ဂန္ဓာဝင်မြောက်သည့် ဂျွန်ဝက်စလေ၏ ပြောင်းလဲခြင်း


လှမင်းသူ

ဝက်စလေသည် ခရစ်ယာန် အိမ်ထောင်တခုတွင် ကြီးပြင်းခဲ့ပြီး စင်မြူရယ် နှင့် စူဆန်နာ တို့၏ ၁၅ ယောက်မြောက်သား ဖြစ်သည်။ ဖခင်ဖြစ်သူမှာ ကဗျာဆရာ၊သင်းအုပ်ဆရာ တဦးဖြစ်ပြီး မိခင်ကြီးမှာ သားသမီးများကို အထူးဂရုစိုက် အချိန်ပေးသော အိမ်ထောင်ရှင်မကောင်း တယောက်ဖြစ်သည်။ ၀က်စလေသည် အောက်စဖို့ ကျမ်းစာကျောင်းတခုတွင် ပညာသင်ကြားခဲ့ပြီး ဖခင်ဖြစ်သူ၏ အသင်းတော်တွင် သင်းထောက်တယောက်အဖြစ် အမှုတော်ထမ်းဆောင်ခဲ့သည်။ အသက် ၃၂ နှစ် အရွယ်သို့ ရောက်သောအခါ၊ ၀က်စလေသည် အမေရိကားတိုက်သို့ သွားရောက်ပြီး သာသနာပြု တယောက်အဖြစ် ထမ်းရွက်ရန် ဆုံးဖြတ်ခဲ့သည်။

အသိဖြစ်သူ ဂျိမ်း(စ်) က ၀က်စလေကို လိုက်ပါပို့ဆောင်ပြီး ၀က်စလေနှင့် စာချင်းဆက်သွယ်မှု မပြတ်ခဲ့ပေ။ ၀က်စလေသည် သဘောင်္ဖြင့် ခရီးသွားစဉ်၊ မုန်တိုင်း အပြင်းအထန်ကျရောက်နေချိန်၌ မော်ရာဗီးယန်းအုပ်စုတစုသည် ဂုဏ်တော်သီချင်းများကို သီဆိုနေသည်ကို တွေ့သည်နှင့် သူတို့ကို မကြောက်ဘူးလား လို့ မေးသည့်အခါ " ကျွန်တော်တို့်အတွက်ကော၊ ခလေးတွေအတွက်ပါ မကြောက်ပါဘူးဗျာ " လို့ ဖြေကြားခဲ့သည်ကို သူငယ်ချင်းဖြစ်သူ ဂျိမ်း(စ်) အား ပြန်လည်ပြောပြခဲ့သည်။


ထို မော်ရာဗီးယန်းများ၏ အဖြစ်အပျက်သည် ၀က်စလေအပေါ် လွှမ်းမိုးခဲ့လေသည်။ ဂျော်ဂျီယာပြည်နယ်သို့ ရောက်သောအခါ ခေါင်းဆောင်ဖြစ်သူ စပန်ဂန်ဘတ် နှင့် စကားအတော်များများ ပြောဖြစ်ခဲ့သည်။


" ဘရာသား။ မင်းယေရှုခရစ်တော်ကို သိပါရဲ့လား။"

စပန်ဂန်ဘတ်က ၀က်စလေအား မေးသည်။

" သိတာပေါ့။ ယေရှုခရစ်တော်က ကျွန်တော်အပြစ်အတွက် အသေခံခဲ့တာပဲ။ "

ဝက်စလေက ပြန်ပြောသည်။

" ငါမေးတာ အဲဒါမဟုတ်ဘူး။ မင်းယေရှုခရစ်တော်ကို သိပါရဲ့လား။"

စပန်ဂန်ဘတ်က လိုရင်းကို ရောက်အောင် မေးခွန်းကို ဖိ၍ မေးပြန်သည်။

" ကျွန်တော်ကို ကယ်တင်ဖို့အတွက် အသက်ပေးခဲ့တယ်လို့ ကျွန်တော် ထင်တာပဲ "

ဝက်စလေ အထစ်ထစ် အငေါ့ငေါ့နှင့် ပြန်ဖြေသည်။

" မင်းကိုယ်မင်းရော သိရဲ့လား "

စပန်ဂန်ဘတ်က ၀က်စလေ၏ အပေါ်ယံဖြေဆိုချက်ကို မကျေနပ်သည့်အလား ဆက်လက်မေးမြန်းသည်။

" ကျွန်တော်မသိပါဘူး။ ယေရှုခရစ် ဘယ်သူဖြစ်တယ်ဆိုတာကို ကျွန်တော်သိချင်လိုက်တာဗျာ။ "

ဝက်စလေ ပြောရင်း ငေးငိုင်သွားသည်။

အင်္ဂလန်သို့ အပြန်လမ်းတွင် ၀က်စလေသည် သူ၏ မှတ်တမ်းမှာ ရေးသားခဲ့လေသည်။


" ကျွန်တော်ဟာ အမေရိကားမှာ အင်ဒီယန်းလူမျိုးတွေကို ပြောင်းလဲအောင်လုပ်ဖို့ သွားခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်ကိုကျတော့ ပြောင်းလဲအောင် ဘယ်သူလုပ်ပေးပါ့မလဲ။ ကျွန်တော့်မှာ ရှိတာက "ကောင်းစားရေး ဘာသာ" ပဲ ရှိတယ်။ အနီးကပ် အန္တာရယ်မကြုံရတဲ့အခါမှာတော့ ကျွန်တော့်ကိုယ်ကျွန်တော် ယုံကြည်မှု အပြည့် ရှိခဲ့တယ်။ တရားကောင်းကောင်း ဟောနိုင်ခဲ့တယ်။ ဒါပေမဲ့ အသက်အန္တာရယ်နဲ့ နဖူးတွေ့ ဒူးတွေ့ကြုံရတဲ့အခါမှာ ကျွန်တော့်ရဲ့ဝိညာဉ်ဟာ ဒုက္ခအကြီးအကျယ် ရောက်ခဲ့တယ်။ " အသက်သေခြင်းဟာ သာ၍အကျိုးကြီးတယ် " လို့ ကျွန်တော်မပြောနိုင်တော့ဘူး။ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ဟာ ကမ်းခြေမှာ ပုပ်ပျက်ပြီး ကျန်နေခဲ့မှာကို အစိုးရိမ်ကြီး စိုးရိမ်ခဲ့တယ်။ တခြားသူတွေကို ပြောင်းလဲအောင် လုပ်ဖို့  အမေရိကားကို သွားခဲ့တဲ့ ကျွန်တော်ကိုယ်တိုင်ဟာ မပြောင်းလဲသေးတာကို ကျွန်တော်သဘောပေါက်ခဲ့တယ်။ "


ဝက်စလေ လန်ဒန်ရောက်သည့်အခါ မော်ရာဗီးယန်း ဖြစ်သူ ပီတာနှင့် နေ့စဉ်လိုလို ဆက်သွယ်ဖြစ်ခဲ့သည်။


" ဘရားသား။ ဘရားသား။ မင်းရဲ့ ဦးနှောက်ထဲက ဖီလောဆော်ဖီကြီးကို ထုတ်ပစ်လိုက်ပါ။ "

တနေ့တွင် ပီတာက ၀က်စလေအား ဆိုလေသည်။

" ကျွန်တော့်မှာ မရှိတဲ့ ယုံကြည်ခြင်းအကြောင်းကို ကျွန်တော်ဘယ်လိုလုပ် ဟောရပါ့မလဲ။ "


" မင်းမှာ ယုံကြည်ခြင်း ရှိလာတဲ့အထိ ဟောပြောပါ။ ဟောပြောရင်း ယုံကြည်ခြင်း တကယ်ရှိလာရင် မင်းကိုယ်တိုင်က ယုံကြည်ခြင်း ရှိလာတဲ့အတွက်ကြောင့်ပဲ မင်းဟောပြောလာပါလိမ့်မယ်။ "


" ညနေစောင်းရောက်တော့ အယ်လ်ဒါဂိတ် လမ်းမှာ ရှိတဲ့ အသင်းတခုဆီကို ကျွန်တော် စိတ်မပါပဲ သွားခဲ့တယ်။ အဲဒီရောက်တော့ မာတင်လူသာရဲ့ ရောမသြ၀ါဒစာ အဖွင့်ပိုင်းကို လူတယောက်က ဖတ်နေတာကို နားထောင်ခဲ့တယ်။ ကိုးနာရီထိုးဖို့ ဆယ့်ငါးမိနစ်အလိုမှာ

ဖတ်နေတဲ့သူက " ဘုရားသခင်သည် ခရစ်တော်အားယုံကြည်ခြင်းဖြင့် နှလုံးသားကို ပြောင်းလဲစေကြောင်း" ရှင်းပြတဲ့အခါမှာ ကျွန်တော်ရဲ့ နှလုံးထဲမှာ နွေးထွေးမှု တခုကို ထူးဆန်းစွာ ခံစားလိုက်ရပါတယ်။ ကယ်တင်ခြင်းအတွက် ခရစ်တော်တဦးတည်းကိုသာ ယုံကြည်စိတ်ချမိတဲ့ ခံစားမှုမျိုး အဲဒီအချိန်မှာပဲ ကျွန်တော်ရလိုက်တယ်။ ကျွန်တော့်ရဲ့ အပြစ်တွေကို ခရစ်တော်က အကုန်အစင် ယူဆောင်သွားပြီး ၊ အပြစ်ကြောင့်သေရခြင်း တရားကနေ ကယ်တင်လိုက်တယ် ဆိုတဲ့ စိတ်ချမှုကိုလည်း ရလိုက်ပါတယ်။" ဟု
ဝက်စလေရေးသားခဲ့လေသည်။

အဆုံးတွင်၊ ဂျွန်ဝက်စလေသည် အကျွတ်လမ်းကို တွေ့ရှိခဲ့လေပြီ။ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရောက်နိုင်ကြောင်း ပီတာနှင့် ဆွေးနွေးခဲ့ဘူးသော်လည်း ယခုလို ကြုံတွေ့မှုမျိုးနှင့်တော့ မတူပေ။ အသက် ၃၄ နှစ်တွင် သူသည် ၀ိညာဉ်သစ်ကို ပိုင်ဆိုင်သူတယောက် ဖြစ်ခဲ့သည်။


(ခရစ်တော်အား ယုံကြည်ခြင်းအားဖြင့် နှလုံးသားထဲမှ ပြောင်းလဲနိုင်သောသူ အယောက်စီ ဖြစ်နိုင်ဖို့ ရည်ရွယ်လျက်)


နာမတော်မြတ်၌


လှမင်းသူ