စာရေးသူ လုပ်ကိုင်သော အလုပ်ငှာနသည် ရုပ်ဝတ္တုကိုသာ အာရုံထားကြသော အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။ ဘာကိုပဲ လုပ်လုပ်၊ ဘာကိုပဲ ကိုင်ကိုင်၊ မိမိ၏ အယူအဆတစ်ခု ကို တင်ပြလိုလျှင် ”ကျွန်တော်တော့ ဒီလိုထင်တယ်။ ဒီလိုလုပ်တာ မှန်မယ်လို့ ယူဆတယ်” ဟု ပြောယုံနှင့် မပြီး။ စမ်းသပ်ချက်များ၊ တင်ပြချက်များ၊ သုံးသပ်ချက်များ၊ သက်သေပြချက်များ ကို ခိုင်ခိုင်လုံလုံ ဖြင့်တင်ပြရသည်။ အထောက်အထား မခိုင်လုံလျင် ပယ်ချတတ်သည်။ အရာရာကို မျက်မြင်ရုပ်ဝတ္ထုများဖြင့် တိုင်းတာသည်။ စိတ်ဝိညာဉ်ဆိုသည်မှာ စာရေးသူ၏ အလုပ်ငှာန၌ မရှိ။ မျိုးရိုးဗီဇပညာရပ်များဖြင့် ဆက်နွယ်နေသည့် အလုပ်ဖြစ်သည့်အားလျော်စွာ သက်ရှိဆိုသည်မှာ၊ သဘာဝအလျောက် ဖြစ်ပေါ်လာသည်။ မည်သည့်ဘုရားကမျှ လူသားကို ဖန်ဆင်းခြင်းမရှိ။ သက်ရှိများမှာ ဘာမျှမဟုတ်။ ဒြပ်များကို သာ ပေါင်းထားသည် အရာများဖြစ်သည်။ ဘုရားရှိကြောင်း စာရေးသူက ပြောလျင်၊ ဒါဆိုရင် ရှိကြောင်း သက်သေပြပါ ဆို၍ မေးခွန်းထုတ်သည်။ စိတ်ဝိညာဉ်အားဖြင့်သာ ဆက်သွယ်နိုင်သော ဘုရားကို အဘယ်ကဲ့သို့ စာရေးသူသက်သေပြရပါအံ့နည်း။ မမြင်ရသောအရာကို စာရေးသူ အဘယ်ကဲ့သို့ မြင်အောင် ပြရပါမည်နည်း။
ထိုကဲ့သို့သော စရိုက်သဘာဝရှိသော လုပ်ငန်းခွင်တွင် စာရေးသူသည် နှစ်အတန်ကြာအောင်ပင် စိတ်ပျက်စွာ ကျင်လည်ခဲ့ရသည်။ တစ်ပတ်တွင် ငါးရက်လုံးလုံး ရုပ်ဝါဒီ လောကသားများနှင့် ရင်ဆိုင်ရပြီး၊ တစ်ရက်တည်းသာ အသင်းတော်တွင် စိတ်ဝိညာဉ်သားများနှင့် တွေ့ကြုံရသည်။ လုပ်ငန်းခွင်တွင် ငါးရက်လုံးလုံးကျင်လည်သူသည် စာရေးသူဖြစ်သလို အသင်းတော်တွင် တစ်ရက်တည်းသာပါဝင်သူသည် စာရေးသူပင်ဖြစ်သည်။ အသွင်မတူသော လောကနှစ်ခုစလုံးတွင် တလှည့်စီ ကျင်လည်ရသော စာရေးသူအဖို့ ၀ိညာဉ်ရေး အတွက် အခက်အခဲ ကြုံရပေသည်။ အသင်းတော်တွင် တစ်ရက်သာပါဝင်ခြင်းဖြင့် ရလာသော ၀ိညာဉ်ခွန်အားများသည် အနှီရုပ်ဝါဒီလောကသားများအကြားတွင် ငါးရက်အတွင်း တိုက်စားဝါးမြိုခြင်းကို ခံရသည်။ စာရေးသူ၏ ခနော်ခနဲ့ ၀ိညာဉ် ခွန်အားကလေးသည် တိုက်စားခံရလိုက်၊ ပြန်ဖြည့်လိုက်ဖြင့် သံသရာသည် လည်နေပေတော့သည်။
စနေနေ့တစ်ရက်တွင် စာရေးသူသည် ပက်လက်ကုလားထိုင် တစ်ခုပေါ်၌ လဲလျောင်းနေကာ ပြီးခဲ့သည့် ငါးရက်တာကာလပတ်လုံး ကုန်ခန်းပျောက်ဆုံးသွားသော ၀ိညာဉ်ခွန်အားများမည်ကဲ့သို့ ပြန်ဖြည့်ရမည်ကို စဉ်းစားနေမိ၏။။ ထိုအခိုက်အတန့်မှာပင် အချိန်ကာလအတော်ကြာ မတွေ့သည်မှာ ကြာပြီဖြစ်သော ကိုထူးဆန်းအား ရုတ်တရက် ဆိုသလို သတိရမိသဖြင့် ၀မ်းမြောက်သွားပြီး ဖုန်းရှိရာသို့ အပြေးကလေးလှမ်းကာ ဖုန်းဆက်လိုက်သည်။ ကိုထူးဆန်းသည် စာရေးသူအား ဖုန်းဆက်ခြင်းလည်းမပြု၊ တွေ့ ဆုံခြင်းလည်း မပြုသည်မှာ အတော်ပင်ကြာပြီဖြစ်လျက် ငြိမ်ချက်သားကောင်းလွန်းနေသည်။ ကိုထူးဆန်းတစ်ယောက် ဘာလုပ်နေမှန်း စဉ်းစား၍ မရ။
”ဟဲလို... ငါ့ညီလား။”
”ဟုတ်ပါတယ် ဘယ်သူများလဲလို့ မှတ်တယ်။ .. အစ်ကိုလှမင်းသူကိုး။ အစ်ကိုနဲ့ ကျွန်တော် မတွေ့ ရတာ အတော်တောင်ကြာသွားပြီ။”
”ဟုတ်ပါ့ ငါ့ညီရေ့ ။ မင်းဆီက သတင်းမကြားဘာမကြားဆိုတော့ စကာင်္ပူမှာတောင် ရှိသေးရဲ့လားလို့ တောင် ထင်မိသေးတယ်။”
”ရှိပါတယ် အစ်ကိုရာ။ ကျွန်တော် ပန်းချီကားတစ်ချပ်နဲ့ အလုပ်များနေလို့”
”ဒါကြောင့် ငြိမ်ချက်သားကောင်းနေပါတယ်လို့။ ဘာလဲ ငါ့ညီက ပန်းချီပါ ဆွဲတတ်တယ်လား”
”မဟုတ်ပါဘူး အစ်ကိုရာ။ နာမည်ကျော်ပန်းချီကားချပ်တစ်ချပ်ကို စိတ်ဝင်စားလို့ ၀ယ်လာပြီး အိမ်မှာ လေ့လာနေတာ။ အစစ်တော့မဟုတ်ပါဘူး ကော်ပီ တစ်ခုပါ။ အစ်ကို ၀ါသနာပါရင် ကျွန်တော့်အိမ်ကို လာခဲ့လေ။”
”အစ်ကိုက ပန်းချီကားကို ဘယ်လိုမှ မခံစားတတ်ဘူး။ ဒါပေမဲ့ ငါ့ညီက ခံစားပြီး ရှင်းပြမယ်ဆိုရင် လာခဲ့မယ်လေ။”
”ကျွန်တော်ရှင်းပြပါ့မယ်။ လာခဲ့ပါ အစ်ကို”

ကိုထူးဆန်းဆီမှ ဖိတ်ကြားချက်ရသည်နှင့် စာရေးသူသည် အပြင်သွားလိုလျင် ပြုမြဲထုံးစံအတိုင်း အိမ်ရှိမိဘုရားကို သံတော်ဦး အရင်တင်သည်။ ဘယ်သွားမှာလဲ၊ ဘယ်သူနဲ့တွေ့မှာလဲ၊ ဘာလုပ်မှာလဲ စသည့် မေးခွန်းများကို ဖြေကြားအပြီး မီးစိမ်းပြလိုက်သဖြင့် ကတိုက်ကရိုက် အ၀တ်အစားများကို လဲကာ ကိုထူးဆန်းရှိရာ Jurong West သို့ ခရီးထွက်ခဲ့တော့သည်။ တစ်နာရီ ၀န်းကျင်ခန့် အကြာတွင် ကိုထူးဆန်း၏ တိုက်ခန်းကလေးရှေ့ သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလေသည်။
”ဒေါက်..ဒေါက်..ဒေါက်”
”တံခါးဖွင့်ထားတယ် အစ်ကို ။ အထဲကို ဖွင့်ဝင်ခဲ့လို့ရတယ်။ ”
တံခါးမှာ ကိုထူးဆန်းပြောသလိုပင် ချက်ချထားခြင်းမရှိသဖြင့် စာရေးသူကိုယ်တိုင် အလွယ်တကူ ဖွင့်ကာ ၀င်လိုက်သည်။ စာရေးသူအထဲသို့ ၀င်လိုက်သည်နှင့် ကုလားထိုင်တစ်လုံးတွင် အကျအန ထိုင်ကာ ရှေ့ တူရှု့ ရှိ ပန်းချီကားတစ်ချပ်ကို စိတ်ပါဝင်စားစွာ မျက်တောင်မခတ်တမ်း ကြည့်ရှု့ နေသော ကိုထူးဆန်းကို တွေ့ လိုက်ရသည်။ ကိုထူးဆန်းသည် သူ၏ ကြည့်ရှု နေခြင်းကို ခေတ္တမျှရပ်လိုက်ပြီး စာရေးသူဘက်သို့ လှည့်ကာ အောက်ပါအတိုင်း ဆိုသည်။
”အစ်ကို။ လာ ... ထိုင်။ ကျွန်တော် ဒီပန်းချီကားကို ကြည့်နေတာ အတော်ကလေးကို အရှိန်ရနေပြီ။ ကျွန်တော် နောက်ထပ် ကြည့်ဖို့ အချိန်အတော်ယူအုံးမယ်။ ဒီအချိန်အတွင်းမှာ ကျွန်တော့်အိမ်ကို အစ်ကို့ အိမ်လို သဘောထားပြီး နေလို့ရတယ် ။ အစ်ကို ဆာလို့ရှိရင် မီးဖိုချောင်မှာ အစ်ကို စားချင်တာသာ ယူစား။ ပျင်းလို့ရှိရင် စာအုပ်တွေလည်းရှိတယ်။ အစ်ကို ကြိုက်တာသာ ယူဖတ် ။ ကျွန်တော့်ကို အားမနာနဲ့။ ကျွန်တော် ဒီပန်းချီကားကို ဆက်ပြီး ခံစားလိုက်အုံးမယ်။”
” ရပါတယ် ငါ့ညီ။ အစ်ကို စောင့်နေပါ့မယ်။”

ကိုထူးဆန်းသည် စာရေးသူနှင့် ပြောအပြီး ပန်ချီးကားဘက်သို့ ပြန်လည့်ကာ ငြိမ်သက်စွာ စူးစိုက်ကြည့်ရှုပြန်သည်။ စာရေးသူသည် ကိုထူးဆန်း ကြည့်ရှုရာ ပန်းချီကားကို ၄င်းနှင့်အတူ တပါတည်း လိုက်ကြည့်လိုက်သည်။ ပန်းချီကားသည် ဆီဆေးဖြင့် ရေးဆွဲထားဟန်တူပြီး လူခြောက်ဦးပါရှိသည်။ ထိုခြောက်ဦးအနက် နှစ်ဦးမှာ အသက်ကြီးရင့်သော အဖိုးအိုနှင့် လူငယ်တစ်ဦးဖြစ်ပြီး အဖိုးအိုက လူငယ်ကို အားပေးနှစ်သိမ့်နေသည့်ဟန်ကို တွေ့ ရသည်။ ကျန်သည့် လူလေးဦးမှာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး နှစ်ဦးဖြစ်ပြီး အဖိုးအိုနှင့် လူငယ်ဖြစ်သူတို့ကို ကြည့်နေသည်။ အလင်းအမှောင်တို့ကို ပိုင်နိုင်စွာ ချယ်မှုန်းထားပြီး အလွန်အသက်ဝင်သည့် ပန်းချီကား ဖြစ်ကြောင်း တွေ့ရသည်။ ထိုပန်းချီကားထဲရှိ လူများမှာ မည်သူများ ဖြစ်ကြောင်းနှင့် မည်သည့်အကြောင်းအရာကို ဖော်ကြူးထားမှန်း စာရေးသူ စဉ်းစား၍ မရချေ။ စာရေးသူသည် ဆယ်မိနစ်ခန့်မျှ ပန်းချီကားအား စိုက်ကြည့်နေလိုက်သည်။ ပြီးမှ ကြည့်ရသည်မှာ အတော်အတန် ညှောင်းသွားသောကြောင့် ပန်းချီကားမှ မျက်စိကို ခွာလိုက်ပြီး ကိုထူးဆန်းအား ကြည့်လိုက်ရာ ၄င်းမှာမူ ပန်းချီကားအား စိတ်ပါဝင်စားစွာ ကြည့်နေလျက်ရှိသေးသည်ကို တွေ့ လိုက်ရသည်။
စာရေးသူသည် ကိုထူးဆန်းအား မနှောက်ယှက်လိုသောကြောင့် မီးဖိုချောင်ထဲသို့ဝင်ကာ စိုးစဉ်းမျှအားနာခြင်းမရှိပဲ ကြိုက်နှစ်သက်ရာများကို လှန်လှောရှာဖွေကာ စားသောက်လိုက်သည်။ ထိုသို့ စားသောက်ပြီးသည်နှင့် ကိုထူးဆန်းကို ကြည့်လိုက်ရာ ဆက်လက်ကြည့်ရှု နေသေးသည်ကို တွေ့ရသဖြင့် စာအုပ်ဗီရိုစီသို့ သွားကာ စာအုပ်များကို လှန်လှော ဖတ်ရှုခြင်းဖြင့် အချိန်ကို ဖြုန်းနေလိုက်သည်။ စာအုပ်များဖတ်၍ အချိန်များစွာကြာမြင့်ပြီးနောက် ကိုထူးဆန်းကို ထပ်မံအကဲခတ်လိုက်ပြန်ရာ မပြီးသေးသဖြင့် နောက်ထပ်စာအုပ်များကို ရှာဖွေကာ ထပ်မံဖတ်ရှုလိုက်ပြန်သည်။ သို့နှင့်ပင် စာဖတ်လိုက်၊ ကိုထူးဆန်းအား အကဲခတ်လိုက်ဖြင့် အချိန်သည် အတော်ပင် ကြာမြင့် ခဲ့ပေသည်။ ထိုအချိန်ကာလအတွင်း ပန်းချီကားကို ကြည့်ရှု့ နေသော ကိုထူးဆန်း၏ မျက်နှာသွင်ပြင်သည် အမျိုးမျိုးပြောင်းလဲနေခဲ့သည်။ တစ်ခါတစ်ရံ ၀မ်းနည်းနေသလိုမျိုးဖြစ်လိုက်၊ တစ်ခါတစ်ရံ ဒေါသထွက်နေဟန် ဖြစ်လိုက်၊ တစ်ခါတစ်ရံ ကြည်နှူးနေဟန် ဖြစ်လိုက်နှင့် ကိုထူးဆန်း၏ မျက်နှာရိပ်သည် အမျိုးမျိုးပြောင်းလဲနေခဲ့သည်။
၂ နာရီ ခန့်မျှ ကြာသွားပြီးမှ ကိုထူးဆန်းသည် အိပ်နေရာမှ လန့်နိုးလာသကဲ့သို အာရုံထဲ နစ်မျှော နေရာမှ စာရေးသူထံသို့ လှည့်ကာ စကားစတင် ဆိုတော့သည်။
”အားနာလိုက်တာ အစ်ကိုရာ။ စောင့်နေရတာ အတော်ကြာသွားပြီးထင်တယ်။ အခုမှပဲ ကျွန်တော်ကြည့်လို့ ပြီးသွားတယ်။”
”ရပါတယ် ငါ့ညီ။ အစ်ကိုက ဘာမှ နားမလည်တော့ ပျင်းတော့ ပျင်းတာပေါ့။ နားလည်တဲ့ ငါ့ညီ အတွက်ကျတော့ အချိန်တောင် လောက်ဟန်မတူဘူး။ အစ်ကို့ကို ဒီပန်းချီကားအကြောင်း ရှင်းပြနိုင်မလား”
”ရှင်းပြမှာပေါ့ အစ်ကိုရာ ။ အခုတော့ ကျွန်တော်ဗိုက်ဆာနေလို့ အရင် ထမင်းစားလိုက်အုံးမယ်။ အစ်ကိုလည်းစားလေ”
”နေပါစေတော့ ငါ့ညီ။ ငါ့ညီ ပန်းချီကားကို ကြည့်နေတုန်း အစ်ကို စားပြီးပြီး။ ငါ့ညီသာ သွားစားပါ”
”ဒါဖြင့် ကျွန်တော်သွားစားမယ်။ အစ်ကို ခဏစောင့်”
ကိုထူးဆန်းသည် မီးဖိုချောင်ထဲသို့ ၀င်ကာ စားသောက်လေသည်။ အတန်ငယ်ကြာမှ ပြန်ထွက်လာပြီး
”အား.. အခုမှပဲ အားရှိသွားတယ်။ အစ်ကို လာ ဒီမှာ ခဏထိုင်”
ဟု ဆိုကာ ၄င်းထိုင်နေခဲ့သော ပန်းချီကားရှေ့ ရှိ ပက်လက်ကုလားထိုင်ကို ညွန်ပြလိုက်သည်။ စာရေးသူလည်း ကိုထူးဆန်းညွှန်ပြသော ကုလားထိုင်၌ ထိုင်လိုက်ပြီး ၄င်းကိုယ်တိုင်ကမူ အနီးရှိ ခုံလွတ်တစ်နေရာတွင် ၀င်ထိုင်လိုက်သည်။
” အစ်ကို ဒီပန်းချီကားနာမည်က အင်္ဂလိပ်လိုတော့ "The Return of the Prodigal Son" လို့ အမည်ပေးထားတယ်။ ခရစ်တော် ပုံဆောင်ပြောပြတဲ့ ပျောက်သောသားအကြောင်းလေ။ အစ်ကို သိတယ်မဟုတ်လား”
”အား..ဟုတ်သားပဲ ။ ဒါကြောင့် သိသလိုလို ရှိပါတယ်လို့ စဉ်းစားနေတာ။ အခုမှ အဖြေပေါ်တော့တယ်။ အဖေ့ကို စွန့်ခွာပြီး နောင်တရ ပြန်လာတဲ့ သားအကြောင်းပဲ။ ခရစ်ယာန်တိုင်းသိတာပေါ့ ငါ့ညီရာ။ ”
“ဟုတ်တယ်။ ဒါပေမဲ့ ဒီပန်းချီကားဟာ သာမာန်သိတဲ့ အသိထက် အများကြီး နက်နဲတဲ့ ခံစားချက်ကို ပေးတယ်။ "A picture speaks a thousand words" လို့ ဆိုထားတယ် မဟုတ်လား။ ဒီပန်းချီကားဟာ စကားတွေ အများကြီး ပြောတယ်။ ခံစားချက်တွေ အများကြီးပေးတယ်။ Gospel တစ်ခုလုံးကိုတောင် ဒီပန်းချီကားတစ်ချပ်တည်းနဲ့ နားလည်သဘောပေါက်နိုင်တယ်။ ဒီပန်းချီကားဟာ ကောင်းကင်နိုင်ငံကို သွားစေနိုင်မယ့် ဂိတ်တံခါးဝပဲ။”
”တယ်ဆိုတဲ့ စာပါလား” ဟု စာရေးသူ ရေရွတ်လိုက်သည်။ ထိုပန်းချီကားသည် ဤမျှလောက်ပင် စွမ်းပါ၏လော။ စာရေးသူအနေဖြင့် သာမန်ဓါတ်ပုံ တစ်ပုံထက် ဘာမျှ မခံစားရ။
”အစ်ကို ကျွန်တော့်ကို မယုံဘူး မဟုတ်လား။ ဒီပန်းချီကားကို ရေးတဲ့ ပန်းချီဆရာက ၁၉ ရာစုနှစ်များမှာ အတော့်ကို နာမည်ကျော်တဲ့ ပန်းချီဆရာအစ်ကိုရ။ သူ့နာမည်က Rembrandt တဲ့။ ဒီပန်းချီဆရာဟာ ပန်းချီအရာမှာ လက်ရာမြောက်လွန်းတာကြောင့် သူ့ပန်းချီကားတွေဟာ လူကြိုက်များပြီး သူ့ဝင်ငွေဟာ အတော့်ကို ကောင်းတယ်။အရမ်းလည်း ချမ်းသာခဲ့တယ်။ ဒါပေမဲ့ အသုံးအဖြုန်းကြီးတော့ နောက်ပိုင်းမှာ ဆင်းရဲသွားတယ်။ ပန်းချီဆရာကိုယ်တိုင်ကိုက ပျောက်သောသားလိုအဖြစ်မျိုး ကြုံတွေရတာပေါ့ဗျာ။ အခု ပန်းချီကားကို သူသေခါနီးမှာ ဆွဲခဲ့တယ်။ ဆူကြုံ နိမ့်မြင့် ဖြစ်နေတဲ့ ဘ၀ရဲ့ လောကဓံကို ကောင်းကောင်းကြီး ခံစားရပြီး နောက်ဆုံးအနေနဲ့ နောင်တရခြင်းများစွာ ခံစားချက်များစွာနဲ့ ဆွဲခဲ့တဲ့ ပန်ချီကားအစ်ကိုရ။ ပန်းချီဆရာတစ်ယောက်ဟာ ပန်းချီဆွဲတဲ့အခါမှာ လက်ရာတွင်မကဘူး။ အတွေးအခေါ်ပါ ကောင်းရတယ်။ ခံစားချက်လည်းရှိရတယ်။ ဒီပန်းချီကားကို နောက်ဆုံးပိတ် အိတ်နှင့်လွယ် ဆိုသလိုမျိုး သူမသေခင် လက်ရာရော၊ အတွေးအခေါ်ရော၊ ခံစားချက်ရော အကောင်းဆုံးနဲ့ အပြည့်စုံဆုံး ရေးဆွဲသွားခဲ့ တယ်။”
”အင်း။ တော်တော့်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ ငါ့ညီရေ့ ။ ဆက်စမ်းပါဦး”
” ဒီပန်းချီကားမှာ ဒူးထောက်ပြီးနေတာက သားအငယ်ဗျ။ သူ့ကို ပုခုံးကိုင်ပြီး နှစ်သိပ်နေတာကတော့ အဖေဖြစ်သူပေါ့ အစ်ကိုရာ။ ဒီလက်ယာဘက်မှာ ရပ်နေတာကတော့ သားကြီးဖြစ်သူ။ ကျန်တဲ့သူများကတော့ အိမ်သူအိမ်သားတွေ။ ဒီအဖေ့ရင်ခွင်မှာ မှီနေတဲ့သားငယ်ဟာ အတိတ်တချိန်က အရမ်းဆိုးခဲ့တယ်။ သူဟာ အဖေ့ဆီက ရထိုက်တဲ့ အမွေကို တောင်းတယ်။ ရတာနဲ့ အိမ်ကနေခွာတယ်။ အဝေးတစ်နေရာမှာ ရှိတဲ့ တိုင်းပြည်တစ်ပြည်ကို ထွက်သွားတယ်။ သားက အဖေ့ဆီကအမွေတောင်းတယ်ဆိုတာ ဘာမှ မဟုတ်သလိုထင်ရပေမဲ့ သေချာ ပြန်စဉ်းစားကြည့်ရင် တကယ့်ကို ကျေးဇူးကန်းတဲ့ လုပ်ရပ်ပဲ။ အဖေသေမှ ရမယ့် အမွေကို မသေခင်ကတည်းက တောင်းတယ်ဆိုတော့ ” အဖေ။ ခင်ဗျား သေတဲ့ အထိ ကျုပ်မစောင့် နိုင်ဘူး။” လို့ ဆိုတာနဲ့ အတူတူပဲ။ တနည်းအားဖြင့် ” အဖေ မသေသေးဘူးလား။ မြန်မြန်သေတော့လေ” ဆိုတဲ့ သဘောတွေ ပါနေတယ်။ အဖေတစ်ယောက်အနေနဲ့ ဘယ်လောက်ခံစားရမလဲဆိုတာ အစ်ကိုလဲ အဖေဖြစ်တော့ သိမှာပေါ့။”
”အဲ့ဒီလို အမွေတောင်းပြီးတဲ့နောက်မှာ သားငယ်ဟာ နေအိမ်ကနေခွာ ခဲ့တယ်။ ဒီအိမ်မှာပဲ သူဟာ မွေးဖွားခဲ့တယ်။ ဒီအိမ်မှာပဲ သူကြီးပြင်းခဲ့တယ်။ ဒီအိမ်မှာပဲ သူ ပညာသင်ကြားခဲ့တယ်။ ဒီအိမ်မှာပဲ သူနွေးထွေးတဲ့ မေတ္တာကို ခံယူခဲ့တယ်။ ဒီအိမ်ဟာ သူ့အတွက် ပြည့်စုံလုံလောက်ခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ သူ့အိမ်ထက် တခြားနေရာကို သာမယ်လို့ ထင်တယ်။ အဝေးကို ပိုပြီး အထင်ကြီးတယ်။ ဖခင်ဖြစ်သူက ”သားရယ်။ မင်းဘယ်မှ မသွားပါနဲ့။ အဖေဆီမှာသာ နေပါ” ဆိုတဲ့ ဖခင်ရဲ့ တောင်းပန်သံကို နားမထောင်တော့ဘူး။ အဝေးကနေ လှမ်းအော်ခေါ်နေတဲ့ အသံတွေကို နားယောင်တယ်။ ”ဟေ့။ တို့ဆီမှာ မင်းအဖေထက် သာတဲ့ မေတ္တာတွေ ရှိတယ်။ မင်းအိမ်မှာ ရှိတဲ့ အရာတွေထက် ကောင်းတာတွေလဲ ရှိတယ်။ မင်းအိမ်မှာ မရှိတဲ့ ပျော်စရာတွေရှိတယ်။ မင်းအိမ်ထဲမှာ ကုပ်မနေနဲ့။ ငါ့တို့ ဆီသာလာခဲ့။” ဆိုတဲ့ ကျယ်ကျယ်လောင်လောင် အော်ဟစ်ပြီး ဆွဲဆောင်နေတဲ့ အသံတွေကိုသာ နားဝင်မိတယ်။ ဖခင်ခမျာမှာ သားကိုချစ်လွန်းလို့ တားချင်ပေမဲ့ မတားရက်ပါဘူး။ သားကို ချစ်လွန်းလို့လည်း သားရဲ့ လွတ်လပ်ခွင့်ကို မပိတ်ပင်ရက်ပါဘူး။ အဲဒီချစ်မေတ္တာကြောင့်ပါပဲ သားကို မလွှတ်ချင်ရက်ပေမဲ့ လွှတ်လိုက်ရပါတယ်။”
ကိုထူးဆန်း၏ အသံသည် ပြောဆိုနေရင်း ကြေကွဲသံ ပါလာသည်။ ဆို့နင့်သည့် ခံစားချက်ကြောင့် သူ၏ အသံသည် တိမ်၍ ၀င်သွားသည်။ စာရေးသူသည် ပန်းချီကားကို ကြည့်လိုက်သည်။ ထိုပန်းချီကား၏ နောက်ကွယ်တွင် ဆိုးသွမ်းပြီး အဖေဖြစ်သူအား ပုန်ကန်သည့် သားဖြစ်သူ၏ အရိပ်သည် အာရုံထဲ၌ ပေါ်ထွက်လာသည်။ အဖေအား ကျေးဇူကန်းသည့် စကားများကို ဆိုနေပုံ၊ အိမ်ကိုကျောခိုင်း၍ ထွက်သွားပုံတို့ကို ရုပ်ရှင်ပိတ်သားပေါ်တွင် ကြည့်နေရသည့်ပမာ အတွေးအာရုံ တို့တွင် ထင်ဟပ်လာသည်။ တစ်ပြိုင်နက်ထဲမှာပင် မျက်ရည်ရစ်ဝဲလျက် ရင်နင့်စွာ အိမ်၌ ကျန်ခဲ့သည့် အဖေဖြစ်သူကိုပါ တွေ့မြင်လိုက်ရသည်။
” အဖေ့ကို ပုန်ကန်ခဲ့တဲ့ ဒီသားရဲ့ ပုန်ကန်မှုဟာ ဟိုးရှေးကမ္ဘာဦးတုန်းက ဘုရားရှင်ကို လူသားတွေ ပုန်ကန်ခဲ့တဲ့ ပုန်ကန်မှုမျိုးပါပဲ။ လူသားဟာ ဘုရားရဲ့ စကားနားမထောင်ခဲ့ဘူး။ ဘုရားရဲ့ မေတ္တာမှာ မပျော်ပိုက်နိုင်ခဲ့ပါဘူး။ လောကရဲ့ ဆွဲဆောင်မှုတွေကို အဟုတ်ထင်မှတ်ပြီး ဘုရားကို ကျောခိုင်းခဲ့ပါတယ်။ ဘုရားရှင်ကတော့ သူ့သားဖြစ်လို့ ”သားရယ်။ မသွားပါနဲ့ အဖေမင်းကို ချစ်တယ်” လို့ နူးညံ့တိုးညှင်းစွာ ပြောသံကို လူသားက နှလုံးသားတစ်နေရာမှာ ကြားတယ်။ ဒါပေမဲ့ လောကရဲ့ ဆွဲဆောင်မှုက နှလုံးသားအတွင်းက ခေါ်နေတဲ့ တိုးညှင်းတဲ့ ဘုရားရှင်ရဲ့ ခေါ်သံကို ဖုံးလွှမ်းသွားတယ်။ လူသားဟာ လောကအလယ်ကို ရောက်လာတယ်။ လောကမှာ သူအမျိုးမျိုးကြုံတွေ့ရတယ်။ သူတစ်ပါးက နည်းနည်းလေးမြှောက်လိုက်တာနဲ့ ဟုတ်လှပြီထင်ပြီး အကြီးအကျယ်မြောက်သွားတတ်တယ်။ နည်းနည်းလေး ဝေဖန်ကဲ့ရဲ့ လိုက်တာနဲ့ စိတ်ဓါတ်တွေ အကြီးအကျယ်ကျတတ်တယ်။ ဘာနဲ့တူသလဲဆိုတော့ လှိုင်းတံပိုးတွေ ထနေတဲ့ ပင်လယ်ပြင်ကြီးထဲမှာ လှော်ခတ်နေတဲ့ လှေငယ်လေးလိုပဲ။ ဘေးက လှိုင်းတွေရဲ့ ရိုက်ခတ်မှု ဒဏ်ကို လူသားဟာ လူးကာလှိမ့်ကာ ခံနေရတယ်။ အဲဒီပင်လယ်ကြီးထဲမှာပဲ စုံးစုံးမမြုပ်သွားအောင် လူသားဟာ ယိုင်နဲ့နဲ့ နဲ့ ရပ်တည်နေရတယ်။”

”ပြီးတော့ လူသားဟာ သူ့ကို ချစ်ပါတယ်ဆိုတဲ့ လူတွေကို ပြန်ကြည့်မိတယ်။ သူတစ်ခုခုလုပ်ပေးနိုင်မှ သူ့ကို တုံ့ပြန်တဲ့လူချည်းသာ ဖြစ်တယ်ဆိုတာ တွေ့ ရတယ်။ အားလုံးသော သူတွေ့ ကြုံရတဲ့ မေတ္တာတွေ ဆိုတာ အခြေအနေတွေပေါ်မှာ အမြဲတည်နေတယ်။ သူကောင်းရင်၊ သူလုပ်ပေးနိုင်ရင်၊ သူစွမ်းဆောင်နိုင်ရင် စတဲ့ ”ရင်” ပေါင်းများစွာ ပေါ်တည်နေတယ်။ အဲဒီအချိန်မှာပဲ ”သားရယ်။ မင်းကို အဖေချစ်ပါတယ်” ဆိုတဲ့ နှလုံးသားထဲက ခေါ်တဲ့ တိုးညှင်းတဲ့ အသံကို လူသားကြားလာတယ်။ ဘယ်အခြေအနေပေါ်မှာမှ မတည်တဲ့ ဘုရားရှင်ရဲ့ မေတ္တာကို လူသားသဘောပေါက်လာတယ်။”
ကိုထူးဆန်းသည် ခေတ္တမျှ ပြောဆိုခြင်းကို ရပ်ဆိုင်းလိုက်သည်။ သူသည် စိတ်ကူးထဲ၌ ဤလောကရှိ ဘုရားကို စွန့်ပစ်ထွက်ခွာလာသော လူသားများအကြောင်းကို တွေးတောနေဟန်ရှိသည်။ မိနစ်အနည်းငယ်ကြာမှ ပန်းချီကားကို ကြည့်ရှုပြန်၍ စကားကို ဆက်ပြန်သည်။
” သားငယ်ဖြစ်သူဟာ တိုင်းတစ်ပါးမှာ ပါလာတဲ့ ပစ္စည်းတွေနဲ့ ပျော်ပါးလာလိုက်တာ နောက်ဆုံးတော့ တစ်ပြားမှ မရှိအောင် ကုန်သွားတယ်။ ရှိတဲ့ ပစ္စည်းတွေလည်း ရောင်းစားပစ်လိုက်တော့ ပိုင်ဆိုင်မှုဆိုလို့ နတ္ထိပဲ။ ပန်းချီကားမှာ သားငယ်ရဲ့ ပုံကို အစ်ကို ကြည့်စမ်းပါ။ ခေါင်းက ဦးပြည်းတုံးထားတယ်။ ဆံပင်နဲ့မှ သိက္ခာရှိတယ်လို့ ယူဆတဲ့ အဲဒီခေတ်မှာ ဘာသိက္ခာမှ မရှိတဲ့ သဘောပဲ။ အ၀တ်အစားကလည်း အတွင်းခံ အင်္ကျီပဲရှိတော့တယ်။ အဲဒီ အတွင်းခံကလည်း ညစ်ထေးပေါက်ပြဲနေပြန်တယ်။ ဒါကိုကြည့်ခြင်းအားဖြင့် သူဟာ ခရီးအဝေးကြီးကို အလဲလဲ အပြိုပြိုနဲ့ အားစိုက်ပြန်လာခဲ့ရကြောင်း ခန့်မှန်းလို့ရတယ်။ ”
”ဘယ်ဘယ်ခြေထောက်က ဖိနပ်ကလည်း sole ပြားတောင် မရှိတော့ဘူး။ ခြေဖ၀ါးမှာလည်း ဒဏ်ရာဒဏ်ချက်နဲ့ အမာရွတ်တွေကို တွေ့ ရတယ်။ ညာဘက်ခြေမှာလည်း ဖိနပ်က ပေါက်ပြဲနေပြီး အတွင်းကခြေဖ၀ါးကို အတိုင်းသားမြင်နေရတယ်။ ဒီလောက်စုတ်ပြတ်ပြီး ဘာမှ မရှိတော့ပေမယ့် သားငယ်ဖြစ်သူဟာ သူခါးက ဓါးကိုတော့ မရောင်းစားဘူး ဆိုတာကို အစ်ကို တွေ့တယ်မဟုတ်လား။ ဒီဓါးဟာ အဖေဖြစ်သူက သားအဖြစ် သတ်မှတ်တဲ့ အနေနဲ့ ပေးခဲ့တဲ့ဓါး အစ်ကိုရ။ ဒါက ဘာကို ပြသလဲဆိုရင် သူဟာ ဘယ်လောက်စုတ်ပြတ်သတ်ပြီး ရစရာမရှိခဲ့ပေမဲ့ အဖေ့ရဲ့သားဖြစ်တယ်ဆိုတဲ့ အချက်ကိုတော့ မမေ့သေးဘူး ဆိုတာပါပဲ။ အဲ့ဒီလိုမမေ့လိုလည်းပဲ အိမ်ကို ခြေဦးလှည့် ပြန်လာခဲ့တာပါပဲ။”
ကိုထူးဆန်းသည် ပြောဆိုခြင်းကို ရပ်နားလိုက်ြပန်သည်။ အတန်ငယ်ကြာသောအခါမှ အောက်ပါအတိုင်း စကားကို ဆက်လေသည်။
” သားငယ်ဟာ တိုင်းတစ်ပါးမှာ အတိဒုက္ခရောက်ခဲ့တယ်။ သူဟာ အဖေ့ဆီက အမွေတွေကို အပေါင်းအဖော်တွေနဲ့ သုံးဖြုန်းလိုက်တာ နောက်ဆုံး ခြူးတပြားမှ မကျန်တော့တဲ့ အထိပါပဲ။ ငွေမရှိတော့တဲ့အခါကျတော့ သူ့ကို အပေါင်းအဖော်တွေက ခွာကုန်ကြတယ်။ ခိုကိုးရာမဲ့လို ဒုက္ခဆင်းရဲ ကျရောက်နေချိန်မှာပဲ ”ဗူးလေးရာ ဖရုံဆင့်” ဆိုသလို သူနေတဲ့ တိုင်းပြည်မှာ အစာငတ်မွတ်တဲ့ ဘေးကြီးကျတော့တယ်။ အဲဒီအခါမှာ သူဟာ ၀မ်းရေးအတွက် အသိတစ်ယောက်ထံမှာ တောင်းပန်ပြီး ၀က်ခြံမှာ ကျွန်တစ်ယောက် အနေနဲ့ လုပ်တယ်။ သူဟာ အစာငတ်လွန်းတာကြောင့် ၀က်စာကိုတောင် စားချင်တဲ့ အာသီသ ဖြစ်မိတဲ့ အထိပါပဲ။ အဲဒီ အချိန်မှာ သူ့ရဲ့ အတွင်းနှလုံးသားထဲက တိုးညှင်းစွာ ခေါ်ဆိုနေတဲ့ အဖေဖြစ်သူရဲ့ အသံကို စတင် သတိထား မိလာတယ်။ ”အဖေ သားကို ချစ်တယ် ”ဆိုတဲ့ နူးညံ့တိုးညှင်းတဲ့ အသံဟာ သူ့ရဲ့ စိတ်ကို ကြေကွဲသွားစေတယ်။ သူဟာ အဖေ့ရဲ့ သားဖြစ်သေးကြောင်းကို သတိပြန်ရလာတယ်။”
”ဒီသားငယ်လိုပါပဲ လူသားများဟာလဲ ဤလောကမှာ ပျောက်ဆုံးနေပေမဲ့လို့ ဘုရားရဲ့သားများ ဖြစ်ကြောင်းကို မမေ့ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ရှင်ပေတရုဟာ ခရစ်တော်ကို ငြင်းဆိုခြင်းအားဖြင့် ပျောက်သောသားဖြစ်ခဲ့တယ်။ ယုဒရှကာယုတ်ဟာလည်း ခရစ်တော်ကို သစ္စာဖောက်ခြင်းအားဖြင့် ပျောက်သောသား ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ရှင်ပေတရုဟာ သူဟာ ဘုရားရဲ့ သားဖြစ်တယ် ဆိုတဲ့ အချက်ကို ချက်ချင်း ပြန်သတိရတော့ သူဟာ အသက်ကို ပြန်ရတယ်။ ယုဒရှကာယုတ်ကတော့ ဒီအချက်ကို မေ့သွားတော့ သူ့ ကိုယ်သူ အဆုံးစီရင် သွားခဲ့ခြင်းအားဖြင့် အသက်ဆုံးရှုံး ခဲ့ရတယ်။”
“ သားငယ်ဟာ အကြီးအကျယ် နောင်တရပြီး အဖေ့ဆီကို ပြန်ဖို့ သူဆုံးဖြတ်လိုက်တယ်။ ”သားမှားပြီ အဖေရယ်။ သားအဖေ့ကို ပြစ်မှားမိပါပြီ။ သားဟာ အဖေ့သားတစ်ယောက်အနေနဲ့ တောင် မထိုက်တန်တော့ပါဘူး။ သားကို ကျွန်တစ်ယောက်အနေနဲ့ လက်ခံရင်ကိုပဲ ကျေနပ်ပါပြီ” လို့ ပြောမယ်ကြံပြီး အိမ်ပြန်လမ်းခရီးကို ဦးတည်ခဲ့ပါတော့တယ်။”
” သားငယ်ဟာ အိမ်ပြန်လာပေမဲ့လို့ အဖေ့ မေတ္တာကို အထင်သေးခဲ့တယ်။ သူဒီလောက်ဆိုးခဲ့တာကို အဖေဖြစ်သူက လက်ခံပါ့မလားလို့ သံသယရှိတယ်။ လက်ခံခြင်းလက်ခံတောင်မှ ကျွန်တစ်ယောက်အနေနဲ့ပဲ လက်ခံမယ်လို့ ထင်ခဲ့တယ်။ အဖေဖြစ်သူရဲ့ ကြီးမားတဲ့ မေတ္တာကို သူသဘောမပေါက်ခဲ့ပါဘူး။ အိမ်ပြန်ရောက်တဲ့ အခါမှာတော့ အဖေဖြစ်သူက သူ့သားကို လည်းတွေ့ရော ၀မ်းသာအားရ ဖြစ်လွန်းလို့ ”ဟေ့။ ငါ့သား ပြန်လာပြီကွ။ သားကို အ၀တ်အစားအသစ်တွေ ပေးဝတ်လိုက်စမ်း။ လက်စွပ်ကိုပါ ယူလာခဲ့ပြီး ၀တ်ပေးလိုက်။ ဒီည ငါ့သား ပြန်လာတဲ့ ၀မ်းမြောက်တဲ့ အနေနဲ့ ပျော်ပွဲရွှင်ပွှဲ ကျင်းပကျမယ် ဟေ့” ဆိုပြီး သားကို ၀မ်းမြောက်ဝမ်းသာ ပြန်လက်ခံခဲ့တယ်။ သားငယ်ဟာ အတုမဲ့တဲ့ ဖခင်ရဲ့ မေတ္တာကို အဲဒီအခါမှ ကြေကွဲကြည်နူးစွာ သဘောပေါက်တော့တယ်။”
ကိုထူးဆန်းသည် သားငယ်အကြောင်းကို စိတ်အာရုံထဲတွင် မြင်ယောင်ကာ ပြောကြားနေရင်းမှ ပန်းချီကားဘက်သို့ ကြည့်လိုက်ပြန်သည်။
”ဒီပန်းချီကားမှာ ပန်းချီဆရာက ပျော်ပွဲရွှင်ပွဲ ကျင်းပနေတဲ့ပုံကို နောက်ခံထားပြီး ဆွဲထားတာ မတွေ့ရဘူး။ ပန်းချီဆရာဟာ အပြင်ပန်းပျော်ရွှင်မှုမျိုးထက် အတွင်းကလာတဲ့ ပျော်ရွှင်မှုကို ပိုပြီး တန်ဖိုးထားပုံရတယ်။ ဒါကြောင့်လည်း ပျော်ပွဲရွှင်ပွဲပုံအစား သားငယ်ဖြစ်သူက အဖေ့ရင်ခွင်မှာ မှီနေတဲ့ ပုံကိုပဲ ဆွဲထားတယ်။ ဒီပန်းချီကားထဲမှာ အဖေနဲ့ သားဖြစ်သူတို့ရဲ့ အတွင်းထဲကလာတဲ့ ကြီးမားတဲ့ ၀မ်းမြောက်မှုကို အဖေဖြစ်သူရော သားဖြစ်သူရဲ့ မျက်နှာမှာပါ တစိမ့်စိမ့် ကြည့်ရင် အစ်ကို တွေ့ ရလိမ့်မယ်”
စာရေးသူသည် ကိုထူးဆန်း ပြောသလို သားနှင့် အဖေဖြစ်သူကို စိတ်အာရုံ ထဲ၌ နှစ်မြော၍ ကြည့်ရှုလိုက်သည်။ အမှန်တစ်ကယ်ပင် အဖိုးအိုနှင့် သားဖြစ်သူတို့ ၏ ၀မ်းမြောက်နေမှုနှင့် ကြည်နူးနေမှုတို့သည် စာရေးသူထံသို့ ကူးစက်ရောက်ရှိသလို ခံစားလိုက်ရသည်။
” အစ်ကို ပန်းချီကားကို သေသေချာချာ ထပ်ကြည့်စမ်းပါဦး။ ဘာ ထူခြားသေးသလဲလို့”
စာရေးသူသည် ပန်းချီကားကို ထမ်မံကာ သေချာစွာ ကြည့်ရှုလိုက်ပြန်သည်။ မည်သည့်ထူးခြားချက်ကိုမျှ မတွေ့ ရချေ။
”ငါ့ညီ အစ်ကိုတော့ ဘာမှ ထူးခြားတာ မတွေ့ဘူး။”
”အစ်ကို ဒီပန်းချီကားဟာ ” ပျောက်သောသားလို့” အမည်ပေးထားတယ်။ အဖေဖြစ်သူနဲ့ သားငယ်ကို လွင်တဲ့ အရောင်နဲ့ မြင်သာအောင် ဆွဲထားတယ်။ ဒါကြောင့် အဖေဖြစ်သူနဲ့ သားငယ် ဖြစ်သူကိုသာ အဓိကထား ရေးဆွဲတဲ့ ပန်းချီကားဖြစ်တယ်လို့ ယူဆစရာ အကြောင်းရှိတယ်။ အဖေနဲ့ သားငယ်ကိုချည်း အဓိကထား ရေးဆွဲထားရင် သူတို့ နှစ်ယောက်လုံးဟာ ပန်းချီကားရဲ့ အလယ်လောက်မှာရှိသင့်တယ်။ ဒါပေမဲ့ သူတို့ဟာ ပန်းချီကားရဲ့ ဘယ်ဘက်မှာ ကပ်ပြီး ရှိနေတယ်။ ညာဘက်မှာက သားကြီးက ရပ်နေတယ်။ အလယ်မှာ မြေပြင်ကွက်လပ်ကြီးကို ကို ဆွဲထားတယ်။ ဒါဟာ သားငယ်အကြောင်းသာမက သားကြီးရဲ့ အကြောင်းကိုလည်း ဖော်ပြချင်လို့ပဲ ဖြစ်တယ်။”
ကိုထူးဆန်း ပြောသည်မှာ ဟုတ်ပေသည်။ ပန်းချီဆရာသည် သားငယ်နှင့်အဖေအပြင် သားကြီးကိုပါ ထည့်သွင်း ဖော်ပြလိုပုံရသည်။ ကျမ်းစာထဲမှ ခရစ်တော်ပြောသောပုံပြင်တွင် သားကြီးသည် သားငယ်အတွက် ပျော်ပွဲရွှင်ပွဲကျင်းပနေချိန်တွင် အိမ်အပြင်ရောက်နေခဲ့သည်။ ပန်းချီကားထဲမှာလို သားငယ်ကိုကြိုဆိုနေခိုက် သားကြီးသည် အတူတကွ ရှိနေခြင်း မရှိပေ။
” သားကြီးဟာ အဖေနဲ့ အတော့်ကို ဆင်တူတာကို ပန်းချီကားမှာ တွေ့ရတယ်။ မုတ်ဆိတ်မွှေးက အစ မျက်နှာကျပုံ အဆုံး တော်တော်တူတယ်။ ၀တ်ရုံနီ ၀တ်ဆင်ထားတာလဲ တူတယ်။ ဒါပေမဲ့ သူတို့ နှစ်ယောက်မှာ ကွဲပြားတာတွေ ရှိတယ်။ အဖေဖြစ်သူရဲ့ မျက်နှာနဲ့ လက်ကို ကြည့်ရင် အလင်းရောင်များပြီး အ၀ါရောင်သန်းနေတယ်။ ဒါဟာ အဖေဖြစ်သူက နွေးနွေးထွေးထွေးနဲ့ သားငယ်ကို ကြိုဆိုတာလို့ ခံစားလို့ရတယ်။ လက်နှစ်ဖက်ကိုလည်း ဖွင့်ထားပြီး သားငယ်ကို ရင်ခွင်ထဲမှာ သိမ်းထားတယ်။ ၀တ်ရုံကလည်း လွင့်ကားနေပြီးတော့ လာရောက်ခိုလှုံဖို့ ဖွင့်ထားသလိုပဲ။”
”သားကြီးက ကျတော့ ဒီလိုမဟုတ်ဘူး။ သူဟာ မျက်မှောင်ကြုတ်နေတယ်။ မျက်နှာကလည်း အဖေရဲ့ မျက်နှာလို ၀င်းပနေတာမျိုးမဟုတ်ဘူး။ မလင်းမမှောင်မျိုး ဖြစ်နေတယ်။ လက်ကလည်း အဖေ့လို မဖွင့်ထားဘူး။ ပိုက်ထားတယ်။ ၀တ်ရုံ အနီကြီးကလည်း ကိုယ်ပေါ်မှာ ချပ်ရပ်နေတယ်။ ဒီသားကြီးရဲ့ စိတ်မှာ ဘာတွေ ဖြစ်နေလဲ ဆိုတာ အစ်ကို ခန့်မှန်းကြည့်ပါလား။”
စာရေးသူသည် သားကြီးဖြစ်သူ၏ မျက်နှာကို သေချာစွာ ကြည့်ရှု လိုက်သည်။ သားကြီးသည် အဖေဖြစ်သူ၏ စကားကို မြေ၀ယ်မကျ နားထောင်သူ ဖြစ်ပေသည်။ နှစ်ပေါင်းများစွာ အဖေက ”ဒါကိုလုပ်” ဆိုလျင် စောဒက မတက်ပဲ လုပ်ခဲ့သည်ချည်း ဖြစ်သည်။ သို့သော် အဖေသည် မိမိကို ၀မ်းမြောက်စွာ အသိအမှတ်ပြုခြင်း မပြုပဲ အဖေ့စကားနားမထောင်သည့် ညီဖြစ်သူကို ဦးစားပေးအသိအမှတ်ပြုနေခြင်းကို မခံမရပ်နိုင် ဖြစ်နေကြောင်း စာရေးသူ မှန်းဆမိသည်။
”ကြည့်ရတာ သားကြီးဟာ မခံမရပ်နိုင် ဖြစ်နေတဲ့ ပုံပဲ။”
”ဟုတ်တယ် အစ်ကို။ သားကြီးဟာ မခံမရပ်နိုင် ဖြစ်နေတာပါ။ ဒီသားကြီးဟာ အဖေရဲ့ ခိုင်းစေချက်တွေကို လိုက်နာနေပေမဲ့လို့ သူ့မှာ လွပ်လပ်ခြင်း၊ ပျော်ရွှင်ခြင်း အလျင်းရှိခဲ့ပုံ မရဘူး။ အဖေဖြစ်သူရဲ့ ခိုင်းစေချက်တွေဟာ သူ့အတွက် ချုပ်နှောင်မှုတွေလို ဖြစ်နေတယ်။ အိမ်မှာ အမြဲနေပေမယ့်လည်း ပျော်ပိုက်ခြင်းမရှိဘူး။ အပြင်ပန်းအားဖြင့်တော့ သူဟာ သားငယ်လို ထင်ထင်ရှားရှား အိမ်ကို ကျောခိုင်းပြီး အခြားတစ်နေရာကို မထွက်ခဲ့ပါဘူး။ ဒါပေမဲ့ သူ့ရဲ့အတွင်းစိတ်ကတော့ အိမ်ကို ဖယ်ခွာသွားခဲ့တာ ကြာပါပြီ။ ဒါကြောင့်လဲပဲ မခံမရပ်နိုင် ဖြစ်နေတာပါ။ ဒါဟာ သားကြီးရဲ့ ပျောက်နေခြင်းပါပဲ။ သူဟာ ပျောက်မှန်းမသိ ပျောက်နေတဲ့ သားပါပဲ။ သားငယ်ကမှ နောင်တရပြီး ပြန်လာခဲ့သေးတယ်။ သားကြီးကတော့ သူ့ရဲ့ စိတ်စေတသိက်ရဲ့ ဖိနှိပ်မှု အောက်ကနေ လွတ်မြောက်ပြီး နောင်တရဖို့ မလွယ်လှပါဘူး။”
”အဖေဖြစ်သူကတော့ သားနှစ်ယောက်လုံးကို ညီတူမျှတူ ချစ်ပါတယ်။ သားကြီးဖြစ်သူကို သားငယ်ကို အတူတကွ ကြိုဆိုဖို့ကိုလည်း အဖေက ဖြောင်းဖြပါတယ်။ သားကြီးဟာ ဖခင်နဲ့ အတူ ညီငယ်ကို ၀မ်းမြောက်စွာ ကြိုဆိုလိုက်သလား၊မလိုက်ဘူးလား ဆိုတာကို ပန်းချီးကားမှာရော၊ ခရစ်တော်ရဲ့ ပုံပြင်မှာရော တိတိကျကျ ဖော်ပြပြောဆိုခဲ့ခြင်းမရှိပါဘူး။ သားကြီးရဲ့ ဆုံးဖြတ်ချက်ကို ကိုယ့်ဖာသာကိုယ် တွေးတောစဉ်းစားယူဖို့ ပန်းချီဆရာက ဖွင့်ပေးခဲ့ပါတယ်။ ”
စာရေးသူသည် ပန်းချီကားထဲမှ အစ်ကို ဖြစ်သူကို ကြည့်လိုက်ပြန်သည်။ အစ်ကို ဖြစ်သူနှင့် သားအဖနှစ်ယောက်အကြားတွင် ကွက်လပ်ပြင်ကြီးရှိနေပေသည်။ သားငယ်နှင့် အဖေတို့ ရှိနေသည့် နေရာသည် အလင်းရောင်ဖြင့် ထွန်းလင်းနေသည်။ ဤလင်းနေသောနေရာသည် ကောင်းကင်နိုင်ငံတော်ကဲ့သို့ ဖြစ်ပေသည်။ သားကြီးသည် မိမိပျောက်နေခြင်းကို အချိန်မှီ သတိရလျက် ကောင်းကင်းနိုင်ငံသို့ အတူတကွ ပျော်ရွှင်စွာ ၀င်ရောက်သင့်ပေသည်။ စာရေးသူ၏ စိတ်ထဲတွင် သားကြီးကို အဖေနှင့် ညီဖြစ်သူထံသို့ သွားစေချင်သည့် ဆန္ဒသည် ပြင်းစွာ ဖြစ်ပေါ်လာသည်။ တင်းမာနေသည့် သားကြီး၏ မျက်နှာသည် ပြေလျှော့သွားပြီး ပိုက်ထားသောလက်ကို ဖွင့်ကာ ညီဖြစ်သူကို ဖခင်နှင့် အတူ ၀မ်းမြောက်စွာ ကြိုဆိုစေချင်ပါသည်။ တချိန်တည်းမှာပင် သားကြီး ဖြစ်သူသည် စိတ်ဆိုးမာန်ဆိုးဖြင့် ချာကနဲလှည့်ကာ အပြင်ဖက်သို့ ထွက်သွားမည်ကို အရမ်းစိုးရိမ် မိပေသည်။
”ငါ့ညီ အစ်ကိုတော့ သားအဖအားလုံးကို အတူတကွ ၀မ်းမြောက်စွာ ရှိစေချင်တာပါပဲ။ သားကြီးဟာ အဖေနဲ့ အတူ ညီငယ်ကို ကြိုဆိုရင် အရမ်းကောင်းမှာပဲ။”
”ကျွန်တော်လည်း အစ်ကိုပြောသလိုပဲ အားလုံးဟာ ၀မ်းသာစွာနဲ့ အဆုံးသတ်ချင်ပါတယ်။ ပန်းချီကားထဲမှာ သားကြီးဟာ ပူးပေါင်းမဲ့ အရိပ်အရောင်လဲမပြ၊ ရှောင်ထွက်သွားမဲ့ အရိပ်အရောင်လဲ မပြပါဘူး။ ဒီလိုလေး ဖြစ်နေအောင် ဆွဲထားတာကိုက ပန်းချီဆရာရဲ့ သမ္ဘာကို ပြနေတာပါပဲ။”
စာရေးသူသည် ပန်းချီဆရာကိုသာမက ပန်းချီဆရာ၏ လက်ရာကို ခံစားကာ ဝေဖန်ပြနိုင်သော ကိုထူးဆန်းကို အထူးပင် ချီးကျူးမိသည်။
” ငါ့ညီ။ မင်းဟာ တော်တော့်ကို ချီးကျူးထိုက်တဲ့ လူငယ်ပါပဲ။ ငါ့ညီသာ မရှိရင် ဒီပန်းချီကားကို အစ်ကို ဘယ်လိုမှ နားလည်နိုင်ခံစားနိုင်မှာ မဟုတ်ဘူး။ အခုတော့ နားလည်တဲ့ အပြင် ၀ိညာဉ် ခွန်အားပါ အရမ်းရတယ်။ ငါ့ညီကို ကျေးဇူးတင်လို့ မဆုံးပါဘူး။”
” ကျေးဇူးတင်စရာ မလိုပါဘူး အစ်ကိုရာ။ ကျွန်တော်လည်း အစ်ကိုနဲ့အတူ ဒီပန်းချီကားကို ခံစားခွင့်ရလို့ အစ်ကို့ကို ကျေးဇူးတင်ပါတယ်။”
”ကဲ ။ နေလည်း အတော် စောင်းပြီ ငါ့ညီရေ။ အိမ်ရှင်မက အစ်ကို့ကို မျှော်ရောပေါ့။ အစ်ကို့ကို ပြန်ခွင့်ပြုပါဦး။ နောက်ထူးထူးခြားခြားလေးရှိရင် အစ်ကို့ကို လက်တို့ စမ်းပါဦး”
”ကောင်းပါပြီ အစ်ကို။ တစ်ခုခု စိတ်ဝင်စားစရာ ရှိရင် ကျွန်တော် ဖုန်းလှမ်းဆက်လိုက်ပါ့မယ်။”
အချင်းချင်း နူတ်ဆက်စကား ဆိုပြီးသည်နှင့် စာရေးသူသည် ကိုထူးဆန်းကို နူတ်ဆက်ကာ အိမ်သို့ ပြန်လာခဲ့သည်။ အိမ်အပြန်လမ်းတစ်လျှောက်တွင် ပန်းချီထဲမှ ပျောက်နေသော သားကြီးနှင့် သားငယ်တို့သာမက မိမိကဲ့သို့ပင် ဘုရားသခင်၏ သားများ ဖြစ်သည်ဆိုသည့် အချက်ကို မေ့လျော့ နေကြသော ပျောက်ဆုံးနေသည့် လူသားထုတစ်ရပ်လုံး အကြောင်းကို တွေးတောရင်းဖြင့်...
ဤလောကရှိ ပျောက်သောသားများသို့ ....
ထို့ထက်ပို၍ ဆိုးသွမ်းပြီးပျောက်နေသော သားများသို့ ...
ထို့ထက်ပို၍ ပျောက်မှန်းမသိ ပျောက်နေသော သားများသို့ ..... ရည်ရွယ်လျက်။
နာမတော်မြတ်၌
လှမင်းသူ

ကိုထူးဆန်း နှင့် ပန်းချီကားတစ်ချပ်






