တစ်နှစ်မှာ နေ့ရက်ပေါင်း ၃၆၅ ရက် (၃၆၆ရက်) ရှိပြီး၊ တစ်ရက်စီမှာ ၂၄ နာရီ ရှိတယ်ဆိုတာ ခင်ဗျားတို့အားလုံး သိပြီးသားပါ။ ၂၄ နာရီစီ ရှိတဲ့ နေ့ရက် တစ်ရက်စီတိုင်းမှာ ၁၂ နာရီဟာ အလုပ်လုပ်လို့ မရတဲ့ (အဆင်မပြေတဲ့) ‘ည’ ဖြစ်နေပါတယ်။ ဒါကြောင့် တစ်နှစ်မှာ အလုပ်လုပ်လို့ရတဲ့ အချိန်က ရက်ပေါင်း (365/2=182.5) ၁၈၂ ရက်ခွဲ ဘဲ ရှိပါတယ်။ အဲဒီလို ၁၈၂ရက်ခွဲ (၁၈၃ ရက်) ထဲမှာ နိုင်ငံတကာ အလုပ်နားရက်ဖြစ်တဲ့ တနင်္ဂနွေနေ့က ၅၂ ရက် ပါနေပြန်တယ်။
နိုင်ငံတကာ အလုပ်နားရက် တနင်္ဂနွေနေ့တွေ အားလုံးကို နှုတ်လိုက်ရင် (183-52=131) အလုပ်လုပ်ရမဲ့ ရက်က ၁၃၁ ရက်ဘဲ ကျန်ပါတော့တယ်။ အဲဒီ ရက်ပေါင်း ၁၃၁ ရက်ထဲကမှ နောက်ထပ် အလုပ်နားရက်ဖြစ်တဲ့ စနေနေ့ပေါင်း ၅၂ ရက်ကို ထပ်နှုတ်လိုက်ရင် (131-52=79) အလုပ်လုပ်ရမဲ့ ရက်ပေါင်းက တစ်နှစ်ပါတ်လုံးမှာ ၇၉ ရက်ဘဲ ကျန်ပါတော့တယ်။
နေ့ရက် တစ်ရက်စီမှာ ပျမ်းမျှအားဖြင့် လူတိုင်းလိုလိုဟာ အာဟာရဖြည့် စားဖို့၊ သောက်ဖို့အတွက် (မနက်စာ၊ နေ့လည်စာ၊ ညနေစာ၊ ညလယ်စာ) အနည်းဆုံး ၃နာရီတော့ ကြာတတ်ပါတယ်၊ လူတိုင်း မလုပ်မနေ လုပ်ရမဲ့ ကျန်းမာရေး အတွက် ကိုယ်လက်သန့်စင်၊ သွားတိုက်၊ မျက်နှာသစ်၊ ရေမိုးချိုး၊ အပေါ့ အလေးသွား၊ အညစ်အကြေးစွန့် တာကလဲ ပျမ်းမျှ တစ်နာရီ ကြာတယ်ဘဲ ထားလိုက်ပါ။ အစာစား၊ အညစ်အကြေးစွန့်၊ ရေချိုး တာတွေ အားလုံး (တစ်နေ့ကို ပျမ်းမျှ ၄နာရီ ) အတွက် တစ်နှစ်မှာ ရက်ပေါင်း ၆၀ ကြာသွားပါတယ်၊ (4*365=1460), (1460/24=60.8)
အဲဒါဆိုရင် ခင်ဗျား အလုပ်လုပ်ရမဲ့ အချိန်က ၁၉ ရက်ဘဲ (79-60=19) ကျန်ပါတော့တယ်။ ကုမ္ပဏီ သူဌေး တော်တော် များများက အလုပ်သမားတိုင်းကို တစ်နှစ်မှာ တရားဝင် ခွင့်ရက် ၁၄ ရက် အနားယူခွင့် ပေးထားတာမို့ ခွင့်ရက် ၁၄ရက်ကို နှုတ်လိုက်ရင် (19-14=5) ခင်ဗျား အလုပ်လုပ်ရမဲ့ အလုပ်ချိန်က တစ်နှစ်စာလုံးမှာ ၅ရက်ဘဲ ကျန်ပါတော့တယ်။ အဲဒီ ကျန်တဲ့ ၅ရက် ထဲကမှ ခင်ဗျားက နှာစေး တာတို့ ချောင်းဆိုး တာတို့၊ ချစ်သူ၊ မိတ်ဆွေတွေနဲ့ တွေ့ဖို့ သာရေး၊ နာရေးအတွက် အရေးပေါ်ခွင့် တင်တတ်တာတို့ တွေကြောင့် အဲဒီ အရေးပေါ်ခွင့်တွေကို ၄ရက် အသုံးပြုတယ်လို့ မှတ်လိုက်ရင် ခင်ဗျားမှာ တကယ့် တကယ် အလုပ်လုပ်ရမဲ့ ရက်က တစ်နှစ်ပါတ်လုံးထဲမှာ တစ်ရက်ဘဲ ကျန်ပါတော့တယ်၊ (5-4=1)
အဲဒီလို နောက်ဆုံး အလုပ်လုပ်ဖို့ ကျန်တဲ့ တစ်ရက် ကလဲ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (မေဒေးနေ့) ဖြစ်နေလို့ ခင်ဗျား အလုပ် သွားလုပ်စရာ မလိုဘူးလေ။
အဲဒါနဲ့များဗျာ၊ ခင်ဗျားက ဘာဖြစ်လို့ အလုပ် သိပ်ပင်ပန်းတာဘဲ (အလုပ် သိပ်များတာဘဲ) လို့ ခနခန၊ တဖွဖွ ပြောနေရ သေးတာလဲ။ ။
မင်းအောင်သက်လွင်
(ယခုနေ့ရက် ကာလတို့သည် ဆိုးယုတ်သောကြောင့် ကာလ အချိန်ကို ရွေးနှုတ်ကြလော့)
(ဝန်ခံချက်။ ။ အလုပ် သိပ်များတတ်တဲ့ သူတွေ အားလုံးအတွက် Tired of working? အား ဆီလျော် အောင် မြန်မာဘာသာ ပြန်ဆိုထားခြင်း ဖြစ်ပါသည်။ တွက်ချက်မှုများ အသေးစိတ် မမှန်ကန်ပါ။ စာဖတ်သူများ စိတ်အပန်းဖြေရန်အတွက်သာ အပျော်သက်သက်ရေးသားထားခြင်းဖြစ်ပါသည်။)

အလုပ်သိပ်ပင်ပန်းနေလား(အလုပ်သိပ်များနေလား)






