လိပ်အင်းကုန်းဆုတောင်းဥယျာဉ် (ခရီးသွားဝိညာဉ်ရေးဆောင်းပါး)

လိပ်အင်းကုန်းဆုတောင်းဥယျာဉ် (ခရီးသွားဝိညာဉ်ရေးဆောင်းပါး)
ဒီကနေ့ ၁၉ ဧပြီ ၂၀၁၆၊ ရွှေဝါထွန်းအသင်းတော် သင်းအုပ် ဆရာဝါရှင်တန် နဲ့ လိပ်အင်းကုန်းကျေးရွာအုပ်စု ရောက်ခဲ့ပါတယ်။ အိမ်ခြေ ၉၃အိမ်၊ စကောကရင်အများစု နေထိုင်ကြပါတယ်။ 
.
ပုသိမ်မြို့ကနေ ငွေဆောင်ကမ်းခြေ မော်တော်ကားလမ်းအတိုင်း ကားမောင်းသွားပြီး သလပ်ခွာရွာ ကျော်ပြီး၊ စိန်တောာင်လမ်းခွဲ အတိုင်း အရှေ့ရိုးမအစပ် တောင်ကုန်းလေးများ အတက်အဆင်းအတိုင်း ကားမောင်းလာပါတယ်။ စုစုပေါင်း ပုသိမ်ကနေ ၁၈မိုင်ခရီးလောက်မှာ မြေလမ်းခွဲ (လိပ်အင်းကုန်းရွာ - တစ်မိုင်) ဆိုတဲ့ ဆိုင်းဘုတ်အတိုင်း တစ်မိုင် မြေလမ်းအတိုင်း မောင်းဝင်လာရင် အိမ်ခြေ (၉၃)အိမ် လိပ်အင်းကုန်း ကျေးရွာအုပ်စုကို ရောက်ပါတယ်။ 
.
သင်းအုပ်ဆရာ လူငယ်ဇနီးမောင်နှံနဲ့ သမီးငယ်တို့က ပြူငှာစွာလက်ခံတွေ့ဆုံပါတယ်။ သန့်ရှင်းသပ်ယပ်တဲ့ သစ်အိမ်ခြေတံရှည် မှာ လဘက်ရည်ကြမ်းနဲ့မုန်း သုံးဆောင်ရင်း စကားပြောကြပါတယ်။ တစ်ရွာလုံး နှစ်ခြင်းခရစ်ယာန် စကောကရင်များ နေထိုင်ပြီး ယခင်ကတော့ ဝမ်းစာလယ်စပါးစိုက်၊ ထင်းမီးသွေး၊ တောလိုက် ရှာဖွေစားသောက်တဲ့ ရိုးသားအေးဆေးတဲ့ ကရင်ရွာလေးဖြစ်ပါတယ်။ အခု လွန်ခဲ့တဲ့ (၅)နှစ်နောက်ပိုင်းမှာ အလွန်ကြီးမားတဲ့ ကျွန်း၊ ပျဉ်းကတိုး သစ်ပင် ကြိုးဝိုင်းသစ်တော အားလုံးကုန်ဆုံးသွားခဲ့ပါပြီ။ ယခင်ကတော့ ဆင်၊ ကျား၊ တိရိစ္ဆာန်များ ကျက်စားတဲ့ အင်းအိုင်နဲ့ စိမ်းလမ်းစိုပြေတဲ့ နယ်မြေပါ။ အခုတော့ ခြုံပုပ်သာသာ သစ်ပင်အပုကလေးများသာ ကျန်ပါတော့တယ်။

ရာဘာခြံများကို တွေ့ရပါတယ်။ အကြီးဆုံး ရာဘာခြံ ကုမဏီကတော့ ရွှေဟင်္သာရာဘာခြံ ဖြစ်ပြီး ဖြတ်သန်းသွားလာခြင်းမပြုရ ..ဆိုတဲ့ အနီရောင် အစိုးရဆိုင်းဘုတ်ကြီးနဲ့ ရာဘာခြံကို ကာကွယ်ပေးထားကြပါတယ်။ လွန်ခဲ့တဲ့ ၁၀နှစ်ကာလ အိမ်ခြံမြေ ဈေးမတက်ခင် အာဏာပိုင်များနဲ့ငွေကြေးတတ်နိုင်သူများက ကြိုးဝိုင်းမြေ၊ လယ်ယာမြေများကို သူတို့ပိုင်အဖြစ် ဝယ်ယူပြီး ရာဘာခြံများအဖြစ် အသွင်ပြောင်းကြပါတယ်။ အဲဒီခေတ် ၂၀၀၅ လောက်ကတော့ ရာဘာခြံ တဧကကို ကျ့ပ်၂သိန်း အောက်တန်ဖိုးနဲ့ ဝယ်ကြပါတယ်။ ရာဘာမျိုးများကို မလေးရှားနိုင်ငံက ရယူပြီး ရာဘာပျိုးခင်းများ စိုက်ပျိုးပေးတဲ့ အလုပ်တွေ တွင်ကျယ်ခဲ့ပါတယ်။ တဧကကို ရာဘာပင် ၂၀၀ လောက် ပျိုးပင်စိုက်ပေးရင် သိန်း၂၀၀ လောက် ရင်းနှီးရပါတယ်။ အခုတော့ ကမ္ဘာစီးပွားကျဆင်းပြီး ရာဘာဈေးနှုန်းလဲ တဝက်ဈေး ကျဆင်းသွားပါတယ်။ လုပ်အားခ ဈေးကြီး၊ ရာဘာပင် လုပ်ငန်းများလည်း အနာဂတ်မသေချာ ဆိုတော့ ရာဘာပျိုးပင်စိုက်လုပ်ငန်းလဲ ရပ်ဆိုင်းသွားပါတယ်။

အစိုးရအာဏာပိုင်များနဲ့ အဆင်ပြေသူများကတော့ အလကားဈေးနှုန်းနဲ့ ရယူပြီး တဆင့် ရောင်းစားကြရင်း အခု ၂၀၁၆ မှာ တဧကတန်ဘိုး ကားလမ်းဘေး (သိန်း၂၀၀)၊ ကားလမ်းအတွင်း (သိန်း၅၀) စသဖြင့် စိတ်ကြိုက်ဈေးခေါ်နေကြပါတယ်။ မြန်မာတနိုင်ငံလုံး ခြံမြေ။ လယ်မြေ အရောင်းဝယ် ရပ်ဆိုင်းနေတဲ့ အစိုးရအပြောင်းလဲ ကာလမှာ မြေပိုင်ရှင်များက ဈေးနှုန်းအဆမတန် တင်ထားလို့ အရောင်းအဝယ်မရှိ ဖြစ်နေပါတယ်။ 
.
.
.
လိပ်အင်းကုန်း (အိမ်ခြေ ၉၃) ကျေးရွာစု

ရွာသားများကတော့ တချို့ ဝမ်းစာလယ်ထွန်နေသူများ ရှိပေမဲ့ အများစုကတော့ သစ်ခုတ်၊ ဝါးခုတ်၊ မျောတိုင်ခုတ်၊ ထင်း၊ မီးသွေးလုပ်ငန်းတွေပဲ လုပ်ကိုင်နေကြပါတယ်။ အစိုးရ သစ်တောကြိုးဝိုင်းက ထင်း၊ မီးသွေး မခုတ်ရ ဆိုပေမဲ့ အစိုးရလူကြီးမင်းများရဲ့ သစ်ခုတ်ကုမဏီများက သစ်ပင်ကြီးများစွာ ခုတ်ယူသွားပြီး တောင်ကုတုံးများအဖြစ်ပဲ ကျန်ခဲ့ပါတယ်။

ရွာမှာတော့ အိမ်တိုင်းနီးပါး ဝက်တစ်ကောင်း၊ နှစ်ကောင် မွေးကြပါတယ်။ မွေးမြူရေးကြက်များတော့ နည်းပညာနဲ့ဂရုစိုက်မှု အထူးလိုအပ်လို့ မမွေးကြပါဘူး။ လယ်ထွန်ဖို့ ကွှဲ နွားပဲသုံးကြပါတယ်။ ၂၀၁၄ နောက်ပိုင်းမှာ မြို့ပေါ်က ကမ္ဘာ့ ဘဏ်၊ အာရှဘဏ်၊ အိုင်အမ်အက်ဖ် တို့နဲ့ တွဲပြီးပါလာတဲ့ အသေးစားငွေချေးလုပ်ငန်းများက တစ်ယောက်ကို ငွေတစ်သိန်း ၊ နှစ်သိန်း ချေးငှားပေးပြီး စိုက်ပျိုးရေးလုပ်ငန်းအတွက် ပံ့ပိုးပေးပါတယ်။ အတိုးနှုန်းကတော့ တစ်နှစ် ၁၅% အထက်ပေးရပြီး၊ အက်ဒမင်အခကြေးငွေများလည်း ဖြတ်တောက် ၆လ၊ ၁နှစ်အတွင်း ပြန်ဆပ်ကြရပါတယ်။ အင်ဂျီအိုများဖြစ်တဲ့ ဝိုင်အမ်စီအေ လို အဖွဲ့ကြီးများလည်း ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ် ငွေချေးပေးပါတယ်။ တချို့လည်း နို့စားနွားမများ၊ ဝက်၊ ကြက်များ နဲ့ တိရိစ္ဆာန်အစားအစာများ နည်းပညာပို့ချမှုများကိုပါ ပံ့ပိုးပေးကြပေမဲ့ လိပ်အင်းကုန်း ရွာသားများကတော့ ဒါလောက်ထိ မတိုးတက်သေးပါဘူး။ မြန်မာအစိုးရနဲ့ ကမ္ဘာ့ ဘဏ်၊ အိုင်အမ်အက်တို့ ပူးပေါင်းလုပ်ဆောင်တဲ့ ကျေးလက်ဖွံ့ဖြိုးရေး စီမံကိန်းတွေလည်း လိပ်အင်းကုန်း ကျေးရွာအုပ်စုတင်မ ..ဧရာဝတီတတိုင်းလုံးမှာ သိပ်မတွေ့ရပါဘူး။ 
.
.
.

ကျေးလက်ဖွံ့ဖြိုးရေး

သတင်းစာထဲမှာတော့ ကျေးလက်ဖွံ့ဖြိုါ်ရေး စိုက်ပျိုးရေးနည်းပညာများ အကြီးကျယ်ကြေငြာခြင်း၊ Farmer ဆိုတဲ့ အစိုးရတီဗွီအသံလွှင့်ခြင်း များရှိပေမဲ့ လိပ်အင်းကျွန်း အပါဝင် ဧရာဝတီတိုင်းက ကျေးရွာအများစုမှာ တီဗွီလည်း ကြည့်ရကောင်းမှန်းမသိ၊ တီဗွီအင်တင်နာ နဲ့ ဒီဗွီဘီ၊ စကိုင်းနက် အခမဲ့ တီဗွီစလောင်းနဲ့အောက်စက် (ကျပ်၃သောင်းတန်) တောင် မတွေ့မိပါဘူး။ ဒါက ပုသိမ်မြို့နဲ့ ၁နာရီလောက် ကားမောင်းလာလို့ရတဲ့ ရွာလေးတစ်ခုအကြောင်းပါ။

သင်းအုပ်ဆရာအတွက် ရွှေဝါထွန်းအသင်းတော်က လှုဒါန်းထားတဲ့ ဆိုလာ ၅ပေ x ၂ပေ အပြားတစ်ခု ထောင်ထားပါတယ်။ အိမ်မီး၊ ဘက်ထရီအားသွင်း၊ ဗွီဒီယိုအခွေကြည့်ဖို့ လျပ်စစ်ဓါတ်အား သုံးပါတယ်။ ဟိုင်းဂျက် ဂျပန်ကား ၈၈၀ စီစီ လေးကိုတွေ့လို့ မေးမြန်းကြည့်တော့ ...၅မိုင်လောက်ဝေးတဲ့ သလပ်ခွာ အလယ်တန်းကျောင်းကို ကျောင်းကြိုပို့ လုပ်ငန်းအတွက် ပုသိမ် ခရစ်ယာန်အသင်းတော်များဆီ အကူညီတောင်းပြီး ၅၅သိန်း အကုန်ခံ ၂၀၁၅ မှာ ဝယ်ယူထားတယ်လို့ သိရပါတယ်။ ဒီရွာမှာ ကလေးသူငယ်များအတွက် မူလတန်းကျောင်း တစ်ခုရှိပါတယ်။ အလယ်တန်းတက်ဖို့ အနီးနားက သလပ်ခွါကျေးရွာ ၁၅မိနစ်လောက် မော်တော်ဆိုင်ကယ်နဲ့ ပို့ပေးပြိး ကျောင်းတက်စေပါတယ်။ အခုနောက်ပိုင်းမှာ ကလေးများကို ကျောင်းထားဖို့ ကျေးရွာသားများက အရမ်းစိတ်ဝင်စားကြပါတယ်။

ဆင်းရဲမွဲတေမှု၊ အနှိမ်ခံဘဝက လွတ်မြောက်ဖို့ တခုတည်းသောနည်းလမ်းက ပညာရေး ဖြစ်တယ်လို့ အမေရိကန်နိုင်ငံက အနှိမ်ခံလူမည်းသမတ အိုဘားမား၊ အမေရိကန်လူမည်း နိုင်ငံခြားဝန်ကြီးဟောင်း မစ္စ ရိုက်စ် တို့က ပြောတယ်လို့ သိရပါတယ်။ လိပ်အင်းကုန်း ရွာသားများကတော့ အမေရိကန်၊ ကမ္ဘာ ထိပ်တန်းလူများကို မသိပါဘူး။ သူတို့သိတာကတော့ .. ပညာတတ်ရင် လစာကောင်းမယ်။ လက်လုပ်လက်စား ကျေးရွာသား ဆင်းရဲမွဲတေမှုက လွတ်မြောက်မယ်၊ မြို့မှာ ပညာတတ် အစိုးရဝန်ထမ်းအဖြစ် နေထိုင်မယ် ..ဒါလောက်ပါပဲ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မြန်မာအစိုးရရဲ့ ပညာရေးပြုပြင်ပြောင်းလဲမှု ဘတ်ဂျတ်တိုးပေးမှုများကြောင့် မူလတန်းဆရာမ ၂ဦးကနေ အခုဆို ၆ဦးအထိ တိုးတက်ရရှိလာကြပါတယ်။ ကျောင်းသားများလည်း အခမဲ့ ဘလာစာအုပ်၊ ကျောင်းသုံးစာအုပ်ခဲတံ၊ ကျောင်းဝတ်စုံများ ပံ့ပိုးရရှိလာကြတယ် သိရပါတယ်။ 
.
.
.
လိပ်အင်းကုန်း ဆုတောင်းဥယျာဉ်

ဒီဆောင်းပါး အဓိကအကြောင်းကတော့ လိပ်အင်းကုန်း ဆုတောင်းဥယျာဉ်ပဲ ဖြစ်ပါတယ်။ စာရေးသူလဲ လွန်ခဲ့တဲ့ ၃လအတွင်း မြန်မာပြည်က နာမည်ကျော် ကရင်ပြည်နယ်က သံတောင်၊ နော်ဘူဘောဆုတောင်းတောင်၊ ကချင်ပြည်နယ်က နောင်မွန်း (ဂျော်ဘွန်) ဆုတောင်းတောင်တွေကို ရောက်ရှိ ဆုတောင်းခဲ့ပါတယ်။ ဆုတောင်းချက်များ ရေးသားခဲ့ပါတယ်။ အခု ဧရာဝတီတိုင်း၊ ပုသိမ်မြို့ ရွှေဝါထွန်းအသင်းတော်က ၂၀၀၈ ခုနှစ်လောက်က ရေကန်နဲ့လယ်၊ဥယျာဉ်မြေ ဧက ၃၀ လောက်ကို အခမဲ့နီးပါး သိန်း၂၀လောက် ဈေးနှုန်းနဲ့ ဝယ်ယူခဲ့ပါတယ်။ အခုတော့ သိန်း၇၀၀ လာပေးဝယ်သူ ရှိပေမဲ့ မရောင်းတောပဲ ..ယုံကြည်သူခရစ်ယာန်များသာမက ဘာသာပေါင်းစုံအတွက် ဆုတောင်းဥယျာဉ် တစ်ခုလုပ်ဖို့ ဆုတောင်းလုပ်ဆောင်လျက်ရှိပါတယ်။ 
.
ရန်ကုန်မြို့က လူကြီးသားသမီးတွေက သူတို့မိဘများ မြေကွက်တွေရောင်းစားပြီး သူဌေးဖြစ်သွားတယ်။ သူတို့ကြီးလာရင် ရောင်းစားဖို့မြေကွက်ကျန်တော့မှာ မဟုတ်ပေမဲ့ ..အင်းယားကန်အကြီးကြီးကို မြေဖို့ပြီး မြေကွက်ရောင်းစားမယ်..ကလေးအတွေး ပြောဆိုနေသံ ကြားရပါတယ်။ အလိုလေး မိဘ မဟုတ်တာလုပ်ရင် ကလေးတွေလဲ အလားတူ မဟုတ်တာလုပ်ဖို့ ကြံစည်နေကြပါလား.. ခေါင်းနဘမ်းကြီးမိပါတယ်။

အခု ရွှေဝါထွန်းအသင်းတော် ရူပါရုံကတော့ လိပ်အင်းကုန်း ၃ဧကလောက် ကျယ်ဝန်းတဲ့ အင်းအိုင်ကြီးကို တမံတုတ်ပြီး ၁၀ဧက ကျယ်တဲ့ ရေကန်ကြီးအဖြစ် ဖန်တီးဖို့၊ ရှိနေတဲ့ လယ်မြေ၊ ဥယျာဉ်၊ သစ်ပင်တွေကို ပေ၂၀လောက် အမြင့်ရှိတဲ့ ရေပြင်အောက် ရောက်သွားပြီး နွေပူပြင်းတဲ့အချိန်မှာတောင် ၁၀ပေ လောက် ရေအနက်ရှိမဲ့ လိပ်အင်းကြီးကို ဖန်တီးဖို့ ဖြစ်ပါတယ်။ ရှိနေတဲ့ မြေကြီးတွေကို ရေဖုံးလွမ်းသွားအောင် လုပ်ဆောင်ပါမယ်။ သဘာဝကို သဘာဝအတိုင်း ပြန်လည်း ပြုပြင်ပျိုးထောင်ပါတယ်။ ရေဖုံးလွှမ်းသွားရင် ဥယျာဉ်ပတ်ဝန်းကျင်က ၁၂ရာသီ လေတအေးအေး ငြိမ်းချမ်းပါမယ်။ ရေ ဆိုတာ လူတိုင်းကို အေးမြစေတဲ့အပြင် သန့်ရှင်းသောဝိညာဉ်ကလည်း ရေသဏ္ဍန် ရှိပါတယ်။ ရေနဲ့ နှစ်ခြင်းမင်္ဂလာ ပေးပါတယ်။ ရေသောက်၊ ရေချိုးခြင်းအားဖြင့် သက်ရှိသတ္တဝါအားလုံး လန်းဆန်းလာကြပါတယ်။ ဒါကြောင့် ၁၀ဧက ရေကန်တစ်ခုကို ဖန်တီးဖို့ ဖြစ်ပါတယ်။

အဲဒီ ၁၀ဧကလောက် ရှိလာမဲ့ အင်္ဂလိပ်အက္ခရာ အက်စ်ပုံသဏ္ဍန်ရှိမဲ့ အင်းအိုင်ကြီးကို ကန်ပတ်လမ်း (၃)မိုင်လောက် အရှည်ကို လူသွားနိုင်အောင်၊ စက်ဘီး ဆိုင်ကယ်စီးနိုင်အောင် ဆောက်လုပ်ပေးပါမယ်။ ရှိနေတဲ့ သစ်ပင်တွေကို မခုတ်ပဲ ဆက်လက်ကြီးထွားအောင် ရေထိန်းနိုင်အောင် ဥယျာဉ်ပျိုးဆောင်ပေးပါမယ်။ အင်္ဂလိပ်အစိုးရလက်ထက် သစ်တောဌာနက ထိန်းသိမ်းထားတဲ့ ဧရာမ နေမထိုး သစ်တောကြီးဘဝကနေ စစ်အစိုးရလက်ထက်မှာ မြေကတုံးသာသာ ဖြစ်သွားရပါတယ်။ ကုမဏီကြီးတွေက ကျွန်း၊ ပျဉ်းကတိုး သစ်ပင်ကြီးများ ခုတ်ယူ၊ တရုပ်ပြည်ပို့ရောင်းချ၊ ဒေသခံများက မျောကိုင်း၊ ထင်း၊ မီးသွေးဖုတ် တရားမဝင်လုပ်ကိုင်ရင်း လိပ်အင်းကုန်း သစ်တောကြီးလဲ သိက္ခာမလွန်ဆန်းနိုင် ပြုန်းတီးသွားရပါတယ်။ ဘုရားသခင်ကျေးဇူးတော်ကြောင့် ... လိပ်အင်းကုန်းဥယျာဉ်မြေကို ရွှေဝါထွန်းအသင်းတော်က ဝယ်ယူခွင့်ရရှိ ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ဆုတောင်းဥယျာဉ်အဖြစ် ပြောင်းလဲဖို့ ရုပါရုံရရှိလာပါတယ်။

ဆုတောင်းဥယျဉ်မှာ လက်ရှိ သစ်ပင်ကြီးများတော့ မရှိပေမဲ့ လွန်ခဲ့တဲ့ ၅နှစ်က စိုက်ထားတဲ့ အပင်များက ပေ၂၀လောက်အထိ မြင့်မားလာကြပါပြီ။ ခုတ်လှဲခံထားရတဲ့ သစ်ပင်ကြီးအမြစ်များကလည်း အကိုင်းအခက်တွေနဲ့ အသစ်တဖန်ရှင်သန်လာနေတာတွေ့ရပါတယ်။ တော်သလပင် - အသီးစားရပါတယ်။ သလူပင် - အိမ်မိုး၊ ထမ်းထုတ်ဖက် ရပါတယ်။ သင်ပင် - သင်ဖျးဖျာ လုပ်နိုင်ပါတယ်။ ဥယျဉ်ပတ်လည်မှာ မလေးရှားပင်များကို လွန်ခဲ့တဲ့ ၃နှစ်က အကြီးကျယ် စိုက်ခဲ့ပါတယ်။ အခု ပေ၂၀ အထိ မြင့်မားနေပါပြီ။ အနီးနားက သံတွဲမြစ်၊ ဟိုကလိုးချောင်း၊ ထီလဲလူချောင်းများရှိပါတယ်။ 
.
.
.
လိပ်၊ ငါး၊ သစ်ပင်ပန်းမာလ်

ငါးအရင်းအမြစ် ကလည်း အဲဒီ မြစ်ချောင်းများကနေ မိုးရာသီမှာ လိပ်အင်းကို ရောက်လာမယ်ဖြစ်ပါတယ်။ အခုဆို နှစ်တိုင်း နွေရာသီမှာ လိပ်အင်းကို ဖော်ပြီး ငါးများစွာ ရရှိပါတယ်။ အနီးနားက ရွာသားများ သစ်ဝါးခုတ်ခြင်း၊ မွေးထားတဲ့ ဝက်၊ ကျွဲနှား၊ ဘဲအုပ်များလဲ လိပ်အင်းမှာပဲ နေထိုင် ရှာဖွေစားသောက်နေတာကို တွေ့ရပါတယ်။ ငါးလာဖမ်းရင်လဲ ရပါတယ်။ သူတို့ တနှစ်လုံးဖမ်းပြီးမှာ နွေရာသီမှာ ရွှေဝါထွန်းအသင်းတော်က လာပြီး ငါးဖေါ်ပါတယ်။ ရေအားလုံး စုတ်ထုတ်ပြီး ပေါ်လာတဲ့ ငါးတွေ။ ဒီနှစ်ဆို ပိသာ ၁၀၀ကျော်ရပါတယ်။ ၅ကောင်ဆို တပိသာရှိတဲ့ ငါးခူမြောက်များစွာ ရရှိပါတယ်။ တစ်ကောင် တပိသားကျော် ရှိတဲ့ ငါးရံ့ကြီးများစွာလည်း ရရှိပါတယ်။ လိပ်များလည်း ရရှိပါတယ်။ ယခင်က ဒီနေရာမှာ လိပ်များစွာ တွေ့ရှိလို့ လိပ်ကျွန်းလို့ အမည်တွင်ခဲ့ပါတယ်။ နောက်ပိုင်းလဲ လိပ်များကို မွေးမြူ ထည့်သွင်းထားမှာဖြစ်ပါတယ်။ ငါးအမျိုးများစွာလည်း လိပ်အင်းမှာ ထည့်သွင်းထားရင် ငါးမျှားဝါသနာပါသူများလည်း အပမ်းဖြေ ငါးမွေးနိုင်ပါမယ်။

လက်ရှိအခြေနေမှာပဲ မိုးကျလာပြီး ရေပြည့်လာရင် ကြာပင်တွေပြည့်လာပါတယ်။ ကြာပန်းအမျိုးမျိုး ရောင်စုံ လှပနေတာ တွေ့ရပါတယ်။ ဆုတောင်းခန်းများဟာ ရေမျက်နှာပြင်အပေါ်မှာ တည်ဆောင်ထားမယ်။ သင်္ဘောလို ရေပေါ်ဆုတောင်းခန်း ဖြစ်ချင် ဖြစ်ပါတယ်။ အသေအုတ်မြစ်ချထားတဲ့ ဆုတောင်းခန်းများ ဖြစ်ချင်ဖြစ်ပါမယ်။ သေချာတာကတော့ ဆုတောင်းခန်းများကို ရေပတ်လည်ဝိုင်းထားဖို့ဖြစ်ပါတယ်။ ရေ၊ လေ၊ ပတ်ဝန်းကျင် စိမ်းလမ်းစိုပြေနေရင် လာရောက်သူများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ဝမ်းသာကြမှာပါ။

ပိုပြီး ဝမ်းမြောက်ဖို့ကတော့ ဆုတောင်းခန်းများဖြစ်ပါတယ်။ ယုံကြည်သူများ အတူဆုတောင်းနိုင်မယ်။ သမ္မာကျမ်းစာနဲ့အညီ ဆုတောင်းတတ်မယ်။ ကျမ်းစာလေ့လာခြင်းများကို ဆုတောင်းခန်းမှာရှိနေတဲ့ အမှု့ဆောင်များနဲ့ အတူ ကျမ်းစာသင်တန်းများလည်း ပို့ချပေးနိုင်မယ်ဖြစ်ပါတယ်။ ဒါကတော့ အဓိကအကျဆုံး ထာဝရ ဝမ်းမြောက်ခြင်း၊ တနည်းအားဖြင့် ဘုရားသခင် ဘုန်းတော်ထင်ရှားဖြင်း ဖြစ်လာဖို့ပါ။ 
.
.
.
ဆုတောင်းခန်းများ
.
လူအမျိုးမျိုးတို့ ထာဝရဘုရားကို ဟစ်အောဆုတောင်းဖို့ ဆုတောင်းခန်းများစွာ ဆောက်လုပ်ပါမယ်။ ဆုတောင်းခန်း တစ်ခုကို ၁၀ယောက်လောက် စုပေါင်းဆုတောင်းနိုင်ပြီး လာရောက်ဆုတောင်းသူများရဲ့ ဆုတောင်းချက်များကို နှုတ်ကပတ်တော်နဲ့အညီ ပြောပြ၊ လမ်းပြပေးမဲ့ ဓမ္မဆရာများလည်း ရှိနေပါမယ်။ အကြွေးပတ်လည်ဝိုင်းနေတဲ့ လုပ်ငန်းရှင်များ၊ လူပုဂိုလ်များအတွက် စီးပွားရေးဆုတောင်းခန်း ရှိပါမယ်။ အလားတူ အနာရောဂါကင်းခြင်း၊ နာမကျန်းဖြစ်သူများအတွက် ဆုတောင်းခန်း၊ အိမ်ထောင်ပြသနာကြုံနေသူများအတွက် အိမ်ထောင်ရေး၊ လူမှုရေး ဆုတောင်းခန်း၊ အသင်းတော်နဲ့ဝိညာဉ်ရေးအခက်ခဲများအတွက် ဝိညာဉ်ရေးရာဆုတောင်းခန်း၊ ပညာရေးအခက်ခဲများအတွက် ပညာရေးဆုတောင်းခန်း၊ ရန်ပွဲ၊ တရားရုံး ရင်ဆိုင်နေရသူများအတွက် ငြိမ်းချမ်းရေးဆုတောင်းခန်း ..စသဖြင့် ဆုတောင်းခန်း အသီးသီးကို ဓမ္မဆရာများ ခန့်ထားပြီး ဖိတ်ခေါ်မှာပါ။ 
.
ဘုရားအလိုတော်ရှိရင် ဟိုးအဝေးက မြင်တွေ့နိုင်မဲ့ လက်ဝါးကပ်တိုင်ကြီးတစ်ခုကို တောင်ကုန်းပေါ် ထောင်ထားဖို့ပါ။ ဗုဒ္ဓထွန်းကားတဲ့ မြန်မာနိုင်ငံမှာ လိပ်အင်းကုန်း တဝိုက်မှာလဲ စေတီပုထိုး ကျောင်းကန်များစွာ အဝေးကနေ မြင်နိုင်ပါတယ်။ ပင်လယ်ကမ်းခြေ သွားတဲ့ ခရီးသည်များ လက်ဝါးကပ်တိုက်ကြီးကို အဝေးကနေ လှမ်းမြင်ရရင် မေးမြန်းရင်းနဲ့ ဆုတောင်းဥယျာဉ်မှန်း သိသွားကြမယ်။ လာရောက်ကြည့်ရှုမယ်။ ဆုတောင်းပေးသူ ဓမ္မဆရာများလည်း ဆုတောင်းခန်းမတွေနဲ့ တွေ့ရမယ် ဆိုရင် လူတိုင်း ဘုရားသခင်ကို အားကိုး ဆုတောင်းလာကြပါတယ်။ နောက်ဆုံး ညအိပ်နေထိုင်သူများလာရင် လူနေအပမ်းဖြေဥယျဉ်နဲ့ ကိုက်ညီတဲ့ တည်းခိုခန်း၊ စားသောက်ဆိုင်၊ ဈေးဆိုင်များလည်း ပေါ်ပေါက်လာပါမယ်။ လိပ်အင်းကုန်းကျေးရွာအုပ်စု (၉၃) အိမ်ကနေ ကမ္ဘာ လှည့်၊ မြန်မာလှည့် ခရီးသယ်များရဲ့ ဆုတောင်းဥယျာဉ် ဖြစ်လာဖို့ ဘုရားအလိုတော်ရှိမှာပါ။

၂၀၁၇ ခုနှစ်မှာ ရေတမံတုတ်ပြီး အခြေခံဆုတောင်းခန်း၊ ညအိမ်နေထိုင်ချက်ပြုတ်ခန်းများ ပြီးစီးဖို့ ရွှေဝါထွန်းအသင်းတော် တစ်ခုထဲနဲ့ မရနိုင်ပါဘူး။ ပုသိမ်မြို့ပေါ်မှာ ရှိနေတဲ့ ရိုမင်ကာသိုလစ်ခရစ်ယာန် ဘုရားကျောင်းအဖွဲ့အပြင်၊ စကောကရင်၊ ပိုးကရင်၊ မြန်မာနှစ်ခြင်း၊ ကာရာနီအသင်းတော် ..စတဲ့ အသင်းတော် ၁၀ပါးက သင်းအုပ်များ သင်းထောက်များကို ပြောပြ၊ ဆုတောင်းချက်တင်ခဲ့တာ နှစ်အနည်းငယ် ကြာပီ ဖြစ်ပါတယ်။ ရန်ကုန်က ရောက်လာတဲ့ မြန်မာနိုင်ငံသား၊ နိုင်ငံခြားသား မိတ်ဆွေများကိုလည်း ပြောပြ၊ ဆုတောင်းချက် တင်သွင်း၊ ဆုတောင်းပေးဖို့ ယေရှုမေတ္တာနဲ့ ဖိတ်ခေါ်နေပါတယ်။ 
.
.
.
ဘယ်သူတွေ လာဆုတောင်းကြမလဲ။

ပုသိမ်မြို့ကနေ စစ်အစိုးရခေတ် နာမည်ကျော် ချောင်းသာ၊ ငွေဆောင် ပင်လယ်ကမ်းခြေများကို သွားတဲ့ လမ်းအနီးမှာပဲ ရှိမယ်ဖြစ်ပါတယ်။ ဒါကြောင့် အပမ်းဖြေ၊ စိတ်ပြေလက်ပျောက် လာရောက်တဲ့ မြန်မာနိုင်ငံသားများ၊ နိုင်ငံခြားသားများစွာ ခရီးတထောက်အဖြစ် နာရီပိုင်းဖြစ်စေ၊ ညအိပ်နေထိုင်ခြင်း ဖြစ်စေ ရောက်လာကြမှာဖြစ်ပါတယ်။

ဘုရားသခင် ဘုန်းတော်ထင်ရှားစေမဲ့ လုပ်ရပ်တိုင်းက ဆုတောင်းခြင်းနဲ့ပဲ စတင်ခဲ့ပါတယ်။ ယုံကြည်သူများ မယုံကြည်သူများ အားလုံးမှာ သူတို့ယုံကြည်တဲ့ ဘုရားဆီကို ဆုတောင်းလေ့ရှိပါတယ်။ သေရေးရှင်ရေး၊ စစ်တိုက်ခိုက်မှုများလို အခက်ခဲအကြီးအမားဖြစ်လာရင် အစာရှောင်ဆုတောင်းခြင်း (တနည်းအားဖြင့် ဥပုပ်စောင့်ခြင်း) နဲ့ ဘုရားထံ အောဟစ်ဆုတောင်းရပါတယ်။ ဘုရားသခင် နားညောင်းဖို့ဆိုတာ ဆုတောင်းသူရဲ့ ဘယ်လောက်အထိ ဘုရားသခင်ကို အားကိုးတယ်ဆိုတဲ့အပေါ် မူတည်ပါတယ်။ တယောက်တည်း ဆုတောင်းခြင်းထက် အစုအဝေးနဲ့ဆုတောင်းခြင်းက ပိုပြီးထိရောက်ပါတယ်။ 
.
.
.

ရွှေဝါထွန်း အသင်းတော် (ပုသိမ်)

သင်းအုပ် ဆရာဝါရှင်တန် ကတော့ ပုသိမ်မြို့မှာ တပည့်တော်ဖြစ် အစုလေးတစ်ကိုကို အိမ်ထောင်စု ၁၀စုလောက်နဲ့ ၁၉၉၈ မှာ စတင်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာ ယခုပုသိမ်တက္ကသိုလ် နောက်ကျောက လယ်ကွက်တွေကို ကျပ်၃သိန်းလောက်နဲ့ ဝယ်ယူနိုင်ခဲ့ပြီး၊ ပေ ၁၀၀ x ပေ ၅၀ အရွယ်အစား အသင်းတော်တစ်ခုကို ဒေသထွက်ကုန် ဝါးကြီး၊ ဝါးငယ်များပဲ အသုံးပြုပြီး တည်ဆောက်ခဲ့ပါတယ်။ ထူးခြားတဲ့ အသင်းတော် တစ်ခုဖြစ်ပါတယ်။ မြန်မာ ဗုဒ္ဓဘာသာများ အကြားမှာ စတင်ဆောက်လုပ်လိုက်တာနဲ့ လူ(၃)ဦးက သီးခြားတိုင်စာများ အစိုးရမင်းထံ ပို့ပါတယ်။ ဒါကြောင့် သက်ဆိုင်ရာက ဝါးနဲ့ဆောက်တဲ့အသင်းတော် ဆောက်လုပ်ရေးလုပ်ငန်းကို ချက်ခြင်းရပ်တံ့ဖို့ အမိန့်ထုတ်ပါတယ်။ သင်းအုပ်နဲ့ တပည့်တော်စုအျတွက် ဘာမှမတတ်နိုင်ပါဘူး။ ဘေးပတ်ဝန်းကျင်က ဘယ်သူတွေ တိုင်မှန်းလည်းမသိပါဘူး။ နှစ်နဲ့ချီပြီး ဆောက်လုပ်ရေးလုပ်ငန်း ရပ်ဆိုင်းခဲ့ပါတယ်။ နောက်မှာ ဒီအမှုဟာ အစိုးရဥပဒေဆန်းကျင်မှုနဲ့ နိုင်ငံရေးသမားများကို ထောင်ချအရေးယူတဲ့အဆင် တနည်းအားဖြင့် လူစုလူဝေးနဲ့ အစိုးရဆန်းကျင်ရေးလုပ်တယ်လို့ တိုင်ကြားထားမှန်းသိသွားပါတယ်။ အချိန်မရွေး ထောင်ကျ ဘဝပျက်သွားနိုင်တယ်ဆိုတာ သတိထားမိလာပါတယ်။ ဆောက်လုပ်ခွင့် ရပ်ဆိုတော့ ရပ်လိုက်ပါတယ်။ တရားရုံးတွေမှာ ရင်ဆိုင်ရတော့ ဘုရားနဲ့ပဲ ဖက်တွယ်အားကိုးရပါတယ်။

နောက်ဆုံးတော့ အစိုးရမင်း အရာရှိများ လူသစ်ပြောင်းသွားတဲ့အချိန် ၊ အုပ်ချုပ်သူအသစ်ကို တရားရုံးမှာ ဆက်လက်ဆောက်စေ ဆိုပြီး အမိန့်ချပါတယ်။ ဝါးပိုးဝါးကြီးများ၊ ဝါးကလေးများနဲ့ သက်ကယ်အမိုးနဲ့ ဆောက်ထားတဲ့အတွက် ဆောက်လုပ်ရေးပါမစ်ယူစရာမလိုကြောင်း၊ ယာယီအဆောက်အဦး အဆင့်ရှိတဲ့အတွက် ဆောက်လုပ်ရေးပါမစ်မလိုပါ ဆိုပြီး အမိန့်ချမှတ်လိုက်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ ပြီးစီးခဲပါတယ်။ ယာယီ ဘုရားကျောင်းက အခု ၈နှစ်ကြာပေမဲ့ အလွန်ခိုင်ခံ့ပါတယ်။ ဘုရားအလိုတော်ရှိရင် ပိတ်ထားတဲ့တခါးလဲ ပွင့်သွားပါတယ်။ ဖွင့်ထားတဲ့တခါးလဲ ပိတ်သွားနိုင်ပါတယ်။

ပိုပြီးအံ့သြစရာကောင်းတာကတော့ ...ရွှေဝါထွန်းအသင်းတော် တည်ဆောက်ခြင်းကို အပြင်းထန် ကန့်ကွက်စာ တိုင်ကြားသူ၊ တိုင်စာ (၃)စောင် သီးခြားစီ အစိုးရဆီ ပို့သူများ ... သူတို့ပိုင်ဆိုင်တဲ့ အိမ်ယာ၊ စီးပွားလုပ်ငန်းများ ပျက်သုန်းသွားပြီး သူတို့မိသားစုလဲ ပြိုကွဲသွား၊ သေဆုံး ပြောင်းရွှေ့သွားကြတယ် ဆိုတာကို ပတ်ဝန်းကျင်က ဗုဒ္ဓဘာသာဝင်များက ပြောပြလို့ သိလိုက်ရပါတယ်။ မယုံကြည်သူများက အဲဒီ အဖြစ်အပျက်ပြီးဆုံးသွားပြီး နှစ်အနည်းငယ်အတွင်း မထီမဲ့မြင် လုပ်တဲ့ လူသိထင်ရှားတဲ့ လူပုဂိုလ် (၃)ဦး အံ့သြဘွယ် ဘဝပျက်၊ သေဆုံး ပျောက်ကွယ်သွားတာကို တွေ့လိုက်ပြီးတဲ့နောက် ...ဟေ့ ..ရွှေဝါထွန်းအသင်းတော် က ခရစ်ယာန်တွေကို မထီမဲ့မြင်မလုပ်နဲ့... သူတို့ဘုရားက ရိုက်လိုက်တာ ဒီလိုဒီလိုပဲ ...လို့ ပြောစမတ်ဖြစ်သွားပါတယ်။

အခုဆို ၂၀၁၆ အနီးနားက လယ်မြေအားလုံး လူနေအိမ်ဖြစ်သွားပါပီ။ ရွှေဝါထွန်းအသင်းတော် မြေကွက်ထဲမှာ အိမ်ထောင်စု (၃၀) လောက်ကို အခမဲ့ နေထိုင်ခွင့်ပေးပါတယ်။ ဒုက္ခဆင်းရဲရောက်သူများကို ခရစ်ယာန်၊ ဗုဒ္ဓဘာသာမရွေးပဲ အခမဲ့ ကူညီစောင့်ရှောက်နေလို့ ..ကွန်ကရစ်လမ်းဖောက်ခြင်း၊ အိမ်ယာဆောက်ပေးခြင်း စတဲ့ လူမှုရေးလုပ်ငန်းများမှာလဲ ရွှေဝါထွန်းအသင်းတော်ကို ဘုန်းတော်ထင်ရှားစေပါတယ်။

.
.
လိပ်အင်းကုန်း ဆုတောင်းဥယျဉ်အတွက် စိတ်ဝင်စားသူများ .. သတိရဆုတောင်းပေးဖို့ ... ယေရှုနာမနဲ့ လေးစားစွာဖိတ်ခေါ်ပါတယ်။ မြန်မာနိုင်ငံအနှံ့ မှာ ယုံကြည်သူများကို မြင်တာနဲ့ဘုရားသခင်ဘုန်းတော်ထင်ရှားဖို့ Godly Attitude Myanmar ဆုတောင်းလိုက်ပါတယ်။

 

ဖတ်ရှုသူအပေါင်းတို့အပေါ် ဘုရားသခင် ကောင်းကြီးမင်္ဂလာ သက်ရောက်ပါစေ။ ဘုရားသခင် ဘုန်းတော်ထင်ရှားပါစေ။ မုရန်
.
...ဆက်သွယ်ရန်
ရွှေဝါထွန်းအသင်းတော်၊ ပုသိမ် (+95) 09 421175714 , 09 774433357
Email: This email address is being protected from spambots. You need JavaScript enabled to view it.

 
 
Like
Like
Love
Haha
Wow
Sad
Angry
 
Comment