ဂေါက်ရောဂါ .... Gout ဟု အင်္ဂလိပ်လို အမည်တွင်လေသော အနှီရောဂါသည် စာရေးသူ၏ ဘ၀ထဲသို့ မမျှော်လင့်ပဲ တိတ်ဆိတ်စွာ အစပြု ၀င်ရောက်ခဲ့သည်။ အစဦးပိုင်း၌ စာရေးသူထံသို့ တစ်လှမ်း၊ နှစ်လမ်း အစမ်းသဘောဖြင့် မသိမသာ ခြေဖျားထောက်ဝင်ရောက်ခဲ့ပြီး အခြေခိုင်မည်ဟု ထင်သောအခါ ခြေစုံပစ်၍ ၀င်လာတော့သည်။ ဖြစ်စက စစ်ကနဲ့ စစ်ကနဲ နာကျင်မှု ဖြစ်ရုံမျှသာဖြစ်ပြီး ဖြစ်သည့် နှုန်းမှာလည်း နှစ်ချီ၍ ခြားတတ်ပေသည်။ တစတစ နှင့် ၄င်းရောဂါသည် အရှိန်ရလာပြီး တစ်နှစ်လျှင် နှစ်ခါ သုံးခါ ဖြစ်ရာမှ ယခုတလော နှစ်များအတွင်း ၆ ကြိမ်ထက် မနည်း အတင့်ရဲကာ ကျူးကျော်တိုက်ခိုက်လာတော့သည်။ ထိုမျှသာမက နာကျင်မှုဝေဒနာ ပြင်းအားသည်လည်း တိုး၍ တိုး၍ ပြင်းထန်လာသည်။ ရောဂါအစပိုင်းတုန်းက ထော့နဲ့ထောနဲ့ နှင့် သွားလာနိုင်သော်လည်း၊ ပိုမိုပြင်းထန်လာချိန်၌ ကားယားကားယားနှင့် ခြေကို ဒရွတ်တိုက်ဆွဲ သွားလာရပြီး၊ အပြင်းထန်ဆုံး အချိန်၌မူ လမ်းလျှောက်၍ မရအောင်ပင် နာကျင်လှသဖြင့် အိပ်ရာထဲမှာပင် ဘုံးဘုံးလဲရသည်အထိ ဖြစ်ရလေသည်။
၎င်းရောဂါ ဖြစ်ရခြင်းအကြောင်း အရင်းမှန်မှာ ခန္ဓာကိုယ်အတွင်းတွင် ယူရစ်ဟုခေါ်သော အက်စစ်တစ်မျိုးသည် လွန်ကျူးစွာ များပြားနေခြင်းကြောင့် ဖြစ်သည်။ များပြားလှသော ထိုအက်စစ်သည် သွေးများအတွင်း လှည့်ပတ်နေရာမှ ပြစ်လွန်းလှသဖြင့် ပုံဆောင်ခဲလေးများ အသွင်ဆောင်ကာ ခန္ဓာကိုယ်၏ အဆစ်လေးများတွင် အနယ်ကျ စုပုံလေတော့သည်။ ခန္ဓာကိုယ်က ထိုပုံဆောင်ခဲလေးများကို ကျူးကျော်ဝင်ရောက်လာသော ရန်သူများအထင်ဖြင့် တိုက်ခိုက်ကြလေရာ ထိုသို့တိုက်ခိုက်ခြင်း၏ အကျိုးဆက် အနေဖြင့် ရောင်ရမ်းခြင်းသည် ဖြစ်ပေါ်လာရသည်။ ထိုရောဂါကိုကာကွယ်ရန် ယူရစ်အက်စစ်များသော အစာများဖြစ်သည့် နီသောအသားများ၊ ပဲအမျိုးမျိုး၊ မျစ်ချဉ်၊ စသည့် အစာများကို ရှောင်ကျဉ်ရပေသည်။ အစားမရှောင်နိုင်၍ ဖြစ်ပြီဟေ့ဆိုလျင် ယူရစ်အက်စစ်ပုံဆောင်ခဲလေးများကို တတ်နိုင်သမျှ ပြန်၍ ဖျော်ပစ်ရသည်။ ရေများများသောက်၍ ဆီးများများသွားခြင်း အမှုကို ပြုနိုင်လျှင် ပုံဆောင်ခဲလေးများ ပျော်ဝင်သွားကြပြီး ဆီးနှင့်အတူပါသွားနိုင်သဖြင့် သက်သာပျောက်ကင်း နိုင်ပေသည်။
စာဖတ်သူတို့အတွက် ဗဟုသုတ အလို့ငှာ ဂေါက်ဖြစ်စေသည့် ပုံဆောင်ခဲကလေးများကို ဖော်ပြလိုက်ပါသည်။

အပ်ကလေးများသဏ္ဍာန် ယူရစ်အက်စစ် ပုံဆောင်ခဲလေးများ
တစ်ညသ၌ အနှီဂေါက်သည် အကြောင်းကြားခြင်းမရှိပဲ ကောက်ခါငင်ကာ ဖြင့် စာရေးသူအား တိုက်ခိုက်လေတော့သည်။ နံနက်လင်း၍ ထသောအခါ ခြေကျင်းဝတ်မှာ ယောင်ကိုင်းနေပြီး လမ်းလျှောက်၍ မရတော့။ တခါတရံ၌ အပ်အစင်းပေါင်းများစွာ ခြေကျင်းဝတ်ကို စူးဝင်နေသကဲ့သို့သော နာကျင်မှုဒဏ်ကို ခံစားရပြီး တခါတရံ၌မူ အရိုးများ အက်ကွဲသကဲ့သို့ နာကျင်မှုမျိုးကို ခံရ၏။ ”အစ်မလေး၊အဘလေး” ညည်းညူအော်ဟစ်နေရကာ နာကျင်မှုကြောင့် ယောက်ျားတန်မဲ့ မျက်ရည်ကျရသည်။ မိမိအိပ်သည့် အိပ်ရာမှ ဘယ်မှ မထနိုင်သဖြင့် ဇနီးသည်မှ စာရေးသူအတွက် ၀တ်ကြီးဝတ်ငယ် အဖွယ်ဖွယ်ကို ပြုရသည်။ ဒင်း(ဂေါက်ရောဂါ) ပြုသမျှကို နှစ်ရက်ဆက်တိုက်လည်စင်း၍ ခံပြီးသောအခါမှ စာရေးသူမှာ သက်သာခြင်းသို့ ရောက်ရတော့သည်။
သက်သာသည်ဟုဆိုသော်လည်း အရှင်းပျောက်ခြင်းကား မရှိသေးပေ။ နာလန်ထလာခါစအချိန်မှာပင် အိမ်သူသက်ထား ဇနီးမယားမှ ဟင်းချက်ရင်းတန်းလန်း ဆီပြတ်သွားသဖြင့် ဆီအ၀ယ်ထွက်ပါဦးဟု မညှာမတာခိုင်းတော့လေရာ မည်သို့မှ ခွန်းတုံ့ မပြန်တော့ပဲ အနီးအနားရှိ Ang Mo Kio Hub ဈေးသစ်ကြီးဆီသို့ ဆီအ၀ယ်တော် ထွက်ရလေတော့သည်။ နာကျင်ခြင်းကို ကျိတ်မှိတ်ပြီး ထော့နဲ့ ထော့နဲ့နှင့် အချိန်အတော်ကြာအောင် ကြိုးစားသွားလာတော့မှ ဈေးဆီသို့ ရောက်တော့သည်။ ဆီကို ၀ယ်အပြီး ဆိုင်မှ အထွက်တွင်မူ အကင်းမသေသေးပဲ လမ်းလျှောက်ခြင်းကြောင့်၎င်း၊ သယ်ယူရသော ဆီပုံးအလေးကြောင့်၎င်း( သာမန် အခြေအနေ၌ ဆီပုံးအလေးသည် ဘာမှ မပြောပါလောက်သော်လည်း ခြေထောက်မှ ဒဏ်ကြောင့် ဆန်အိတ်တစ်အိတ်ခန့် လေးသည်ဟု ထင်ရသည်) မောပန်းနာကျင်လှသဖြင့် နီးစပ်ရာ ရေပန်းအနီးရှိ ခုံလေးများဆီသို့ အနားယူထိုင်လိုက်ရတော့သည်။ ထိုသို့ အနားယူ၍ အတန်ငယ်သက်သာသွားခိုက် အနီးအနားဝန်းကျင်ကို ကြည့်ရှုလိုက်ရာ ပျားပန်းခန့်မျှ များပြားလှသော လူအုပ်ကြားထဲတွင် စာအုပ်များတပွေ့တပိုက်ဖြင့် သွားလာနေသော ကိုထူးဆန်းကို မထင်မှတ်ပဲ တွေ့လိုက်ရသဖြင့် စာရေးသူမှာ ၀မ်းသာသွားပြီး မြင်သာအောင် လက်ဝှေ့ရမ်းပြလိုက်သည်။ ကိုထူးဆန်းသည်လည်း ခပ်သုတ်သုတ်လျှောက်နေရာမှ အမှတ်တမဲ့ လှည့်အကြည့်တွင် စာရေးသူအား တွေ့မြင်သွားပြီး စာရေးသူထိုင်နေရာသို့ ဦးတည်၍လာလေသည်။ စာရေးသူအနီးရောက်မှ စာအုပ်ပုံကြီးကို ချကာ အခန့်သင်ရှိနေသော နေရာလွတ်တွင် ၀င်ထိုင်လိုက်သည်။
” ဘယ်ကနေ ဘယ်ကို သွားမလို့ လဲ ငါ့ညီ။ စာအုပ်တွေကလည်း မနည်းပါလား”
”ဟုတ်တယ် အစ်ကိုရေ။ သိချင်တာလေးတစ်ခုရှိတာနဲ့ ဒီနားက စာကြည့်တိုက်မှာ လမ်းကြုံတုန်း ၀င်ငှားတာ။ သွားမှာကတော့ မြို့ထဲ တစ်နေရာလို့ ဆိုပါစို့။”
”ငါ့ ညီက အနောက်ပိုင်းမှာ နေပြီး ဘယ့်နှယ်ကြောင့် Ang Mo Kio မှာ လာငှားရတာတုန်း”
”ကျွန်တော်က အများအားဖြင့် တစ်ကျွန်းလုံးကို ပတ်နေတာ။ အဲဒီလို ပတ်ရင်း ပြုရင်းနဲ့ လမ်းကြုံရင် ကြုံသလို ၀င်ငှားတတ်တယ် ။ တစ်ခေါက်အစ်ကို အိမ်ကို အလည်လာတုန်းက ရှားရှားပါးပါး အိမ်ကပ်တာနဲ့ ကြုံသွားလို့ အစ်ကိုနဲ့ မလွဲသွားတာ။ ”
ဟုတ်ကောင်းဟုတ်နိုင်သည်။ ကိုထူးဆန်းကို လမ်းပေါ်မှာသာ အတွေ့ရများပေသည်။ ၄င်းသည် မည်ကဲ့သို့သော အလုပ်အကိုင်မျိုးကို လုပ်ကိုင်စားသောက်နေမှန်းလည်း တွေးတော၍ မရပေ။ စာပေအရာ၌ နှံ့စပ်ကျွမ်းကျင်သည်။ ဘာသာရေးနယ်ပယ်၌လည်း အဆင့်မြင့်မြင့် သိသည်။ ဤလို အရည်အချင်းမျိုးရှိသော သူသည် မည်သည့် အလုပ်အကိုင်ကို လုပ်ကိုင် စားသောက်နေပါသနည်း။ သုတေသနပြုနေသော ကျောင်းသားတစ်ယောက်ပေလော။ စာပေသမားတစ်ယောက်ပေလော။ ထိုသို့ ချီတုံချတုံ စဉ်းစားနေစဉ်မှာပင်
”ကျွန်တော် ဘာလုပ်ကိုင်စားသောက်နေတယ် ဆိုတာ အစ်ကို စဉ်းစားနေတာ မဟုတ်လား”
”အစ်မလေး ကိုထူးဆန်း။ ခင်ဗျားလူကော ဟုတ်ရဲ့လား။ အစ်ကို့ စိတ်ထဲရှိနေတာကို ဘယ်နှယ့်သိသတုံး”
”Body Language ကို မေ့သွားပြီလား အစ်ကိုရ။ အစ်ကိုနဲ့ ရထားပေါ်မှာ စတွေ့တုန်းက ကျွန်တော်ပြောခဲ့တဲ့ ပညာလေ ။ ဒီပညာကို အထင် မသေးနဲ့နော်”
”ဟုတ်ပါရဲ့။ မေ့နေလိုက်တာ ။ ဒီပညာကို အထင်မသေးဝံ့ ပါဘူးဗျာ။ အတော့်ကို စွမ်းတာပဲ။”
”ဒါတင် ဘယ်ကမလဲ အစ်ကိုရ အစ်ကို အခု နာကျင်တဲ့ ဝေဒနာ တစ်ခုခု ခံစားနေရတယ် မဟုတ်လား။”
”ဟုတ်ပါသောကော မောင်မင်းကြီးသားရယ်။ ကျွန်တော်မျိုး များမကြာမှီက ဂေါက်ရောဂါ ဝေဒနာ ပြင်းစွာခံရ၍ မအိပ်နိုင် မစားနိုင် ဖြစ်ခဲ့ရကြောင်းပါ။”
”နောက်နေပြန်ပါပြီ အစ်ကိုရာ။ အခုကော ဘယ်နှယ့်နေသေးလဲ။”
”အခုတော့ သက်သာသလိုရှိသွားပါပြီ။ သက်သာမယ်ကြံကာရှိသေးတယ်။ အိမ်က မိဘုရားက အခိုင်းအစေလွှတ်လို့ လာရကြောင်းပါ။ နာလိုက်တာ မပြောပါနဲ့တော့။ ဘုရားရှင်က ကျွန်တော်တို့ကို ဘယ့်နှယ်ကြောင့် နာကျင်တတ်အောင် ဖန်ဆင်းရသလဲ မပြောတတ်ပါဘူး။ မနာမကျင်ပဲ ရှိအောင်ဖန်ဆင်းခဲ့ရင် ကောင်းမှာပဲ။”
”အစ်ကိုကလဲ ခရစ်ယာန်တစ်ယောက်ဖြစ်နေပြီး ဘုရားကို ဘယ့်နှယ်ကြောင့် အပြစ်တင်နေရတာလဲ။ ကျွန်တော်ကတော့ လူတွေ သတ္တ၀ါ တွေမှာ နာတတ်တဲ့ စနစ် တစ်ခု ရှိနေတာ အရမ်းကောင်းတယ်လို့ ထင်တယ်ဗျ။”
”ဘယ်လို။ ဘယ်လို။ အရမ်းကောင်းတယ်လို့ ထင်တယ်။ ဟုတ်စ။ ဒီမှာ ငါ့ညီ ဂေါက်ရောဂါကို မခံစားဖူးသေးဘူးနဲ့ တူတယ်။ ဒါကြောင့် ဒီလိုပြောတာပဲ ဖြစ်ရမယ်။”
”အစ်ကိုဘယ်လောက်နာနေတာကို ကျွန်တော်ခံစားနားလည်ပါတယ်။ ကျွန်တော်ဆိုလိုတဲ့ သဘောကို အစ်ကို နားထောင်ပါဦး။ ပြီးမှ ပြောစမ်းပါ။”
”ကိုင်း။ ဒါဖြင့်ရင်လဲ လင်းစမ်းပါဦး ကိုထူးဆန်းရယ်။”
စာရေးသူသည် စိတ်ပေါက်ပေါက်နှင့် ကိုထူးဆန်းအား ဆိုလိုက်တော့သည်။ ကိုထူးဆန်းသည် စာရေးသူ၏ ခနဲ့ဟန်ပါသော အပြောကို မသိကျိုးကျွန်ပြု၍ အောက်ပါအတိုင်း ရှင်းလေတော့သည်။
“တစ်ခါတုန်းက ဒေါက်တာ ပေါလ်ဘရန်(Paul W. Brand) ဆိုတဲ့ ဆရာဝန် တစ်ယောက်ရှိတယ် အစ်ကိုရ။ သူက တကယ့်ကို တော်ပြီး နာမည်ကြီးတော့ ဆုတွေ ဘာတွေကို အကြီးအကျယ် ရဘူးတယ်။ သူက နူနာရောဂါ သည်တွေကို စောင့်ရှောက်ကုသတဲ့ အသင်းကို တည်ထောင်ခဲ့ပြီး အိန္ဒိယမှာ ရှိတဲ့ နူနာရောဂါသည်များနဲ့ အတူနေပြီးတော့ အနီးကပ် သုတေသန ပြုနေတဲ့ လူပေါ့။ အဲဒီလို သုတေသန ပြုနေတုန်းမှာ နူနာ ရောဂါသည်တွေရဲ့ လက်တွေ ခြေထောက်တွေမှာ အနာတွေ ဖြစ်ကြတာ သတိထားမိတယ်။ ပထမ သူထင်တာက ရောဂါနဲ့ နွယ်ပြီး ဖြစ်တဲ့ ဘေးထွက် အကျိုးဆက်ကြောင့် လို့ ထင်တယ်။ ဒါပေမဲ့ အသေအချာ လေ့လာကြည့်တော့ မဟုတ်မှန်း သိရတယ်။ နူနာဆိုတာ အစ်ကို သိတဲ့အတိုင်းပဲ လက်ခြေတွေမှာ ထိတွေ့ ခံစားမှု အာရုံမရှိဘူး။ တစ်ခုခုနဲ့ ထိမိတာဖြစ်ဖြစ်၊ ရှမိတာဖြစ်ဖြစ် ဘာခံစားချက်မှ မရှိတော့ နာလည်းမနာဘူး။ ညညဆို ရောဂါသည်တွေ အိပ်နေချိန်မှာ ကြွက်တွေက ဒီလူနာတွေရဲ့ ခြေလက်တွေကို ကိုက်ကြတယ်။ အစ်ကိုတို့ ကျွန်တော်တို့ဆိုရင် နာတတ်တော့ ထပြီး နောက်မကိုက် နိုင်အောင် တစ်ခုခု လုပ်မိမှာပဲ။ ဒါပေမဲ့ ဒီလူနာတွေက နာကျင်တဲ့ ဝေဒနာ မခံစားရတော့ ဘာမှ ထမလုပ်ဘူး။ အိပ်ကောင်းကောင်းနဲ့ ဆက်အိပ်နေကြတယ်။ မနက်မိုးလင်းတော့မှ ခြေလက်တွေမှာ အနာတွေ ဗရပွနဲ့ ဖြစ်နေတော့တာပဲ။”

(ဒေါက်တာ ဘရန့် အိန္ဒိယ၌ အရေပြားရောဂါသည်များ ကုသပုံကို ရှာဖွေတင်ပြလိုက်ပါသည်)
ကိုထူးဆန်းသည် ခေတ္တမျှ နားနေလိုက်ပြီး စကားကို ဆက်၍ ဆိုပြန်သည်။
”ဒီအပြင် ဟင်းချက်တဲ့အခါမှာ မတော်တဆ လက်တွေကို မီးဟပ်တာတို့၊ မီးစွဲတာတို့ ဖြစ်တယ်။ ဒါလည်းပဲ သူတို့က မသိပြန်တော့ မီးလောင်တဲ့ ဒဏ်ရာ ဒဏ်ချက်တွေ ကို ရကြပြန်တယ်။ အဲဒီတော့ ဒီဆရာဝန်က ထိခိုက်မိတဲ့အခါ သိစေနိုင်တဲ့ စက်ကရိယာ တစ်မျိုးကို ထွင်တော့တာပေါ့ဗျာ။ အဲဒီ စက်ကရိယာက အီလက်ထရောနစ် Sensors လေးတွေကနေတဆင့် လူ့ဦးနောက်ကို လျှပ်စစ်ကြိုးနဲ့ ဆက်သွယ်စေပြီး နာကျင်စေတာပေါ့ဗျာ။ အဲဒီ အခါကျမှပဲ ဒီအရေပြားရောဂါသည်တွေရဲ့ ဒဏ်ရာဒဏ်ချက်တွေဖြစ်မှု နည်းသွားတော့တယ်။”
”အင်း ဒီလိုဆိုတော့လည်း ဟုတ်သားပဲ ငါ့ညီရေ။ နို့နေပါဦး။ ခန္ဓာကိုယ်ကို တစ်ခုခု ထိခိုက်မိရင် နာကျင်မှု အပြင် တစ်ခြား အာရုံ နဲ့ အသိပေးလို့ မရဘူးလား။ မျက်စိအာရုံမှာ တစ်ခုခု မြင်တာတို့၊ အသံနဲ့ သတိ ပေးတာမျိုး ဟာမျိုးပေါ့။”
စာရေးသူက ထိုသို့ စောဒကတက် လိုက်သောအခါ ကိုထူးဆန်းသည် စောင့်မျှော်နေသော မေးခွန်းတစ်ခုကို အမေးခံလိုက်ရသည့် သူတစ်ယောက်၏ ပြုံးခြင်းမျိုးဖြင့် ပြုံးလိုက်ပြီး
“ အစ်ကို တွေးသလိုမျိုး ဒေါက်တာ ဘရ့န်လည်း တွေးမိတာပေါ့ဗျာ ။ ဒီတော့ သူကဘာလုပ်သလည်း ဆိုရင် တစ်ခုခု ထိခိုက်မိရင် ဦးနောက်ကို ပို့မဲ့အစား ပထမ အလင်းအားဖြင့် အချက်ပေးတယ်။ ထိခိုက်မှု အနည်းအများကို လိုက်ပြီး လင်းတဲ့အား အနည်းအများကို ကွာစေတယ်။ နည်းနည်းလေးထိမိခိုက်မိရင် နည်းနည်းလေး လင်းတာပေါ့ဗျာ။ အများကြီး ထိခိုက်မိရင် အများကြီးလင်းအောင် သူထွင်လိုက်တယ်။”
”အဲဒီလို ဆိုတော့ ပိုကောင်းသွားရော မဟုတ်လား”
”ဘယ်ဟုတ်မလဲ အစ်ကိုရ။ အဲဒီလိုလဲ လုပ်လိုက်ရော လူနာတွေက သိပ်ဂရုမစိုက်ကြတော့ဘူး။ ဘယ်လောက်ပဲ လင်းလင်း၊ ဘယ်လောက်ပဲ အချက်ပြပြ နာမှမနာတတ်တော့ ဘယ်ဂရုစိုက်ပါ့မလဲ။ အဲဒီတော့ ဒုံရင်းကဒုံရင်း ဖြစ်ပြီး အကျိုး မသက်ရောက်ဘူးပေါ့ဗျာ။ အသံနဲ့ အချက်ပေးတာလည်း စမ်းကြည့်တော့ ဂရုမစိုက်ကြပြန်ပါဘူးဗျာ။ ဒီတော့မှ ဒေါက်တာ ပေါ(လ်) ဘရန်က ခန္ဓာကိုယ်ရဲ့ နာတတ်တဲ့ စနစ်ဟာ တန်ဖိုးရှိမှန်း သဘောပေါက်သွားတော့တယ်။ ဒါကြောင့်လည်းပဲ (Pain: The Gift Nobody Wants) ဆိုတဲ့ စာအုပ်ကို ထုတ်ပြီး တဘ၀လုံးနဲ့ ရင်းပြီးမှ ရလိုက်တဲ့ အတွေ့အကြုံကို လူတွေနားလည်သဘောပေါက်အောင် စာအားဖြင့် တင်ပြခဲ့တာပေါ့။ အစ်ကိုလည်း ဂေါက်ဖြစ်တာ နာသာ မနာတတ်ရင် ဂရုမစိုက်ပဲ ရှောက်သွားနေမှာ။ အဲဒီလို ဖြစ်ရင် အပ်ကလေးတွေလို ဖြစ်နေတဲ့ ပုံဆောင်ခဲလေးတွေ ကနေ တစ်ဖြည်းဖြည်း အဆစ်တွေကို တိုက်စားသွားပြီး ကြာရင် ပုံပျက်သွားနိုင်တယ်။ လမ်းလျှောက်လို့ မရအောင် နာတတ်တော့ အစ်ကို အိပ်ရာထဲမှာပဲ မဖြစ်မနေ လှဲနေရတော့တာပေါ့။ ဒီလိုမှလည်း ခြေထောက် ပျက်စီးခြင်းကနေ သက်သာတာပေါ့ဗျာ။ ဒါကြောင့် ခန္ဓာကိုယ်ရဲ့ နာတတ်တဲ့ သတိပေးစနစ်ဟာ ဘယ်လောက်များ အရေးပါအရာရောက်သလဲ ဆိုတာ အစ်ကို သဘောပေါက်ပြီ မဟုတ်လား”

(ကိုထူးဆန်းပြောသော ဒေါက်တာဘရန်၏ Pain: The Gift Nobody Wants ဆိုသည့်စာအုပ်မျက်နှာ ဖုံးကို ရှာဖွေတင်ပြလိုက်ပါသည်။)
”ဟုတ်လိုက်လေ ကိုထူးဆန်းရယ်။ ငါ့ညီသာ မရှိရင် အစ်ကို ဘုရားကိုချည်း လှိမ့် အပြစ်တင်နေမိမှာပဲ။ အခုမှပဲ နာတတ်တာလည်း ကျေးဇူးတော် တစ်ပါး ဆိုတာ ကောင်းကောင်းချည်းသဘော ပေါက်တော့တယ်။”
စာရေးသူသည် ဤအချက်ကို အတော်ပင် သဘောကျ၍ သွားလေသည်။ သို့သော် ထို့ထက်ပို၍ ကျယ်ဝန်းသော နာကျင်ဒုက္ခများသည် ရှိနေပေသေးသည်။ ဤကမ္ဘာလောကကြီးသည် ပြီးပြည့်စုံသော လောကကြီးတော့ မဟုတ်။ ဒုက္ခဆင်းရဲ နာကျင်မှုတို့သည် ပုံသဏ္ဍန် အမျိုးမျိုးနှင့် ရှိနေကြပေသည်။ ငလျင်လှုပ်ခြင်များ၊ မြေပြိုခြင်များ၊ မုန်တိုင်းဒဏ်များ ကဲ့သို့သော ဆင်းရဲ ဒုက္ခများသည်လည်း ရှိနေပေသေးသည်။ ဤအရာများသည်ကော အဘယ်ကြောင့်ရှိနေရပါသေးသနည်း။
”ငါ့ညီ အခုတလော ကမ္ဘာအရပ်ရပ်မှာ ငလျင်တွေ လှုပ်နေကြတယ်။ ဟေတီမှာ လှုပ်ခဲ့တဲ ငလျင်ဆိုရင် လူပေါင်း သိန်းနဲ့ချီပြီးသေကြတယ်။ ဒီလို သဘာဝဘေးအန္တာရယ်တွေကကော ဘာကြောင့်ဖြစ်တာလဲ။ ဘုရားက လူတွေကို အပြစ်တွေများလွန်းလို့ ဒဏ်ခတ်တာလား”
ကိုထူးဆန်းသည် မျက်မှောက်ကြုံလိုက်ပြီး အတန်ငယ်စဉ်းစားဟန်ပြုလိုက်သည်။ ပြီးမှ
” သဘာဝဘေးအန္တာရယ်တိုင်းဟာ ဘုရားသခင်က ဒဏ်ခတ်တာ မဟုတ်ဘူး အစ်ကိုရ။ ကျမ်းစာမှာ ကြည့်ရင် ဘုရားက လူတွေကို အပြစ်များလွန်းလို့ ဒဏ်ခတ်မယ်ဆိုရင်တောင်မှ အကြီးအကျယ် သတိပေးပြီးမှ ဒဏ်ခတ်လေ့ရှိတယ်။ ပရောဖက်တွေကနေတဆင့် အချိန်တော်တော်ကြာ သတိပေးတယ်။ ဆုံးမတယ်။ မရဘူးဆိုမှ ဒဏ်ခတ်တာဗျာ။ ဒီလိုရုတ်တရက် မထင်မှတ်ပဲ ဖြစ်ပေါ်တတ်တဲ့ သဘာဝဘေးအန္တာရယ် တွေဟာ သဘာဝကြောင့် ပဲ ဖြစ်တတ်ပါတယ်။ “
”ဒီသြကာသလောကတခွင်ဟာ natural laws လို့ ခေါ်တဲ့ သဘာဝ နိယာမများ နဲ့ အုပ်ချုပ်ထားတယ် အစ်ကိုရ။ ဥပမာအားဖြင့် ကမ္ဘာက နေကိုပတ်နေအောင် နူတန်နိယာမ အားဖြင့် ထိမ်းထားတယ် ။ ဒီနူတန် နိယာမကို အရာဝတ္တုတွေက တစ်သွေမတိမ်း လိုက်နာနေတာ အံ့သြစရာ မကောင်းဘူးလား။ ဒီလိုပဲ ဒီစကြာဝဠာ ကြီးမှာ ရှိရှိသမျှ အရာတွေတိုင်းကို နိယာမပေါင်းစုံနဲ့ ထိမ်းထားတယ်။ ဒီလိုနိယာမတွေ ရှိလို့လည်း စကြာဝဠာ ကြီးဟာ Harmony ဖြစ်နေတာပေါ့ဗျာ ။ ဒီလို Harmony ဖြစ်နေပေမဲ့ လူတွေက သူတို့နေတဲ့ ကမ္ဘာကို သူတို့ ကိုယ်တိုင် ဖျက်ဆီးနေကြတာဗျ။ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို မဆင်မခြင် သုံးတာတွေကြောင့် မှန်လုံအကျိုးသက်ရောက်မှုတွေဖြစ်ပြီး ၀န်ရိုးစွန်းက ရေခဲတွေပျော်လိုပျော်။ ရာသီဥတုတွေ ဖောက်ပြန်ပြီး ပြင်းထန်တဲ့ မုန်တိုင်းတွေ ဖြစ်တာပေါ့အစ်ကိုရာ။ ခုနက ကျွန်တော်ပြောခဲ့တဲ့ အရေးပြားဝေဒနာရှင်တွေရဲ့ နာကျင်စေတတ်တဲ့ စနစ်က သူတို့ကို တစ်ခုခုကာကွယ်ဖို့ သတိပေးသလိုပဲ သဘာဝဘေးတွေကလည်း ကျွန်တော်တို့ကို သတိပေးနေပြီ။ လူသားအားလုံး ဒါကို ဂရုစိုက်ပြီး ထိမ်းသိမ်းသင့်တာပေါ့ဗျာ။ ”
”ငါ့ညီပြောတာ အစ်ကို သဘောတူတယ်။ အစ်ကို က အင်ဂျင်နီယာ ဆိုတော့ ဒီနိယာမတရားတွေကို ကောင်းကောင်း နားလည်ပါတယ်။ ”
” ဒီသဘာဝနိယာမတရား အပြင် ၀ိညာဉ်နိယာမတရား လည်းရှိသေးတယ်။ အစ်ကို C.S Lewis ဆိုတာ ကြားဖူးသလား”
”အင်း တစ်ခါတစ်ခါ လူတွေ ပြောပြောနေတာတော့ ကြားဖူးတယ်။ ဒါပေမဲ့ သူ့အကြောင်း သေချာမသိဘူး”
”C.S Lewis ဆိုတာကတော့ နာမည်ကြီး ဗြိတိသျှ စာရေးဆရာ တစ်ယောက် အစ်ကိုရ။ သူက အတော့်ကို ဥာဏ်ပညာ ထက်မြက်ပြီး အောက်စဖို့လို တက္ကသိုလ်ကြီးမှာ တာဝန်ထမ်းခဲ့တယ်။ ကမ်းဘရစ်(ခ်ျ) မှာလည်း စာပေ ပါမောက္ခလုပ်ခဲ့ဘူးတယ်။ သူရေးတဲ့ စာအုပ်တော်တော်များများ နာမည် ကျော်ကြားခဲ့တယ်။ သူရဲ့ စာအုပ်ဖြစ်တဲ့ (The Problem of Pain ) ထဲမှာ လူပြိန်းတစ်ယောက် နားလည်နိုင်အောင် ၀ိညာဉ်နိယာမ တရားအကြောင်း ရှင်းပြထားတယ် ။ အဲဒီဝိညာဉ်နိယာမတရားကို နားလည်ဖို့ ဆိုရင် ကမ္ဘာဦးကျမ်းကို ပြန်သွားရလိမ့်မယ်။”

ကိုထူးဆန်း ညွှန်းဆိုသော ဒုက္ခဆင်းရဲများရှိနေရခြင်း ပြဿနာ စာအုပ် မျက်နှာဖုံး
(ကိုထူးဆန်း နှင့် ပြောအပြီးတွင် C.S Lewis စာအုပ်များကို စာရေးသူ စာကြည့်တိုက်များ၌ ရှာဖွေခဲ့ပါသည်။ စာကြည့်တိုက်များတွင် စာရင်းသာရှိပြီး ထိုစာအုပ်များမှာ ပျောက်ဆုံးနေသဖြင့် စာရေးသူသည် မိမိ၏၀င်ငွေထဲမှ စိုက်ထုတ်ဝယ်ယူခဲ့ပါသည်။ C.S Lewis ၏ စာအုပ်များကို နူးယောက်ရှိ စာပေသုံးသပ်သူများက ”ခရစ်ယာန်ဖြစ်ချင်ပါလျက် မိမိ၏ တတ်သိနားလည်ထားခြင်းများ (intellect) က အတားအဆီး ဖြစ်နေပါလျင် သူ၏ စာအုပ်များကို ဖတ်ရန် အသင့်လျော်ဆုံး ဖြစ်သည်”ဟု မှတ်ချက်ချပါသည်။ ထိုစာအုပ်များကို ဖတ်လိုသူများရှိပါက စာရေးသူထံသို့ လာရောက်ငှားယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်။)
”အစ်ကို ကမ္ဘာဦး ကျမ်းကို ဖတ်တာ ဘာနိယာမမှလည်း မတွေ့ပါလား။”
”အစ်ကို သေချာမဖတ်လို့ပါ။ ပထမဦးဆုံးလူသားကို စတင်ဖန်ဆင်းတုန်းက လူသားဟာ သာမာန် သတ္တ၀ါ ပဲ ။ အိပ်စားကာမ ကိုပဲ သိတဲ့ သတ္တ၀ါ ။ ဖန်ဆင်းရှင်ကို သိတဲ့ သိမှု ဆိုတာလည်း မရှိဘူး။ သဘာဝတရားရဲ့ ဖြစ်ခြင်း၊ပျက်ခြင်းနဲ့ အနိစ္စတရားတွေမှာ သားကောင်ဖြစ်ခဲ့တယ်။ ဒီကမ္ဘာဦး လူသားဟာ ဘာအစွမ်းအစမှ မရှိဘူး။ အရိုင်းအစိုင်းတစ်ယောက်ပဲ။ ဘုရားက ဒီမှာတင် မပြီးဘူး။ လူသားကို ၀ိညာဉ်ထည့်ပေးလိုက်တယ်။ အဲဒီလို ထည့်ပေးလိုက်တော့ လူသားဟာ ကိုယ့်ကိုယ်ကိုသိမှု ဆိုတဲ့ Self ဆိုတာ ရှိလာတယ်။ အဲဒီလို ရှိလာတော့ သူ့ကို ဖန်ဆင်းတဲ့ ဖန်ဆင်းရှင်ကိုပါ သိလာတယ်။ ဒီကမ္ဘာဦး လူသားဟာ သူ့ရဲ့ ဖန်ဆင်းရှင်ကို ချစ်တယ်။ ကြောက်တယ်။ ရိုသေတယ်။”
”ဖန်ဆင်းရှင် ဘုရားသခင်ကလည်း လူသားကို ချုပ်ချယ်သလို ဖြစ်မှာ စိုးလို့လည်း လွတ်လပ်စွာရွေးချယ်ခွင့်ကိုလည်း ပေးထားတယ်။ အဲဒီလိုမျိုး လွတ်လပ်ခွင့်ကို အင်္ဂလိပ်လိုတော့ Free Will လို့ ခေါ်တယ် ။ ဒါ့အပြင် လူသားဟာ အထူး တန်ခိုးစွမ်းအားတွေ ရှိတယ်။ သူဟာ တိရိစ္ဆာန်လောကကို အစိုးရခဲ့တယ်။ ခြင်္သေ့တို့၊ကျားတို့ ဆိုရင် ဒီကမ္ဘာဦးလူသားက ကြောင်ကလေးလိုပဲ ဆော့ကစား ခဲ့တယ်။ အစ်ကို ကြားဖူးမလားမသိဘူး။ ဆားဒူး ဆန္ဒန်ဆင်း ဆိုရင် အသားစားတိရိစ္ဆာန်တွေနဲ့ ယှဉ်ပါးပြီးနေနိုင်တယ်။”
”အင်း ဟုတ်တယ်။ အစ်ကို သင်းအုပ်ဆရာဆီက သူ့အကြောင်း ဗီဒီယို အခွေ ကို ကြည့်လိုက်ရတယ်။ အတော်ကောင်းတယ်။ အဲဒီထဲမှာ ဆားဒူးကြီးက တောရိုင်း တိရိစ္ဆာန်တွေနဲ့ လက်ပွန်းတစ်တီး နေနိုင်တယ်ဗျ။”
”အဲဒီလို တန်ခိုးစွမ်းအားတွေက ကမ္ဘာဦးလူသားမှာ ရှိခဲ့တဲ့အပြင် သူဟာ သူ့ရဲ့ ခန္ဓာကိုယ်ကို လိုသလို ထိမ်းချုပ်နိုင်ခဲ့တယ်။ အခုကျွန်တော်တို့ ရဲ့ လက်တွေ ခြေတွေကို လိုသလို ထိန်းချုပ်နိုင်သလိုပဲ ကမ္ဘာဦးလူသားဟာ နှလုံးခုန်နူန်းတို့ အသက်ရှုတာတို့ ကို လိုသလို ထိမ်းချုပ်နိုင်တယ်။ ပျက်စီးသွားတဲ့ ဆဲလ်တွေ ကို ပြန်ကောင်းသွားအောင်လည်း လိုသလို ပြုလုပ်နိုင်ခဲ့တယ်။ ဒီလို တန်းခိုးမျိုးရှိနေတာဟာလည်း သူ့ရဲ့ ပင်ကိုယ် အစွမ်းကြောင့် မဟုတ်ပဲ သူ့ကို ဖန်ဆင်းတဲ့ ဖန်ဆင်းရှင်ကနေ လာတဲ့ တန်ခိုးအားဖြင့် လုပ်နိုင်ခြင်းသာ ဖြစ်တယ်။ လူသားဟာ အဲဒီအချက်ကို သဘောပေါက်ပြီး သူ့ရဲ့ဖန်ဆင်းရှင်နဲ့ သဟဇာတ ဖြစ်အောင် နေထိုင်ခဲ့တယ်။ ဖန်ဆင်းရှင်က ချမှတ်ထားတဲ့ ၀ိညာဉ်နိယာမတရားကို မချိုးဖောက်ပဲလိုက်နာခဲ့တယ်။ အဲဒီဝိညာဉ် နိယာမတရားကတော့ ဖန်ဆင်းရှင်နဲ့ လူသားကြားမှာ ဆက်သွယ်ထားတဲ့ ကြိုးတစ်ခုပါပဲ။ လူသားမှာ ရှိတဲ့တန်ခိုးတွေကလဲ ဒီလူသားနဲ့ဖန်ဆင်းရှင် ဆက်သွယ်ထားတဲ့ ကြိုးကလေးကနေတဆင့် ရရှိနေတာ ပေါ့ ဗျာ။”
”အဲဒီလိုနဲ့ တစ်နေ့မှာ လူသားဟာ သူ့ရဲ့ဖန်ဆင်းရှင် စကားကို နားမထောင်ပဲ ပြန်လည်ပုန်ကန်ခဲ့တယ်။ သူ့ရဲ့ ဖန်ဆင်းရှင်အစား ငါဆိုတဲ့ အရာကို ဦးစားပေးလာတယ်။ ဘုရားနဲ့ လူသားအကြားမှာ ရှိတဲ့ ကြိုးကိုလည်း လူသားဟာ ဖြတ်တောက်ပစ်လိုက်ပြီးတော့ ကိုယ့်ကိုယ်ကိုသာ အားကိုးလိုက်တယ်။ ဘုရားကို ပယ်ပစ်လိုက်တယ်။ အဲဒီဆက်သွယ်နေတဲ့ ၀ိညာဉ်ကြိုးကို လူသားက လက်မခံပဲ ဖြတ်တောက်ပစ်လိုက်တော့ ၀ိညာဉ်နိယာမ ကို ချိုးဖောက်သလို ဖြစ်သွားပြီး နဂိုတုန်းက ရှိနေခဲ့တဲ့ တန်ခိုးတွေဟာလည်း ပျောက်ကွယ်သွားတယ်။ လူသားဟာ သဘာဝနိယာမ ဆိုတဲ့ (natural laws) တွေရဲ့ လက်အောက်ကို လုံးလုံးကျရောက်သွားတော့တယ်။ ဈာန်လျောသွားတဲ့ ရသေ့တွေလိုပဲ တန်ခိုးတွေနဲ့ပြီးပြည့်စုံနေတဲ့ လူသားမျိုးစိတ်( Species) ကနေ သဘာဝက ပြုသမျှကို နုရမဲ့ အဆင့်နိမ့် မျိုးစိတ်ဖြစ်သွားပြီး လောကရဲ့ နိယာမ တရားတွေရဲ့ လက်အောက်မှာ သေခြင်း၊နာခြင်း၊အိုခြင်း ဆိုတဲ့ ဒဏ်ကိုခံရတော့တာပါပဲ။ လူသားတွေဟာ တန်ခိုးတွေပျောက်ပြီး ကျဆုံးသွားလို့ ”လူသားများ ကျဆုံးခြင်း” (The Fall of Man) လို့ ခေါ်ကြတာပေါ့ဗျာ။ ဒီတဆင့်နိမ့်မျိုးစိတ်ကနေ ဆင်းသက်လာတဲ့ ကျွန်တော်တို့တစ်တွေကလည်း သဘာဝ တရားရဲ့ လက်အောက်မှာပဲ အိုနာသေ ကြတော့တာပေါ့ဗျာ။”
”သြော် ဒါဖြင့်ရင် ငလျင်ဒဏ်ကြောင့် သေကြေရတာဟာ သဘာဝတရားရဲ့ ဒဏ်တွေကို ခံရတာပေါ့နော်”
”ဟုတ်တယ် အစ်ကို။ သခင်ခရစ်တော်ကလည်း ဒီလို မတော်တဆတွေ ဖြစ်တာနဲ့ ပတ်သက်ပြီး အဖြစ်အပျက်တစ်ခုကို ပြောခဲ့ဘူးတယ်။ အဲဒီအခါတုန်းက ရှိလောင် မျှော်စင်( Tower of Siloam ) မတော်တဆ ပြိုကျခဲ့ဘူးတယ်။ ဂျူးအမျိုးသား ၁၈ ယောက်လောက် ဒီမတော်တဆ ဖြစ်မှုမှာ အသက်ဆုံးသွားတယ်။ ခရစ်တော်က ဒီလူ ၁၈ ယောက်ဟာ သူများတွေထက် အပြစ်ပိုလုပ်မိလို့ ဒီအပြစ်ဒဏ်ကို ခံရတယ်လို့ ထင်သလားလို့ သူ့တရားကို နားထောင်နေတဲ့ လူအုပ်ကို ပြန်မေးတယ်။ လူအုပ်ကြီးက မဖြေနိုင်ဘူး။ အဲဒီအခါမှာ သခင်ခရစ်တော်က ဘယ်လို ဖြေတယ်ထင်သလဲ။”
ကိုထူးဆန်းသည် ထိုကဲ့သို့ ဆိုပြီး ရှည်လျားစွာ စကားပြောလိုက်ရသဖြင့် မောသွားသည့်အလား ခေတ္တနားနေလိုက်သည်။ စာရေးသူသည် ကိုထူးဆန်းဆက်မည့် စကားကို စိတ်မရှည်စွာ စောင့်ဆိုင်းနေလိုက်သည်။ အတော်ကြာသည့်တိုင်အောင် စကားမဆက်သဖြင့် စာရေးသူကပင် စ၍
”လုပ်စမ်းပါဦး ငါ့ညီရာ။ ခရစ်တော်က ဘယ်လို ဖြေသတဲ့လဲ”
”အစ်ကို့မှာ iphone ပါတယ်မဟုတ်လား။ ကျမ်းစာ ကို လဲ ထည့်ထားလား။ ထည့်ထားရင် ရှင်လုကာ အခန်းကြီး ၁၃ အငယ် ၄ ကို ဖတ်ကြည့်စမ်းပါ။”
”အေး အေး ရှိတယ်။ နေဦး အစ်ကို ဖွင့်လိုက်ဦးမယ်” ဟု ဆိုကာ စာရေးသူ၏ iphone ကျမ်းစာထဲမှ ကျမ်းပိုဒ်ကို ဖွင့်ဖတ်လိုက်ရာ အောက်ပါအတိုင်း တွေ့ရလေသည်။
Or those eighteen who died when the tower in Siloam fell on them— do you think they were more guilty than all the others living in Jerusalem?
I tell you, no! But unless you repent, you too will all perish.
”ကိုင်း။ အစ်ကို တွေ့တယ် မဟုတ်လား။ အဖြေက နိုးဗျ။ ဆိုလိုတာက ဒီလူတွေ အပြစ်ပိုလုပ်ကြမိလို့ ဒဏ်ခတ်ခံရတာမျိုး မဟုတ်ဘူးဗျ။ ကမ္ဘာဦး ကာလကတည်းက ဘုရား စကားနားမထောင်ပဲ ပုန်ကန်မိလို့ အထည်ကြီးပျက်ခဲ့တဲ့ ကျွန်တော်တို့ တစ်တွေဟာ သဘာဝရဲ့ မတော်တဆ ဖြစ်မှုတွေကို ခံရမှာပဲ။ ခန္ဓာကိုယ်ကလည်း ပတ်ဝန်းကျင်ရဲ့ ဖျက်ဆီးခြင်းကို ခံရမှာပဲ။ တနည်းအားဖြင့် ခန္ဓာက ပျက်ဆီးတတ်တယ်ပေါ့ဗျာ။ ဒီမှာ ခရစ်တော်က နောင်တရဖို့ လိုတယ် ။ ဒီလိုနောင်တရပြီး ဘုရားရှင်ထံကို ပြန်လှည့်မယ်ဆိုရင် ပြတ်တောက်သွားတဲ့ ၀ိညာဉ်ကြိုးဟာ ပြန်ဆက်မိပြီးတော့ ပျက်စီးနိုင်ခြင်း မရှိတဲ့ ဘ၀ကို ပြန်ရမယ်။ ဒီလိုမှ မဟုတ်ရင် ပျက်စီးမှုကို ကြုံနေရဦးမှာပဲ လို့ ဆိုထားတာ ဖြစ်တယ်။”


(ရှိလောင်မျှော်စင် နှင့် လူအုပ်ကြီးအား ရှင်းပြနေသော သခင်ခရစ်တော် ပုံကို ရှာဖွေတင်ပြလိုက်ပါသည်)
”ဟုတ်ပေသားပဲ” ဟု စာရေးသူစိတ်ထဲမှ ရေရွတ်မိသည်။ စာရေးသူသည် ထို အကြောင်း ကျမ်းစာထဲ၌ ရှိသည်ကို သိပင်မသိပါချေ။ ကိုထူးဆန်း ညွှန်ပြတော့မှ တွေ့ရှိ ဖတ်မိပြီး သဘောပေါက်တော့သည်။ စာရေးသူသည် လူပြိန်းဖြစ်၏။ ထိုကြောင့် အဆင့်မြင့်သော သီအိုလောဂျီ အတွေးအခေါ်များကို လိုက်မမီပါချေ။ ယခုလို ကိုထူးဆန်းမှ လူပြိန်းတစ်ယောက်နားလည် လွယ်သည့် စဉ်းစားမှုမျိုးဖြင့် ရှင်းပြမှသာ သဘောပေါက်တော့သည်။
”ငါ့ညီ။ ဒါနဲ့နေပါဦး။ ဗိုင်းရပ်(စ်) တို့ ဘက်တီးရီးယား တို့ ဆိုတဲ့ အရာတွေကကော ဘာကြောင့် ဒီကမ္ဘာမှာ မလိုလားအပ်ပဲ ရှိနေရသေးတာလဲ”
ကိုထူးဆန်းသည် စာရေးသူအား ၄င်း၏ Body Language ကြီးနှင့် အကဲခတ်သလို ကြည့်လိုက်ပြန်သည်။ စမ်းသပ်လို၍လား၊ အမှန်တစ်ကယ်သိလို၍လား ကို အကဲခတ်ခြင်းဖြစ်သည်။ စာရေးသူက အမှန်တစ်ကယ် သိချင်မှန်း သိတော့မှ အောက်ပါအတိုင်း ဆက်၍ဆိုတော့သည်။
”ဘက်တီးရီးယား အတော်များများဟာ လူတွေကို အများအားဖြင့် ဒုက္ခပေးလေ့ မရှိဘူး အစ်ကိုရ။ အချို့  ဘက်တီးရီးယား တွေဆိုရင် ကိုယ်ခန္ဓာရဲ့ အစာကိုတောင် ခြေဖျက်ပေးသေးတယ်။ ဗိုင်းရပ်(စ်) အတော်များများဟာလဲ ပတ်ဝန်းကျင်ရဲ့ အစာကွင်းဆက် (Ecosystem) ကို တည်မြဲအောင်ထိန်းပေးတယ်။ ကျွန်တော် အချိန်ရရင် ဗက်တီးရီးယားနဲ့ ဗိုင်းရပ်(စ်) တွေ အကြောင်း ကို အသေးစိတ်ရှင်းပြပါ့မယ်။ အစ်ကို မေးတဲ့ မေးခွန်းတွေက ဆင်းရဲဒုက္ခတွေရဲ့ ဖြစ်ရခြင်းအကြောင်းအရင်း cause ကို သိပ်လိုက်လွန်းအားကြီးတယ်လို့ ထင်တယ်။ အမှန်တစ်ကယ်က ဒုက္ခတွေဖြစ်နေရခြင်းရဲ့ အကြောင်းအရင်းကို အချိန်ကုန်ခံ ဆန်းစစ်အဖြေရှာနေမဲ့အစား ဖြစ်တည်လာတဲ့ အခြေအနေပေါ်မှာ အကောင်းဆုံး နေထိုင်သွားဖို့ပါပဲ။ လူတွေအတော်များများက တကယ့်တစ်ကယ် ဆင်းရဲဒုက္ခဖြစ်လာပြီ ဆိုရင်ဖြင့် ငါ့ကျမှ ဒီဒုက္ခတွေက လာဖြစ်ရတာလဲ။ ဘုရားက မတရားဘူး။ စသည်ဖြင့် အပြစ်တင်ပြီး မိမိကိုယ်ကို သနားနေကြတာ များတယ်။”
” အမှန်တစ်ကယ်ဖြစ်ရမှာက ဘုရားကို မပြစ်မှားပဲ ကိုယ်လုပ်သင့်တာကို အကောင်းဆုံးဖြစ်အောင်လုပ်ဖို့လိုတယ်။ ကျွန်တော် Joni Earackson အကြောင်းကို အစ်ကို့ကို ပြောပြချင်တယ်။”
”Joni Eareckson ဟုတ်လား၊ အင်း ပြောပါဦး။”
” Joni ဟာ ငယ်စဉ်က မတော်တဆ ဖြစ်မှုကြောင့် ခြေလက်တွေ သေသွားပြီး တွန်းလှည်းနဲ့သာ သွားလာနေရတဲ့ အမျိုးသမီးအစ်ကိုရ။ သူက ဒီလို ဖြစ်ဖြစ်ချင်း အချိန်တုန်းက အရမ်းဝမ်းနည်းတယ်။ ကိုယ့်ကိုယ်ကိုလည်း အရမ်းသနားတယ်။ ဘုရားက ငါ့ကို ဘာကြောင့် ဖြစ်စေရတာလည်း၊ တခြားသူကြတော့ ဘာဖြစ်လို့ မဖြစ်ရတာလည်း။ ဘာအပြစ်များလုပ်မိလိုလည်း။ စသည်ဖြင့် တွေးတောအဖြေရှာတယ်။ သူ့ဆီလာပြီး အားပေးတဲ့ ခရစ်ယာန် မိတ်ဆွေ အတော်များများကလည်း အကြောင်းအမျိုးမျိုးထင်မြင်ချက်ပေးတယ်။ နင့်ကို ဘုရားက သူနဲ့ ပိုပြီးနီးစေချင်လို့ လို့ ပြောသူကတမျိုး။ နင်တစ်ခုခု အပြစ်လုပ်ထားတယ်နဲ့တူတယ်။ ဒါကြောင့်ဒဏ်ခတ်တာလို့ ပြောသူကတစ်ဖုံ၊ စုံလို့ ပါပဲ။ ဒါပေမဲ့ Joni ဆီကို လာပြီး ပြောတဲ့ သူငယ်ချင်းတစ်ယောက်ကတော့ အနည်းငယ်ထူးခြားတယ်။ ဒီသူငယ်ချင်းက joni ကို ကျမ်းပိုဒ်ကလေး တစ်ခုပေးတယ်။ အဲဒီ ကျမ်းပိုဒ်ကတော့ ရှင်ယောဟန် ၁၀း၁၀ ပဲ ။ အဲဒီ ကျမ်းပိုဒ်ကို ဖွင့်ကြည့်စမ်းပါ”
စာရေးသူသည် iphone ထဲမှ ကျမ်းစာကို ဖွင့်၍ ရှာဖွေလိုက်ရာ ကိုထူးဆန်းပြောသော ကျမ်းပိုဒ်ကို အောက်ပါအတိုင်းတွေ့ရလေသည်။
The thief cometh not, but for to steal, and to kill, and to destroy: I am come that they might have life, and that they might have it more abundantly.
”ဒီကျမ်းပိုဒ်ကလေးက Joni ကို အကြီးအကျယ်ပြောင်းလဲ သွားစေခဲ့တယ်။ ကိုယ်ကိုယ်ကို သနားတာတွေ၊ ဘာကြောင့်ဖြစ်ရသလဲဆိုတဲ့ အကြောင်းအရင်းတွေကို အဖြေရှာ နေတာတွေကို ရပ်တန်းက ရပ်လိုက်ပြီး ခုတင်က ကျမ်းပိုဒ်ပြောသလိုပဲ သူရဲ့ဘ၀ကို ပြည့်ပြည့်၀၀ အသုံးချ နေပစ်လိုက်တယ်။ သူဟာ ခြေလက်သုံးမရတော့ ပါးစပ်နဲ့ ပန်းချီတွေကို ဆွဲတယ်။ ဘုရားရဲ့ ဂုဏ်တော်သီချင်းတွေကို စပ်ဆိုချီးမွမ်းတယ်။ စာအုပ်ပေါင်းများစွာကို ရေးသားတယ်။ Joni ရေးတဲ့ စာအုပ်တွေဟာ မနည်းမနောပဲ။ joni ရဲ့ နာမည်ဟာ လျှမ်းလျှမ်းတောက် ကျော်ကြားလာတယ်။ သူရဲ့ စာတွေဟာ အရောင်းရ အကောင်းဆုံး စာရင်းဝင် စာအုပ်တွေ ဖြစ်လာတယ်။ သူရဲ့ ပန်းချီလက်ရာတွေဟာလည်း ပြောင်မြောက်လာတယ်။ ဒုက္ခိတ တစ်ယောက် ဒီလို ကျော်ကြားလာတာ အစ်ကို အံ့မသြဘူးလား။ သူဟာ ဒုက္ခိတ ဘ၀ကနေတောင်မှ ဘုရားရဲ့ ဂုဏ်တော်ကို ချီးမွမ်းနိုင်ပြီး၊ ဘ၀ကို အပြည့်အ၀ ခံစားနေနိုင်သေးရင်၊ အစ်ကိုတို့ ကျွန်တော်တို့ လို ခြေလက်အကောင်းကြီးရှိနေတဲ့ လူတွေက ခဏကလေးနေမကောင်းတာနဲ့ အတိမ်အစောင်းလေးဖြစ်သွားတာနဲ့ ဘာဖြစ်လို့ ဘုရားကို အပြစ်တင်ကြမှာလဲ။ ဘယ်အရာမဆို အကောင်းဆုံးသာမြင်ပြီး ကျေးဇူးတော်သာ ချီးမွမ်းစမ်းပါ အစ်ကိုရာ။ ဘုရားကို ချစ်ရင်၊ တစ်နေ့ ကျွန်တော်တို့ အစ်ကိုတို့ မပျက်စီးတဲ့ ခန္ဓာနဲ့ ထာဝရ အသက်ကို ရကြမှာပါ။ အဲဒီတစ်နေ့ကို စောင့်မျှော် နေဖို့ပဲ လိုပါတယ်။ ”

(Joni Eareckson Tada)
ကိုထူးဆန်းသည် ထိုသို့ ဆိုပြီးနောက် စာအုပ်ပုံကြီးကို လှည့်ကြည့်လိုက်ကာ
”ကဲ အစ်ကို စကားကောင်းနေလိုက်တာ။ ကျွန်တော်လည်း ခရီးဆက်စရာလေး ဆက်လိုက်အုံးမယ်။ နောက်များမှပဲ ဆုံကြတာပေါ့”
”ကောင်းပါပြီ ငါ့ညီ။ အစ်ကို့ အတွေးအခေါ်တွေ တော်တော့်ကို အောက်ကျနောက်ကျ ဖြစ်နေမှန်း ငါ့ညီ ပြောမှ သိရတော့တယ်။ နောက်နောင်ဆို ဘာပဲဖြစ်ဖြစ် ကျေးဇူးတော်ကိုပဲ ချီးမွမ်းတော့မယ်။ ကဲ.. ကဲ ငါ့ညီ သွားစရာရှိတာသာ သွားပေတော့”
ကိုထူးဆန်းသည် စာရေးသူအား နှူတ်ဆက်ပြီး ဘူတာဘက်သို့ စာအုပ်များ တပွေ့တပိုက်နှင့် အသုတ်ကလေး ထွက်သွားသည်။ စာရေးသူသည် ကိုထူးဆန်း၏ ကျောပြင်ကို ကြည့်၍ မှိုင်တွေကာ ကျန်ရစ်ခဲ့သည်။ စိတ်ထဲမှလည်း အမျိုးအမည်မသိသော ခံစားချက် တစ်ခုကို ခံစားလိုက်ရသည်။ ကိုထူးဆန်းသည် အင်မတန်မှ လေးစားစရာကောင်းသော၊ စိတ်ထားမွန်မြတ်သောသူ ဖြစ်ပြီး၊ ရှားပါးသော ပတ္တမြား တစ်ပွင့်ဖြစ်ပေသည်။ စာရေးသူသည် မိမိကိုယ်ကို လူသိရှင်ကြား ခရစ်ယာန်တစ်ယောက်အဖြစ် ကြေငြာထားသော်ငြားလည်း စိတ်ဓါတ်ကမူ ခရစ်ယာန်တစ်ယောက် ဘုရားအပေါ်ထားရှိရမည့် စိတ်ဓါတ်မျိုး မရှိပါချေ။ ကိုထူးဆန်းသည် မိမိကိုယ်ကို ခရစ်ယာန်တစ်ယောက်အဖြစ် လူတစ်ကာသိအောင် မကြွေးကြော်ငြား၊ စိတ်ဓါတ်ကမူ ခရစ်ယာန်တစ်ယောက် ဘုရားအပေါ် ထားရှိရမည် စိတ်ဓါတ် အပြည့်အ၀ ရှိပေသည်။ မိမိ နှင့် ကိုထူးဆန်း ဤနှစ်ယောက်တွင် ခရစ်ယာန်အစစ်သည် မည်သူပါနည်း။
ဘုရားဂုဏ်တော်ကို ချီးမွမ်းနိုင်ဆဲဖြစ်သည် Joni Eareckson ၏ ဗီဒီယိုကို ရှာဖွေကာ တင်ပြလိုက်ပါသည်။
နာမတော်မြတ်၌
လှမင်းသူ

ကိုထူးဆန်း နှင့် ဒုက္ခဆင်းရဲများအကြောင်း







