အဖေ့ပုံရိပ်လွှာ

  

(ဇော်ထူး)

သားကိုချစ်တဲ့အဖေ

 မိတ္တီလာမြို့  ဆရာဝန်တန်းလျားရှိ အိမ်တအိမ်မှာ ဖြစ်သည်။ အချိန်ကား ၁၉၇၀ ခုနှစ် ဧပြီလ ၁ ရက်။ ပူပြင်းဒေသ ဖြစ်ရသည့် အထဲ နွေခေါင်ခေါင်ဖြစ်သည်မို့ ချွေးများပြိုက်ပြိုက် ကျလောက်အောင် ပူသည်။ ထိုအချိန်တွင် ပိန်ပိန်ပါးပါးနှင့် အရပ်အသင့်အတင့်ရှိသော အသားညိုမောင်းသည့် ဆရာဝန် ပေါက်စ တစ်ယောက် လက်နောက်ပစ်ပြီး ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက်နေသည်။ သူ့အမည်ကတော့ ဇော်လွင်ထွေး။ သူသည် ဂဏှာမငြိမ်ဖြစ်နေသည်။ ဇနီးသည် ထူးဖေါညွန့် သည် ယခု နေ့စေ့လစေ့ ဖြစ်၍ မွေးဖွားရန် ပြင်ဆင်နေသောကြောင့် ဖြစ်သည်။ သူ့အတွက် ဇနီးသည်မှ သမီးများ နှစ်ယောက်ကို မွေးဖွားပေးခဲ့ပြီးဖြစ်သည်။ သို့သော် သမီးများမွေးတုန်းက သူ့စိတ်များ ယခုလို မလှုပ်ရှားခဲ့။ ယခုတစ်ခါ၌မူ ထူးခြားစွာ သူ၏ စိတ်များ လှုပ်ရှားနေခဲ့သည်။

.

 ”သားကလေးများ ဖြစ်နေမလား။ သားကလေးဖြစ်ရင် ကောင်းမှာပဲ”

 ဆိုသည့် အတွေးတို့သည်သာ သူ၏စိတ်၌ စိုးမိုးနေသည်။ ဇနီးသည်၏ တစ်ချက်တစ်ချက် ညည်းညူသံကို ကြားလိုက်ရလျင် လျှောက်နေသည့် ခြေလှမ်းများ တုံ့ ကနဲ့ ရပ်သွားပြီး နားစွင့်လိုက်သည်။ ပြီးမှ တဖန်ပြန်၍ ဆက်လျှောက်ပြန်သည်။ ထိုသို့ နားစွင့်လိုက် ဆက်လျှောက်လိုက်ဖြင့် အချိန်မည်မျှကြာအောင် လျှောက်နေမိသည်မသိ။

 ”အူဝဲ... အူဝဲ”

 ကလေးငိုသံက တိတ်ဆိတ်သော ညယံကို ထိုးဖောက်လိုက်သည်။ သူ တုံ့ဆိုင်းမနေတော့ပဲ ဇနီးသည်ရှိရာသို့ အူယားဖားယား ပြေးထွက်သွားသည်။ မီးဖွားခန်းသို့ ၀င်ခွင့်ရလျင်ရချင်း သားဖွားဆရာမကို မေးလိုက်သည်။

 ” ဘာလေးလဲ။ နပ်(စ်)”

 ”ယောက်ျားလေး ဆရာ။ ယောက်ျားလေး”

 ”ဘာ ။ ယောကျာ်းလေးဟုတ်လား။ သားလေးပေါ့။ အစ်မလေး ၀မ်းသာလိုက်တာ ။ ငါ့သားကွ။ အဖေ့ရဲ့သား။”

 မွေးကင်းစသားငယ်လေးကို သူပွေ့ချီလိုက်သည်။ သူ၏ ဆန္ဒတို့သည် ပြည့်စုံလေပြီ။ သားလိုချင်သည်မှာ ကြာပြီဖြစ်သည်။ ဇနီးသည်မှ မွေးလိုက်တိုင်း သမီးများချည့်ဖြစ်သည်။ သားဆိုလျင် ကျားကျားလျားလျားနှင့် အားကိုး၍ ရမည်။ မိမိသားကို မိမိလိုချင်သည့် ပုံစံအတိုင်း ပုံသွင်းမည်။ မိမိသားသည် အဖေနဲ့ တူတဲ့ အဖေ့သား ဖြစ်ရမည်။

ဇနီးဖြစ်သူမှာ သူ၏ခင်ပွန်း ယခုလောက် ၀မ်းမြောက်သည်ကို မမြင်ဖူး၍ အံ့သြစွာ ကြည့်နေသည်။ သမီးများမွေးတုန်းက တုံဏှိဘာဝေနေခဲ့သော မိမိခင်ပွန်းသည် အဘယ်ကြောင့် သားမွေးသောအခါမှ ဤမျှလောက် အဖြစ်သည်းနေသည်ကို စဉ်းစား၍ မရ။

 ”နပ်(စ်)။ မနက်ဖြန် ကျွန်တော့်ဆေးရုံက ၀န်ထမ်းအားလုံးကို ကျွန်တော့်သား မွေးတဲ့ အထိမ်းအမှတ်နဲ့ ကျွေးချင်တယ်။ အဲဒါစီစဉ်ပေးလို့ ရမလား”

 ” ရပါတယ် ဆရာကြီး။ ကျွန်မ အားလုံးစီစဉ်လို့ ရတယ်။ သားလေးကို နာမည်ပါ တစ်ခါတည်း ပေးမလား။ ”

 ” အေး ဟုတ်သားပဲ။ နေဦး နေဦး ။ ဘာ နာမည် ပေးရင် ကောင်းမလဲ။”

 အပျော်လုံးဆို့ပြီး နေသဖြင့် မည်သည့်နာမည်ပေးရမည်ကို စဉ်းစား၍ မရ။

 ” ဆရာ။ ဆရာ ရဲ့ နာမည်လဲ ပါအောင် မမရဲ့ နာမည်လည်းပါအောင် မှည့်ပေါ့”

 ”အင်း ဟုတ်သားပဲ။ ဆရာ့နာမည်ရဲ့ ရှေ့ ကတလုံး ”ဇော်” ကို ယူပြီး မင်းမမရဲ့ နာမည် ရှေ့ က ”ထူး” တလုံး ယူလိုက်ရင် ကောင်းမယ်။ ဇော်ထူးပေါ့။ ဟုတ်ပြီ။ ဇော်ထူး အဲဒါကောင်းတယ်။”

 ”အဲဒီ နာမည်ကောင်းတယ် ဆရာကြီး။ မနက်ဖြန် ကင်ပွန်းတပ် အတွက် ကျွန်မ အားလုံးပြင်ဆင်လိုက်မယ်”

 ”ကျေးဇူးအများကြီး တင်ပါတယ် နပ်(စ်)”

 ထိုသို့ ပြောဆိုပြီး သားဖြစ်သူကို ငုံကြည့်လိုက်သည်။ သားလေး၏ မျက်နှာသွင်ပြင်ကို မြင်လိုက်ရသည့်အခိုက် သူ့ရင်သည် အေးမြသွားသည်။ သားဖြစ်သူ၏ မျက်နှာကိုသာ တစိမ့်စိမ့် ကြည့်ရင်း ကြည်နူးနေသည်။ ပြီးတော့ ကဗျာတပိုဒ်ကို တိုးညှင်းစွာ ရွတ်ဆိုလိုက်သည်။

သားတို့ရုပ်ရည် သီတာမည်သား

ရေကြည်တစ်ပေါက် မသောက်ရပဲ

မိဘတို့ဝမ်း ငြိမ်းစတမ်း။

 

SSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSS

သားကိုထိပ်ရောက်စေချင်တဲ့အဖေ

”အဲထူး (ကရင်လို အမေ့ကို ချစ်စနိုးခေါ်ခြင်း ဖြစ်သည်) ။ လူကလေးရဲ့ ရီပို့ကတ်ရပြီလား။”

” ရပြီလေ။ ရှင့်သား အဆင့် ၁၁ ပဲ ရတယ်။”

” ဘာ။ သားက ၁၁ ပဲ ရတယ် ဟုတ်လား။ သားလူကလေး အဖေ့ဆီလာအုံး။”

ကျွန်တော်သည် ခပ်မာမာဖြင့် ခေါ်လိုက်သော အဖေ့အသံကြောင့် မ၀ံ့မရဲ အဖေဆီသို့ ချဉ်းကပ်သွားသည်။

(လူကလေးသည် ကျွန်တော့်အား အဖေက ချစ်၍ ပေးထားသော အိမ်နာမည် ဖြစ်သည်)

 ” လူကလေး မင်းအခု ဘယ်နှစ်တန်းရောက်ပြီလဲ”

 ”ခြောက်တန်းလေ အဖေ”

 ” အေး မင်း ငယ်ငယ်ကတည်းက အခု ခြောက်တန်း ရောက်တဲ့အထိ အတန်းမှာ အဆင့် (၁) ဘယ် နှစ်ခါ ရဘူးသလဲ၊”

 ကျွန်တော် ပြန်စဉ်းစားသည်။ အဆင့် (၃) ကို ၃ တန်းမှာသာ တစ်ခါရဘူးသည်။ နောက်အတန်းများမှာတော့ အဆင့်များသည် တစ်ဆယ်နားကပ် နေသည်။

 ”တစ်ခါမှ မရဘူးဘူး အဖေ။”

”အေး ။ မင်းဟာ ငါ့သား မဟုတ်ဘူးကွ။ အဖေ့သားမှန်ရင် ထိပ်မှာချည်း ဖြစ်ရမယ်။ အဖေက ငယ်ငယ်တုန်းက (၁)ချည်းဆက်တိုက် ရခဲ့တာ။ အဲဒီတော့ မင်းဟာ အဖေနဲ့ မတူဘူးကွ။ မင်းကို အဖေငယ်ငယ်ကတည်းက အနီးကပ်သင်ကြားပေးလာတာ သားကို (၁) ရစေချင်လို့်။ ဒါပေမဲ့ မင်းက လူပျင်းကွ။ ဇွဲ လုံ့လ မရှိဘူး။ လူဆိုတာ ကြိုးစားရတယ်ကွ။ ကြိုးစားရင် ဘုရားတောင် ဖြစ်နိုင်တယ်။ မင်း ငါ့သားဟုတ်သလား။ မဟုတ်ဘူးလား။ ပြောစမ်း”

” အဖေ့သားပါ အဖေ။”

”အဖေ့သွေး ဟုတ်သလား။ မဟုတ်ဘူးလား ပြောစမ်းပါဦး”

”အဖေ့သွေးပါ အဖေ။”

” အေး။ အဖေ့သား၊ အဖေ့သွေးဆိုရင် အဖေနဲ့တူရတယ်။ မင်းကို အဖေ ဘာဥစ္စာပစ္စည်းအမွေမှ မပေးနိုင်ခဲ့သည့်တိုင်အောင် ပညာအမွေကိုတော့ ပေးနိုင်တယ်”

”ဒီမှာငါ့သား။ ဘယ်ပညာရပ်မဆို တန်ဖိုးရှိတယ်။ အတတ်ပညာ ဘယ်အရာမဆို ”ရင်းဖျားကုန်စင်၊ တတ်မျှော်မြင်က သက်မွေးဝမ်းကြောင်း ဖြစ်တုံရှောင်း၏ “တဲ့။ ထီးပြင်တဲ့ အတတ်ပညာဟာ ဘာခက်ခဲလို့လဲ။ တန်ဖိုးမရှိဘူးလို့ ငါ့သားထင်တယ် မဟုတ်လား။ အေး ဒါပေမဲ့ ထီးပြင်တဲ့ကုလားက ထီးပြင်တဲ့ ပညာကို အရင်းကနေ အဖျားအထိတတ်တယ်ကွ။ ဒီတော့ သူက သူ့မိသားစုတစ်စုလုံးကို ၀လင်စွာ ကျွေးနိုင်တယ်။ ပညာကို ငါ့သားတန်ဖိုးထားစမ်းပါ။ ကြိုးစားစမ်းပါ။ လောကမှာ ဇွဲဟာ မင်းတို့တွေအတွက် တကယ်လိုတယ်။”

 ”ဟုတ်ကဲ့ အဖေ။ သားနားလည်ပါပြီ။ သားကြိုးစားပါတော့မယ်။”

 ကျွန်တော် ထိုနေ့က အဖေ့စကားကို ယခုထက်ထိ မမေ့သေးပါ။ ထိုနေ့ မှစ၍ ကျွန်တော်သည် မပျင်းမရိ ကြိုးစားလာရာ အတန်းတိုင်း၌ ဗိုလ်ချည်းဆွဲလေတော့သည်။ ကျွန်တော် ဆည်းပူးခဲ့သော ပညာများသည်လည်း ဖြည်းဖြည်းချင်း ပြည့်စုံလာခဲ့သည်။

 စရည်းအိုးကြီး၊ကြီးစွာလျက်လည်း

စဉ်ဆက်ကျများ၊ ပြည့်သောလားသို့

 SSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSs

ဘုရားကို မချစ်တဲ့အဖေ

 တနင်္ဂနွေ တစ်ရက်၌ ဖြစ်သည်။ အစ်မနှစ်ယောက် နှင့် မိခင်ဖြစ်သူတို့ ဘုရားကျောင်းသွားရန် ပြင်ဆင်နေကြသည်။ သေချာစွာ ဖီးလိမ်းပြင်ဆင်ပြီးသောအခါ ကျွန်တော်နှင့် အဖေ့ကို နှုတ်ဆက်၍ သားအမိတစ်အုပ် ဆင်းသွားကြသည်။ ခပ်လှမ်းလှမ်း တစ်နေရာရောက်တော့ ကျွန်တော်က အစ်မများကို ကြားအောင် အော်ပြောလိုက်သည်။

” အေး။ ၀တ်ကောင်းစားလှတွေ ၀တ်ပြီး သွားကြဟေ့။ မမြင်ရတဲ့ မရှိတဲ့ ဘုရားကို သွားပြီး ဟာလေလုယ လုပ်လိုက်ကြဦး။ သီချင်းလေးလည်းဆိုလိုက်၊ လေပန်းလိုက်၊အတင်းပြောလိုက် လုပ်လိုက်ကြအုံး”

ထိုသို့ ကျွန်တော်က အမများကို သရော်တော်တော်ပြောအပြီး အဖေနားမှာ ၀င်ထိုင်လိုက်သည်။ အဖေသည် ကျွန်တော်ထိုသို့ ပြောလိုက်သည်ကို အလွန်သဘောကျသွားဟန်ဖြင့်

” ငါ့သား မင်းတော်တယ်။ ဒီမှာ မင်းအတွေးမလွဲ နဲ့နော်။ အယူတိမ်းရင် နတ်စိမ်းဖြစ်တယ်။ လူကလေး စဉ်းစားကြည့် ဘုရားကလူကို ဖန်ဆင်းတယ်တဲ့။ ဘာမဟုတ်တဲ့ အပြစ်ကလေးတစ်ခု လုပ်လိုက်တာနဲ့ သေဒဏ်တောင်ပေးသေးတယ်။ ပြီးတော့ အပြစ်လုပ်တဲ့ လူတစ်ယောက်တည်းတင် မဟုတ်ဘူး။ သူရဲ့ ဆွေစဉ်မျိုးဆက်ကို သေဒဏ်ပေးသေးတယ်။ ကိုယ်လုပ်ကိုယ်ခံကွ။ ခြေမမကောင်း၊ ခြေမ လက်မမကောင်းရင် လက်မကွ။ ကိုယ်လုပ်မှ ကိုယ်ရတာ။ ကိုယ်ကြိုးစားမှ ကိုယ်ဖြစ်တာ။ ဒီမှာ ငါ့သား ဒီစာအုပ်ကို ဖတ်”

ဟုဆိုကာ ဆန်းလွင်ရေးသားထားသည့် ”---” စာအုပ်ကို ပေးလိုက်သည်။

ကျွန်တော်သည် ထိုစာအုပ်ကို သေချာစွာသိမ်းဆည်းလိုက်ပြီး ခဏအကြာတွင်

”သား။ လာ အဖေတို့ ဘုန်းကြီးကျောင်း သွားကြမယ်။ ပြီးရင် အတူတူ တရားအားထုတ်ကြမယ်”

”ဟုတ်ကဲ့ အဖေ။ သားအ၀တ်လဲ လိုက်မယ်။ ကိုယ်လုပ်မှ ကိုယ်ရတာ။ ငါ့အဖေ မှန်တယ်”

သားအဖ နှစ်ယောက် အ၀တ် လဲလိုက်ပြီး စိတ်တူကိုယ်တူ ပျော်ရွှင်စွာ ဘုန်းကြီးကျောင်းသို့ ထွက်ခွါခဲ့သည်။

အမြင်ချင်းမတူသော အိမ်ထောင်သည် အပြင်ပန်း၌ မြဲသည်ထင်ရပါသော်လည်း အတွင်း၌မူ ကွဲနေကြောင်းကို ကျွန်တော် ထိုစဉ်အခါကပင် သဘောပေါက်ခဲ့သည်။

မညီထမ်းပိုး၊ စွတ်ရွတ်ထမ်းလည်း

နောင်တချိန်ဝယ်

ကြီးစွာဒုက္ခ၊ ဖြစ်ကြရ၏။

SSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSS 

ယူကြုံးမရတဲ့အဖေ

 ကျွန်တော်တို့ တက္ကသိုလ်သို့ စတက်စ အချိန်ကဖြစ်သည်။ ကျွန်တော် နှင့် အမများအားလုံး ဝေလီဝေလင်း အချိန်၌ ရန်ကုန်မြို့ တော်သို့ ခရီးထွက်ရန် ပြင်ကြသည်။ မိဘနှစ်ပါးလုံး မျက်နှာ မကောင်းလှ။ အိမ်မှ ထွက်ခါနီး အချိန်တွင် ကျွန်တော်သည် အဖေ့ဆီသို့ သွားပြီး ကန်တော့လိုက်သည်။ အဖေသည် ကျွန်တော်ကန်တော့သည်ကို အလွန်ပင် ပီတိဖြစ်ပုံရသည်။

 ”ငါ့သား။ သွားလေရာ မှာ ဘေးမသီ ရန်မခ နဲ့ ချောချောမောမော ရောက်ပါစေ။ ဆည်းပူးတဲ့ ပညာရပ်များလည်း အကုန်လုံး မှတ်မိ သိရှိ နိုင်ပါစေ။”

 အဖေက ကျွန်တော့်ကို ဆုမွန်ကောင်းများ ပေးအပြီးတွင် ကျွန်တော်က အမများဘက်သို့လှည့်၍

 ”ငါ့အမတွေ။ အဖေ့ကို ခရီးမသွားခင် လာကန်တော့လိုက်လေ။”

 အမများကို အဖေ့ကန်တော့ရန် လှမ်းခေါ်လိုက်သည်။ အမများ မကြားချင်ယောင်ဆောင်နေကြသည်။ ကျွန်တော် ဒေါသထွက်သွားသည်။

 ”နင်တို့တွေ ကိုယ့်ကို ငယ်ငယ်ကတည်းက ကြည့်လာတဲ့ အဖေရဲ့ ကျေးဇူးကို မသိတတ်ကြဘူးလား။ အဲဒီလောက်တောင် ကျေးဇူးကန်းတတ်ကြသလား။ နင်တို့ဘာသာက ဒီလိုပဲ သင်ပေးသလား”

 ကျွန်တော်ဒေါသတွေ အလိပ်လိုက်ထွက်လာသည်။ ဆက်ပြီး ပြောမည်အပြု အဖေ့လက်က ကျွန်တော့် ပုခုံးပေါ်သို့ ရောက်လာပြီး ဆက်မပြောရန် တားမြစ်လိုက်သည်။

 ”ငါ့သား။ ရှိစေတော့။ အဖေ့ကို ချစ်တဲ့ ငါ့သားတစ်ယောက်လုံး ရှိတာပဲ။ အဖေကျေနပ်တယ်။”

 ထိုသို့ ဆိုပေမယ့် အဖေသည် ယူကြုံးမရ ဖြစ်နေကြောင်းကို ကျွန်တော် ကောင်းကောင်းသိသည်။ အဖေ့မျက်ဝန်းမှာ မျက်ရည်တွေ နှင့် မဟုတ်ပါလား။ ကားဂိတ်ရောက်တော့ အစ်မများကို လှည့်ကြည့်မိသည်။ သူတို့လည်း မျက်ဝန်းမှာ မျက်ရည်တွေနှင့် ပါပဲလား။

 ဘုရားနှင့်လူ အဘယ်သူကို

ဦးညွှတ်ရမှန်း မဝေခွဲတတ်ခဲ့။ 

 SSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSs

သောက်သောက်လဲတဲ့ အဖေ

”အစ်ကို အစ်ကို့ အဖေ လမ်းမှာ အရက်မူးလဲနေလို့”

ကျွန်တော်ငယ်စဉ်က အဖေသည် အရက်ကို အလွန်အကျွံ သောက်လေ့မရှိပါ။ စားကောင်းသောက်ကောင်း ရုံသာ ဖြစ်သည်။ ကျွန်တော် တက္ကသိုလ် တက်နေဆဲ အချိန်တွင် အဖေသည် အရက်ကို အလွန်အကျွံသောက်သုံးလာသည်။ နွေရာသီကျောင်းပိတ်ရက် အိမ်ပြန်လျင် အဖေအရက်သောက်သောကြောင့် မကြာခဏ မူးလဲတတ်သည်။ လူတစ်ယောက်ယောက်က အဖေမူးလဲ၍ ထိုသို့ လာပြောလျင် ကျွန်တော် အရမ်းရှက်ပါသည်။ သို့ပါသော်လည်း အဖေကို ကျွန်တော်ချစ်သောကြောင့် အဖေ့အတွက် မကြာခဏ ဖေးဖေးမမ လုပ်ခဲ့သည်။ အဖေ အရက်မသောက်သော အချိန်များ၌ ကျွန်တော်က အဖေ့ကို သတိပေးတတ်သည်။

”အဖေ။ ငါးပါးသီလကို မမေ့နဲ့လေ။ သူရာမေရိယလေ အဖေ။ ”

”အေးပါ ငါ့သားရာ။ အဖေသိပါတယ်”

” အဖေ အရက်သောက်ရင် သားရှက်တယ် အဖေရာ။ သားတို့ကို ချစ်ရင် သားတို့ မျက်နှာထောက်ပြီး မသောက်ပါနဲ့လား အဖေရာ။”

ထိုသို့ ပြောဆိုလိုက်လျင် အဖေသည် ရက်အနည်းငယ်ခန့် မသောက်ပဲ နေသည်။ တစ်ပတ်နှစ်ပတ် ကျော်လာသော် နဂိုအတိုင်းဒုံရင်းက ဒုံရင်းပင်။

ပညတ်ချက်များ၊ ချမှတ်သော်ငြား

အပြစ်သားလူ၊

လိုက်နာရန်မူ မလွယ်ကူလှ။

 SSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSS 

စိတ်ထားကောင်းတဲ့ အဖေ

အဖေသည် စိတ်ထား အလွန်ကောင်းသည်။ သူတာဝန်ကျရာ နယ်ပယ်များ၌ မည်သည့်နယ်ပယ်မဆို အဖေ့စိတ်ထားကောင်းပုံကို ချီးကျူးကြသည်။ အဖေ၏ ဖြောင့်မတ်ပုံကို သြချကျသည်။ ရောက်ရာနေရာတိုင်း၌

”မျက်စိဆရာဝန်ကြီးက အရမ်းသဘောကောင်းတာ”

ဆိုသည်ကို ကြားရသည်။ လူနာတိုင်းကလည်း

”ဆရာကြီးက အရမ်းစိတ်ထားကောင်းတာပဲနော်” ဟု

ချီးကျူးထောမနာ ပြုကြသည်။

ကျွန်တော် အဖေ၏ စိတ်ထား ကောင်းကြောင်းကို ကြားသာကြားရသည် ဘယ်လိုကောင်းကြောင်း သေချာမသိခဲ့။ သို့သော် ကျွန်တော် ကြုံတွေ့ ခဲ့ရသော အဖြစ်အပျက် နှစ်ခုက အဖေ၏ စိတ်ထားကောင်းကြောင်းကို သက်သေခံပါသည်။

အဖြစ်အပျက်(၁)

ကျွန်တော့် အဖေသည် ကျွန်တော်ဆယ်တန်း အရွယ်တုန်းက ဘားအံ၌ တာဝန် ကျခဲ့သည်။ ကျွန်တော်အဖေ ပင်စင်စားသည့် အချိန် နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက်ပိုင်းတွင် အဖေတာဝန်ကျခဲ့ဘူးသော ဘားအံသို့ အကြောင်းတစ်ခုကြောင့် ကျွန်တော် ပြန်လည် ရောက်ရှိသွားသည်။ ဆေးရုံဘေးရှိ လက်ဘက်ရည်ဆိုင်တစ်ခုတွင် ကျွန်တော်ထိုင်၍ သောက်နေစဉ် လက်ဖက်ရည်ဆိုင်ပိုင်ရှင် အစ်မကြီးသည် ကျွန်တော့်ကို စူးစူးစိုက်စိုက် ကြည့်နေသည်။ ပြီးမှ မနေနိုင်မထိုင်နိုင် ကျွန်တော့် ထံသို့ လာ၍

 ” မောင်လေးက ဆရာကြီး နဲ့ ဘာတော်သလဲ” ဟု မေးလာပါသည်။

 ”ဘယ်ဆရာ ကြီးကို ပြောတာလဲ။ ”

”ဟိုလေ။ မျက်စိ ဆရာဝန်ကြီး ဒေါက်တာ ဇော်လွင်ထွေးလေ။”

”သြော်။ အဲဒါ ကျွန်တော့်အဖေ”

 ကျွန်တော်ထိုသို့ ဆိုလိုက်တော့ ထိုအစ်မကြီးသည် မျက်ရည်များ ရစ်ဝဲလာသည်။

 ”ဆရာကြီး ဘယ်လိုနေလဲ။ နေကောင်းရဲ့လား။ ကျွန်မဆရာကြီးရဲ့ ကျေးဇူးကို ဒီနေ့အထိ သတိရတုန်းပဲ။”

”ဟုတ်လား။ ဘယ်လိုများ ကျေးဇူးရှိတာလဲ”

”ကျွန်မကလေးဘ၀ ကျောင်းတက်တုန်းက ဆရာကြီးက ဒီက ဆိုက်ကားဂိတ်မှာ ထိုင်နေတတ်တယ်။ ကျွန်မ ကျောင်းတက်ဖို့ ဆိုက်ကားဂိတ်ကို ဖြတ်သွားတိုင်း ”ဟဲ့ကလေးမ။ ဒီမှာ မုန့်ဖိုးယူသွား။ ကြိုက်တာဝယ်စား” ဆိုပြီး ကျွန်မကို မုန့်ဖိုးအမြဲတမ်းပေးတယ်။ ကျွန်မ အဲဒီ မုန့်ဖိုးတွေကို မစားပဲ စုစုထားပြီး ကျောင်းစရိတ်လုပ်ခဲ့တယ်။ ကျွန်မလေ ဆရာကြီးရဲ့ ကျေးဇူးကို ခုထက်ထိအမှတ် ရသေးတုန်းပဲ။ ဘယ်တော့မှလည်း မမေ့ဘူး။ ဆရာကြီးရဲ့ စိတ်ထားက အရမ်းကောင်းတာပဲ။ ဆရာကြီးကို ပြောလိုက်ပါ။ ကျွန်မအမြဲတန်း သတိရဆုတောင်းပေးပါတယ်လို့။”

”ဟုတ်ကဲ့ပါ။ ပြောလိုက်ပါ့မယ်”

ဤကား ကျွန်တော်တို့ မသိသော အဖေ၏ ကောင်းမှုများထဲက တစ်ခု ဖြစ်သည်။

အဖြစ်အပျက်(၂)

 ” ဟေ့ကောင်။ ဇော်ထူး ဒီမှာ ဒီမဂ္ဂဇင်း ဖတ်ကြည့်စမ်း”

 ကျွန်တော့်ကို သူငယ်ချင်းတစ်ယောက်မှ မဂ္ဂဇင်း တစ်စောင်ကို ထိုးပြ၍ ဖတ်ရန် ဆိုလာခြင်းဖြစ်သည်။

 ”မဂ္ဂဇင်းများကွာ ။ ဘာများထူးလို့လဲ”

 ”ထူးတာပေါ့ကွ။ မင်းအဖေအကြောင်း ၀တ္တု တိုတစ်ပုဒ်ပါလာတယ်။”

 ကျွန်တော် အတော် အံ့သြသွားသည်။ ဘယ်သူတွေကများ အဖေ့အကြောင်း ရေးနေပါလိမ့်။ ကျွန်တော် ဖတ်ကြည့်သောအခါ ကျောင်းဆရာ တစ်ယောက်(ပန်းတနော်) မှ ရေးသားထားသော ၀တ္တုတိုတစ်ပိုဒ်ဖြစ်သည်။ ခေါင်းစဉ်မှာ

 ”ပိုးစားချကိုက်နေသော ဒီလောကကြီးမှာ ဒီလိုလူမျိုးလည်း ရှိပါသေးသလား

 ဟု အမည်တပ်ထားပြီး အဖေ၏ ဖြောင့်မတ်မှန်ကန်ပုံကို ရေးဖွဲ့ထားသည်။ မမှန်ကန်မူများ ဖုံးလွှမ်းနေသော ဤခေတ်ကြီးထဲတွင် ရှားရှားပါးပါး ဖြောင့်မတ်သော၊ မှန်ကန်သော အဖေ့အား အံ့သြလွန်းလှသဖြင့် ၀တ္ထုတိုတစ်ပိုဒ် ဖြင့် ချီးမွှမ်းရေးသားထားခြင်းဖြစ်သည်။ မည်သူမျှ မတိုက်တွန်းရပဲ ၊ မည်သည့် ငွေကြေးအားဖြင့် ပေးရခြင်းမရှိပဲ ၀တ္တုတိုရေးသော စာရေးဆရာသည် အဖေ့၏ ရိုးသားမှုကို သူ၏ စိတ်စေ့ဆော်မှုဖြင့် ရေးသားခဲ့ခြင်း ဖြစ်သည်။

ဤသည်မှာ ကျွန်တော်တို့ မသိလိုက်သော အဖေ၏ ဖြောင့်မတ်ခြင်းထဲမှ တစ်ခု ဖြစ်သည်။

SSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSS

အမြင်ပြောင်းသွားသော ကျွန်တော်

”လူ၏ စိတ်သည် မကောင်းမှု၌သာ မွေ့လျော်ရာ၏”

ဤစကား၏ အဓိပ္ပါယ်ကို ကျွန်တော်ငယ်စဉ်ကပင် သိခဲ့သည်။ ကောင်းဖို့ ကြိုးစားလေတိုင်း မကောင်းသည့်စိတ်က အရှိန်အဟုန်ပြင်းစွာ ပိုမိုထိုးဖောက် လာတတ်သည်။ မကောင်းသောစိတ်သည် မွေးစကပင် မသင်ကြားရပါပဲနှင့် ကျွန်တော့်စိတ်ထဲ၌ အလိုအလျောက်ရောက်ရှိနေသည်။ သို့သော် ဘာကြောင့် ထိုကဲ့သို့ ဖြစ်နေရမှန်း မစဉ်းစားခဲ့။ ထို့အပြင် ကျွန်တော်သည် ကောင်းအောင်ကြိုးစားနေရင်းမှပင် အပြစ်ကြီး အပြစ်ငယ် အသွယ်သွယ်ကို ကြူးလွန်မိခဲ့သည်။

ကျွန်တော် အသက်ရလာသည့် နောက်ပိုင်းကာလများတွင် လူတို့သည် အပြစ်သားများဖြစ်ကြောင်းကို သဘောပေါက်ခဲ့သည်။ ကျွန်တော်မလိုချင်သော ထိုမကောင်းသည့်စိတ်များသည် မျိုးရိုးအစဉ်အဆက်မှ ဗီဇသဘောအရ ပါလာခဲ့သည်ကို တွေးဆမိသည်။ ထိုဗီဇအပြစ်ကို ကျွန်တော်တို့ ကိုယ်တိုင်ကြိုးစားဖြေဖျောက်၍ မရနိုင်မှန်းလည်း၊ ကျွန်တော်၏ သဲထဲရေသွန် ကြိုးစားခဲ့မှုများက ရသည့် အတွေ့အကြုံများက သက်သေခံခဲ့ပါသည်။ ထို့ကြောင့်ပင် ကျွန်တော့်အတွက် ထိုအပြစ်များကို ယူဆောင်ပယ်ထုတ်ပေးသော ခရစ်တော်ကို နှစ်နှစ်ကာကာလက်ခံမိခဲ့သည်။ ခရစ်တော်သည် ကျွန်တော်တို့ လူသားအားလုံးအတွက် လက်ဝါးကပ်တိုင်တွင် အသွေးဖြင့်ပေးဆပ်ခဲ့ပေသည်။ လူသားများကောင်းဖို့အတွက် ခရစ်တော်သည် အနစ်နာခံခဲ့ရသည်။

သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ

သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ

ဓမ္မတာတည်း။

SSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSs 

လွန်ဆွဲနေတဲ့အဖေ

ကျွန်တော်ယုံကြည်သူ တစ်ယောက်ဖြစ်သည့် အချိန်တွင် ကျွန်တော်စင်္ကာပူ၌ ရောက်ရှိနေခဲ့သည်။ နှစ်ပေါင်းများစွာ မြန်မာပြည်ရှိ အဖေ့ထံသို့ ကျွန်တော်မပြန်ဖြစ်ခဲ့ပါ။

”သား အဖေမင်းကိုတွေ့ချင်တယ်။ ဒီနှစ် ဒီဇင်ဘာ ပြန်လာခဲ့ပါ”

ထိုသို့ အဖေဖြစ်သူမှ အထပ်ထပ်မှာ ကြားသောကြောင့် ကျွန်တော်မြန်မာပြည်သို့ ပြန်ခဲ့သည်။ မြန်မာပြည်သို့ ပြန်ရောက်သွားသည့် အချိန်၊ အဖေသည် အတော်ပင် အိုမင်းရင့်ရော်နေပေသည်။ အဖေနှင့် ယခင် ဆုံမိတိုင်း အဖေက ဘာသာရေးအကြောင်း ပြောလေ့ရှိသော်လည်း၊ ထိုအခေါက်တွင်မူ ဘာသာရေးနှင့် ပတ်သက်၍ တစ်လုံးတစ်ပါဒမျှ မဟပါ။ အမေသာလျင် ကျွန်တော်နှင့် ဆွေးနွေးဖြစ်ခဲ့သည်။

အဖေ့မွေးနေ့သည် ထူးခြားစွာပင် ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ကျရောက်သည်။ အဖေမွေးနေ့ကို ဓမ္မဆရာများဖိတ်ကြားပြီး ကြီးကြီးမားမားကျင်းပဖြစ်ခဲ့သည်။ ဆုတောင်းအစည်းအဝေးတွင် အဖေကြိုက်သည့် Amazing Grace သီချင်းကို အဖေသည် စိတ်ပါလက်ပါလိုက်ဆိုခဲ့သည်။ သီချင်းဆိုနေစဉ်အတွင်း အဖေသည် မျက်ရည်ဝဲလျက် ရှိသည်ကို ကျွန်တော် သတိထားမိသည်။ အသင်းမှ ကွဲသွားသော သင်းကွဲငှက်တစ်ကောင် ကဲ့သို့ အထီးကျန်ဆန်မှုကို ခံစားမိ၍လား၊ Amazing Grace သီချင်းကို ဆိုစဉ် ထိတွေ့ ခံစားမိ၍လား ကျွန်တော် မဝေခွဲတတ်ခဲ့ပါ။

အသက်ကြီးရင့်ပြီဖြစ်သော အဖေသည် ရောဂါစုံပါသည်။ ရောဂါခံစားရသည့်အခါတိုင်း အမေ့ကို ခေါ်၍ ဆုတောင်းခိုင်းသည်။ ရောဂါသက်သာသွားသည့် အခါတွင် အဖေသည် ဆုတောင်းခြင်းကို မယုံကြည်တော့ပါ။ နှလုံးသားမှ ဘုရားကို လက်ခံတော့မလို ဖြစ်သွားလိုက်၊ ဦးနှောက်မှ စဉ်းစားတွေးခေါ်မှုများက ပယ်ထုတ်လိုက်နှင့် အဖေသည် နှလုံးသားနှင့် ဦးနှောက်အကြား လွန်ဆွဲနေခဲ့သည်။ အဖေ့အတွက် သူ၏အတတ်ပညာများ၊ တွေးခေါ်မှုများသည် ကြီးမားသည့် တံတိုင်းကြီးပမာ ကာဆီးနေခဲ့သည်။

အဖေနှင့် နေသည့်အတောအတွင်း အဖေသည် ကျွန်တော်ကို နောက်မတွေ့ ရတော့မည့် အလား အရိပ်တကြည့်ကြည့်နှင့် ကြည့်ရှာသည်။ သားဖြစ်သူကို တတ်နိုင်သမျှ ဂရုစိုက်ရှာသည်။ ထိုကဲ့သို့ နေရင်းနှင့်ပင် အချိန်သည် အလွယ်တကူပင်ကုန်ဆုံးသွားပြီး ဖြစ်သည်။ စင်္ကာပူသို့ ပြန်ရန် လေဆိပ်သို့ ဆင်းခါနီးတွင် အဖေသည် ကျွန်တော်ကို အခန်းတစ်ခုထဲသို့ အမေနှင့် အမများ မသိအောင် ခေါ်ပါသည်။ ငယ်စဉ်က ကျွန်တော် ပြုမူနေကျအတိုင်း ကန်တော့ခိုင်းမည်ထင်၍ အဖေ ခေါ်သည့် အခန်းထဲသို့ ကျွန်တော် ၀င်ရောက်ခဲ့သည်။ အခန်းထဲသို့ ရောက်လျင်

”သား။ အဖေ့ကို ကန်တော့စရာ မလိုတော့ဘူး။ အဖေ နားလည်ပါတယ်”

ဟု ပြောလည်းပြော ငိုလည်းငိုတော့သည်။ အဖေ့ဘက်မှ အမြဲတစ်စေ ရှိခဲ့သော သားသည် အယူဝါဒ ပြောင်းသွားခြင်းအပေါ် ၀မ်းနည်းခြင်းဖြစ်ပေသည်။ ကျွန်တော် ယုံကြည်သူဖြစ်သွား ကြောင်းကို ပြောစရာမလိုပဲ အဖေသိလေပြီ။ ကျွန်တော့်အား စိတ်ဆိုးခြင်းကား အလျင်း မရှိပါချေ။ အဖေအား ပုခုံးဖက် နှုတ်ဆက် အပြီး လေဆိပ်သို့ ဆင်းခဲ့သည်။ လက်ဝှေ့ရမ်းပြ နူတ်ဆက်နေသော အဖေ့ကို ဤအကြိမ် နောက်ဆုံးအကြိမ် တွေ့ရချင်းဟု ကျွန်တော် ဘယ်တော့မှ မထင်မှတ်ခဲ့ပါလေ။

SSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSSS

နောင်တရသော ကျွန်တော်

ဖေဖော်ဝါရီ ၁၄ ရက်။ အဖေထံမှ အပြန် နှစ်လအကြာတွင် ဖြစ်သည်။

”သား အဖေဆုံးပြီ” ဟု နံနက်စောစော အမေဖြစ်သူ ထံမှ ဖုန်းဆက်ပြောကြားသည်။ ကျွန်တော် အကြီးအကျယ် ယူကြုံးမရဖြစ်မိသည်။ အဖေအား ဘုရားရှင်ကို လက်ခံနိုင်အောင် ကျွန်တော်မပြောခဲ့ခြင်းအတွက်ဖြစ်သည်။ ကျွန်တော်မြန်မာ ပြည်သို့ အလျင်အမြန် ပြန်ခဲ့ပါသည်။ အဖေ့ကို ကျွန်တော် မမြင်လိုက်ရပါ။ အဖေ့ကို မြေချပြီး အုတ်ဂူသွင်းပြီး၍ ဖြစ်သည်။

ကျွန်တော် အဖေ့အုတ်ဂူရှေ့ သို့ သွားပြီး မတ်တပ်ရပ်ကာ ဆုတောင်းပေးသည်။ အဖေ့ဝိညာဉ်အတွက် ဖြစ်သည်။ အဖေ ဘုရားကိုလက်ခံလား၊ မလက်ခံလား ကျွန်တော်မသိလိုက်ပါ။ နှလုံးသားနှင့် ဦးနှောက်အကြား လွန်ဆွဲနေခဲ့သော အဖေသည် နှလုံးသားကပဲ အနိုင်ရသွားပါ၏လော။ ဦးနှောက်ကပဲ အနိုင်ရသွားပါ၏လော။ ကျွန်တော် အဖြူနှင့် အမဲကို သေချာစွာ မသိလိုက်ရပါ။ ကျွန်တော်သည် အဖေထက်ပို၍ သိကျွမ်းပြီး၊ အဖေထက် ပို၍အကျိုးအကြောင်း ခိုင်ခိုင်လုံလုံနှင့် ရှင်းပြနိုင်ခဲ့လျင် အဖေ၏ အသိညဏ်တံတိုင်းများ ပြိုကွဲသွားပြီး နှလုံးသားနှင့် လက်ခံသွားမည် ဖြစ်ပေသည်။ ယခုတော့ အချိန်တို့သည် လွန်လေပြီ။ သို့ပါသော်လည်း ကျွန်တော်၏ စိတ်ထဲတွင် အဖေနှင့် ပြန်ဆုံမည်ဟု မျှော်လင့်ချက်ကြီးရှိပါသည်။ အဖေ့အတွက် လွမ်းသူ့ပန်းခွေကို အုတ်ဂူဖွေးဖွေး ပေါ်တွင် ကျွန်တော်တင်လိုက်သည်။ လွမ်းသူ့ပန်းခွေတွင် ရေးသားထားသော စာကိုလည်း နူတ်ဖြင့် ရွတ်ဆိုလိုက်သည်။

” Till We Meet Again ”

ပြီးမှ ဘယ်ဆီဘယ်ဝယ် ရောက်နေမှန်းမသိသော အဖေအား စိတ်ထဲမှ ဟစ်အော်ခေါ်လိုက်သည်။

”.......အဖေ........”

ထိုအသံသည် ကျွန်တော်၏ နှလုံးသားထဲတွင် ပဲ့တင်ထပ်ကာ ကျန်ရစ်ခဲ့ပေသည်။

(လွမ်းဆွတ်ခြင်း များစွာဖြင့် အဖေ့အား ဤဆောင်းပါးအားဖြင့် ဂုဏ်ပြုရေးသားလိုက်ပါသည် ။ ဖွင့်ဟ ၀န်ခံချက် အမှန်များဖြစ်၍ သုံးနှုန်းခဲ့မိသော စကားများအား နားလည်ခွင့်လွှတ်ကြပါကုန်။ )

နာမတော်မြတ်၌

ဇော်ထူး