ကျွန်ုပ်တို့၏ဘဏ္ဍာကို စီမံခန့်ခွဲခြင်း Practical Christian Living Course


ရဲလင်းထွန်း (အင်းစိန်)   ကျွန်ုပ်တို့၏ဘဏ္ဍာကို စီမံခန့်ခွဲခြင်း
Managing Our Finances, Practical Christian Living Course  - Lesson 22

လောကလူသားများနှင့်အသင်းတော်များတွင်၊ ငွေကိုစီမံခန့်ခွဲမှုသည် အလွန်အရေးကြီးလှ၏။ ဘဏ္ဍာကို ဘုရားထံ ဆပ်ကပ် အပ်နှံခြင်းဖြင့်  ငွေ၏ကျေးကျွန် မဖြစ်ရေး (သို့မဟုတ်) ဖြစ်နေခြင်းမှလွတ်မြောက်ရေးအတွက် ထပ်မံတင်ပြရခြင်းဖြစ်ပါသည်။

သော့ချက် ကျမ်းပိုဒ်။ ဘုရားသခင်၏နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှေးဦးစွာ ရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ ပေးတော်မူ လတံ့။ (မဿဲ၊ ၆း၃၃)

သခင်ယေရှုသည် ငွေအကြောင်းနှင့် မည်သို့လျော်ကန်စွာ အသုံးပြုရမည့်အကြောင်းကို ကျမ်းစာထဲတွင် များစွာ ပြောပြထားသည်။ သူက ကျွန်ုပ်တို့သည် ငွေ၏အရေးပါမှုကို လိုသည်ထက် ပိုပြီ အလေးအနက်မထားရန် သင်ကြားခဲ့ပြီး ငွေ၏အရေးပါမှုကို လျှော့မတွက်ရန်လည်း သင်ကြားခဲ့ သည်။ ဤသင်ခန်းစာတွင် ငွေနှင့်ပိုင်ဆိုင်မှုများနှင့် စပ်လျဉ်း၍ ကျမ်းစာထဲတွင်ပြောထားသော အခြေခံသဘော တရား အချို့ကို လေ့လာ ကြမည် ဖြစ်သည်။

.

 

ကြီးမားသော အခြေခံ သဘောတရား (၃)ခု

ကျွန်ုပ်တို့သည် ခရစ်ယာန်တဦးက သူ၏ဘဏ္ဍာကို မည်သို့စီမံခန့်ခွဲသင့်သည့်ကိစ္စကို မစဉ်းစားမီ ငွေကြေးနှင့် ပိုင်ဆိုင်မှုများနှင့် စပ်လျဉ်း၍ အခြေခံသဘောတရား (၃)ခုကို ကြည့်ကြပါစို့။

၁။ ဘုရားသခင်သည် အရာအားလုံးကို ပိုင်ဆိုင်သည်။

ကျမ်းစာက ဤလောကနှင့် လောက၌ ရှိသမျှသောအရာအားလုံးတို့သည် ဘုရားသခင်နှင့်သက် ဆိုင်ကြောင်းကို ရှင်းရှင်းလင်းလင်း ပြောထား သည်။ ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းသောသူ ဖြစ်သည်။ ထို့ကြောင့်အရာအားလုံးသည် သူနှင့် သက်ဆိုင်သည်။ ကျမ်းစာက “ထာဝရဘုရားသည် မြေကြီး နှင့်မြေကြီးတန်ဆာကို၎င်း၊ လောကဓာတ်နှင့် လောကသားတို့ကို၎င်း ပိုင်တော်မူ၏။”ဟု ဆိုသည်။ (ဆာလံ၂၄း၁)

ဘုရားသခင်သည် ကမ္ဘာပေါ်တွင်ရှိသောအရာအားလုံးကို သူတဦးတည်းက လုံးဝဥသုန်ပိုင်ဆိုင် ကြောင်းကို အခိုင်အမာ ဆိုထားသည်။ သူက ထိုအကြောင်းနှင့်ပတ်သက်၍ တိတိကျကျပြောထားသည်။ ဘုရားသခင်က ““ရွှေနှင့်ငွေကို ငါပိုင်၏ဟု ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တောမူ၏””ဟု ဆိုသည်။ (ဟဂ္ဂဲ ၂း ၈) ““တောတိရစ္ဆာန်ရှိသမျှတို့နှင့် တထောင်သော တောင်ပေါ်မှာရှိသော တိရစ္ဆာန်တို့ သည် ငါ၏ဥစ္စာဖြစ်ကြ၏။ .... လောကဓာတ်နှင့် လောကဥစ္စာသည် ငါ၏ဥစ္စာဖြစ်၏”” ဟုဆိုသည်။ (ဆာလံ ၅၀း၁၀၊၁၂)

ဥစ္စာများရှိမည်ဖြစ်သော်လည်း ထိုဥစ္စာများကို ဘုရားသခင်ကသာပိုင်သည်။ ဒါဝိတ် သည် အရာအားလုံးကို ဘုရားသခင်က ပိုင်ဆိုင်ကြောင်း ကို အသိအမှတ်ပြုခဲ့သည်။ သူက““အိုထာဝရဘုရား၊ ဘုန်းတန်ခိုးအာနုဘော်၊ အောင်မြင်ခြင်းအခွင့်အာဏာတော်နှင့် ပြည့်စုံတော်မူ၏။ ကောင်းကင် မြေကြီး၌ ရှိရှိ သမျှကိုပိုင်တော်မူ၏။ အိုထာဝရဘုရား၊ ကိုယ်တော်သည် အစိုးရတော်မူ၏။ ခပ်သိမ်းသောသူတို့၏အထွဋ်၊ မြင့်မြတ်တော်မူ၏။””ဟု ဆိုခဲ့သည်။ (၁ရာချူပ်၊ ၂၉း၁၁)

၂။ ခပ်သိမ်းသောအရာတို့သည် ဘုရားသခင်ဆီမှ လာသည်

ငွေကြေးနှင့်ပိုင်ဆိုင်မှုများနှင့် စပ်လျဉ်း၍ကြီးမြတ်သော အခြေခံသဘောတရားနောက်တစ်ခုမှာ ““ခပ်သိမ်းသောအရာတို့သည် ဘုရားသခင် ဆီမှလာသည်”” ပင်ဖြစ်သည်။ ဘုရားသခင်သည် အရာအားလုံး တို့ကိုပိုင်ဆိုင်ရုံမက ကျွန်ုပ်တို့လက်ခံရရှိသော အရာအားလုံးတို့သည်လည်း သူ့ထံမှ လာသည်။ ဒါဝိဒ်က ““ဂုဏ်အသေရေနှင့်စည်းစိမ်ဥစ္စာသည် ကျေးဇူးတော်ကြောင့်သာဖြစ်၏”” ဟုဆိုခဲ့သည်။(၁ရာချုပ်၊ ၉း၁၂)

ကျွန်ုပ်တို့သည် ပြင်းပြင်းထန်ထန် ကြိုးစား လုပ်ကိုင်ခြင်းဖြင့် ၀င်ငွေရရှိမည်ဖြစ်သော်လည်း အလုပ် လုပ်နိုင်အောင်ခွန်အားပေးသူမှာ ဘုရားသခင်သာဖြစ်သည်။ ဘုရားသခင်ကို မေ့လျော့ပြီး ကျွန်ုပ်တို့၏ စိတ်နှလုံးအတွင်း၌ ““ငါ့တန်ခိုး၊ ငါ့သတ်္တိအားဖြင့် ဤစည်းစိမ်ကို ငါရတတ်သည်”” ဟုမပြောမိစေရန် ကျမ်းစာက သတိပေးထားသည်။ (တရား ၈း၁၇) ဘုရားသခင်၏နှုတ်ကပတ်တော်က ““သင်၏ဘုရားသခင် ထာဝရဘုရားကိုသာ အောက်မေ့ရမည်။ အကြောင်းမူကား၊ ...စည်းစိမ်ရတတ်သောအစွမ်းသတ်္တိကို ဘုရား သခင်ပေးတော်မူ၏”” ဟုဆိုထားသည်။ (တရား ၈း၁၈)

၃။ ကျွန်ုပ်တို့အားလုံးနှင့် ကျွန်ုပ်တို့တွင်ရှိသောအရာအားလုံးသည် ဘုရားသခင်နှင့်သက်ဆိုင်သည်။

ငွေကြေးနှင့် ပိုင်ဆိုင်မှုများနှင့်စပ်လျဉ်း၍  တတိယမြောက်သဘောတရားမှာ ““ကျွန်ုပ်တို့အားလုံးနှင့် ကျွန်ုပ်တို့တွင် ရှိသောအရာ အားလုံးသည် ဘုရားသခင်နှင့်သက်ဆိုင်သည်။”” ပင်ဖြစ်သည်။

ဖန်ဆင်းခြင်းအားဖြင့်ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် သက်ဆိုင်သောသူများဖြစ်ကြသည်။ ကျမ်းစာက ““ထာဝရဘုရားသည် ငါတို့ကို ဖန်ဆင်း တော်မူ၍၊ ငါတို့၏အရှင်ဖြစ်တော်မူ၏။ ငါတို့သည်လည်း ထာဝရဘုရား၏လူဖြစ်ကြ၏။ အထံတော်၌ကျက်စားသောသိုးစုလည်းဖြစ်ကြ၏”” ဟုဆိုသည်။ (ဆာလံ ၁၀၀း၃)

ရွေးနှုတ်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်သက်ဆိုင်သောသူများဖြစ်ကြသည်။ ကျမ်းစာက““အဘယ်သို့နည်း၊ ...မိမိ တို့ကို မိမိမပိုင် ကြောင်းကို မသိကြသလော။ သင်တို့သည် အဘိုးနှင့်ဝယ်တော်မူ သောသူဖြစ်သောကြောင့်၊ ဘုရားသခင်ပိုင်တော်မူသော သင်တို့၏ ကိုယ်ခန်္ဓာနှင့် စိတ်ဝိညာဉ် အားဖြင့် ဘုရား သခင်၏ဂုဏ်တော်ကိုထင်ရှားစေကြလော့။”” ဟုဆိုသည်။ (၁ကော ၆း၁၉-၂၀)

ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်သက်ဆိုင်သောသူများဖြစ်ကြသောကြောင့် ကျွန်ုပ်တို့တွင်ရှိသော အရာများသည်လည်း ဘုရားသခင်နှင့် သက်ဆိုင်သည်။ ဒါဝိဒ်သည် ဤသဘောတရားကိုလည်း နားလည် ခဲ့သည်။ သူသည် အလွန်တန်ဖိုးကြီးလှစွာသော လက်ဆောင်တို့ကို ဗိမာန်တော်တည် ဆောက်ရန် ပေးအပ် ပြီးနောက်သူက ““ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်ကြောင့်သာဖြစ်ပါ၏။”” ဟုဆိုခဲ့သည်။ (၁ရာချူပ်၊ ၂၉း၁၄)

ကျွန်ုပ်တွင်ရှိသမျှအရာအားလုံးသည် ဘုရားသခင်နှင့်သက်ဆိုင်ကြောင်းကို ကျွန်ုပ်သည်အသိအမှတ်ပြု၍ သူ့ထံအပ်နှံသောအခါ ပစ္စည်း ဥစ္စာ များ နှင့် ပတ်သက်၍ စိုးရိမ်ကြောင့်ကြနေခြင်းမှ ကင်းလွတ်မည် ဖြစ်သည်။ ဤဥစ္စာများသည် ကျွန်ုပ်၏ပိုင်ဆိုင်မှုမဟုတ်ဘဲ ဘုရားသခင်၏ ပိုင်ဆိုင်မှု ဖြစ်၍ ကျွန်ုပ်ထက် သူက ဤဥစ္စာတို့ကို များစွာပို၍ ကောင်းကောင်းစောင့်ရှောက်နိုင်သည်။

ငွေကြးနှင့်စပ်လျဉ်း၍ ကျမ်းစာက မည်သို့ သင်ကြားထားသနည်း။

ဘုရားသခင်သည် ငွေကြေးနှင့်စပ်လျဉ်း၍၄င်း၊ ငွေကိုမည်သို့ကိုင်တွယ်ရမည်နှင့်စပ်လျဉ်း၍၄င်း၊ တိကျသော အမိန့်အချို့ကို ပေးထားသည်။ ၄င်းတို့ထဲမှအချို့ကိုလေ့လာကြပါစို့။

++  အကြွေးမတင်စေနှင့်။

ဘုရားသခင်သည် သူ၏လူများကိုအကြွေးမတင်စေလိုပေ။ ကျမ်းစာက “အချင်းချင်းချစ်ခြင်းမေတ်္တာ မှတပါး၊ အဘယ်အကြွေးမျှ မတင်စေနှင့်” ဟုပြောထားသည်။ (ရော၊ ၁၃း၈)

ကျွန်ုပ်တို့တွင် အကြွေးတင်နေပါက ကျွန်ုပ်တို့သည်ကျွန်ုပ်တို့၏ လွတ်လပ်မှုအချို့ကိုဆုံးရှုံးမည် ဖြစ်သည်။ ကျမ်းစာက ““ချေးငှားယူသော သူသည် ချေးငှားပေးသောသူ၌ကျွန်ဖြစ်၏”” ဟုဆိုသည်။ (သုတ္တံ ၂၂း၇)

ဘုရားသခင်သည် လူများကိုသူ့အားအစေခံရန် အကြိမ်အတော်များများခေါ်သော်လည်း သူတို့သည် အကြွေးတင်နေကြသည့် အတွက် အစေမခံနိုင်ကြပါ။

++  ချမ်းသာလာရန် အလွန်အမင်း ကြိုးစားအားမထုတ်ပါနှင့်။

အခြားအရာတစ်ခုခုက လူတို့ကိုပျက်စီးစေခြင်းထက် ငွေကိုချစ်၍တပ်မက်ခြင်းက လူတို့ကိုသာ၍  ပျက်စီးစေသည်။ ကျမ်းစာက “အကြောင်း မူကား၊ ငွေကိုတပ်မက်ခြင်းသည် မကောင်းသောအမှုအပေါင်းတို့ တွင်မူလအမြစ်ဖြစ်သတည်း။ လူအချို့တို့သည် ငွေကိုတပ်မက်သောကြောင့် ယုံကြည် ခြင်း တရားလမ်းမှလွဲ သွား၍ပူပန်ခြင်းဝေဒနာများနှင့် ကိုယ့်ကိုကိုယ်ထုတ်ချင်းခတ်အောင်ထိုးကြပြီ။”ဟု ဆိုသည်။ (၁တိ ၆း၁၀)

ချမ်းသာသောသူများသာ ငွေကိုတပ်မက်ကြခြင်း မဟုတ်ပါ။ ငွေအနည်းငယ်ရှိသူများသည်လည်း ငွေကို အလွန်အမင်း တပ်မက် ကြလေ့ ရှိသည်။ ကျမ်းစာက ဖြတ်လမ်းနည်းနှင့်လွယ်ကူသောနည်းလမ်းများကို အသုံးပြု၍ ချမ်းသာလာအောင်ပြုလုပ်ခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့ကို သတိပေး ထားသည်။ မရိုးဖြောင့်သူ များသည် အလျင်အမြန်ကြီးပွားလာရန်အတွက် အစီအစဉ်များရေးဆွဲကာ အယုံလွယ်သော သူများထံမှ ငွေများကို ခိုးယူ လေ့ရှိသည်။ ကျမ်းစာက ““ငွေရတတ်ခြင်းငှာအလျင်အမြန်ပြုသောသူသည် မနာလိုသောစိတ် ရှိတတ်၏။ နောက်တဖန် ဆင်းရဲခြင်းသို့ ရောက်မည်ဟု မအောက်မေ့တတ်။”” ဟုဆိုသည်။ (သုတ္တံ ၂၈း၂၂)

++   ငွေကို မသိုလှောင်ပါနှင့်။

ခရစ်ယာန်တိုင်းသည် သူတို့ရှာဖွေထားသောငွေများထဲမှအနည်းငယ်ကို အရေးပေါ်ကိစ္စများတွင် အသုံးပြုရန်အတွက် စုဆောင်း ထား သင့်သည်။ သို့သော်ငွေကိုမသိုလှောင်ထားသင့်ပါ။ ဥာဏ်ပညာအရှိဆုံး ရှောလမုန်မင်းကြီးက ““စည်းစိမ်ရှင်သည် ကိုယ်အကျိုး ပျက်သည် တိုင်အောင်၊ စည်းစိမ်ကိုသိုထားခြင်းတည်း ဟူသောနေအောက်၌အလွန်ဆိုးသော အမှုအရာကိုငါမြင်ပြီ။”” ဟုဆိုခဲ့သည်။ (ဒေ ၅း၁၃)

ယေရှုက မြေကြီးပေါ်မှာ ဘဏ္ဍာကိုသိုမှီးထားခြင်းထက် ကောင်းကင်ဘုံ၌ကျွန်ုပ်တို့၏ဘဏ္ဍာကို သိုမှီးထားကြရန် တိုက်တွန်း ထားသည်။ သူက ““သံချေး၊ ပိုးရွဖျက်ဆီး၍၊ သူခိုးတွင်ဖောက်ယူခိုးယူရာ မြေကြီးပေါ်မှာ ဘဏ္ဍာကိုမဆည်းပူးကြနှင့်။... အကြောင်းမူကား၊ အကြင်အရပ်၌ သင်တို့၏ ဘဏ္ဍာရှိ၏။ ထိုအရပ်သို့ သင်တို့၏စိတ်နှလုံးရောက်တတ်၏။”” ဟုဆိုသည်။ (မဿဲ ၆း၁၉-၂၁)

++  ငွေကို ဘုရားကဲ့သို့ မကိုးကွယ်ပါနှင့်။

ကျွန်ုပ်တို့သည် ငွေကိုကျွန်ုပ်တို့၏ဘ၀ရည်မှန်းချက်အဖြစ်ထားပါက ဘုရားသခင်ကို အစေခံနိုင် မည်မဟုတ်ပါ။ ယေရှုက တချိန်တည်း၌ ဘုရားရော၊ ငွေရောကိုအစေခံရန်မဖြစ်နိုင်ပါဟု ပြောခဲ့သည်။ သခင်က ““အဘယ်အစေခံမျှ၊ သခင်နှစ်ဦးအစေကိုမခံနိုင်။ သခင်တစ်ဦးကိုမုန်း၍တစ်ဦးကို ချစ်မည်။ သခင်တစ်ဦးကိုမှီခို၍ တစ်ဦးကိုမခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏အစေကို၎င်း၊ လောကီ စည်းစိမ်ကို၎င်းမခံနိုင်ကြ”” ဟု မိန့်တော် မူ၏။ (လုကာ ၁၆း၁၃)

ကျမ်းစာက ငွေကဖြစ်စေနိုင်သောအန္တရာယ်နှင့်ပတ်သတ်၍ ခဏခဏသတိပေးထားသည်။ ယေရှုက ငွေကို ““မဖြောင့်မတ်ခြင်း၏စည်းစိမ်”” ဟုခေါ်ခဲ့သည့်အကြောင်းမှာ ငွေသည်စာတန်၏မဖြောင့် မတ်သော ကမ်္ဘာ့ဖွဲ့စည်းပုံ၏ တစိတ်တဒေသဖြစ်ပြီး ငွေကလူများကို ဘုရားသခင်နှင့်ဝေးရာသို့ မကြာခဏ ခေါ်ဆောင်သွားသောကြောင့်ဖြစ်သည်။ ကျမ်းစာက ““ငွေရတတ်ခြင်းငှာ အလိုရှိသောသူတို့သည် အပြစ် သွေးဆောင်ခြင်း၊ ဘမ်းမိခြင်း၊ မိုက်မဲဖျက်ဆီးတတ်သောတပ်မက်ခြင်းများထဲသို့ ကျရောက်တတ်ကြ၏။ ထိုသို့သောအားဖြင့် လူတို့သည် အကျိုးနည်းခြင်း၊ ပျက်စီးခြင်း၌ နစ်မွန်း တတ်ကြ၏။ (၁တိ ၆း၉)

ငွေသည်လူများကို သူတို့သည်အာဏာရှိ၍အရေးပါသူများဖြစ်ကြောင်း ခံစားမှုကိုဖြစ်စေသော်လည်း စစ်မှန်သောလုံခြုံစိတ်ချမှုကိုမူ မပေး နိုင် ပါ။ ကျမ်းစာက ““ဤဘ၀၌ ငွေရတတ်သောသူတို့သည် မာန်မာန စိတ်နှင့်ကင်းလွတ်၍၊ မမြဲသောစည်းစိမ်ကို မကိုးစားရမည် အကြောင်း...ပညတ် ထားလော့”” ဟုဆိုသည်။ (၁တိ ၆း၁၇)

၁၉၂၁တွင် ငွေများစွာရတတ်သော ကမ္ဘာ့အအောင်မြင်ဆုံး စီးပွားရေးလုပ်ငန်းရှင် (၉)ဦးသည် ချီကာဂိုမြို့ရှိ Edgewater ဟိုတယ်တွင် တွေ့ဆုံခဲ့ကြသည်။ ၄င်းတို့ထဲတွင် ဈေးကွက်တစ်ခုကို အကြီးမား ဆုံးလက်ဝါးကြီးအုပ်စိုး၍ပိုင်ဆိုင်သော ကုမ္ပဏီတစ်ခု၏ဦးစီးခေါင်းဆောင်တစ်ဦး၊ Wall Street တွင် အအောင်မြင်ဆုံး တွက်ချက်နိုင်သူတစ်ဦး၊ အကြီးမားဆုံး သံမဏိကုမ္ပဏီတစ်ခု၏ဥက္ကဋ္ဌ၊ အကြီးမားဆုံး ၀န်ဆောင်မှုလုပ်ငန်းတစ်ခု၏ ဥက္ကဋ္ဌ၊ အကြီးမားဆုံးဓာတ်ငွေ့ကုမ္ပဏီတခု၏ဥက္ကဋ္ဌ၊ အမေရိကန်၌ အကြီးမား ဆုံးဂျုံဈေးကွက်ကို တွက်ချက်နိုင်သူတဦး New York စတော့ရှယ်ယာ ဈေးကွက်၏ ဥက္ကဋ္ဌ၊ နိုင်ငံတကာ အခြေချနေထိုင်ရေးနှင့် သက်ဆိုင်သောဘဏ်တစ်ခု၏ဥက္ကဋ္ဌနှင့် ၀န်ကြီးအဖွဲ့မှဝန်ကြီးတဦးတို့ ပါဝင်သည်။

၂၅ နှစ်ကြာပြီးနောက် ဤကဲ့သို့ တန်ခိုးအာဏာနှင့် စည်းစိမ်ကို ပိုင်ဆိုင်ကြသော အထက်ပါလူများ သည် ဘယ်လိုဖြစ်သွားကြသနည်း။

ဈေးကွက်တခုကို အကြီးမားဆုံးလက်ဝါးကြီးအုပ်ထားသော ကုမ္ပဏီ၏ ဦးစီးခေါင်းဆောင်ဖြစ်သူ Ivar Krueger သည် မိမိကိုယ်ကို သတ်သေခဲ့သည်။ Wall Street အအောင်မြင်ဆုံးတွက်ချက်နိုင်သူ Jessie Livermore သည်လည်း မိမိကိုယ်ကို သတ်သေသွားခဲ့သည်။ အကြီးမားဆုံး သံမဏိကုမ္ပဏီ၏ ဥက္ကဋ္ဌ Charles Schwab သည်ဒေ၀ါလီခံရပြီး သေဆုံးခဲ့သည်။ အကြီးမားဆုံးဝန်ဆောင်မှုပေးသော ကုမ္ပဏီ၏ဥက္ကဋ္ဌ Samuel Insull သည် ကုန်းကောက်စရာမရှိသော ၀ရမ်းပြေးတဦးအနေဖြင့် အခြားနိုင်ငံ တစ်နိုင်ငံတွင် သေဆုံးသွားခဲ့သည်။ အကြီးမားဆုံး ဓါတ်ငွေ့ ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သူ Howard Hopson သည် ရူးသွပ်သွားခဲ့ သည်။ အကြီးမားဆုံး ဂျုံဈေးကွက်ကို တွက်ချက်နိုင်သူ Arthur Cotton သည်မွဲသွားပြီး နိုင်ငံရပ်ခြား၌ သေဆုံးခဲ့ ရသည်။ New Yorkု စတော့ဈေးကွက်၏ ဥက္ကဋ္ဌဖြစ်သူ Richard Whitney သည် ငွေနှင့ ပတ်သက်၍ ကလိန်ကျထားကြောင်း အပြစ်တွေ့ရှိသဖြင့် Sing Sing အကျဉ်းထောင်သို့ ရောက်သွား ခဲ့သည်။ နိုင်ငံတကာ အခြေချရေးဘဏ်၏ဥက္ကဋ္ဌဖြစ်သူ Leon Fraser သည်မိမိကိုယ်ကို သတ်သေခဲ့သည်။ သမ္မတ၏ ၀န်ကြီးအဖွဲ့၏ ၀န်ကြီး Albert Fall သည်လည်း အပြစ်လုပ်ထားသည့်အတွက် ထောင်နန်းစံရပြီး အိမ်၌ပြန် သေနိုင်ရန် အတွက် ထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့သည်။

အထက်ပါလူကြီးများသည် မိမိတို့၏အသက်တာကို ငွေအပေါ်တွင်သာ ပုံအောထားခဲ့သည်။ ငွေများ ဆုံးရှုံးသွားသောအခါ သူတို့ အသက်ရှင်စရာ အကြောင်းဘာမှ မရှိတော့ပါ။ ကျွန်ုပ်တို့သည် မသေမချာမရေရာသော စည်းစိမ်တို့ကို ယုံကြည်ကိုးစားမည့်အစား ကျွန်ုပ်တို့၏ “ငါတို့ခံစားဘို့ရာ၊ အလုံးစုံ တို့ကို ကြွယ်ဝစွာပေးသနားတော်မူသော၊ အသက်ရှင်သောဘုရားသခင်””ကို ယုံကြည်ကိုးစားရမည် ဖြစ်သည်။ (၁တိ ၆း၁၇)

ငွေကို ဉဏ်ပညာရှိစွာ စီမံခန့်ခွဲခြင်း

ငွေနှင့်စပ်လျဉ်း၍ ကျမ်းစာထဲတွင် အလေးအနက်ပြောထားသော သဘောတရားတခုမှာ ““ကျွန်ုပ်တို့ သည် ငွေကြေး ပမာဏ အနည်းငယ်ကို ဉဏ်ပညာရှိစွာ ကိုင်တွယ်အသုံးပြုပါက ဘုရားသခင်သည် သာ၍ များသောငွေကို ပေးအပ်မည်””ပင်ဖြစ်သည်။ (မဿဲ ၂၅း၁၄-၃၀တွင် ကြည့်ပါ။) ငွေကို ဉဏ်ပညာရှိစွာ ကိုင်တွယ်အသုံးပြုနိုင်မည့် လက်တွေ့ကျသော နည်းလမ်းအချို့ကို ကြည့်ကြပါစို့။

ဘတ်ဂျက်ထားပါ

လူများစွာသည် သူတို့၏ငွေနှင့်ပတ်သက်လာလျှင် ဂရုတစိုက်မရှိကြပေ။ သူတို့သည် ငွေကို သုံးဖြုန်းပစ်ပြီး ““ငွေတွေအားလုံး ဘယ်ရောက် သွားကြပါလိမ့်””ဟူ၍ ပြောတတ်ကြသည်။ ဤအရာကိုရှောင် ရှားနိုင်ရန်အတွက် နည်းလမ်းမှာ ဘတ်ဂျက်ထားရှိရန်နှင့် အသုံး စရိတ်အားလုံးကို မှတ်တမ်း တင်ထားရန် ဖြစ်သည်။

အရေးပေါ်ကိစ္စများတွင် အသုံးပြုရန်အတွက် ငွေအချို့ကို သီးသန့်ဖယ်ထားပါ။

မိသားစုတိုင်းတွင် ကိစ္စများသည် အလွဲလွဲအချော်ချော်ဖြစ်၍ အရေးပေါ်ကိစ္စများပေါ်လာသော အချိန်များရှိနိုင်သည်။ ဥပမာ အားဖြင့် မမျှော် လင့် ထားသောကားအတွက် အသုံးစရိတ်နှင့်ဆေးဖိုးဝါးခ စသည်တို့ဖြစ်သည်။ အရေးပေါ်ကိစ္စများတွင် အသုံးပြုရန်အတွက် ငွေကို သီးသန့် ဖယ်ထားခြင်း ဖြင့် ထိုမမျှော်လင့်ထားသော ကုန်ကျစရိတ်များကို သင်၏ဘတ်ဂျက်ကို မထိခိုက်စေဘဲ ပေးဆောင်နိုင်သည်။

အကြွေးများစွာတင်၍  အကြွေးဝယ်ကဒ်ဖြင့် ၀ယ်ယူခြင်းမှရှောင်ကြဉ်ပါ။

ကျွန်ုပ်တို့သည် ဤလောက၏အတွေးအခေါ်တစ်ခုဖြစ်သော ““ယခုဝယ်-နောက်မှငွေရှင်း””ကို ရှောင်ကြဉ်ရမည်။ အကြွေးဝယ် ကဒ်ဖြင့် လွယ်ကူစွာအကြွေးဝယ်နိုင်သောအခါ အကြွေးကိုပြန်မပေးချေနိုင် လောက်အောင် အကြွေးများစွာတင်နိုင်သည်။

လိုအပ်သောအရာများနှင့် လိုချင်သောအရာများကို ခွဲခြားသိမြင်ပါ။

ဘုရားသခင်သည် ကျွန်ုပ်တို့လိုအပ်သောအရာအားလုံးတို့ကို ပေးရန်ကတိပေးထားသော်လည်း ကျွန်ုပ်တို့ လိုချင်သောအရာ အားလုံးတို့ကို ပေးရန် ကတိမပေးထားပါ။ ကျွန်ုပ်တို့သည် ဤအရာနှစ်ခုကို ပိုင်းခြားသိမြင်ရမည်။ ကျွန်ုပ်တို့သည် ပစ္စည်းတို့ကို ၀ယ်ယူရာတွင်၊ ကျွန်ုပ်တို့က ထိုပစ္စည်း တို့ ကို လိုချင်၍(သို့)ခေတ်စားနေ၍ ၀ယ်ယူခြင်းမဟုတ်ဘဲ ထိုပစ္စည်းတို့က ကျွန်ုပ်တို့အတွက် အမှန်တကယ်အသုံးဝင်သောကြောင့် ၀ယ်ယူခြင်းဖြစ်သင့်သည်။

မစဉ်းစားမတွေးတောဘဲ ရုတ်တရက်ဝယ်ယူခြင်းကို ရှောင်ကြဉ်ပါ။

မကြာခဏပင်ကျွန်ုပ်တို့သည် ကျွန်ုပ်တို့လိုချင်သောအရာတစ်ခုကိုတွေ့ပါက မိမိဝယ်နိုင်လား၊ မ၀ယ်နိုင်လားဆိုတာကို မစဉ်းစား တော့ဘဲ ရုတ်တရက်ဝယ်ယူလေ့ရှိကြသည်။ ဤအမှားမျိုးကို ““လုပ်ဆောင်မှုကိုနှောင့်နှေးစေသောနည်း””ဖြင့် ရှောင်ကြဉ်နိုင်သည်။ လုပ်ဆောင်မှုကို နှောင့်နှေး စေသောနည်း ဆိုသည်မှာ အဘယ်နည်း။ ထိုနည်းမှာ ““ပစ္စည်းတစ်ခုကို ကျွန်ုပ်အားဝယ်ယူရန်အတွက် ဖိအားပေး နေတုန်း မည်သည့်ပစ္စည်းကိုမျှ မ၀ယ် ပါနှင့်။ အရောင်းဝန်ထမ်းသည် သူပြောလိုတာကိုပြောပြီးသောအခါတွင် ““ကျေးဇူးတင်ပါတယ်။ ကျွန်ုပ်ဝယ်/မ၀ယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကို တစ်ရက် (သို့) နှစ်ရက် အတောအတွင်း အသိပေးပါမယ်”” ဟုပြောလိုက်ပါ။

ဤသို့လုပ်ခြင်းသည် ထိုပစ္စည်းနှင့်ပတ်သက်၍သင့်ကိုစဉ်းစားနိုင်ရန် အချိန်ပေးပြီးယင်းပစ္စည်းကို ၀ယ်ယူရန် ပြောဆိုတိုက်တွန်း နေသော အရောင်းစာရေး၏ဖိအားများမရှိဘဲ သင်၏ဆုံးဖြတ်ချက်ကို လွတ်လပ်စွာ ချနိုင်မည်ဖြစ်သည်။

ငွေကို အချိန်မှန် ပေးချေပါ။

ငွေကို အလျင်အမြန် ပေးချေခြင်းသည် ဘုရားသခင်၏ဂုဏ်အသရေတော်ကို ထင်ရှားစေခြင်းဖြစ်သည်။ ဤသို့ပေးချေခြင်းသည် သင့်ကို နာမည်ကောင်း ရစေပြီး အကြွေးဝယ်ကဒ်၌အဆင့်သတ်မှတ်ချက် ကောင်းကောင်းရစေသည်။ ကယ်တင်ခြင်း မခံရသောသူများကိုလည်း ကောင်းသော သက်သေ ပြနေခြင်း ဖြစ်သည်။

ဘုရားသခင် ပြင်ဆင်ချပေးသောအရာများအားဖြင့်သာ အသက်ရှင်နေထိုင်ပါ။

ဘုရားသခင်က ကျွန်ုပ်တို့လိုအပ်သောအရာများကို ပြင်ဆင်ချပေးရန်ကတိပေးထားသော်လည်း အလွန်ကြွယ်ဝပြည့်စုံစွာ နေရမည်ဟု ကတိ ပေးမထားပါ။ ခရစ်ယာန်တိုင်းသည် ဘုရားသခင်ပြင်ဆင်ချပေးသောအရာများအားဖြင့်သာ အသက်ရှင်နေထိုင်တတ်ရန် သင်ယူပြီး စည်းစိမ်ဥစ္စာနှင့် လောကီအရာများကို ရရှိလိုသောတပ်မက်စိတ်ကြောင့်ဖြစ်ပေါ်လာသော ဖိအားများနှင့် ကင်းလွတ်စွာ နေထိုင် တတ်ရန် သင်ယူ ရမည်ဖြစ်သည်။ တမန်တော်ပေါလုသည် သူ၌ အနည်းငယ်သာ ရှိသည်ဖြစ်စေ၊ များစွာရှိသည်ဖြစ်စေ၊ ကျေနပ်ရောင်ရဲစွာ အသက်ရှင်နေထိုင်တက်ရန် သင်ယူခဲ့သည်။ သူက ““အကြောင်းမူကား၊ ငါသည်တွေ့ကြုံ သမျှသောအချင်းအရာတို့၌ ရောင့်ရဲသောစိတ် ရှိအံ့သောငှာသင်မိပြီး၊ ရှုတ်ချခြင်း (ဘာမှမရှိဘဲအသက်ရှင် နေထိုင်ခြင်း) ကို၎င်း၊ ကြွယ်ဝခြင်းကို၎င်း ခံတတ်၏”” ဟုဆိုသည်။ (ဖိ၎း၁၁-၁၂)

အထူးသတိပေးချက်။ ။ ချေးငွေပြန်ပေးရန်ကတိစာချုပ်ကို ပူးတွဲလက်မှတ်မထိုးပါနှင့်။

သုတ္တံကျမ်းထဲတွင် အခြားသူတစ်ဦး၏အကြွေးအတွက် အာမခံမလုပ်ပေးရန် (၆) ကြိမ်တိုင်တိုင် ဘုရားသခင်ကသတိပေးထားသည်။ ယနေ့ တွင် ထိုအချင်းအရာကို ““အာမခံစာချုပ်တွင်ပူးတွဲလက်မှတ်ထိုး ပေးခြင်း”” ဟုခေါ်ကြသည်။ ကျွန်ုပ်တို့သည် အခြားသူတစ်ဦးနှင့် အာမခံစာချုပ်တွင် ပူးတွဲ လက်မှတ်ထိုးပေးခြင်းအားဖြင့် ထိုအကြွေးကိုပေးချေရန်အတွက် ကျွန်ုပ်တို့တွင်လည်း တာဝန်ရှိလာကြောင်းကို သိရမည် ဖြစ်သည်။ အကယ်၍ အကြောင်း တစ်ခုခုကြောင့် အခြားလူသည် သူ့အကြွေးကိုပေးချေရန်ပျက်ကွက်ခဲ့ပါက ကျွန်ုပ်တို့က အကြွေးကို ပေးချေရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ချေးငွေပြန် ပေး ရန်ကတိစာချုပ်တွင် အခြား သူတစ်ဦးဦးနှင့်လက်မှတ်မထိုးသင့်ပါ။ အကြောင်းမှာ ဘုရားသခင်က မထိုးပေးရန် ရှင်းရှင်းလင်းလင်း ပြောထားသော ကြောင့် ဖြစ်သည်။ ကျမ်းစာက ““လက်ဝါးချင်းရိုက်ထားသောလူစုနှင့် သူ့ကြွေးကို အာမခံသော လူစုထဲသို့မ၀င်နှင့်။”” ဟုဆိုထားသည်။ (သု၂၂း၂၆)

လူများစွာသည် မိတ်ဆွေတစ်ဦးဦး၏အာမခံစာချုပ်ကို ပူးတွဲလက်မှတ်ထိုးပေးခြင်းအားဖြင့် ထိုမိတ်ဆွေကို ကူညီရန် ကြိုးစား ကြသောအခါ၊ နောက်ဆုံး၌ သူတို့၏ငွေရော၊ မိတ်ဆွေကိုပါ ဆုံးရှုံးခံရသည့် ၀မ်းနည်းဖွယ်အတွေ့အကြုံများကို ကြုံတွေ့ဖူးပေမည်။

အကြွေးတင်ခြင်းမှကင်းလွတ်ရန် မည်သို့လုပ်ရမည်နည်း။

ခရစ်ယာန်တစ်ဦးသည် သခင်ယေရှု၏ဂုဏ်အသရေတော်ကို ထင်ရှားစေသောပုံစံမျိုးအားဖြင့် သူ၏ ဘဏ္ဍာကို ကိုင်တွယ် အသုံးပြုရမည် ဖြစ် သည်။ အတိတ်ကပေးချေရန်ပျက်ကွက်ခဲ့သော Bill များနှင့်အကြွေး များသည် ညံ့ဖျင်းသောပုံသက်သေဖြစ်ပြီး သခင်၏ အသရေတော်ကို ပျက်စေသည်။

အကြွေးတင်နေသူအများစုသည် အကြွေးတင်ခြင်းမှလွတ်မြောက်ရန်အတွက် လိုအပ်သည့်အရာမှာ ၀င်ငွေပို၍ များများရရန် ဖြစ်သည်ဟု ထင်ကြသည်။ သို့သော်အဖြေမှာ ထိုကဲ့သို့မလွယ်ကူလှပါ။ လူအချို့ သည်ငွေအနည်းငယ်သာရှိပြီး အကြွေးတင်သည်။ ထို့နောက် ၀င်ငွေများများ ပို၍ ရလာသောအခါတွင် အကြွေးနွံထဲပို၍နစ်လာသည်။

ဘဏ္ဍာရေးအရ လွတ်လွတ်လပ်လပ်ရှိရန်အတွက် လိုအပ်သည့်အရာများမှာ မှန်ကန်သောသဘောထားနှင့်လုပ်ဆောင်မှုများ ဖြစ်သည်။ အကြွေးနှင့်ကင်းလွတ်ရန်အတွက် သင့်၌အကြွေးမှကင်းလွတ်လိုသော ပြင်းပြသောစိတ်ဆန္ဒရှိရန်လိုအပ်သည်။ သင့်ကို အကြွေးမှ ကင်းလွတ်စေရန် ဘုရားသခင်အလိုတော်ရှိသည် ကို သင်ယုံကြည်ရမည်ဖြစ်သည်။ သင့်အတွက် ဘုရားသခင်သည် မည်သည့်အရာကိုမဆို အလိုတော်ရှိသည် ဖြစ်စေ၊ ထိုအရာသည် သင့်ဘ၀တွင်လက်တွေ့ဖြစ်ပေါ်လာနိုင်သည်။

အောက်ပါတို့မှာ ဘဏ္ဍာရေးအရ လွတ်လွတ်လပ်လပ်ရှိရန်အတွက်သင်လုပ်ဆောင်ရမည့်အဆင့်အချို့ ဖြစ်သည်။

(၁)မပေးချေရသေးသော Bill များနှင့်အကြွေးများကို အစဉ်လိုက်ချရေးထားပါ။

အကြွေးတစ်ခုစီတိုင်းအတွက် သင်ပေးရမည့်ကုမ်္ပဏီ၊ ဘဏ်၊ လူပုဂ်္ဂိုလ်တို့၏နာမည်နှင့်အတူ သူတို့ကိုဆက်သွယ်နိုင်ရန်လိပ်စာနှင့် ပေးချေရ မည့် ငွေကြေးပမာဏကိုလည်း ချရေးထားပါ။ အကြွေးတိုင်းကို မှတ်သားထားကြာင်း သေချာစေပါ။

(၂)သင်၏လက်ရှိ Budget ကိုခွဲခြမ်းစိတ်ဖြာပါ။

လိုအပ်ချက်ကြောင့်အရေးတကြီးသုံးစွဲရမည့် အသုံးစရိတ်တို့ကိုထိပ်ဆုံးမှစတင်၍ရေးချပါ။ အမှန် တကယ် လိုအပ်နေသောအရာ တို့ကိုသာ ချရေးထားပါ။ ဇိမ်ခံပစ္စည်းများနှင့် သင့်အတွက်မလိုအပ်သော ရေရှည်မသုံးစွဲနိုင်သည့်ပစ္စည်းတို့ကိုချမရေးထားပါနှင့်။ လိုအပ်ချက်ကြောင့်သုံးစွဲရမည့် အသုံးစရိတ်တို့ကို ချရေးပြီးနောက် သင့်၌ငွေမည်မျှကျန်သည်ကိုသုံးသပ်ပါ။ ဤ ကျန်ရှိနေသေးသော ငွေပမာဏကို ပုံမှန် အကြွေးပြန်ဆပ်နိုင်ရန်အတွက် အသုံးပြုသင့်သည်။ ဤအချက်ကို စိတ်ထဲတွင်သေချာမှတ်ထားပါ။ ““သင်သည် သင့်လက်ထဲတွင်ငွေရှိမည်ဖြစ်သော်လည်း အကယ်၍ သင်သည် တစ်စုံတစ်ဦးကို အကြွေးဆပ်ရန် ရှိပါကသင်ပိုင်သောထိုငွေသည် သင့်အပိုင် မဟုတ်ပါ။ သင်အကြွေးဆပ်ရမည့်သူနှင့်သာ ထိုငွေသည် သက်ဆိုင်သည်။

အကြွေးရှင်ကို ပေးချေနိုင်မည့် ငွေပမာဏကို ဆုံးဖြတ်၍ ပေးချေမည့်အစီအစဉ် ရေးဆွဲပါ။

အကြွေးကိုအကုန်ဆပ်ပြီးသည့်တိုင်အောင် အကြွေးရှင်တို့ကိုပုံမှန်ပေးချေနိုင်မည့် ငွေပမာဏကိုဆုံး ဖြတ်ပါ။ Bill အချို့သည် အခြား Bill များ ထက် သာ၍များသော ငွေပမာဏကို လစဉ်ပေးချေ ရန်လိုနိုင်သည်။ သင်သည် အကြွေးရှင်တစ်ဦးစီတိုင်းကို တစ်လအတွင်း သင်အများဆုံး ပေးချေ နိုင်မည့် ငွေပမာဏ ကိုသတ်မှတ် ဆုံးဖြတ်ပါ။ ထိုစာရင်းကိုချရေးပြီးနောက် အကြွေးတစ်ခုစီတိုင်းကို တစ်လအတွင်း သင်အများဆုံး ပေးချေနိုင် မည့် ပမာဏနှင့်ရက်စွဲကိုခန့်မှန်း၍ အကြွေးတစ်ခုစီတိုင်း၏နံဘေးတွင်ရေးပါ။ ဤအစီအစဉ်ကို ရေးဆွဲပြီးနောက် သင့်ဘက်မှ အကြွေးကိုပြန်ဆပ်ရမည့် တာဝန်ကို အလေးအနက်ထားပြီး ရိုးသားစွာကြိုးစားအားထုတ်မှု ရှိကြောင်းကို ဤအစီအစဉ်က ကိုယ်စားပြုရမည်ဖြစ်သည်။

သင်၏အစီအစဉ်သည် အကျိုးဖြစ်ထွန်းနိုင်ရန်အတွက် အသက်ရှင်နေထိုင်ရန်အတွက် မလိုအပ်သော ပစ္စည်းများအတွက် ငွေသုံးစွဲခြင်းကို ရပ်စဲ ရမည်ဖြစ်သည်။ အကြွေးဝယ်ခြင်းကိုလည်းရပ်တန့်ပါ။ ပစ္စည်း ၀ယ်လျှင်လက်ငင်းပေး၍၀ယ်ယူပါ။ သင်၏ငွေများဘယ်ရောက်သွားလဲဆိုတာသိနိုင်ဖို့ သင်သည် ဘယ်အရာများအတွက်ငွေသုံးစွဲခဲ့သည်ကို မှတ်တမ်းတင်ချရေးထားပါ။

(၄) သင်၏အသစ်ရေးဆွဲထားသောအကြွေးပေးချေရန်အစီအစဉ်ကိုတင်ပြပါ။

အကြွေးရှင်တစ်ဦးစီတိုင်းနှင့် ဆွေးနွေးစကားပြောပြီး သင့်အခြေအနေကိုရှင်းပြပြီး သင့်အစီအစဉ်ကို တင်ပြပါ။ အကြွေးပေးချေရန် အတွက် သင်ဆွဲထားသောအစီအစဉ်နှင့်ပတ်သက်၍ သူသဘောတူလား၊ မတူလားဆိုတာကိုမေးကြည့်ပါ။

သင်သည် သင်၏ကတိစောင့်ထိန်း၍ သင်ကတိပေးထားသည့်အတိုင်းလုပ်ဆောင်ရန် အရေးကြီးသည်။ အကြောင်း တစ်ခုခုကြောင့် သင်သည် အချိန်မီ မပေးချေနိုင်ပါက သက်ဆိုင်သည့်အကြွေးရှင်ကို အသိ ပေးထားကြောင်း သေချာစေပါ။

(၅) သင့်အစီအစဉ်ကို အကောင်အထည်ဖော်နိုင်ရန် ကြိုးစားအားထုတ်ပါ။

ဤအစီအစဉ်အတိုင်း မဆုတ်မသုန်လုပ်ဆောင်ပါက သင့်အကြွေးများကို စတင်ပေးချေနိုင်ပေမည်။ အကြွေးတခုကို အပြည့်အ၀ ပေးချေပြီး ပါက ထိုအကြွေးကိုအကြွေးစာရင်းမှ ဖျက်လိုက်ပါ။ သင့်အကြွေးကို ပေးချေခြင်းသည် သင့်အတွက်များစွာ တန်ဖိုးရှိသည်။ အကြောင်းမှာ သင်သည် ဘုရားသခင်ကို နာခံနေခြင်းဖြစ်သောကြောင့်ဖြစ်ပြီး သူသည်သင့်ကိုကောင်းချီးပေးမည် ဖြစ်သည်။

သင့်စိတ်ထဲတွင် ဤအရာကို ဆုံးဖြတ်ပါ။ ဘယ်တော့မှ အကြွေးဆပ်ရန် မရှောင်တိမ်ပါနှင့်။ အကြွေး တင်ခြင်းသည် ရှက်စရာ မဟုတ်သော် လည်း ရိုးသားစွာပြုလုပ်ရမည့် တာဝန်ကိုရှောင်ရှားခြင်းသည် ရှက်စရာဖြစ်သည်။ ခရစ်ယာန်တစ်ဦးသည် သူ၏ရိုးသားစွာ လုပ်ဆောင်ရမည့် တာဝန်ကို လုပ်ဆောင်ရန် ပျက်ကွက်ခြင်းနှင့်ပတ်သက်၍ မည်သည့်ဆင်ခြေမှ မပေးနိုင်ဘဲ ထိုအခြင်းအရာသည် တရားမျှတမှု့ရှိသည် ဟု ဘယ်တော့မှမပြောနိုင်ပါ။ အကြွေးမှရှောင်ရှားခြင်းသည် မရိုးမဖြောင့်ခြင်းဖြစ်ရုံမက သင်၏ကိုယ်ကို ကိုယ် လေးစားမှု့ကို ဆုံးရှုံးစေရုံသာမက အခြားသူများ၏ လေးစားမှု့ကိုလည်း ဆုံးရှုံးစေနိုင်သည်။

ကျွန်ုပ်၏ ဦးစားပေးသောအရာများ


ကျွန်ုပ်တို့အရင်ဦးဆုံး လုပ်ရမည့်အရာများကို မှန်ကန်စွာဆုံးဖြတ်ခြင်း

ငွေရှာရန်သည် ဘ၀ရည်ရွယ်ချက်မဟုတ်ပါ။ ဤလောကသည် လူ့တစ်ဦး၌ငွေမည်မျှရှိသည်၊ ပိုင်ဆိုင်မှု့ မည်မျှရှိသည့်အပေါ်တွင် မူတည်၍ အောင်မြင်မှုကိုတိုင်းတာသည်။ သို့သော် ဤသို့အောင်မြင်မှုကို တိုင်းတာခြင်းသည် မမှန်ကန်ပါ။ ယေရှုက ““အကြောင်းမူကား၊ စည်းစိမ်ရှိသော်လည်း၊ စည်းစိမ်၌အသက် မတည်”” ဟုမိန့်တော်မူခဲ့သည်။ (လုကာ ၁၂း၁၅)

သခင်ယေရှုသည် စစ်မှန်သောအောင်မြင်မှုကို ရရှိရန်အတွက် နည်းလမ်းကို သူကိုယ်တိုင် ကျွန်ုပ်တို့ အားပေးခဲ့သည်။ ဤနည်းလမ်း သည် အလွန်ရိုးရှင်းသဖြင့် ကျွန်ုပ်တို့သည်မမြင်ဘဲ ကျော်ကြည့်သွား နိုင်သည်။ သခင်ပြောခဲ့သည့်အရာမှာ ဤအရာဖြစ်သည်။ ““ဘုရားသခင် ၏ နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်း တရားတော်ကိုရှေးဦးစွာရှာကြလော့။ နောက်မှထိုအရာတို့ကို ထပ်၍ပေးတော်မူလတ္တံ့”” (မဿဲ ၆း၃၃)

“ဘုရားသခင်၏နိုင်ငံတော်ကို ရှေးဦးစွာရှာကြလော့” ၏အဓိပ္ပါယ်မှာ ဘုရားသခင်နှင့်သူ၏အကျိုး စီးပွားကို ကျွန်ုပ်တို့၏ အသက်တာတွင် ဦးစားပေးအရာများအဖြစ် သတ်မှတ်ရန်နှင့် “ဖြောင့်မတ်ခြင်းတရားကိုရှာကြလော့” ၏အဓိပ္ပါယ်မှာ ကျွန်ုပ်တို့သည် ဘုရားသခင် ဖြစ်စေလိုသောသူများ မည်သို့ဖြစ်လာနိုင်မည် ကိုသိရန်အတွက် စိတ်နှလုံးအကြွင်းမဲ့ရှာဖွေကြရန်ဖြစ်သည်။


ကျွန်ုပ်၏ ဦးစားပေးသောအရာများ

၁။ ဘုရားသခင်

၂။ မိသားစု

၃။ အလုပ်အကိုင်

၎။ အခြားသောအရာများ။

ဘုရားသခင်ကို ကျွန်ုပ်တို့၏ဦးစားပေးအရာအဖြစ် သတ်မှတ်ခံယူကြောင်းကို ပြသနိုင်ရန်အတွက် လက်တွေ့ လုပ်ဆောင်ရမည့် အရာ အချို့ ရှိသည်။

(၁) နေ့တစ်နေ့စီ၏ အဦးဆုံးနာရီကို ဘုရားသခင်အား ပေးပါ။

(၂) သီတင်းပတ်တစ်ပတ်စီ၏ ပထမအပတ်ကို ဘုရားသခင်အား ပေးပါ။

(၃) ကျွန်ုပ်တို့ရရှိသော ဒေါ်လာတစ်ဒေါ်လာစီ၏ပထမဆုံးရသည့်ဒေါ်လာကို ဘုရားသခင်အား ပေးပါ။

(၄) ကျွန်ုပ်တို့၏နေအိမ်တွင် ဘုရားသခင်အား အဦးဆုံးနေရာကို ပေးပါ။

(၅) ကျွန်ုပ်တို့၏နေ့စဉ် လုပ်လေ့လုပ်ထရှိသောအရာများတွင် ဘုရားသခင်အား အဦးဆုံးနေရာ ပေးပါ။

ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်သူ၏အကျိုးစီးပွားကို အရေးကြီးဆုံးအရာများအဖြစ် သတ်မှတ်ခံယူ၍ အသက်ရှင်ပါက ကျွန်ုပ်တို့ လိုအပ်သော အရာများကို ပြင်ဆင်ချပေးမည်ဟု သူကတိပေးထားသည်။ ကျွန်ုပ်တို့တွင် ဘုရားသခင်နှင့်သူချပေးသောအရာတို့ရှိပါက ကျွန်ုပ်တို့ လိုအပ်သောအရာ အားလုံး ကျွန်ုပ်တို့ ၌ရှိခြင်းပင်ဖြစ်သည်။ ပေါလုက ““ရောင့်ရဲစိတ်ပါလျှင်၊ ဘုရားသခင်၌မွေ့လျော်ခြင်းသည် ကြီးစွာသော အကျိုးစီးပွားမှန်၏။ အကြောင်းမူ ကား၊ ငါတို့သည် ဤလောကထဲသို့အဘယ်အရာမျှမပါဘဲ လာသည်ဖြစ် ၍ထွက်သွားလျှင်လည်း အဘယ် အရာကိုမျှ မယူသွားနိုင်ဟု ထင်ရှားလျက်ရှိ၏”” ဟုဆိုခဲ့သည်။ (၁တိ ၆း၆)


ရှာဖွေတွေ့ရှိသော ရတနာ

ကျွန်ုပ်တို့၏အသက်တာ၌ အောင်မြင်ခြင်းသည် ဘုရားသခင်အား ပထမ ဦးစားပေးခြင်းမှ လာသည်။

 


မေးခွန်းများ

မှန်/မှား

(၁) ဘုရားသခင်သည် အရာအားလုံးကိုပိုင်ဆိုင်သည်။

(၂) ကျွန်ုပ်တို့သည် ငွေကိုကျွန်ုပ်တို့၏ဘ၀ရည်မှန်းချက်အဖြစ် ထားရှိထားတုန်း တချိန်တည်း၌ပင်    ဘုရားသခင်ကို အစေခံနိုင်မည် မဟုတ်ပါ။

(၃) ကျွန်ုပ်တို့သည် အနည်းငယ်သောငွေပမာဏကို ဥာဏ်ပညာရှိစွာ အသုံးပြုပါက၊ ဘုရားသခင်သည်သာ၍ များပြားသောပမာဏကို ကျွန်ုပ်တို့အား ပေးအပ်မည်ဖြစ်သည်။

(၄) စစ်မှန်သောမိတ်ဆွေတစ်ဦးသည် အကြွေးပြန်ဆပ်ရန် အာမခံထားသော စာချုပ်၌ပူးတွဲလက်မှတ် ရေးထိုးပေးမည်ဖြစ်သည်။

(၅) ပစ္စည်းတစ်ခုခုကို ၀ယ်ယူရန်သွေးဆောင်တိုက်တွန်းခြင်းခံရနေတုန်း မည်သည့်ပစ္စည်းကိုမှ မ၀ယ်ယူပါ နှင့်။

(၆) ကျွန်ုပ်တို့သည် ဘုရားသခင်၏နိုင်ငံတော်ကိုရှေးဦးစွာရှာပါက စစ်မှန်သောအောင်မြင်မှုသည် ကျွန်ုပ်တို့ ထံ မလွဲမသွေ ရောက်ရှိလာမည် ဖြစ်သည်။

(၇) ငွေရှိခြင်းသည် ကျွန်ုပ်တို့ကိုအာဏာတန်ခိုးရှိရန်နှင့် အရေးပါသူများဖြစ်ကြောင်းခံစားမှုမျိုးကို ဖြစ်စေပြီး စစ်မှန်သောလုံခြုံစိတ်ချမှုကိုလည်း ပေးနိုင်သည်။

(၈) ကျွန်ုပ်တို့၏ငွေကို လျော်ကန်စွာစီမံခန့်ခွဲနိုင်ရန်အတွက်၊ ကျွန်ုပ်တို့၏ငွေများဘယ်ရောက်သွားသနည်း ဟုမမေးဘဲ ကျွန်ုပတို့၏ ငွေများကို ဘယ်နေရာ တွင် အသုံးပြုမည်ကို စဉ်းစားဆုံးဖြတ်ပါ။

(၉) သင့်တွင်ငွေရှိသော်လည်း၊ သင်သည်တစ်စုံတစ်ဦးကို အကြွေးဆပ်ရန်ရှိပါက၊ သင်ပိုင်သောငွေသည် သင့်အပိုင်မဟုတ်ပါ။

(၁၀) အကြွေးဆပ်ရန်မရှောင်တိမ်းပါနှင့်။ အကြွေးတင်ခြင်းသည် ရှက်စရာမဟုတ်သော်လည်း ရိုးသားစွာ လုပ်ဆောင်ရမည့်တာဝန်တစ်ခုမှ ရှောင်ပြေး ခြင်းသည် သာရှက်စရာ ဖြစ်သည်။

ရဲလင်းထွန်း (အင်းစိန်)

 

 


လောဒိကိမြို့မှငွေကြေးကြွယ်ဝခြင်းနှင့်ဘုရားသခင်အားကိုးကွယ်ခြင်း - ဆရာမျိုးသူ

Wednesday, 04 April 2012 22:36 ဆရာမျိုးသူ
E-mail Print PDF


ဆရာမျိုးသူ


ကျွန်တော်တို့ ဗျာဒိတ်ကျမ်းမှာရှိတဲ့ အသင်းတော်(၇)ပါးကို လေ့လာတာ ဒီကနေ့ဆိုရင် နောက်ဆုံးဖြစ်တဲ့ လောဒိကိ Laodicea ဆိုတဲ့ အသင်းတော်ကို ရောက်ပါပြီ။ စိတ်ဝင်စားစရာကောင်းတာက အဲဒီ (၇)မြို့ကို ဘုရားသခင်က တမန်တော်ကြီးယောဟန်ကို ဖေါ်ပြတယ်။ အဲဒီမြို့များဟာ တဆက်တည်းပဲ၊ တမြို့ပြီးတမြို့ သွားရတယ်။ နောက်ဆုံးမြို့ကတော့ လောဒိကိမြို့ဖြစ်ပါတယ်။

လောဒိကိမြို့ကို ပြောတဲ့ ခရစ်တော်ရဲ့စကား ထဲမှာ ၊ အသင်းတော်အတွက်၊ ကျွန်တော်တို့အတွက် ဘာသင်္ခန်းစာ၊ ဘာပုံသက်သေရမယ်ဆိုတာ အတူတကွ ဆင်ခြင်ဖို့ဖြစ်ပါတယ်။

ကျမ်းစာအတူဖတ်ကြရအောင်။  (1) ဗျာ ၃း ၁၄-၂၂ ဖြစ်ပါတယ်။


ဆုတောင်းကြပါစို့
အဖဘုရား၊ လောဒိကိအသင်းတော်အားဖြင့် သားသမီးတို့ တယောက်စီကို ကိုယ်တော်စကားပြောတော်မူပါ။  ကိုယ်တော်ပြောသောစကားဟာ တကယ်ပဲ ကောင်းသောမြေပေါ်မှာ ချတဲ့ မျိုးစေ့ဖြစ်စေတော်မူပါ။ သားသမီးတို့ အသက်တာကို ပြောင်းလဲခြင်းကို ပေးသော နှုတ်ကပတ်တော် ဖြစ်စေတော်မူပါ။ မစတော်မူပါ။ ယေရှုနာမ၌ ဆုတောင်းအပ်နှံပါတယ် အဖ။



လောဒိကိအသင်းတော်
ဖတ်လိုက်တဲ့အခါ အမှန်တကယ်တော့ ကြောက်ဖို့ကောင်းပါတယ်။ ဒီလိုစကားများ ကျွန်တော်တို့ အသင်းတော်ကို ပြောမယ်ဆိုရင်တော့ မလွယ်ဘူးဗျ။ မင်းတို့အသင်းတော်က အကျင့်ကို ငါသိတယ် ..တဲ့။ မင်းတို့ဟာ အပူလည်းမဟုတ်ဘူး။ အအေးလည်း မဟုတ်ဘူး။ ဟိုလိုလို သည်လိုလိုပေါ့။ ကြည့်လိုက်ရင် ယုံကြည်သူဟုတ်သလိုလို၊ တကယ်သေချာကြည့်လိုက်ရင် မဟုတ်သလို၊ ယောင်္ကျားလိုလို၊ မိန်းမလိုလို၊ မသေချာဘူး။ အခုခေတ် အရမ်းခေတ်စားတယ် .. ပိုက်ဆံအိတ်၊ ဖိနပ်တို့ ကလည်း ယောင်္ကျားပိုက်ဆံအိတ်လိုလို၊ မိန်းမပိုက်ဆံအိတ်လိုလို။ အမျိုးစုံပါ။

ဒီမှာလည်း ယေရှုခရစ်တော်က အသင်းတော်ကို ကြည့်လိုက်တဲ့အခါ အအေးလည်းမဟုတ်၊ အပူလည်းမဟုတ်ဆိုတော့ မင်းကိုငါ ထွေးပစ်တော့မယ် ..တဲ့။ Very Serous ဖြစ်ပါတယ်။ ဒီလိုစကားမျိုး ကျွန်တော်တို့အသင်းတော်ကို ဝေးပါစေ..လို့။

ဥစ္စာချမ်းသာခြင်း
ဘာဖြစ်လို့ ဒီလူတွေက အပူလည်းမဟုတ်၊ အအေးလည်းမဟုတ် ဇြစ်ရတာလဲ။  သူတို့ကိုယ် သူတို့ ကြည့်တဲ့အခါ သူတို့က ဥစ္စာရတတ်တဲ့လူ တဲ့။ Their own view သူတို့ကိုယ် သူတို့ မြင်တဲ့အရာဖြစ်တယ်။ ဘဏ္ဍာများကို ဆည်းပူးတယ် ..တဲ့။ တစုံတခုမျှ မလို..တဲ့။ တခါတခါကျတော့ ဘာဆုတောင်းပေးရမလဲ ဆိုရင် .. ဟာ..ဆရာ၊ ဘာမှမလိုပါဘူးဆရာ ... လို့ ကျွန်တော်တို့ ပြောတတ်တယ်နော်။ ဘုရားကိုတောင် ဆုတောင်းရမှာ အားနာတယ်။ တခုမှ မလိုဘူးတဲ့။ လောဒိကိမြို့မှာရှိတဲ့ လူတွေက တကယ်ပဲ ချမ်းသာပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီမြို့မှာ ဘဏ် ရှိတယ်။ အဲဒီခေတ်တုံးက မြို့တိုင်းမှာ ဘဏ် မရှိဘူး။ ပြီးတော့ အဲဒီမြို့မှာ မြို့တိုင်းမှာမရှိတဲ့ ဆေးရုံလည်း ရှိတယ်။ စီးပွားရေးက အရမ်းကောင်းတဲ့ မြို့ဖြစ်တယ်။ တိုးရစ်လည်း ငွေသွင်း၊ ငွေထုတ်တဲ့လူတွေနဲ့ အရမ်းကောင်းတယ်။ ဆေးလာကုတဲ့လူနဲ့ စီးပွားရေးလည်း အရမ်းကောင်းတဲ့မြို့ဖြစ်တယ်။ အသင်းတော်က လူ့အနေနဲ့ကြည့်ရင် ဆင်းရဲတဲ့ အသင်းတော် မဟုတ်ဘူး။ ချမ်းသာတဲ့ အသင်းတော်ဖြစ်တယ်။ လူတိုင်း စိန်နားကပ် ပန်နိုင်တယ်။ ရွှေဆွဲကြိုး ၀တ်နိုင်တယ်။ အဲဒီခေတ်က အိုင်ဖုန်းရှိရင် အိုင်ဖုန်းသုံးနိုင်တယ် ..ပေါ့။ သူတို့ ထင်တာက သူတို့အခြေအနေဟာ ဥစ္စာ၊ ဘဏ္ဍာ ရတတ်တယ်။ တခုမှ မလိုဘူးလို့ မြင်တယ်။

ဝိညာဉ်ဆင်းရဲခြင်း
ဒါပေမဲ့ ယေရှုက သူတို့ကို ကြည့်လိုက်တဲ့အခါမှာ မင်းတို့တွေက ပင်ပန်းနေကြတယ်..တဲ့။ You look all tired ..သနားဖွယ်ဖြစ်တယ် ..တဲ့။ မင်းတို့တွေက သနားစရာ..တဲ့။ ပြီးတော့ ..ဆင်းရဲနေတယ် ..တဲ့။  သူတို့ကိုယ် သူတို့တော့ ချမ်းသာတယ်မြင်ပေမဲ့ ယေရှုက ကြည့်လိုက်တော့ ဆင်းရဲနေတာ မြင်တယ်။ မျက်စိကန်းနေတယ် ..တဲ့။ စဉ်းစားကြည့်ပါ။ မပြီးသေးဘူး.. နောက်ထပ် ..အ၀တ်အချည်းစည်း ရှိတယ် ..တဲ့။ အားလုံးက တုံးလုံးဖြစ်နေတယ်။ သူတို့ကိုယ် သူတို့ကတော့ ချမ်းသာတယ်။ အ၀တ်အကောင်းတွေ၊ အဲဒီခေတ်ကတော့ ကတီပါအင်္ကျီပေါ့၊ ဒါပေမဲ့ ယေရှုခရစ်တော်က ပင်ပမ်းနေတယ်၊ သနားစရာ၊ ဆင်းရဲနေတယ်၊ မျက်စိကန်းနေတယ်၊ အ၀တ်အချည်းစည်းရှိတယ် ..လို့  မြင်နေတယ်။ ဟာ.. တကယ်ကြောက်ဖို့ ကောင်းတယ်နော်။ ကိုယ့်ကိုယ်ကို မြင်တာက တမျိုး၊ ယေရှုခရစ်တော်က မြင်တဲ့အခါ အဲဒီလို မဟုတ်ဘူး ဖြစ်နေပါတယ်။

အ၀တ်အချည်းစည်း ဖြစ်သည်ကို မသိပါတကားတဲ့။ ပိုဆိုးတာက အဲဒါ၊ ကိုယ့်ရဲ့အခြေအနေကို ကိုယ်မသိတာ အဆိုးဆုံးပဲ။

ပုံပြင်လေးတပုဒ်လိုပေါ့ ..အ၀တ်အစားမရှိတဲ့ ဘုရင်ကြီးကို သိပ်လှတယ်လို့ ပြောတော့ အဟုတ်ထင်ပြီး၊ ဆင်စီး၊ တနိုင်ငံလုံးကို လှည့်လည်ပြတယ်။ လှပါသလား ..မေးတော့ .. ကြောက်လို့..လှပါတယ်ဘုရား..ဖြေကြရတယ်။ တနေရာရောက်တော့ တုံးလုံးနဲ့ ကလေးငယ်တယောက်က ဘုရင်ကြီးလဲ ငါ့လိုပါလား..လို့ ပြောလိုက်တယ်။

လောဒကိမှာရှိတဲ့ အသင်းသူ၊ အသင်းသားတွေ။ သူတို့ရဲ့ အခြေအနေကို မသိဘူး။ သူတို့ထင်တာက သူတို့ဟာ ချမ်းသာတယ်၊ ကြွယ်ဝတယ်။ ဘာမှမလိုဘူး။ ဒါပေမဲ့ ယေရှုခရစ်တော်က ကြည့်လိုက်တဲ့အခါ သူတို့က ဘာမှကောင်းတာကို မရှိဘူး ဖြစ်နေတယ်။ ဘာဖြစ်လို့ လောဒကိအသင်းတော်မှာရှိတဲ့ လူတွေက ဒီလိုဖြစ်နေတာလဲ။ What is wrong with them? Same thing will not happen to us.  သူတို့ရဲ့ ပြသနာက ဘာလဲ။ ..ကျွန်တော်ပြောပြပါမယ်။

မှားယွင်းသောခံယူချက်
သူတို့က လောဒကိမြို့မှာရှိတဲ့ အသင်းသူ၊ အသင်းသာတွေက Physical Prosperity is equal to Spiritual Prosperity  လို့ ထင်ကြတယ်။ လောကအရာများနဲ့ ချမ်းသာနေတာ၊ ငါတို့က ၀ိညာဉ်ရေးရာမှာ ရင့်ကျက်လို့ ဖြစ်တယ် ထင်ကြတယ်။ သူတို့ရဲ့ ပြသနာက အဲဒါပဲဖြစ်တယ်။ ငါတို့ ချမ်းသာနေတာပဲ။ ဘုရားသခင်ကောင်ကြီးပေးလို့ ငါတို့က ချမ်းသာနေတာ။ ငါတို့ရဲ့ အကျင့်စာရိတ္တတွေက ကောင်းလို့ ချမ်းသာနေတာ။ ငါတို့ ချမ်းသာနေတာ ငါတို့ရဲ့ ၀ိညာဉ်အသက်တာ ရင့်ကျက်လို့။ သူတို့က အဲဒီလို မှားတဲ့ ခံယူချက်နဲ့ အသက်ရှင်တာ။ ဒါကြောင့်မို့ သူတို့အမြင်မှာ အရမ်းချမ်းသာတယ် မြင်တယ်။ ဒါပေမဲ့ ယေရှုက မြင်တဲ့အခါ တုံးလုံးဖြစ်နေတယ်။ အ၀တ်အချည်းစည်းဖြစ်နေတယ်။ မျက်စိကန်းနေတယ်။ ဆင်းရဲနေတယ်။ သနားဖွယ်ဖြစ်တယ်။ ကျွန်တော်တို့ သတိထားရမဲ့ အရာဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ Physical Prosperity is equal to Spiritual Prosperity  လို့ ပြောနေတဲ့လူတွေ အများကြီးရှိတယ်။ ဆရာ၊ ဆရာသမားတွေ အများကြီးရှိတယ်။ ကျွန်တော်တို့ သတိထားရမယ်။ သတိမထားရင် ကျွန်တော်တို့ လောဒကိအသင်းတော်မှာရှိတဲ့ အသင်းသူ၊ အသင်းသားတွေလို ဖြစ်သွားလိမ့်မယ်။ ဒါလေးတွေ နားလည်ပါ။

လောကမှာ ချမ်းသာနေလို့ ၊ ကျွန်တော်တို့ ၀ိညာဉ်ရေးရာ ရင်ကျက်နေမယ်လို့ လုံးဝ ပြောလို့မရပါဘူး။ အဲဒီလိုပြောလို့ ချမ်းသာတဲ့လူတွေအားလုံး မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အဲဒီလို အီကွေးရှင်း မလုပ်ဖို့ သတိပေးနေခြင်း ဖြစ်ပါတယ်။

ယေရှုခရစ်တော် လောကကို လာတဲ့အခါ၊ အထူးသဖြင့် ဖာရိရှဲတွေကလည်း အဲဒီ ခံယူချက် ရှိတယ်။ က္ကုသရေလလူမျိုးတွေ တော်တော်များများက အဲဒီလိုပဲ နားလည်ကြတယ်။ ဒါကြောင့် ယေရှုခရစ်တော်က သူတို့ရဲ့ မှားယွင်းတဲ့ ခံယူချက်ကို အမြဲတမ်း ပြင်ပေးတယ်။ ယေရှုက ဥပမာ တခုသုံးတယ်။ သူဌေးကြီးတယောက်တဲ့။ ပြီးတော့ ဆင်းရဲသား လာဇရု တဲ့။ အဲဒီ ပုံမမာလေး ပြောပြတယ်။ သူဌေးကြီးက မရဏာနိုင်ငံသွားတယ်။ ဆင်းရဲသား လာဇရုကတော့ အာဗြာဟံရဲ့ ရင်ခွင်ကို သွားတယ်။ အဲဒါကို ကြားတဲ့လူတွေအဖို့ ဘယ်လိုမှ လက်မခံနိုင်တဲ့အရာ။ သူဌေးက ကောင်းကင်သွားမှာပေါ့။ သူက ဘုရားကောင်းကြီးကို ခံစားရတာပဲ။ ဆင်းရဲသားက ဘာမှ အကျင့်မကောင်းတာ။ ဒါကြောင့်မို့ ဆင်းရဲနေတာ ..။ ဒါပေမဲ့ ယေရှုက အဲဒီလို မဟုတ်ဘူး။

သူဌေးကြီးပုံပမာများ
နောက်တခု ဘာပြောသလဲဆိုတော့ သူဌေးကြီးတယောက်တဲ့။ ပစ္စည်းတွေ အများကြိးရတယ်..တဲ့။ ရတဲ့အခါ သူစဉ်းစားတယ်။ ရတဲ့ဥစ္စာပစ္စည်းတွေ ဂိုထောင်အသစ်တွေဆောက်မယ်။ ထည့်မယ်။ သုံးမယ်။ ဖြုန်းမယ်။ ငါ့ဝိညာဉ်ကိုလည်း ပြောမယ်။ ပျော်စမ်းပါ။ တသက်စားလို့ မကုန်ဘူး ..။ အဲဒီအခါမှ ယေရှုက ဘာပြောသလဲဆိုတော့ မင်းရဲ့ဝိညာဉ်ကို ငါ..ဒီည လိုချင်တယ် ..လိုဆိုရင်၊ လုကာ ၁၂း ၂၁ မှာ ယေရှုက သူဌေးကြီးကို  ဘုရားသခင်ရှေ့မှာ ဆင်းရဲသောသူ မည်သည်ကား ထိုသူဌေးနှင့် တူသည်။ လောကမှာတော့ သူဌေးပဲ။ ဒါပေမဲ့ ဘုရားသခင်ရှေ့မှာတော့ အဲဒီသူဌေးက ဆင်းရဲနေတယ်။ Not how rich you are, you much you enrich other ..သူများကို ချမ်းသာအောင် လုပ်ပေးနိုင်သူကိုမှ ဘုရားသခင်ရှေ့မှာ ချမ်းသာတယ်လို့ ဆိုလိုတယ်။ ကိုယ့်အတွက်ပဲ ဆိုရင်တော့ အဲဒီလူဟာ ဘုရားသခင်ရှေ့မှာ ဆင်းရဲသောသူပဲ။

သူဌေးတယောက် ယေရှုခရစ်တော်ဆီလာတယ်။ ထာဝရအသက်ရဖို့ ဘာလုပ်ရမလဲ ..မေးတယ်။ အချုပ်ပြောရရင် ..ကဲ၊ ငါ့နောက်လိုက်၊ ရှိသမျှဟာ အကုန်ရောင်း၊ ဆိုတော့ အဲဒီ သူဌေးက မလုပ်နိုင်ဘူး။ သူ့မှာ ဥစ္စာပစ္စည်းများတယ်။ ၀မ်းနည်းပြီး ပြန်သွားတယ်။ အဓိပ္ပါယ်က သူ့ရဲ့ ဥစ္စာပစ္စည်းကို ထာဝရအသက်ထက် တန်ဖိုးထားတယ်။ ပြန်သွားတဲ့အခါ ယေရှုက ဘာပြောသလဲဆိုတော့ Is easier for the camel to go through eye of the needle, for the rich man to enter the Kingdom of Lord တဲ့။ ကုလားအုပ်က အပ်နဖါးထဲ ၀င်ဖို့က ပိုပြီးလွယ်တယ် ..တဲ့။ ချမ်းသာတဲ့လူက ကောင်းကင်ဘုံရောက်ဖို့ ခက်တယ်။

အဲဒီစကားကို တပည်တော်တွေ၊ ပေတရုတို့က ကြားတဲ့အခါ .. ဟာ..ကိုယ်တော်၊ ဒါဆိုရင် ကျွန်တော်တို့ကော ဘယ်လိုလုပ်မလဲ ..ဘာဖြစ်လို့လဲဆိုတော့၊ သူတို့နားလည်ထားတာက ကောင်းကင်တက်ရမဲ့လမ်းမှာ ရှေ့ဆုံးက နေရာယူထားတာက သူဌေးတွေလို့ ခံယူထားတာ။  ဟာ.. သူဌေးတောင်မှ ကောင်းကင်နိုင်ငံ ၀င်ဖို့ ခက်ရင် ကျွန်တော်တို့ ဆင်းရဲသားတွေ ဘယ်လိုလုပ်မလဲ ..တဲ့။ တငါသည်တွေ ဘယ်လိုလုပ်မလဲ ..တဲ့။ ဒါပေမဲ့ ယေရှုကပြောတယ်။ In God, all things is possible. ကျွန်တော်တို့လည်း မှားယွင်းတဲ့ အရာ၊ We have to change our concept.  မပြောင်းလဲဘူးဆိုရင် လောဒကိမြို့မှာ ရှိတဲ့ အသင်းသူ၊ အသင်းသား တွေလို ဖြစ်သွားလိမ့်မယ်။


ချမ်းသာကြွယ်ဝလိုခြင်း
ကျွန်တော် ဒီထဲမှာ မေးမယ်၊ မချမ်းသာချင်တဲ့လူရှိရင် လက်ထောင်ပါ။ မချမ်းသာချင်၊ ငွေမရတတ်ချင်ဘူးဗျာ..။
#@!+ .. ဟာ.. ကောင်းလှချည်လား။

ချမ်းသာချင်တာ မကောင်းဘူးလား။ ချမ်းသာချင်တယ်လေ။ ကောင်းတယ် ..ဟုတ်လား။

(1) ငွေရတတ်ခြင်းငှါ အလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဘမ်းမိခြင်း၊ မိုက်မဲဖျက်ဆီးတတ်သော တပ်မက်ခြင်းများထဲသို့ ကျရောက်တတ်၏။ ထိုသို့ သောအားဖြင့် လူတို့သည် အကျိုးနည်းခြင်း၊ ပျက်ဆီးခြင်း၌ နစ်မွမ်းတတ်ကြ၏။  အကြောင်းမူကား၊ ငွေကိုတပ်မက် ခြင်းသည် မကောင်းသောအမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း။

အင်္ဂလိပ်လိုက The Love of Money is root of all evils တဲ့။ သူက Evil ထက်တောင်ဆိုးတယ်။ Evil ကိုမွေးပေးတာ။ အဲဒီ ငွေရတတ်ချင်သော စိတ်၊ ချမ်းသာချင်သော စိတ်။


ချစ်သောညီအစ်ကို မောင်နှမများတို့၊
မချမ်းသာချင်ပါနဲ့။ အဲဒီလိုပြောလို့ မကြိုးစားနဲ့ ပြောတာမဟုတ်ပါဘူး။ ငွေကို မဏာမ မထားနဲ့။ ဒါ ရှင်ပေါလုက တိမောတေကို ပြောနေတဲ့ စကား၊ မချမ်းသာချင်နဲ့။ ချမ်းသာချင်တဲ့ စိတ်က အပြစ်တွေ အားလုံးရဲ့ မူလအဖြစ် ဖြစ်တယ် ..တဲ့။

လူအချို့တို့သည် ငွေကို တပ်မက်၍ ယုံကြည်ခြင်း တရားလမ်းမှ လွဲသွား၍ ပူပန်ခြင်းဝေဒနာများနှင့် ကိုယ့်ကိုယ်ကို ထုတ်ခြင်းခတ်အောင် ထိုးကြသည်။ ဘယ်လောက်ထိဆိုးသလဲ ..ဆိုတော့၊ တချို့တွေ ယုံကြည်ခြင်းကနေတောင် တခြားကို လွဲသွားကြတယ် ..တဲ့။


ဘုရားကို ပိုပေးလှုလိုခြင်း
တချို့က ပြောတယ်။ ကျွန်တော်က ချမ်းသာချင်တာ ဘုရားကို ပိုပေးချင်လို့ ..တဲ့။ ဟုတ်တယ်နော် ..။ တချို့တွေကလေ ကျွန်တော် Businessman ဖြစ်ပြီး၊ ပိုက်ဆံများများရရင် ဘုရားသခင်ကို ပိုက်ဆံများများ လှုချင်တယ် ..ပြောတယ်။ ရှိသလား .. ရှိပါတယ်။

ကျွန်တော် ပြောပြမယ်။ လူတယောက်က လခ ၃၀၀ ရတယ်။ သူ ၃၀ ဘုရားသခင်အတွက် ပါဝင်တယ်။ သူအလုပ်ကြိုစားလုပ်ရင်း သူ ၃၀၀၀ ရလာတယ်။ သုံးထောင်ရလာတဲ့အခါ သူ သုံးရာ လှုနိုင်တယ်။ သူ အရင်ပေးခဲ့တဲ့ သုံးဆယ်နဲ့ အခုပေးတဲ့ သုံးရာ၊ ဘယ်ဟာက ပိုများသလဲ။ .. အတူတူပဲ .. သုံးရာကပိုများတယ်.. (ဖြေသံများ)။

ကျွန်တော်တို့ ဘုရားသခင် ရဲ့ သဘောသဘာဝလေး တခု ကျွန်တော် ပြောပြမယ်။ ဘုရားသခင်က သင်ဘယ်လောက်ပေးသလဲ ဆိုတာ ကြည့်တာမဟုတ်ဘူး။ သင်ဘယ်လောက်ထဲက ဘယ်လောက်ပေးသလဲ ဆိုတာ ကြည်တယ်။ အဲဒါလေး သေချာနားလည်ရမယ်။ မုဆိုးမ ဒင်္ဂါး ၂ပြားအကြောင်း။ ချမ်းသာတဲ့လူတွေက အများကြီးပေးတယ်လေ။ ဒါပေမဲ့ သူတို့က အများကြီးထဲက အများကြီးပေးတာ။ ဒါပေမဲ့ ..ဟို မုဆိုးမက သူရှိသမျှ အကုန်ပေးလိုက်တာ။ ယေရှုခရစ်တော်က Percentage နဲ့ ကြည့်တယ်။ သူဌေးတွေက ပေးတာ 10%, 20%.  မုဆိုးမက 100% ပေးတာ။ 


ဝင်ငွေ သုံးရာနဲ့သုံးထောင်
တလကို သုံးထောင်ရတယ်၊ သုံးရာပေးတယ်။ နောက်တယောက်က သုံးရာရတယ်။ သုံးဆယ်ပေးတယ်။ ဘုရားသခင်ရဲ့ရှေ့မှာ သုံးရာနဲ့ သုံးဆယ်က အတူတူပဲ။ အဲဒီလူက ဘုရားသခင်ကို တပြားမှ ပိုမပေးသေးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ၂ခုစလုံးက 10%. ကျွန်တော်တို့ အဲဒါလေးတွေ နားလည်ဖို့ လိုတယ်။ ကျွန်တော်တို့က ချမ်းသာလာပြီး ပေးတာက 10% ပဲဆိုရင်တော့ ဘုရားသခင်ရှေ့မှာ ဘာမှ မထူးဘူး။

ခုန သုံးထောင်ရတဲ့လူက ငွေတသောင်းရတယ်။ ခုန တစ်ထောင်ပေးနိုင်တယ်။ ဘာထူးသလဲ။ ဘုရားသခင်ရှေ့မှာ ဘာမှမထူးဘူး။ ကျွန်တော်တို့ အဲဒါလေးတွေ သဘောပေါက်ရမယ်။

တချို့တွေက ကျမ၊ ပိုပေးချင်တယ်။ ပိုပေးချင်ရင် အခုကတည်းက ပေးလို့ရတယ်။ လခ တိုးမှ ပိုပေးလို့ ရတာမဟုတ်ဘူး။ လူနှစ်ယောက်၊ တယောက်က သုံးရာရတယ်။ သူက သုံးဆယ်ပေးတယ်။ နောက်တယောက် သုံးထောင်ရပြီး သုံးရာပေးတယ်။ အတူတူပဲလို့ ပြောခဲ့ပြီးပြီ။ ဒါပေမဲ့ သုံးရာပဲရတဲ့သူက စေတနာယိုဖိတ်ပြီး သုံးဆယ်ငါးကျပ် ပေးလိုက်တယ်။ ဘုရားသခင်ရှေ့မှာ ဒီ သုံးဆယ့်ငါးကျပ်က တန်ဖိုး ပိုကြီးသွားပြီ။ အဲဒီ သုံးဆယ့်ငါးကျပ်က သုံးရာထက် လူ့အမြင်မှာ နည်းပေမဲ့၊ ဘုရားသခင်အမြင်မှာ သုံးဆယ့်ငါးကျပ်က ပိုကြီးသွားပြီ။

ကျွန်တော်တို့ အဲဒီအချက်ကလေးကို သေချာ သဘောပေါက်ရမယ်။ ပြီးတော့ ငွေရတတ်ခြင်း ဆိုတဲ့အကြောင်းကို သတိထားရမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရှင်ပေါလုက တိမောတေကို သတိပေးတယ်။ မင်းတို့ထဲမှာ ..မှားယွင်းတဲ့ ဆရာ၊ ဆရာမတွေ လာလိမ့်မယ်။ သူတို့က ဘုရားဝတ်၌ မွေ့လျော်ရင် အကျိုးစီးပွားရှိမယ်လို့ သူတို့က သင်လိမ့်မယ် ..တဲ့။ ဘုရားကို ဘာကြောင့်မို့ ကိုးကွယ်သလဲ။ သူတို့အတွက် အဆင်ပြေဖို့။ ဘုရားဝတ်၌ မွေ့လျော်တာ အကျိုးစီးပွား ရှိတယ်လို့ သူတို့က ထင်တယ်။ ကျွန်တော်တို့လည်း သတိထားရမယ်နော်။ ကျွန်တော်တို့က ဘုရားဝတ်၌ မွေ့လျော်တာ အကျိုးစီးပွားဖြစ်လို့လား။ အဲဒါလေးတော့ သတိထားရမယ်ဖြစ်ပါတယ်။


ကိုးကွယ်ထိုက်သောဘုရား
ကျွန်တော်တို့ ဘုရားကို ကိုးကွယ်တာ၊ ကိုးကွယ်ထိုက်လို့ ကိုးကွယ်နေတာ ဖြစ်ပါတယ်။ ဘုရားကို ၀တ်ပြုထိုက်လို့ ၀တ်ပြုနေတာဖြစ်ပါတယ်။ ကျွန်တော်တို့အတွက် ကျန်လို့မဟုတ်ဘူး။ ကျွန်တော်တို့အတွက် အဆင်ပြေလို့မဟုတ်ဘူး။

ကျွန်တော်တို့ ယောဘ အသက်တာကို ကြည့်ရင်။ ယောဘက ဘုရားကို ကိုးကွယ်တာ၊ သူ့အတွက် အကျိုးစီးပွားဖြစ်လို့ မဟုတ်ဘူး။ ဒါပေမဲ့ စာတန်ကတော့ အဲဒီလိုပဲ ပြောတယ်။ ကိုယ်တော်ကို ယောဘ ကိုးကွယ်နေတာ သူ့အတွက် အကျိုးစီးပွားဖြစ်လို့ပေါ့..တဲ့။ ဘုရားသခင်က ကဲ၊ သွားပြီး စုံစမ်းတဲ့။ ရှိသမျှတွေကို စာတန်က ယူသွားတယ်။ ဒါပေမဲ့ ယောဘက ဘုရားကို ကိုးကွယ်ဆဲဖြစ်တယ်။ သူ ဘုရားကို ကိုးကွယ်တာ အကျိုးစီးပွား ဖြစ်လို့ မဟုတ်ဘူး။ ကိုးကွယ်ထိုက်လို့ ကိုးကွယ်တာ။

ကျွန်တော်တို့လည်း ယောဘကဲ့သို့ ဖြစ်ပါစေ။ ဘုရားကို ကိုးကွယ်တာ ကိုယ့်အတွက် ကျန်လို့မဟုတ်ဘူး။ ကိုယ့်အတွက် အဆင်ပြေလို့ မဟုတ်ဘူး။ ကိုယ့်အကျိုးစီးပွား ဖြစ်ထွန်းချင်လို့ မဟုတ်ဘူး။ ကိုယ့်အကျိုးစီးပွား အောင်မြင်လို့ လာရှိခိုးနေတာ မဟုတ်ဘူး။ စာမေးပွဲ အောင်ချင်လို့ ဘုရားလာ ရှိခိုးနေတာ မဟုတ်ဘူး။ ဘုရားသခင်ရှေ့မှာ ကျွန်တော်တို့ နှလုံးသားတွေ သန့်ရှင်းပါစေ။

ဘုရားကို ကိုးကွယ်တာ ကိုးကွယ်ထိုက်လို့၊ ဖြစ်ပါတယ်။

နိဂုံး
ကျွန်တော်တို့၊ ဒီနေရာမှာ လောဒကိမြို့ကလူတွေ  Physical Prosperity  နဲ့  Spiritual Prosperity တို့ကို အီကွေးရှင်းထုတ်လိုက်တဲ့အခါ သူတို့ဟာ ဒုက္ခရောက် သွားကြတယ်။ ချမ်းသာလာတယ် .. သူတို့ထင်ကာက သူတို့ အသက်တာလည်း ရင့်ကျက်လာတယ် ထင်ကြတယ်။

မဟုတ်ဘူး။

သူတို့ကို ကြည့်လိုက်တဲ့အခါမှာ ယေရှုခရစ်တော်က ပင်ပမ်း၊ သနားဖွယ်၊ ဆင်းရဲ၊ မျက်စိကန်း၊ အ၀တ်ချည်းစည်း ရှိတဲ့လူအဖြစ် မြင်နေတယ်။ ဒီအရာလေးကို စိတ်နှလုံးထဲမှာ ထားပါ။ ဘုရားကို ကိုးကွယ်တဲ့လူ ဘုရားက ချီးမြှောက်မှာ အမှန်ဧကန်ပါပဲ။ ဒါပေမဲ့ ချီးမြှောက်ခြင်းကို ခံချင်လို့ ဘုရားကို ကိုးကွယ်နေတာ မဟုတ်ပါဘူး။ ဘုရားကို ကိုးကွယ်ထိုက်လို့ ကိုးကွယ်နေတယ်။ အဲဒါလေးကို ကျွန်တော်တို့ နားလည် သဘောပေါက်ဖို့ လိုတယ်။

ပြီးတော့.. ငွေရချင်တဲ့ စိတ်ကလေး၊ ကျွန်တော်တို့ အသက်တာမှာ မရှိပါစေနဲ့ ..တဲ့။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီစိတ်ကလေးက ကျွန်တော်တို့ကို အခြားအပြစ်တွေလုပ်ဖို့ သွေးဆောင်လိမ့်မယ် ..တဲ့။

ကျွန်တော်တို့ဟာ အလုပ်ကြိုးစားရမယ်။ စာကြိုးစားရမယ်။ ဒါပေမဲ့ ကျွန်တော်တို့ ငွေကို ပမာဏ မထားပါနဲ့။ ဘုရားသခင်ကို ပဲ ပမာဏ ထားပါ။ အသက်တာ ရင့်ကျက်ခြင်းဟာ ငွေရတတ်ခြင်းနဲ့ ဘာမှ မဆိုင်ဘူးဆိုတာ နားလည်ပါ ..လို့ ခွန်အားပေးလိုပါတယ်။

အယောက်စီတိုင်း ဘုရားသခင် ကောင်းကြီးပေးပါစေ။

ဆုတောင်းကြပါစို့။
လောဒိကိမြို့မှာရှိတဲ့ ယုံကြည်သူများ၊ မှားယွင်တဲ့ခံယူချက်၊ အဖ၊ ကျွန်တော်တို့ကို ကယ်မတော်မူပါ။ ဤကဲ့သို့ မှားယွင်းသော ခံယူချက်မျိုး မရှိဖို့၊ ကျွန်တော်တို့ကို မစတော်မူပါ။ ကိုယ်တော်.. ကိုယ်တော်ကို ကိုးကွယ်ခြင်းဟာ၊ ကိုးကွယ်ထိုက်သောကြောင့် ကိုးကွယ်ခြင်းဖြစ်ပါတယ်။ သားသမီးများရဲ့ နှလုံးသားများကို သန့်ရှင်းစေတော်မူပါ။ လမ်းပြတော်မူပါ။ ကောင်းကြီးပေးပါ။ ကိုယ်တော်.. ယေရှုနာမနဲ့ ဆုတောင်း အပ်နှံပါတယ် အဖ။   အာမင်..။

ဆရာမျိုးသူ
03-03-2012 ယုဒသန်အသင်းတော်၊ လက်တောက်သင်းအုပ်ဆရာ၊ စင်ကာပူ
လူငယ်အစီအစဉ်တွင် ဟောကြားသော ဒေသနာဇြစ်ပါသည်။

 


ကျမ်းပိုဒ်များ
(1) ဗျာဒိတ် ၃း ၁၄-၂၂
လောဒိကိမြို့၌ရှိသော အသင်းတော်၏ တမန်ကိုဤသို့ရေး၍ မှာလိုက်လော့။ ဘုရားသခင်၏ ဝေနေယျ သတ္တဝါတို့အထွဋိ၊ သစ္စာရှိ၍ဟုတ်မှန်သောသက်သေခံ၊ အာမင်၏ အမိန့်တော်ကား၊ သင်၏အကျင့်ကိုငါသိ၏။ သင်သည်အဧမဟုတ်၊ အပူမဟုတ်သည်ကို ငါသိ၏။ ဧခြင်းဖြစ်စေ၊ ပူခြင်းဖြစ်စေ၊ တခုခုကိုငါအလိုရှိ၏။ ထိုသို့ အဧမဟုတ်၊ အပူမဟုတ်၊ နွေးရုံရှိသောကြောင့် ငါ၏ခံတွင်းသည် သင့်ကိုထွေးလုပြီ။ သင်ကလည်း၊ ငါသည် ဥစ္စာရတတ်၏။ ဘဏ္ဍာများကိုဆည်းဖူးပြီ။ တစုံတခုကိုမျှမလိုဟု ပြောဆို၍၊ ကိုယ်တိုင်ပင်ပန်းခြင်း၊ သနားဘွယ်ဖြစ်ခြင်း၊ ဆင်းရဲခြင်း၊ မျက်စိကန်းခြင်း၊ အဝတ်အချည်း စည်းရှိခြင်း ဖြစ်သည်ကို မသိပါတကား။ သင်သည် ဥစ္စာရတတ် ခြင်းငှါ၊ မီးနှင့်ချွတ်ပြီးသော ရွှေကို၎င်း၊ အဝတ်အချည်းစည်းရှိ၍၊ သူတပါးရှေ့တွင် မရှက်စေခြင်းငှါ ခြုံစရာဘို့၊ ဖြူသော အဝတ်ကို၎င်း ငါ့ထံမှာဝယ်လော့။ သင်၏မျက်စိမြင်စေခြင်းငှါ၊ မျက်စိ၌ မျက်စဉ်းခတ်လော့ဟု သင့်အား ငါသည် အကြံပေး၏။ ငါချစ်သမျှသောသူတို့၏ အပြစ်ကို ငါစစ်ဆေး၍ သူတို့ကို ဆုံးမတတ်၏။ ထိုကြောင့် ကိုယ်စိတ်ကို ကိုယ်နှိုးဆော်လော့။ နောင်တရလော့။ ငါသည် တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံ ကိုကြား၍ တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ ငါဝင်၍သူနှင့်အတူစားသောက်မည်။ သူသည်လည်း ငါနှင့်အတူစား သောက်ရလိမ့်မည်။ ငါသည်အောက်မြင်၍၊ ငါ့ခည်းတော်၏ပလ္လင်တော်ပေါ်မှာ ခမည်းတော်နှင့်အတူ ထိုင်နေသကဲ့ သို့၊ အောင်မြင်သောသူသည် ငါ၏ပလ္လင်ပေါ်မှာ ငါနှင့်အတူထိုင်နေရသော အခွင့်ကိုငါပေးမည်။ ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့မိန့်တော်မူသည်ကို နားရှိသောသူမည်သည်ကား ကြားပါစေဟု မိန့်တော်မူ၏။

(2) တိမောသေ ၆း၉

ငွေရတတခြင်းငှါ အလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဘမ်းမိခြင်း၊ မိုက်မဲဖျက်ဆီးတတ်သော တပ်မက်ခြင်းများထဲသို့ ကျရောက်တတ်၏။ ထိုသို့ သောအားဖြင့် လူတို့သည် အကျိုးနည်းခြင်း၊ ပျက်ဆီးခြင်း၌ နစ်မွမ်းတတ်ကြ၏။ အကြောင်းမူ ကား၊ ငါတို့သည် လောကီသားများနှင့် ကောင်းကင်တမန်များ မျက်မှောက်၌ ပွဲဝင်သောသူဖြစ်ကြ၏။