မုရန် မဂ္ဂဇင်း

လွတ်လပ်ခြင်းဖြင့် ဘုရားရှင်အား ကိုးကွယ်မည် Christian Ezine

Sunday, Apr 20th

Last update06:13:34 AM GMT

You are here:: ဆောင်းပါး-၁ ရသ၊စာပေ ဦးနှောက်နှင့်နှလုံးသား (လှမင်းသူ)

ဦးနှောက်နှင့်နှလုံးသား (လှမင်းသူ)

E-mail Print PDF



လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မြန်မာပြည်ရဲ့ ဆေးရုံကြီးတခုမှာ ဖြစ်ပါတယ်။ အဲဒီဆေးရုံမှာ ကျွန်တော်ရဲ့ဖခင်ဟာ လူပျိုဘ၀နဲ့ ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အချိန်ပါ။ အဲဒီအချိန်တုန်းက ဆရာဝန်ဆိုတာ ရွှေလို ရှားပါးတဲ့ ခေတ်အချိန်အခါလဲ ဖြစ်ပါတယ်။ တနိုင်ငံလုံးရဲ့ အမြင့်ဆုံးပညာဖြစ်တဲ့  ဆေးပညာကို ထူးထူးချွန်ချွန် တတ်မြောက်ထားတဲ့ ကျွန်တော့်ရဲ့အဖေဟာ သူတာဝန်ကျရာ ဆေးရုံမှာ နံမည်တလုံးနဲ့ နေခဲ့တာပါ။ ဒေါက်တာဇော်လွင်ထွေး လို့ ဆိုလိုက်ရင် အတော်ဆုံး ဆရာဝန် တယောက်လို့ လူတိုင်းသိကြပါတယ်။  အရပ်ကပု၊အသားကညို၊ ပိန်ကလည်းပိန် သာမာန်ရုပ်ရည်သာ ရှိတဲ့ အဖေဟာ သူ့ရဲ့ ဥာဏ်ပညာ ဂုဏ်အရှိန်ကြောင့်သာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်ခဲ့ပါတယ်။ ဦးနှောက်အရာမှာ သူတပါးနဲ့ မတူ ထူးချွန်ပြီး၊ သူကုသတဲ့ လူနာအများ ရောဂါပျောက်ကင်း ချမ်းသာရတာကြောင့် လူနာလိုက်တဲ့ ဆရာဝန်တယောက်လည်း ဖြစ်ပါတယ်။ အဖေ့ရဲ့ ဆေးခန်းဟာ အမြဲလိုလို လူနာတွေနဲ့ ပြည့်ကျပ်စည်ကားနေတတ်တယ်လို့ ကျွန်တော်အဖေနဲ့ ငယ်စဉ်ကတည်းက ပေါင်းခဲ့ဘူးတဲ့ အဖေ့မိတ်ဆွေတွေကနေ ကြားသိရပါတယ်။ ဆေးကုသတဲ့ လူနာများတာကြောင့် အဖေ့ရဲ့ နေ့စဉ် ၀င်ငွေဟာ ဈေးတခါသွား ငါးကျပ် မကုန်တဲ့ ခေတ်မှာ ရာနဲ့ချီ ရှိပြီး လက်ဖျားမှာ ငွေသီးကာ ငွေကို ရေလို သုံးဖြုန်းနိုင်သူ တယောက်ရယ်လို့ ထင်ရှားခဲ့ပါတယ်။ ပညာကလည်းတတ် ငွေကလည်းပေါတဲ့ အဖေ့ကို သမီးရှင်အများက သားမက်တော်ချင်လွန်းလို့ မျက်နှာသာပေးကြသလို၊ အမျိုးသမီးများကလည်း လင်ကောင်းသားကောင်း တယောက်အနေနဲ့ စိတ်ကူးယှဉ် ခဲ့ကြပါတယ်။

အဲဒီအချိန် အဲဒီဆေးရုံမှာပဲ ကျွန်တော့်ရဲ့ အမေဟာ အပျိုဘ၀နဲ့ သူနာပြု ဆရာမလေး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဖေက သူ့ရဲ့ ဥာဏ်ပညာနဲ့ ဆေးရုံမှာ ကျော်ကြားခဲ့သလို အမေကတော့ သူ့ရဲ့ ရုပ်ရည်ရူပကာကြောင့် မသိသူမရှိ ထင်ရှားကျော်ကြားခဲ့ပါတယ်။ ထူးဖေါညွန့် လို့ ဆိုလိုက်ရင် အရပ်ထောင်ထောင်မောင်းမောင်း၊ အသားဖြူဖြူ၊ ချောမောလွန်းတဲ့ သူနာပြုဆရာမလေးမှန်း လူတိုင်းသိကြပါတယ်။ ပုရိသနွယ် ယောက်ျားများ မဆိုထားနဲ့ မိန်းမအချင်းချင်းတောင် အမေ ဖြတ်သွားလို့ရှိရင် ငေးမောကြည့်ရှုရအောင် အမေဟာ ရုပ်ရည်အားဖြင့် လှပလွန်းသူ ဖြစ်ခဲ့ပါတယ်။ ရုပ်ရည်သာမက အမေ့ရဲ့ နှလုံးသားက ပိုပြီးလှပပါသေးတယ်။ စိတ်ကောင်းနှလုံးကောင်းရှိပြီး လူနာများကို ကြည့်ရှုစောင့်ရှောက်တဲ့အခါမှာ စေတနာ ထားတာကြောင့် လူနာအများရဲ့ ချစ်ခင်မှုကိုလည်း ရရှိခဲ့သူ ဖြစ်ပါတယ်။ နှလုံးသားလှတဲ့ ဆရာမလေးရယ် လို့ လူတကာက စောင်မြောင်း သီချင်းဆိုခြင်း ခဲ့ရသူလည်း ဖြစ်ပါတယ်။ ယောက်ျားတကာက ၀ိုင်းဝန်းပိုးပန်ခြင်းကို အခံရဆုံးဖြစ်ပြီး ပိုးပန်းကြသူအများထဲမှာ အရာရှိကြီးငယ်၊ လူကုံထန်အများ ပါဝင်ခဲ့ကြပါတယ်။ အမေဟာ နှလုံးသားရေးရာကို နှလုံးသားအရပဲ ဖြေရှင်းတတ်သူမို့ ငွေကြေးချမ်းသာ သူများကပ်ကြပေမဲ့လည်း အကပ်မခံ ဖယ်ရှောင်ခဲ့ပါတယ်။ အရာရှိကြီးငယ်များရဲ့ ချစ်ခွင့်ပန်မှုများကိုလည်း သိမ်မွေ့စွာပဲ ငြင်းပယ်ခဲ့ပါတယ်။

ချဉ်းကပ်ရခက်တဲ့ အမေ့ကို လိမ္မာပါးနပ်စွာ ချစ်ရေးဆိုနိုင်ခဲ့သူကတော့ အဖေပဲ ဖြစ်ပါတယ်။ ထက်ထက်မြက်မြက်ရှိပြီး ဥာဏ်ကောင်းတဲ့ အဖေ့ကို ဥာဏ်ပညာ နည်းပါးတဲ့ အမေက နှလုံးသားနဲ့ပဲ လက်ခံခဲ့တယ်လို့ ဆိုပါတယ်။ အဖေနဲ့အမေဟာ တဆေးရုံထဲမှာ လုပ်ငန်းဆောင်တာများကို အတူတက ဆောင်ရွက်ကြရင်း လူငယ်များသဘာဝ ချစ်တင်းနှောက ပျော်ရွင်တဲ့ ဘ၀အစိတ်အပိုင်း လေးများကို ဖြတ်သန်းခဲ့ကြပါတယ်။ ချစ်သူများဘ၀နဲ့ နေထိုင်လာကြရင်း နှစ်အနည်းငယ်အကြာမှာတော့ အဖေနဲ့အမေဟာ နှစ်ကိုယ်တူ နေနိုင်ဖို့အရေး ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။ နှစ်ဦးနှစ်ဖက်ဘ၀များ ပေါင်းစည်းဖို့အတွက် ကြားမှာရှိနေတဲ့ အခက်အခဲများကို တိုင်ပင်ကြရာမှာ ဘာသာမတူခြင်းနဲ့ လူမျိုးမတူခြင်းများဟာ အဓိကပြသနာ ဖြစ်လာခဲ့ရပါတယ်။ ဘယ်လိုပဲကြည့်ကြည့် တကယ့်တကယ် ပေါင်းစည်းကြဖို့ရန် မဖြစ်နိုင်တာကို သဘောပေါက်ခဲ့ကြပေမဲ့ ချစ်သာချစ်တာ ပဓာနမို့ နှစ်ဦးစလုံး အချစ်ကို ဦးစားပေးပြီး လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ခဲ့ကြပါတယ်။ အဲဒီလိုနဲ့ ဦးနှောက်ပိုင်ရှင် ကျွန်တော်ရဲ့အဖေ နဲ့ နှလုံးသားပိုင်ရှင် ကျွန်တော့်ရဲ့အမေတို့ဟာ ပေါင်းစည်းဂဟေ ဆက်မိကြပါတော့တယ်။

အိမ်ထောင်သက်တမ်း နှစ်အနည်းငယ် ကြာလာခဲ့ပြီးတဲ့အချိန်မှာ အမေဟာ သမီးဦးကို မွေးဖွားသန့်စင်လိုက်ပါတယ်။ ပထမဆုံးရလာခဲ့တဲ့ သမီးဦးမို့ ဖူးဖူးမှုတ်ကာမတတ် ချစ်ခဲ့ကြပါတယ်။ အဲဒီလိုနေစဉ် သုံးနှစ်အကြာမှာတော့ သမီးနောက်တယောက်ကို အမေက ထပ်မံပြီး မွေးဖွားလိုက်ပါတယ်။ သမီးတယောက်ကို ထပ်ရလိုက်တဲ့အတွက် ရတနာတပါးတိုးလာခဲ့တဲ့ မိသားစုလေးဟာ ယခင်ကထက် ပိုပြီး စည်ကားမြိုင်ဆိုင်လာပါတယ်။ သို့ပေမဲ့လည်း သမီးများချည့် ရှိနေတဲ့ ဘ၀ကို အဖေက မကျေနပ်နိုင်သေးပါဘူး။ သားတယောက်တော့ သူလိုချင်ခဲ့ပါတယ်။ အဖေရဲ့ သားယောက်ျားလေး လိုချင်တဲ့ ဆန္ဒဟာ မကြာမှိမှာပဲ ပြည့်မြောက်ခဲ့ပါတယ်။ နောက်တနှစ်အကြာမှာတော့ အဖေလိုချင်တဲ့ သား အငယ်ဆုံးဖြစ်သူ ကျွန်တော့်ကို အမေမွေးပြီးလိုက်တဲ့ အချိန်မှာ အဖေဟာ သူ့ဆန္ဒပြည့်စုံပြီ ဆိုပြီး ၀မ်းသာလွန်းမက ၀မ်းသာခဲ့ပါတယ်။ လောကထဲကို မလည်မ၀ယ်နဲ့ ရောက်လာခဲ့တဲ့ ကျွန်တော့်ရဲ့ မွေးနေ့မှာပဲ အဖေက ဆေးရုံတရုံလုံးမှာရှိတဲ့ ၀န်ထမ်းအားလုံးကို အလှူကြီးပေးကာ ကျွေးမွေးခဲ့တယ်လို့ အမေကပြောပြခဲ့ဘူးပါတယ်။

 

ကျွန်တော်တို့ မောင်နှမများဟာ မိဘများရဲ့ ကြည့်ရှုအုပ်ထိန်းမှုအောက်မှာ အသီသီး အပြိုင်းအရိုင်းကြီးထွား လာကြပါတယ်။ အမများဟာ မိခင်ရဲ့ အုပ်သိမ်းစောင့်ရှောက်မှုကို ခံရသူများဖြစ်လို့ ငယ်ရွယ်စဉ်အခါကပင် အမေဖြစ်သူရဲ့ ယုံကြည်မှုကို လက်ခံခဲ့ကြပြီး ဘုရားသားသမီများ ဖြစ်ခဲ့ကြပါတယ်။ သူတို့က ဦးနှောက်နဲ့ တွေးတောမနေတော့ပဲ အမေရဲ့ ၀ိညာဉ်နှလုံးသားလမ်းအတိုင်း လိုက်ပြီး သူငယ်များရဲ့ ယုံကြည်ခြင်းမျိုးနဲ့ ယုံကြည်ခဲ့ကြပါတယ်။ ကျွန်တော်ကတော့ အမတွေလိုမဟုတ်ပဲ အမေ့ရဲ့ နှလုံးသားလမ်းစဉ်ကို မလိုက်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ နှလုံးသားဝိညာဉ်နဲ့ ယုံကြည်မှသာ ဘုရားသခင် ချစ်မြတ်နိုးတယ်လို့ အမေရဲ့ အဆိုကို လက်ခံဖို့ရန် အခက်အခဲ ဖြစ်နေလို့ပါပဲ။ အမေ့ရဲ့ နှလုံးသားပြဆိုချက်ထက် အဖေရဲ့ ဦးနှောက်နဲ့ ဆင်ခြင်မှု တရားတွေကို ပိုပြီး အထင်ကြီး လေးစားခဲ့ပါတယ်။ ဘာသာရေးနဲ့ ပါတ်သက်လာရင် အမေ့ကို ကျွန်တော်တိုင်ပင် မနေတော့ပဲ အဖေနဲ့သာ တောက်လျှောက်တိုင်ပင်ဆွေးနွေးခဲ့ပါတယ်။

လသာတဲ့ညများမှာဆို ပက်လက်ကုလားထိုင် ကိုယ်စီနဲ့ သားအဖနှစ်ယောက် အတူထိုင်ပြီး လူ့ဘ၀အကြောင်းများကို ဆွေးနွေးတတ်ကြပါတယ်။ သား လူ့ဘ၀ဆိုတာ အဓိပ္ပါယ်မရှိဘူးသား။ အရာရာအားလုံးဟာ ဖြစ်တာနဲ့ပျက်တာပဲ ရှိတယ်။ အကြောင်းကြောင့် အကျိုးဖြစ်တယ်။ အဲဒီအကျိုးကနေ အကြောင်းပြန်ဖြစ်ပြန်တယ်။ အဲဒီလိုနဲ့ပဲ သံသရာလည်နေတယ်။ ရေလိုပေါ့သား။ နေအပူရှိန်ကြောင့် ရေဟာ ရေခိုး ရေငွေ့တွေဖြစ်သွားတယ်။ အဲဒီရေခိုးရေငွေ့တွေဟာ အေးတဲ့အခါ မိုးအဖြစ်နဲ့ တဖန် ရေပြန်ဖြစ်ကြတယ်။ အဲဒီလိုနည်းနဲ့ ရေဟာ သံသရာလည်နေတယ်။ ထိုနည်းလည်ကောင်းပဲ လူ့ဘ၀ဟာလည်း သံသရာလည်နေတယ် သား။ အခု သားကိုယ်သား ငါရှိ နေတယ်လို့ ထင်နေတယ် မဟုတ်လား။ တကယ်တော့ တည်မြဲမယ်လို့ထင်တဲ့ ငါဆိုတဲ့ အတ္တဆိုတာ မရှိဘူးသား။ ရုပ်နဲ့ နာမ်တို့ရဲ့ ဖြစ်ခြင်းပျက်ခြင်းသဘောပဲ ရှိတယ်။ ချုပ်ငြိမ်းသွားလိုက် ဖြစ်ပျက်သွားလိုက် နဲ့ ဖြစ်ပျက်နေတာပဲရှိတယ်သား။ ဘယ်အရာမှ အစိုးမရဘူး။ ဘယ်အရာမှ မတည်မြဲဘူး။ အဲဒါဟာ အနတ္တသဘောပဲသား။ လို့ အဖေ ဆိုခဲ့စဉ်တုန်းက ကျွန်တော်အလွန် သဘောကြခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် မြင်တွေ့ သုံးသပ်နိုင်ခဲ့တာ အဲဒီအတိုင်းပဲ ဖြစ်နေတာပါပဲ။

အဖေပြောဆိုခဲ့တဲ့ သဘောတရားမျိုးကို ဒေသနာဆရာဖြစ်တဲ့ ဆော်လမွန်ဘုရင်ကိုယ်တိုင် ပြောဆိုခဲ့တာကို ကျမ်းစာမဖတ်ခဲ့တဲ့ ကျွန်တော် မသိခဲ့ပါဘူး။ ဒေသနာဆရာက “အနတ္တသက်သက်၊အနတ္တသက်သက်၊ ခပ်သိမ်းသောအရာတို့သည် အနတ္တသက်သက်ဖြစ်ကြ၏” လို့ အချည်းနှီးသက်သက်ဖြစ်ကြောင်း ဆိုခဲ့တာတွေ။ “နေလည်းထွက်လျက်ဝင်လျက်၊ ထွက်ရာအရပ်သို့ တဖန်ပြေးလျက်၊ တောင်လမ်းသို့လိုက်၍ တဖန်မြောက်လမ်းသို့လိုက်၏” လို့ သံသရာလည်နေကြောင်း ရှုမြင်ခဲ့တာတွေ။ “နေအောက်မှာ အသစ်သော အမှုအရာမရှိ။ ကြည့်ပါ။ အသစ်ဖြစ်၏ဟု ဆိုရသော အမှုအရာ တစုံတခု ရှိသလော။ ထိုအမှုအရာသည် ငါတို့အရင် ရှေးကာလ၌ ဖြစ်ဘူးပြီး” လို့ လည်ပတ်နေခြင်းသဘောတရားကို ထောက်ပြခဲ့တာတွေ။ ကမ္ဘာပေါ်မှာ ရှိရှိသမျှသောအရာ အားလုံးဟာ အဓိပ္ပါယ်မရှိ ဖြစ်ချင်ရာဖြစ်နေတယ်လို့ ထင်စရာ ရှိကြောင်း သုံးသပ်ပြခဲ့တာတွေ။ ဒါပေမဲ့ အဆုံးမှာတော့ “ဘုရားသခင်သည် ခပ်သိမ်းသော ၀ှက်ထားခြင်းမှစ၍၊ အလုံးစုံသောအမှု၊ ကောင်းမကောင်းရှိသမျှတို့ကို စစ်ကြော၍ ၊ တရားသဖြင့် စီရင်တော် မူလတံသတည်း” လို့ ကမ္ဘာလောကနဲ့ စင်္ကြ၀ဠာ တခုလုံးကို ထိမ်းချုပ်စီရင် နေကြောင်း၊ ဘုရားရှိနေခြင်းသည် လူ့ဘ၀ရဲ့ အဓိပ္ပါယ်ရှိနေကြောင်း နိဂုံးချုပ်ပြောဆိုခဲ့တာတွေ။.. ထိုစဉ်ကာလက ကျမ်းစာနားမလည်တဲ့ ကျွန်တော်မသိခဲ့ပါဘူး။

ဘုရားရှိခြင်း၊ မရှိခြင်းနဲ့ ပတ်သက်ပြီးလည်း အမေ့ကို မေးမြန်းခဲ့ပါတယ်။ အမေ အမေကသာ ဘုရားကို ယုံတယ်။ အမေယုံတဲ့ ဘုရား ရှိတဲ့အကြောင်း သားကို သက်သေပြပါ လို့ဆိုတော့ သား ဘုရားဆိုတာ ဥာဏ်နဲ့ရှာလို့ မရဘူး သား။ နှလုံးသား ၀ိညာဉ်နဲ့ပဲ ရှာလို့ရတယ်။ လို့ ဆိုတော့ အာ အမေကလည်း အဓိပ္ပါယ် မရှိလိုက်တာ ဘုရားက သူရှိနေရင် သားတို့ကို ကိုယ်ထင်ရှားစွာ ပြမှာပေါ့လို့ နူတ်တုံ့ပြန်လိုက်တော့။ သား မင့်အဖေလို့တော့ အမေက ဥာဏ်မကြီးဘူး။ လိပ်ပတ်လည်အောင်လည်း အမေမရှင်းပြတတ်ဘူး။ ကျမ်းစာထဲမှာ သားသိချင်တဲ့ ဘုရားအကြောင်းပါတယ် သား။ စိတ်နှလုံး တခုလုံးပုံအပ်ပြီး ယုံကြည်စိတ်နဲ့ သားရဲ့ ၀ိညာဉ်နှလုံးသားနဲ့သာ ရှာပါသား။ ဘုရားက သားကို သူရှိနေကြောင်း ပြောပါလိမ့်မယ်လို့ အမေဆိုပါတယ်။ ကျမ်းစာလား မဖတ်ချင်ပါဘူး အမေရာ ဟိုးရှေးခတ်ကလူတွေ သူတို့ စိတ်ထင်ရာမြင်ရာတွေ ရေးထားတာတွေကို အချိန်ကုန်ခံပြီး ဖတ်မနေနိုင်ပါဘူး။ အမှန်တရားဟာ နှလုံးသားမှာ မရှိဘူးအမေ ဦးနှောက်ထဲမှာပဲရှိတယ်။ ဦးနှောက်နဲ့ပဲ ဖြစ်နိုင်မဖြစ်နိုင် ဆုံးဖြတ်ပြီးတော့မှပဲ ယုံသင့် ယုံထိုက်တာကိုပဲ သားယုံမယ်။ အမေ့လိုတော့ နှလုံးသား ခံစားချက်ကို ဦးစားပေးပြီး ၀တ္တုဇတ်လမ်းလိုတော့ လက်မခံနိုင်ပါဘူး။ ဒီခေတ်က သိပ္ပံခေတ်အမေ။ သိပ္ပံပညာနဲ့ အားလုံးကို သက်သေပြနိုင်တယ်။ သိပ္ပံပညာဟာ လက်တွေ့ကျတယ်။ ဦးနှောက်နဲ့ ဆင်ခြင်လို့ရတယ်။ ဘလိုင်းကြီးတော့ သား မယုံနိုင်ပါဘူး လို့ ကျွန်တော် ပြန်ပက်ခဲ့ပါတယ်။

သား မင်းအတွက် အမေဆုပဲတောင်းပေးမယ်လို မျက်ရည်ဝဲကာ ပြောခဲ့တဲ့ အမေ့ကို ကျွန်တော် မသိကျိုးကျွန်ပြုကာ လျစ်လျူရှုခဲ့ပါတယ်။ ခေါင်းမာလွန်းပြီး ဦးနှောက်ကိုသာ ဦးစားပေးတတ်တဲ့ ကျွန်တော်ဟာ အသက်အရွယ်ကြီးလာတာနဲ့ အမျှ သိပ္ပံအတတ်ပညာများကို နှစ်နှစ်ခြိုက်ခြိုက် လက်ခံခဲ့ပါတယ်။ အီဗော်လူးရှင်း သီအိုရီကိုလည်း အကျိုးအကြောင်းခိုင်လုံတဲ့ သက်ရှိဖြစ်ပွားမှု ဖြစ်စဉ်တရပ်အဖြစ် လက်ခံခဲ့ပါတယ်။ ဖန်ဆင်းရှင် မလိုတဲ့ ဒီသီအိုရီကြီးက ကျွန်တော် ငယ်ငယ်တုန်းက အဖေသင်ကြားခဲ့တဲ့ ဖီလော်ဆိုဖီနဲ့လည်း ကိုက်ညီမှု အများကြီး ရှိခဲ့တယ်လို့လည်း ထင်ခဲ့ပါတယ်။ ကျွန်တော်ဟာ မိမိကိုယ်ကို၊ကောင်းအောင်ကျိုး၍၊ ကောင်းကျိုးကိုယ်၌ တည်စေမင်း ဆိုသလို ကိုယ့်ခွန်အား၊ ကိုယ့်ညာဏအား နဲ့ပဲ ကောင်းအောင်၊ အပြစ်ကင်းအောင် နေခဲ့ပါတယ်။

ဦးနှောက်နဲ့ ကိုယ့်အားကိုယ်ကိုးလို့ အပြစ်မရှိအောင် ကြိုးစားနေရင်း အချိန်မှာပဲ ကျွန်တော်ဟာ အပြစ်နွံတခုထဲကို မတော်တဆ ကျရောက်သွားခဲ့ပါတယ်။ အပြစ်ကင်းစင်အောင် နေတုန်းက အပြစ်ဖြစ်မှာ ကြောက်ခဲ့ပေမဲ့၊ အပြစ်တွင်းထဲကျရောက်သွားချိန်မှာတော့ ကဲမထူးပါဘူးကွာ ကျလည်းကျတဲ့အတိုင်းပေါ့လို့ စိတ်ထဲသတ်မှတ်ပြီး မိုက်မိုက်မဲမဲနဲ့ အဲဒီနွံထဲမှာပဲ ဆက်ပြီး မထူးဇတ်ခင်းကာ နေလိုက်ပါတယ်။ လူမိုက်ဘ၀နဲ့ နေခဲ့လို့  အချိန်ကြာညောင်းလာတဲ့ တနေ့မှာတော့ ကျွန်တော်ဟာ အမှားကြီးမှားပြီဆိုတာ သိခဲ့ပြီး နောင်တရခဲ့ပါတယ်။ ကျွန်တော့်ရဲ့ နောင်တဟာ ကြီးမားလွန်းတာကြောင်း ဘ၀တလျောက်လုံး ဘုရားကို ကျောခိုင်းထားခဲ့တဲ့ ကျွန်တော်ဟာ ဘုရားရှိတဲ့ဘက် အရပ်ကို လှည့်လာခဲ့ပါတယ်။ တသက်နဲ့ တကိုယ် ဘုရားမရှိဘူးလို့ ဦးနှောက်နဲ့ ငြင်းဆိုခဲ့တဲ့ ကျွန်တော်ဟာ ဘုရားရှိနေကြောင်းကို နှလုံးသားနဲ့ အလိုလို သိလာခဲ့ပါတယ်။ ဘ၀တလျောက်လုံး အမေပြောပြောနေတဲ့ ခရစ်တော်ရဲ့ ခွင့်လွှတ်ခြင်းဆိုတာကို ဦးနှောက်နဲ့ စဉ်းစားလို့ မရခဲ့ပေမဲ့ အဲဒီအချိန်မှာ ခရစ်တော်ရဲ့ ကြင်နာသနားမှု၊ ခွင့်လွှတ်ချစ်ခြင်းအကြောင်းကို နှလုံးသားနဲ့ နားလည်ခဲ့ပါတယ်။ အဲဒီ နောင်တတရားသာ မရှိခဲ့ရင်၊ ကျွန်တော်ဟာ အခုထက်ထိ မပြောင်းလဲသေးတဲ့ ဘ၀နဲ့ပဲ ရှိနေဦးမှာ ဖြစ်ပါတယ်။ အဲဒီ နောင်တတရားသာ မရှိခဲ့ရင် ကျွန်တော်ဟာ ဇာတိပကတိလူ အတိုင်းသာ ရှိနေဦးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီနောင်တတရားကြောင့်ပဲ ကျွန်တော်ဟာ ဘုရားသခင်ကို နှလုံးသားနဲ့ ပထမဆုံးအကြိမ် လက်ခံယုံကြည်မိခဲ့ခြင်း ဖြစ်ပါတယ်။ နောင်တတရားဟာ ကျွန်တော့်ရဲ့ နှလုံးသားမှာ ၀ိညာဉ်သစ်တခုကို ပထမဆုံးအကြိမ် မွေးဖွားပေးလိုက်ပါတယ်။

ဝိညာဉ်သဘောကို ပထမဦးဆုံးအကြိမ် ထိတွေ့ခံစားမိတဲ့ ကျွန်တော်ဟာ အရင်က ဘာခံစားချက်မှ မပေးခဲ့တဲ့ ဘုရားသီးချင်းများကို သီဆိုရတာကို နှစ်ခြိုက်ပျော်မွေ့လာပါတယ်။ ယုံကြည်သူအများအပြားနဲ့၊ ဘုရားရဲ့ မိသားစုဝင်တွေနဲ့၊ ရောနှောနေထိုင်ရတာကို ၀မ်းမြောက်လာပါတယ်။ ဆုတောင်းခြင်းများကိုလည်း မတောင်းတတ်တောင်းတတ်နဲ့ ဘုရားသခင်နဲ့ ပြုလုပ်လာပါတယ်။ ဘုရားရှိနေတယ်ဆိုတဲ့ ခံစားချက်မျိုး ဘယ်တုန်းကမှ မခံစားဘူးပေမယ့် သန့်ရှင်းသော ၀ိညာဉ်တော်က ကျွန်တော့်ရဲ့ နှလုံးသားထဲမှာ လှုပ်ရှားရိုက်ခတ်တာကို ခံစားလာခဲ့ရပါတယ်။ ဒါ့အပြင် ခမည်းတော်၊သားတော်၊သန့်ရှင်းသော ၀ိညာဉ်တော်တို့ရဲ့ ငြိမ်သက်မှုနဲ့ ၀မ်းမြောက်မှုတို့ဟာ ကျွန်တော့်ရင်ထဲမှာ ပြည့်ဝလာပါတယ်။ ခရစ်တော်ရဲ့ အတုမဲ့ မေတ္တာနဲ့ အပြစ်သားများကို ချစ်တဲ့ ချစ်ခြင်းများကိုပါ ပေါင်းစပ်ခံစားလာပါတယ်။ ဘ၀တသက်တာလုံး အရာရာကို ဦးနှောက်နဲ့ ဆုံးဖြတ်ခဲ့တဲ့ ကျွန်တော်ဟာ နှလုံးသားနဲ့ပဲ ဆက်လက်ရှင် သန် နေထိုင်ခဲ့ပါတော့တယ်။

ကျွန်တော် ၀ိညာဉ်ဟောင်းဘ၀ကနေ အသစ်ဘက်ကို ကူးပြောင်းရောက်ရှိတဲ့ အချိန်က ကျွန်တော်ဟာ စင်္ကာပူကို ရောက်ရှိနေပါပြီ။ မိဘများကို ခွဲခွာပြီး တပြည်တရွာမှာ စီးပွားရှာထွက်ခဲ့တာကြောင့် ဦးနှောက်ပိုင်ရှင် အဖေ နဲ့ နှလုံးသား ပိုင်ရှင် အမေတို့ရဲ့ အုပ်ထိန်းမှု အောက်ကနေ ဝေးကွာနေချိန် ဖြစ်ပါတယ်။ ကျွန်တော်ဟာ နှလုံးသားရဲ့ အုပ်စိုးမှုနဲ့ ၀ိညာဉ်သဘော ဆန်စွာ နေထိုင်လာခဲ့စဉ် အရင်ကတွေးခေါ်ခဲ့တဲ့ ဦးနှောက်ဟာ လုံးဝသုံးမရတော့ဘူးလားလို့ စိတ်မှာ ခံစားမိလာရပါတယ်။ ဦးနှောက်ဟာ မလိုအပ်တော့ရင် ဘုရားသခင်က ဘာကြောင့်များ ကျွန်တော်တို့ကို ပေးထားရပါသလဲ။ ဦးနှောက်ဟာ မလိုအပ်တော့ရင် နှလုံးသားသက်သက်ချည်း ပေးထားဖို့ရန်သာ အကြောင်းရှိပါတယ်။ ကျွန်တော့်အနေနဲ့ ဦးနှောက်နဲ့ နှလုံးသားပြသနာဟာ ရှင်းသွားမလိုလိုနဲ့ မရှင်းခဲ့ပါဘူး။

အဲဒီအချိန်မှာပဲ အုပ်စုကြီးနှစ်ခုကို ကျွန်တော်တွေ့ကြုံရခဲ့ပါတယ်။ အုပ်စုတစ်စုကတော့ နှလုံးသားကို အရမ်း ဦးစားပေးလွန်းပြီး ဘာသာရေးမှာ ဦးနှောက်ဟာ ဘာမှ အသုံးမ၀င်ကြောင်းနဲ့ အနှောက်အယှက် အတားအဆီးပင် ဖြစ်နိုင်တယ်လို့ ခံယူထားကြသူများဖြစ်ပါတယ်။ ကျွန်တော် တွေ့ကြုံခံရတဲ့ ယုံကြည်သူ တော်တော်များများမှာ အဲဒီလို ခံယူကြသူ အများအပြား ရှိနေတာကို တွေ့ရပါတယ်။ ဒိထက်ပိုပြီး ဆိုးတာကတော့ မိမိတို့ရဲ့ စိတ်ကူးနဲ့ ဖြစ်ပေါ်လာတဲ့ အရာများကို ဘုရားသခင်ထံက ဖော်ပြချက်များအဖြစ် ထင်နေကြသူများပဲ ဖြစ်ပါတယ်။((Legitimate Vision) တကယ်ရသူများကို မဆိုလိုပါ။) ထိုသို့သောသူများဟာ မိမိတို့ အာရုံထဲမှာ ဖြစ်ပေါ်လာတဲ့ ဘုရားသခင်ရဲ့ ဖော်ပြချက်များဟာ ဦးနှောက်နဲ့ တွေးတောဆင်ခြင်လို့ရတဲ့ အရာများထက် မှားနိုင်စရာ အကြောင်းမရှိဘူးလို့ ခံယူကြသူများ ဖြစ်ပါတယ်။ ကျမ်းစာထဲက ဖော်ပြချက်များကို ဦးနှောက်နဲ့ ဆင်ခြင်တွေးတောလို့ ရခဲ့ရင်ပဲ ဒါတွေဟာ လူ့ဦးနှောက်နဲ့ တွေးတာတွေပါကွာ။ ဘာသာရေးမှာ ဦးနှောက်လာသုံးရင် အလကားပဲလို့ ဦးနှောက်ကို လွန်မင်းစွာ အထင်အမြင်သေးကြသူများပဲ ဖြစ်ပါတယ်။

နောက်ကြုံတွေ့ရတဲ့ အုပ်စုတစုကတော့ ဦးနှောက်ကို ဦးစားပေးလွန်းသူများ အုပ်စုပဲ ဖြစ်ပါတယ်။ အဲဒီအုပ်စုကတော့ ပထမအုပ်စုနဲ့ ဆန့်ကျင်ပြီး ဦးနှောက်ကို လွန်မင်းစွာ အထင်ကြီးကြသူများပဲ ဖြစ်ပါတယ်။ ကျွန်တော်ဟာ မပြောင်းလဲခင် ဘ၀တုန်းက အဲဒီအုပ်စုကြီးမှာ ပါခဲ့ပါတယ်။ ဦးနှောက်နဲ့ တွေးပြီး မှန်ကန်စွာ အဖြေထုတ်နိုင်ရင် အမှားကင်းတယ်လို့ ယူဆကြသူများပဲ ဖြစ်ပါတယ်။ အဲဒီအုပ်စုကတော့ အခြားအခြားသော သူများထက် ဦးနှောက်ကောင်းသူများဖြစ်တာကြောင့် အရာရာကို ဦးနှောက်နဲ့ သိနိုင်ပြီး ဦးနှောက်နဲ့ ဆုံးဖြတ်နိုင်မယ်လို့ ခံယူကြသူများပဲ ဖြစ်ပါတယ်။ ကျွန်တော်လုပ်ကိုင်နေတဲ့ အလုပ်ခွင်က လူအတော်များများဟာ ထိုအုပ်စုဝင်များပဲ ဖြစ်ကြပါတယ်။ ကျွန်တော့်ရဲ့ အလုပ်မှာ သိပ္ပံပညာရှင်များက ဦးနှောက်ကိုသာလျင် အထင်ကြီးကြသူများ ဖြစ်ပါတယ်။ နာဗင်းလို့ အမည်ရတဲ့ သိပ္ဗံပညာရှင်တယောက်က Science Is My God လို့ ကျွန်တော့်ကို ပြောဖူးပါတယ်။ သဘောကတော့ ဦးနှောက်နဲ့ တည်ဆောက်ထားတဲ့ သိပ္ပံပညာသာလျှင် အရာရာကို ဆုံးဖြတ်ပေးတယ်လို့ ဆိုလိုတာပါ။

အချိန်များစွာ ကြာလာလို့ ဒီလို နှစ်ဖက်စွန်းဖြစ်နေသူများရဲ့ အားနည်းချက်ကိုယ်စီကို ကျွန်တော်တဖြည်းဖြည်း သဘောပေါက်လာပါတယ်။ တချိန်တည်းမှာပဲ အုပ်စုတစုစီရဲ့ အားသာချက်များကို ကျွန်တော်သိလာပါတယ်။ နှလုံးသားကို လွန်မင်းစွာ ဦးစားပေးလွန်းသူများအတွက် ဦးနှောက်ရဲ့ အားသာချက်များကို ကျွန်တော်ဖတ်မှတ် နားလည်ခဲ့သလို ဝေငှချင်ပါတယ်။ ပြီးတော့မှ ဦးနှောက်ကို ဦးစားပေးလွန်းသူများအတွက် နှလုံးသားရဲ့ အားသာချက်များကို နားလည်ခဲ့သလို ဝေငှချင်ပါတယ်။

နှလုံးသားကို ဦးစားပေးသူများကို ဦးနှောက်ရဲ့ ကောင်းကြောင်းလေးများကို ဝေငှချင်ပါတယ်။ ဦးနှောက်ဟာ ဒီလောကကြီးမှာ ကျင်လည်ကျက်စားတဲ့ အခါမှာ အများကြီး အသုံးဝင်တယ် ဆိုတာကို ဘယ်သူမှ ငြင်းလို့ မရပါဘူး။ အနိမ့်ဆုံး အဆင့်က စပြောရင် လယ်ယာစိုက်တဲ့ တောင်သူလယ်သများ ဦးကြီးများက ဘယ်အချိန်မှာ ပျိုးခင်းစိုက်ရမယ်။ ဘယ်အချိန်မှာ ပျိုးနူတ်ရမယ်။ ဘယ်အချိန်မှာ ကောက်စိုက်ရမယ်။ ဘယ်အချိန်မှာ ကောက်သိမ်းရမယ်။ ဘယ်ရာသီဥတုမျိုးဟာ ဘယ်မျိုးစေ့နဲ့ ကိုက်ညီတယ်။ စသဖြင့် ဦးနှောက်အသိညာဏ် နဲ့ ချင့်ချိန်ပြီး လုပ်ကိုင်ကြရပါတယ်။ ဒီထက် တဆင့်တက်လို့ အင်ဂျင်နီယာ၊ ဆရာဝန်၊မန်နေဂျာ၊သိပ္ဗံပညာရှင် အများအပြားဟာလည်း ဦးနှောက်ကိုသာလျင် အသုံးပြု အလုပ်လုပ်ကိုင် ကြရပါတယ်။ ဥပမာအားဖြင့် အင်ဂျင်နီယာဆိုရင် အဆောင်အဦ ဖြစ်ဖို့ တွက်ချက်မှုတွေ ပြုပြီး စနစ်တကျ ဆောင်ရွက်မှ တည်မြဲတဲ့ အဆောက်အဦကို ဆောက်နိုင်ကြတာ ဖြစ်ပါတယ်။ အမြင့်ဆုံး အဆင့်ဖြစ်တဲ့ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ကြတဲ့ သမ္မတများဟာ လည်း ဦးနှောက်ကိုသာ အသုံးပြုပြီး စနစ်တကျအုပ် ချုပ်မှသာ တိုင်းပြည်ဟာ သာယာဝပြောပြီး ကြွယ်ဝချမ်းသာနိုင်မှာ ဖြစ်ပါတယ်။

လောကအရာများမှာ ဦးနှောက်က အသုံးဝင်တာကတော့ ဟုတ်ပါတယ်။ ဘာသာရေးမှာတော့ ဦးနှောက်ကို လာပြီး မသုံးနဲ့ လို့ ပြောကောင်းပြောကြမှာပါ။ ဒါက ဘာသာရေးမှာ ဦးနှောက်အသုံးဝင်ပုံကို မသိကြသေးလို့ပဲ ဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ နူတ်ကပတ်တော်နဲ့ ပြောကြားချက်တွေဟာ ယုံကြည်သူအများအတွက် အရေးကြီးကြကြောင်းကို သိကြပါတယ်။ အဲဒီ နူတ်ပတ်တော်များကို ပရောဖက်များကလည်းကောင်း၊ တမန်တော်များကလည်းကောင်း၊ အထူးသဖြင့် သားတော်ဖြစ်တဲ့ သခင်ခရစ်တော်ထံကလည်းကောင်း ကြားသိနိုင်ကြပါတယ်။ အဲဒီ ဘုရားရဲ့ သဘောတွေ၊ နူတ်ကပတ်တော်တွေကို ကျွန်တော်တို့ရဲ့ ဦးနှောက်နဲ့ (သန့်ရှင်းသောဝိညာဉ်တော် အကူအညီနဲ့) ကိုယ်တိုင်နားလည်ပြီး တခြားသူတွေကို နားလည်တဲ့အတိုင်း ပြောပြနိုင်ရင် ကောင်းကင်နိုင်ငံတော်ကျယ်ပြန့်ရေးအတွက် ဘယ်လောက်များ အကျိုးပြုနိုင်ပါလိမ့်မလဲ။ ဦးနှောက်ရဲ့ ဆက်စပ်တွေးတောနိုင်မှု စွမ်းအားကို အသုံးမပြုပဲ ကျမ်းစာထဲက သမ္မတရားကို ပိုင်းခြားနားလည် ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

သမ္မာကျမ်းစာထဲက ဖော်ပြထားတဲ့ ဘုရားရဲ့ ပုဂိုလ်ဖြစ်ခြင်း၊ ဘုရားရဲ့ ဂုဏ်အင်္ဂါများကို နားလည်နိုင်အောင် ပေးနိုင်တာလည်း ဦးနှောက်ရဲ့ အစွမ်းပဲ ဖြစ်ပါတယ်။ အဲဒီ ဦးနှောက်ရဲ့ အစွမ်းနဲ့ပဲ ခေတ်ကာလကို လိုက်ပြီး ဘုရားက သူ့ရဲ့ သားသမီးတွေအတွက် စီမံခဲ့ပုံတွေ၊ ပဋိညာဉ် အသစ်၊ပဋိညာဉ် အဟောင်းတွေ၊ ပညတ်ခေတ် နဲ့ ကျေးဇူးတော်ခေတ် ဆိုတာတွေ ကို နားလည်နိုင်စွမ်း ရှိတာ မဟုတ်ပေဘူးလား။ ဦးနှောက်ရဲ့ အစွမ်းနဲ့ သန့်ရှင်းသောဝိညာဉ်တော်တို့ရဲ့ ဖွင့်ပြမှုသုံးပြီး စစ်မှန်သော နောင်တဆိုတာ ဘာလဲ။ ကယ်တင်ခြင်းကို ဖြစ်စေမယ့် ယုံကြည်မှုဆိုတာ ဘာလဲ၊ အပြစ်သားရဲ့ ဖြောင့်မတ်ခြင်းဆိုတာဘာလဲ ဆိုတာတွေကို နားလည်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဦးနှောက်ရဲ့ အစွမ်းနဲ့ပဲ အသစ်သော မွေးဖွားခြင်း ဆိုတာဘာလဲ၊ အဲဒီလို မွေးဖွားခဲ့တဲ့ လူများမှာ သီးသောအသီး များဟာ ဘာလဲ ဆိုတဲ့အရာတွေသာမက ခရစ်တော်ရဲ့ ခန္ဓာကိုယ်ဖြစ်တဲ့ အသင်းတော်ကို စနစ်တကျတည်ဆောက်တတ်ဖို့ ၊ အသင်းတော် အုပ်ချုပ်တဲ့ နည်းစနစ်များကို နားလည်ဖို့၊ အသင်းတော်အုပ်ချုပ်သူများဖြစ်တဲ့ သင်းအုပ်၊သင်းထောက်များကို ရွေးချယ်ဖို့ နည်းများကို နားလည်ဖို့ ဦးနှောက်ကိုပဲ အသုံးပြု နားလည်ကြရပါတယ်။ ဒါတွေကတော့ နှလုံးသားသမားများ မသိသေးတဲ့(သို့) သတိမထားမိသေးတဲ့ ဦးနှောက်ရဲ့ အားသာချက်များ ဖြစ်ပါတယ်။

ဦးနှောက်ကို ဦးစားပေးသူ အုပ်စုဝင်များအတွက် နှလုံးသားရဲ့ အားသာချက်ကို ဝေငှချင်ပါတယ်။ ပထမဆုံးအချက်အနေနဲ့ ဦးနှောက်ရဲ့ ဆင်ခြင်တွေးတော ဥာဏ်ဟာ သမ္မာကျမ်းစာထဲက ပြောတဲ့ ယုံကြည်မှုမျိုးကို မဖြစ်ပေါ်စေပါဘူး။ ယုံကြည်ခြင်းဆိုတာ မမြင်ရတဲ့အရာများကို သိမှတ်စွဲလမ်းခြင်းပဲ ဖြစ်ပါတယ်။ ဘုရားသခင်နဲ့ မမြင်ရတဲ့ လောကကို ဦးနှောက်နဲ့ ဘယ်လို စဉ်းစားစဉ်းစား၊ ဘယ်လိုပဲ တွေးခေါ် တွေးခေါ်၊ ဘယ်လိုပဲ ဆင်ခြင်ဆင်ခြင် မဖြစ်နိုင်ပါဘူး။ သိပ္ပံပညာနဲ့ ဖြစ်စေ၊ ဖီလိုဆော်ဖီ သဘောတရားနဲ့ ဖြစ်စေ၊ ကြိုက်သလောက်တွေးခေါ်ပါ။ ကျေနပ်တဲ့ အဖြေကို ရနိုင်မှာ မဟုတ်ပါဘူး။ ဦးနှောက်ရဲ့ ဆင်ခြင်တုံတရားကို သုံးပြီး ဘုရားကို ရှာတွေ့ပြီလို့ ဆိုခဲ့ရင်တောင်မှ မကြာခင်မှာပဲ သံသယပြန်ဝင်လာပြီး ရခဲ့တဲ့ အဖြေဟာ ပျက်ပြယ်သွားနိုင်ပါတယ်။ ဒါကြောင့် ခရစ်ယာန်တို့ရဲ့ ယုံကြည်ခြင်းဟာ ဦးနှောက်ပေါ်မှာ လုံးလုံးမတည်ပါဘူး။ နှလုံးသားပေါ်မှာ တည်ပါတယ်။ မျက်မြင်မြင်ရမှ ယုံမယ်လို့ ဆိုတဲ့သောမထက် မမြင်ရပဲ ယုံတဲ့ သူများက ပိုပြီး မင်္ဂလာ ရှိတယ်လို့ ခရစ်တော် မြွက်ကြားခဲ့ပါတယ်။

ဒုတိယအချက်ကတော့ မျှော်လင့်ခြင်းပါပဲ။ မျှော်လင့်ခြင်းဆိုတဲ့ နေရာမှာ ခရစ်ယာန်တို့ရဲ့ မျှော်လင့်ခြင်းကို ဆိုလိုပါတယ်။ ကြွရောက်လာမယ့် မမြင်ရသေးတဲ့ လောကကို မျှော်လင့်ခြင်း၊ ခရစ်တော်နှင့်အတူတကွ နေထိုင်ရမည့် အချိန်ကာလကို မျှော်လင့်ခြင်း၊ ခမည်းတော်နှင့် သားတော်တို့ရဲ့ ဘုန်းအသရေ ထွန်းတောက်မဲ့ ကာလကို မျှော်လင့်ခြင်း၊ တို့ဟာ ယုံကြည်သူများရဲ့ မျှော်လင့်ခြင်းပဲ ဖြစ်ပါတယ်။ ဒီမျှော်လင့်ခြင်းမျိုးကို ဦးနှောက်နဲ့ လုံးဝမရနိုင်ပါဘူး။ ယုံကြည်ခြင်းကို မဖြစ်ပေါ်စေနိုင်တဲ့ ဦးနှောက်ဟာ ယုံကြည်ခြင်းကနေ ဖြစ်ပေါ်လာတဲ့ မျှော်လင့်ခြင်းကို မဖြစ်ပေါ်စေနိုင်တာ မဆန်းပါဘူး။ ဒါကြောင့် ယုံကြည်ခြင်း မရှိရင် မျှော်လင့်ခြင်းလဲ မရှိပါဘူး။ မိမိစိတ်ကူးနဲ့ လုပ်ယူပြီး မျှော်လင့်ချက်တု တစ်ခုကို ဦးနှောက်သုံးပြီး ဖန်တီးလို့ရပါတယ်။ ဒါပေမဲ့ အဲဒီမျှော်လင့်ချက်ဟာ နေထွက်လာတဲ့အခါ ပျောက်သွားတဲ့ နှင်းပွင့်များလို တခဏအတွင်း ပျောက်သွားနိုင်ပါတယ်။

တတိယအချက်ကတော့ ချစ်ခြင်းမေတ္တာပဲ ဖြစ်ပါတယ်။ အမျိုးသားတယောက်က အမျိုးသမီးတယောက်ကို ဦးနှောက်နဲ့ ချစ်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဦးနှောက်နဲ့ ချစ်ပြီး လက်ထပ်ပေါင်းသင်းလို့တော့ ရပါတယ်။ ဒါပေမဲ့ အဲဒီ အိမ်ထောင်ဟာ နှလုံးသားမပါပဲ တည်ဆောက်တဲ့ အိမ်ထောင်ဖြစ်တဲ့ အတွက် မမြဲကြပါဘူး။ လူအချင်းချင်းကြားမှာ ရှိတဲ့ ချစ်မေတ္တာကို ဦးနှောက်နဲ့ သုံးပြီး တည်ဆောက်ဖို့ မလွယ်ကူရင်၊ ဘုရားနဲ့ လူသားများအကြားမှာ ရှိတဲ့ ချစ်မေတ္တာကို ဦးနှောက်နဲ့ တည်ဆောက်ဖို့ဆိုတာ ပိုပြီး မလွယ်ကူပါသေးတယ်။ ဘုရားသခင်ကို နှလုံးသားနဲ့ ပုံအပ်ကာ ချစ်ကာမှ ဘုရားသခင်ရဲ့ ချစ်မေတ္တာကို ခံစားနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ နှလုံးသားအိမ်မှာ ဘုရားချစ်မေတ္တာ စီးဆင်းလာလေ၊ မိမိရဲ့ အနီးအနားက သူတွေကို ချစ်မေတ္တာစိတ် မွေးဖွားနိုင်လေလေ ဖြစ်ကြမှာပါ။ ချစ်ခြင်းမေတ္တာနေရာမှာ ဦးနှောက်ဟာ ဘယ်တော့မှာ အသုံးမ၀င်ပါဘူးဗျာ။

အဆုံးသတ်ပြောရရင် ငယ်စဉ်ဘ၀တုန်းက ကျွန်တော်ဟာ ဦးနှောက်အုပ်စုထဲမှာ ပါဝင်ခဲ့ပါတယ်။ ဘုရားသခင်က အစွန်းရောက် ဦးနှောက်အုပ်စုများထဲက ကျွန်တော်ကို ရွေးထုတ်ပြီး နှလုံးသားနဲ့ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်း လမ်းပေါ်တင်ခဲ့ပါတယ်။ နှလုံးသားအားဖြင့် ကယ်တင်ခြင်းလမ်းပေါ်ရောက်ပြီးတဲ့အခါမှာ ကျွန်တော်ဟာ အစွန်းရောက် နှလုံးသားအုပ်စုများထဲ ကျရောက်ဖို့ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဘုရားသခင်က ကျွန်တော့်ကို မကျရောက်စေပဲ ဘုရားသခင်ရဲ့ စစ်မှန်တဲ့ သမ္မာတရားလမ်းပေါ်ကို တင်ပေးခဲ့ပါတယ်။ အဲဒီအတွက်ကြောင့် ဘုရားသခင်ကို ကျေးဇူးတင်သလို၊ ယုံကြည်သူ ညီအစ်ကို မောင်နှမများအားလုံးကိုလည်း ဦးနှောက်နဲ့ နှလုံးသားကြားမှာ မှန်ကန်စွာ ရပ်တည်နိုင်ကြပါစေလို့ ဆုတောင်းရင်း နိဂုံးချုပ်လိုက်ပါတယ်။ အားလုံးကို ဘုရားသခင် ကောင်းချီးပေးပါစေ။

နာမတော်အားဖြင့်

လှမင်းသူ

 


မုရန်(၄) မဂ္ဂဇင်း
Oct-2012 ရန်ကုန်တွင်ထွက်ပြီ
Download - Click Here

Hits: 672
Comments (0)Add Comment

Write comment
smaller | bigger

busy

Facebook Google Twitter buttons

Footer Monthly Articles & Web.Blogs

 

ဝိညာဉ်ရေးဆိုင်ရာလစဉ်ရွေးချယ်ထားသောမုရန်ဆောင်းပါးအချို့

 


Our Friendly Web & Blogs Links
jbcs.org.sg/main
woorank.com/en/www/sawpatrick.net
moemaka.com/2012/06/guest-writer-ပြည်သူတို့လိုချင်နေတ
spiritlessons.com/languages/index.htm
thawthikho.blogspot.com/2010/02/blog-post_9931.html
mahnkoko.blogspot.com.au
divinerevelations.info/languages/index.htm
mcathailand.com
myanmarinsingapore.com
karenfamily.org/profiles/blogs/links-1
zomimessenger.com/2012/09/column-music-column-extra-links-holy.html
streamoflife99.com/articles/jesus18yrsproblem.html
tudoenkung.wordpress.com/online-bibles
burmesebible.com/links.htm
jinghpawtingsan.blogspot.com/2011/04/morphvox-junior-voice-changer.html
sawkyawoo.com/2011/10/website_21.html
bethelkhrihfabu.net/nitin-bible-relnak.html
immanuelmyanmarchurch.com/apps/blog
mahnkoko.blogspot.com.au/2012/06/blog-post_10.html
kc-nl.blogspot.in/2011/09/2011-ning-ladaw-kcnl-nawku-hpung-wai.html
laaituibaptistchurch.com
mahnkoko.blogspot.com/2012/07/normal-0-false-false-false-en-au-x-none.html
mcflondon.com
dawnathar.blogspot.com/2010/11/blog-post_8330.html
imcwheaton.org
kc-nl.blogspot.com/2012/05/atrocities-in-kachin-land.html
kokomaunguk.blogspot.co.uk/2012/01/blog-post_21.html
sawpatrick.net
shinthan.com
bangkokchristchurch.net
batupuei.webs.com
burmesebible2008.blogspot.com/2009/10/typhoon-in-philippines.html
globalmcf.ning.com
intouchcnet.com
karanilan.webs.com/apps/videos/videos/show/5464117
kokomaunguk.blogspot.com.au/2012/06/blog-post_09.html
kokomaunguk.blogspot.sg/2012/08/blog-post_8666.html
mcctulsa.com
mgchit.blogspot.in/2012/08/blog-post_18.html
mmwebgallery.com
nlbcusa.wordpress.com
sawchit.blog.com/2011/06/12/ကျီးတို့အလယ်မှ-ဒေါင်း
sawchitthu.blogspot.com/2012/03/software-license-version.html
simonkamta.blogspot.com/p/mp3-download_16.html

swecanaan.blogspot.com/2012/09/andriod-phone-program.html
thelordword.com
tkbc-japan.net
bangkokchristchurch.net

haineni.ning.com
bangkokchristchurch.net
globalmcf.ning.com/
thawthikho.blogspot.com
orangeask.com
miccfortwayneusa.blogspot.com
mcflondon.com
kokomaunguk.blogspot.com

mission-one.co.cc                   
chanlinnay.mandalaybloggers.org

thespiritfruit.com
mg-m.blogspot.com  ကျမ်းစာလေ့လာနည်းများ
mcbc4u.blogspot.com မုရန်ဆောင်းပါးအချို့.
www.myatmingalar.com/ မြတ်မင်္ဂလာဒေသနာများ
myanmar-odb.org နေ့စဉ်ခွန်အား(မြန်မာ)

Ref:

http://www.alexa.com

Facebook Twiter Google Buttons

ချီးမွမ်းတေးသီချင်းနှင့်ကဗျာများ (random hymn No.1)

Thanks Giving in My Heart

I will enter His gates with thanks giving in my heart
I will enter His courts with praise.
I will say this is the day that the Lord has made.
I will rejoice for He has made me glad.
He has made me glad.
He has made me glad.
I will rejoice for He has made me glad.
He has made me glad.
He has made me glad.
I will rejoice for He has made me glad.