မုရန် မဂ္ဂဇင်း

လွတ်လပ်ခြင်းဖြင့် ဘုရားရှင်အား ကိုးကွယ်မည်

Monday, Sep 06th

Last update03:33:41 AM GMT

You are here:: ၀ိညာဉ်ရေးရာ မေတ္တာတန်ခိုး

မေတ္တာတန်ခိုး

E-mail Print PDF

မေတ္တာသည် သေခြင်းနှင့်အမျှ တန်ခိုးကြီးပါ၏။ မလွမ်းသူ (ပဲခူး)

ရှောလမုန် ၈း၆

 

ဂျူးလူမျိုးတွေရဲ့ အသက်တာ (Jewish Family Life) ကိုလေ့လာကြည့်မယ် ဆိုရင် - သမ္မာကျမ်းစာ ခေတ်တုန်းက ဂျူး အမျိုးသားဖခင်ဟာ - အိမ်ထောင်ဦးစီးဖြစ်ပြီး ဘုရားပေးတာဝန်အဖြစ် ဇနီးနဲ့ သားသမီးတွေကို လုပ်ကျွေးပြုစုရပါတယ်။ မိသားစုနဲ့ အခြားလူတွေရဲ့ ရိုသေလေးစားခြင်းကို ခံရတဲ့သူလည်းဖြစ်ပါတယ်။ အသိုင်းအ၀န်းထဲမှာ - အမျိုးသမီးတွေထက် - ပိုပြီးအရေးကြီးတယ်လို့လဲ ခံယူထားပါတယ်။

ခရီးသွားတဲ့အခါမှာတောင် - အမျိုးသားတွေက - အမျိုးသမီးတွေရဲ့ ရှေ့က ခြေလှမ်းတော်တော်ခွာပြီး သွားကြရပါတယ်။

 မိသားစုထဲမှာ ဖခင်ကွယ်လွန်သွားတဲ့အခါ မိသားစုအမွေနဲပ အမွေအားလုံးကို - သားယောင်္ကျားလေးတွေကသာ ဆက်ခံရပါတယ်။ သားကြီးဖြစ်သူက အိမ်၊မြေ နဲ့ အခြား အမွေပစ္စည်းတွေကို ဝေစု နှစ်ဆရပြန်ပါသေးတယ်။

သူတို့ခေတ်ကာလရဲ့ အနေအထားအရ၊ သား ဆိုတာ အရေးကြီးတာမို့ သားမမွေးတဲ့ ဇနီးကို ယောင်္ကျားက ကွာရှင်းနိုင်ပါတယ်။

မိသားစုမှာ ဖခင်ရဲ့ ဆုံးဖြတ်ချက်က၊ အရေးအကြီးဆုံးဖြစ်ပြီ၊ ဘယ်သူကမှ ငြင်းပိုင်ခွင့်မရှိပါဘူး။ ဖခင် သဘောမရှိဘဲ ခင်ပွန်းက ကွာရှင်းပြက်စဲနိုင်ပါတယ်။ ထောက်ပံ့ကြေးပေးတာတို့၊ ဆက်ပြီးထောက်ပံ့နေရတာတွေလည်း လုပ်ဖို့မလိုပါဘူး။ မိန်မဖြစ်ရတဲ့ ဇနီးသည်ကတော့ ဘာအကြောင်းပြချက်နဲ့မှ ကိုယ့်ယောင်္ကျားကို ကွာရှင်းခွင့်မရှိရှာပါဘူး။ အမျိုးသမီးတွေ ခံစားရရှိနိုင်တဲ့ တစ်ခုတည်းသော အခွင့်အရေးက အိမ်ကထွက်ပြီး အိမ်နီးနားချင်းတွေနဲ့ အတူနေခွင့်ရှိတယ် ဆိုတဲ့ အချက်ပါပဲ။

အိမ်ထောင်မှာ - ဖခင်ဟာ - သားသမီးတွေအတွက် - ဆရာဖြစ်ပါတယ်။ သားယောင်္ကျားတွေအတွက်တော့ အရေပြားလှီးပေးဖို့ - မောရှေရဲ့ ပညတ်ကျမ်းတွေ သင်ပေးဖို့ - အလုပ်သင်ပေးဖို့ နဲ့ မိန်မရှာပေးဖို့ - ဂျူးဥပဒေက သတ်မှတ်ပြီး ပညတ်ထားပါတယ်။

သားသမီးတွေကို မိမိတို့ရဲ့ အမျိုးသားသမိုင်းကြောင်းနဲ့ ပညတ်တော်များရဲ့ အဓိပ္ပါယ်ကိုလည်း သွန်သင်ပေးရပါတယ်။

သားသမီးတွေ အနေနဲ့ကတော့ - မိဘကို ရိုသေလေးစားရမယ်။ မိဘကို ရိုက်နှက်တာ၊ ကျိန်ဆဲတာပြုလုပ်ခဲ့ရင် သေဒဏ်အထိ ကြီးလေးတဲ့ အပြစ်ပေးခြင်း ခံရနိုင်ပါတယ်။

သားက အိမ်ထောင်ပြုမယ်ဆိုရင် - ဖခင်ဦးစီးတဲ့ ကိုယ့်မိသားစုထဲကို ဇနီးသည်ကို ခေါ်လာပြီး အတူနေရပါတယ်။

သမီး မိန်းကလေးတွေ အနေနဲ့ကတော့ - ဇနီးကောင်း၊ မိန်းမကောင်းဖြစ်လာဖို့ သွန်သင်ခြင်းကို အိမ်ထောင်မိသားစုအတွင်းမှာပဲ - ခံယူကြရပါတယ်။

ချက်ပြုတ်ခြင်း၊ အ၀တ်ချုပ်ခြင်း၊ လယ်ယာလုပ်ခြင်းနဲ့ ကလေးထိန်းခြင်း နည်းပညာများကို - တတ်မြောက်အောင် သင်ယူရပါတယ်။ ယောင်္ကျားလေးတွေလို ကျောင်းမှာ စာသင်ယူခွင့်မရှိပါဘူး၊ အရွယ်ရောက်လာတဲ့ သမီးတွေကို မိခင်က တာဝန်ယူ သင်ကြားပေးရသလို၊ သားတွေက ဖခင်ဆီက နည်းခံယူရပါတယ်။

မိခင်ဟာ မိသားစုမှာ ဒုတိယသြဇာရှိတဲ့ နေရာမှာပဲ ရှိပါတယ်။ သားသမီးတွေက မိခင်ကို ဖခင်လိုပဲ ရိုသေလေးစားရပါတယ်။

(ထွက် ၂၀း ၈-၁၇, ၀တ် ၁၉း ၂၉, ၂၀း ၉, တရားဟော ၆း ၆-၇, ၂၁း ၁၅-၂၀, သုတ္တံ ၃၁း ၁၀-၃၁)

ဂျူးလူမျိုးတွေရဲ့ မိသားစုပုံစံကို လေ့လာတဲ့အခါ .... သမ္မာကျမ်းစာခေတ်က .. သူတို့ရဲ့ မိသားစု - နေထိုင်မှုပုံစံကို အထင်အရှား တွေ့ရှိရပါတယ်။ ဓမ္မသစ်ခေတ်ကနေ - ယနေ့ ခေတ်ကာလအထိ ဆက်ပြီး လက်ခံကျင့်သုံးရမဲ့ ကောင်းကွက်တွေရှိသလို၊ လက်ခံကျင့်သုံးလို့ မဖြစ်တော့တဲ့ ဆိုးကွက်တွေလည်း ရှိနေပြန်ပါတယ်။

မိဘက သားသမီးကို - ဘယ်လိုသွန်သင်ညွှန်ပြရမယ်ဆိုတာတွေ သားသမီးက မိဘကို ဘယ်လိုရိုသေလေးစားရမယ်ဆိုတဲ့ အချက်တွေက အလွန်ပဲ ကောင်းလှပါတယ်။

ဒါပေမဲ့ - ခင်ပွန်းနဲ့ ဇနီး --- တစ်သားတစ်ကိုယ်ထဲမဖြစ်ပဲ - အဆင့်ခွဲခြား အာဏာအပ်ထားတဲ့ပုံစံနဲ့ - မိန်ကလေး၊ ယောင်္ကျားလေး - ခံစားခွင့် ၊ ရပိုင်ခွင့်တွေ ခွဲခြားထားတဲ့ ပုံစံတွေကတော့ ၊ ဒီကနေ့ ခေတ်ကာလ အခြေအနေနဲ့ မကိုက်ညီတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

ဒါကြောင့် ခရစ်တော်က ဇနီးမောင်နှံ နှစ်ယောက် "တစ်သား တစ်ကိုယ်တည်း ဖြစ်ခြင်း" ကို သမ္မာကျမ်းစာမှာ သွန်သင်ခဲ့တာ တွေ့ရပါတယ်။

ခေတ်စနစ်တွေ ပြောင်းလဲလာတာနဲ့အမျှ - မကောင်းတာတွေဖယ် - ကောင်းတာတွေ သယ်ဆောင်ဖို့က လူသားတိုင်းရဲ့ တာဝန်ဖြစ်တာမို့ လူသားခြင်း ကိုယ်ချင်းစာတရားနဲ့ - တန်ဖိုးထားတတ်ရမယ် ဆိုတဲ့ အချက်ကို နောင်လာနောင်သားတွေ အတွက် - လက်ဆင့်ကမ်းနိုင်ဖို့ - ဒီကနေ မိဘများဖြစ်တဲ့ ၊ မိခင်-ဖခင် တို့ အချင်းချင်း တန်ဖိုးထား၊ ဂရုပြု၊ ဆက်ဆံတတ်ခြင်းဟာ - အရေးကြီးတဲ့ အချက်ပါပဲ။

မိသားစုမှာ ဖခင်ကသာ အရေးပါအရာရောက်ပြီး ၊ မိခင်က ဖခင်ရဲ့ ထားရာနေ - စေရာသွား - ကုန်ပစ္စည်းတစ်ခုလိုပဲ ဆက်ဆံပြမယ်ဆိုရင်တော့ အိမ်ထောင်မိသားစုမှာ ရှိသင့်တဲ့ မေတ္တာ - အကြင်နာတွေကို မျိုးဆက်သစ်တွေအတွက် - လက်ဆင့်ကမ်းပေးဆောင်နိုင်မှာ - မဟုတ်တော့ပါဘူး။

အိမ်ထောင်ဦးစီးဖြစ်တဲ့ ဖခင်က တရားမျှတစွာ အုပ်ချုပ်ခြင်း၊ ဇနီးသည် မိခင်က လိမ္မာပါးနပ်စွာ ထောက်မခြင်း ရှိမှသာ စစ်မှန်ငြိမ်သက်တဲ့ မိသားစု အိမ်ထောင်တစ်ခုကို တည်ဆောက်နိုင်မှာပါ။

သမ္မာကျမ်းစာခေတ်က - ဂျူးလူမျိုးတွေရဲ့ ဇနီး၊ ခင်ပွန်း ဆက်ဆံရေးပုံစံသာ - ယနေ့ခေတ်မှာ ဆက်သုံးနေဦးမယ် ဆိုရင်တော့ - တရားစွဲခံရမဲ့ ယောင်္ကျားတွေ တော်တော်များမှာပဲ။ ဘာကြောင့်လဲဆိုတော့ အိမ်ထောင်တွင်း အကြမ်းဖက်မှုတွေအတွက် "အမျိုးသမီးများ ခုခံကာကွယ်ပိုင်ခွင့် ဥပဒေ" တွေကိ အမျိုးသမီးတွေဘက်က အခိုင်အမာ မားမားမတ်မတ် ကာကွယ်ပေးထားလို့ပါပဲ။

အိမ်ထောင်မှာ ဇနီးမောင်နှံတို့ဟာ - ဘုရားသခင်ရဲ့ အကြံအစည်တော် ပြည့်စုံဖို့အတွက် အမှုတော်မြတ်မှာ အတူတကွ ပါဝင်ဆပ်ကပ်ဖို့လည်း တာဝန်ရှိကြပါတယ်။ ယနေ့ ခေတ်ကာလ ခင်ပွန်းရော - ဇနီးသည်ပါ အိမ်ထောင်ရဲ့ စားဝတ်နေရေးနဲ့ အိမ်မှုကိစ္စတွေကို - အတူးတကွ လုပ်ဆောင်နေကြရသလို၊ ဘုရားအတွက် အမှုတော် - သာသနာမှာလည်း အတူလက်တွဲ လုပ်ဆောင်နိုင်ရေးဟာ အရေးကြီးလှပါတယ်။

တမန်တော်ဝတ္တု ၊ အခန်းကြီး ၁၈း အငယ် ၁ ကနေ ၃ မှာ "အာကုလ" နဲ့ "ပြစ်ကိလ" တို့ ဇနီးမောင်နှံအကြောင်းက ယုံကြည်သူ ခရစ်ယန်တိုင်းအတွက် စံပြ အတုယူစရာ ဖြစ်ပါတယ်။

သူတို့ ဇနီးမောင်နှံဟာ အစက "ရောမမြို့" မှာ နေကြပေမဲ့ ရောမဘုရင် "ကလောဒိ" မင်းရဲ့ အမိန့်ကြောင့် "ကောရိန္တုမြို့" ကို ပြောင်းရွှေ့နေထိုင်ခဲ့ကြရပါတယ်။ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းဖြစ်တဲ့ "တဲရှင်ချုပ်" တဲ့အလုပ်ကို ဒိုးတူပေါင်းဖက် လုပ်ကြတာပါ။ ရှင်ပေါလုနဲ့ ဆုံတဲ့အခါမှာလည်း လုပ်ငန်းခြင်းတူတော့ အတူတူ နေထိုင်ဖြစ်သွားပါတယ်။ ရှင်ပေါလုက "ဧဖက်မြို့" ကိုသွားပြီး - သာသနာပြုတဲ့အခါ ဇနီးမောင်နှံနှစ်ယောက် စိတ်တူ၊ သဘောတူ လိုက်သွားခဲ့ပါတယ်။ ရှင်ပေါလုနဲ့အတူ သာသနာအလုပ်တွေ ဆက်လက်လုပ်ဆောင်တဲ့အခါမှာလည်း နှစ်ယောက်စလုံး စိတ်သဘော တစ်လုံးတစ်ဝတည်းပါပဲ။

ရှင်ပေါလုက ခရီးဆက်မှာမို့ သူတို့ကို ဧဖက်မြို့မှာ ထားခဲ့ပြီး လုပ်ရမဲ့အလုပ်တွေ မှာကြားခဲ့တောလည်း - ရှင်ပေါလုရဲ့ အစီအစဉ်အတိုင်း နှစ်ယောက်စလုံး လုပ်ဆောင်ပေးခဲ့ကြပါတယ်။ ရှင်ပေါလု သင်ကြားပေးသမျှ သာသနာပြုခြင်း နည်းတွေကို မငြီးမညူ ခံယူခဲ့ကြပါတယ်။

ခရစ်တော်အတွက် - သာသနာအတွက် အသက်ကိုတောင် မနှမျောတဲ့ လင်မယားဖြစ်ကြောင်း - ရောမသြ၀ါဒစာ အခန်းကြီး ၁၆း အငယ် ၃ - ၅ မှာ ရှင်ပေါလုက ပြောပြထားပါသေးတယ်။

ဒါကြောင့် - ခရစ်ယာန်အိမ်ထောင်တွေမှာ ဇနီးမောင်နှံတို့ရဲ့ တစ်ဦးပေါ် တစ်ဦး ထားရှိသင့်တဲ့ မေတ္တာစိတ်ဟာ အင်မတန် နက်ရှိုင်းလှပါတယ်။ ဒီမေတ္တာစိတ်ရှိမှသာ အချင်းချင်း အပြန်အလှန် လေးစားပြီး တစ်ယောက်နဲ့ တစ်ယောက်တန်ဘိုးထားပြီး ရိုသေလေးစားတတ်မှ ဖြစ်မှာပါ။ ဒီလို တန်ဖိုးထား ရိုသေလေးစားဖို့ကလည်း ကြီးမားပြီး စစ်မှန်တဲ့မေတ္တာ မရှိရင် မဖြစ်နိုင်ပြန်ပါဘူး။

"မေတ္တာသည် ခပ်သိမ်းသောအမှုကို ဖုံးအုပ်တတ်၏ -- အပြစ်ရှိသည်ဟု မထင်တတ်" လို့ သမ္မာကျမ်းစာမှာ ဖေါ်ပြထားတဲ့အတိုင်း - တစ်ယောက်နဲ့တစ်ယောက် အပြစ်မမြင်ပဲ - အကောင်းဘက်ကိုသာ မြင်ပေးပြီး - အရာရာကို လုပ်ဆောင်ကြမယ်ဆိုရင် - ပျော်စရာကောင်းတဲ့ မိသားစု ဖြစ်လာမှာ အမှန်ပါပဲ။

သမ္မာကျမ်းစာမှာ - မေတ္တာတရားကြီးမားပြီး တစ်သားတစ်ကိုယ်ထဲ စိတ်ရှိတဲ့ ဇနီးမောင်နှံတွေ အများကြီးရှိပါတယ်။

ဥပမာ - ထာဝရဘုရားက - မောရှေကို သူ့လူမျိုးတော် "အဲဂုတ္တုပြည်" က နှုတ်ဆောင်ဖို့ "အဲဂုတ္တုပြည်" ကို ပြန်သွားခိုင်းတဲ့အခါ ဇနီးဖြစ်သူ "ဇိပေါရ" က ဘာမှစောဒက မတက်ဘဲ - ခင်ပွန်းနဲ့အတူ ကြည်ကြည်ဖြူဖြူ လိုက်ပါသွားခဲ့ပါတယ်။

ဒါဟာ - ဇနီး - ခင်ပွန်းကြားမှာ ရှိတဲ့ ကြီးမားလှတဲ့ မေတ္တာတရားကြောင့်ပါပဲ။

တစိမ်းမြေမှာ - ကိုယ်ဘာတွေဖြစ်မယ် - ဘယ်လောက်ဆင်းရဲ့ဒုက္ခရောက်မယ်ဆိုတာ မသိပဲ - ခင်ပွန်းနဲ့ သေအတူ၊ ရှင်မကွာ ဘုရားခိုင်းတဲ့အတိုင်း လုပ်ဆောင်မယ်ဆိုတဲ့ စိတ်ထားဟာ - တစ်သား တစ်ကိုယ်တည်း ဖြစ်ခြင်းပါပဲ။ ဒါ့ကြောင့်လည်း "ကောရိန"္တုသြ၀ါဒစာ ပထမစောင် - အခန်းကြီး ၁၃ ၊ အငယ် ၁၃ မှာ "ချစ်ခြင်းမေတ္တာသည် အမြတ်ဆုံးဖြစ်သတည်း" လို့ ဖေါ်ပြထားတာဖြစ်မျာပါ။

ဒီလိုပါပဲ - ယုံကြည်သူ သားသမီးတိုင်းရဲ့ နှလုံးသားမှာ ဘုရားပေးထားတဲ့ ချစ်ခြင်းမေတ္တာတွေကို သိမ်းဆည်းသိုမှီးထားပြီး - ဝေမျှအသုံချမယ်ဆိုရင် အိမ်ထောင်မိသားစုတိုင်းရော - အသင်းတော်တိုင်းမှပါ - မေတ္တာတွေ လွှမ်းခြုံ ပတ်စည်းနေမှာဖြစ်ပါတယ်။ ဒါမှသာ - လူ့ဘောင်လူ့လောကကြီးဟာလည်း - မေတ္တာပြည့်ဝတဲ့ လူ့ဘောင်လူ့လောကကြီး ဖြစ်လာမှ အမှန်ပဲဖြစ်ပါတော့တယ်။

"အချစ်စစ် အချစ်မှန်ဟူသည် ကြည်ညိုလေးစားခြင်းမှ ပေါက်ပွားလာ၏"

မလွမ်းသူ (ပဲခူး)

Comments (0)Add Comment

Write comment
quote
bold
italicize
underline
strike
url
image
quote
quote
smile
wink
laugh
grin
angry
sad
shocked
cool
tongue
kiss
cry
smaller | bigger

busy