
ကျွန်တော် မင်္ဂလာဆောင်တော့မယ်ဆိုတဲ့ သတင်းစကားက ကျွန်တော့်ကို သိတဲ့ အသိုင်း အဝိုင်း ကြားမှာ ဟိုးလေး တကျော် ဖြစ်သွားပါတယ်။။ အသက်သုံးဆယ်ကျော်အထိ လူပျိုကြီး ဘဝနဲ့ နေလာပြီးကာမှ အခုမှ ကောက်ကာငင်ကာ မင်္ဂလာဆောင်တော့မယ်ဆိုတော့၊ ဘယ်သူ နဲ့လဲ။ ဘယ်တော့လဲ။ ဘယ်မှာလဲ။ ဘယ်လောက် အကုန်ခံမှာလဲ။ ဆိုတဲ့ လဲ ပေါင်းများစွာ ပါဝင်တဲ့ မေးခွန်းပေါင်းစုံကို လူပေါင်းစုံက ကျွန်တော့်ကို ဖုန်းနဲ့ တစ်မျိုး။ လူကိုယ်တိုင် တသွယ်။ လူကြုံနဲ့ တနည်း၊ နားညည်းလောက်အောင် မေးနေတော့တာမို့ ကျွန်တော့မှာ လူတွေ့တိုင်း လန့်နေမိပါတယ်။
ခင်မင်ရင်းနှီးလွန်းတဲ့ သူတွေက နောက်ပြောင် ပြောဆိုတတ်သလို။ မျက်မှန်း တန်းရုံ လောက်ဘဲ သိတဲ့ သူတွေကတော့ အခင်အမင်မပျက်အောင် အားနာပါးနာ မေးတတ် ကြပါတယ်။။ ပထမတော့ ကျွန်တော်လဲ စိတ်လို လက်ရ ဖြေခဲ့ပေမဲ့ မေးဖန်များ၊ ပြောဖန် များလာတော့ နဂိုကတည်းက မရှည်တဲ့ စိတ်က ခပ်တိုတိုနဲ့မို့ အရွဲ့တိုက်ပြီး ပေါက်ကရ ပြန်ပြောလိုက်တာမျိုးလဲ ရှိပါတယ်။။ တစ်ချို့ကလဲ မင်းတွဲခဲ့တဲ့ မိန်းကလေးတွေက များလွန်းတော့ ဒီတစ်ခါ ဘယ်သူနဲ့ မင်္ဂလာဆောင်မှာလဲတဲ့။ ကျွန်တော် ကိုယ်တိုင်ကလဲ ရည်းစားများများ ထားခဲ့ဖူးတဲ့ လူရှုပ်လူပွေ တစ်ယောက်မို့ သူတို့ မေးတာ မလွန်ပါဘူး။။ အဲဒီမေးခွန်းကို ဖြေရမယ်ဆိုရင်တော့ ကျွန်တော် တကယ် လက်ထပ်ဖို့ ဆုံးဖြတ်ထားတဲ့ ကျွန်တော့်ရဲ့ ဘဝအဖော်မွန်ကတော့ လွန်ခဲ့တဲ့ ၁၅ နှစ်လောက် ကတည်းက ကျွန်တော့်နဲ့ မေတ္တာမျှ ခဲ့ဖူးတဲ့ ကျွန်တော့်ရဲ့ ချစ်ဦးသူ ပါဘဲ။ လူတော်တော်များများကတော့ ကျွန်တော် ရည်းစားမျာြး့ပီး ရှုပ်ပွေတာကို အပြစ်တင် ကြပါတယ်။။ ကျမ်းစာထဲမှာတောင် သင်တို့ကို မမှန်ဘဲလျှက် အပြစ်တကာ တင်ရင် သည်းခံပါ။ ရန်တုန့် မပြန်ပါနဲ့လို့ ဆိုထားပါတယ်။ မမှန်ဘဲ အပြစ်တင်ရင်တောင် သည်းခံရမှာ အခုဟာက သွေးထွက်အောင် မှန်နေ တော့ ပိုပြီးတော့တောင် သည်းခံရမှာပေါ့ဗျာ။ အစကတော့ ကျွန်တော် သူတို့ကို စိတ်ဆိုးမိပါတယ်။ နောက်တော့ အခုလို လူတွေက လာပြီး ဝေဖန်အပြစ်တင်တာကို သည်းခံပြီး အလှဆုံး ပြန်ပြုံးပြနိုင်ဖို့ မှန်ထဲမှာ လှလှလေး ပြုံးနည်းကို တစ်ယောက်တည်း ကြိတ်ပြီး လေ့ကျင့်ထားပါတယ်။
မင်္ဂလာ ဆောင်တယ်ဆိုတာကလဲ ဆေးမင်ရည် စုတ်ထိုး သလိုပါဘဲ။ တစ်သက်မှာ တစ်ခါ၊ မှားရင် ပြန်ပြင်လို့ မရတဲ့ အရာမို့ သေသေချာချာ စဉ်းစား ဆုံးဖြတ်ရပါသေးတယ်။။ နင် မင်္ဂလာဆောင်ရင် ငါတို့ကို ဖိတ်နော်။ ဘယ်နေရာ ရောက်ရောက် နင့်မင်္ဂလာပွဲကို ရောက်အောင် လာခဲ့မယ် ဆိုတဲ့ ရင်းနှီိးလွန်းသူတွေရဲ့ စကားကြောင့် ကျွန်တော့်ရဲ့ မင်္ဂလာပွဲမှာ တစ်ယောက်မှ မကျန်ရလေအောင် စေ့စေ့စပ်စပ် စာရင်းပြုစုရပါသေးတယ်။။
တစ်ခါမှာ မကြုံဖူးသေးတဲ့ အတွေ့အကြုံမို့ ကျွန်တော် ရင်ခုန်ချင်သလိုလို၊ ကြောက်သလိုလို၊ ရှက်သလိုလို ခံစားရတာကို မရှက်တမ်း ဝန်ခံပါရစေ။ တစ်ခါတစ်လေ လမ်းကြုံလို့ ဈေးဘက်ကု လမ်းလျှောက်ထွက်ခဲ့မိရင် မင်္ဂလာဆောင်မှာ ဝတ်ရမဲ့ အဝတ်အစားတွေကို ဟိုဟာ ဝယ်ရကောင်းနိုး၊ ဒီဟာ ဝယ်ရကောင်းနိုးနဲ့ တစေ့တစောင်း အကဲခတ်မိပါသေးတယ်။ ပထမတော့ မြန်မာလူမျိုးပီပီ တိုင်းရင်းသား ဝတ်စုံဝတ်ဖို့ စဉ်းစားမိပေမဲ့ အဲဒါကြီး ဝတ်လိုက်မိကာမှ ကျွန်တော့် ရုပ်က မင်းသားရုပ် မပေါက်ဘဲ လူပြက်ရုပ် ပေါက်နေမှာမို့ အစီအစဉ် ဖျက်လိုက် ရပါတယ်။ သူများတွေ မင်္ဂလာဆောင်သလို ဘိုလို ဝတ်ရကောင်းမလားလို့ စဉ်းစားမိသေးတယ်။ အင်း ဘို ဝတ်စုံ ကလဲ ချုပ်ပြီးသား ရယ်ဒီမိတ် ဝယ်ဝတ် ရလောက်အောင် ကျွန်တော်ကလဲ လခ ကောင်းတာမဟုတ်။ တလော ကတော့ လမ်းဘေးမှာ ချုပ်တဲ့ မင်္ဂလာဆောင် ဝတ်စုံကို ဈေးမေးကြည့်တော့ တစ်လခ စာလောက်ရှိတယ်။
အင်း စင်ကာပူ ရောက်တုံးရောက်ခိုက် သူများတွေလို ငါတို့ကနိုင်ငံခြားမှာ မင်္ဂလာဆောင်ခဲ့တာ လို့ ပြောစမှတ်ဖြစ်ပြီး ကြွားလို့ ဝါလို့ရအောင် စင်ကာပူက ကြုံရာ ဘုရားကျောင်း တစ်ကျောင်းကျောင်းမှာ ဆောင်ရင် ကောင်းမလား။ လူအထင်ကြီးအောင် ဖိတ်စာထဲမှာ လက်ရှိ ကိုယ်လုပ်နေတဲ့ ကုမ္ပဏီ လိပ်စာ နဲ့ နာမည်ကို စာလုံး အကြီးကြီးနဲ့ ကွန်ပျူတာ ရိုက်ရင် ကောင်းမလား။ မြန်မာပြည်က နှစ်ဘက်သော မိဘတွေကို ခေါ်ပြီး မင်္ဂလာဆောင်ရင် ကောင်းမလား။ မင်္ဂလာဆောင်ပြီးရင် နီးနီး နားနား မလေးရှားတို့၊ အင်ဒိုနီးရှားတို့မှာ ပျားရည်ဆမ်း ထွက်ရင်ကောင်းမလား။ ဆွေစုံ မျိုးစုံနဲ့ စရိတ်စက သက်သာအောင် ရွာမှာ ပြန်ဆောင်ရင် ကောင်းမလား ဆိုပြီး တစ်ယောက်တည်း ကောင်းမလား ပေါင်းစုံနဲ့ စိတ်ကူးယဉ်လိုက်၊ အိမ်မက် မက်လိုက်နဲ့ ရိုးတိုးရွတ ဖြစ်ခဲ့ဖူးပါတယ်။ ကိုယ့်ထက် အတွေ့အကြုံရှိတဲ့ မင်္ဂလာဆောင်ပြီးသား သူတွေကို မင်္ဂလာဆောင်ရင် ဘာတွေ လိုအပ်သလဲ လို့ မေးစမ်းချင်ပေမဲ့ ကွယ်ရာမှာ ငါ့အတင်းပြောပြီး ဝိုင်းဟားတိုက်ကြလေမလား။ အထင်သေးတဲ့ မျက်လုံးနဲ့ ကြည့်လေ မလား။ လူပေါလူကြောင်လို့ ဝေဖန်လေမလား။ ဆိုတဲ့ အတွေးပေါင်းစုံကို တွေးခဲ့မိတာမို့ မေးချင်စိတ်ကို မြိုသိပ်ခဲ့တာ ကြာခဲ့ပါပြီ။
တကယ်တော့ ကျွန်တော်ဟာ နိုင်ငံကျော် အနုပညာရှင်တစ်ယောက် မဟုတ်သလို ကမ္ဘာကျော် အားကစားသမားလဲ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကျွန်တော့်ကို သိတဲ့ သူက လက်တစ်ဆုပ် စာလောက်တောင် မရှိပါဘူး။ လူသိနည်းပေမဲ့ သိတဲ့ သူတွေရဲ့ စပ်စုလိုစိတ် ဝဲဂယက်ထဲမှာ ကျွန်တော်ဟာ ကောက်ရိုးမျှင်လေး တစ်မျှင်လိုပါဘဲ။ အဲဒီလို မင်္ဂလာပွဲအတွက် ပြင်ဆင်ရင်း စိတ်ကူးယဉ်နေတုံးမှာဘဲ ကျွန်တော်နဲ့ မင်္ဂလာဆောင်ရမဲ့ ချစ်သူ ဆီက သတင်းစကား တစ်ခု ရလိုက်ပါတယ်။ ချစ်သူက အဲဒီ မင်္ဂလာဆောင်ပွဲကို လူတိုင်း မပျက်မကွက် တက်ရောက်ဖို့ ကျွန်တော့်ကို လူတိုင်းစေ့ လိုက်ဖိတ်ခိုင်းပါတယ်။ စာဖတ်သူ မိတ်ဆွေကို လဲ ကျွန်တော့်ရဲ့ မင်္ဂလာပွဲကို လာခဲ့ဖို့ ဖိတ်ကြားလိုက်ပါတယ်။ လာမယ် မဟုတ်လားဟင်။ မင်္ဂလာပွဲကို လာခဲ့ရင် လက်ဖွဲ့ ပစ္စည်းတွေ ယူလာစရာ မလိုပါဘူး။
နောက်တစ်ခု မှာချင်တာက အဲဒီ မင်္ဂလာပွဲမှာ ကျွန်တော်က သတို့သား မဟုတ်ဘဲ သတို့သမီး အဖြစ်နဲ့ ဆင်နွှဲရမှာတဲ့။ ဟိုက် ဘယ့်နှာပါလိမ့်။ ယောင်္ကျားစင်စစ်က သတို့သမီး လုပ်ရမယ်ဆိုတော့ ကျွန်တော် ကြက်သီး နည်းနည်း ထသွားပါတယ်။ ပြီးတော့ မင်္ဂလာပွဲကို စင်ကာပူမှာ လဲ မလုပ်ဘူး။ မြန်မာပြည်မှာ လဲ မလုပ်ဘူး။ ကောင်းကင်ဘုံမှာ ကျင်းပမှာတဲ့ မင်္ဂလာပွဲနာမည်က သိုးသငယ်ရဲ့ မင်္ဂလာပွဲဆိုဘဲ။ သေသေချာချာ မှာလိုက်တဲ့ စကား တစ်ခွန်းကတော့ မင်္ဂလာပွဲကို လာတဲ့ လူတိုင်း ကလဲ ဧည့်ပရိတ်သတ်အဖြစ် မလာဘဲ၊ လူတိုင်း သတို့သမီး အဖြစ် လာတက်ရမယ်တဲ့။ သတို့သမီး ဝတ်စုံကိုလဲ လူတိုင်း ဝတ်ပြီး လာခဲ့ရမှာတဲ့။ သြော် ကျွန်တော်နဲ့ မင်္ဂလာဆောင်မဲ့ ချစ်သူ ရဲ့ နာမည်ကို ပြောပြဖို့ မေ့သွားတယ်။ သူ့နာမည်က ယေရှုခရစ်တော် တဲ့။ ကျွန်တော့်ရဲ့ မင်္ဂလာပွဲ ကို ဆက်ဆက် လာခဲ့နော် ။ မျှော်နေမယ်။
( မင်းအောင်သက်လွင် )

ကျွန်တော်၏လက်ထပ်မင်္ဂလာပွဲ






