ကျွန်တော်နှင့်ကွမ်းယာ

(မင်းအောင်သက်လွင်)

အချိန်ကာလ အားဖြင့် နိုင်ငံတကာ ဘောလုံး ကလပ် အသင်းတွေ ဖလားလုတဲ့ အချိန်ဖြစ်လို့ စင်ကာပူရောက် မြန်မာ လူမျိုးအလုပ်ကြမ်းသမား တော်တော်များများဟာ ဘောလုံးပွဲပြရာ ၂၄ နာရီ ညလုံးပေါက်ဖွင့်တဲ့ စားသောက်ဆိုင်တွေမှာ ရှိနေတဲ့အချိန်ဖြစ်ပါတယ်။ လက်ကိုင်ဖုန်းတစ်လုံးနဲ့ ကျွန်တော့် သူငယ်ချင်းတွေကို မက်ဆေ့ (ခ်ျ) ပို့ကြည့်လိုက်တော့ အားလုံးလိုလို ဘောလုံးပွဲပြမဲ့ တီဗီရှေ့  ရောက်နေကြတာမို့ သူတို့နဲ့ ဆွေးနွေးစရာ လေးတွေရှိတာကြောင့် ဘောလုံးပွဲ ကြည့်ရတာ ဝါသနာ မပါပေမဲ့ ဘောလုံးပွဲပြတဲ့ နေရာ ကို ကျွန်တော် ရောက်လာခဲ့ပါတယ်။

.

နေရာက စင်ကာပူနိုင်ငံ ဂျိုရောင်း အနောက်ပိုင်းခရိုင်(Jurong West) မှာရှိတဲ့ ၂၄ နာရီ ညလုံးပေါက်ဖွင့်တဲ့စားသောက်ဆိုင် ထဲမှာပါ။ အချိန်ကတော့ စင်ကာပူ စံတော်ချိန် ည ၉နာရီ တိတိမှာပါ။ ဘောလုံးပွဲက ည ၁၀ နာရီမှ ပြမှာ ဖြစ်ပေမဲ့နေရာ ကောင်းကောင်းနဲ့ ထိုင်စရာနေရာ လိုချင်တဲ့ သူတွေကတော့ အခု ကတည်းက ကြိုရောက်နှင့် နေကြပါပြီ။ ပွဲကြည့်သူတော်တော် များများဟာ စင်ကာပူနိုင်ငံသား တရုတ်လူမျိုး။ အိန္ဒိယ နိုင်ငံသား။ တရုတ်ပြည်မကြီး နိုင်ငံသား။ မြန်မာနိုင်ငံသား တွေဖြစ်ကြပါတယ်။

စားပွဲဝိုင်းတွေမှာ ဘောလုံးဝါသနာရှင်တွေက ကြိုတင် နေရာယူတားနှင့်ပြီးသွားပြီမို့ တီဗွီအောက်နားက လွတ်နေတဲ့ ခုံတစ်လုံးမှာ ကျွန်တော် ဝင်ထိုင်လိုက်ပါတယ်။ ကိုထွေး ဆိုတဲ့ လူရဲ့ရှေ့မှာ ကျွန်တော် ထိုင်မိလျက်သား ဖြစ်သွားပါတယ်။ ကိုထွေး(နာမည်အရင်း မဟုတ်ပါ) ကို ကျွန်တော် ကောင်းကောင်း သိထား ပါတယ်။ ရန်ကုန် မြောက်ဥက္ကလာ ကနေ စင်ကာပူ မှာ အလုပ်လာလုပ်တဲ့ အလုပ်ကြမ်းသမားလေးတစ်ယောက်ဖြစ်ပြီး အသက် ၂၅ နှစ်အောက် ပိန်ပိန်ပါးပါး အရပ် ၅ပေ ၃လက်မ အသားညိုညိုနဲ့ဗမာလူမျိုး တစ်ယာက် ဖြစ်ပါတယ်။

သူနဲ့ အတူ အလုပ်လုပ်တဲ့ သူတွေက ကျွန်တော့် ရပ်ကွက်ထဲက သူငယ်ချင်းတွေ ဖြစ်နေတော့ သူတို့နဲ့ လိုက်လိုက် လာရင်းပျော်သွားရာက ကျွန်တော်တို့နဲ့ အဖွဲ့ကျ နေတဲ့ သူ တစ်ယောက် ဖြစ်ပါတယ်။ ခပ် ငိုင်ငိုင် ထိုင်နေတဲ့ ကိုထွေးကိုကျွန်တော်က “ဟေ့ကောင် မျက်နှာလဲ မကောင်း ပါလား။ ဘာမှ မ သောက်ဘူးလား။ ကော်ဖီသောက်မလား” လို့ လှမ်းမေး လိုက်ပါ တယ်။ “အစ်ကို ကျွန်တော့် အကြောင်းသိပြီးသွားပြီလား” “ဟာ မင်းအ ကြောင်း ကိုသိတာ ပေါ့ကွ” “အစ်ကိုတကယ် သိလို့လား” “အင်း ဒီလိုဆိုရင် မင်း သိစေချင်တဲ့ မင်းအကြောင်းနဲ့ငါသိထားတဲ့ မင်းအကြောင်း တစ် ထပ်တည်း ကျပုံ မပေါ်ဘူး။ ကဲ ဆိုစမ်းပါအုံး မင်းသိစေချင်တဲ့ မင်း အကြောင်းကို။ ငါသိထားတာနဲ့ တူရဲ့လား လို့” လို့ ဆိုပြီး စကား လမ်းကြောင်းခင်းပေးလိုက်ပါတယ်။

ကိုထွေး ပြောပြမှဘဲ ကျွန်တော် လုံးဝ သိမထားတဲ့ သူ့ အကြောင်းကို သိလိုက်ရပါတော့တယ်။

အခန်း(၁)

စင်ကာပူမှာ အလုပ်လာလုပ်ရတာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂နှစ် အကျ ခံလိုက်ရသလို ကိုထွေး ခံစားလိုက် ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ လုပ်ရတာက စင်ကာပူနိုင်ငံသား လူဘော်ကြော့တွေ မလုပ်ချင်။ မလုပ်နိုင်တဲ့ အောက်ခြေသိမ်း အလုပ်ကိုပင်ပင်ပန်းပန်း လစာ နည်းနည်း လုပ်ရတာရယ်။ နေရ တာက မလွတ်လပ်တဲ့ အခန်းကျဉ်းလေးထဲမှာ လူများများနဲ့ စိုံပံပြီးနေရတာရယ်ကြောင့်ပါ။

ဒီနေ့တော့ ကိုထွေး လွတ်လပ်ရေး ရတဲ့ နေ့မို့ စိတ်ထဲမှာ ပျော်ရွှင် လွတ်လပ်လို့ နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့ကိုထွေး ပထမ စာချုပ်နဲ့ လုပ်သက် ၂နှစ် ပြည့်ခဲ့ပြီမို့ နောက်ထပ် အလုပ်စာချုပ် ၂နှစ် သက်တမ်း ထပ်တိုးရင်း အမိ မြန်မာပြည်ကို ခွင့်တစ်လ နဲ့ အလည်ပြန်ရမှာ ဖြစ်တဲ့အတွက် စင်ကာပူ က မြန်မာ သံရုံးမှာ ဝင်ငွေခွန် သွားဆောင်ရမဲ့နေ့ ဖြစ်လို့ပါဘဲ။ အဲဒီလို ဝင်ငွေခွန်ဆောင်ပြီး သံရုံး သွားတဲ့နေ့မှာ အလုပ် ဆင်းစရာမလိုဘဲ အပြင်ကို လွတ်လွတ်လပ်လပ် တစ်နေ့လုံး သွားခွင့်ရမှာမို့ အပျော်ကြီးပျော်နေပါတော့တယ်။ ထွက်ခွင့် မရတဲ့ လုပ် ဖော် ဆောင်ဖက် မြန်မာ လူမျိုးတွေက စီးတီးဟော (City Hall) က မြန်မာ ပစ္စည်းတွေရောင်းတဲ့ဆိုင်မှာ သူတို့ လိုချင်တဲ့ မြန်မာ့ရိုးရာ စားသောက်ဖွယ်ရာ လေး တွေ ဝယ်လာပေးခဲ့ဖို့ ကိုထွေးကို ဝိုင်းမှာကြ ပါတယ်။သဘောကောင်းတဲ့ ကိုထွေးကလဲ ပြုံးပြုံး ပြုံးပြုံးနဲ့ စာရင်း ရေးမှတ်လိုက်။ ပိုက်ဆံကောက်လိုက်နဲ့ အလုပ်ရုပ်နေပါတယ်။

အခန်း(၂)

အဓိက ပစ်မှတ်ဖြစ်တဲ့ ဝင်ငွေခွန် ဆောင်ဖို့ သံရုံးကို အရင်သွားခဲ့ပါတယ်။ ဝင်ငွေခွန် ပေးဆောင်ပြီးလို့ နေ့တစ်ဝက်ကျိုးသွားတဲ့အချိန်မှာ ဒုတိယပစ်မှတ်ဖြစ်တဲ့ စီးတီးဟော(City Hall) ဝင်ပြီး နေ့လည်စာ မြန်မာ ထမင်းဟင်းကို ချွေးနည်းစာ ထဲကငွေနဲ့ မြိန်ရည် ရှက်ရည် စားအပြီးမှာ သူငယ်ချင်းတွေ မှာလိုက်တဲ့ မြန်မာ့ အစားအစာတွေကို မှတ်လာတဲ့ စာရင်း အတိုင်းမလွဲရအောင် အံကိုက် စီစစ်ပြီး ဝယ်လာခဲ့ပါတယ်။ ညနေပိုင်း မှာတော့ နောက်ဆုံး ပစ်မှတ်အနေနဲ့ ရန်ကုန်အပြန် မိသားစုမိဘညီအစ်ကို မောင်နှမတွေအတွက် လက်ဆောင်ပစ္စည်းလေးတွေ ဝယ်ဖို့ဘဲ ကျန်ပါတော့တယ်။ စင်ကာပူမှာက နိုင်ငံတကာ အဆင့်မှီပစ္စည်းမှန် ဈေးမှန်တဲ့ ရှော့ပင်းစင်တာ (Shopping Centre) ကြီးတွေ အများကြီးရှိလို့ မြန်မာနိုင်ငံက ရုပ်ရှင်မင်းသား မင်းသမီးတွေ။စတီရီယို အဆိုတော်တွေ တကူးတက လာပြီး ဈေးဝယ် ကြတာကို မြန်မာ မဂ္ဂဇင်းစာစောင်တွေက တခမ်းတနားဂုဏ်ယူဝင့်ကြွားစွာနဲ့ ပုံနှိပ်ဖော်ပြတဲ့ သတင်း တွေကို ကိုထွေး စင်ကာပူ မရောက်ခင်က တွေ့ခဲ့ ဖတ်ခဲ့ဖူးလို့ အားကျ ခဲ့ဖူးပေမဲ့ အခုအချိန်မှာတော့ သူကိုယ်တိုင် စင်ကာပူ တစ်ုမြို့ လုံး စိတ်ကြိုက် ရှော့ပင်း ထွက်ရ တော့မှာမို့ စိတ်တွေ အရမ်းလုပ်ရှားလို့နေပါတယ်။

ဒါပေမဲ့ သူ့ အိုးနဲ့ သူ့ဆန် တန်အောင် လုပ်ရမှာမို့ မင်းသား မင်းသမီးတွေလို အဖိုးတန်တွေ မဝယ်နိုင်ပေမဲ့ ( ကိုယ်မှ သူတို့ဝယ်တာ မမြင်ရတာ။ အဖိုးတန် မတန် သူတို့ဘဲ သိမှာပါ) စင်ကာပူမှာ လူလတ်တန်းစား အများစု ဝယ်လေ့ရှိပြီး ဈေးအပေါ ဆုံးအပ်တို တစ်ချောင်းက အစ အိမ်ထောင်ပရိဘောဂ လျှပ်စစ်ပစ္စည်း အလယ်။ ရွှေငွေ လက်ဝတ်ရတနာ အဆုံး လိုချင်တာကို ဈေးနုန်းမှန်မှန်နဲ့ အကုန်ရတဲ့အပြင် ၂၄ နာရီ ညလုံးပေါက် အချိန်မရွေး ဈေးဝယ်လို့ရတဲ့ မူစတာဖာဈေးကြီး ( Mustafa ) ကို ဈေးဝယ်ဖို့ထွက်လာခဲ့ပါတော့တယ်။ မြန်မာသင်္ဘောသားတစ်ဦး အဆိုအရ စင်ကာပူ ရောက်လို့ မူစတာဖာ ( Mustafa ) ဈေးကို မရောက်ခဲ့ရင်စင်ကာပူ ရောက်တယ် လို့ မခေါ်ဘူးတဲ့။ သူက နိုင်ငံအစုံ သွားခဲ့ဖူးတော့ ပိုသိမှာပေါ့။ ( စာရေးသူသည် မူစတာဖာ ဈေးကောင်းကြောင်း ကြော်ငြာခ ရ၍ ကြော်ငြာပေးခြင်း မဟုတ်ပါ)

ကိုထွေးဟာ စီးတီးဟော ဘေးက ကားမှတ်တိုင်ကနေ ကားနံပါတ် ၁၃၁ ကို စီးပြီး မူစတာဖာ ဈေးကြီးဆီကို ထွက်လာခဲ့ပါတယ်။ ကြားရက် ဖြစ်နေတဲ့အတွက် လူ မတိုးရဘဲ ကိုယ်လိုချင်တာကို စိတ်အေးလက်အေး ရွေးဝယ်လို့ရတဲ့အတွက် ဈေး ဝယ်တာကို စိတ်ထဲမှာ နှစ်ပြီး ကိုထွေး အေးအေးဆေးဆေးဘဲရွေးချယ်ပြီး ဈေးဝယ် လို့နေပါတယ်။ အဖေ့အတွက်။ အမေ့အတွက်။ ကြီးမေအတွက် ။ အဖွားအတွက်။ ညီလေး ညီမလေးအတွက်။ တူလေး တုမလေးအတွက်။သူငယ်ချင်းတွေအတွက် လိုက်ဖက် ဆီလျော်မဲ့အရာတွေအပြင် သူကိုယ်တိုင်လဲမြန်မာပြည်မှာ နိုင်ငံခြားပြန်ဆို ပြီး ရိုးထုတ် လမ်းသလား နိုင်ဖို့ အဝတ်အစားကောင်းကောင်းတွေ ဝယ်လိုက်ပါတယ်။

လိုအပ်တာတွေ ဝယ်အပြီးမှာ ဝမ်းဗိုက်ထဲကလဲ တ ကျုတ်ကျုတ် ဆာနေ တာမို့ ကောင်တာမှာ ငွေရှင်းပြီးတာနဲ့ ညနေ စာစားပြီး အိမ်ပြန်ဖို့ မူစတာဖာ ဈေးကြီးထဲကနေ အပြင်ကို လှမ်း ထွက်လိုက်ပါတယ်။

အခန်း(၃)

ဈေးရုံ ထွက်ပေါက်ကို ကိုထွေး ရောက်သွားချိန်မှာ မီး သတ်ကား အချက် ပေးသံ လိုလို။ လူနာတင်ကား အချက်ပေးသံ လိုလိုအချက်ပေး ခေါင်းလောင်းသံ မြည်တာကို ကြားလိုက်ရပါ တယ်။ လူတွေ လန့်ဖြန့်ပြီး ရုတ်ရုတ်သဲသဲ ဖြစ်သွား ကြပါတယ်။ တစ်ချို့လဲထွက်ပြေးကြပါတယ်။ ကိုထွေးလဲ ယောင်နန ကြောင်အ အ နဲ့ သူများနဲ့ ရောယောင်ပြီး ထွက်ပြေးပါတော့တယ်။ ကိုထွေး ထွက်ပြေးလို့အဝေး မရောက်ခင်မှာဘဲ “ဟေ့ သူခိုး မပြေးနဲ့ မိပြီ” ဆိုတဲ့ ဘိုစကား အသံနဲ့ သန်မာတဲ့ လက်ဖဝါးကြီးတွေက သွေးသွယ်တဲ့ကိုထွေးရဲ့ လက်မောင်းနဲ့ လက်ဖျံကို တင်းတင်း ကျပ်ကျပ် ဖမ်းချုပ်ထားတာ ခံလိုက်ရပါတယ်။ နောက်တော့ သူ့ရှေ့  တည့်တည့်မှာအသားမဲမဲ ဗိုက်ရွှဲရွှဲနဲ့ ဈေးလုံခြုံရေး ဝန်ထမ်း အိန္ဒိယလူမျိုး နှစ်ယောက် ရောက်လာပြီး ကိုထွေးကို ဖမ်းချုပ်ထားပါ တယ်။ရုတ်တရက်ဆိုတော့ ကိုထွေး ဘာလုပ်ရမှန်းမသိ ရုန်းလေ သူတို့က ပိုပြီး ဖမ်းချုပ်ထားလေ။ လူတွေက ဝိုင်းအုံလာလေပါဘဲ။

မကြာခင်မှာ ရဲကား ရောက်လာပါတယ်။ ရဲသားတွေက ကိုထွေးရဲ့ အိတ်တွေအားလုံးကို ဖွင့်ပြီး စစ်ပါတယ်။ အမေ။ ကြီးမေနဲ့အဖွားတို့အတွက် ပိုးသားခြုံပုဝါ။ အဖေ့အတွက် ပါတိတ် ရှပ်အကျီ လက်ရှည်။ ညီလေးအတွက် ရီမုတ်ကွန်ထရိုး ကား။ ညီမလေးအတွက် ပန်းရောင် ဂါဝန်။ သူငယ်ချင်းအတွက် ဘောပင်။ ကျား ဘန်း ပရုတ်ဆီ။ ပုဆိန်တံဆိပ် ရုဆေး။ စတဲ့ တိုလီမုတ်စတွေအားလုံးကို ရဲအရာရှိက လုံခြုံရေး ဘားကောင်တာပေါ် သွန်ချလိုက်ပါတယ်။

ကိုထွေးက ဒီပစ္စည်းတွေ အားလုံးကို သူငွေရှင်း ပေးခဲ့ပြီး ဖြစ်ကြောင်းရှင်းပြရင်း ငွေရှင်းဖြတ်ပိုင်းလေးကို ထုတ်ပြလိုက်ပါတယ်။ ရဲအရာရှိက မှန်ကန်ကြောင်း တွေ့ရှိ သွားတဲ့အတွက် ဈေးလုံခြုံရေး အရာရှိကို ကိုထွေးမှာ အပြစ် မရှိတဲ့အတွက်သွားခွင့်ပြုလိုက် ကြောင်းပြောလိုက်တဲ့အခါ လုံခြုံရေးက ကိုထွေးကို မလွှတ်နိုင်ကြောင်း။ ကိုထွေး ဈေးက ဂိတ်ဝ ကိုဖြတ်တဲ့ အချိန်မှာသူခိုးဖမ်းစက် အချက်ပေး ခေါင်းလောင်းသံ မြည်ကြောင်း။ ကိုထွေးကို သေချာ ထပ် စစ်ဆေး ချင်သေးကြောင်း ပြောပြပါတယ်။နောက်ဆုံး ကိုထွေးရဲ့ တစ်ကိုယ်လုံးကို စေ့စေ့စပ်စပ် ရှာပါတယ် မတွေ့ပါဘူး။ လုံခြုံ ရေးက ဘေးမှာ ပုံချထားတဲ့ ကိုထွးရဲ့ ကျောပိုးအိတ်ကို ဖွင့် ကြည့် လိုက်တဲ့ အချိန်မှာ Levis တံဆိပ်နဲ့ ဂျင်း အင်္ကျီ တစ်ထည်ကို တွေ့လိုက်ရပါ တယ်။ အင်္ကျီပေါ်မှာမူစတာဖာ ဈေးက လုံခြုံရေးကတ် ကို မခွာ ရသေးတဲ့အတွက် အထွက် ဂိတ်ပေါက်မှာ တပ်ထားတဲ့ သူခိုးဖမ်း စက် လေဆာကအင်္ကျီပေါ်က ကတ်ကို လှမ်းဖတ်ပြီး အချက်ပေး ခေါင်းလောင်း မြည်ရခြင်းဖြစ်ပါတယ်။ ကိုထွေးရဲ့ ငွေရှင်းပြီး ဖြတ်ပိုင်းထဲမှာ ဂျင်း အင်္ကျီနာမည် မပါသလို အင်္ကျီပေါ်မှာလဲ ကဒ်ကို မခွာရသေးတဲ့အတွက် ဒီအင်္ကျီကို ကိုထွေး ခိုးယူတာ သေချာသွားမှန်း အတည်ပြုပြီးဖမ်းလိုက်ကြပါတယ်။

ဝိုင်းအုံကြည့်နေတဲ့ လူတွေအားလုံးရှေ့မှာ ကိုထွေး ကို ရဲကား ပေါ်တင်ပြီး ရဲစခန်းကို ခေါ်သွားပါတယ်။ ကျောပိုးအိတ် ထဲကဂျင်း အင်္ကျီကို တွေ့လိုက်ရတဲ့အတွက် ကိုထွေး အံ့အား သင့် သွားမိပါတယ်။ သူ မခိုးတာ သူ့ကိုယ်သူ အသိဆုံးဘဲ ဖြစ်ပါတယ်။ဒီအင်္ကျီကို ကြိုက်လွန်းလို့ Fitting Room ထဲမှာ သူကိုယ်တိုင် ဝတ်ကြည့်ခဲ့ပြီး အခြားပစ္စည်းတွေ လိုက်ဝယ်နေ တုံးမှာ လက်မအားတဲ့ အတွက် အင်္ကျီကို ကျောပိုးအိတ်ထဲ အလွယ်တကူ ခန ထည့်ထား လိုက်မိပါတယ်။ အားလုံးဝယ်ပြီးလို့ငွေရှင်းတဲ့ အခါ ဗိုက်ဆာ နေတဲ့အတွက် လောလော လောလောနဲ့ အိတ်ထဲက အင်္ကျီကိုသတိ မရဘဲ ဈေးထဲက အထွက်မှာ ငွေမရှင်းရသေးတဲ့ အင်္ကျီပေါ်က သူခိုးဖမ်းစက်ကတ်လေးကို ကောင်တာစာရေးက ခွာ မပေးလိုက်တဲ့အတွက် ဂိတ်ဝမှာ တပ်ထားတဲ့သူခိုးဖမ်းစက် လေဆာက ကိုထွေး အိတ်ထဲက အင်္ကျီကို လှမ်းဖတ်မိပြီး အချက်ပေးခြင်းဘဲ ဖြစ်ပါတယ်။

နောက်ဆုံး ခံရတဲ့သူက ကိုထွေးပါဘဲ။ အမှုက ခိုးမှု ဖြစ်ပါတယ်။ ငွေဒဏ်မလျော်နိုင်ရင် ထောင်ကျမှာဖြစ်ပါတယ်။

အမှုက ဒီမှာတင် မပြီးသေးပါ။ ရဲက မသင်္ကာ ဖြစ်ပြီး ကိုထွေး တစ် ကိုယ်လုံးနဲ့ အိတ်အားလုံးကို ဖွင့်ရှာတဲ့အခါ စီးတီးဟော မြန်မာ ဆိုင်တွေက သူငယ်ချင်းတွေ မှာလို့ လမ်းကြုံ ဝယ်လာတဲ့ မြန်မာ့ ရိုးရာ အစားအစာထုတ်တွေကို တွေ့သွားပါတယ်။ တခြား အစားအစာတွေက ဘာမှ မဖြစ်ပေမဲ့ မြန်မာ လူမျိုး တော်တော် များများ ( ရဟန်းသံဃာ။လူကြီး။ လူငယ်။ ယောကျာ်းမိန်းမ မရွေး) စားလေ့ စားထ။ ဝါးလေ့ ဝါးထ ရှိတဲ့ မြန်မာ့ကွမ်းယာကို စင်ကာပူရဲ တွေက လုံးဝမမြင်ဖူးလေဟန်နဲ့ အသေးစိတ် စစ်ဆေးကြပါတယ်။ ကွမ်းယာထဲမှာ ပါတဲ့ ပစ္စည်းတစ်ခုချင်းစီကို မေးပါတယ်။ ကိုထွေးကအင်္ဂလိပ်စကားကို ရေရေ လည်လည် မပြောတတ်လေတော့ အခက် တွေ့တော့တာပေါ့။ ကိုထွေးရဲ့ အလုပ်သမား စီစစ်ရေးကဒ် အရမြန်မာလူမျိုးမှန်း သိသွားလို့ မြန်မာ စကားပြန် တစ်ယောက် ကို ခေါ်လာပေးပါတယ်။ စကားပြန် အန်တီကြီး ရှင်းပြမှ အဖြစ်မှန် ကိုကိုထွေး သိရသလို သူရဲ့ အကြောင်း ကိုလဲ စကားပြန် က တဆင့် ကိုထွေး ပြန်ရှင်းပြခဲ့ပါတယ်။

အိတ်ထဲမှာ ကွမ်းယာတွေ တွေ့တဲ့အပြင် ကိုထွေးရဲ့ ခန္ဓာကိုယ် အချိုးအစား ဟာ သေးသွယ် ပိန်လှီနေတဲ့အတွက် ရဲကကိုထွေးကို မူးယစ်ဆေးဝါး သုံးစွဲသူလို့ ထင်သွားပြီး ခိုးမှု အပြင် မူးယစ်ဆေးဝါး အမှုနဲ့ပါ တရားစွဲချင်လို့ ကိုထွေးကို အမျိုးမျိုးစစ်ဆေးပါတော့တယ်။ ရဲ ဆရာဝန်တွေ ရောက်လာပြီး ဆီးစစ်ပါတယ်။ သွေးလဲ စစ်ပါတယ်။ ကိုထွေး တစ်ကိုယ်လုံးကိုချွတ်ထားပါတယ်။ ( အောက်ခံ ဘောင်းဘီ မှ အပ) နဂိုကတည်းကမှ ပိန်နေတဲ့ ကိုထွေးဟာ အမုစစ်နေတဲ့ နှစ်ညလုံး ထမင်းမစားဘဲနဲ့လေအေးစက် လွှတ်ထားတဲ့ အခန်းထဲမှာ အောက်ခံ ဘောင်းဘီလေးတစ်ထည်နဲ့ဘဲ နေခဲ့ရပါတယ်။

ကိုထွေးရဲ့ လက်ချောင်း ဆယ်ချောင်း ထိပ်မှာ အပ်နဲ့ဖောက်ုပီး သွေးစစ် ပါတယ်။ ဆယ်မိနစ်ကို တစ်ခါလာပြီးလက်ချောင်းတစ်ချောင်းကို သွေးဖောက်ပါတယ်။ ဆယ်ချောင်းလုံး စစ်ပြီးသွားရင် နောက်တခါ ဆယ်ချောင်းလုံး ထပ်စစ်တာ၃ကြိမ်တိတိ သွေးဖောက် စစ်ခဲ့ပါတယ်။

စကားပြန် အန်တီရဲ့ ပြောပြချက်အရ မူးယစ်ဆေးဝါး သုံးစွဲသူဟာ ဆယ်မိနစ် တစ်ကြိမ် သွေးအမျိုးအစား အမျိုးမျိုးပြောင်းတတ်ကြောင်း။ အကယ်၍ ကိုထွေး၏ သွေးများကို စစ်ဆေးရာတွင် တစ်ကြိမ်နှင့် တစ်ကြိမ် မတူပါက မူးယစ်ဆေး သုံးစွဲသူ အဖြစ်သတ်မှတှု တရားစွဲဆိုမှာဖြစ်ကြောင်း။ ကြီးလေးသောပြစ်ဒဏ်ကို ခံရမှာဖြစ်ကြောင်း ပြောပြပါတယ်။ ဘုရား မ လို့သာစစ်လိုက်တိုင်းမှာလဲ ကိုထွေးရဲ့ သွေး အမျိုး အစားဟာ တူနေတဲ့အတွက် မူးယစ်ဆေးဝါး သုံးစွဲသူ မဟုတ် ကြောင်း ရဲ ဆရာဝန် ကထောက်ခံခဲ့ပါတယ်။ ဆေးစစ် ပြီးသွားချိန်မှာ ကိုထွေး လက်ချောင်းထိပ် များမှာ သွေးချင်းချင်းနီပြီး တစစ်စစ် နာကျင်လို့နေပါတယ်။

အမှုစစ်နေတဲ့ နှစ်ရက်လုံးမှာ ကိုထွေးရဲ့ လက်ကိုင်ဖုန်း။ ပိုက်ဆံအိတ်နဲ့ အဝတ်အစား များကို ရဲစခန်းကထိန်းသိမ်းထားတဲ့အတွက် ဘယ်သူ့ကိုမှ ဆယ်သွယ် လို့ မရခဲ့ပါ။ ကိုထွေး အဆောင်ကို ပြန်မလာတဲ့အတွက် လုပ်ဖော်ကိုင်ဖက် မြန်မာသူငယ်ချင်းများနဲ့ ကုမဏီသူဌေး လဲ ခေါင်းမီးတောက်လို့ နေပါတယ်။ ကိုထွေးရဲ့ စိတ် ထဲမှာ ရဲဌာနက ကုမ္ပဏီကို အကြောင်းကြားပြီးလောက်ပြီလို့ ထင်နေပါတယ်။ ရဲဌာန ကလဲ ကုမ္ပဏီကို လုံးဝ အကြောင်းမကြားခဲ့ပါ။

ကိုထွေးရဲ့ အမှုကိုလိုက်ဖို့ ရှေ့နေ ငှားလိုက်ရပါတယ်။ နောက်ဆုံး စကားပြန် ကတဆင့် ကြားသိလိုက်ရတဲ့တရားစီရင်ချက်ကတော့ ဂျင်း အင်္ကျီကို မူစတာဖာ ဈေးကြီး ထဲကနေ မေ့လျော့ပြီး အိတ်ထဲထည့်လာခဲ့မိတဲ့အတွက် ခိုးမှုလို့မသတ်မှတ်ဘဲ ပေါ့ဆမှုလို့ သတ်မှတ်ပြီး ဒဏ်ငွေ စင်ကာပူ ဒေါ်လာ၅၅၀ ပေးဆောင်ခိုင်းပါတယ်။ ကွမ်းယာထဲမှာမူးယစ်ဆေးဝါးမတွေ့ရသော်လည်း ရဲဌာနကသိမ်းဆည်းလိုက်ပါတယ်။ကိုထွေးရဲ့ သွေးနဲ့ ဆီးထဲမှာလဲမူးယစ်ဆေးဝါးသုံးစွဲမု လက္ခဏာမတွေ့ရတဲ့အတွက် ကိုထွေးကိုပြန်လွှတ်လိုက်ပါတယ်။

ဒဏ်ငွေ ဒေါ်လာ ၅၅၀ ဆောင်ဖို့ ငွေမရှိတဲ့အတွက်သူငယ်ချင်းတွေဆီ ဆက်သွယ်ပြီး အကူအညီလှမ်းတောင်းရပါတယ်။ နှစ်ရက် ကြာမှ သတင်း ရတဲ့အတွက်သူငယ်ချင်းတွေနဲ့ သူဌေးလဲ ဝမ်းသာအားရနဲ့ ဒဏ်ကြေးငွေ ယူလာပြီး ကိုထွေးကိုပြန်လာခေါ်ပါတယ်။

“ဂိုး” ဆိုတဲ့ အော်သံ ကျယ်ကျယ်ကြီးက ကိုထွေးနဲ့ ကျွန်တော်စကား ဆက်ပြောလို့ မရအောင် နှစ်ယောက်စလုံးရဲ့ နားထဲကို ကန့်လန့်ဖြတ်ဝင်လာပါတယ်။ ဘောလုံးပွဲဆီ အာရုံ ရောက်သွားတဲ့ ကိုထွေးကို “ကျေးဇူးဘဲကိုထွေးရာ။ မင်းလဲ ပြော ပြရတာ အာညောင်း လောက်ရောပေါ့ ဘောလုံးပွဲဆက်ကြည့်လိုက်အုံး။ ငါသွား တော့မယ်” လို့ နုတ်ဆက်စကားဆိုရင်း ဘောလုံးပွဲ မပြတဲ့ ဆိုင် ရှိတဲ့ လူရှင်းရာ ဘက်ကို ပြောင်းထိုင်လိုက်ပါတယ်။ စိတ်ထဲမှာတော့ ကိုထွေးကို သနားရမလို ကွမ်းယာ ဝယ်ခိုင်းလိုက်တဲ့ မောင်မင်းကြီးသား တွေကိုဘဲ ဒေါသ ထွက်ရမလိုလို ဘာလိုလို ဖြစ် နေပါတော့တယ်။

တကယ်တော့ ကိုထွေးဟာ ကွမ်းမစား။ ဆေးလိပ်နဲ့ အရက်သေစာ မသောက်စားတတ်တဲ့သူ ဖြစ်ပါတယ်။ ရိုးရိုး အေးအေးနဲ့သူတပါးကို ကူညီတတ်တဲ့သူလဲဖြစ်ပါတယ်။ အခုလို ဆွမ်းခံရင်း ငှက်သင့် ရတဲ့ အဖြစ်မျိုးကြုံလာရလေတော့ “နောက် တစ်ခါ လူတွေကိုကူညီဖို့ ကျွန်တော် တော်တော် စဉ်းစားရအုံးမယ်။ ကျွန်တော့်လို သတိ မပေါ့လျော့ဖို့ သတိနဲ့ ကူညီဖို့ နိုင်ငံခြားရောက်မြန်မာလူငယ်တွေသိအောင် ကူညီ ပေးပါဗျာ” လို့ ပြောလာတဲ့ လူတကာကို မကူညီချင်တော့တဲ့ ကိုထွေးကို ကူညီဖို့ ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်။“အမိုက် က စ။ ပြဿာဒ် မီးလောင်” ဆိုတဲ့ စကားလို ဘာမှ မဟုတ်လောက်ပါဘူးလို့ ထင်ရတဲ့ အရာလေးဟာကျွန်တော်တို့ ရှင်သန်နေတဲ့ လူ့ဘောင် အသိုင်းအဝိုင်းမှာ သာမက ယုံကြည်သူ အသိုင်းအဝိုင်းထဲမှာလဲ ဝိညာဉ် ရေးရာ အသက်တာကျဆင်းအောင် ထိခိုက်နိုင်ကြောင်း သင်ခန်းစာ ရလိုက်မိ ပါတယ်။

 သမျွာကျမ်းစာထဲမှာ သတိပေးထားတဲ့“လူပျိုသည် မိမိသွားသော လမ်းကို အဘယ်သို့ သန့်ရှင်း စေနိုင်ပါမည့်နည်း ဟူမူကား နှုတ်ကပါတ်တော် အတိုင်း သတိပြု ရမည်။ကိုယ်တော်ကို မပြစ်မှားဘဲ နေနိုင်မည်အကြောင်း ဗျာဒိတ် တော်ကို နှလုံးထဲမှာ သိုထားပါပြီ။ ဆာလံ ၁၁၉း ၉ ။ ၁၁” ကျမ်းချက် လေးအတိုင်းအပြစ် သွေးဆောင်ခြင်းထဲ မကျရောက်ဖို့ ခွန်အား ပေးနိုင်မဲ့ ဖြစ်ရပ်မှန် အဖြစ်အပျက်လေးနဲ့ သတိပေးဖို့ ဘောလုံး ပွဲနဲ့ ဝေးရာ အိမ်ကိုပြန်လာရင်း စာမူတစ်ပုဒ် ကောက်ရေး လိုက်မိပါတော့တယ်။ ။မင်းအောင်သက်လွင်

(ဝန်ခံချက်။ ဤစာမူပါ အကြောင်းအရာသည် လွန်ခဲ့သော ၂၀၀၆ ခုနှစ် ဝန်းကျင်က စင်ကာပူရောက် မြန်မာ လူငယ် တစ်ဦး၏ ဖြစ်ရပ်မှန် ကိုယ်တွေ့ဇာတ်လမ်း ဖြစ်ပါသည်။ ထိုစဉ်က ကွမ်းယာ ကို ပြသနာ ရှာခဲ့သော စင်ကာပူရဲများသည် ယခုအချိန် (၂၀၁၀ခုနှစ်) တွင် ပန်နီစူးလားပလာဇာ၌ ကွမ်းယာဖြင့် စီးပွားဖြစ်နေသူများအား ဘာပြသနာမှ မရှာဘဲ ယခင်က ကဲ့သို့ အရေးမယူတော့ခြင်း ကိစ္စကို စာရေးသူ နားမလည်ကြောင်း ရိုးသားစွာ ဝန်ခံပါသည်။ လူငယ်များ သင်ခန်းစာယူနိုင်ရန်အတွက်သာ ရည်ရွယ်၍ ဤစာမူကို ဖော်ပြခြင်း ဖြစ်ပါသည်။ ဤစာမူကြောင့် တစ်စုံ တစ်ယောက်အား ထိခိုက်နစ်နာစေပါက ခွင့်လွှတ်ပါရန် ကြိုတင် တောင်းပန်အပ်ပါသည်။ ။ စာရေးသူ)