အဖေါ်မဲ့ခြင်း၊ အထီးကျန်ခြင်း (Loneliness) - Biligram


အဖေါ်မဲ့ခြင်း၊ အထီးကျန်ခြင်း
(Loneliness)

ယနေ့ည အဖော်မဲ့ အထီးကျန်ခြင်း အကြောင်း ပြောချင်ပါသည်။ ရှင်ယောဟန် ခရစ်ဝင် အခန်း(၅)ကို ဖွင့်၍ အငယ် ၁ မှ ၉ သို့ ဖတ်စေချင်ပါသည်။ ဖတ်ပြသည်ထက် ပြောပြချင်ပါသည်။

ခြေလက်သေနေသူ လူတစ်ယောက်အကြောင်း ဖြစ်သည်။ ထိုနေ့ နံနက် ရေကန်ထဲသို့ ဦးစွာဆင်းနိုင်ပါက၊ သူ့ရောဂါ ပျောက်မည်ဟု အထင်ရှိပြီး ထိုရေကန်နံဘေး၌ စောင့်နေသည်မှာ (၃၈)နှစ် ကြာရှိခဲ့ပြီး၊ ရောဂါပျောက်ဖို့အတွက် ရေကန်ထဲ ရောက်နိုင်ဖို့ ကြိုးစားလျှက် နေသည်။ သို့ရာတွင် ကူညီမည့်သူ တစ်ယောက်မျှ မရှိသောကြောင့် ကန်ထဲ မဆင်းနိုင်ခဲ့ပါ။ သူသည် ကူမမည့်သူ မရှိသော အထီးကျန်သမား တစ်ဦးဖြစ်သည်။ စဉ်းစားကြည့်ပါ။ (၃၈)နှစ်လုံးလုံး ခြေလက်သေနေပြီး၊ မည်သူမျှ သူ့ကို အဖော်မလုပ်ပါ။ မည်သူမျှ သူ့ကို မကူညီပါ။



ယခုနှစ် နာမည်အကြီးဆုံး ရုပ်ရှင်အချို့သည် ဤအကြောင်းအရာမျိုး ဖြစ်သည်။ "Only the Lonely", "Home Alone" စသည်တို့အပြင် အခြားရုပ်ရှင်များ ရှိကြသေးသည်။

ဤနေရာတွင် ဤညနေ၌ လူသောင်းပေါင်းများစွာ ရှိပါသည်။ အကယ်၍ တစ်ဦးချင်းစီ၏ နံဘေး၌ လိုက်ထိုင်ပြီး "အဖေါ်မဲ့နေလားခင်ဗျာ" ဟု လိုက်မေးလျှင်၊ "ဟုတ်ကဲ့ ဟု ဖြေကြပါလိမ့်မည်။ ဤမျှကြီးမားသည့် လူအုပ်ကြီးထဲ ရှိနေလျှက်ပင်၊ အဖော်မဲ့မှုကို ခံစားရနိုင်ပါသည်။ အိမ်ပြန်သွားသည့်အခါတွင်လည်း အဖော်မဲ့ခြင်းက သင့်နှင့်ကပ်ပါသွားပါမည်။ လူအများကြီးရှိနေလျှင်ပင် သင့်မိသားစုရှိနေလျှင်ပင်၊ အဖော်မဲ့မှုကို ခံစားရနိုင်ပါသည်။ အဘယ့်ကြောင့်နည်း၊ အကြောင်းမှာ ဘုရားသခင်မရှိသော အဖော်မဲ့မှုကို ခံစားနေရ၍ ဖြစ်သည်။ သင့်ကို ဘုရားသခင်၏ သဏ္ဍန်တော်နှင့် အညီ ဖန်ဆင်းထားပါသည်။ ဘုရားသခင်နှင့် မိသဟာရဖွဲ့ရန် ဖန်ဆင်းထားသည်။ စိတ်ရောဂါကု ဆရာဝန်များက အလွန်ကြီးကျယ် အရေးပါသော အထီးကျန် အဖော်မဲ့မှုရောဂါ၊ လူတွေ၌ ရှိသည်ဟု ပြောပြပါသည်။

ယခုနှစ် နွေရာသီအစောပိုင်း၊ စကော့တလန်နိုင်ငံ ဂလတ်စ်ကို Glasgow မြို့၌ ကျင်းပသော တရားဟောပွဲတွင် လူတို့၏ဝေဒနာ အမျိုးမျိုးနှင့် ပတ်သက်သော ညီလာခံတစ်ခု ကျင်းပခဲ့ပါသည်။ ကမ္ဘာပေါ်၌ လူသိများသော စိတ်ရောဂါကု ဆရာဝန်၏ အဓိကမိန့်ခွန်း၌ ယနေ့ လူသားတို့ကို အနာကျင်ဆုံး ဖြစ်စေသော အရာမှာ အဖေါ်မဲ့ခြင်း ဟု ပါရှိသည်။

စကော့တလန်ကဲ့သို့သော သေးငယ်သောနိုင်ငံ၌ လူငါးသန်းမျှသာ ရှိပါသည်။ နာမည် အကြီးဆုံး၊ စိတ်ရောဂါကု ဆရာဝန်တစ်ပါးက လူတို့၏ အထီးကျန်မှု ဝေဒနာကို ပြေပျောက်အောင် ကူညီဖို့ အဖွဲ့အစည်းပေါင်း (၃၀) ရှိသည် ဟု ပြောပါသည်။ စဉ်းစားကြည့်ပါ။ စကော့တလန်လို သေးငယ်သော တိုင်းပြည်တွင် လူဦးရေသည် နယူးဂျာစီပြည်နယ် မြောက်ပိုင်တွင် နေသော လူအရေအတွက်မျှပင် မရှိပဲ၊ အထီးကျန်ဆန်မှုကို ကုစားရန် အဖွဲ့အစည်းပေါင်း သုံးဆယ် ရှိနေရပါသည်။

လွန်ခဲ့သော ရက်သတ္တပါတ် အနည်းငယ်က Elvis Presley ၏ ဘ၀အကြောင်း ရိုက်ကူးထားသော ရုပ်ရှင်တစ်ကား ကြည့်ရပါသည်။ Presley သည် နံရံကို စူးစူးစိုက်စိုက် ကြည့်လေ့ရှိသည်။ တစ်ခါတစ်ရံ ၀က်ဝံရုပ်ကလေးကို ဖက်ထားပါသည်။ သူသည် အဖော်မဲ့ နေပါသေးသည်။

ဟောလီးဝုကို သွားကြည့်ပါ။ ကျွန်ုပ်သည် ထိုနေရာသို့ အကြိမ်ပေါင်းများစွာ သွားဖို့အခါအခွင့် ရရှိခဲ့ပါသည်။ ထိုနေရာ၌ရှိသော နာမည်ကျော်များစွာတို့သည်လည်း သိခွင့်ရရှိခဲ့ပါသည်။ ၄င်းတို့ထက် အထီးကျန်သောသူများကို သင်တွေ့ဖူးမည် မဟုတ်ပေ။

The Associated Press အစီရင်ခံသည်မှာ ဤနွေရာသီ၌ ကျင်းပသည့် စိတ်ရောဂါကု ဆရာဝန်များညီလာခံမှ တွေ့ရှိချက်အရ၊ အမေရိကန်လူမျိုးများ၊ ရင်ဆိုင်ရသည့် နံပါတ်တစ် ပြသနာမှာ အဖော်မဲ့၊ အထီးကျန်မှု ဖြစ်သည်။ မျက်မှောက်ခေတ် လူ့အဖွဲ့အစည်း၏ အကြီးမားဆုံး ပြဿနာထဲက တစ်ခုမှာ အဖော်မဲ့အထီးကျန်မှု ဖြစ်သည်။ ခေတ်မှီ မြို့ကြီး တစ်မြို့သည် အထီးကျန်သော နေရာတစ်နေရာ ဖြစ်နေပါသည်။ နယူးယောက်မြို့မှ စိတ်ရောဂါကု ဆရာဝန်တစ်ယောက်က နယူးယောက်မြို့သည် သန်းပေါင်းများစွာသော လူတို့အတွက် ကမ္ဘာပေါ်တွင် အထီးကျန်ဆုံး နေရာဖြစ်သည်ဟု အစီရင်ခံပါသည်။

အမေရိကန်လူမျိုး (၁၀) ယောက်တွင် (၁)ယောက်သည် ဤအားကစားကွင်း၏ မိုင်း (၅၀)အတွင်း နေထိုင်ကြသည်ဟု ကျွန်ုပ်တို့ကို ပြောပါသည်။ ယခုပင် စဉ်းစားကြည့်ပါ။ အမေရိကန်လူမျိုး (၁၀)သီးတွင် (၁)ဦးသည် အားကစားကွင်း၏ မိုင်(၅၀)အတွင်း နေထိုင်ထိုင်လျှက်ရှိပါသည်။ သို့သော်လည်း ဤနေရာကို အမေရိကန်၏ အထီးကျန်ဆုံး နေရာများမှ တစ်ခုဟု ဆိုကြပြန်ပါသည်။ နယူးဂျာစီပြည်နယ် မြောက်ပိုင်းသည် အပိုင်းပိုင်း ကွဲနေပါသည်။ အထီးကျန်ဖြစ်နေသူ လူများစွာရှိသည်။ လူများသည် တစ်ယောက်နှင့် တစ်ယောက် မပတ်သက်ပဲ သီးခြား လွတ်လွတ်ကင်းကင်း နေထိုင်နေကြသည်။

တက္ကသိုလ်များကို လေ့လာသည့် အစီရင်ခံစာအရ၊ အမေရိကန်ပြည်ထောင်စုတွင် တက္ကသိုလ်ကျောင်းသားများသည် အထီးအကျန်ဆုံးဖြစ်သည်။ အိမ်ထောင်ရေး ကွာရှင်းထားသူများက ဒုတိယလိုက်သည်။ သင်သည်လည်း အိမ်ထောင်ပြိုကွဲခြင်း၏ အထီးကျန်ဆန်မှုကို ယနေ့ည ခံစားနေရသူ ဖြစ်ကောင်းဖြစ်ပါမည်။

ယနေ့ ကမ္ဘာပေါ်တွင် အရက်အလွန်အကျူး သောက်ခြင်းနှင့် မူးယစ်ဆေး အလွဲသုံးခြင်းကို ဖြစ်စေသည့်၊ အခြေံ အကြောင်းတစ်ရပ်မှာ အဖော်မဲ့ခြင်းဖြစ်သည်။ အရက်နှင့် မူးယစ်ဆေးကို အဖော်မဲ့ခြင်းမှ လွတ်မြောက်ရန် ကြိုးပမ်းမှုအဖြစ် သုံးစွဲကြသည်။ အဖော်မဲ့ခြင်းမှ ကင်းဝေးအောင် အရက်သောက်ပြီး အဖြေကို မရှာနိုင်ပါ။

မဂ္ဂဇင်းတစ်စောင်၏ မျက်နှာဖုံးဆောင်းပါး တစ်ပုဒ်၌ ၄င်းကို "လျစ်လျူရှု ပစ်ပယ်ထားခံရသော ကျွန်ုပ်တို့၏ သားသမီးများ" ဟု သုံးစွဲထားပါသည်။ ထိုဆောင်းပါးအရ အကယ်စင်စစ် ဤကလေးများသည် အ၀တ်အစား လုံလုံခြုံခြုံရျိသည်။ အစာအဟာရ ၀လင်စွာစားရသည်။ သို့ရာတွင် ကလေးများအဖြစ် ၄င်းတို့၏ဘ၀တွင် လိုအပ်သော အရာတစ်ခု ရှိနေပါသည်။ ဤသည်မှာ ၄င်းတို့၏ စိတ်ဝိညာဉ်ကို လျစ်လျူရှုမှု ဖြစ်သည်။ ထိုလျစ်လျူရှုမှုသည် ၄င်းတို့ကို အထီးကျန်စေပြီး၊ မူယစ်ဆေး အရက်တို့ကို ခင်တွယ်သွားစေသည်။ ဤသည်မှ ကိုယ့်ကိုယ်ကို သတ်သေမှု မကြာခဏ ဖြစ်ပွားစေပါသည်။ ဤသည်မှာလည်း ၄င်းတို့၏ သူရဲကောင်းများ ရှေ့မှ လမ်းပြသွား၍ ဖြစ်သည်။

အကယ်စင်စစ် ၄င်းတို့ လိုအပ်သည်ကား၊ ဘုရားသခင်နှင့် ရန်ပြေငြိမ်းဖို့ ဖြစ်သည်။ ၄င်းတို့သည် ဘုရားသခင်နှင့် ကွဲကွာလျှက်ရှိကြသည်။ ကျွန်ုပ်တို့သည် အမိဝမ်းကတည်းက အပြစ်သားများဖြစ်ကြကြောင်း၊ ဒါဝိတ်မင်းကြီးက "အမိဝမ်းထဲမှာ ပဋိသန္ဓေ ယူစဉ်ကပင် အပြစ်စွဲပါသည်" (ဆာ ၅၁း၅) ဟု ပြောပါသည်။ ကျွန်ုပ်တို့ အားလုံးသည် အပြစ်သားများ ဖြစ်ကြပါသည်။

"အပြစ်" ဟူသော ဝေါဟာရမှာ ဘုရားသခင်၏ ပညတ်တော်ကို ချိုးဖောက်ခြင်းဟု အဓိပ္ပါယ်ရပါသည်။ ကျွန်ုပ်တို့သည် ပညတ်တော် (၁၀)ပါးကို ချိုးဖောက်လျှက်ရှိပါသည်။ မွေးကတည်းက ထိုပညတ်တော်ကို ချိုးဖောက်လိုစိတ်များ ပါလာပါသည်။ အပြစ်ပြုလိုစိတ်နှင့် မွေးခဲ့ကြပါသည်။

သို့သော်လည်း ခရစ်တော်အသွေးတော်သွန်း၍ အသေခံတော်မူခဲ့ရာ၊ လက်ဝါးကားတိုင်တော်သည်၊ အဖြေဖြစ်တော်မူသည်။ လက်ဝါးကားတိုင်ပေါ်တွင် အသက်တော်စွန့်သည့်အတိုင်း သင့်ကို ချစ်တော်မျူသောကြောင့် "ငါသည် သင့်ကို ချစ်တော်မူသည်" ဘုရားသခင်က မိန့်တော်မူပါသည်။

ဆက်လက်ဖေါ်ပြပါမည်။ မုရန်

To Download a eBook - Click Link (14MB)
http://murann.com/ebooks/Billy.Graham.Preaching.01.pdf


အဖေါ်မဲ့ခြင်း၊ အထီးကျန်ခြင်း (Loneliness) - Biligram (Part II)

ပထမဦးဆုံး လူမှုပေါင်းသင်းဆက်ဆံရေး၏ အထီးကျန်ဆန်မှုအကြောင်း ပြောဆိုပါသည်။ မြိ့ကြီးလမ်းမများပေါ်တွင် အိမ်ယာမဲ့များကို နေရာတိုင်း မြင်ကြရသည်။ လွန်ခဲ့သော ၃-၄နှစ် ခရစ်စမတ်ကာလခန့်က လမ်းမပေါ်၌ လက်ဖြန့် ပိုက်ဆံတောင်းနေသော လူတစ်ယောက်ကို ပိုက်ဆံ တစ်ဒေါ်လာ ပေးလိုက်ပါသည်။ ၄င်း၏ အဓိက ဒုက္ခကို မေးကြည့်ရာ "ကျွန်တော် အရမ်းအဖ်ါမဲ့တာပဲ"  ဟု ပြန်ဖြေပါသည်။ ကျွန်ုပ် သူ့ကို ခရစ်တော်အကြောင်း ပြောပြခဲ့ပါသည်။

တစ်ခါသော် ယေရှုခရစ်တော်သည် ကူညီသူ မဲ့နေသော ခြေလက်သေနေသူကို ကြည့်လိုက်ရာ၊ သူက "ဆရာ၊ ရေလှုပ်တဲ့အခါ၊ ကျွန်တော့ကို ရေကန်ထဲ ချပေးမဲ့သူ မရှိပါဘူး။ ကျွန်တော် တစ်ယောက်တည်း ဖြစ်နေပါတယ်"  ဟု ပြောပါသည်။ (၃၈)နှစ်တာ ကာလပတ်လုံး ၄င်းတစ်ယောက်တည်း ကူမမည့် အဖေါ် မရှိ ဖြစ်နေခဲ့သည်။ သခင်ယေရှုသည် သူ့ကို ငြိမ်းစေတော်မူသည်။ ယနေ့ည၌လည်း ကိုယ်တော်သည် သင့်မိတ်ဆွေ ဖြစ်လာနိုင်ပြီး၊ သင့်အား အဖော်မဲ့မှုမှ ကူမနိုင်ပါသည်။

သမ္မတ အိုက်စင်ဟောင်ဝါးသည် အမေရိကန်ပြည်ထောင်စု၏ သမ္မတဖြစ်လာပြီးနောက်၊ ပရက်စဘက်တေးနီးယန်း အသင်းတော် (Presbyterian Church) ၌ နှစ်ခြင်းမင်္ဂလာ ခံယူခဲ့ပါသည်။ သူ အနှစ်သက်ဆုံးသော ဓမ္မတေးကာ အဘယ်နည်းဟု မေးရာ "ငါတို့ပြစ်နှင့် ၀မ်းနည်းခြင်းများခံရန် မိတ်ဆွေ ယေရှုရှိ"  (What a friend we have in Jesus) ဟု ဖြေပါသည်။ ဤ ဓမ္မတေးကို သူအနှစ်သက်ဆုံးဖြစ်သည်။ အဓိပ္ပါယ်က သမ္မတကြီးသည် မိတ်ဆွေတစ်ဦး လိုအပ်ခဲ့ပါသည်။

နော်မန်ဒီ (Normandy) ကမ်းခြေကို သူသိမ်းပိုက်သည့်အချိန်ကို ကျွန်ုပ် သတိရပါသည်။ ခေါင်းကို ညွတ်လျှက် အင်္ဂလန်နိုင်ငံ၏ ပင်လယ်ကမ်းပါးပြတ်ပေါ်၌ မတ်တပ်ရပ်နေဖို့ဖြစ်သည်။ နှစ်အတန်ကြာပြီးနောက် သူ၏ဓါတ်ပုံကို ကျွန်ုပ်ထံသို့ ပို့ပေးပါသည်။ "ကျွန်ုပ် မိတ်ဆွေတစ်ယောက်တွေ့ပြီး၊ အဲဒီမိတ်ဆွေက သခင်ယေရှုပါပဲ"  ဟု စာရေးသားထားပါသည်။

ဧ ၃း၁၇ တွင် သင့်စိတ်နှလုံးထဲ၌ ခရစ်တော် ၀င်ရောက်ကျိန်းဝပ်တော်မူနိုင်သည် ဟု ပြောထားပါသည်။ လူနေအခန်းပေါင်းများစွာ ပါသည့် အဆောက်အဦး၌ နေရပြီး၊ စာတစ်စောင်မှ မရဘူးသူ သို့မဟုတ် မိတ်ဆွေ သူငယ်ချင်းများ၏ ပိုက်ထွေးမှုကို တစ်ခါမှ မခံရဖူးသူတစ်ယောက်၊ မြို့ကြီးပြကြီး၌ ကျော်ကြားမှုနှင့် ဥစ္စာဓန ရှာဖွေကာ မှန်းချက်နှင့်နှမ်းထွက် မကိုက်၍ စိတ်ပျက်၊ စိတ်မချမ်းသာ ဖြစ်နေရသူ၊ ကျေးလက်မှ မိန်းကလေး စသည့်တို့အတွက် သခင်ခရစ်တော်သည် သင်တို့၏မိတ်ဆွေ ဖြစ်နိုင်ပါသည်။

အထီးကျန်ဆန်မှုကို အိမ်ထောင်များ၌ပင် တွေ့နိုင်ပါသည်။ သင့်ဇနီး သို့မဟုတ် ခင်ပွန်းနှင့် တစ်အိပ်ယာထဲ လဲလျှောင်းနေသော်လည်း အထီးကျန်ခံစားမှု ဖြစ်နေနိုင်ပါသည်။ အဘယ့်ကြောင့် ဤသို့ ဖြစ်ရပါသနည်း။ ဤသည်ကား တစ်ကမ္ဘာလုံး၌ ဖြစ်နေသည့် အလွန်ကြီးကျယ်အရေးပါသော အထီးကျန် အဖေါ်မဲ့မှု ရောဂါဖြစ်သည်။

အထီးကျန်ဆန်မှုဆိုသည်မှာ စိတ်နှလုံးသားနှင့် ဆိုင်သည့် အရာဖြစ်သည်။ ဘုရားသခင်ကို ဆာငတ်နေသော စိတ်ဖြစ်သည်။ ဘုရားသခင်ကို ဆာငတ်နေခြင်းအဖြစ် သင်အသိအမှတ် ပြုချင်မှ ပြုပေမည်။ သို့သော်လည်း ဤသည်ကား အမှန်တရားဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သင့်စိတ်၊ ခန္တာကိုယ်၊ ၀ိညာဉ်သည် ဘုရားသခင်ကို ဆာငတ်နေသည်။ ဘုရားသခင်နှင့် မိတ်သဟာရဖွဲ့ရန် မွတ်သိပ်နေသည်။ (ဆာ ၄၂း၁-၂)။ သင့်ကို ဘုရားသခင်၏ သဏ္ဍန်တော်နှင့်အညီ ဖန်ဆင်းထားပါသည်။ ကျွန်ုပ်တို့ တစ်ဦးချင်စီ၏ အထဲ၌ အထီးကျန်ဆန်ခြင်းတည်း ဟူသည့် အပြစ်များ ရှိနေပါသည်။

လတ်တလောကောက်ယူထားသည့် စစ်တမ်းများအရ မိခင် သို့မဟုတ် ဖခင် တစ်ဦးဦး ရုတ်တရက် ပျောက်ကွယ်သွားခြင်းသည်၊ ကလေးတစ်ယောက်၏ ဘ၀ကို စိုးရိမ်မှု၊ အထီးကျန်မှုနှင့် လွှမ်းမိုးသွားစေသည်ဟု သိရသည်။ ပြိုပျက်သွားသော အချစ်၊ အလုပ်လက်မဲ့ဖြစ်ခြင်း၊ အရွယ်ရောက် သားသမီးများ အိမ်မှ ခွဲထွက်သွားခြင်း၊ မိသားစုဝင်တစ်ဦး ဆုံးပါးခြင်း စသည်တို့က ကျွန်ုပ်တို့အားလုံးကို အထီးကျန်စေပါသည်။

ယခုအခါ ကျွန်ုပ်၏ မြေးအချို့ တက္ကသိုလ်တက်နေကြပါသည်။ ကျွန်ုပ်၌ သမီးတစ်ယောက်ရှိပါသည်။ သူမ၌ သားသမိး သုံးယောက်ရှိသည်။ ယခုနှစ် တက္ကသိုလ်ဖွင့်သည့်အခါ ကလေးနှစ်ယောက် တက္ကသိုလ်သွားတက်ပါသည်။ ကျွန်ုပ်သည် သူမကို ဖုန်းဆက်ရာ၊ သူမက "ဖေဖေ၊ ကျွန်မ သူတို့ကို သိပ်လွမ်းတာပဲ၊ ကျွန်မအနားမှာ သူတို့မရှိတာ အဖော်မဲ့လိုက်တာ" ဟု ပြောပါသည်။ သူမ၏ ခင်ပွန်းနှင့်အတူ နှစ်ပေါင်းများစွာ ပြုစုစောင့်ရှောက် ပျိုးထောင်ပေးခဲ့သည့်နောက် ဤသားသမီးများကို ခေတ္တလက်လွှတ်လိုက်ရပြီ ဖြစ်သည်။

ဒုတိယအချက်ကား ဝေဒနာခံစားရစဉ် အဖော်မဲ့မှု (Loneliness of suffering) ဖြစ်သည်။ ရောဂါဝေဒနာ ခံစားရသောအချိန်၌ ကိုယ့်အိပ်ယာသည် ကိုယ့်ကမ္ဘာဖြစ်သွားရတော့သည်။ "ငါတို့အား ပေါ်ထွန်းအံသော ဘုန်းကိုထောက်သော်၊ ယခု မျက်မှောက် ကာလ၌ခံရသော ဆင်းရဲဒုက္ခကို ပမာဏမပြုထိုက်ဟု ငါသဘောရှိ၏"  (ရော ၈း၁၈)။ ခံစားနေရသော ဝေဒနာများ အဆုံးသပ်သွားမည့် အချိန်ရှိပြီး ဝေဒနာများ၏ အဆုံး၌ ဘုန်းတော်ရောင်ခြည် ထွန်းလင်းမည့်အချိန် ရှိသည်ဟူသော မျှော်လင့်ချက်ကို ခရစ်တော်ပေးတော်မူပါသည်။

ဗျာ ၂၁း၎ ၌ ဖေါ်ပြထားသည်မှာ "ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တဖန် သေဘေးမရှိရ၊ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပမ်းခြင်းလည်း မရှိရ။ အကြောင်းမူကား ရှေးဖြစ်ဘူးသော အရာတို့သည် ရွှေ့သွားကြပြီး"  ကျွန်ုပ်သည် ခရစ်တော်၏ရှေ့တော်မှောက်၌ ထာဝရနေရမည့် ထိုနေ့ကို မျှော်လင့်နေပါသည်။

တတိယအချက်မှာ ၀မ်းနည်းကျေကွဲစဉ် အဖေါ်မဲ့ခြင်း (Loneliness of sorrow) ဖြစ်သည်။ ကျွန်ုပ် အသက်ကြီးလာလေလေ၊ အသုဘ အခမ်းအနား တက်ရလေလေ၊ ထိုခံစားမှုမျိုး ဖြစ်လေလေ ဖြစ်သည်။ အထူးသဖြင့် ကျွန်ုပ်မိတ်ဆွေများ ကွယ်လွန်သွားကြသောအခါ၌ ဖြစ်ပါသည်။ သခင်ယေရှုသည် မိတ်ဆွေတစ်ဦး၏ အသုဘ၌ မျက်ရည်ကျခဲ့ပါသည်။ (ယော ၁၀း၃၃-၃၆)။ "ယေရှုကလည်း ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်"  (ယော ၁၁း ၂၅-၂၆) ဟု မိန့်တော်မူသည်။ ဤသည်ကား ၀မ်းနည်းကြေကွဲနေသူများအတွက် ကိုယ်တော်ပေးသော မျှော်လင့်ချက်ဖြစ်သည်။

သင့်မိတ်ဆွေ သို့မဟုတ် ချစ်ခင်သူတစ်ယောက် သေဆုံးသွား၍ သူ့ခေါင်းတလားဘေး၊ သင်ရပ်နေသော်၊ သခင်ယေရှုသည် ထမြောက်ခြင်းနှင့် အသက်ဖြစ်ကြောင်း သတိရပါ။ အကယ်၍ ထိုသူတို့သည် ခရစ်တော်ကို သိသော် ကိုယ်တော်သည် သူ့ကို ထမြောက်စေပါမည်။ ဤသည်မှာ ကျွန်ုပ်တို့၏ မျှော်လင့်ချက်ရောင်ခြည်ပင် ဖြစ်သည်။

ယနေ့ညတွင်လည်း ဆေးရုံ၌ ဝေဒနာခံစားနေရသော ကျွန်ုပ်မိတ်ဆွေများစွာ ရှိနေပါသည်။ သူတို့ထံသွား၍ ပွေ့ဖက်၊ နှစ်သိမ့်ချင်ပါသည်။

စတ္တုထအချက်မှာ အပြစ်ကြောင့် အထီးကျန်ခြင်း (Loneliness of Sin) လည်းရှိပါသေးသည်။ စိတ်ပညာ ပါမောက္ခတစ်ဦးသည် အောက်ပါ အခြေံအချက်၂ချက်အကြောင်း ပြောပြပါသည်။ ကျွန်ုပ်တို့ကို သူများ အလိုမရှိ ဟူသည့် ခံစားချက်နှင့် ကျွန်ုပ်တို့ကို မည်သူမျှ နားလည်မှုမရှိ ဟူသည့် အသိဖြစ်သည်။ ထိုအကြောင်းများကို သင့်အကြိမ် မည်မျှ ကြားဖူးပါသနည်း။

အဖေါ်မဲ့ခြင်း၏ ပိုနက်ရှိုင်း၍ ပိုအခြေခံကျသော အရင်းအမြစ်မှာ ဘုရားသခင်နှင့် သီးခြားဖြစ်နေခြင်း ဖြစ်သည်။ အဖော်မဲ့ခြင်းသည် မည်သည့်အချိန်က စဖြစ်ခဲ့သည်ကို သင်သိပါသလား။ ဓဒင်ဥယျာဉ်၌ လူသားသည် မိမိကိုယ်ကို ဘုရားသခင်နှင့် မိတ်သဟာရဖွဲ့ခြင်းမှ အဆက်ဖြတ်လိုက်ချိန်မှ စတင်ပါသည်။ ဘုရားသခင်ကို ပုန်ကန်ခဲ့သည်။ စကားနားမထောင်ပါ။ ထိုအချိန်ကစ၍ အပြစ်သားဖြစ်လာပါသည်။ သူ့သား၂ယောက်လည်း အပြစ်သားဖြစ်လာသည်။ ထို့နောက် မျိုးဆက်တစ်ခုမှ ဖြက်သန်းလာရာ သင်နှင့် ကျွန်ုပ်တို့အထိ ရောက်လာပြီး၊ ကျွနိုပ်တို့အားလုံး အပြစ်သား ဖြစ်လာကြသည်။

ကျွန်ုပ်တို့သည် အပြစ်၌ မွေးဖွားလာကြသည်။ မိမိရွေးချယ်မှုအရ၊ အပြစ်သားဖြစ်လာကြသည်။ ဗီဇ၌ အပြစ်ပါလာကြသည်။ ထိုအပြစ်သည် ကျွန်ုပ်တို့ကို ဘုရားသခင်နှင့် ခွဲခွာခြားထားသည်။ ကားတိုင်ပေါ် အသေခံတော်မူသော ခရစ်တော် တစ်ပါးတည်းသာလျှင် ကျွန်ုပ်တို့ကို ဘုရားသခင်နှင့် ရန်ပြေငြိမ်းစေနိုင်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် လက်ဝါးကပ်တိုင်သို့လာကာ၊ ကိုယ့်ကိုယ်ကို အပြစ်သားဖြစ်ကြောင်း၊ သိမှတ်ရမည်။ မိမိအသက်ရှင်ပုံကို ပြောင်းလဲရန် အသင့်ရှိရမည်။ ဤသည်ကို နောင်တရသည်ဟု ဆိုသည်။ ထို့ကြောင့် ယုံကြည်ခြင်းဖြင့် သင် ပြောရမည်မှာ "မှန်ပါသည် သခင်ယေရှု။  ကိုယ်တော့ကို ကျွင်္နုပ်၏ ဘခင်နှင့် ကယ်တင်ရှင်အဖြစ် လက်ခံပါသည်" ဟု ဖြစ်သည်။

ဧဒင်ဥယျာဉ်တွင် လူယောင်္ကျားနှင့် လူမိန်းမသည် ဘုရားသခင်နှင့် အတူ စိတ်သဘောထား ညီညွတ်စွာနေထိုင်ခဲ့ကြပါသည်။ ထိုစဉ် ထိုအခြေအနေကို မွှေ့နှောက် ဖျက်စီးမည့် အရာဖြစ်ပွားခဲ့သည်။ ကိုယ်လွတ်လပ်မှုနှင့် ကိုယ်ရှိကြသည်ဟု ကြွေးကြော်ခြင်းလည်းဖြစ်သည်။ ၄င်းတို့က "ကိုယ်တော်၊..ကိုယ်တော်ကို ကျွန်တော်တို့ မလိုအပ်တော့ဘူး၊ ကိုယ်တော်မပါပဲ၊ ကိုယ့်လောကကိုယ် ဖန်တီးတတ်ပါတယ်"  ဟု ပြောသည်။ ကိုယ်တော့လက်မှ လွတ်လပ်သွားပြီ ဟု ကြေငြာလိုက်သည်။ ဘုရားသခင်ကလည်း "အာဒံ ... မင်းဘယ်မှာလဲဟေ့ ဟု ခေါ်ရင်း ဥယျာဉ်သို့ ကြွလာတော်မူပါသည်။ လူသားသည် ဘုရားသခင်ကို ပုန်းရန်ကြိုးစားခဲ့ပါသေးသည်။ သင့်နှင့်ကျွန်ုပ် ဘုရားသခင်နှင့် မတွေ့တွေ့အောင် ပုန်းခဲ့သလိုမျိုးဖြစ်သည်။ သို့သော ပုန်းစရာနေရာမရှိပါ။ အဖေါ်မဲ့ခြင်းဟူသော အဖြစ်သည် လူသား၏စိတ်၌ အမြစ်တွယ်ခဲ့သည်။ ထိုအချိန်မှစ၍ ဤလောကရှိ လူတိုင်းက ဤအမွေကို ဆက် လက်ခံယူထားကြသည်။ (က ၃း ၄)။

အဖ်ါမဲ့အထီးကျန်ဆန်မှုသည် အတန်းအစားမခွဲခြားပါ။ ကမ္ဘာအကျော်ကြားဆုံး အနုပညာရှင်များ၊ စာရေးဆရာ၊ တေးရေးဆရာ၊ ဘုရင်၊ ဘုရင်မ၊ လက်သမား၊ ပိုက်ဆက်သမား စသဖြင့် လူတိုင်း အဖေါ်မဲ့ကြသည်။ ရုပ်မြင်သံကြားဇတ်လမ်းမှ နာမည်ကြီးပုဂ္ဂိုလ်များအကြောင်း ရိုက်ကူးထားသည့် ရုပ်ရှင်များကို သင့်ကြည့်ဖူးပါမည်။ အတော်များများသည် အဖော်မဲ့သူများ ဖြစ်ကြသည်။ အထီးကျန်အဖြစ်ဆုံး လူတချို့သည် နာမည်ကျော်ကြားသည်။ ၄င်းတို့သည် ကိုယ့်ကမ္ဘာနှင့်ကိုယ် သီးသန့်နေသူများဖြစ်သည်။

 

လွန်ခဲ့သော နှစ်ပေါင်းများစွာက ကလစ်(ဖ) Cliff နှင့် ကျွန်ုပ်သည် စကော့တလန်နိုင်ငံ၊ ဂလက်စကိုမြို့ရှိ ဆရာဝန်တစ်ဦး၏ အိမ်တွင် ခေတ္တတည်းခိုကြပါသည်။ ထိုမြို့၌ ကျွန်ုပ်၏ ဟူဖရေဇာ Hugh Fraser ဆိုသူ မိတ်ဆွေတစ်ဦးရှိသည်။ ထိုမိတ်ဆွေသည် ကျွန်ုပ်တို့တည်းသော အိမ်နံဘေးရှိ သူ၏မိခင်အိမ်သို့ လာလေ့ရှိသည်။ သူ့မိခင်သည် အသက်၉၀ ရှိပြီဖြစ်သည်။ နေ့စဉ်လာတိုင်း နှင်းဆီနီတစ်ပွင့် ယူလာခဲ့လေ့ရှိသည်။ အလွန်ကောင်းသည်ဟု  ကျွန်ုပ်သဘောပိုက်ပါသည်။ ထိုမိတ်ဆွေတွင် The House of Fraser ဟုခေါ်သော စတိုးဆိုင်လေးတစ်ဆိုင် ဂလတ်စကိုမြို့ထဲ၌ ရှိသည်။ ကျွန်ုပ်တို့ ထိုသို့နေရင်း ရင်းနှီးလာကြသည်။ ဟူဖရေဇာ  သည် ဗြိတိန်တွင် အချမ်းသာဆုံးစာရင်းဝင် တစ်ယောက်ဖြစ်လာသည်။ ဗြိတိန်ရှိ စတိုးဆိုင်ကြီးအားလုံးကို သူဝယ်သည်။ လန်ဒန်မြို့ရှိ ဟဲရော့(စ်) Harrods ကိုပင် သူဝယ်ခဲ့သည်။ ဘုရင်မကြီးသည် ၄င်းကို သခင် (Lord) ဘွဲ ချီးမြှင့်ထားတယ် ဆိုတော့ ခင်ဗျားကို စကားပြောတဲ့အခါ "ဟုတ်ကဲ့ပါသခင်၊ မှန်ပါတယ်၊သခင်" လို့ပြောကြတာ၊ ခင်ဗျား ဘယ်လိုခံစားရမလဲ" ဟု မေးရာ၊ ၄င်းက "အင်မတန်ဆိုးပါတယ်ဗျာ" ဟု ပြောသည်။ ထို့ကြောင့် အဖော်မဲ့ခြင်းသည် လူတန်းစားမခွဲခြားပါ။ လူတိုင်းခံစားရသည်။

ယေ ၁၃း၁၈-၃၀ ၌ နောက်ဆုံးသောညစာ စားပွဲအကြောင်း ဖတ်ရပါသည်။ ယုဒသစ္စာဖေါက်မည့်အကြောင်းကိုလည်း တွေ့ရသည်။ သမ္မာကျမ်းစာ၌ ယုဒထွက်သွားသောအချိန်ကို "ထိုအချိန်ကား၊ ညအချိန်ဖြစ်သည်"  ဟု ဆိုသည်။ သူသည် သခင်ဘုရားကို သစ္စာဖောက်သည်။ ထိုအချိန်မှစ၍ သူသည်အထီးကျန် ဖြစ်သွားသည်။ ထိုအချိန်မှစ၍ ခရစ်တော်နှင့် မိတ်သဟာရဖွဲ့ခြင်း မရှိတော့ပါ။ ၄င်းသည် ကိုယ့်သခင်ကို သစ္စာဖောက်ခဲ့ပြီးဖြစ်သည်။

ဘုရားသခင်နှင့်မိတ်သဟာရ ဖွဲ့ခြင်းကို သင် ယခင်က သိခဲ့ကောင်း၊ သိခဲ့မည်ဖြစ်သည်။ ကိုယ်တော်နှင့်အတူ လှမ်းလျှောက်ခဲ့ပြီး၊ ဘုရားကျောင်းလည်း တက်ခဲ့ပါမည်။ ကျမ်းစာဖတ်ခဲ့ပြီး၊ သစ္စာရှိစွာ အသက်ရှင်ခဲ့မည်ဖြစ်သည်။ သို့ရာတွင် ရုပ်မြင်သံကြားကြောင့် သင်ကတဖြေးဖြေး လမ်းကြောင်းလွဲသွားသကဲ့သို့ အခြားအရာတစ်ခုခုကြောင့် လမ်းလွဲသွားခဲ့ပါသည်။ ယခုအခါ ယခင်ကကဲ့သို့ ဘုရားသခင်နှင့် နီးကပ်စွာမလျှောက်တော့ပါ။ ဘုရားသခင်နှင့်ပြေလည်သောအချိန် ရှိခဲ့ပါမည်။ နှစ်ခြင်းမင်္ဂလာ ခံယူခဲ့သောအချိန် ရှိပါသည်။ အသင်းတော်၌ စွဲစွဲမြဲမြဲ နေခဲ့သော အချိန်ရှိပါမည်။ သို့သော်လည်း ထိုအခြေအနေမှ သွေဖယ်ကာ ဘုရားသခင်ထံမှ ထွက်ခွာသွားသောကြောင့် ညအချိန်ဖြစ်ခဲ့ရပါတော့သည်။ ဘုရားသခင် မရှိခြင်းတည်း ဟူသော အဖော်မဲ့ညသည် သင့်ကိုစိုးမိုးသွားပြီဖြစ်သည်။

ဤအရာအားလုံးကို ယခုည သင်ပြုပြင်နိုင်ပါသည်။ သင်ပြန်လာနိုင်ပါသည်။ ကိုယ်တော်သည် သင့်ကို လက်ကမ်းကြိုလင့်လျှက်ရှိသည်။ "ပြန်လာပါ၊ ငါသင့်ကိုချစ်တယ်၊ သင့်ကို လက်ခံပါတယ်။ သင့်အပြစ်ကို ခွင့်လွှတ်ပမည်"  ဘုရားကျောင်းမှန်မှန်တက်သော်လည်း ခရစ်တော်ကို ကိုယ်တိုင်မသိသူလောက် ခါးသီးသည့် အထီးကျန်ခြင်းမျိုး မရှိပါ။ ထိုသို့သော လူများစွာရှိပါသည်။ ၄င်းတို့သည် ဘုရားကျောင်းတက်သည်၊ ဘုရားကျောင်း၌ အလုပ်လုပ်သော်လည်း ခရစ်တော်ကို ကိုယ်တိုင် သိကြွမ်းခြင်း မရှိပါ။ အပြစ်သည် ကျွန်ုပ်တို့ကို အထီးကျန်စေပါသည်။ အဘယ့်ကြောင့် ဆိုသော်ကျွန်ုပ်တို့ကို ဘုရားသခင်နှင့် သီးခြားဝေးကွာစေ၍ဖြစ်သည်။

သူတို့ကို အထီးကျန်ဖြစ်စေခြင်းသည် ဘုရားသခင်၏ အကြံစည်တော် လုံးဝမဟုတ်ပါ။ အမေရိကန်နိုင်ငံတွင် လုပ်သော စစ်မှုထမ်းရာပေါင်းများစွာက လူ့ဘောင်အဖွဲ့အစည်းသည် ကျွန်ုပ်တို့ကို လူ့အဖွဲ့အစည်းနှင့် ပို၍ လိုက်လျောညီထွေရှိအောင် ပို၍ပျော်ရွှင်အောင် မလုပ်ပေးနိုင်ပါ။ တဒင်္ဂ ကာမဂုဏ်ကျေနပ်မှု ခံစားခြင်းသည် ခါးသီးမှု၊ မည်သည့်စိတ်ရောဂါဆရာဝန်မှ မကုသနိုင်သော ပျော်ရွှင်မှု ဆုံးရှုံးခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။

ကျမ်းစာတော်မြတ်၌ "မတရားသောသူတို့မူကား မငြိမ်နိုင်ဘဲ၊ လှုပ်ရှား၍ ရွံ့နှင့်အမှိုက်ကို ပက်သော ပင်လယ်ရေနှင့်တူကြ၏" (ဟေရှာ ၅၇း၂၀)။ ပင်လယ်ကမ်းစပ်၌ ရပ်၍ အစဉ်တစိုက်လှုပ်ရှားနေသော ပင်လယ်သည် မည်မျှ ဒုက္ခကြီးသည်ကို ကြည့်ဖူးပါသလား။ ကျွန်ုပ်တို့သည်လည်း ထိုနည်းတူဖြစ်ပါသည်။

ပဉ္စမအချက်-သခင်ယေရှုအဖော်မဲ့ခြင်းအကြောင်း
သေခြင်းနှင့်ပြစ်ဒဏ်စီရင်ခြင်းအထီးကျန်ဆန်မှု
တစ်ဦးတည်းဆုံးဖြတ်ရမည့်အချိန် ...

Part III အဆုံးသပ်ကို ဆက်လက်ဖေါ်ပြပါမည်။ မုရန်

 

 

အဖေါ်မဲ့ခြင်း၊ အထီးကျန်ခြင်း (Loneliness) - Biligram (Part III)

ပဉ္စမအချက်-သခင်ယေရှုအဖော်မဲ့ခြင်းအကြောင်း (Loneliness of Jesus) ပြောလိုပါသည်။ ကျွန်ုပ်တို့ ကယ်တင်ရှင်၏ အဖော်မဲ့ခြင်းအကြောင်း ဖြစ်သည်။ ကိုယ်တော်သည် အဖော်မဲ့သူ၊ အစွန့်ပစ်ခံရသူတို့ကို အချိန်များစွာ ပေးခဲ့ပါသည်။ (ယော ၄း၅-၃၀)။ "မထီမဲ့မြင်ပြုခြင်းကို ခံရ၍ လူတို့တွင် အယုတ်ခံရဆုံးသူ ဖြစ်၏။ ငြိုငြင်သောသူ၊ နာကြည်းခြင်းဝေဒနာနှင့် အကြွမ်းဝင်သောသူ ဖြစ်၏။ သူ့တပါး မျက်နှာလွှဲခြင်းကို ခံရသောသူကဲ့သို့ ဖြစ်၏။ မထီမဲ့မြင်ပြုခြင်းကို ခံလျှက်ရှိ၍ ငါတို့သည် မရိုသေကြ" (ဟေရှာယ ၅၃း၅) ဟု ကျမ်းစာ၌ လာပါသည်။ လူပေါင်းများစွာ ကိုယ်တော့်ကို ၀န်းရံထားသော်လည်း ကိုယ်တော်တစ်ဦးတည်း ဖြစ်ရသည့် အချိန်များ ရှိခဲ့ပါသည်။ နောက်ဆုံးသော အချိန်မှာပင် သမ္မာကျမ်းစာက ပြောသည်မှာ "တပည့်တော်အပေါင်းတို့သည်၌ ကိုယ်တော့်ကို စွန့်ပစ်၍ ပြေးကြ၏" (မ ၂၆း၅၆)။ မကြာခင်လေးက "ဟောရှဏ္ဍဖြစ်စေသတည်း" ဟု ကြွေးကြော်ခဲ့သော လူအုပ်ကြီးသည် (မ ၂၁း ၈-၉) ထို ရက်သတ္တပါတ်ထဲမှာပင် "ထိုသူကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါ၊ ရိုက်ထားပါ " ဟု ကြွေးကြော်ကြပြန်သည်။ (လု ၂၃း၂၁)၊ ကိုယ်တော် တစ်ကိုယ်တည်းဖြစ်ခဲ့ရသည်။

နောက်ဆုံး၌ ကားတိုင်ပေါ်မှ ကိုယ်တော် ဤသို့ ကြွေးကြော်တော်မူသည်ကို ကျွန်ုပ်တို့ ကြားကြရသည်။ "အကျွန်ုပ်ဘုရား၊ အဘယ့်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း" မ ၂၇း၄၆  လက်ဝါးကပ်တိုင်ပေါ်၌ ချိတ်ဆွဲခြင်းခံရသော ခရစ်တော်သည် အထီးကျန်အဖြစ်ဆုံးသူ ဖြစ်သည်။ အဘယ့်ကြောင့် ဤသို့ ဖြစ်ရသနည်း သင်နှင့် ကျွန်ုပ်၏ အပြစ်ကို သယ်ဆောင်ထားသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် အပြစ်ကို ကြည့်မနေနိုင်ပါ။

သခင်ယေရှုအဖို့ ထိုအချိန်သည် ခမည်းတော် စွန့်ပစ်သည်ဟု ထင်ရသောအချိန်ဖြစ်သည်။ သင်နှင့်ကျွန်ုပ်အတွက် အိပ်မက်ငရဲကို ခံစားနေတော်မူရသည်။ ကျွန်ုပ်တို့ ငရဲသွားရမည့် အတွက် ဒဏ်ခံသွားတော်မူသည်။ ကျွန်ုပ်တို့အတွက် ပြစ်ဒဏ် စီရင်မှု ခံတော်မူသည်။ ကိုယ်တော်သည် ကျွန်ုပ်တိုကို ဤမျှ ချစ်တော်မူပြီး သင့်ကို ကိုယ်တော့်ထံသို့ အလျှင်အမြန် ပြန်လာစေလိုပါသည်။

သင်နှင့်ကျွန်ုပ်အတွက် အသေခံသဖြင့် အဆုံးစွန်သော အထီးကျန်မှုကို တွေ့ကြုံခဲ့ရသည်။ အသေခံတော်မူခြင်းဖြင့် လူသားတို့၏ အထီးကျန်မှုကို ဖြစ်စေသည့် အခြေခံအကြောင်းတရား ဖြစ်သော ဘုရားသခင်နှင့် ဝေးကွာခြင်းကို ဖြေရှင်းပေးတော်မူသည်။ ကားတိုင်ပေါ်တွင် လက်တစ်ဖက်သည် ခမည်းတော်ကို ဖက်တွယ်ထားပြီး၊ ကျန်လက်တစ်ဖက်သည် ကျွန်ုပ်တို့ကို ကမ်းလင့်နေသည်။ ငရဲဆိုသည်မှာ အခြေခံအားဖြင့် ဘုရားသခင်ထံမှ ကွဲကွာခြင်းဖြစ်သည်။ ငရဲဆိုသည်မှာ ဤစင်္ကြာဝဌာတွင် အထီးကျန် အဖြစ်ဆုံးသော နေရာဖြစ်သည်။

လူများစွာသည် ငရဲလို့ ပြောပါက လှောင်ပြောင်၍ မထိတထိ ရယ်ကြသည်။ ၄င်းတို့က "ကောင်းပြီဟေ့၊ ငါတော့ ငရဲကိုပဲ သွားမလို့၊ အဲဒီနေရာမှာ ငါပျော်မှာပါ။ ည ကပွဲရုံ တွေလည်းရှိတယ်။ ပျော်ပျော်ပါးပါး နေမယ်၊ စာတန်၊ နတ်ဆိုးတွေနဲ့ ပျော်ပျော်ကြီး နေလိုက်မယ် "  ဟု ပြောသော်လည်း လူ့အထင်နှင့် သမ္မာကျမ်းစာ၌ ဖော်ပြထားသည်မှာ မတူပါ။ ကျမ်းစာ၌ပြောသော ငရဲဆိုသည်မှာ သင်သိဘူးသမျှ အရာခပ်သိမ်းနှင့် ကွေကွင်းခြင်း ဖြစ်ပြီး၊ သင်တစ်ဦးတည်း ဖြစ်မည်။ ဤသည်ကား ငရဲတကာ့ ငရဲ ဖြစ်သည်။ အဖော်မဲ့ခြင်း ၊ အထီးကျန်ခြင်း၊ တကိုယ်တည်း ရှိခြင်းဖြစ်သည်။

ငရဲအကြောင်း ကျွန်ုပ် အကုန်မသိသော်လည်း သခင်ခရစ်တော်ကို ငြင်းပယ်ကြသည့် သူများ၊ ငရဲသို့ ဦးတည်လျှက် သွားနေကြသည် ဟု ကျွန်ုပ် အသေအချာ ယုံကြည်သည်။ ဘုရားသခင်ကို ကျောခိုင်းထားသော် သင်လည်း ထိုမှာ လမ်းဆုံးသွားပါမည်။ ထိုနေရာ၌ သင်တစ်ဦးတည်း နေရမည့် အရပ်ဖြစ်သည်။ လူအစုအဝေးနှင့် နေရမည်မဟုတ်တော့ပါ။

သခင်ယေရှုသည် သင့်အတွက် ငရဲ၏ နာကျင်မှုဝေဒနာ ခံစားခဲ့ပြီးဖြစ်၍ သင် ငရဲသွားစရာ မလိုတော့ပါ။ တစ်မိနစ်မျှပင် သွားဖို့၊ နေဖို့ မလိုပါ။ ခရစ်တော် သင့်အတွက် လုပ်ပေးတော်မူခဲ့ပြီး ဖြစ်သည်။ သင်လုပ်ဖို့လိုသည်မှာ ခရစ်တော်ထံ လာဖို့နှင့် သင့်နှလုံးသားထဲ၌ ခရစ်တော်ကို လက်ခံဖို့ ဖြစ်သည်။


သေခြင်းနှင့်ပြစ်ဒဏ်စီရင်ခြင်းအထီးကျန်ဆန်မှု ရှိပါသည်။
(Loneliness of death and judgement) ကွန်ုပ်အဖွား သေအံ့ဆဲဆဲ အချိန်ကို သတိရပါသည်။ အဖွားတစ်ဦးတည်း မဖြစ်ခဲ့ပါ။ အဖွားသည် ခရစ်တော်ကို သိသည်။ နောက်ဆုံးအချိန်၌ အိပ်ယာပေါ်ထိုင်ကာ "အို... သင့်ကို မြင်တယ်"  ဟု ပြောသည်။ သင် ဆိုသူမှ နှစ်မကြာမီက ကွယ်လွန်သွားသူ ခင်ပွန်းဖြစ်သည်။ အဖိုးသည် Getlysburg တွင် ခြေတစ်ဖက်၊ မျက်လုံးတစ်ဖက် ဆုံးရှုံးခဲ့သည်။ သူသည် လယ်သို့ ပြန်လာကာ ချစ်စရာ သမီး(၃)ဦးကို ပြုစုပျိုးထောင်ခဲ့သည်။ အငယ်ဆုံးသမီးမှာ ကျွန်ုပ်မိခင်ဖြစ်သည်။

ကျွန်ုပ်အဖေနှင့်အမေ၊ ကွယ်လွန်သည့်အချိန်ကိုလည်း သတိရပါသည်။ သူတို့အနား ကျွန်ုပ်မရှိခဲ့ပါသည။ ဆုံးပြီး အနည်းငယ်ကြာမှ ရောက်သွားသည်။ သူတို့မျက်နှာပေါ်မှ ငြိမ်သက်မှုကို မြင်ရပါသည်။ ၄င်းတို့သည် ဘုရားသခင်ကို သိသည်။ ဘုရားသခင်နှင့် လျှောက်လှမ်းခဲ့ကြသည်။

ဘုရားသခင်ရှေ့ သင်တစ်ယောက်တည်း ရပ်နေရသည့်အခိုက်မှာ ပြစ်ဒဏ်စီရင်ခြင်းလည်း ရောက်လာပါမည်။ သင်ကလွဲ၍ မည်သူမျှရှိမည်မဟုတ်ပါ။ ဤလောက၌ အရေးကြီးသည်ဟု ဆိုသောအရာများ တစ်ခုချင်း ခွာကြည့်ခံရပါမည်။ သင် အသက်ရှင်ခဲ့သမျှ ပုံစံများအတွက် သင်ဖြေရှင်းရပါတော့မည်။ ခရစ်တော်ရှေ့တော်တွင် သင်ပြုခဲ့သမျှ အတွက် အဖြေပေးရပါတော့မည်။

ဘုရားသခင်၌ မှတ်တမ်းတင်စက် ရှိပါသည်။ သင့်အပြုအမူများကို သာမက သင်စဉ်းစားသမျှကိုလည်း မှတ်တမ်းတင်ထားပါသည်။ သင့်စိတ်နှလုံးထဲ၌ ရှိသမျှအားလုံးကို လူဘုံအလယ်၌ ချပြစ်ခံရပါလိမ့်မည်။ ပေးစရာအဖြေမရှိ၊ တစ်ဦးတည်းဖြစ်ရပါမည်။

တစ်ဦးတည်း ဆုံးဖြတ်ရမည့်အချိန် Loneliness of Decision လည်းရှိပါသည်။ ခရစ်တော်နှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ချရန် သင့်မိဘ၊ မိတ်ဆွေများအပေါ် မမှီခိုနိုင်ပါ။ သင်ကိုယ်တိုင် ဆုံဖြတ်ရမည်။ အထီးကျန်ဆန်မှုကို ဖြေရှင်းရ၌ ပင်မအကြောင်းအရင်းကို မရှာပဲ အပေါ်ယံ လက္ခဏာလေးများကိုသာ ဖြေရှင်းတတ်ကြသည်။ အလုပ်ကို ဖိလုပ်ကြသည်။ ကာမဂုဏ်ခံစားမှုဖြင့် ဖြေရှင်းသည်။ အထီးကျန်ဆန်မှုကို ရှောင်ကွင်းရန် လူအချင်းချင်း အဖော်ပြု၍ အဖြေရှာကြသည်။ သို့ရာတွင် အလုပ်မဖြစ်ပါ။ ထိန်းမနိုင်၊ သိမ်းမရ ဖြစ်ကြရသည်။

အသစ်မွေးဖွားခြင်းမရှိပဲ၊ အပြစ်ကို ကိုင်တွယ်ဖြေရှင်းနေခြင်းသည် သဲနွံ quick sand ထဲ၌ ရုန်းကန်နေခြင်းနှင့် တူပါသည်။ မူးရစ်ဆေး၊ အရက်၊ လိင်မှုကိစ္စ သို့မဟုတ် စိတ်ပညာအတွေ့အကြုံ များနှင့် အထီးကျန်မှုအတွက် ဖြေဆေးရှာခြင်း ဖြစ်သည်။ တချို့ကိစ္စရပ်များအတွက် ကောင်းသော်လည်း မကြာခဏ ဒုက္ခရောက်ကြရသည်က များသည်။ နွံ့ထဲနစ်ပြီးရင်း နစ်သကဲ့သို့ ဖြစ်သည်။ အဆုံးသည် အစထက် သာ၍ ဆိုးပါသည်။

ဤအသက်တာအတွက် ခရစ်တော်မှလွဲ၍ အခြားကုထုံး မရှိပါ။ ခရစ်တော်အားဖြင့်သာ အသက်တာကို ပြန်လည်တည်ဆောက်နိုင်မည့် အခြေခံ ဆက်ဆံရေးရနိုင်သည်။ သင့် နှလုံးသား၌ ကျိုးကြေခဲ့ရသည့် အရာများကို ခရစ်တော်၌သာ ပြန်တည်ဆောက်နိုင်သည်။ ကိုယ်တော့်ကို ယုံကြည်ရမည်။ ကိုယ်တော် စိတ်ချမှုရှိရမည်။ ကိုယ်တော်သည် ကားတိုင်ပေါ် အသေခံတော်မူခဲ့ပါသည်။ သင့်အတွက် သေခြင်းမှ ရှင်ပြန်ခဲ့သည်။ ကိုယ်တော့်ထံသို့ လာရန် သင့်ကို စောင့်စားလျှက်ရှိပါသည်။

"ငါသည် တံခါးရှေ့မှာ ရပ်၍ ခေါက်နေသည်။ အကြင်သူသည် ငါ၏အသံကို ကြား၍ တံခါးကို ဖွင့်အုံး။ ထိုသူရှိရာသို့ ငါဝင်၍ သူနှင့်အတူ စားသောက်မည်၊ သူသည်လည်း ငါနှင့်အတူ စားသောက်ရလိမ့်မည်"  (ဗျာ ၃း၂၀)။ အလွန် အဖော်မဲ့သည့် ဆာလံဆရာသည် ဆာလံကျမ်း (၄၃) ကို ရေးဖွဲ့ခဲ့သည်။ "အိုး..ငါ့ဝိညာဉ်၊ သင်သည် အဘယ့်ကြောင့် ညှိုးငယ်သနည်း၊ ငါ့အထဲမှာ အဘယ့်ကြောင့် မငြိမ်မ၀ပ်ရှိသနည်း။ ဘုရားသခင်ကို မြျှော်လင့်လျှက်နေလော့။ ငါ့ကို ကယ်တင်တော်မူသော အရှင်၊ ငါကိုးကွယ်သော ဘုရားသခင်၏ ကျေးဇူးတော်ကို ငါချီးမွမ်းထောမနာပြုအံ့သတည်း "  (ငယ်၅)။ ယခု သင်ပြုံးနိုင်ပါပြီ။ သခင်ဘုရား၏ ၀မ်းမြောက်ခြင်းကို သင့်စိတ်နှလုံးထဲ ခံစားနိုင်ပါသည်။

တခါတရံ အဖော်မဲ့ခြင်းသည် ဘုရားသခင်က ကျွန်ုပ်တို့ကို လက်ကမ်းရန် အချိန်တန်ပြီဟု သိစေသည့် နည်းဖြစ်တတ်သည်။ အကျွန်ုပ်တို့ ဘယ်သောအခါမှ အဖော်မဲ့ မဖြစ်ရလေအောင် ခရစ်တော်သည် အကြီးမားဆုံးသော အဖော်မဲ့မှုကို ကျွန်ုပ်တို့ ကိုယ်စား ခံစားခဲ့ရပါသည်။

ယခုအချိန်သမယ၌ အောင်မြင်ကျော်ကြားသော အားကစားသမား များစွာသည်၊ အားကစားအမျိုးမျိုး လုပ်ဆောင်လျှက်ရှိကြသည်။ အားကစားသမားတစ်ဦးသည် ဤတရားဟောပွဲမျိုးသို့ မကြာခဏ လာလေ့ရှိသည်။ သူ့နာမည် မပြောပါရစေနှင့်။ သူသည် လက်ရှိ အတော်ဆုံး အားကစားသမားထဲမှ တစ်ယောက်ဖြစ်သည်။ ယခုတစ်ပါတ် ပြုလုပ်ခဲ့သည့် လူတွေ့ မေးမြန်းမှုတစ်ခုတွင် လက်ရှိအချိန်သည် သူ၏ ရွှေရောင်ကာလ ဖြစ်သော်လည်း ဤအားကစားနည်းမှ အနားယူရမည့် အချိန်ကို စိုးရိမ်ကြောင်း ဖော်ထုတ်ပြသခဲ့ပါသည်။ ဤအားကစားနည်းသည် သူသိသမျှ သူဘ၀အတွက် တစ်ခုတည်းသော ဘ၀အဖော်ဖြစ်သည်။ သူက " ကျွန်တော် ကစားရက်တွေ ကုန်လွန်သွားတဲ့အခါ အဲဒီ ဟာနေတဲ့ ကွက်လပ်ကို ဖြည့်ရမဲ့ အရာအတွက် ရှာကြည့်ရတာ အလွန်စိတ်ရှုပ်ထွေးရတယ်ဗျာ "  ဟုပြောသည်။   "ကျွန်တော့်အတွက်တော့ ပူပြင်း ခြောက်သွေ့တဲ့ နွေကာလပါပဲဗျာ...။ အခုလောက် တစ်ခါမှ မပူပန်ခဲ့ရဘူး။ ကျွန်တော့်ဘ၀ရဲ့ အခုလိုအချိန်မျိုးမှာ ကိုယ့်ကိုယ်ကို တစ်ခုခု ရသွားပြီးလို့ ထင်မိတာ၊ ဒါပေမဲ့ ဘာမှ မတွေ့ရ၊ မရှိသေးပါလား " 
သူ ဘာကိုရှာနေတာလဲ၊ အခု ဘာကို ရှာနေတာလဲ။ ဒီည သူ ဒီမှာ ရှိမယ်လို့ မျှော်လင့်ပါတယ်။ သူ ဘုရားသခင်ကို ရှာနေတာပါ။ သူ သဘောပေါက်ချင်မှ ပေါက်ပါမယ်။ ခရစ်တော်ကို တွေ့ရှိသည့် အတွေ့အကြုံသည်သာ အရာခပ်သိမ်းကို ပြောင်းလဲစေနိုင်ပြီး၊ သူ့ ဘ၀၏ ကွက်လပ် လဟာပြင်ကို ဖြည့်ပေးနိုင်သည်။ အသက်ရှင်ဖို့ ထိုက်သင့်သည့် အရာတစ်ခုကို ပေးနိုင်သည်။ ဘ၀၏ အဖော်မဲ့ခြင်းကို ဖယ်ရှားပေးနိုင်ပါသည်။ ထိုကွက်လပ် ကျွန်ုပ်တို့၌ ရှိကြသဖြင့် ခရစ်တော်ကို မတွေ့မချင်း၊ စိတ်ရှုပ်ထွေးနေရသည်။ မိမိကိုယ်ကို မိမိ ဝေဖန်နေကြရသည်။ ခရစ်တော်ကို သင့် အမှန်တကယ် သိပါမလား။

လွန်ခဲ့သည့် တစ်လက ကျွန်ုပ် စာတစ်စောင်ရပါသည်။ ထိုစာ၌
လွန်ခဲ့သောတစ်လက ကျွန်ုပ်စာတစ်စောင် ရပါသည်။ ထိုစာထဲ၌ "လွန်ခဲ့တဲ့ တစ်လလောက်က ကျွန်တော့ဇနီးနဲ့ ကျွန်တော် သီးသန့်ခွဲနေခဲ့ကြတယ်။ ကျွန်တော့နားမှာ သူမ ဆက်နေဖို့ မဖြစ်နိုင်တော့လို့ အိမ်က ထွက်သွားပြီ လို့ ပြောတယ်။ ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုမှ ဆက်သွယ်လို့မရတဲ့ အခြေအနေကို ရောက်ခဲ့ကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်စွပ်စွဲကြတာတွေလည်း အခြေအမြစ်ရှိတာတွေ ပါသလို၊ အခြေအမြစ်မရှိတာတွေလည်း ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အညှိုးတကြီး ပြောခဲ့ကြတယ်။ ကိုယ်ပိုင်တိုက်ခန်း မရခင် တခြားလူတစ်ယောက်နဲ့ ခဏ သွားနေမယ် ပြောပြီး ထွက်သွားတယ်"
"ကျွန်တော် အလုပ်ကနေ အိမ်ကို ပြန်ရောက်လာတယ်။ ညစာ စားပြီးတော့ TV မဖွင့်ဖွင့်အောင် လှုံ့ဆော်နေသလို ခံစားရတယ်။ ကျွန်တော်ထင်တာက အဖော်မဲ့တာတွေ၊ စိတ်ပျက်တာကြောင့် ဖြစ်တာပါလို့။ တစ်ခါတလေ ရုပ်မြင်သံကြားက ခဏတာလေးအတွက် မီးလောင်နေတဲ့အခါ ထွက်ပေါက်ကလေး ဖြစ်ပေမဲ့ လောင်နေတဲ့မီးကို ငြိမ်းသွားစေနိုင်တဲ့ ပစ္စည်းကောင်းတော့ မဟုတ်ပါဘူး။ ဘယ်လိုပဲပြောပြော ခလုတ်ဖွင့်ပြီး၊ ဟိုပြောင်း ဒီရွှေ့ လိုက်ကြည့်ရာက၊ ကျွန်တော်ဖွင့်ကြည့်လိုက်မိတဲ့လိုင်းက ဆရာကြီး (ဘီလီဂရေဟမ်) ရဲ့ တရားဟောပွဲတစ်ခုကို စတင်လွှင့်တော့မဲ့ လိုင်းဖြစ်နေတယ်။ အမှန်အတိုင်းပြောရရင်၊ ရုပ်မြင်သံကြားက လွှင့်တဲ့အစီအစဉ်တွေကို ကျွန်တော့ သိပ်အယုံအကြည်မရှိဘူးခင်ဗျာ၊ ဒါပေမဲ့ ဆက်ကြည့်လိုက်ပါတယ်။ ဆရာကြီးတရားဟောအပြီးမှာ .. ပြောရရင်၊ ကျွန်တော်နဲ့ ကျွန်တော်အခြေအနေကို တိုက်ရိုက်ပြောနေသလိုပါပဲဗျာ။ မိမိဘ၀လမ်းကြောင်းကို ပြောင်းလဲချင်သူတွေ၊ ရှေ့ကိုထွက်လာပြီး ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် လက်ခံဖို့ ပြောတဲ့အခါ ကျွန်တော်တွန့်ဆုတ်မိတယ်ဗျ။ ဒါပေမဲ့ ကျွန်တော ရုပ်မြင်သံကြားရှေ့သွားလိုက်ပြီး၊ ဒူးထောက်ပြီး ကျွန်တော့နှလုံးသားထဲက ခရစ်တော်ကို လက်ခံလိုက်ပါတယ်"  အဲဒီနောက် သူ့အကြောင်း ဆက်ပြောပြသေးတယ်။ အတိုချုပ် ပြောရရင် သူ့စာ အဆုံးမှာတော့ "အခုအချိန်၊ ကျွန်တော်နဲ့ ကျွန်တော့ဇနီး နဂိုအတိုင်း ပြန်ဖြစ်ဖို့ စတင်လုပ်နေကြပါပြီ" .. ခရစ်တော် ပြန်လည်ပေါင်းစည်းပေးသည့် လူတစ်ယောက်နှင့် သူ့ဇနီးအကြောင်း ၀မ်းသာစရာ ဇတ်လမ်းလေးပေပဲ။

လက်ထပ်ထားကြသော်လည်း အခြေအနေမှန်၌ သီးခြားစီ ဖြစ်နေကြသူများ၊ ခင်ဗျားတို့အထဲ၌လည်း ရှိနိုင်ပါသည်။ တစ်ယောက်နှင့် တစ်ယောက် ပြောဆိုဆက်ဆံမှု မရှိသူ၊ မေတ္တာစစ် မရှိသလောက် နီးပါး ဖြစ်နေသူများလည်း ရှိပေမည်။ သို့ရာတွင် ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ထိုအရာအားလုံိးကု ပြန်လည်ဆန်းသစ်၊ အသက်သွင်းပေးနိုင်ပါသည်။ ပျော်ရွှင်မှုအသစ်၊ ယုံကြည်မှုအသစ် စသည့် အသစ်အဆန်းတစ်ခုခု နောက်သို့ သဲသဲမဲမဲလိုက်ပြီး၊ မိမိဆန္ဒ ပြည့်လိုကြသည့် လူငယ်များစွာသည်လည်း ဤနေရာ၌ ဤညတွင် ရှိနေကြပါသည်။ သင်တို့ ခရစ်တော်ကို လိုအပ်ပါသည်။ သခင်ယေရှု ခရစ်တော်ကို နှလုံးသားထဲတွင် ဖိတ်ခေါ် လက်ခံကြည့်ပါ။ သင်၏တကယ်လိုအပ်နေသော စိတ်၏ငြိမ်းချမ်းမှုကို အမှန်ပင် ရရှိပါလိမ့်မည်။
ဘီလီဂရေဟန် (ဦးအောင်သက်ညွန်ဘာသာပြန်သည့်စာအုပ်မှ)။


အဖော်မဲ့ခြင်း၊ အထီးကျန်ခြင်း ဖတ်ရန်များ..
Part I
Part II
Part III (End)


စာအုပ်ငယ် မာတိကာ။  အမှာစာရေးတွင် ဆရာဦးအောင်သက်ညွန့်က လူတိုင်းအတိတ်တွင် မှားယွင်းမှုများကို ပြင်၍မရနိုင်သော်လည်း၊ အနာဂါတ်ကို ပြင်နီုင်ကြောင်း။ လူမည်သည်ကား ခရစ်တော်ရှိလျှင် အသစ်ပြုပြင်သောသတ္တ၀ါဖြစ်သည် ..ဟူသည့်အတိုင်း ဘ၀သစ်သို့သွားရန် ဘီလီဂရေဟမ်၏ တရားဟောချက်၁၀ခုကို ဖတ်ရှု၊ဆင်ချင်နိုင်ပါသည်။

၁။ အဖေါ်မဲ့ခြင်း၊အထီးကျန်ခြင်း Loneliness
၂။ သခင်ယေရှုအဆုံးစွန်ဆုံးသောအဖြေ -Jesus: Ultimate solution
၃။ မိမိကိုယ်ကို အသုံးဝင်မည့်လူဖြစ်လာစေမည့်သော့၃ချောင်း  Three keys to usefullness
၎။ နှလုံးသားကိုနွေးထွေးစေမည့်ဘုရားသခင်၏မီး God's heart warming fire
၅။ အသက်တာကို အစမှတဖန်စတင်ခြင်း  Starting live over
၆။ လိင်၊အာဏာ၊ကြွယ်ဝချမ်းသာမှုနှင့်ရုပ်ဝါဒ  Sex, Power, Riches and Materialism
၇။ တောင်ပေါ်၌သွားပြောပါ  Go Tell it on the mountain
၈။ ဤလောက၏မျှော်လင့်ရာယေရှု  Jesus: the hope of the world
၉။ ဆုတောင်းသောအခါရသောတခိုး  Power when you prayer
၁၀။ တခုတည်းသောလမ်း The Only Way


To Download a eBook - Click Link (14MB)
http://murann.com/ebooks/Billy.Graham.Preaching.01.pdf

မခွဲမခွာအမြဲသာ ဘုရားရှင်တောင်းဆိုသောပူဇော်သက္ကာ





မခွဲမခွာအမြဲသာ ဘုရားရှင်တောင်းဆိုသောပူဇော်သက္ကာ

လင်မယားတို့သည် နှစ်ဦးမဟုတ်၊ တစ်ဦးတည်းဖြစ်၏။

မေတ္တာဆုံးရှုံးသူဇနီးမောင်နှံများ ဘုရားမေတ္တာခံယူရန် ဖြစ်ရပ်မှန်၊သက်သေခံချက်များ....