မုရန် မဂ္ဂဇင်း

လွတ်လပ်ခြင်းဖြင့် ဘုရားရှင်အား ကိုးကွယ်မည် Christian Ezine

Saturday, Aug 30th

Last update08:16:32 PM GMT

You are here:: ရယ်ရွှင်ဘွယ်များ ကိုဇောက်ထိုး နဲ့ ဆရာမျက်ပြူး

ကိုဇောက်ထိုး နဲ့ ဆရာမျက်ပြူး

E-mail Print PDF

ကိုဇောက်ထိုးတစ်ယောက် ဘီယာကလေးသောက်အပြီး ယိုင်တိယိုင်တိုင် ပြန်အလာ၊ ဂျော်နသန်နှိပ်ခြင်း အသင်းတော်မှ ဆရာ မျက်ပြူးနှင့် လမ်း၌ ပက်ပင်းတိုးမိတော့သည်။ ကမန်းကတန်း လမ်းကြောင်းလွဲရန် ကြိုးစားသော်လည်း နောက်ကျချေပြီ။ ဆရာမျက်ပြူးက ရှေ့ မှပိတ်ရပ်လျက်

မျက်ပြူး။။ ”ကို ဇောက်ထိုး၊ ဘယ်လိုဖြစ်လာတာလဲ အတင်းထောက် တစ်ယောက်လုပ်နေပြီးတော့ လူမြင်လို့ မကောင်းပါဘူး။ ဘုရား လည်းမကြိုက်ဘူး။”
ဇောက်ထိုး။ ။”အတင်းထောက် မဟုတ်ပါဘူး ဆရာရယ်၊ အသင်းထောက်ပါ။ ကျွန်တော် ဘာမှမဖြစ်ပါဘူး။ နော်မယ်(လ်) ပါပဲ။ဘာများ မှားနေလို့ လဲ။”
မျက်ပြူး။ ။”ဒီလောက် မျက်နှာကြီး နီပြီး ယိုင်တိယိုင်ထိုးဖြစ်နေတာ ဘာမှမဖြစ်ဘူးဆိုတာ ဘယ်ဟုတ်ပါ့မလဲ။ ပြောတော့ ဘွန်းအဂင်းဆို။”

ဇောက်ထိုး။။ ”ဘွန်းအဂင်းမှ ဘွန်းအဂင်း စစ်စစ် ရေမရောဘူး။ ဘီယာလေး နည်းနည်းဘဲ သောက်မိ တာပါ၊”

မျက်ပြူး။။ ”ပြောရင်းဆိုရင်း အရက်သမား စကားက ပါလာပြန်ပြီ၊ ဒီမှာ ဘီယာ ဆိုတာ မကောင်းဘူး၊ ကျမ်းစာထဲ မှာ လည်း ပညတ်ထားတယ် မဟုတ်လား”

ကို ဇောက်ထိုး တစ်ယောက်ဘာပြန်ပြောရမှန်းမသိ။ လိမ်လို့ လည်း မရ။ မရသည့် အဆုံး ရှက်ရှက်နှင့် ရမ်းတော့သည်။

ဇောက်ထိုး။ ။ ”အို၊ ဆရာ ကလည်း ကျမ်းစာ ထဲမှာ ဘီယာ မသောက်ရလို့ မှ မပါတာ။ ဘီယာ ဆိုတဲ့ စကားလုံးကို ရှာကြည့်စမ်းပါ။ ရှိမရှိ”

ဆရာမျက်ပြူး လည်း ပါလာသည့်ပီဒီအေ လေးကို ထုတ်ခါ၊ မြန်မာသမ္မာကျမ်းစာ၌ ဘီယာ နှင့် အစချီ၍ ရှာတော့သည်။ ဘယ်လိုရှာရှာ ရှာမတွေ့ ။ ချွေးများပင် စို့ လာတော့သည်။ ဇွဲတော့မလျှော့။ ထပ်၍ ရှာပြန်သည်။ ကိုဇောက်ထိုးကတော့ အောင်နိုင်သူပမာ ပြုံးပြုံးကြီး ကြည့်နေသည်။ ဆရာ မျက်ပြူးလည်း ရှာမရသည့်အဆုံး၊

မျက်ပြူး ။ ။ ”ကဲ ကဲ ကိုဇောက်ထိုး ၊ ဆရာလည်း ရှာလို့ မတွေ့ တော့ဘူး။ ကျမ်းစာက ဘီယာမသောက်လို့ မပြောလည်း၊ သောက်ဖို့ တော့ မကောင်းဘူးပေါ့ဗျာ။ ဆရာ သွားပြီ”
ဇောက်ထိုး။ ။” ကောင်းပါပြီ ဆရာ”


ကိုဇောက်ထိုး တစ်ယောက် အိမ်သို့  အူမြူးစွာ ပြန်ရောက်သွားသည်။ ကျမ်းစာမှာ ဘီယာ မသောက်ရ လို့ ပါတာမှ မဟုတ်တာ။ ကောင်းလိုက် တဲ့ စောဒက။ သူ့ ဘာသာ သူ တွေးပြီး ကျေနပ်နေသည်။
အိမ်သို့ ပြန်အရောက် ဖိနပ်ချွတ်နေစဉ်၊ မိန်းမဖြစ်သူ တစ်ခန်းလုံးသိမ်းမှ ထွက်လာကာ ခါးထောက်လျက်

တစ်ခန်းလုံသိမ်း။ ။ ”ရှင် ဒီအရည်တွေ သောက်လာပြန်ပြီးလား”
ဇောက်ထိုး။ ။”တစ်ခါတစ်လေ ပါမိန်းမရာ”

တစ်ခန်းလုံးသိမ်း။ ။” ဘာတစ်ခါတစ်လေလည်း၊ ကျမ်းစာက (အရက်) ဒီအရည်တွေ မသောက်ရလို့ ပြောတယ်မဟုတ်လား”


ဇောက်ထိုးအကွက်ဝင်လာချေပြီ။ ဆရာမျက်ပြူးအား ပြောသကဲ့သို့  ပြန်ပြောရန် အကွက်ဆိုက်လာပြီ။

ဇောက်ထိုး ။ ။ ”ဘယ်မှာ ပြောလို့ လဲ။ ဘီယာ ဆို တဲ့ စကားလုံး ကျမ်းစာမှာ ရှာပြစမ်းပါ။ တွေ့ လို့ ရှိရင် အခုပဲ ဘီယာကို ဖြတ်လိုက်တော့မယ်။”
တစ်ခန်းလုံးသိမ်း။ ။”ဟင်းဟင်း။ ရှိတာပေါ့ လာ၊ ဒီမှာ ပြမယ်”

တစ်ခန်းလုံးသိမ်း ကိုဇောက်ထိုးကို နားရွက်မှ ဆွဲကာ အိမ်ထဲသို့ ခေါ်သွားသည်။ ကိုဇောက်ထိုးလည်း နားအဆွဲခံရသဖြင့် ညည်းညူရင်း ပါသွားသည်။တစ်နေရာ အရောက်၊ နံရံပေါ်၌ ကပ်ထားသော ပိုစတာ ဆိုဒ် စာရွက်ကို ညွန်ပြရင်း၊


တစ်ခန်းလုံးသိမ်း၊။ ”ဒီမှာ ကျမ ကျမ်းစာ သေသေချာချာ ဖတ်”


ကိုဇောက်ထိုးတစ်ယောက် ဖတ်ရှု့ သောအခါ အောက်ပါအတိုင်း တွေ့ ရလေသည်။

ပညတ်တော်ဆယ်ပါး

၁။ မိမိမယားကို ကိုယ်စွမ်း ရှိသမျှ၊ ဥာဏ်စွမ်း ရှိသမျှ ချစ်လော။
၂။ အိမ်နီးနားခြင်း အပျိုများကို ယောင်လို့ မှတောင် လှည့်မကြည့်ရ။
၃။ဘီယာ မသောက်ရ။
၎။ရေမွေး မစွတ်ရ။
၅။ အကျီ အကောင်း မ၀တ်ရ။
၆။ဘီး မဖီးရ။
ရ။မိန်းမ မပါပဲ ဘယ်မှ မသွားရ။
ဂ။ ဘုရားကျောင်းမှ ကောင်မလေးများနှင့် လိုသည်ထက်ပို မဆက်ဆံရ။
၉။သူငယ်ချင်းများ နှင့် အချိန်အကြာကြီး ဖုန်းမပြောရ။
၁၀။ မိန်းမကိုသာလျှင် ကိုးကွယ်ရမည်။

အခန်းကြီး(၁) အခန်းငယ်(၁) သာရှိသော မိန်းမမှ ရေးသားထားသည့်ကျမ်းစာ ပါ ပညတ်တော်ဆယ်ပါးကို ဖတ်ရှု့ အပြီး၊ ကိုဇောက်ထိုး တစ်ယောက် ဆရာမျက်ပြူးအား စကားနိုင်လုထားသည်ကို နောင်တရလျက် မိန်းမရှေ့ မှောက်၌ ကြက်ကြီးလည်လိမ်ထားသကဲ့သို့ ငုတ်တုတ်ထိုင်နေတော့သတည်း။

*************************

Hits: 3465
Comments (1)Add Comment
...
written by zar chi, April 28, 2013
အရမ်းကောင်းတဲ့ဟာသဘ
report abuse
vote down
vote up
Votes: +1

Write comment
smaller | bigger

busy

Facebook Google Twitter buttons

သက်သေခံချက်များ Testimony (random article)

မျက်နှာအလှပြင်တဲ့၊ စင်ကာပူကဆရာဝန်တဦးသက်သေခံချက်..

 

  • မျက်နှာအလှပြုပြင်ခွဲစိတ်ကုဆရာဝန် ဒေါက်တာ ရစ်ချတ်ဟာ အသက် ၄၀အရွယ်၊ သန်းကြွယ်သူဌေး တဦးဖြစ်ပါတယ်။ သူဟာ နောက်ဆုံးအဆင့် အဆုပ်ကင်ဆာဖြစ်ပွားနေကြောင်း သိရပြီးနောက် သူ့ရဲ့ဘ၀အကြောင်းကို ၁၉.၀၁.၁၂ နေ့မှာ သွားဆေးတက္ကသိုလ် ပထမနှစ်ကျောင်းသားများရှေ့မှာ ကိုယ်ကျိုးမငှဲ့ပဲ လူအများအတွက် တွေ့ဆုံပြောပြခဲ့ပါတယ်။
  • မင်္ဂလာ နံနက်ခင်းပါ။ ကျွန်တော့်အသံက နဲနဲသြနေတော့ သည်းခံပေးပါခင်ဗျာ။ ကျွန်တော်ကတော့ ရစ်ချတ်ပါ။ ဆရာဝန်ပါ။ ကျွန်တော့်ဘ၀အကြောင်း နဲနဲဝေမျှချင်ပါတယ်။ ပါမောက္ခက ကျွန်တော့်ကို ဖိတ်လို့လာရတာ ၀မ်းသာပါတယ်။ ခင်ဗျားတို့သင်ကြားနေတဲ့ သွားဆေးကုသရေးဆိုင်ရာများအပြင် တခြားအရာတွေရှိသေးတယ်ဆိုတာ တွေးမိတယ်ဆိုရင်ဖြင့် ပြောပြရကျိုးနပ်ပါတယ်ခင်ဗျာ။
  • ငယ်ငယ်ကတည်းက ကျွန်တော်က ဒီနေ့လူ့အဖွဲ့အစည်းရဲ့ ထုတ်ကုန်ပစ္စည်းစစ်စစ်ပါ။ အထိုက်အလျောက်အောင်မြင်တဲ့ ထုတ်ကုန်ပေါ့ခင်ဗျာ။ ငယ်ငယ်တုန်းကတော့ ဆင်းရဲတယ်ခင်ဗျ။ မီဒီယာတွေနဲ့ ပတ်ဝန်းကျင်ကလူတွေက ပြောကြတာကတော့ ပျော်ရွှင်မှုဆိုတာ အောင်မြင်မှုပဲတဲ့။ အဲဒီအောင်မြင်မှုဆိုတာလည်း ချမ်းသာမှုပဲတဲ့ခင်ဗျ။ ဒီလို အတွေးအခေါ်မျိုးနဲ့ ကျွန်တော်ဟာ ငယ်ငယ်ကတည်းက အင်မတန်ပြိုင်ဆိုင်လိုစိတ် များခဲ့တာကလား။
  • ကျွန်တော်ဟာ ကျောင်းမှာထိပ်ဆုံးဖြစ်ရုံသာမကသေးဘူး နယ်ပယ်အားလုံးမှာကို အောင်မြင်ဖို့လိုသေးတာ။ ၀တ်စုံဆင်တူဝတ်တဲ့အဖွဲ့တွေ၊ ပြေးပွဲပြိုင်ပွဲတွေ နေရာတိုင်းမှာ အောင်မြင်ဖို့လိုတယ်လေ။ အရောင်မျိုးစုံနဲ့ ဆုတံဆိပ်မျိုးစုံ၊ နိုင်ငံတော်ကပေးတဲ့တံဆိပ်တွေ အားလုံးလိုချင်တာပေါ့။ ဒါကြောင့်လည်း ငယ်ငယ်ကတည်းက အပြင်းအထန်ပြိုင်တတ်ခဲ့တာ။ ဆေးကျောင်းတက်ပြီး ဆရာဝန်ဖြစ်လာတယ်။ ခင်ဗျားတို့သိတဲ့အတိုင်းပဲ မျက်စိအထူးကုဖြစ်ဖို့က လူကြိတ်ကြိတ်တိုးနေတော့ အဲဒါဖြစ်အောင်လုပ်ခဲ့တယ်။ ကျွန်တော်က မျက်စိကုသရေးမှာ သင်တန်းတက်ခွင့်ရတယ်။ လေဆာနဲ့ မျက်စိကုဖို့ သုတေသန ပညာသင်ဆုကိုလည်း National University of Singapore ကပေးတယ်လေ။
  • ပစ္စည်းသစ်ထွင်ဖို့၊ သုတေသနလုပ်ဖို့ အခွင့်အရေးတွေလည်းရ၊ ဆေးကုသရေးပစ္စည်းတွေလည်းကိုင်ရ၊ လေဆာတွေလည်းကိုင်ရပါတယ်။ ခင်ဗျားတို့သိတဲ့အတိုင်းပဲ ဒါတွေက ပညာရပ်ပိုင်းဆိုင်ရာအောင်မြင်မှုတွေချည်းပဲဗျ။ ချမ်းသာမှု မဟုတ်သေးဘူး။ ဒါနဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ စာချုပ်ပြည့်သွားတော့ မျက်စိကုသရေးသင်တန်းဟာ သိပ်ကြာလွန်းတယ်လို့ ဆုံးဖြတ်လိုက်တယ်။ ပြီးတော့ ပုဂ္ဂလိကဆေးခန်းမှာ ၀င်ငွေကောင်းတယ်လေဗျာ။ ခင်ဗျားတို့ သတိထားမိမယ်ဆိုရင်တော့ အလှအပအတွက်ခွဲစိတ်ကုပညာဟာ လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ ခေတ်စားလာတာပေါ့။ ပိုက်ဆံတွေအများကြီးကိုရတာလေ။ ဒါနဲ့ကျွန်တော်လည်း ကျောင်းတက်တာတော်လောက်ပြီလို့ ဆုံးဖြတ်လိုက်တယ်။ ကျောင်းတ၀က်နဲ့ ထွက်လိုက်တယ်။ ကျွန်တော့်ကိုယ်ပိုင် အလှပြုပြင်ရေး ဆေးခန်းနဲ့ ခွဲစိတ်ကုဆေးခန်းဖွင့်တယ်ဗျ။
  • သိကြတဲ့အတိုင်း အထွေထွေကုဆရာဝန်တွေ၊ မိသားစုဆရာဝန်တွေကို လူတွေကသိပ်အထင်မကြီးဘူးလေ။ လူတွေက ချမ်းသာတာ၊ ကျော်ကြားတာကိုမှ အထင်ကြီးတာကလား။ ရိုးရိုးဆရာဝန်ကို ဒေါ်လာ၂၀ မပေးချင်ပေမယ့် အဆီတွေကိုလျော့သွားအောင်ခွဲစိတ်ပေးတဲ့ဆရာဝန်ကိုတော့ ဒေါ်လာတသောင်းပေးဖို့ ၀န်မလေးဘူးလေ။ ရင်သားအလှခွဲစိတ်ပြုပြင်ဖို့ ဒေါ်လာတသောင်းခွဲပေးတယ်။ ဘာလို့အထွေထွေကုဆရာဝန်လုပ်နေမလဲဗျ။ ဒါနဲ့ပဲ အလှအပပြုပြင်ရေး ခွဲစိတ်ကုဆရာဝန် ဖြစ်လာတာပေါ့။  နေမကောင်းပြီး ရောဂါဖြစ်နေတဲ့လူတွေကို ကုဖို့ထက် ကျွန်တော်ဟာ နာမည်ကြီးအလှဖန်တီးရှင်ဖြစ်လာတာပေါ့။
  • အလုပ်ကတော့ ဖြစ်သလားမမေးနဲ့။ ပထမတော့ လူနာတွေက တပတ်စောင့်ရတယ်။ နောက်တော့ ၃ ပတ်၊ နောက် တလ၊ နှစ်လ၊ ၃ လအထိတောင်စောင့်တယ်ဗျို့။ ကျွန်တော်ကတော့ လူနာများလွန်းတော့ စိတ်ညစ်ရော။ အတော်ဘ၀င်မြင့်စရာ ကောင်းတဲ့အလုပ်ဗျ။ ကျွန်တော်မနိုင်လွန်းလို့ ဆရာဝန် ၄ ယောက်တောင် ထပ်ငှားရတယ်။ တနှစ်အတွင်းမှာကို သန်းနဲ့ချီရတာဗျ။ တနှစ်ထဲနော်။ ဒါလည်း တော်လောက်ပြီလို့ မထင်ဘူးဗျ။ စွဲနေပြီကိုး။ ဒါနဲ့ အင်ဒိုနီးရှားမှာ ဆေးခန်းထပ်ဖွင့်ပြီး အင်ဒိုနီးရှားလူချမ်းသာတွေဆီက ငွေရှာတာပေါ့။ ဘ၀ဟာ ပျော်စရာသိပ်ကောင်းဗျာ။
  • ပိုတဲ့ပိုက်ဆံတွေဘာလုပ်တယ်ထင်တုန်း။ စနေ၊ တနင်္ဂနွေအားရင် ဘာလုပ်လဲသိလား။ ကျွန်တော်က ကားကလပ်မှာ အဖွဲ့ဝင်ဗျ။ အပိုဝင်ငွေနဲ့ဝယ်ထားတဲ့ ထရပ်ကားကိုထုတ်၊ ချိန်းထားတဲ့ဆီကိုသွား၊ မလေးရှားထိအောင် ကားမောင်းပြိုင်ကြတာဗျို့။ ဒါဟာကျွန်တော့် ဘ၀ပါပဲ။ နောက်ထပ် ဖာရာရီပြိုင်ကားတစီးဝယ်ထားသေးတယ်။ အဲဒီတုန်းက မော်ဒယ် ၄၅၈ မထွက်သေးလို့ ပင့်ကူတံဆိပ် ၄၃၀ ပေါ့ဗျာ။ ကျွန်တော့်သူငယ်ချင်းဘဏ်သူဌေးကားက အနီရောင်၊ ကျွန်တော့်ကားက ငွေရောင်ဗျ။
  • ကားတွေရပြီးသွားတော့ဘာဖြစ်လဲ။ အိမ်ဝယ်တာပေါ့ဗျ။ ကိုယ်ပိုင်ဘန်ဂလိုတွေဆောက်ဖို့ မြေလိုက်ရှာတယ်။ ပိုက်စစ်တိုက်ရှာရတာဗျ။ ကဲ ကျွန်တော်ဘယ်လိုနေခဲ့လဲ။ ချမ်းသာမှုနဲ့ ကျော်ကြားမှုကြားမှာ နေခဲ့တာပဲ။ မယ်စကြာဝဠာ နဲ့တောင်တွဲခဲ့သေးတယ်။ လှပေ့ ချောပေ့ ချမ်းသာပေ့ ကျော်ကြားပေ့ဆိုတဲ့ သူငယ်မတွေနဲ့ပေါ့ဗျာ။ စားသောက်ဆိုင်တွေသွား၊ Michelin စားဖိုမှုးတွေချက်ကြွေးတာကိုစား၊ ပျော်စရာပေါ့ဗျာ။
  • လိုချင်တာတွေအကုန်လုံးပြည်စုံတဲ့ အချိန်ကိုရောက်လာတာပေါ့။ ကိုယ့်လက်ထဲမှာ အားလုံးရှိနေပြီလေ။ လွန်ခဲ့တဲ့တနှစ်လောက်က အားကစားလုပ်ရင်းနဲ့ တွေးမိတာက ကျွန်တော့်ဘ၀ကို ကျွန်တော်ကောင်းကောင်းတည်ဆောက်နိုင်ပြီလို့ ထင်ခဲ့တာ။ ထိပ်ဆုံးက ကျွန်တော်ပေါ့ဗျာ။
  • အင်း - ကျွန်တော်မှားသွားတာပေါ့လေ။ အားလုံးကျွန်တော့်လက်ထဲမှာမှ မဟုတ်တာပဲ။ မနှစ်က မတ်လတုန်းက ခါးနာလာတယ်ဗျ။ ထိုင်ထလုပ်တာများလို့ နာတယ်ထင်နေတာ။ ဒါနဲ့ စင်္ကာပူဆေးရုံကြီး ကိုသွားတယ်၊ ကျွန်တော့်အတန်းဖော်သူငယ်ချင်းက MRI ရိုက်ပေးတယ်။ ဘာဖြစ်သလဲရှာဖို့ပေါ့။ ညနေလည်းကျရော သူကကျွန်တော့်ကို ခေါ်ရော။ သူက ကျွန်တော့်ခါးရိုးထဲမှာ ကင်ဆာရောက်နေတယ်တဲ့။ ကျွန်တော်မယုံဘူးဗျ။ လက်မခံနိုင်ဘူး။ တကယ်ပြောတာလားလို့ ပြန်မေးနေသေးတယ်။ အားကစားရုံမှာ ပြေးလို့ကောင်းတုန်းရှိနေသေးတာကိုး။ နောက်နေ့ကျတော့ PET scan ထပ်ရိုက်တယ်။ အဆင့်၎ ( နောက်ဆုံးအဆင့် ) အဆုပ်ကင်ဆာတဲ့ဗျာ။ ဘယ်လိုက ဘယ်လိုများရောက်လာတာလဲလို့ အံ့သြနေမိတာ။ ဦးဏှောက်၊ ခါးရိုး၊ အသည်း၊ ကျောက်ကပ်အပေါ်ပိုင်းအထိတောင်ပျံ့နေတာတဲ့။ ကျွန်တော်က အားလုံးပိုင်ဆိုင်နေပြီလို့ ထင်တဲ့အချိန်ကျမှ အားလုံးဆုံးရှူံးရတော့တာပဲဗျ။
  • CT scan မှာကြည့်လိုက်၊ အဆုပ်ပေါ်က အစက်အားလုံးဟာ ကင်ဆာဗျ။ ဒါကို Miliaries turmor လို့ခေါ်သဗျ။ တကယ်တော့ ကျွန်တော့်အဆုပ်ထဲမှာ သောင်းနဲ့ချီပြီးရှိနေပြီ။ ဒါကြောင့် Chemo ဆေးတွေပေးရင်တောင်မှ ၃-၄ လပဲခံတော့မှာတဲ့။ ကျွန်တော့်ဘ၀ပျက်မသွားဘူးလား။ မပျက်ပဲဘယ်ခံနိုင်ပါ့မလဲဗျာ။ စိတ်ဓါတ်ကျတယ်၊ အကြီးအကျယ်စိတ်ဓါတ်ကျတယ်၊ ကျွန်တော့်မှာအားလုံးရှိတယ်လို့ထင်ခဲ့မိတာ။
  • ကဲ သံမဏိကြီးလို အောင်မြင်မှုတွေနဲ့။ အိမ်ရှိတယ်၊ ကားရှိတယ်၊ အလုပ်ကောင်းကောင်းရှိတယ်၊ ဒါတွေနဲ့ ပျော်ရွှင်မှုကို ၀ယ်ခဲ့တာ။ အခုတော့ ဆိုးဆိုးရွားရွားစိတ်ဓါတ်ကျနေရပြီ။ အခုတော့ ကျွန်တော်ပိုင်တာတွေကလည်း ကျွန်တော်ပျော်အောင်လုပ်မပေးနိုင်တော့ဘူးလေ။ ဖာရီရာကားကို ကျွန်တော်ဖက်ထားရင်းအိပ်လို့ရမလား။ ဘယ်ရမလဲဗျ။ လွန်ခဲ့တဲ့ ၁၀ လအတွင်းမှာ ကျွန်တော်က အဲဒီဟာတွေအသုံးကျမယ်ထင်နေတာ။ တကယ်တော့ ကျွန်တော်ရခဲ့တာ ပျော်ရွှင်မှုအစစ်မှ မဟုတ်တာပဲကိုး။ တကယ်တမ်း ပြီးခဲ့တဲ့ ၁၀ လအတွင်းမှာ ကျွန်တော့်ကို ပျော်ရွှင်စေခဲ့တာက ချစ်တဲ့ခင်တဲ့သူတွေ၊ သူငယ်ချင်းတွေ၊ ကျွန်တော့်ကိုဂရုစိုက်တဲ့လူတွေနဲ့ အပြန်အလှန်နားလည်ပြီး ဆက်ဆံရတာမှ ပျော်စရာဗျ။ သူတို့က ကျွန်တော်နဲ့အတူ ငိုတယ်၊ ကျွန်တော်နဲ့အတူ ရယ်တယ်၊ ကျွန်တော်နာကျင်ခံစားရသလို သူတို့လဲလိုက်ပြီးခံစားနားလည်ပေးတယ်လေ။ ဒါက ကျွန်တော့်ကို ၀မ်းသာပီတိဖြစ်စေတယ်။ ပိုင်ဆိုင်မှုတွေက ဒီလိုမပေးနိုင်ပါဘူးဗျာ။ ဒီပစ္စည်းတွေကသာ လုပ်ပေးနိုင်မယ်ဆိုရင် ကျွန်တော်စိတ်ဓါတ်ကျနေတုန်းက သူတို့အကြောင်းစဉ်းစားလိုက်ရင် ပျော်လာဖို့ကောင်းတာပေါ့။
  • တရုတ်နှစ်သစ်ကူးကို ရောက်တော့မယ်နော်။ အရင်တုန်းက ကျွန်တော်ဘာလုပ်လဲ။ ကျွန်တော့်ကားအသစ်ကို တပတ်ပြီး တပတ်မောင်း၊ ဆွေမျိုးတွေဆီသွားလည်၊ ကျွန်တော့်သူငယ်ချင်းတွေကို ကြွား။ ဒါပျော်စရာလို့ထင်ခဲ့မိတာ။ ငွေရေးကြေးရေးသိပ်မပြေလည်တဲ့ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေက ကျွန်တော်ပျော်သလိုလိုက်ပျော်မယ်ထင်လား။ ဒီလိုကားသစ်ကြီးမောင်းပြီး ကြွားနေတာကို ကူပျော်ပေးမလား။ ဘယ်ပျော်မလဲဗျ။သူတို့ဝင်ငွေနဲ့သူတို့ မနည်းလောက်အောင်သုံးပြီး မီးရထားစီးနေရတဲ့ဟာ။ ကျွန်တော်ထင်တာတော့ ကျွန်တော့်ကိုအားကျတာရယ် မနာလိုဖြစ်တာရယ်ပဲရှိမှာ။ တခါတလေတော့ မုန်းတောင်မုန်းဦးမယ်။
  • ဒါတွေက ကျွန်တော်တို့ထင်ထားတဲ့ အားကျမှုမျိုးပါ။ ပိုင်ဆိုင်မှုကို ကြွားတယ်ဆိုတာ ကျွန်တော့်မာနနဲ့ အတ္တကို ဖြည့်ဆည်းတာပါပဲ။ ကျွန်တော့်မှာ ထူးဆန်းတဲ့သူငယ်ချင်းတယောက်ရှိတယ်ဗျ။ သူ့နာမည်က ဂျနီဖာတဲ့။ သူငယ်ချင်းပါဗျာ။ လမ်းအတူလျှောက်သွားလို့ ခရုတကောင်တွေ့ရင် သူကကောက်ပြီးတော့ မြက်ခင်းထဲကိုချပေးတယ်ဗျ။ ဘာလို့ဒီလိုလုပ်တာလဲလို့ တွေးနေတာ။ တက်နင်းလိုက်လို့ သေသွားမှာ သူကစိုးရိမ်နေတာ။ ကျွန်တော့်အတွက်တော့ ခရုက ခရုပဲလေ။ လူတွေလဲဒီလိုပဲ။ လမ်းကြောင်းပေါ်ကနေထွက်မသွားနိုင်ရင် နင်းခံရမှာပဲလေ။ ဒါကပဲ ဖြစ်ရိုးဖြစ်စဉ်ဟုတ်ဘူးလား။ အသဲတော်တော်မာတာနော်။
  • ဆရာဝန်တယောက်အနေနဲ့ သနားကြင်နာဖို့၊ ကိုယ်ချင်းစာတတ်ဖို့ သင်ခဲ့ရသားပဲ။ ဒါပေမယ့် ကျွန်တော်မတတ်ခဲ့ပါဘူး။ အလုပ်သင်ဆရာဝန်ဘ၀တုန်းက National University Hospital က ကင်ဆာဌာနမှာလုပ်ရတယ်လေ။ နေ့တိုင်းနေ့တိုင်း ကင်ဆာရောဂါနဲ့ သေတာတွေတွေ့နေရပါရော။ သူတို့ဘယ်လိုခံစားရတယ်၊ ဘယ်လိုနာကျင်ဒဏ်ခံရတယ် နေ့တိုင်းတွေ့နေတာပဲ။ အောက်စီဂျင်ကို ခဲခဲယဉ်းယဉ်း နောက်ဆုံးထွက်သက်အထိရှူနေရတာ။ ဒါဟာ ကျွန်တော့်အတွက်တော့ အလုပ်တခုသာပါပဲ။ နေ့တိုင်း ဆေးရုံကိုသွား၊ သွေးဖောက်၊ ဆေးပေး လုပ်နေပေမယ့် ဒီလူနာတွေကို အစစ်လို့မထင်ပါဘူး။ ဒါဟာအလုပ်ပဲ။ ကျွန်တော့်အလုပ် ကျွန်တော်လုပ်၊ ပြီးရင်အိမ်ပြန်၊ ဒါပဲ။
  • ဒီလိုနာကျင်ခံစားတာတွေက အစစ်လား။ မဟုတ်ပေါင်။ ဆေးပညာအခေါ်အဝေါ်အားလုံး ကျွန်တော် သိသားပဲ။ တကယ်တော့ ကျွန်တော်လူနာမဖြစ်မချင်း ဒါတွေကိုမသိခဲ့ပါဘူး။ အခုတော့ ကျွန်တော်တကယ်သိလာပြီလေ။ အခုနေများ ခင်ဗျားတို့က ကျွန်တော်ကို အသစ်ကပြန်စခွင့်ရှိသေးရင် အချိုးပြောင်းမလားလို့မေးလာရင် ပြောင်းမယ်လို့ ပြန်ဖြေမှာပဲ။ ဘာလို့လဲဆိုတော့ အခုမှပဲ လူနာတွေ ဘယ်လိုခံစားရတယ်ဆိုတာကို နားလည်လာတာကိုး။ တခါတလေတော့ ဒီလိုပဲ ခဲရာခဲဆစ် သင်ယူရတာမျိုးရှိပါတယ်။
  • အခုခင်ဗျားတို့က ပထမနှစ်ပဲရှိသေးတာ ဆိုတော့ ဒီလမ်းကြီးကို ဖြတ်ရဦးမှာပါပဲ။ ခင်ဗျားတို့ကို အချက် ၂ ချက် သတိပေးစရာရှိတယ်။

ခင်ဗျားတို့အားလုံးက ပုဂ္ဂလိကဆေးခန်းပဲလုပ်ကြရမှာပဲ။ ပြီးရင် ခင်ဗျားတို့ချမ်းသာလာကြမယ်ဆိုတာ အာမခံတယ်။ သွားစိုက်တာလေးတင် အများကြီးပိုက်ဆံရတာမို့လား။ တကယ်တော့ အောင်မြင်တယ်၊ ချမ်းသာတယ်၊ ဆိုတာတွေက မှားနေတာမဟုတ်ပါဘူး။ တကယ့်ပြသနာက ကျွန်တော်တို့အများစုက ဒီဒဏ်တွေကို မခံနိုင်တာ။

  • ဒါကိုကျွန်တော်ဘာလို့ပြောနိုင်လဲဆိုတော့ ပြန်စဉ်းစားကြည့်တဲ့အခါမှာ ရလေလိုလေဖြစ်နေတယ်ဆိုတာတွေ့လာတယ်လေ။ ပိုပိုပြီးလိုချင်လာတော့ မရရင် မနေနိုင်ဖြစ်ရော။ ပြောခဲ့ပြီးတဲ့အတိုင်း ကျွန်တော်က ဒီလူမှုပတ်ဝန်းကျင်က သတ်မှတ်ထားတာအားလုံးရခဲ့သားပဲ။ မရရင် မနေနိုင်ဖြစ်ခဲ့တယ်။ လူနာဆိုတာ ငွေဝင်လမ်းလို့ပဲ မြင်ခဲ့တာ။ လူနာဆီက ရသမျှပိုက်ဆံညှစ်ယူခဲ့တယ်လေ။
  • အချိန်တော်တော်များများမှာ ကျွန်တော်တို့ တကယ်တမ်းဘယ်သူ့အတွက် လုပ်ပေးနေတာလဲဆိုတာ မေ့နေကြတယ်။ နောက်ဆုံးမှာ ဘယ်သူ့အတွက်မှ မဟုတ်ပဲ ကိုယ့်အတွက်တွေဖြစ်ကုန်ရော။ ဒါဟာ ကျွန်တော်တကယ်ဖြစ်ခဲ့တာပဲ။ ဒါဟာ ဆေးပညာပဲဖြစ်ဖြစ်၊ သွားဆေးကုပဲဖြစ်ဖြစ်၊ ပုဂ္ဂလိကဆေးခန်းမှာ လူနာကို မလိုတဲ့ကုသမှုတွေ ပေးကြတယ်။ သိပ်မသေချာတဲ့အခါမျိုးမှာပေါ့။  မလိုအပ်မှန်းသိတာတောင်မှ ပေးဖြစ်အောင်ပေးသေးတာ။ ဒီအချိန်မှာတော့ ကျွန်တော်သိလာတာက သူငယ်ချင်းတွေထဲက တကယ်ဂရုစိုက်တဲ့လူနဲ့ ပိုက်ဆံလိုချင်လို့ မျှော်လင့်ချက်ပေးတဲ့လူနဲ့ကို ခွဲတတ်လာပြီ။ ပိုက်ဆံကြောင့် စိတ်ဓါတ်တွေ ပျက်စီးလာတာပေါ့။
  • ပိုဆိုးတာကတော့ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ကျွန်တော်တို့ဟာ လုပ်ဖော်ကိုင်ဖက်တွေအကြောင်း၊ ပြိုင်ဘက်တွေအကြောင်းကို ဆိုးဆိုးရွားရွားပြောခဲ့ကြတယ်လေ။ လိပ်ပြာမသန့်တာလေးတောင် မဖြစ်ပေါင်။ ကျွန်တော်တို့ဟာ သူများကိုနှိမ့်ချပြီး အပေါ်ရောက်ဖို့လုပ်ခဲ့ကြတယ်။ ဒါကနေရာအားလုံးမှာကို ဖြစ်နေတာ။ ခင်ဗျားတို့ကို သတိပေးချင်တာက ဒီလိုစိတ်ကောင်းနှလုံးကောင်းတွေ ပျက်စီးသွားတာမျိုးကိုတော့ မဖြစ်ပါစေနဲ့ဗျာ။ ကျွန်တော်ကဒါကို ခဲရာခဲဆစ်သင်ခဲ့ရတာမို့ပါ။ ခင်ဗျားတို့ကိုတော့ ကျွန်တော့်လို မဖြစ်စေချင်ပါဘူး။
  • နောက်တခုက လုပ်သက်ရှည်လာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ လူနာတွေအပေါ်မှာ သိပ်အရေးမလုပ်တော့ဘူးလေ။ ထုံပေပေဖြစ်လာတယ်။ အစိုးရဆေးရုံဖြစ်ဖြစ်၊ ပုဂ္ဂ္ဂလိကဆေးခန်းပဲဖြစ်ဖြစ် လူနာမှတ်တမ်းတထပ်ကြီး လက်ထဲရောက်နေတာနဲ့ အဲဒီဟာကြီးမြန်မြန်ကုန်သွားဖို့ပဲ အရေးကြီးနေတော့တာပဲလေ။ လူနာတွေများလွန်းလို့ အခန်းထဲက မြန်မြန်ထွက်သွားဖို့ပဲ အာရုံရှိတော့တာ။ ဒါအမှန်ပဲဗျ။ ဒါက နေ့တဓူဝ အလုပ်ဖြစ်လာတော့ ငြီးငွေ့လာတာပေါ့ဗျာ။ လူနာတွေဘက်က ဘယ်လိုစိတ်ထဲမှာထင်သွားလဲ ကျွန်တော်မသိပါဘူး။ ကြောက်ရွံ့တာ၊ စိုးရိမ်တာ အားလုံးပေါ့ဗျာ။ ကျွန်တော်ကိုယ်တိုင်တကယ်ခံစားရတဲ့အချိန်ရောက်မှ သိလာတာဗျ။ ဒါဟာကျွန်တော်တို့ရဲ့ အကြီးဆုံးချွတ်ယွင်းချက်ပါပဲဗျာ။
  • ကျွန်တော်တို့ဟာ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရှင်များအနေနဲ့ လေ့ကျင့်ပေးထားခဲ့ပေမယ့် တကယ်တမ်းလူနာတွေခံစားနေရတာကိုတော့ ကိုယ်ချင်းမစာနိုင်ခဲ့ပါဘူး။ စိတ်ဆင်းရဲလိုက်၊ ၀မ်းနည်း ၀မ်းသာလိုက်ဖြစ်နေဖို့ပြောတာမဟုတ်ပါဘူး။ ခံစားမှုကဲလွန်းရင် Professional မဆန်ဘူးဗျ။ ဒါပေမယ့် ကျွန်တော်တို့တကယ်တမ်း သူတို့ကိုနားလည်အောင်ကြိုးစားသလား။ အများအားဖြင့်တော့ မကြိုးစားဘူးဗျ။ ခင်ဗျားတို့ကို သတိပေးချင်တာကတော့ လူနာတွေကို ကိုယ်ချင်းစာပါဗျာ။
  • ဘာလို့လဲဆိုတော့ နာကျင်တာတွေ၊ ကြောက်ရွံ့တာတွေ၊ စိုးရိမ်တာတွေက ကျွန်တော်တို့အတွက် အစစ်မဟုတ်ပေမယ့် သူတို့အတွက်တော့ အစစ်တွေကိုးဗျ။ ကျွန်တော်က အခုဆိုရင် Chemotherapy ယူနေတာ ၅ ခါရှိပြီ။ ဒါဟာ သိပ်ခံရခက်တာပဲဗျာ။ Chemotherapy ဆိုတာ ခင်ဗျားတို့ရဲ့ရန်သူအတွက်တောင် ဆုမတောင်းသင့်ဘူး။ တကယ့်ကို ခံစားရတာဗျာ။ အစာစားမိလား မစားမိလားတောင်မသိတော့ပါဘူး။ သိပ်ကိုဆိုးပါတယ်။ ကျွန်တော်နဲနဲအင်အားရှိတာနဲ့ တခြားကင်ဆာလူနာတွေဆီကို သွားပါတယ်။ နာကျင်တာတွေကို သိလာပြီကိုး။ ဒါက သိပ်နောက်ကျပြီး လုပ်ပေးနိုင်တာလဲ သိပ်နဲနေပါပြီလေ။
  • ခင်ဗျားတို့မှာက တောက်ပတဲ့အနာဂတ်နဲ့ ခွန်အားအပြည့်နဲ့။ ကျွန်တော်ပြောချင်တာက ခင်ဗျားတို့ လူနာအကြောင်းကိုထဲထဲဝင်ဝင်သိအောင်လုပ်ပါဗျာ။ သူတို့ဟာလူသားစစ်စစ်တွေ၊ အမှန်တကယ်ကို နာကျင်ခံစားပြီး အခက်ခဲဆုံးအချိန်တွေကို ရောက်နေတယ်ဆိုတာကို သိအောင်လုပ်ပါ။ ဆင်းရဲတဲ့လူတွေပဲ ခံစားရတယ်လို့ မထင်ပါနဲ့ဗျာ။ ဆင်းရဲတဲ့လူတွေက အစကထဲကသူတို့မှာ နဲနဲပဲရှိတော့ ရောင့်ရဲလွယ်တယ်ဗျ။ ကျွန်တော်တို့၊ ခင်ဗျားတို့ထက်လည်း ပိုပြီးပျော်ပျော်နေနိုင်ကြတယ်။ တခြားစိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ ခံစားချက်ပြင်းထန်နေတာ၊ ငွေရေးကြေးရေး စတဲ့ပြသနာနဲ့ လူတွေအများကြီး။ ဒါတွေကလည်းတကယ်ရှိတာ။ ကျွန်တော်တို့က မသိချင်ယောင်ဆောင်၊ အသိအမှတ်မပြုပဲ နေခဲ့ကြတာ။
  • ဒါကြောင့်မို့ တကယ်လိုအပ်နေတဲ့လူတွေအပေါ်မှာ အလေးထားကြပါဗျာ။ ခင်ဗျားနဲနဲလေးလုပ်ပေးလိုက်တာ သူတို့အတွက်အများကြီးကို ထူးခြားသွားတာပါ။ ကျွန်တော်ကတော့ သေခါနီးနေပြီဆိုတော့ ဘယ်သူကတကယ်ဂရုစိုက်တယ်၊ အားပေးတယ်ဆိုတာကို ခံစားတတ်နေပြီလေ။ ဒါဟာ ကျွန်တော့်ကို တကယ်ပြောင်းလဲသွားစေတယ်။ ဒါဟာကုသမှုတွေယူပြီးတဲ့နောက်သိလာတာပါ။ ကျွန်တော်ဆေးသွင်းထားတာ မကြာသေးဘူး။ နောက်နေ့မှ ဆေးထပ်သွင်းမယ်ဗျာ။ ဒါကြောင့် ကျွန်တော်ခင်ဗျားတို့ကို စကားပြောဖို့ အားရှိနေသေးတာပေါ့။
  • မောရစ် နဲ့ အင်္ဂါနေ့ ဆိုတဲ့စာအုပ်ထဲက စကားလုံးလေးတွေ ပြောပြချင်တယ်။ ခင်ဗျားတို့ဖတ်ပြီးသားလဲဖြစ်ချင်ဖြစ်မှာပါ။ လူတိုင်းသေရမှာသိတာပဲ။ ဒါပေမယ့် ဘယ်သူမှ မယုံကြဘူး။ တကယ်ယုံတယ်ဆိုရင် လုပ်ပုံကိုင်ပုံတွေကို ပြောင်းပစ်ကြမှာပဲ။ ကျွန်တော်သေရတော့မယ်ဆိုတာသိတော့ ကျန်တာအကုန်လုံးမေ့ထားပြီး တကယ်လိုအပ်တာတွေပဲ စဉ်းစားတယ်။ တကယ်တော့ သေခါနီးမှပဲ ဘယ်လိုနေရမှန်း သိတော့တယ် ဆိုပါတော့ဗျာ။ ဒါမျိုးကို မနက်စောစောစီးစီးကြားရတာ ကျက်သရေတော့ မရှိဘူးပေါ့လေ။ ဒါပေမယ့် ကျွန်တော်သိခဲ့တဲ့အမှန်တရားမို့ ပြောပြတာပါ။
  • ခင်ဗျားတို့ကို ပတ်ဝန်းကျင်က ပြောတဲ့အတိုင်းမနေကြပါနဲ့။ မီဒီယာပြောတာကိုလည်း လက်မခံနဲ့။ ကျွန်တော်ခံခဲ့ရပြီးပြီ။ ပျော်မယ်ထင်လို့ သူတို့ပြောတဲ့အတိုင်းလုပ်ခဲ့မိပြီ။ ခင်ဗျားတို့ သေချာစဉ်းစားပြီး ဘယ်လိုအသက်ရှင်သန်မယ်ဆိုတာ ဆုံးဖြတ်ပါ။ သူများပြောတိုင်းလိုက်မလုပ်နဲ့။ ကိုယ့်တကိုယ်ရည်စာပဲကြည့်နေမလား။ တခြားတယောက်ဘ၀ကို ပြောင်းလဲသွားအောင်ကူညီမလား။ ဆုံးဖြတ်ပါ။ တကယ့်ပျော်ရွှင်မှုအစစ်ဆိုတာ ကိုယ့်အတွက်ချည်းပဲကြည့်နေလို့မရပါဘူး။ ကျွန်တော်ရနိုင်မယ်လို့ထင်ခဲ့တာ မရခဲ့ပါဘူး။ နားထောင်ပေးတာကျေးဇူးပါပဲ။ မေးချင်တာရှိရင် မေးနိုင်ပါတယ်ခင်ဗျာ။

( ဒေါက်တာရစ်ချတ်ဟာ ၁၈.၁၀.၁၂ နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ )

ှSource: http://www.facebook.com/notes/thanda-win/%E1%80%B1%E1%80%9E%E1%80%9...

ဝိညာဉ်ရေးဆိုင်ရာကူညီခြင်းသည် ချစ်ခြင်းမေတ္တာဖြစ်သည်။ ဘုန်းတော်ထင်ရှားစေသည့် အသက်ရှင်စဉ်သာ လုပ်ဆောင်နိုင်ပါသည်။ ဒေါက်တာရစ်ချက် ခရစ်တော်ကို သိရှိလက်ခံသွားတယ်လို့ မျှော်လင့်ပါတယ်။ မုရန်

 

ဝိညာဉ်ရေးရာ Spiritual (random article)

အဖေ့ပုံရိပ်လွှာ

  

(ဇော်ထူး)

သားကိုချစ်တဲ့အဖေ

 မိတ္တီလာမြို့  ဆရာဝန်တန်းလျားရှိ အိမ်တအိမ်မှာ ဖြစ်သည်။ အချိန်ကား ၁၉၇၀ ခုနှစ် ဧပြီလ ၁ ရက်။ ပူပြင်းဒေသ ဖြစ်ရသည့် အထဲ နွေခေါင်ခေါင်ဖြစ်သည်မို့ ချွေးများပြိုက်ပြိုက် ကျလောက်အောင် ပူသည်။ ထိုအချိန်တွင် ပိန်ပိန်ပါးပါးနှင့် အရပ်အသင့်အတင့်ရှိသော အသားညိုမောင်းသည့် ဆရာဝန် ပေါက်စ တစ်ယောက် လက်နောက်ပစ်ပြီး ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက်နေသည်။ သူ့အမည်ကတော့ ဇော်လွင်ထွေး။ သူသည် ဂဏှာမငြိမ်ဖြစ်နေသည်။ ဇနီးသည် ထူးဖေါညွန့် သည် ယခု နေ့စေ့လစေ့ ဖြစ်၍ မွေးဖွားရန် ပြင်ဆင်နေသောကြောင့် ဖြစ်သည်။ သူ့အတွက် ဇနီးသည်မှ သမီးများ နှစ်ယောက်ကို မွေးဖွားပေးခဲ့ပြီးဖြစ်သည်။ သို့သော် သမီးများမွေးတုန်းက သူ့စိတ်များ ယခုလို မလှုပ်ရှားခဲ့။ ယခုတစ်ခါ၌မူ ထူးခြားစွာ သူ၏ စိတ်များ လှုပ်ရှားနေခဲ့သည်။

Read more... Link  

Footer Monthly Articles & Web.Blogs

 

ဝိညာဉ်ရေးဆိုင်ရာလစဉ်ရွေးချယ်ထားသောမုရန်ဆောင်းပါးအချို့

 


Our Friendly Web & Blogs Links
jbcs.org.sg/main
woorank.com/en/www/sawpatrick.net
moemaka.com/2012/06/guest-writer-ပြည်သူတို့လိုချင်နေတ
spiritlessons.com/languages/index.htm
thawthikho.blogspot.com/2010/02/blog-post_9931.html
mahnkoko.blogspot.com.au
divinerevelations.info/languages/index.htm
mcathailand.com
myanmarinsingapore.com
karenfamily.org/profiles/blogs/links-1
zomimessenger.com/2012/09/column-music-column-extra-links-holy.html
streamoflife99.com/articles/jesus18yrsproblem.html
tudoenkung.wordpress.com/online-bibles
burmesebible.com/links.htm
jinghpawtingsan.blogspot.com/2011/04/morphvox-junior-voice-changer.html
sawkyawoo.com/2011/10/website_21.html
bethelkhrihfabu.net/nitin-bible-relnak.html
immanuelmyanmarchurch.com/apps/blog
mahnkoko.blogspot.com.au/2012/06/blog-post_10.html
kc-nl.blogspot.in/2011/09/2011-ning-ladaw-kcnl-nawku-hpung-wai.html
laaituibaptistchurch.com
mahnkoko.blogspot.com/2012/07/normal-0-false-false-false-en-au-x-none.html
mcflondon.com
dawnathar.blogspot.com/2010/11/blog-post_8330.html
imcwheaton.org
kc-nl.blogspot.com/2012/05/atrocities-in-kachin-land.html
kokomaunguk.blogspot.co.uk/2012/01/blog-post_21.html
sawpatrick.net
shinthan.com
bangkokchristchurch.net
batupuei.webs.com
burmesebible2008.blogspot.com/2009/10/typhoon-in-philippines.html
globalmcf.ning.com
intouchcnet.com
karanilan.webs.com/apps/videos/videos/show/5464117
kokomaunguk.blogspot.com.au/2012/06/blog-post_09.html
kokomaunguk.blogspot.sg/2012/08/blog-post_8666.html
mcctulsa.com
mgchit.blogspot.in/2012/08/blog-post_18.html
mmwebgallery.com
nlbcusa.wordpress.com
sawchit.blog.com/2011/06/12/ကျီးတို့အလယ်မှ-ဒေါင်း
sawchitthu.blogspot.com/2012/03/software-license-version.html
simonkamta.blogspot.com/p/mp3-download_16.html

swecanaan.blogspot.com/2012/09/andriod-phone-program.html
thelordword.com
tkbc-japan.net
bangkokchristchurch.net

haineni.ning.com
bangkokchristchurch.net
globalmcf.ning.com/
thawthikho.blogspot.com
orangeask.com
miccfortwayneusa.blogspot.com
mcflondon.com
kokomaunguk.blogspot.com

mission-one.co.cc                   
chanlinnay.mandalaybloggers.org

thespiritfruit.com
mg-m.blogspot.com  ကျမ်းစာလေ့လာနည်းများ
mcbc4u.blogspot.com မုရန်ဆောင်းပါးအချို့.
www.myatmingalar.com/ မြတ်မင်္ဂလာဒေသနာများ
myanmar-odb.org နေ့စဉ်ခွန်အား(မြန်မာ)

Ref:

http://www.alexa.com

Facebook Twiter Google Buttons

ရယ်ရွှင်ဘွယ်ရာ (Random Selection)



ကျွန်မပြောတာ သိပ်မကြာသေးဘူး ..နော် ... ဒါလင်




ငါ့ဘော့စ်က အရေးကြီးတဲ့အလုပ်ရှိလို့ ညနက်သန်းကောင်ထိ လုပ်နေရတာပါ....ဘလာ .. ဘလာ..

 

ဗဟုသုတဆောင်းပါး (Random Selection)

စောသာဖြူသည် ပုသိမ်မြို့နယ် တာဝရွာတွင် မွေးဖွားခဲ့သည်။ သူ၏ မွေးသက္ကရာဇ်နှင့် မိဘများကို မသိရပါ။ မိဘများနှင့် အတူ ၁၅နှစ် နေထိုင်ခဲ့သည်။ ငယ်စဉ်ကပင် အလွန်ဆိုးသွမ်းပြီး ဆုံးမပဲ့ပြင်၍ မရနိုင်သော ကလေးဖြစ်သည်။ မိဘအိမ်မှ ၁၅နှစ် အရွယ်တွင် ထွက်လာပြီး၊ သူခိုး၊ ဓါပြ ဖြစ်လာသည်။ အကြမ်းလူသတ်သမားလည်း ဖြစ်သွားသည်။ လူပေါင်း ၃၀ ယောက်ထက် မနည်း သတ်ခဲ့သည်ဟု သူ့အသက်တာ ယေရှု၌ ပြောင်းလဲပြီးနောက်တွင် ဝန်ခံခဲ့သည်။

စောသာဖြူသည် ဖမ်းဆီးချုပ်နှောင်၍ ကျွန်အဖြစ် ရောင်းချခြင်း ခံခဲ့ရသည်။ မော်လမြိုင်ဈေး အတွင်း ကျွန်အဖြစ် ရောင်းစားခံရစဉ် ဆရာတော် ယုဒသန်၏ တပည့်ဖြစ်သူ ခရစ်ယာန်ဘာသာဝင် ဦးရွှေဘဲက ဝယ်ယူခဲ့ပြီး၊ စောသာဖြူကို ခရစ်ယာန်ဘာသာနှင့် အတူ ပညာသင်ကြား ပေးခဲ့သည်။ သို့သော် တိုးတက်မှု မရှိနိုင်သည့် အတွက် ဆရာတော် ယုဒသန် လက်ထဲ လွှဲအပ်လိုက်သည်။ ဆရာတော် ယုဒသန်တို့ ဇနီးမောင်နှံက အရေးအဖတ်မှ စ၍ ယေရှုခရစ်တော် အကြောင်းကို ဆက်လက် သင်ကြားပေးခဲ့သည်။

၁၈၇၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် ဆရာတော် ယုဒသန် ထုတ်ဝေသည့် ဂျာနယ်တွင် ဆရာတော် ယုဒသန်က "မောင်ရွှေဘဲ ပိုင်ဆိုင်သော ကျွန်တစ်ဦးဖြစ်သည့် ကရင်လူမျိုး စောသူဖြူ ဆိုသူသည် ဗမာစကားကို မတတ်သည့်အပြင် သင်ကြားနိုင်မှုလည်း အင်မတန် နည်းပါးသူဖြစ်သည်။ သင်ယူခြင်းနှင့် ပတ်သက်၍ သူ၏ အသိပညာသည် တကယ့် လူဗြိန်း အဆင့်သာ ရှိသည်။ လပေါင်းများစွာ သွန်သင်ခြင်း နှင့်အတူ၊ ကျွန်ုပ်တို့ မျှော်လင့်နေသည်မှာ သူ၏ ပိန်းပိတ်အောင် မှောင်နေသော ဥနှောက်နှင့် မှတ်သားဥဏ် ချွတ်ယွင်းမှုတို့သည် ယေရှုခရစ်တော် အားဖြင့် ဥာဏ်ပညာ ကြွယ်ဝလာမည် ဟူသော အကြောင်းပင်ဖြစ်သည်"  ဟု ရေးသားခဲ့ရသည်။ ဆရာတော် ယုဒသန်က စောသဖြူကို "ရက်စက် ကြမ်းကြုတ်သော ဒေသမင်းကြီး" ဟူ၍လည်း ဂုဏ်ပုဒ် တပ်ပေးခဲ့သည်။

ယေရှုခရစ်တော် အကြောင်းကို ဆရာတော် ယုဒသန်အားဖြင့် ကြားသိခြင်းနှင့် အတူ ယုံကြည်လက်ခံပြီးနောက် စောသာဖြူသည် မော်လမြိုင်ရှိ မြန်မာအသင်တော်ငယ်လေး ၏ အသင်းဝင် ဖြစ်ရင် စတင်လျှောက်လာသည်။ အချိန်ကာ အနည်းငယ်ကြာပြီးနောက်တွင်တော့ စောသာဖြူသည် ဆရာတော် ဘို့ဒ်မန် (Rev. George Dana Boardman) တို့နှင့်အတူ ထားဝယ်ဘက်သို့ ကရင်လူမျိုးတို့အား သာသနာပြုရန် လိုက်ပါလာတော့သည်။

၁၈၂၈ ခုနှစ်၊ မေလ ၁၆ရက်နေ့တွင် ထားဝယ်၌ ဆရာတော် ဘို့ဒ်မန်း အားဖြင့် နှစ်ခြင်းမင်္ဂလာ ယူခဲ့သည်။ နှစ်ခြင်း ခံယူပြီးနောက် စောသာဖြူသည် သူ၏ ဆရာတော် ဘို့ဒ်မန်း ထံ ခွင့်တောင်း၍ သူ၏ ကရင်လူမျိုးများ ရှိရာသို့ ဧဝံဂေလိ ဟောကြားရန် ထွက်ခွာလာသည်။ စောသာဖြူအကြောင်းနှင့်အတူ စောသာဖြူ ဟောပြောသော ယေရှုခရစ်တော် အကြောင်းကို ကြားရသူ ကရင်လူမျိုးများစွာ တို့သည် သူတို့နေထိုင်ရာမှ နှစ်ရက်ခရီးဝေးသော ဆရာတော် ဘို့ဒ်မန်း ထံသို့ ခရစ်တော်အကြောင်းကို ပိုမိုသိနိုင်ရန်အတွက် ရောက်လာကြသည်။

စောသာဖြူသည် နှစ်ခြင်းခံယူပြီးသည့် နေ့ရက်မှစ၍ သူကွယ်လွန်သွားသည့် ၁၈၄၀ ခုနှစ်တိုင် မရပ်မနား သာသနာပြုခဲ့သည်။ ယေရှုခရစ်တော် အကြောင်း မကြားသိသေးသော ဒေသများသို့ အဆက်မပြတ် သွားရောက်ဝေငှ ခဲ့သည်။ အထူးသဖြင့် ကရင်လူမျိုးများ ရှိရာ ထားဝယ်မှ ထိုင်း၊ ထိုင်းနိုင်ငံတွင် မာတဘန်ဒေသနှင့် ချင်းမိုင်၊ ထိုနောက် ချင်းမိုင်မှ ရန်ကုန်၊ ရန်ကုန်မှ ရခိုင် စသည်ဖြင့် လှည့်လည်၍ ယေရှုခရစ်တော် အကြောင်း ဟောပြောခဲ့သည်။ ကရင်လူမျိုးများ ယေရှုခရစ်တော်၏ ကယ်တင်ခြင်းကို ရရှိနိုင်ခြင်းငှာ အသုံးပြုသော ဘုရားသခင်၏ လက်တော်ပင် ဖြစ်သည် ဟု ဆိုကြပါသည်။

ဆရာတော် ဗင်တန်တို့ ဇနီးမောင်နှံ (Rev. Vintons) က စောသာဖြူ ဟောပြော၍ တချိန်တည်းတွင် ယုံကြည်လာမှု (၁၇၃)ယောက်အား နှစ်ခြင်းပေးခဲ့ရသည်ဟု မှတ်တမ်းတင်ခဲ့သည်။

၁၈၄၀ ခုနှစ် ဖေဖေါ်ဝါရီလတွင် ဆရာတော် အက်ဘော့တ် (Rev. Abbott) တို့ မိသားစုနှင့် သံတွဲသို့ လိုက်ပါ၍ ကရင်ရွာများသို့ ဟောပြောခဲ့သည်။ သံတွဲရှိ ကရင်လူမျိုးတို့အား လှည့်လည် သာသနာပြုခြင်းသည် သူ၏ နောက်ဆုံး သာသနာဖြစ်ကြောင်း သူကိုယ်တိုင် ကြိုတင် သိရှိခဲ့လိမ့်မည် မဟုတ်ပါ။

၁၈၄၀ ခုနှစ် စက်တင်ဘာလ ၉ရက်နေ့တွင် စောသာဖြူသည် သံတွဲ၌ ကွယ်လွန်သွားခဲ့ပါသည်။ စကားကို လေးလုံးကွဲအောင် မပြောတတ်သူ၊ ထုံထိုင်း၍ အသိဥာဏ် အလွန်နိုမ့်ကျသူကို ဘုရားသခင်က ချီးမြှောက်၍ အသုံးပြုခဲ့ပေပြီ။ စောသာဖြူကို မည်သည့် နေရာ၌ မြှတ်နှံသည်ကို မည်သူမှ မသိရှိကြပါ။ သို့သော် အမြဲတမ်း တွေ့မြင်နိုင်သော ကရင်တောင်တန်းကြီး မြင်လျှင် စောသာဖြူ ဘယ်မှ မြှတ်နှံသည်ကို သိရှိနေရပါသည်။

စောသာဖြူသည် ကရင်လူမျိုးတို့၏ ရှေ့ပြေး တမန်တော်ကြီး ဖြစ်ပါသည်။ စောသာဖြူနောက်တွင် စောသဖြူကဲ့သို့ပင် စွမ်းစွမ်းတမန် သာသနာပြုသူ စောကွာလာ ဖြစ်သည်။ စောသာဖြူနှင့် စောကွာလာ တို့သည် တိုင်းရင်းသား အားလုံးတို့၏ ရှေ့ပြေး တမန်တော်ကြီးများ ဟုလည်း သတ်မှတ်နိုင်ပေသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့အားဖြင့် ကရင်သာသနာ ပေါ်ထွန်းလာပြီး၊  မြန်မာနိုင်ငံရှိ တိုင်းရင်းသာ လူမျိုးအားလုံး တို့ထံသို့ သခင်ယေရှုနှင့် မိတ်ဆက်ပေးပြီး၊ သာသနာပြုခဲ့ကြသောကြောင့် ဖြစ်သည်။

 

မှတ်ချက်။

ဂိုလမ်းပေါင် ပြုစုသော အခြေပြုမြန်မာ့ခရစ်ယာန်သမိုင်း (စာ-၁၀၀) မှ တဆင့်ဖေါ်ပြသည်။ အင်္ဂလိပ်ဘာသာ အာရှခရစ်ယာန်သမိုင်း အဘိဓာန် A Dictionary of ASIAN Christianity, Scott W. Sunquist, editor မှတ်တမ်းတွင်၊ ANNA MAY SAY PA ရေးသားသော ကိုသာဖြူ ကိုယ်ရေးရာဇဝင်တွင် ကိုသာဖြူကို ၁၈၈၇ တွင် မွေးဖွားခဲ့ပြီး၊ ပုသိမ်မြိုအနီး၊ စံတောဝေးတွင်  စက်တင်ဘာ(၉)ရက် ၁၉၄၀ တွင်ကွယ်လွန်သည်ဟု ဖေါ်ပြသည်။ ဆရာဆိုး ပြုစုသော ပန်းချီစည်သူ၊ ရုပ်ပြသရုပ်ဖေါ်တွင် အသက်၄၀ကျော်တွင် ကိုသာဖြူအိမ်ထောင်ပြုပြီး၊ ဇနီးနော်မအေးနှင့်သားတစ်ဦး ရှိပြီး ပဲခူးရိုမ တစ်နေရာတွင် မြှတ်နှံခဲ့သည် ဟု ဆိုသည်။ ယခု ဂိုလမ်ပေါင်က သံတွဲ၌ ကွယ်လွန်သည်ဟု ဆိုသည်။ ကရင်များစွာရှိသော ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ကိုသာဖြူကျမ်းစာသင်ကျောင်း ရှိသည်။ ဆရာတော် ဘို့ဒ်မန်း သည် ကရင်စာ တီထွင်ပေးခဲ့သူဖြစ်သည်။ မုရန်

 

 

ကရင်လူမျိုးများထံသို့ ခရစ်ယာန် သာသနာရောက်ရှိခြင်း

နှစ်ခြင်းသာသနာ

ကရင်လူမျိုးများသည် ကရင်ပြည်နယ်တွင်သာမက တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် မွန်ပြည်နယ်များတွင် မြောက်များစွာ ပျံ့နှံ့နေထိုင်ကြသော လူမျိုးများ ဖြစ်ကြသည်။ ထို့ကြောင့် ကရင်လူမျိုးများ ခရစ်တော်ယေရှု၏ ကယ်တင်ခြင်း သတင်းကောင်းကို ဦးစွာကြားခွင့် ရသော အရပ်ဒေသသည် မွန်ပြည်နယ် ဖြစ်ခဲ့သည်။

သာသနာပြု ဆရာတို့က ကရင်လူမျိုးကို က္ကုသရေလလူမျိုး ထဲက ပျောက်ဆုံးနေသော လူမျိုးတမျိုး ဖြစ်သည်ဟု သုံးသပ်ခဲ့ကြသည်။

၁၈၂၇ခုနှစ်၏ အစောပိုင်းတွင် ဆရာတော် ဘို့ဒ်မန်း တို့ ဇနီးမောင်နှံသည် ကျိုက္ခမီရှိ ဆရာတော် ယုဒသန်ထံသို့ မြန်မာပြည် သာသနာပြုရန် ရောက်ရှိလာကြသည်။ ကျိုက္ခမီနှင့် မော်လမြိုင် တို့တွင် ဆရာတော် ယုဒသန်တို့နှင့် အတူ ခေတ္တ နေထိုင်ပြီး သာသနာပြုခဲ့ကြသည်။ မော်လမြိုင်တွင် ဆရာတော် ဘို့ဒ်မန်း နှင့် ဆရာတော် ယုဒသန်တို့သည် ကျွန်အဖြစ် ရောင်းဝယ်ခံရသူ ကရင်လူမျိုး စောသာဖြူ ဆိုသူကို ငွေဖြင့် ရွေး၍ နှုတ်ယူကာ ခေါ်ယူ စောင့်ရှောက်ခဲ့ကြသည်။ ဆရာတော် ယုဒသန်နှင့် ဆရာတော် ဘို့ဒ်မန်း တို့၏ ဟောပြောမှုများအားဖြင့် စောသာဖြူသည် ခရစ်တော်ကို ယုံကြည်သူ ဖြစ်လာခဲ့သည်။ ထို့နောက် ဆရာတော် ဘို့ဒ်မန်း တို့ ဇနီးမောင်နှံသည် စောသာဖြူကို အတူခေါ်ဆောင်လျက် ထားဝယ်သို့ သာသနာပြုရန် ပြောင်းရွှေ့သွားကြသည်။ ၁၈၂၈ ခုနှစ် မေလ(၁၆) ရက်နေ့တွင် စောသာဖြူကို ဆရာတော် ဘို့ဒ်မန်းက ထားဝယ်တွင် နှစ်ခြင်းပေးခဲ့သည်။ စောသာဖြူသည် ကရင်လူမျိုးများထဲက ပထမဆုံး ခရစ်တော်ကို ယုံကြည်သူနှင့်၊ နှစ်ခြင်းခံသူ ဖြစ်သည်။ နောင်တွင် ကရင်လူမျိုးတို့အတွက် ခရစ်တော်၏ သံတမန်ကြီး တစ်ဦးအဖြစ် သတ်မှတ်ခံရသူ တစ်ဦးလည်း ဖြစ်သည်။

ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် ယုံကြည်ပြီး၊ နှစ်ခြင်းခံပြီးသည်နှင့် တပြိုင်နက် စောသာဖြူသည် ဆရာတော် ဘိုဒ်မန်းတို့နှင့် လိုက်ပါက သူ၏လူမျိုးဖြစ်သော ကရင်လူမျိုးရှိရာသို့ နေရာအနှံ့ သွားရောက်၍ ဧဝံဂေလိ ဟောကြားပါတော့သည်။ စောသာဖြူ ထံမှ ဧဝံဂေလိ ဟူသော ခရစ်တော် ယေရှုအကြောင်းကို ကြားရသူ အားလုံးတို့သည် ဝမ်းမြောက်၍ ယုံကြည်ခြင်းသို့ ရောက်ကြသည်။

၁၈၃၀ ခုနှစ် ဒီဇင်ဘာ(၂၀) ရက်နေ့တွင် စောသာဖြူသည် ကရင်လူမျိုးများစွာကို နှစ်ခြင်း ခံယူရန် ဆရာတော် ဘို့ဒ်မန်း ထံသို့ ခေါ်ဆောင်လာနိုင်ခဲ့သည်။ ထို့နောက် ဆရာဘို့ဒ်မန်း တို့သည် တနင်္သာရီတိုင်း အတွင်းရှိ၊ ကရင်လူမျိုးများကို ဆက်လက် သာသနာပြုရန် ထားဝယ်မြို့သို့ ရောက်ရှိကြသည့် အခါတွင်လည်း စောသာဖြူသည် ဆရာတော် ဘို့ဒ်မန်း တို့နှင့် အတူ ဟောကြားက ကရင်လူမျိုးများစွာကို ခရစ်တော်ထံ ပို့ဆောင်နိုင်ခဲ့ကြသည်။ ဆရာတော် ဘို့ဒ်မန်း၏ ကျန်းမာရေး အခြေအနေ မကောင်းသဖြင့် မော်လမြိုင်ခေတ္တ ပြန်သွားစဉ်အတွင်း စောသာဖြူသည် ထားဝယ်နှင့် တနင်္သာရီ တဝိုက်တွင် ဧဝံဂေလိတရားကို မနားမနေ၊ ဆက်လက် ဟောကြားနေခဲ့ပြီး၊ ကရင်လူမျိုးများ ခရစ်တော် ယေရှုကို ယုံကြည်လာနိုင်ခဲ့ကြသည်။

၁၈၂၀ ခုနှစ် နွေရာသီကာလတွင် ထားဝယ်ရှိ ကရင်မဟုတ်သော အခြား လူမျိုးအချို့၏ နှောက်ယှက်မှုနှင့် အတူ ဆိုးရွားသော ကျန်းမာရေးကို ဆရာတော် ဘို့ဒ်မန်းနှင့် ဇနီးသည်တို့သည် ခါးသည်းစွာ ရင်ဆိုင်ခဲ့ရသည်။ သို့သော် ယုံကြည်ပြောင်းလဲ လာသူ များစွာကို ကိုသာဖြူနှင့် အတူ ရရှိနိုင်ခဲ့သည်။ ၁၈၃၁ ခုနှစ်တွင် ဆရာတော် ဖရန်စစ်မာဆွန် (Francis Mason) ရောက်ရှိလာပါသည်။ ဆရာတော် ဘို့ဒ်မန်းသည် သူ၏ ကျန်းမာရေး အခြေအနေ ပို၍ဆိုးဝါးလာသည့် ကြားမှပင် ဆရာတော် မာဆွန်နှင့်အတူ ကရင်လူမျိုး အများအပြားရှိရာ တနင်္သာရီတိုင်း အတွင်းပိုင်းသို့ ခရီးဆန့်ခဲ့သ်။ ထိုခရီးစဉ် ၁၈၃၁ ခုနှစ်၊ ဖေဖော်ဝါရီ(၉) ရက်နေ့တွင် ကရင်လူမျိုး ယုံကြည်ပြောင်းလဲ လာသူ (၃၄)ဦး ကို ဆရာတော် မာဆွန်က နှစ်ခြင်းမင်္ဂလာ ပေးခဲ့သည်။ ဆရာတော် ဘို့ဒ်မန်း ၏ ကျန်းမာရေး အခြေအနေသည် လွန်စွာ ဆိုးဝါးလာသဖြင့် ဖေဖေါ်ဝါရီလ အတွင်းပင် ထားဝယ်သို့ ပြန်လာခဲ့ကြပါသည်။ သို့သော် ထားဝယ်သို့ မရောက်မီ လမးခုလပ်တွင် ဆရာတော်ဘို့ဒ်မန်းသည် ဇနီးသည်၏ ထွေးပိုက်ထားသော လက်အတွင်း၌ ကွယ်လွန်သွားပါသည်။

ဆရာတော် မာဆွန်က သာသနာပြုတာဝန်ကို ဆက်လက်ထမ်းဆောင်ခဲ့ပါသည်။ ဆရာတော် မာဆွန်အားဖြင့်လည်း တနင်္သာရီ အတွင်းရှိ လူမျိုးများစွာတို့သည် ခရစ်တော်ကို ယုံကြည်၍ နှစ်ခြင်းခံယူနိုင်ခဲ့ကြပါသည်။ ၁၈၃၃ ခုနှစ် အဆုံးပိုင်းတွင် ကရင်လူမျိုး ၁၉၂ဦး နှစ်ခြင်း ခံယူနိုင်ခဲ့ ကြပါသည်။ ထိုသူတို့ အထဲတွင် ၉၇ဦးမှာ ထားဝယ်နယ်မှ ဖြစ်၍ ကျန် ၉၅ဦးမှာ မော်လမြိုင်နယ်မှ ဖြစ်သည်။

ဆရာတော် ဘို့ဒ်မန်း တို့ ဇနီးမောင်နှံနှင့် စောသာဖြူတို့ တနင်္သာရီ ဘက်သို့ သာသနာပြုကြစဉ်တွင် ဆရာတော် ယုဒသန်သည် သံလွင်မြစ်တလျှောက်ရှိ ကရင်လူမျိုးများထံ တကိုယ်တော် သွားရောက်၍ သာသနာပြုခဲ့သည်။ ကျားများ ကျက်စားရာ တောအုပ်များကို အသက်ကို ပဓါန မထားပဲ၊ ရဲရဲဝံ့ဝံ့ ဖြတ်ကျော်ခဲ့ရသော သာသနာပြု ခရီးစဉ် တစ်ခု ဖြစ်သည်။ ချောက်ကမ်းပါး စွန်းများကိုလည်း ကျော်ဖြတ်ခဲ့ရသည်။ ထို့ကြောင့် ဆရာတော် ယုဒသန်သည် ကရင်လူမျိုးများ သာသနာပြုရန်အတွက် ရောက်ရှိလာကြသော အမျိုးသမီး သာသနာပြု ဆရာမနှစ်ဦးကိုလည်း အကြံပေးခြင်းနှင့် လမ်းညွှန်ပြသခြင်း တို့ကို လုပ်ဆောင်နိုင်ခဲ့သည်။

ပထမ အမျိုးသမီး သာသနာပြုမှာ ဆရာမ ဆာရာမကွမ်မင်း (Miss Sara Cummings) ဖြစ်ပြီး၊ ၁၈၃၂ ခုနှစ်တွင် ဤမြန်မာပြည်သို့ ရောက်ရှိလာသည်။ မော်လမြိုင်မြို့၏ မြောက်ပိုင်း ငှက်ဖျား ပေါရာ သံလွင်မြစ်တဝိုက်တွင် ကရင်သာသနာပြု ဆရာများနှင့် အတူ နှစ်နှစ်တိတိ လှည့်လည် သာသနာ ပြုခဲ့သည်။ ဆရာမ ကွင်းမင်း သည် ငှက်ဖျားရောဂါဖြင့်ပင် ထိုဒေသ၌ ကွယ်လွန်သွားခဲ့ရှာသည်။ ဒုတိယ အမျိုးသမီး သာသနာပြုမှာ ဆရာမ အယ်လင်နောမာကမ်ဘာ (Miss Eieanor Macomber) ဖြစ်၏။ ဆရာမသည်လည်း ကရင်သာသနာပြု ဆရာများ၏ ကူညီမှုဖြင့် ကရင်ကျေးရွာတစ်ရွာတွင် အသင်းတော် တစ်ပါး တည်ထောင်၍ ၅နှစ်တိတိ ကရင်လူမျိုးများကို သာသနာပြုခဲ့သည်။ ဆရာမသည်လည်း ထိုဒေသတွင် ငှက်ဖျားရောဂါဖြင့် ကွယ်လွန်သွားရပြန်ပါသည်။ ၁၈၄၀ ခုနှစ်တွင် စောသာဖြူ လည်း ကွယ်လွန်သွားပါသည်။

ယေရှုခရစ်အားဖြင့် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။ (ရောမ ၁၆း၂၇)

 

ချီးမွမ်းတေးသီချင်းနှင့်ကဗျာများ (random hymn No.1)

ဂါလိလဲ သောင်ယံကမ်းစပ်နားဆီမှာ အိုတံငါ အာရုဏ်ဦးအထိ
ဝမ်းစာရှာ ကြိုးစားလည်း ငါးမရရှိပါ။  အမောဆို့လည်း
ညဘက်အဆုံးမှာ စိတ်ဓါတ်ကျ နွမ်းလျသည့်အခါ စကားအခွန်းများ
အမိန့်အဖြစ်ရောက်လာ ပေတရု ရေနက်ထဲသို့ ရွှေ့ပါလား

ငါး …  ရေနက်ထဲက ငါးများစွာရယ် 
ငါး .. ကိုယ်တော်ပေးတဲ့ ဆုလဒ်ရယ် 
အိုး ..  လူကိုမျှားမဲ့ ဘုရားရဲ့ တငါသည်
အိုး .. ရေနက်ထဲသို့ ထွက်ခွာဆဲ

ထာဝရဘုရားသခင်၏ တပါးတည်းသော သားတော်အား ပေတရု
ရင်ဆိုင်တွေ့တော့ အားငယ်ကာ အပြစ်ဒုစရိုက် ပြည့်နှက်လှစွာ
ကျွနိုပ်ဘ၀က ဆိုးညစ်လိုက်တာ ၀မ်းနည်းခိုက် နှစ်သိမ့်လိုက်တာ
ငါ့နောက်သို့ လိုက်ခဲ့စမ်းပါ လူကိုမျှားမဲ့ တံငါသည်ကြီးတယောက ဖြစ်စေမှာ



 

ချီးမွမ်းတေးသီချင်းနှင့်ကဗျာများ (random hymn No.2)



စကားပြော။  ။ လူ၂မျိုးရှိပါတယ်။ ကိုယ်သဘောနဲကိုယ်အသက်ရှင်တဲ့လူမျိုး နဲ့ နောက်တစ်မျိုးကတော့ ကိုယ်သဘောနဲ့ကိုယ်အသက်ရှင်လို့မရတော့ဘူး၊ မျှော်လင့်ချက်မရှိတော့တဲ့လူတွေအတွက် ဖန်ဆင်းရှင်ဘုရားရဲ့မေတ္တာကို သတိရလိုက်ပါ။ သူကိုကယ်တင်သွားပါလိမ့်မယ်။ ယုံကြည်သူ၊ မယုံကြည်သူအားလုံးအတွက်ပါ....

သီချင်း
လေလွင့်သိုး ဘ၀ရဲ့အမှောင်လမ်းထဲမှာ
စမ်းတ၀ါးလမ်းပျောက်နေပြီလား
လမ်းမှားသောသိုး  ကိုယ်တော်စွန့်ပစ်မထားပါ
လက်ကမ်းကာ လမ်းပြနေဆဲ
နောင်တတရား စိတ်နဲ့ထံသို့ တိုးဝင်
ချဉ်းကပ်ဖို့ တစ်ခုသာလိုနေ ကမ်းပေးတဲ့လက်
ကိုယ်တော်ဘုရားရဲ့မေတ္တာ ရင်ထဲမှာစွဲမြဲမှတ်ထား
အသက်သွေးစတေးခဲ့တယ် တကယ်ပါဘဲဘုရားရှင်ကိုယ်တော်ရဲ့
အတုမဲ့စေတနာတရား ဘယ်အရာနဲ့မှနှိုင်းမရနိုင်
ဖြူစင်စိတ်ထားနဲ့ ကိုယ်တော်မေတ္တာ
ယုံကြည်ကာအစဉ်အမြဲ လက်ကိုင်ထား
ကိုယ်လျှောက်လှမ်းမဲ့ဘ၀မှာ
ယုံကြည်ခြင်းလက်ကမ်းကာ
ခိုလှုံကာအတူအသက်ရှင်သွား....


End...
တေးရေး/ဆို -  စောဝင်းလွင်

http://www.youtube.com/watch?v=YPUIGFTxsog&feature=related

 

ချီးမွမ်းတေးသီချင်းနှင့်ကဗျာများ (random hymn No.3)

Thanks Giving in My Heart

I will enter His gates with thanks giving in my heart
I will enter His courts with praise.
I will say this is the day that the Lord has made.
I will rejoice for He has made me glad.
He has made me glad.
He has made me glad.
I will rejoice for He has made me glad.
He has made me glad.
He has made me glad.
I will rejoice for He has made me glad.