမ်းပို့ပေးခဲ့တဲ့ လင်မယားနှစ်ယောက်ကိုလည်း ဘယ်နေရာ ပြန်ပြီးရှာရတော့မလဲ .. ဆိုတာ မသိတော့ပါဘူး။ အဲဒီလူဟာ ခန္ဓီးကနေပြန်ထွက်ပြီး နောက်တစ်ခါ ကျောက်စိမ်းမှော်ကို ပြန်ရောက်သွားပြန်သတဲ့။ တစ်နေ့မှာတော့ သူများတွေ စွန့်ပစ်ထားတဲ့ မြေစာပုံထဲကနေ မမျှော်လင့်ပဲ ကျောက်စိမ်းတစ်တုံး (အားလူးကျောက်)ကို သူရလိုက်တယ်။ မီးထိုး ဖြက်ကြည့်တဲ့အခါ အင်မတန်မှပဲ အရည်အသွေးကောင်းလှတဲ့ ကျောက်စိမ်းတစ်တုံး ဖြစ်နေသတဲ့။ ဒီတစ်ခါမှာ ကံကြမ္မာက သူဘက် ပါပြီလေ။ သိန်းပေါင်း ရာဂဏန်းမက၊ ထောင်ဂဏန်း နီးနီး လုပ်ငန်းရှင်ကြီးဘ၀ကို ရောက်သွားတော့တယ်။ လူ့ကံကြမ္မာက အံ့သြစရာကောင်းလောက်အောင် ဆန်းပြားတယ်နော်။

အဲဒီနောက် ဒီလူဟာ စဉ်းစားသတဲ့...။

ငါ့ကို ဒီဘ၀မျိုး ရောက်ရလေအောင် ငါ့ကို ဆန်ပြုတ်ကလေး တိုက်ပြီး ခန္ဓီးမြို့က ဆေးရုံပေါ်ကို ချွေးတဒီးဒီးကျအောင် ထမ်းပို့ကူညီ ပို့ဆောင်ပေးတဲ့ အခင်းစိုက်စားတဲ့ သူဆင်းရဲ လင်မယားကို မတွေ့တွေ့အောင် ပြန်ပြီးရှာမယ်။ ငါ့ရဲ့ အသက်သခင် ကျေးဇူးရှင်တွေဆိုပြီး ပြန်လိုက်ရှာလိုက်တာ နောက်ဆုံး ပြန်တွေ့ပါလေရော။

ဒါနဲ့ပဲ တိုတိုပြောရရင် အခင်းစိုက်စားတဲ့ လင်မယားဟာ နောက်ဆုံး ကျေးဇူးပြန်ဆပ်ခြင်း ခံရပြီးတော့ ခန္ဓီးမြို့ကနေ မြစ်ကြီးနားမြို့မှာ အိမ်တဆောင်၊ မီးတပြောင်နဲ့ ကျေးဇူးပြန်ဆပ်ခြင်း ခံရကြသတဲ့။ သူတို့လင်မယားနှစ်ယောက် နာမည်နဲ့ တစ်သက်စာ ဖူလှုံဖို့ ငွေစုဘဏ်မှာ ငွေစာရင်းဖွင့်ပေးတယ်။ မော်တော်ကားလိုင်းတွေမှာလည်း ကားတွေကို သူတို့နာမည်နဲ့ ထည့်ပေး၊ စတိုးဆိုင်ကြီးတွေ ၀ယ်ဖွင့်ပေး၊ စသဖြင့် တစ်သက်စာပတ်လုံး ဘာမှ ပူပန်စရာ မလိုတော့လောက်အောင် မိဘလို ပြန်ပြီး ကျေးဇူးဆပ်သတဲ့။ သူတို့ လင်မယား နှစ်ယောက် ပြောတာ မှန်တာပေါ့။ အဲဒါဟာ ဘုရားသခင် ကျေးဇူးတော် ဆိုတာလေ။ သူတို့ ပြုတဲ့ ကောင်းမှုက နည်းနည်းလေ ..  ဆန်ပြုတ်ရည်ကျဲလေး တစ်ခွက်နဲ့ ကျောပိုးထမ်းခဲ့ရတာလေးပဲ။ ပြန်ရတဲ့ ကောင်းကြီးတွေက မနည်းမနော မဟုတ်ပါလား။ မုဒိတာပွား ၀မ်းသာမိပါပရဲ့။

သုတ္တံကျမ်း ၁၀း၂၂ မှာ "ထာဝရဘုရား၏ ကောင်းကြီးမင်္ဂလာသည် စည်းစိမ်ကို ဖြစ်စေတတ်၏။ ထိုစည်းစိမ်နှင့်လည်း ၀မ်းနည်းခြင်းအကြောင်းကို ရောနှောတော်မမူ"  လို့ ဆိုထားတယ်မဟုတ်လား။ ကြားရတဲ့လူ၊ သိလိုက်ရတဲ့လူ အပေါင်းက သူတို့လင်မယား နှစ်ယောက် ကောင်းစား ချမ်းသာသွားတဲ့ ကိစ္စအတွက် ၀မ်းသာကြရတယ်။ ကြည်နူးဝမ်းမြောက်ကြရတယ်။

"ကျေးဇူးတော်ခွက်ဖလား"  ဆိုတာ "သိတတ်၊ ချီးမွမ်းတတ်သူတွေ အတွက်ဖြစ်တယ်" ... တဲ့။ လူတိုင်းဟာ ကောင်းကြီးမင်္ဂလာ ကိုယ်စီ၊ အခြေအနေတိုင်းမှာ ကိုယ်စီ  ရှိတတ်ကြစမြဲသာ ဖြစ်တယ်။ ဒါပေမဲ့ ဒီကောင်းကြီးမင်္ဂလာတွေကို တွေ့မြင်ချီးမွမ်းတတ်မှုဟာ ခွက်ဖလား ပြည့်ရုံမက၊  လျှံပြီးကျတဲ့အထိ ခံစားရလိမ့်မယ်  ဆိုတာ  သက်သေပါပဲ။ မထိုက်တန်ပေမဲ့၊ ထာဝရဘုရားသခင်ပေးတဲ့ ကျေးဇူးတော် ခွက်ဖလား ... အဲ ... တနည်းပြောရရင် ...  "လျှံလျက်ရှိတဲ့ ခွက်ဖလား"  ဆိုတာပဲပေါ့ ... ဗျာ ....။

ခံစားဝေမျှရင်းနှင့်

ကိုမေတ္တာ
(သင်းအုပ်ဆရာ)

ဆိုင်ဘောသဲကျေးရွာ (Nov2010)
ဒီမောဆိုးမြို့နယ်၊ ကယားပြည်နယ်
+၉၅ (၀၉၂) ၄၀၀ ၆၁၉

မှတ်ချက်။  စာရေးသူသည် စင်္ကာပူ၊မလေးရှား ခရီးစဉ်မှာ မေလတွင် မြန်မာပြည်သို့ ပြန်လည် အမှုတော်ထမ်းလျှက်ရှိပါသည်။ ဆိုဘောသဲကျေးရွာ၊ ဒီမော့ဆိုးမြို့နယ်၊ ကယားပြည်နယ်
03-July-2010

 

ဝိညာဉ်ရေးရာ Spiritual (random article)

ဝိညာဉ်ခရီးသွားမှတ်တမ်း (၂) - ဒေါက်တာဖေမြတ်ဝင်း


အပိုင်း(၁)တွင် မြန်မာပြည်မှအစပြုခဲ့သော ဝိညာဉ်ခရီးသွားအပိုင်း(၁)ဖြစ်ပါသည်။ ဆရာဒေါက်တာဖေမြတ်ဝင်း စာအုပ် အစ-အဆုံး အခန်းပေါင်း (၄၀) - စာမျက်နှာ ၄၁၆ ရှိပါသည်။ အခန်း(၂-၇)အထိ ဖတ်ရှုလိုသူများအတွက် PDF ဖိုင် နှင့် စာမြည်း ရေးပေးပို့လိုက်ပါသည်။ 

ပါပူးဝါနယူးဂီနီနိုင်ငံ (အာရှ)
မြန်မာနိုင်ငံမှာ ၁၉၉၀ခုနှစ်တွင် ဂျီကို-ဆလမ်ဘာဂျာ ရေနံရှာဖွေရေးကုမ္မဏီ ဖြင့် မြန်မာပြည်တွင် ဆရာဝန်အလုပ်ကို လုပ်ကိုင်ပြီး၊ တစ်နှစ်အကြာ ပါပူးဝါနယူးဂီနီသို့ စတင်ပါသည်။ လူတိုင်း နေ့စဉ် တစ်နာရီ ဘုရားအတွက်သီးသန့်အချိန်ပေးသင့်ကြောင်း၊ ဘုရားကျောင်းအချိန်များအပြင်ဘက် အလုပ်ချိန်တွင်လည်း ဘုရားနှင့်အေးဆေးစွာ မိတ်သဟာရဖွဲ့မည့် အချိန်များကို ဆိုလိုပါသည်။ နားခိုရန်ဖြစသည်။ စင်ကာပူကို ဖြတ်သန်းပြီး မြန်မာနိုင်ငံတစ်ဝက် ကျယ်ဝန်းသော၊ လူဦးရေ (၃)သန်းရှိသည့် ပါပူးဝါနယူးဂီနီနိုင်ငံ မောရက်စ်ဘီမြို့မှ လေယဉ်ငယ်ဖြင့် တောတွင်းစခန်းသို့ ရောက်ရှိ၊ လုပ်ကိုင်ရပါသည်။ (၃)ပတ်လုပ်ပြီး မြန်မာပြည်(၁)ပတ် ပြန်နားရသည်။ အလုပ်အတူလုပ်သူ အများစုမှာ ပညာတတ်မဟုတ်၊ ဝင်ငွေကောင်းပြီး လုပ်ကိုင်ပြီး၊ ဘီယာသောက်၊ ပျော်အောင်နေကြရသည်။ အဆိပ်ပြင်းသောမြွေ၊ အဆိပ်ရှိဧရာမပင့်ကူကြီး၊ မိချောင်းများ ရှိသော်လည်း စခန်းတစ်ခုနှင့်တစ်ခု ဆေးအိတ်ကျော်ပိုး သွားလာလုပ်ကိုင်စဉ် ဘေးကင်းခဲ့ပါသည်။ ငှက်၊ သားငါး၊ ပုဇွန်၊ တိရိစ္ဆာန်များ နှင့် သဘာဝမပျက်မစီး ရှိနေသော နိုင်ငံဖြစ်သည်။ စိုက်ပျိုး၊မွေးမြူရန်ပင် မလိုပဲ သဘာဝအပင်များဖြင့် စားသောက်နိုင်ပြီး၊ ငါးပုဇွန်ပေါများလှသည်။ အမှုတော်ထမ်းရွက်ရန် ပြင်ဆင်ခြင်း အစဖြစ်သည်။

ဘုရားသခင်သည် သတ္တဝါတို့ကို အသက်ရှင်နေထိုင်နိုင်ရေးအျွှက် လိုအပ်သည့်အရာများနှင့် တော်တောင်၊ ရေမြေ၊ သဘာဝကို ဖန်ဆင်းပေးထားကြောင်း (ဆာ ၁၀၄)၊ ပါပူဝါနယူးဂီနီ နိုင်ငံရောက်သောအခါ ကျွန်တော်ပို၍ သဘောပေါက် နားလည်လာခဲ့သည်။ 


ဇိုင်ယာနိုင်ငံ (အာဖရိက)
ပါပူးဝါနယူဂီနီ ရေနံရှာဖွေရေးအလုပ် မှတဆင့် သာသနာပြုလုပ်ငန်း အားကြီးမှုဖြင့်၊ အမေရိကန်နှစ်ခြင်းသာသနာပြုအဖွဲ့ဖြင့် စင်ကာပူ၊ ဆရာဂမ်မှ တဆင့်ဆက်သွယ်ရာ၊ အမေရိကန်နိုင်ငံ ဖိလာဒဲဖီးယား သို့ လူတွေ့သွားရောက်ဖြေဆို အောင်မြင်ပြီး၊ အမေရိကန်မှတဆင့် အာဖရိက၊ ဇိုင်ယာနိုင်ငံ (ယခု ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံသို့) ၁၉၉၃ ဇူလိုင်လတွင် ထွက်ခွာလာခဲ့သည်။

ဇိုင်ယာနိုင်ငံသည် စစ်အာဏာရှင်ကြီး မိုဘူတူ (၃၅)နှစ်ခန့် အာဏာရှင်အုပ်ချုပ်နေသဖြင့် အာဖရိကတွင် နံပါတ်(၃) အချမ်းသာဆုံးနိုင်ငံမှ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဖြစ်သော ယခင်ပြင်သစ်ကိုလိုနီနိုင်ငံဖြစ်သည်။ သယံဇာတကြွယ်ဝပြီး၊ တိုင်းရင်းသားလူမျိုးစု များပြားလှသည်။ စစ်အာဏာဖြင့် အုပ်ချုပ်ရာမှ အမြဲမငြိမ်သက်ပဲ၊ သာသနာပြုအဖွဲ့ခေါင်းဆောင်ကိုပင် အသိပေးနိုင်ခြင်းမရှိ၊ အရေးပေါ်အခြေနေ၊ မြို့တော်လေဆိပ်ပင် ပိတ်ထားရချိန် ဒေါက်တာဖေမြတ်ဝင်း ဇိုင်ယာနိုင်ငံနှင့် အိမ်နီးချင်း Brazzaville နိုင်ငံမှတဆင့် ကွန်ဂိုမြစ်ကို ဖြတ်ကျော်ပြီး၊ သာသနာပြုဆေးရုံသို့ ရောက်ရှိသွားခြင်း၊ ပြင်သစ်စကားတစ်လုံးမှမတတ်ပဲ စစ်တပ်၊ စစ်သားများ ကြီးစိုးသော အာဖရိကအငြိမ်မသက် နိုင်ငံ၊ အကျင့်ပျက်ချစားမှုများဖြင့် ပြည့်နှက်နေသော အင်္ဂလိပ်စကားပြောသူရှာမတွေ့နိုင်သော ဇိုင်ယာနိုင်ငံ ဗန်ဂါမြို့၊ သာသာနာပြုဆေးရုံသို့ အံ့သြဘွယ် အခက်ခဲမရှိရောက်သွားသည်။ သာသနာပြုခရီးအစတွင် အသိပညာ၊ အတတ်ပညာရှိရုံဖြင့် အမှုတော်ကို မထမ်းဆောင်နိုင်ကြောင်း၊ ကျွန်တော့မှာလ်း အစေခံရန်အရည်အချင်းမရှိကြောင်း မသိသေးပေ။ သင်ခန်းစာများစွာ တွေ့ကြုံရသည်။ 

အမေရိကားမှ ထွက်ခွာစဉ် ဆရာတော်ဂျမ်းနှင့်ဇနီးက ပေးလိုက်သော စာကို ဖတ်ရင်း ဒူးထောက်ကျေးဇူးတော် ချီးမွမ်းခဲ့ပါသည်။

- ချစ်သား၊ မနက်ဖန်အတွက် မစိုးရိမ်နှင့်
- ဘဝ၏အသစ်သော စိန်ခေါ်မှုကို မကြောက်နှင့်
- သင်နားမလည်ရုံနှင့် စိတ်ပျက်စရာအကြောင်းမရှိလှပါ
- သင် မသိသည့်အရာများကို ငါသိတော်မူသည်
- ထို့ကြောင့် သင့်အား တာဝန်ချထားရာသို့ ရွှင်လန်းစွာ သွားပါ
- ငါ၏ ဂတိတော်မှတစ်ပါး အခြားဘယ်အရာကိုမျှ သင်မလို
- ဘယ်နေရာ၊ ဘယ်အရပ်သို့ သွားရသည်မဆို၊ ငါသည် သင့်ရှေ့မှ သွားလျှက်ရှိကြောင်း သိရှိထားရန်သာ လိုအပ်ပါသည်....။ 
-

ခွဲစိတ်ဆရာဝန်-အမှုတော်ထမ်းဆောင်ခြင်း
တာဝန်လွှဲပေးမည့် ခွဲစိတ်ဆရာဝန်ကြီး ဒမ် ထံမှ လေ့လာ၊ မှတ်သားမှု တစ်နှစ်အကြာတွင် တာဝန်လွှဲသည်။ ခက်ခဲလှသော မတတ်မဖြစ်သည့် ပြင်သစ်ဘာသာစကားကို အပြင်းထန်သင်ယူခဲ့သည်။ အမေရိကန်ဆရာဝန်တစ်ဦး စတင်ခဲ့သော ကုတင်၄၅၀ဆန့်၊ ဇိုင်ယာနိုင်ငံတွင် အကောင်းဆုံး၊ ပစ္စည်းအစုံလင်ဆုံး သာသနာပြုဆေးရုံကြီး၊ ၁၂နှစ်ကြာမည့် ဝိညာဉ်ခရီးအစဖြစ်သည်။ ယခင်က မြန်မာပြည်ထက် အစစ သာလွန်သော နိုင်ငံများသို့ သွားလာခဲ့စဉ် စိတ်အားငယ်ရသော်လည်း၊ ယခုအခါ အစာရေစာ ရှားပါးလှသော၊ ကမ္ဘာ့အဆင်းရဲမွဲတေဆုံး၊ စရိုက်ကြမ်းတမ်းသော စစ်အုပ်ချုပ်သည့် ဇိုင်ယာနိုင်ငံသို့ ရောက်သွားပြီး အမိမြန်မာနိုင်ငံအတွက် စိတ်အားတက်မိသည်။ (၁၉၉၃ ခု မှ ၁၉၉၅ နှစ်တွင်ဖြစ်သည်)။ 

သာသနာပြုဆေးရုံတွင် လူနာကို ခေတ်မှီဆေးဖြင့်ကုစားသည်ထက် စိတ်၊ဝိညာဉ် မြင့်ကုစားခြင်းက ပိုမိုအောင်မြင်ကြောင်း၊ အတူရှိနေသော ခရစ်ယန်ဘုန်းတော်ကြီးများ အရေးပါမှုကို လက်တွေ့သိရသည်။ (၃၅)နှစ်လုံး သာသနာပြု၊ ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာဒင် ပင်လျှင် စာတန်၏တိုက်ခိုက်မှုများစွာ ခံရသည်။ လူတို့၏ ကဲ့ရဲ့ပြစ်တင်၊ ထိုးနှက်ခြင်းကို ခံကြရသောအခါ ကျွန်ုပ်တို့ စေ့စေ့ကြည့်နေရမည့်သူမှာ ခရစ်တော်ပင်ဖြစ်ပါ၏။ ထိုသခင်ကဲ့သို့ ရှက်ကြောက်စရာ ကောင်းသောအရာကို မမှုဘဲ (ဟေဗြဲ ၁၂း၂) အထက်တော်မှ ခေါ်တော်မူခြင်းနှင့် ဆိုင်သောဆုကို ရခြင်းငှာ ပန်းတုံးတိုင်သို့ ပြေးကြပါစို့ (ဖိ ၃း၁၄)။ 

နောက်ဆုံး စစ်အာဏာရှင်ကြီးမိုဘူတူ အစိုးရအား ပြည်နယ်များမှ ဝိုင်းဝန်းတိုက်ခိုက်သော ပြည်တွင်းစစ်ဖြင့် ဖြုတ်ချလိုက်သည်။ စစ်အာဏာရှင် စစ်ဗိုလ်ချုပ်ကြီး သေဆုံးသွားရှာသည်။ တိုက်ခိုက်အနိုင်ရသော အစိုးရလည်း ကောင်းမလိုနှင့် မထူးမခြားပါ။ တော်လှန်ရေးစစ်ဗိုလ်နှင့်တပ်များ ဆေးရုံတွင် သောက်စား၊ ရမ်းကား၊ သေနပ်ဖောက်ပြီး သာသနာပြုများကို ရန်လို၊တိုက်ခိုက်ချိန်၊ အားလုံး ကြောက်ရွံ့၊ နှုတ်ဆိတ်၊ ပြောသမျှခံနေရချိန်တွင် ဗီယက်နမ်စစ်တွင်း နှစ်များစွာ၊ သာသာနာပြုခဲ့သော ဂျာမန်ဘုန်းတော်ကြီး၏ ရဲရင့်စွာပြန်ချေပစကားနှင့် တည်ငြိမ်မှုမှာ အံ့သြဘွယ်ဖြစ်သည်။ ပြည်သူများ ဆင်းရဲဆဲဖြစ်သည်။ ခရစ်တော်ဘုရား၏ ချစ်ခြင်းမေတ္တာသည် အာဖရိက ပြည်သူတို့၏ နှလုံးသားများတွင် အမြစ်တွယ်လာမှသာ ငြိမ်းချမ်းသာယာ ဝပြောနိုင်ကြပါမည်။ ထိုသို့ဖြစ်ရန် နောက်ထပ် အနှစ်(၅၀) စောင့်ရမည်ဟု ဆိုနေပါသည်။ ဒေါက်တာ ဒင်ဖောင်တိန် တက္ကသိုလ်ကျောင်းသားဘဝက Wall Street Journal မဂ္ဂဇင်ကြီးက အနာဂါတ် အလားအလာအကောင်းဆုံးလူငယ်အဖြစ် ရွေးခံရဖူးသည်။ အလားတူ အမေရိကန်သမ္မတဖြစ်လာသော နစ်ဆင်၊ ကနေဒီ တို့လည်း အလားအလာရှိသော လူငယ်အဖြစ် အရွေးခံရဖူးသည်။ ဒင်ဖေါင်တိန် ကတော့ ခရစ်တော်ရဲ့ အစေခံဘဝကို ရွေးချယ်ပြီး အာဖရိက တောရွာလေးတစ်ခု၌ မိမိဘဝကို မြှပ်နှံခဲ့ပါသည်။ 

ဒေါက်တာဖေမြတ်ဝင်း တို့၏ သာသနာပြုအဖွဲ့သည် သေဘေး၊ စွပ်စွဲမှုများ၊ လုယက်မှုများ၊ ထောင်ချမှုများမှ ကြံကြံခံ၊ လွတ်မြောက်ခဲ့ခြင်းသည် ဘုရားသခင် ကျေးဇူးတော်ဖြစ်သည်။ အိုး.. အကျွန်ုပ် ဘုရားသခင် ထာဝရဘုရား ကျေးဇူးတော်ကို အစဉ်မပြတ် အမြဲချီးမွှမ်းပါမည် (ဆာ ၃၀း ၁၁-၁၂)။ 

ဝိညာဉ်ရေးခွန်အားယူရန် အလွန်ကောင်းသော အပိုင်း(၂) ကို ဒေါင်းလုပ်ဖတ်နိုင်ပါသည်။ အံ့သြဘွယ် ကမ္ဘာ့အဆင့် မြန်မာ့သာသနာပြုတစ်ဦး အာဖရိက (၁၂)နှစ်တာ အံ့သြဘွယ် ဝိညာဉ်ခရီးမှတ်တမ်း အခန်း (၁-၇)အထိ တင်ပြလိုပါသည်။

အစ-အဆုံး စာအုပ် အပိုင်းခန်းပေါင်း၄၀ စာအုပ်ကို မှာကြားလိုသူများ ဒေါက်တာဖေမြတ်ဝင်းထံ ဆက်သွယ်ပါရန်။ ဖုန်း - +၉၅ ၉၅၀၂၈၈၅၈

http://www.mediafire.com/view/35fvpumwwsoirji/dr.pemyat.win2.pdf (9.3MB)
http://www.mediafire.com/view/g2i5vuzvcg11nic/dr.pemyat.win3.pdf (8.9MB)

 

Footer Monthly Articles & Web.Blogs

 

ဝိညာဉ်ရေးဆိုင်ရာလစဉ်ရွေးချယ်ထားသောမုရန်ဆောင်းပါးအချို့

 


Our Friendly Web & Blogs Links
jbcs.org.sg/main
woorank.com/en/www/sawpatrick.net
moemaka.com/2012/06/guest-writer-ပြည်သူတို့လိုချင်နေတ
spiritlessons.com/languages/index.htm
thawthikho.blogspot.com/2010/02/blog-post_9931.html
mahnkoko.blogspot.com.au
divinerevelations.info/languages/index.htm
mcathailand.com
myanmarinsingapore.com
karenfamily.org/profiles/blogs/links-1
zomimessenger.com/2012/09/column-music-column-extra-links-holy.html
streamoflife99.com/articles/jesus18yrsproblem.html
tudoenkung.wordpress.com/online-bibles
burmesebible.com/links.htm
jinghpawtingsan.blogspot.com/2011/04/morphvox-junior-voice-changer.html
sawkyawoo.com/2011/10/website_21.html
bethelkhrihfabu.net/nitin-bible-relnak.html
immanuelmyanmarchurch.com/apps/blog
mahnkoko.blogspot.com.au/2012/06/blog-post_10.html
kc-nl.blogspot.in/2011/09/2011-ning-ladaw-kcnl-nawku-hpung-wai.html
laaituibaptistchurch.com
mahnkoko.blogspot.com/2012/07/normal-0-false-false-false-en-au-x-none.html
mcflondon.com
dawnathar.blogspot.com/2010/11/blog-post_8330.html
imcwheaton.org
kc-nl.blogspot.com/2012/05/atrocities-in-kachin-land.html
kokomaunguk.blogspot.co.uk/2012/01/blog-post_21.html
sawpatrick.net
shinthan.com
bangkokchristchurch.net
batupuei.webs.com
burmesebible2008.blogspot.com/2009/10/typhoon-in-philippines.html
globalmcf.ning.com
intouchcnet.com
karanilan.webs.com/apps/videos/videos/show/5464117
kokomaunguk.blogspot.com.au/2012/06/blog-post_09.html
kokomaunguk.blogspot.sg/2012/08/blog-post_8666.html
mcctulsa.com
mgchit.blogspot.in/2012/08/blog-post_18.html
mmwebgallery.com
nlbcusa.wordpress.com
sawchit.blog.com/2011/06/12/ကျီးတို့အလယ်မှ-ဒေါင်း
sawchitthu.blogspot.com/2012/03/software-license-version.html
simonkamta.blogspot.com/p/mp3-download_16.html

swecanaan.blogspot.com/2012/09/andriod-phone-program.html
thelordword.com
tkbc-japan.net
bangkokchristchurch.net

haineni.ning.com
bangkokchristchurch.net
globalmcf.ning.com/
thawthikho.blogspot.com
orangeask.com
miccfortwayneusa.blogspot.com
mcflondon.com
kokomaunguk.blogspot.com

mission-one.co.cc                   
chanlinnay.mandalaybloggers.org

thespiritfruit.com
mg-m.blogspot.com  ကျမ်းစာလေ့လာနည်းများ
mcbc4u.blogspot.com မုရန်ဆောင်းပါးအချို့.
www.myatmingalar.com/ မြတ်မင်္ဂလာဒေသနာများ
myanmar-odb.org နေ့စဉ်ခွန်အား(မြန်မာ)

Ref:

http://www.alexa.com

Facebook Twiter Google Buttons

ရယ်ရွှင်ဘွယ်ရာ (Random Selection)







ညီညီမြန်မာ
http://www.nyinyimyanmar.co.cc မှတဆင့်ဖေါ်ပြသည်။


 

ဗဟုသုတဆောင်းပါး (Random Selection)


နှုတ်ကပတ်တော် ဟောကြားချက်များကို ပြန်လည်ရေးသား တင်ပြခြင်းလုပ်ငန်းအတွက် မုရန်မဂ္ဂဇင်းနှင့်နီးစပ်သော၊ Media Gospel လုပ်နိုင်သည့်အသင်းတော်များမှာ နည်းပါးလှပါသည်။ ထိုအနည်းငယ်မျှသော ဓမ္မဆရာနှင့်သင်းအုပ်များ၏ ဟောကြားချက်များကို မုရန်မှပြန်လည်စုစည်းတင်ပြပါသည်။ အလွန်များပြားလှသော ဘုရားအမှုတော်ဆောင်နေကြသည့် မြန်မာနိုင်ငံတဝှမ်း၊ တောင်တောင်၊ ကျေးရွာများမှ ဓမ္မဆရာ၊သင်းအုပ်များကို အထူးလေးစား၊ ကျေးဇူးတင်ကြောင်း၊ ဘုရားသခင်ကောင်းကြီးမင်္ဂလာများ ဆထက်ထမ်းပိုး သွန်းလောင်းစေရန် ဆုတောင်းပါသည်။ ၄င်းတို့ ဟောကြားချက်များကိုလည်း တင်ပြလိုပါသဖြင့်၊ မိမိတို့ခွန်အားရသည့် တရားဟောချက်များကို ဆရာအမည်၊ ဟောသောဒေသ၊အချိန်များပါ မှတ်မိသလောက်ရေးသားပေးပို့ပါက အထူးကျေးဇူးတင်ပါသည်။ အောက်ပါ ဝက်ဆိုဒ်တွင် တင်ပြပါမည်။  


http://murann.com/sermons.htm


မိတ်ဆွေများစွာသည် အင်တာနက် Youtube တွင် တင်ခဲ့ပါသည်။ ကျေးဇူးတင်ပါသည်။ ထိုတင်ပြ သက်သေခံချက်များမှ အချို့ကို မြန်မာနိုင်ငံနှင့်တကမ္ဘာလုံးရှိ မြန်မာများအတွက် မုရန်မှ တတ်နိုင်သရွေ့ ရေးသား တင်ပြပေးပါသည်။ ပိုမိုထိရောက်သည်မှာ Market Place Evangelist များ ရောက်သည့်နေရာတွင် မိမိမိုဘိုင်းဖုန်းဖြင့် ထိုသက်သေခံချက်များကို ရုပ်သံ၊ ဖွင့်ပြ၊ ဝေငှနိုင်ပါသည်။ သင်တွင်ရှိသော သက်သေခံချက်များ၊ အထူးသဖြင့်  ဒေါင်းလုပ်ပြီး  ဗွီဒီယိုများကို CD များကို ပို့ပေးပါက မုရန်မှ ဝမ်းမြောက်လှပါသည်။ မြန်မာနိုင်ငံအနှံပြားရှိ ခရစ်တော်ကို ဆာငတ်သူများအား ဧဝံဂေလိ သတင်းကောင်း ဗွီဒီယိုဆလိုက်ထိုး ပြသနိုင်ပါသည်။

အောက်ဖေါ်ပြပါ Mini-Projector (aaxa) သည် ဒေါ်လာ၃၀၀ (ကျပ်၃သိန်း) ခန့်တန်ဖိုးရှိပြီး၊ မုရန်အဖွဲ့ဖြင့် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသ၊ ဆင်းရဲမွဲတေသူ မြန်မာနိုင်ငံသားများအား နွေရာသီအချိန် လိုက်လံပြသခဲ့ပါသည်။ တစ်လတာ လျှပ်စစ်မီးမရှိသော ကျေးရွာများတွင် လိုက်လံပြသရာ၊ ဆင်းရဲသော်လည်း ရိုးသား၊ဖော်ရွေသည့် ကျေးလက်လူထုနှင့်အာဏာပိုင်များမှ ညပိုင်းဖြေဖျော်မှုအဖြစ် ဝမ်းမြောက်စွာ ကြိုဆိုကြပါသည်။ အင်တာနက် မိုဘိုင်းဖြင့် ဗွီဒီယိုများကို အဆိုပါ Mini-Projector ဖြင့် ဆက်သွယ်ပြသပေးပါသည်။ ကမ္ဘာခေတ်စားနေသော Youtube, Facebook များကို ဆင်းရဲသားများအား မိတ်ဆက်ပြသရင်း၊ ခရစ်တော်နှင့်မိတ်ဆက်ပေးနိုင်ပါသည်။

ထို Market Place Evangelist များကို အနည်းဆုံး VCD များ Thumb Drive တွင်ထည့်ပြီး လက်ဆောင်ပေးနိုင်ပါသည်။ မြန်မာပြည် ဆင်းရဲသော ကျေးလက်၊ မြို့ပြဒေသများ ညအချိန်တွင် ဗွီဒီယိုကြည့်ရှုခြင်းဖြင့် အချိန်ကုန်စေပါသည်။ ချစ်သော မိတ်ဆွေ၏ ဒေါင်းလုပ်ပေးမည့် ၅မိနစ် ဗွီဒီယိုများ၊ ယေရှုကောင်းမြတ်ကြောင်း တရားဒေသနာဗွီဒီယို၊ အော်ဒီယိုများကို မြန်မာပြည်လူထုအနှံ့ လိုက်လံဖွင့်ပြသပေးလိုပါသည်။ မိမိရိုက်ထားတဲ့ ဗွီဒီယိုများ၊ သူများအင်တာနက်မှာ တင်ထားတဲ့ ဗွီဒီယိုများကို CD တခုမှာ ထည့်ပြီး မုရန်သို့ စာတိုက်မှ ပို့ပေးကူညီစေလိုပါတယ်။

ငါတို့သခင်ယေရှုခရစ်ကို အမှန်ချစ်သောသူ အပေါင်းတို့၌ ကျေးဇူးတော်ရှိစေသတည်း။ ဧဖက် ၆း၂၄



Need Your Help, ကူညီပို့ပေးပါရန်လိပ်စာ

Murann (ဆရာအောင်နိုင်)
Blk 669A  #02-86  Jurong West St 64
Singapore 641669  Tel: +65 8282 2795


6 minutes - youtube presentation about Mobile Movie - Jesus Love

http://www.youtube.com/watch?v=gjPL6unBcZo&feature=youtu.be 

ချီးမွမ်းတေးသီချင်းနှင့်ကဗျာများ (random hymn No.1)

Give Thanks

[Give thanks with a grateful heart,
Give thanks to the Holy One.
Give thanks because He’s hiven,
Jesus Christ His Son.]  (repeat)

[And now let the weak say I am strong.
Let the poor say I am rich,
because of what the Lord has done for us. ] (repeat)
Give thanks

 

ချီးမွမ်းတေးသီချင်းနှင့်ကဗျာများ (random hymn No.2)



သီချင်းသံ ကြားရပါမည်

လောကကြီးကိုသင်ဟာ မတော်တဆ
ရောက်လာတာမဟုတ်ပါ

Read more... Link  

ချီးမွမ်းတေးသီချင်းနှင့်ကဗျာများ (random hymn No.3)

ကျွန်ုပ်၏ ခွန်အား ကျွန်ုပ်၏ဘဏ္ဍာ
ကျွန်ုပ် ကိုးစားရာ
ကျွန်ုပ်၏ အလင်း ကျွန်ုပ် ၏ သီချင်း
ကျွန်ုပ်ချီးမွမ်းရာ
ကိုယ်တော် တစ်ပါးတည်း . . .

ခက်ခဲသောအချိန်ခါ ထွက်မြောက်ရာ တံခါး
ယေရှု တစ်ပါးတည်းသာ
ကျွန်ုပ်ြေ<ွကးကြော်ခြင်း ကျွန်ုပ်ကခုန်ခြင်း
အကြောင်းရင်းတစ်ခုသာ
ကိုယ်တော် တစ်ပါးတည်း . .
ကိုယ်တော် တစ်ပါးတည်း . . . သာ

ငါပိတ်သော တံခါးကို ဘယ်သူမှ မဖွင့်နိုင်
ငါဖွင့်သောတံခါး ကို ဘယ်သူမှ မပိတ်နိုင်
ကိုယ်တော့်ရဲ့ ရှေ့မှာ ကာဆီးနိုင်တာ
တစ်ခုမှ တစ်ခုမှ မရှိပါ . .

ကိုယ်တော်သာ ကျွန်ုပ်ဘက်ရှိရင်
ဘယ်အရာကိုမှ မကြောက်ပါ . .
ကိုယ်တော်သာ ကျွန်ုပ်ဘက်ရှိရင်
ရန်သူ ကိုလည်း မကြောက်ပါ . .
ကိုယ်တော်သာ အနားနားရှိရင် အရာရာ အားလုံး ပြည့်စုံ . .






KoTawTaParTee.ppt