နောင်တနှင့်ဂတိတော်၊ ဝိညာဉ်ရေးမှတ်တမ်းများ (၁) - ဒေါက်တာဖေမြတ်ဝင်း


လူ့ဘဝသည် ယာယီတဲဖြစ်ပြီး ထာဝရနေအိမ်အတွက် ပြင်ဆင်ရန်အချိန်ဖြစ်သည်ဟု သမ္မာကျမ်းစာက ဆိုပါသည် (၂ကော ၅း၁)။ အကယ်၍ ကျမ်းစာပြောသည့်အတိုင်း မှန်လျှင် လူ့ဘဝကို တဖန် ပြန်လည်ရရှိနိုင်တော့မည် မဟုတ်ပါ။ လူ့အသက်တာသည်လည်း အလွန်တိုတောင်းလှပါသည်။ အချိန်သည် ကျွန်တော်တို့ရှေ့မှ အမြဲပြေးလျှက်ရှိသည်။ ကျွန်ုပ်တို့ ထင်သည်ထက် အချိန်နှောင်းနေ တတ်သည်။ ထို့ကြောင့် အသက်ရှင်စဉ် အချိန်ကို မည်သို့ အသုံးချကြ ပါမည်နည်း။ ကျမ်းစာကို ယုံလျှင် ထာဝရအသက်တာ အတွက် ပြင်ဆင်ကြရပါမည်။ မယုံလျှင်တော့ ဤဘဝတစ်ခုအတွက်ပင် အသက်ရှင်ကြရန် ရှိပါသည်။ သို့သော် ကျမ်းစာက မှန်နေလျှင် နောက်တဖန် ပြန်လည် ပြင်ဆင်ခွင့်ကို ရရှိတော့မည် မဟုတ်ပါ။

သမ္မာကျမ်းစာသည် ထာဝရဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်ကြောင်း မည်သို့သိရှိနိုင်ပါသနည်း။ သိရန် ဖြစ်နိုင်ပါသလား။ ဘုရားသခင်သည် အမှန်ပင် အသက်ရှင်လျှက်ရှိကြောင်း သိရှိနိုင်ပါသည်။ သိရန် နည်းလမ်း တစ်ခုသာ ရှိပါသည်။ ကိုယ်တိုင် ဆက်သွယ် ကြည့်ရန် ဖြစ်ပါသည်။ ငါ့ကိုရှာသောအခါ စိတ်နှလုံး အကြွင်းမဲ့နှင့် ရှာလျှင် တွေ့ကြလိမ့်မည်။ ငါသည်လည်း သင်တို့အတွေ့ကို ခံမည် ဟု ဘုရားသင်က ယေ ၂၉း၁၃-၁၄ တွင် အတိအလင်း ပြောထားပါသည်။

ကျမ်းစာက နောက်တချက် ပြောထားပါသေးသည်။ ကျွန်တော်တို့ လောကီသား အများစုသည် ပျက်စီးခြင်းသို့ ရောက်မည့်လမ်းပေါ်တွင် လျှောက်နေကြသည်။ ထိုလောကီလမ်းသို့ ဝင်သည့် တံခါးသည် ကျယ်ဝန်းပြီး လျောက်ရန် လွယ်ကူပါသည်။ အသက်ရှင်ခြင်းသို့ ရောက်သောတံခါးနှင့် ဝိညာဉ်ခရီးလမ်းသည် ကျဉ်းမြောင်း ခက်ခဲသောကြောင့် ထိုလမ်းကို လျှောက်သောသူ နည်းပါးလှသည် (မ ၇း၁၃-၁၄)။

ခရစ်တော် ပြောခဲ့သော ပုံပြင်ထဲမှ ပျောက်သောသား ဆိုသည်မှာ (လု ၁၅) လမ်းမှားပေါ်တွင် လျှောက်နေကြသော သားသမီးများကို ရည်ညွှန်းခြင်းဖြစ်ပြီး လူသားအားလုံးသည်လည်း ဘုရားသခင်၏ သားသမီးများ ဖြစ်ကြောင်း ကျမ်းစာက ဖေါ်ပြထားပါသည် (မ ၆း၉)။

တစ်ချိန်က ကျွန်တော်သည်လည်း ပျောက်သောသား တစ်ဦ့း ဖြစ်ခဲ့ပါသည်။ ဤဝိညာဉ်ခရီး မှတ်တမ်းများကို ရေးသားသည့် ရည်ရွယ်ချက်မှာ ဘဝခရီးဖေါ်များ ဖြစ်ကြသော ညီအစ်ကို မောင်နှမများနှင့် ကျွန်တော်၏ အတွေ့အကြုံများကို ဝေငှလို၍ ဖြစ်ပါသည်။ ဘုရားသခင်သည် အမှန်တကယ် အသက်ရှင်လျှက် ရှိကြောင်း၊ ကျွန်တော့ ဘဝဖြစ်စဉ်က သက်သေခံနိုင်မည် ဟု မျှော်လင့်ပါသည်။ ကျွန်တော်နှင့်အတူ လိုက်ပါလျှက် ကျွန်တော့ဘဝခရီး၏ အတွေ့အကြုံနှင့် သင်ခန်းစာများကို လေ့လာ မှတ်သားကြပါရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

ဤဝိညာဉ်ခရီး၏ အဓိက ဇတ်ဆောင်မှာ ခရစ်တော်ဖြစ်ပါသည်။ ကျွန်ုပ်သည် ခလုပ်တိုက်ရင်း၊ လဲရင်း၊ တဖန်ထရင်နှင့်ပင် ခရစ်တော်နှင့် အတူ လိုက်ပါလာခဲ့သော ခရီးသွားတစ်ဦးသာလျှင် ဖြစ်ပါကြောင်း ဦးစွာပြောကြားလိုပါသည်။ ထို့ကြောင့် ဤစာစောင်သည် ကျွန်တော့်အကြောင်းထက် လမ်းပြပို့ဆောင်သော ဘုရားအကြောင်း ဖြစ်ပါသည်။ စာဖတ်သူများ အာရုံစိုက်ရမည်မှာ ခရစ်တော်သာလျှင် ဖြစ်ပါသည်။

ဘဝအပြောင်းလဲ
ကျွန်တော့်ဘဝကို ပြောင်းလဲစေသည့် အဖြစ်အပျက်များ စတင်ချိန်တွင် ကျွန်တော်သည် အသက်(၄၇)နှစ် ရှိပါပြီ။ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်တွင် မိသားစုနှင့် နေထိုင်လျှက် ရှိပါသည်။ ဇနီးသည် သည်လည်း ကျွန်တော်ကဲ့သို့ ဆရာဝန်တစ်ဦး ဖြစ်ပါသည်။ သားသမီး(၃)ယောက်တွင် အငယ်ဆုံးပင် အထက်တန်းသို့ ရောက်ရှိနေပါပြီ။ ထိုစဉ်က ကျွန်တော်သည် ဆေးတက္ကသိုလ်(၁) ခွဲစိတ်ကု ပညာဌာနတွင် တာဝန်ထမ်းဆောင်လျှက် ရှိသည်။ ကျွန်တော်သည် ဘာသာရေးကို အရေးထားသော ခရစ်ယာန် အိမ်ထောင်မိသားစုမှ ပေါက်ဖွား ကြီးပြင်းလာပြီး မိမိကိုယ်ကို ခရစ်ယာန်တစ်ဦးအဖြစ် ခံယူထားသော်လည်း ကျွန်တော် သခင်ယေရှုကို အကျွမ်းတဝင် သိခဲ့သူတစ်ဦး မဟုတ်ပါ။ ရံဖန်ရံခါ ကျမ်းစာဖတ် ဆုတောင်းခြင်း၊ ဘုရားဝတ်ပြုခြင်း စသည့် ခရစ်ယာန် တို့ပြုကြသော ကျင့်ဝတ်တို့ကို လိုက်နာနေရုံဖြင့် ဘဝအတွက် လုံလောက်သည့် အာမခံချက် ရှိပြီဟု ထင်ခဲ့သည်။ ဘာသာရေး (Religion) နှင့် ဘုရားကို သိကျွမ်းခြင်း (Knowing God) ကို ကွဲပြားခြားနားကြောင်း ကျွန်တော်မသိခဲ့ပါ။

တစ်နေ့တွင် စာတန်မာနတ်၏ အလဲထိုးခြင်းကို ခံရပါတော့သည်။ ကျွန်တော့ဘဝသည် သဲတွင် အုတ်မြစ်ချထားသည့် အိမ်ကဲ့သို့ အခြေမခိုင်ပဲ စုံစမ်းနှောက်ယှက်ခြင်း မုန်တိုင်းကျလာသောအခါ ပြိုလဲသွားခဲ့ရသည်။ (လု ၆း ၄၆-၄၉)။ ကျွန်တော်၏ မိုက်မဲမှုကြောင့် သာယာချမ်းမြေ့နေသော အိမ်ထောင်ရေးနှင့် မိသားစု ပျော်ရွှင်မှုများသည် ပျက်စီဆုံးရှုံးခြင်းသို့ ရောက်ခဲ့ရပါသည်။ ထိုအရာများကို မည်သည့် အဖိုးခပေး၊ ပြန်လည်ရရှိနိုင်ပါမည်နည်း။ ကျွန်တော့ဘဝသည် အစိတ်စိတ် အမွှာမွှာ ကျိုးပဲ့သွားသော ကြွေပန်းကန်ပြား တစ်ချပ်ကဲ့သို့ ဖြစ်ရပါပြီ။ အသက်တာတွင် ပထမဦးဆုံးအကြိမ် အစာရှောင် ဆုတောင်းခဲ့သည်။ ကျန်ရှိသော ဘဝကို ဘုရားလက်သို့ အပ်နှံခဲ့သည်။ ကျိုးပဲ့ကျေမွသော နှလုံးသားကို ဘုရားသခင်သည် ဘယ်အခါမှ ငြင်းပယ်မည် မဟုတ်ကြောင်း၊ ဂတိတော် ရှိသော်လည်း ပြုပြင် ဖာထေး ပေးနိုင်ရုံသာ ရှိမည်ဟု ကျွန်တော် ထင်ခဲံပါသည်။ ထို့ထက်များစွာ သာလွန်၍ ဘုရားသည် တတ်နိုင်တော်မူကြောင်း ကျွန်တော် မသိခဲ့ပါ။ ခပ်သိမ်းသော အရာတို့ကို အသစ်ဖြစ်စေနိုင်သော ဘုရား (ဗျာ ၂၁း၅) ကို ကျွန်တော် မသိရသေးပါ။

လူတို့ကျူးလွန်ကြသော အပြစ်တိုင်းသည် ဘုရားသခင်၏ မေတ္တာတော်ကို ဆန့်ကျင်ပြစ်မှားခြင်းပင် ဖြစ်သည်။ မေတ္တာကို ပြစ်မှားလျှင် မိမိနှလုံးသား၏ ပြစ်တင် ဝေဖန်ခြင်းကို ခံရပါသည် (၁ ယော ၃း၂၀-၂၁)။ ထိုသို့ ကျွန်တော် စိတ်ထိခိုက်၍ ဆောက်တည်ရာမရ ဖြစ်နေကြောင်းကို သိသော မိတ်ဆွေတစ်ဦးက အာရုံပြောင်းနိုင်စေရန် သူနှင့်အတူ ခရီးထွက်ဖို့ တိုက်တွန်းခဲ့သည်။ အခြား ဘာလုပ်ရမှန်း မသိသည့်အတွက် နောက်ဆုံးတော့ သူ၏ အဆိုပြုချက်ကို ကျွန်တော် လက်ခံခဲ့သည်။ ဤခရီးသည် ကျွန်တော့ဘဝကို ပြောင်းလဲ၍ အသက်တာ၏ ဝိညာဉ်ခရီးကို အစပျိုးခဲပါသည်။


ဝိညာဉ်ရေးခရီးအစ
ကျွန်တော့်မိတ်ဆွေသည် အောင်ဆန်းနှစ်ခြင်းအသင်းတော်မှ သိက္ခာရ သင်းအုပ်ဆရာတော် ဦးချစ်ထွေးဖြစ်ပါသည်။ သူသည် ၂၄-၆-၉၀ နေ့ရက်တွင် ကျရောက်သော ဦးနောနေ့ အထူးအစီအစဉ်အရ ရွှေဘိုမြို့သို့ သွားရောက် တရားဟောရမည် ဖြစ်သည့်အတွက် ကျွန်တော့အား ခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ မီးရထားပေါ်တွင် ပြဉ်ဦးလွင်သို့ သွားရောက်မည့် အခြား သင်းအုပ်ဆရာတစ်ဦးနှင့် ဆုံကြသည်။ ထိုသူမှာ ဆရာတော် ဦးစံဖိုး ဖြစ်ပါသည်။ မန္တလေးတွင် တစ်ည ဝင်ရောက် နားခိုသောအခါ မူလအစီအစဉ် ပျက်သွားပြီး၊ ပြဉ်ဦးလွင်သို့ လိုက်ပါသွားခဲ့သည်။  အလေးအနက် မထားပဲ လျှပ်တစ်ပြတ် ပြုလုပ်ခဲ့ခြင်း ဖြစ်သော်လည်း ဘဝကို ပြောင်းလဲစေခဲပါသည်။ ကျွန်ုပ်တို့သည် နေ့စဉ်နေ့တိုင်း ဆုံးဖြတ်ချက်များကို ပြုလုပ်လျှက် နေထိုင် သွားလာနေကြရသည်။ တစ်ခါတစ်ရံ ဘဝ၏ လမ်းခုလတ်သို့ ကျရောက်သောအခါ အရေးကြီးသည် ဆုံးဖြတ်ချက်များကို ပြုလုပ်ကြတိုင်း ရရှိမည့် ရလဒ်ကို အမြဲတမ်း ကြိုတင်၍ မခန့်မှန်းနိုင်ပါ။ ထို့ကြောင့် ဘဝကို ဘုရားလက်ထဲတွင် အပ်ထားဖို့ အရေးကြီးပါသည်။ သို့မှသာလျှင် ခပ်သိမ်းသော အရာတို့သည် ဘုရားသခင်၏ အကြံအစည်တော် အတိုင်း ကျွန်ုပ်တို့အတွက် အကျိုးဖြစ်ပေါ်လာကြပါမည် (ရော ၈း၂၈)။

ပြင်ဦးလွင် ရောက်သောအခါ မှောင်ရီပျိုးစပြု အချိန်ရှိပါပြီ။ ကျွန်တော်သည် တာဝန်အရ လာရောက်ခြင်းမဟုတ်သည့် အတွက် ဆရာတော် ဦးစံဖိုးနှင့်အတူ အသင်းတော်၌ မတည်းခိုလိုပါ။ မလှမ်းမကမ်းရှိ ပုဂ္ဂလိက တည်းခိုခန်းများ ရှိရာသို့ ထွက်ခွာခဲ့သည်။ သို့သော် ဧည့်ရာသီမဟုတ်သည့် အတွက် တည်းခိုခန်းများ ပိတ်ထားပါသည်။ ထို့ကြောင့် အသင်းတော်ဝင်းဖက်သို့ ပြန်၍ ခြေဦးလှည့်ခဲ့ရပါသည်။ ပြဉ်ဦးလွင်၏ ကရာနီနှစ်ခြင်း အသင်းတော်သည် တောင်ကုန်းလေးပေါ်တွင် တည်ရှိပါသည်။ "ကရာနီကုန်းပေါ်သွန်းသော" သီချင်းအစချီသည်ကို ကျွန်တော် ကြားယောင်မိပါသည်။ ထိုခဏချင်းတွင်ပင် ကျွန်တော် မည်သည့်အတွက်ကြောင့် ထိုအချိန်တွင်၊ ထိုနေရာသို့ ရောက်ရှိနေရသည်ကို သိလိုက်ပါသည်။ အဖဘုရားထံ အိမ်ပြန်ရာလမ်းသည် သားတော် အသေခံရာ ကရာနီကုန်းကို ဖြတ်သန်း သွားရစမြဲဖြစ်ပါသည်။ ကုန်းပေါ်တွင် သွန်းတော်မူသော သွေးတော်ဖြင့် မဆေးကြောပဲ မည်သူမျှ ဘုရားထံမလာနိုင်ပါ။ ကျွန်တော်၏ "ကရာနီကုန်း" သို့ ဘုရားသခင် ပို့ဆောင်ပေးခဲပါပြီ။

မိတ်ဆွေ ... သင်သည်လည်း သင်၏ ကရာနီကုန်းသို့ ရောက်ရှိခဲ့ပြီးပါပြီလား။

ကျွန်ုပ်တို့သည် ကြီးစွာသော ဒုက္ခဆင်းရဲနှင့် အန္နရာယ်များကို တွေ့ကြုံ၍ ဘဝ၏ စိုးရိမ်မှတ် (Life's crisis point) သို့ ရောက်သည့် အခါမှ အသိတရား ရရှိတတ်ပါသည်။ သို့သော် ထိုအချိန် ရောက်သည့်အထိ စောင့်ရန်မလိုပါ။ အဘယ်သူမျှ ပိတ်ထားသော တံခါးကို သင်တို့အရှေ့၌ ငါဖွင့်ထားသည်ဟု သခင်ယေရှုက ဆိုပါသည် (ဗျာ ၃း၈)။ ယနေ့ အသိတရား ရနိုင်ပါသေးသည်။ ယနေ့သည် အကောင်းဆုံးနှင့် စိတ်အချရဆုံး အချိန်ဖြစ်သည်။ မနက်ဖန်သည် လူကို စောင့်ပါမည်လော။

X X X X X X X


ပင်ဦးလွင် သာသနာဝင်းထဲတွင်
ကျွန်တော်တို့ တည်းခိုရသော နေရာသည် နိုင်ငံခြားသာသနာပြု ဆရာများ ရှိစဉ်က ဆောက်လုပ်နေထိုင်ခဲ့သော ပျဉ်ထောင်အိမ် အဟောင်းကြီး ဖြစ်ပါသည်။ အောက်ထပ်၌ အိပ်ကြရပါသည်။ နောက်နေ့ နေ့လည်အချိန်လောက်တွင် တစ်ဦးတည်း တိတ်ဆိတ်စွာ ဆုတောင်းလို၍ အပေါ်ထပ်သို့ တက်ခဲ့သည်။ အသုံးပြုခြင်း မရှိပဲ မလှဲမကျင်း ထားရှိသော အခန်းများစွာကို တွေ့ရှိရသည်။ ဝဲဘက် အစွန်ဆုံး အခန်းလေးတစ်ခန်းထဲသို့ ကျွန်တော် ဝင်ရောက်လျှက် ဒူးထောက်လျှက် ဆုတောင်းခဲ့ပါသည်။ "အဖဘုရား.. ပျက်စီးသွားပြီဖြစ်သော ဘဝကို ပြင်ဆင်ပေး၍ ဆုံးရှုံးခဲ့သည် အရာများ ပြန်လည်ရရှိမည်ဆိုပါက ကျွန်တော်သည် အသက်ထက်ဆုံး အမှုတော်ကို ထမ်းဆောင်ပါမည်။ သာသနာပြု ဆရာဝန်အဖြစ် ကျန်ရှိသော အသက်တာကို ဆက်ကပ်ပါမည်" ဟု ကျွန်တော်ဂတိပြုခဲ့ပါသည်။ ထိုအချိန်က ကျွန်တော်သည် အသက်(၅၀) နီးနေပြီဖြစ်သောကြောင့် ဘုရားသခင်အား ပေးလှုရန် အချိန်သိပ်မကျန်တော့သည့်အတွက် ဘဝသည် ပျက်စီးယိုယွင်း နေပါပြီ။ ပေးလှုရန်အတွက် ကျိုးပဲ့ကျေမွနေသော နှလုံးသားမှတစ်ပါး အခြားမရှိပါ။ ထိုစဉ်က ဘုရားသခင်နှစ်သက်တော်မူသော ယဇ်သည် ထိုနှလုံးသားပင် ဖြစ်ကြောင်း ကောင်းစွာမသိရှိခဲ့သေးပါ။ ထိုနှလုံးသားကို ဘုရားသခင်သည် ဘယ်သောခါမျှ ငြင်းပယ်တတ်သည် မဟုတ်ပါ (ဆာ ၅၁း၁၇)။

ဆုတောင်း၍ အခန်းမှ ထွက်လာသောအခါ တံခါးဝပေါ်တွင် ချိတ်ထားသည့် စာတန်းကို ဖတ်ရှုလိုက်ရပါသည်။ အခန်းထဲ ဝင်ခဲ့စဉ်က ထိုစာတန်းကို မတွေ့ပဲ ထွက်လာသောအခါမှ နောက်ပြန်လှည့် အနေအထားနှင့် တွေ့ရှိရခြင်းသည် တိုက်ဆိုင်မှုဟု မထင်ပါ။ အခန်း၏ အတွင်းအပြင်၌ ပင့်ကူမျှင်များနှင့် ဖုန်အထပ်ထပ် ဖုံးအုပ်လျှက် ရှိသော်လည်း ရေးထားသည့် စာများကို ကောင်းစွာဖတ်ရှုနိုင်ပါသည်။

Trust in the Lord.. Delight thyself also.  In Him..  And He shall give thee the desires of thine heart

ဆာလံ ၃၇း၃-၄ ဖြစ်သည်။ ထာဝရဘုရားထံ ခိုလှုံကိုးစား၍ ထာဝရဘုရား၌ မွှေ့လျော်ခြင်းရှိလော့... သို့ပြုလျှင် သင်၏ နှလုံးအလိုပြည့်စုံရသော အခွင့်ကို ပေးတော်မူမည်။

ကျွန်တော်၏ ဆုတောင်းသံကို ဘုရားသခင် နားငြောင်းတော်မူခဲ့ပါပြီ။ ဤအဖြေသည် ဘုရားသခင်ပေးသော အဖြေဖြစ်ကြောင်း ကျွန်တော်လုံးဝ ယုံကြည်ခဲ့သည်။

ကျမ်းစာထဲမှ ပျောက်သောသားသည် အိမ်ပြန်ရာလမ်း၌ အဖ၏ ဆီးကြို၊ ပွေ့ဖက်၊ နမ်းရှုပ်ခြင်းကို ခံရသောအခါ ဖခင်၏ အံ့ဘွယ်သော ခံစားချက်မေတ္တာနှင့် ခွင့်လွှတ်ခြင်းကို ခံစားခဲ့ရသည့်အတိုင်း ကျွန်တော်ခံစားခဲ့ရပါသည်။ ထိုနေရာတွင် ဒူးထောက်လျှက် ကျေးဇူးတော်ကို ချီးမွမ်းခဲ့ပါသည်။ ကျွန်တော်သည် ဂတိတော်ကို ရင်ဝယ် ပိုက်လျက် တစ်ဖန် ရှင်သန်လာသော မျှော်လင့်ချက်များဖြင့် ရန်ကုန်မြို့သို့ ပြန်လာခဲ့သည်။ ကျွန်တော်၏ ဝိညာဉ်အသက်တာခရီးသည် ထိုအချိန်၌ပင် အစပျိုးခဲပါသည်။ ထိုခရီးတွင် လိုက်နာရမည့် စည်းကမ်းများ ရှိကြောင်းကိုတော့ ကျွန်တော် မသိရသေးပါ။


ဘုရားသခင်၏ဂတိတော်
ကျွန်တော်သည် ရန်ကုန်ပြန်ရောက်သည်နှင့် ဘုရားသခင် ပေးခဲ့သော ဂတိတော်ကို ကိုယ်တိုင် အကောင်းအထည်ဖော်ရန် ကြိုးစားပါတော့သည်။ ရှေးဦးစွာ အဆင်မပြေသော အိမ်ထောင်ရေးကို အမြန်ဆုံး တိုးတက်ကောင်းမွန်လာစေရန် အပူတပြင်း အားထုတ်ပါသည်။

ထိုအချိန်က ဇနီးသည်၏ ဆန္နအရ ကျွန်တော်သည် ဖော့ကန်ရပ်ကွက်ရှိ မိဘနေအိမ်၌ ပြောင်းရွှေ့နေထိုင်လျှက်ရှိပါသည်။ သူနှင့် ပြန်လည်ဆက်သွယ်ရန် ကြိုးစားသည့် အခါတိုင်း၊ အခြေအနေက ပို၍ ဆိုးလာခဲ့သည်။ ဘုရားသခင်၏ အချိန်ကို စောင့်ဆိုင်းရကောင်းမှန်း မသိခဲ့ပါ။ ထို့အပြင် ဝင်ငွေကောင်းသော အလုပ်အကိုင်တစ်ခုရရှိဖို့ ထပ်မံကြိုးစားခဲ့သည်။ မူလကပင် ဆေးခန်းထိုင်သည့် ဂျီပီ (G.P) အလုပ်ကို မနှစ်ခြိုက်ခဲ့ပါ။ ခွဲစိတ်ကုသမှုများသာ ပြုလုပ်နိုင်သည့် အထူးကု စပယ်ရှယ်လစ် (Specialist) ပုဂ္ဂလိက ဆေးခန်းများကလည်း ထိုအချိန်က အနည်းငယ်သာ ရှိသည်။ ကိုယ့်ထက် ရာထူးကြီးပြီး၊ အတွေ့အကြုံရင့်ကျက်သည့် ဆရာသမားကြီးများ အတွက်သာ နေရာရှိပါသည်။ သို့သော် ကျွန်တော် အမှန်တကယ် လိုလား တောင့်တနေသော အလုပ်မှာ ထိုစဉ်က မြန်မာပြည်သို့ စတင်ဝင်ရောက်နေပြီ ဖြစ်သော နိုင်ငံခြား ရေနံရှာဖွေရေး ကုမ္ပဏီများက ဒေါ်လာပေး၍ ငှားရမ်းသော ဆရာဝန် အလုပ်ပင်ဖြစ်သည်။ သို့ရာတွင် ကုမ္ပဏီ အနည်ုးငယ်သာ ရှိလျှက် နီးစပ်သူများသာ အလုပ်ရကြသည်။ မည်သို့ စတင် ချဉ်းကပ်ရမည်ကိုပင် မသိသော ကျွန်တော့အဖို့ မျှော်လင့်စရာမရှိပါ။ ပြည်တွင်းမှာရော ပြည်ပမှာပါ၊ ပေးပို့ခဲ့သည့် အလုပ်လျှောက်လွှာများသည် တံဆိပ်ခေါင်းဖိုး ကုန်သည်သာ ရှိခဲ့ပါသည်။

နောက်ဆုံးတော့ ဖေါ့ကန် အိမ်ခြံဝင်းတွင် အဆောင်တစ်ခု ဆောက်၍ ကိုယ်ပိုင်ဆေးခန်း ဖွင့်ရပြန်သည်။ ဇနီးသည်က ငွေထုတ်ပေးသည်။ ညီမကလည်း စရိတ်တချို့ တစ်ဝက်ခံပါသည်။ ဆေးခန်းသို့ နေ့စဉ် လူနာ နှစ်ဦး၊ သုံးဦးသာ လာရောက်ပြသကြပါသည်။ ထို့အပြင် အိမ်ထောင်ရေးအခြေအနေက ပြန်လည်ကောင်းမွန်လာခြင်း မရှိပဲ၊ ပိုမိုဆိုးရွားလာခဲ့သည်။ ပြင်ဦးလွင်မှ ပြန်ရောက်လာပြီးနောက် များမကြာမီတွင်ပင် တစ်နေ့ မမျှော်လင့်ဘဲ ကျွန်တော်၏ ယောက္ခမက ဖုန်းဆက်ခေါ်ပါသည်။ အိမ်အရောက်တွင် ဇနီးသည်နှင့် ကွာရှင်းရန် အသင့်ပြင်ထားသော စာချုပ်၌ လက်မှတ်ထိုးပေးစေလိုကြောင်း ပြောပါသည်။ ကျွန်တော်သည် မျှော်လင့်ချက် ကြီးစွာဖြင့် သွားရောက်ခဲ့သည့်အတွက် များစွာပင် တုံလှုပ်ခြောက်ခြားခဲ့ရပါသည်။ သို့သော်လည်း ထိုအစီအစဉ်ကို တစ်လ ရွှေ့ဆိုင်းပေးရန် ကျွန်တော်၏ မေတ္တာရပ်ခံချက်ကိုတော့ ဇနီးသည်က လက်ခံခဲ့ပါသည်။

ထိုညနေ ကျွန်တော် မိဘအိမ်သို့ ပြန်လာသောအခါ ရင်ထဲတွင် မည်သို့ ခံစားနေရမည်ကို စာဖတ်သူများ စဉ်းစား၍ ရနိုင်ပါသည်။ အထူးသဖြင့် ဘုရားသခင်ထံမှ ကျွန်တော်၏ နှလုံးသာ ဆန္ဒများကို ပေးသနားတော်မူမည် ဆိုသော ဂတိတော်ကို ရရှိပြီးမှ ထိုသို့ ဖြစ်ရသည်ကို နားမလည်နိုင်ပါ။ အိမ်ပြန်ရောက်သည့်အခါ မိဘနှင့် ညီမတို့ကို အသိမပေးလိုသေး၍ တိတ်ဆိတ်စွာ မိမိအခန်းထဲသို့ ဝင်ခဲ့သည်။ အိပ်ခါနီးတွင် အနီးရှိ Our Daily Bread (နေ့စဉ်ခွန်အား) စာအုပ်ကို လှန်လှောလိုက်သည်နှင့် It's Not Over Till It's Over (မဆုံးမချင်း၊ မပြီးသေးပါ) ဟု ရေးသားထားသော သတိပေးနှိုးဆော်ချက်ကို တွေ့ရပါသည်။ ၁၉၈၇ ခုနှစ် စက်တင်ဘာလထုတ် စာစောင်မှဖြစ်သည်။ ဆက်၍ ဖတ်သောအခါ ဘဝတိုက်ပွဲများတွင် ဘုရားသခင်ကသာ အဆုံးအဖြတ်ပေးနိုင်ကြောင်း၊ ဘုရားက ပြီးဆုံးပြီဟု ပြောမှသာလျှင် အရာခပ်သိမ်းသည်လည်း ပြီးဆုံးနိုင်ကြောင်း၊ ဖေါ်ပြထားပါသည်။ ထိုနေ့ရက်သည် ၉-၈-၉၀ ဖြစ်ပါသည်။ တဖန် ၁၂-၈-၉၀ နေ့ညနေ ကျွန်တော် အိပ်ယာပေါ် လဲလျောင်း၍ တွေဝေနေစဉ် တစ်ဖက်ခန်းမှ စကားသံကြားရသည်။ "How can God say no to something He has promised" ဘုရားသခင်က သူပေးထားပြီးသော ဂတိကို ပယ်ဖျက်နိုင်ပါမည်လား။ မိခင်က မျက်စိကွယ်နေသည့် ဖခင်အား တရားစာအုပ်ထဲမှ ဖတ်ပြနေစဉ် ကြားရသည့် စကားများဖြစ်ပါသည်။


ပထမဆုံးဝိညာဉ်ရေးသင်ခန်းစာ
ဤအဖြစ်အပျက်များကို စာဖတ်သူ မိတ်ဆွေများ မိမိတို့ ကြိုက်နှစ်သက်သလို သုံးသပ် မှတ်ချက်ချနိုင်ကြပါသည်။ ကျွန်တော့အဖို့တော့ ရေငတ်နေစဉ် ရေအေးတစ်ခွက် သောက်လိုက်ရသည့် ပမာ ခံစားခဲ့ရပါသည်။

ယခု ကျွန်တော်လိုနေသော အဖြေကို ဘုရားသခင် ပေးခဲ့ပြီ။ ကျွန်တော်၏ အားနည်းသော ယုံကြည်ခြင်းကိုလည်း ဖြည့်ဆည်းပေးခဲ့ပြီ။ တဖန်ပြန်လည်၍ ပြင်ဦးလွင်တွင် ရရှိခဲ့သော ဂတိတော်ကို ရင်ဝယ်၌ ပိုက်ထားနိုင်ခဲ့သည်။

ဤတွင် ဝိညာဉ်ရေးခရီး၏ ပထမဦးဆုံးသော သင်ခန်းစာကို ရရှိခဲ့သည်။ ကျွန်ုပ်တို့သည် ဘုရားရှင်တော်ထံမှ ဂတိတစ်ခုကို ရတိုင်း ယုံကြည်စိတ်ချစွာဖြင့် စောင့်ဆိုင်းနေရန် လိုအပ်သည်။ မိမိအကူအညီ မလိုပဲ၊ ဘုရားသခင်သည် သူဂတိပေးထားသည့်အတိုင်း ဆောင်ရွက်နိုင်ကြောင်း ယုံကြည်နိုင်ရပါသည်။ မိမိက ငြိမ်ဝပ်စွာ နေမှသာလျှင် ယုံကြည်ကြောင်း ဖေါ်ပြနိုင်သည်။ (ဆာလံ ၄၆း၁၀ နှင့် ဟေရှာ ၃၀း၁၅-၁၆)။ အဘယ့်ကြောင့်ဆိုသော် ယုံကြည်သောသူသာလျှင် ဂတိတော်ကို ခံစားရပါမည် (ယေ ၁း၆-၈)။ စာတန်မာနတ်သည် ရရှိပြီးသော ဂတိတော်များကို ခံစားခြင်း မပြုနိုင်ရန် အမြဲနှောက်ရှက်နေပါမည်။ ကျွန်ုပ်တို့သည် ရန်သူ၏ လှည့်ကွက်များကို မမြင်နိုင်ပါ။ ထိုအချိန်မှစ၍ ကျွန်တော်သည် ကိုယ်တိုင် ဘာကိုမျှ မကြိုးစားတော့ပဲ ဘုရားကိုသာ စောင့်ဆိုင်းနေခဲ့ပါသည်။

၁၄-၉-၉၀ ရက်နေ့တွင် တရားဟောရာကျမ်း အခန်းကြီး(၈)ကို ဖတ်မိသည်။ ခါနန်ပြည်သို့ မဝင်မှီ က္ကုသရေလ လူမျိုးတော်အား ဘုရာသခင်မှာကြားခဲ့သော စကားများသည် နှစ်ထောင်ပေါင်းများစွာက ရေးသားခဲ့သော်လည်း ယနေ့ ကျွန်တော့်ကို တိုက်ရိုက် ပြောနေသည့်အလား ခံစားမိသည်။ ကျွန်တော်သည်လည်း ထိုလူမျိုးတော်ကဲ့သို့ပင် ဘုရားသခင်၏ ဂတိတော်ကို ခံစားရန် အချိန်နီးကပ်လာပြီ ဟု စိတ်ထဲတွင် ဖြစ်ပေါ်လာခဲ့သည်။ ကတိတော်များကို ရရှိခံစားရာ တိုင်းပြည်သို့ဝင်၍ ပြည့်စုံကြွယ်ဝသော ဘဝသစ်ကို စရတော့မည်။

၁၇-၉-၉၀ ရက်နေ့တွင် မကြာမီကမှ သိကျွမ်းခဲ့သော မိတ်ဆွေ ဦးအောင်မြင့် တယ်လီဖုန်းဆက်လာသည်။ ဂျီကို (GECO) ရေနံရှာဖွေရေး ကုမ္ပဏီမှ ဆရာဝန်တစ်ဦး နိုင်ငံခြားသို့ ထွက်ခွာသွား၍ သူ့နေရာ လစ်လပ်နေကြောင်း၊ ကျွန်တော် လျှောက်လိုက မန်နေဂျာကို သူပြောပေးမည်ဖြစ်ကြောင်း ပြောပါသည်။ ၂၄-၉-၉၀ တွင် ထိုအလုပ်ကို ကျွန်တော် ရရှိခဲ့သည်။ GECO ကုမ္ပဏီဆိုသည်မှာ ယခင်က မကြားဖူးပါ။ လိုလားတောင့်တခဲ့သည့် ဒေါ်လာ အလုပ် ... ရမည့်ရတော့လည်း လွယ်ကူလှပါတကား။  ထာဝရဘုရား အဖို့ ဘယ်အရာသည် ခက်ခဲပါသနည်း။

အို... မိုးကောင်းကင်တို့ သီချင်းဆိုကြလော့၊ ထာဝရဘုရားပြုတော်မူပြီ  (ဟေရှာ ၄၄း၂၃)


ဒေါက်တာဖေမြတ်ဝင်း

(၁၉၄၂) ဒုတိယကမ္ဘာစစ်အတွင်း ပျဉ်းမနားမြို့တွင် အဖဦးစိန်ဖေ၊ အမိဒေါ်မြတ်ရွှေတို့မှ မွေးဖွားခဲ့ပါသည်။ ငယ်စဉ်ကပင် နေရာတော်တော်များများ ပြောင်းရွှေ့နေထိုင်ခဲ့ရာ ဘီလူးကျွန်း၊ ဖြူး၊ ကျောက်တံခါး၊ သမင်အင်းကုန်း၊ ကျိုက္ခမီ၊ မော်လမြိုင်၊ တောင်ကြီး၊ ကလော၊ မြစ်ကြီးနား၊ ဗန်းမော် တို့၌ ကြီးပြင်းလာခဲ့ပါသည်။ (၁၉၄၈)တွင် မော်လမြိုင်၊ မော်တင်လိန်း ဂျပ်ဆင်ကျောင်းမှ တက္ကသိုလ်ဝင်တန်းကို အောင်မြင်ခဲ့ပြီး ထိုနှစ်မှာပင် ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် လက်ခံ၍ မော်လမြိုင် ပထမနှစ်ခြင်းအသင်းတော် တွင် နှစ်ခြင်းမင်္ဂလာခံယူခဲ့သည်။

မော်လမြိုင် ဥပစာကောလိပ်နှင့် ရန်ကုန်တက္ကသိုလ်တို့တွင် ဆက်လက်ပညာသင်ကြားခဲ့သည်။ သိပ္ပံဘွဲ့ရပြီးနောက် ဆေးတက္ကသိုလ်(၂)သို့ ဝင်ခွင့်ရလျက် (၁၉၆၈) M.B.B.S ဘွဲ့ကိုရရှိသည်။ (၁၉၆၉)တွင် ဒေါက်တာခင်လေးညို (စာရေးဆရာမ မြနှောင်းညို)နှင့် အိမ်ထောင်ကျပြီး သားသမီး(၃)ယောက်နှင့် မြေးတစ်ယောက် ထွန်းကားခဲ့သည်။

(၁၉၆၉ မှ ၁၉၈၂) အတွင် နိုင်ငံဝန်ထမ်းအဖြစ် ဘုရားကြီးတိုက်နယ်ဆေးရုံ၊ သထုံဆေးရုံကြီး၊ ကျိုက်ပိတိုက်နယ်ဆေးရုံ၊ မအူပင်ဆေးရုံကြီး၊ အောင်ဆန်းအဆုပ်ရောဂါ အထူးကုဆေးရုံကြီးတို့၌ တာဝန်ထမ်းဆောင်ခဲ့ပါသည်။

(၁၉၈၄)တွင် ဆေးတက္ကသိုလ်(၂)မှာ မဟာသိပ္ပံ(ခွဲစိတ်) ဘွဲ့ကို ရရှိပြီးနောက် ဆေး(၂)နှင့် ဆေး(၁) တို့၌ လ/ထ ကထိကအဖြစ် တာဝန်ထမ်းဆောင်ရင်း၊ မိမိဆန္ဒအရ ဝန်ထမ်းအဖြစ်မှာ (၁၉၈၉)ု အကုန်တွင် နှုတ်ထွက်ခဲ့သည်။ (၁၉၉၀ မှ ၁၉၉၄) နှစ်များတွင် GECO PRAKLA Schlumberger ရေနံကုမ္ပဏီနှင့်အတူ မြန်မာပြည်နှင့် ပါပူးဝါနယူးဂီနီ တွင် အလုပ်လုပ်ကိုင်ခဲ့ပါသည်။ (၁၉၉၃-၂၀၀၅) အထိ အမေရိကန် နှစ်ခြင်းအသင်းတော်များ သာသနာပြု ဆရာဝန်အဖြစ် ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ၌ ခရစ်တော်၏ အမှုတော်ကို ထမ်းဆောင်ခွင့်ရခဲ့ပါသည်။ ယခုအခါ ဇနီး၊ သားသမီး၊ မြေးတို့နှင့်အတူ အောင်ဆန်းရက်ကွက် နေအိမ်တွင် နေထိုင်လျှက် စာရေးသည့်အလုပ်၌ မွှေ့လျော်လျက်ရှိသည်။

အစ-အဆုံး စာအုပ် အပိုင်းခန်းပေါင်း၄၀ စာအုပ်ကို မှာကြားလိုသူများ ဒေါက်တာဖေမြတ်ဝင်းထံ ဆက်သွယ်ပါရန်။ ဖုန်း - +၉၅ ၉၅၀၂၈၈၅၈

Index of 406p book & Covers (download 1.7MB)
http://www.mingalaronline.biz/stories/dr.pemyat.win1.pdf