သခင့်စကား ၁၂၈ (Mar 2012) ထွက်ပြီ။ စိုက်သည့်အတိုင်း - (မင်းအောင်သက်လွင်)

စိုက်သည့်အတိုင်း - (မင်းအောင်သက်လွင်)

စင်ကာပူနိုင်ငံပိုင် ကျွန်း တစ်ကျွန်း ဖြစ်တဲ့ စိန့်ဂျွန် ကျွန်းပေါ်ကို အလုပ် ကိစ္စနဲ့ ကျွန်တော် ရောက် သွားခဲ့ပါတယ်။ အဲဒီ ကျွန်းပေါ်က ဂျင်နရေတာ ပြုပြင် ထိန်းသိမ်းရေး ဌာနမှာ အိနြ္ဒိယ နိုင်ငံသား အဖြစ်ကနေ စင်ကာပူနိုင်ငံသားအဖြစ် ပြောင်းလဲ ခံယူထားတဲ့ အသက်  ၄ဝကျော် အရွယ် ရှိတဲ့ ဒင် ဆိုတဲ့ လူတစ်ယောက်ကို တွေ့ခဲ့ ရပါတယ်။ သူနဲ့ လုပ်ဖော်ဆောင်ဘက် မိတ်ဆွေ တွေက ပင်ပင်ပန်းပန်း အလုပ် လုပ်နေချိန်မှာ သူကတော့ သက်သက်သာသာ အလုပ် တွေကိုဘဲ လုပ်နေတဲ့အတွက် သူ့ကို ရေသာခိုတဲ့ လူတစ်ယောက်အနေနဲ့ မြင်မိတာမို့ ဒင့်ကို ကျွန်တော် သိပ်ကြည့်လို့ မရခဲ့ပါ။ အလုပ် သမား အချင်းချင်း တွေကို သိပ်ခေါင်းပုံ ဖြတ်လွန်းတယ်လို့လဲ ထင်မိလို့ပါ။ တစ်နေ့ သူနဲ့ ကျွန်တော် နီးနီးကပ်ကပ် အလုပ် တွဲလုပ်နေချိန်မှာ နှစ်ယောက် အတူတူ မပြီး သယ်ရမဲ့ လေမှုတ်စက်တစ်လုံးကို သူက မသယ်ဘဲ ရှောင်ထွက်သွားတဲ့အတွက် ကျွန်တော့် ဒေါသတွေ အခဲလိုက် ထွက်လာတာမို့ ဟေ့ကောင် ဒင် မင်းဘာဖြစ်လို့ အလုပ်ကို ရေသာခိုတာလဲကွလို့ အော်ပြောလိုက်မိ ပါတယ်။ အဲဒီတော့မှ ဒင်က ကျွန်တော် စိတ်ဆိုးနေမှန်း သိသွားပြီး သူ့ရဲ့ အလုပ်ကို ရေသာခိုရတဲ့အကြောင်း အသေးစိတ် ရှင်းပြပါတော့တယ်။


တချိန်တုံးက သူဟာ စင်ကာပူက သူဌေးကြီးများပိုင် သဘောင်္ကျင်း တစ်ခုက ကျွမ်းကျင် အလုပ်သမားတစ်ဦး ဖြစ်ခဲ့ဖူးပါတယ်တဲ့။ တာဝန်အရ အဆောက် အဦး အမြင့် တစ်ခုပေါ် တက်ပြီး သံဖရိမ်တွေကို အပေါက်ဖောက်နေချိန်မှာ အခန့်မသင့်လို့ ပြုတ် ကျရာက လက်ဖျံရိုးနဲ့ ခြေသလုံးရိုး ကျိုးသွားခဲ့ရပါသတဲ့။ သူ့ရဲ့ ဘယ်ဘက် လက်ဖျံရိုး နဲ့ ညာဘက် ခြေသလုံးရိုး ထဲမှာ အမေ မွေးပေးတဲ့ အရိုး အစစ်တွေအစား စတိန်းလက်စ်စတီး သံမဏိချောင်းတွေ ထည့်ထားပြီး မူလီတွေနဲ့ တွဲစုတ်ထားလို့ အလုပ်ကြမ်းကြမ်း လုပ်လို့မရပါဘူးတဲ့။ ဆေးခွင့် ၉လ ကျော်နဲ့ စင်ကာပူအစိုးရပိုင် အထွေထွေ ရောဂါကုဆေးရုံမှာ ဆေးကုသမှု ခံပြီးတဲ့ နောက်မှာ သူ့ကုမ္ပဏီက အလုပ် ဆက်မခန့်တော့သလို သူကိုယ်တိုင်လဲ အရင်ကလို အလုပ်ကြမ်းကြမ်း မလုပ်နိုင်တော့ တဲ့အတွက် လုပ်မဲ့သူ သိပ်မရှိတဲ့ ဒီကျွန်းပေါ် မှာ ၆နှစ် ကျော်အထိ အလုပ်လုပ်လာခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်းပေါ်က အဆောက် အဦးတွေကို လက်ညိုး ထိုးပြပြီး တချိန်တုံးက ဒီသံချောင်းတွေ သံဖရိမ် တွေကို မော်တာအားသုံး အပေါက်ဖောက်စက်နဲ့ အပေါက် ဖောက်ပြီး မူလီတွေ နပ်တွေ နဲ့ တွဲစုပ်လာခဲ့တာ အခုတော့ ငါ့အသွေးအသားထဲက အရိုးစစ်စစ်ကို ထုတ်။ သံချောင်း ထဲ့ပြီး ငါကိုယ်တိုင် မူလီ ပြန်အစုတ် ခံထိခဲ့တယ်လို့ သူက မျက်ရည် လည်ရွှဲနဲ့ ပြန်ပြောခဲ့ပါတယ်။

ဒီလို အဖြစ်နဲ့ ခပ်ဆင်ဆင်တူတဲ့ ငယ်ငယ်တုံးက ဖတ်ခဲ့ဖူးတဲ့ ဝတ္ထုတို တစ်ပုဒ်ထဲမှာ တောထဲက ဆင်ဖမ်း အဖွဲ့နဲ့ ဆင်ဖမ်းရာမှာ အလုပ် လိုက်လုပ်တဲ့ ဆင်ဖမ်း လုပ်သားတစ်ယောက် အကြောင်း ပြန်သတိရမိပါတယ်။ သူ့ရဲ့တာဝန်က ဆင်ရိုင်းဆိုးတွေကို တခြား အဖွဲ့သားတွေက ဆင်ရှေ့ကနေ ကိုယ်ယောင်ပြပြီး ကြိုးနဲ့ပစ် ခြောက်လှန့်နေချိန်မှာ ဆင်ကြီး အရှေ့ကို မဲနေတုံး ဆင်ကြီး ပြေးလို့ မရအောင် အလစ်မှာ နောက်ကနေ ခြေဖနောင့် ကြောကို ဓါးမ ထက်ထက်နဲ့ ခုတ်ဖြတ် ရတာ ဖြစ်ပါတယ်။ နှစ်တော်တော် ကြာတဲ့ အခါမှာ သူလုပ်ခဲ့တဲ့ အလုပ်ကို သူကိုယ်တိုင် မနှစ်မြို့တော့တာမို့ အလုပ်ပြောင်းဖို့ မြို့ပေါ်တက်လာခဲ့ပါတယ်။ မြို့ပါတ်ကားကို နောက်မှီး ခြေနင်းခုံပေါ်ကနေ တွယ်စီး လာရာက ရုတ်တရက် မီးပွိုင့် မီးနီချိန်မှာ ကားဆရာက ဘရိတ်ကို ဆောင့်နင်း လိုက်တာမို့ နောက်က အရှိန်နဲ့ မောင်းလာတဲ့ မြို့ပါတ်ကား နောက်တစ်စီးက သူ တွယ်စီးလာတဲ့ ကားကို နောက်ကနေ အရှိန်ပြင်းပြင်း တိုက်မိသွားပါတယ်။ နောက်ကားရဲ့ ခေါင်းက ကျောခိုင်းနေတဲ့ သူ့ရဲ့ ခြေဖနောင့်ကြောကို ပြတ်ထွက်သွားအောင် တိုက်ပြီး ဒဏ်ရာ အကြီးအကျယ် ရသွား စေခဲ့ပါတယ်။ အဲဒီ ဝတ္ထုစာရေးဆရာ (အမည် မမှတ်မိ တော့သောကြောင့် စာရေး ဆရာ အား အထူးတောင်းပန်ပါသည်) က သူ့စာကို ဘယ်လို အဆုံးသတ်ထားသလဲဆိုတော့ ဆင်ဖမ်းသမားကို တိုက်သွားတဲ့ ကားရဲ့ နာမည်က (မြန်မာပြည်က ခရီးသည်တင် ဘတ်စ် ကားတွေမှာ နာမည် တပ်ထား တတ်တဲ့ ဓလေ့ရှိတာမို့) ဆင်ကြီး တဲ့။

မြန်မာလူမျိုး ဓလေ့ထုံးစံ အယူဝါဒ အရဆိုရင်တော့ သူလုပ်ခဲ့တဲ့ အကုသိုလ် အလုပ်က သူ့ကို ပြန်ပြီး ဝဠ်လည်တာဖြစ်ပါတယ်။ ယုံကြည်သူတွေ အနေနဲ့ကတော့ ကျမ်းစာထဲမှာ စိုက်သည့် အတိုင်း ရိတ်ရမည်လို့ ဆိုထားပါတယ်။

ကျနော် ဘာအပင် စိုက်ထားသလဲ။ ကျနော် စိုက်ထားတဲ့ အပင်ကို ကျနော် ပြန်ရိတ်သိမ်း စားသုံးရမှာ ဖြစ်ပါတယ်။

ဒါဝိဒ်မင်းကြီး စိုက်ခဲ့တဲ့ သူများ သားမယား ပြစ်မှားခြင်း အပင် အတွက် သားဦးလေး သေဆုံးသွားတဲ့ အသီးအနှံကို ပြန်ရိတ်သိမ်းရပါတယ်။ ဘာတွေ စိုက်ထားသလဲ။ ကိုယ်စိုက်တဲ့အတိုင်း ကိုယ်ပြန်ရိတ်ရမှာပါ။      ။ မင်းအောင်သက်လွင်

-------------------------------------------------------------------------------

(ဘုရားသခင် ကျွန်တော်မျိုးကို ကူညီမစငွေ တစ်ရာကျပ်ကနေ အခု သိန်းဂဏန်းအထိ ပေးလှူ ခဲ့သော သူများအတွက် စာရင်းပြုစုလျှက် ဆုတောင်းပေးပါတယ်။ သူတို့ကို ကောင်းကြီးပေး ပေး ပေး - - -) (ငါ့သား ထိုသူများ စာရင်းသည် ငါ့ဆီမှာ ရှိပြီးသား ဖြစ်သည်။ သင် ကူညီ မစခဲ့သော သူများ စာရင်းကိုသာ တင်ပြပါ။) ( ဒွတ်စ်)

Website to read & download:
http://thelordword.com/