မြန်မာများ အသက်မွေးဝမ်းကျောင်းနေသော ကာစီနိုသင်္ဘောကြီး m/v Amusement World, Penang, Malaysia


ဒူးလော့မစ်ရှင်သင်္ဘောအကြောင်း စင်ကာပူယုဒသန်အသင်းတော် သွားရောက်ခဲ့စဉ်က ဆောင်းပါးဖတ်ခဲ့ဖူးပါတယ်။ သင်္ဘောကြီးစီးပြီး ကမ္ဘာပတ်မစ်ရှင်လုပ်တဲ့အကြောင်း သင်္ဘောနဲ့လိုက်ပါ လုပ်အားပေးလိုသူများက မိမိစရိတ်၊မိမိပေးပြီး တမြို့ဝင်၊တမြို့ထွက် မစ်ရှင်ခရီးစဉ် တနည်းအားဖြင့် မိတ်သဟာရ၊တွေ့ဆုံ၊ သီဆိုချီမွမ်း၊ကျွေးမွေး၊ဝတ်ပြုကိုးကွယ်ကြတဲ့ မိတ်သဟာရ၊ ဧဝံဂေလိသင်္ဘောကြီး နာမည်က ဒူးလော့လို့ခေါ်ပါတယ်။ မြန်မာပြည်ကို သွားဖို့အစီအစဉ်ရှိတာ စစ်အစိုးရလက်ထက် ခွင့်မပြုလို့ မြန်မာများစွာရှိတဲ့ စင်ကာပူကို သင်္ဘောကြီးဝင်လာချိန်မှာ စင်ကာပူက မြန်မာခရစ်ယာန်များနဲ့ ဒူးလော့သင်္ဘောပေါ်က လူမျိုးစုံတို့ တွေ့ဆုံပွဲဖြစ်ပါတယ်။


ယုဒသန်အသင်းတော်က သင်းအုပ်ဆရာလည်း မကြာခဏဆိုသလို ကာစီနိုသင်္ဘောတစ်ခုဆီ မစ်ရှင်သွားလေ့ရှိပါတယ်။ သင်္ဘောကြီးကတော့ ရှယ်ပဲ၊ သူဌေးတွေက ကာစီနိုကစားဖို့ သူတို့အပေါင်းသင်းများနဲ့လာကြတယ်။ သင်္ဘောသားတွေကလည်း မြန်မာတွေချည်းပဲ။ ကာစီနိုလောင်းကစားပွဲတွေက ဝန်ထမ်း၊ လုံခြုံရေး၊ သင်္ဘောအင်ဂျင်နီယာများ အားလုံးနီးပါး မြန်မာချည်းပဲလို့ ပျော်စရာကောင်းကြောင်း ပြောပြပါတယ်။ လိုက်သွားချင်သော်လည်း တစ်ခါမှမလိုက်ခဲ့ဖူးပါ။

မြန်မာကာစီနိုများ
တရုပ်ပြည်မှာ ကာစီနိုကစားခွင့်မပြုပါဘူး၊ ထိုင်းနိုင်ငံလည်း ကာစီနိုကစားခွင့်မပြုပါဘူး။ တရုပ်ပိုင် မကာအိုကျွန်းမှာတော့ ကိုလိုနီခေတ်ကတည်းက ကာစီနိုလုပ်ခွင့်ပေးလို့ သူဌေးများ မကာအိုကာစီနိုကစားကြပါတယ်။ နောက်တော့ မလေးရှား၊ ဂျင်တင်းဟိုက်လင်း (ကွာလာလမ်ပူအနီးက တောင်တခုမှာ) ကာစီနိုတစ်ခု ဖွင့်ခဲပါတယ်။ စင်ကာပူအစိုးရကတော့ ကာစီနိုလုပ်မစားဖူးလို့ ကြွေးကြော်ခဲ့ပေမဲ့ ၂၀၁၀မှာ ကာစီနိုကြီး၂ခု ဖွင့်ပြီး လုပ်ကိုင်စားသောက်နေပါပြီ။ မိတ်ဆွေတစ်ဦးကပြောပါတယ်။ သူတို့ တောမြို့တွေမှာ အရက်ဆိုင်၊ ဖဲဒိုင်လုပ်စားတဲ့ အိမ်များက ရဲတွေကိုပေါင်းထားရတယ်ဆိုပဲ။ ဖဲဝိုင်းပြီးရင် ဖာခန်းနဲ့ ပိုက်ဆံရှာရတော့မှာပဲ ..လို့ ရယ်စရာစကားပြောပါတယ်။ စင်ကာပူက ကာစီနို၂ခုရဲ့ ဆိုးကြိုးများစွာ နှစ်ပိုင်းအတွင်း ကြုံနေရပါပြီ။ မိသားစုများ ပြိုကွဲပျက်စီးရပုံ၊ မိမိကိုယ်ကိုသတ်သေခြင်း...စိတ်မကောင်းစရာများ ..ကာစီနိုနောက်ဆက်တွဲဖြစ်ရပ်များပါ။ မြန်မာပြည်ကတော့ တရုပ်၊ထိုင်းနိုင်ငံများမှာ ကာစီနိုမရှိတာကို အခွင့်ကောင်းယူပြီး ထိုင်း၊တရုပ်သူဌေးကြီးများအတွက် မြန်မာကာစီနိုများ နယ်စပ်တွေမှာ တည်ထောင်ခဲ့ပါတယ်။ ရွှေလှီ၊မူဆယ်ဖက်မှတစ်ခု၊ ရွှေတြိဂံမှာတစ်ခု၊ ကော့သောင်မှာတစ်ခု မြန်မာကာစီနိုများဖြစ်ပါတယ်။ မြန်မာကာစီနိုမှာ မြန်မာများ လောင်းကစားမလုပ်ရလို့ တားမြစ်ထားပါတယ်။


ပီနန်ကာစီနိုသင်္ဘောပေါ်ရောက်ခြင်း

မမျှော်လင့်ပဲ မလေးရှားနိုင်ငံ၊ ပီနန်မြို့က ကာစီနိုသင်္ဘောကြီးတစ်စီးကို လျှပ်စစ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတစ်ခုလုပ်ဖို့ ၃ရက်ရောက်ရှိသွားပါတယ်။ စင်ကာပူကနေ လေယဉ်နဲ့ မလေးရှား၊ ပီနန်မြို့ကို ရောက်ရှိစဉ် မရောက်တာ ၂နှစ်လောက်ကြာပြီဖြစ်တဲ့ ပီနန်မြို့ကို တစ်ခေါက်ပြန်ရောက်ခဲ့ပါတယ်။ ထုံးစံအတိုင်း လှပတဲ့ ပင်လယ်က စင်ကာပူကျွန်းတဝက်လောက်ပဲရှိတဲ့ ပီနန်ကျွန်းကို လေယဉ်ပေါ်က မြင်ရပါတယ်။ ပီနန်ကျွန်းကို တံတားကြီး၂ခုတောင် ထိုးထားပြီးပါပြီ။ တခုကတော့ အရှေ့တောင်အာရှမှာ အရှည်ဆုံးတံတားလို့ ဆိုပါတယ်။ ပီနန်ကျွန်းတဖက်မှာ ဘာတာဝပ်ခေါ်တဲ့ မြို့ကလေးတစ်ခုရှိပါတယ်။ ပီနန်ကျွန်းမှာ တောင်ကြီးများရှိပြီး အမြင့်ဆုံး ပီနန်တောင်ကြီးကို ကြိုးရထားနဲ့ တက်လို့ရပါတယ်။ ကားနဲ့တက်ရင်လည်းရပါတယ်။ ပီနန်မြို့ကလည်း အဆောက်အဦများစွာနဲ့ တိုးတက်ရင်းမက တိုးတက်နေဆဲဖြစ်ပါတယ်။ ကာစီနိုသင်္ဘောပေါ်ရောက်ချိန် ပီနန်ဆိပ်ကမ်းကို လှမ်းကြည့်ရင် ထိုးထိုးထောင်ထောင် တိုက်တန်းများစွာတွေ့ရပါတယ်။ ထုံးစံအတိုင်း ကမ္ဘာလှည့်ခရီးသည်များစွာ လာရောက်အပမ်းဖြေတဲ့ ပီနန်ဆိပ်ကမ်း၊ လန်ကာဝီကျွန်း စတဲ့ တိုးရစ်အပမ်းဖြေနေရာများရှိပါတယ်။ အခုလာရောက်ခြင်းက ကာစီနိုသင်္ဘောပေါ်ဖြစ်တဲ့အတွက် ကာစီနိုသင်္ဘောကြီးနှင့်မြန်မာများအကြောင်းကိုပဲ ရေးပါမယ်။

ဂျော့ခ်ျတောင်း ဆိုတဲ့ ပီနန်မြို့လည်ခေါင် ဆိပ်ကမ်းကို ရောက်ချိန်၊ ပတ်စပို့ကိုပေးလိုက်ပြီး ကမ်းတက်လက်မှတ်ပေးပါတယ်။ ခရီးသည်တစ်ယောက်ကို RM30 (US$8.00) လောက်ကျသင့်ပါတယ်။ မနက် ၁၁နာရီလောက်ဆိုရင် ခရီးသည်လက်ခံပြီဖြစ်ပါတယ်။ သင်္ဘောပေါ်မှာ ကာစီနိုကစားဖို့ လာရောက်အပမ်းဖြေသူများ၊ အိပ်ခန်းကျဉ်းကျဉ်းလေးများ ၂ယောက်ခန်းကို RM60 ပေးရပါတယ်။ အိပ်ခန်းမှာမအိပ်ချင်ရင်လဲ ရုပ်ရှင်ရုံခန်းမှာ RM10 ပေးပြီး အိပ်နားနေလို့ရပါတယ်။ ငွေစောစောကုန်သွားရင် (သို့မဟုတ်) စိတ်မပါပဲ ကာစီနိုမကစားချင်ရင် နားနေဖို့ နေရာများစွာရှိပါတယ်။ အပေါ်ဆုံးထပ်မှာဆိုရင် ဘတ်စကက်ဘောကွင်းနဲ့ ပန်းခြံရှိပါတယ်။ အသက်ကယ်လှေများနဲ့ လူ၅၀၀လောက် အတွက်အသက်ကယ်အင်္ကျီများစွာ တန်းစီရှိနေပါတယ်။ သင်္ဘောက အနှစ်၃၀ကျော်ကြာပြီဖြစ်တဲ့အတွက် ဟောင်းနေသော်လည်း ပြုပြင်မွမ်းမံထားလို့ ခန့်ငြားလှပနေဆဲဖြစ်ပါတယ်။

သင်္ဘောပေါ်တက်ချိန်မှာ အိပ်တွေဖွင့်ပြီး အထူးသဖြင့်လက်နက်များ ပါမပါ၊ ရှာပါတယ်။ လုံခြုံရေး၊ လက်မှတ်ဝန်ထမ်းများက မြန်မာတွေပဲဖြစ်ပါတယ်။ ဖိလစ်ပိုင်၊ မလေးရှား မိန်းကလေး၊ ယောင်္ကျားလေးများလည်း အလုပ်လုပ်ကြပါတယ်။ မြန်မာများကတော့ အယောက်၃၀၀ကျော် အလုပ်လုပ်နေကြတယ်ပြောပါတယ်။ တကယ်ပါပဲ ... အထဲရောက်တော့ အားလုံးမြန်မာများချည်းတွေ့ရပါတယ်။ စက်ပိုင်းဆိုင်ရာ အင်ဂျင်နီယာအားလုံးနီးပါး မြန်မာများဖြစ်ပါတယ်။ ကာစီနိုဒိုင်လုပ်သူများလည်း မြန်မာတွေချည်းဖြစ်ပါတယ်။ စားပွဲထိုးများလည်း မြန်မာလူငယ်တွေပါပဲ။ စားဖို့မှုးချုပ်ကတော့ ဖိလစ်ပိုင်လူမျိုး၊ ကက်ပတိန်က ယူကရိန်းလူမျိုး၊ စက်ချုပ်(အင်ဂျင်နီယာချုပ်)၊ ကုန်းချု့ပ်၊ စက်မှု၊လျှပ်စစ်အင်ဂျင်နီယာ၊ တက်ကနီရှင်အကူများ အားလုံးဟာ မြန်မာများဖြစ်ပါတယ်။ သင်္ဘောကြီးပေါ်မှာပဲ အလုပ်လုပ်တယ်၊ စားသောက်၊ နေထိုင်၊ အိပ်ကြတယ်။ တစ်ချို့ဆို ဒီသင်္ဘောပေါ်မှာ ၆လလုပ်ပြီး မြန်မာပြည်ပြန်နားတယ်။ နောက်ပြန်လာတယ်။ အနှစ်၂၀တောင်ရှိပြီလို့ ပြောပါတယ်။ မြန်မာအလုပ်သမား၊အင်ဂျင်နီယာပေါင်း ၃၀၀ကျော်ကို အလုပ်ပေးထားတဲ့ ကာစီနိုသင်္ဘောကြီးကို စိတ်ဝင်စားမိပါတယ်။

ကုန်းပတ်ပေါ်မှာ ဈေးဆိုင်ရှိပါတယ်။ အမှတ်တရပစ္စည်းများ၊ ဆေးလိပ်အရက်များ ရောင်းချပေးပါတယ်။ ဖုန်းကပ်၊ ချောကလက်၊ စားစရာများ၊ တီရှယ်၊ ဘောင်ဘီ၊ခြေအိပ် စသဖြင့် လူသုံးကုန်များရောင်းချပေးပါတယ်။ ညပိုင်းမှ ခရီသည်များစုံတော့ ညပဲရောင်းပါတယ်။ စနေ၊တနင်္ဂနွေဆိုရင်တော့ ခရီးသည် ၅၀၀ကျော် လာကြတဲ့အတွက် အလုပ်အလွန်များပါတယ်။ အခုလို ရုံးဖွင့်ရက်များမှာတော့ လူ၁၅၀၊ ၂၀၀လောက်ပဲ လာကြပေမဲ့ ကာစီနိုသင်္ဘောကတော့ မရှုံးပါဘူး။ သင်္ဘောစီးခ RM30 ပေးပြီးရင် ညစာ၊ ညသန်းကောင်စာ၊ မနက်စာ စပယ်ရှယ်စားသောက်ရပါတယ်။ ဘူဖေးစားသောက်တဲ့ ခန်းမကျယ်ကြီးမှာ ထမင်းကြော်၊ ခေါက်ဆွဲကျော်၊ အသားငါး၊ ကြက်သား၊ ဝက်သား၊ ငါး၊ အချိုရည်ပေါင်းစုံ၊ ဆံပြုတ်၊ ဆွတ်ပြုတ်၊ အသီးအရွက်များ၊ ဆလပ်ရွက်များ၊ နွားနို့၊ ကော်ဖီ၊ လဘက်ရည် ..စုံနေအောင် ကြိုက်သဘောက် အဝစားသောက်ရပါတယ်။

ဘားကလပ် ကြိုက်နှစ်သက်သူများအတွက် ဈေးနှုန်းချိုသာလှတဲ့ အရက်၊ ဝိုင်များကို စားပွဲထိုးမယ်၊ စားပွဲထိုးမောင်များက ဧည့်ခံပါတယ်။ တီးဝိုင်းမှာလည်း မော်ဒယ်အမျိုးသား၊ အမျိုးသမီးလေးများက မရိုးရအောင် တီဆို၊တီးမှုတ်၊ ဧည့်ခံကြပါတယ်။ ပန်ကုန်းစွတ်လိုသူများ စွတ်နိုင်အောင် သင်္ဘောပေါ်က အလုပ်သမားလေးများက အဆိုတော်များကို တကြိမ်တော့ ဂုဏ်ပြုစွတ်ပေးပါတယ်။ Lion Bar လို့ခေါ်တဲ့ ဘားကလပ်ကတော့ သောက်စား၊ သီဆိုလိုသူများအတွက် အခမဲ၊ ဈေးချိုချို သောက်စားမဲ့နေရာပါ။

အိပ်ခန်းကတော့ ဈေးချို၊ ဖြစ်သလိုလို့ပဲ ပြောရပါမယ်။ ကျဉ်းကြပ်ပြီး ၊ ၂ယောက်ခန်း၊ ၄ယောက်ခန်းတွေမှာ ၂ထပ်ကုတင်လေးများနဲ့ အိပ်၇ပါတယ်။ အထူးခန်းတွေကတော့ စပယ်ရှယ် ဟိုတယ်ခန်းမကြီးအလား သားသားနားနားဖြစ်ပါတယ်။ သာမန် RM30 လက်မှတ်ဝယ်တဲ့ ခရီးသည်များကတော့ ကျဉ်းကျပ်တဲ့အခန်းပါပဲ။ ကာစီနိုသင်္ဘောဆိုတော့ အိပ်ဖို့ထက်၊ လောင်းကစားဖို့ပဲ အဓိကထားမှာပါ။ အိပ်ခန်းကတော့ ကျဉ်းကျပ်တဲ့ နေချိုး၊ အိမ်သာလေးနဲ့ တွဲထားပေးပါတယ်။ စပယ်ရှယ်အခန်းများမှာ သင်္ဘောသားအရာရှိများနေတဲ့ အခန်းများလည်း စပယ်ရှယ်ပါပဲ။ ချောချောလှလှ ဖိလစ်ပိုင်အမျိုးသမီးငယ်ငယ် အလုပ်သမလေး ကို ဝိုင်းဝန်းပိုးပမ်းနေသူ ယူကရိန်အရာရှိများ၊ မြန်မာ၊ မလေးရှား၊ ဖိလစ်ပိုင်အမျိုးသားများကြားထဲက မြန်မာသင်္ဘောသား၊ ဧည့်ကြိုရည်ရည်မွန်မွန် တစ်ဦးက၊ စွံသွားပါတယ်။ ရယ်စရာပြောရရင် ကာစီနိုလောင်ကစား၊ သောက်စားပျော်ပါး သင်္ဘောကြီးဆိုတော့ ထုံစံအတိုင်း ဖိုမ ကိစ္စတွေလည်း ရှုပ်တာပေါ့။ သင်္ဘောသား၊ သင်္ဘောသမီးတွေ ရီးစားဖြစ်ကြရင်၊ မိန်းကလေးအခန်းကို ယောင်္ကျားလေးမသွားရဘူး။ မိန်းကလေးကတော့ ယောင်္ကျားလေးအခန်းကို ဝင်လို့ရတယ် ဆိုပဲ။ ဒီ၂ယောက်က အရာရှိအဆင့်မဟုတ်တော့ ကိုယ်ပိုင်အခန်းမရှိ၊ ကုန်းချုပ်အရာရှိကြီးတစ်ဦး ခွင့်ပြန်သွားတော့ အဲဒီအခန်းသော့ကို မြန်မာအလုပ်သမားလေးက ယူပြီး ၂ယောက်သား အိပ်ခန်းကျယ်ကြီးထဲမှာ ဇိမ်ကျနေတယ်ဆိုပဲ။ အမြင်ကပ်ပုဒ်မ ထိသွားပြီး ၂ယောက်စလုံး အလုပ်ဖြုတ်ပစ်လိုက်တယ်။ ချက်ချင်း အိမ်ပြန်ရရှာတယ်။ ဒီလိုပါပဲ။

ကာစီနိုကစားနေသူများ
အပေါ်ထပ်မှာလည် ဂျတ်ပေါ့လောင်းကစားခုံတွေ တန်းစီနေတော့ အဖိုးကြီး၊ အဖွားကြီးများ ကလစ်ကလစ် နဲ့ ဆွဲချနေကြတာတွေ့ရပါတယ်။ တချို့အဖိုး၊အဖွားတွေဆို တွန်းလှဲပေါ် တွန်းပြီးကာစီနိုသင်္ဘောပေါ် လောင်းကစား လာလုပ်တယ်။ သူတို့ဘဝမှာ ငွေရှိတယ်။ အချိန်တွေပိုနေတော့ အချိန်လာဖြုန်းကြတယ်လို့ မြန်မာသင်္ဘောသားများက ပြောပြပါတယ်။ အောက်ဆုံးထပ်မှာတော့ ဖဲဝိုင်း၊ ဂျင်ဝိုင်း၊ အများအပြားတွေ့ရပါတယ်။ ဖဲဝိုင်းတစ်ခုမှာ အလုပ်သမား ၄ယောက်လောက် ရှိတယ်။ အရော်အစားကို လုပ်တိုင်း ကွန်ပြူတာနဲ့လည်းမှတ်တယ်။ လက်ရေးနဲ့လည်းမှတ်တယ်။ ဗွီဒီယိုတွေနဲ့လည်း မှတ်တမ်းတင်တယ်။ နောက်ဆုံးတော့ ဒိုင်စားမှာပါပဲ။  ဘီယာ၊အချိုရည်၊ ဘဘက်ရည်များကို အခမဲ့တိုက်ကျွေးတယ်။ ဘီယာ၊ အရက်များတော့ ဝယ်သောက်ရပေမဲ့ ဈေးချိုစွာရောင်းချပေးပါတယ်။ ဆေးလိပ်မီးခိုးများလဲ မွှန်နေအောင် သောက်ကြတယ်။ အော်ကြတယ်။ မိန်းမတွေ ပိုများသလိုပါပဲ။ မိန်းမလတ်၊ မိန်းမကြီး၊ အဖွားကြီးများ သဲသဲမဲမဲ ကစားနေကြတာတွေ့ရတယ်။ သမ္မာကျမ်းစာမှာ စာတန်မာနတ် မြွေအဖြစ်လာပြီး မိန်းမ ဧဝ ကို ဖျားယောင်းပြီး ပန်းသီးစားဖို့ပြောတယ်။ မိန်းမများဟာ ဖျားယောင်းရင်လွယ်တယ်ပြောလို့ လပ်ပေးလပ်ယူလုပ်လိုသူများဟာ အစိုရအရာရှိကြီးများရဲ့ မိန်းမများကို လိုက်ကပ်ကြတယ်လို့ ပြောတယ်။ အခုလည်း ကာစီနို အိဒြေ္ဓရရ ကစားသူများက ယောင်္ကျားလေးများဖြစ်နေပြီ၊ လှုပ်လှုပ်ရှားရှား အသံထွက်အောင် ကာစီနိုကစားသူများက မိန်းမများဖြစ်နေတာကို တွေ့ရပါတယ်။

ကာစီနိုကစားတာ အမြဲတမ်းဒိုင်စားလို့၊ တစ်လကို ဒေါ်လာ၃သန်း ဝင်ငွေရှိတယ်လို့ ပြောပါတယ်။ သင်္ဘောသား ၄၀၀ တစ်ယောက်ကို ဒေါ်လာ တစ်ထောင် ပျမ်းမျှဝင်ငွေနဲ့ဆိုရင် လစာငွေက ဒေါ်လာ၎သိန်းပဲရှိသေးတယ်။ ဒီဇယ်ဆီများကလည်း ဒေါ်လာတစ်သိန်းမကုန်ဘူး၊ အရာရှိ ၅၀လောက်ကို တစ်ယောက် ဒေါ်လာ ၄၀၀၀နှုန်းဆို၊ တစ်လ ဒေါ်လာ ၂သိန်းလောက်ပဲကုန်မယ်။ စားသောက်စရိတ်ကလည်း ဒေါ်လာ သောင်းဂဏန်းပဲကုန်မယ်။ တစ်လကို အလွန်ဆုံးကုန်လှ ဒေါ်လာတစ်သန်းပဲ၊ ဝင်ငွေက ဒေါ်လာ၃သန်းဆိုတော့ အများကြီးအမြတ်ပေးရပါတယ်။ သင်္ဘာဆိုတော့လည်း အခွန်မပေးရဘူး။ ဆိပ်ကမ်းအဝင်အထွက် စရိတ်က ဒေါ်လာသောင်းဂဏန်းလောက်ပဲရှိပါတယ်။ ပီနန်ကျွန်းမှာနေသူများ ကာစီနိုကစားချင်ရင် မိုင်၃၀၀လောက် ဝေးတဲ့ ဂျင်တင်းဟိုက်လင်း Genting Highland မှာသွားကစားရတော့ အဝေးကြီးပဲ၊ ဒီတော့ RM30 ဝင်ကြေးပေးပြီး ဒီသင်္ဘောကြီးမှာ စားသောက်၊ ပျော်ပါး ကားစီနိုလောင်းကစားကြပါတယ်။ ပီနန်မြို့မှာ ဒီလိုကာစီနိုသင်္ဘော ၄စင်းရှိတယ်လို့ ဆိုပါတယ်။

သူဌေးအကြီးစားများ၏ကာစီနိုဝိုင်း
မကြာခဏဆိုသလို သူဌေးအကြီးစားကြီးများ သူတို့အုပ်စုနဲ့ လူတစ်ရာလောက်လာပြီး၊ အထူးကာစီနိုကစားကြပါတယ်။ သူဌေးကြီးက သူ့တပည့်တပန်းများကို ပျော်အောင် ဆုချတဲ့အနေနဲ့ ဒေါ်လာ၂သန်းဖိုး သုံးကြ၊ ဖြုန်းကြပေါ့။ မင်းတို့ နိုင်ရင်၊မင်းတို့ပိုက်ဆံပဲ ပြောပြီး တဝါးဝါး၊ တဟားဟားနဲ့ သူဌေးကြီးအပေါင်းအပါများပွဲတွေလဲ မကြာခဏလုပ်ပေးရပါတယ်။ သူဌေးများက စိတ်ထိန်းနိုင်တော့ ဒေါ်လာ၂သန်းဆို၊ ၂သန်းကုန်ရင်တောပြီ ရပ်နိုင်ပါတယ်။ သာမန်လူတန်းစားများကတော့ မကုန်မချင်း၊ စွဲလမ်းစွာ လောင်းကစားကြပါတယ်။ ဒါကြောင့် စကားပုံရှိပါတယ်။ အရက်သမားလည်း အရက် ဒေါ်လာတစ်သောင်းဖိုး တညထဲနဲ့ မကုန်ဘူး၊ မိန်းမလိုက်စားသူလည်း ဒါလောက်မကုန်ဘူး၊ အစားအသောက်စားလဲ မကုန်၊ မူးရစ်ဆေးဝါးလည်း ဒါလောက်မကုန်ဘူး။ အဲ..လောင်းကစားသမားကတော့ တညထဲနဲ့ ဒေါ်လာသောင်း၊ သိန်း၊ သန်းဂဏန်း အပြောင်သုံးနိုင်ပါတယ်။ တခြားမူးရစ်ဆေးစွဲလမ်းမှုများဟာ မိမိကိုယ်ပဲ ထိခိုက်စေပါတယ်။ ကာစီနိုလောင်းကစား စွဲလမ်းသွားရင် မိသားစုနဲ့မိတ်ဆွေများကိုပါ အရမ်းထိခိုက်ပါတယ်။ လူမွဲခဏတွင်း ဖြစ်သွားစေပါတယ်။ ဒါကြောင့် ကာစီနိုကစားခြင်းဟာ သာမန်လူတန်းစားများအတွက် မွဲဆေးကြီးဖြစ်ပါတယ်။ အလွန်လဲ စွဲလမ်းစေပါတယ်။

ကျနော်တို့ ငယ်စဉ်က ဖဲကစားရင်၊ သဲသဲမဲမဲ တညလုံး၊ မအိပ်မနေကစားကြပါတယ်။ အခုချိန်ထိ စင်ကာပူရောက်မြန်မာများ စနေတနင်္ဂနွေဆိုရင် စုထိုင်ပြီး ဖဲဝိုင်းထောင်ကစားတဲ့ မြန်မာများကို တွေ့ရပါတယ်။ စင်ကာပူမှာ ကာစီနိုကြီး၂ခုရှိပါတယ်။ Citizen & PR ဒေသခံများလာကစားရင် ဝင်ကြေးဒေါ်လာ၁၀၀ တောင်းပါတယ်။ နိုင်ငံခြားသားများကိုဆွဲဆောင်မယ်ပြောပြီ နိုင်ငံခြားသားဆို ဝင်ကြေးမယူပါဘူး။ ဒါကြောင့် မြန်မာအလုပ်သမားကို နိုင်ငံခြားသားအဖြစ် သတ်မှတ်တဲ့အတွက် သူတို့ကလေးတွေ လခထုတ်ရင် ကာစီနိုနိုင်တာနဲ့ ဗမာပြည်ပြန်မယ် ကြိမ်းဝါးပြီး လောင်းကစားလာလုပ်ကြပါတယ်။ လကုန် ဒေါ်လာတစ်ထောင်ရတာလဲ ဘယ်မှာနိုင်ပါ့မလဲ။ အားလုံးရှုံးကုန်တာပေါ။ ဒါကြောင့် အခုဆို အလုပ်သမားတွေကို သူတို့ဘော့စ် အလုပ်ရှင်တွေက ကာစီနိုမကစားပါဘူး ဆိုင်းထိုးခိုင်းပြီး၊ ကာစီနိုကို ဝင်ခွင့်မပေးအောင် မှတ်ပုံတင်ထားရတယ်။ ကာစီနိုကြီး၂ခုက တကယ့်ဝင်ငွေအများစုဟာ နိုင်ငံခြားသားများထံမှ မဟုတ်ပါဘူး။ စင်ကာပူမှာနေထိုင် အလုပ်လုပ်ကိုင်သူများထံကပဲ ဝင်ငွေရပါတယ်။ စင်ကာပူ ကာစီနိုကြီး၂ခုဆီက အခွန်ကောက်ငွေ တနှစ်ဒေါ်လာ သန်း၂၀၀၀ကျော် ရတယ်ဆိုကတည်းက ဒီကာစီနိုကြီး၂ခု ဘယ်လောက်မြတ်စွန်းနေတယ်ဆိုတာ မှန်းနိုင်ပါတယ်။ ဒါက စင်ကာပူ ကာစီနိုကြီး၂ခု (စင်ဒိုးစား နဲ့ မာရီနာဆင်း ကာစီနို) ဖြစ်ပါတယ်။ ယခင်ကတော့ စင်ကာပူမှာလည်း ပီနန်လိုပဲ ကျွန်ပတ်မောင်းတဲ့ ကာစီနိုသင်္ဘောများခေတ်စားဖူးပါတယ်။ အခုတော့ ကုန်ပေါ်မှာပဲ ကာစီနိုကြီး၂ခု ပေါ်လာတဲ့အတွက် စင်ကာပူနိုင်ငံသားများ ကာစီနိုင်လောင်းကစားဖို့လွယ်သွားပါတယ်။ စင်ကာပူနိုင်ငံသားဆိုရင် ကာစီနိုင်တခါဝင် ဒေါ်လာ၁၀၀ ဆိုသော်လည်း မင်ဘာ အသင်းဝင်လုပ်ထားရင် တစ်နှစ်လုံးကြိုက်တဲ့အချိန်လာကစား..အသင်းဝင်ကြေး တနှစ်ဒေါ်လာ၁၈၀၀လောက် ပေးရတယ်လို့ဆိုပါတယ်။

ကာစီနိုသင်္ဘောမှာဝမ်းစာရှာသည့်မြန်မာများ
ကာစီနိုသင်္ဘောပေါ် ၃ရက်အလုပ်လုပ်စဉ် မနက်၇နာရီလောက် မနက်စာမစားခင်၊ ကုန်းပတ်ပေါ်တက်ပြီး ရှုခင်းကြည့်ပါတယ်။ ပင်လယ်လေရှုပါတယ်။ ကုန်းပတ်တာဝန်ခံ စက်မှုအရာရှိ ကိုစိုင်းနဲ့ စကားစမည်ပြောပါတယ်။ ရှည်လျှားလှတဲ့ ပီနန်ကမ်းခြေက တိုက်၂၀၊ ၃၀ အမြင့်ကြီးများစွာကို ကြည့်ပြီး၊ ကိုစိုင်းက ပြောပါတယ်။ သူဒီသင်္ဘောပေါ်လုပ်နေတဲ့ ၅နှစ်လောက်အတွင် တိုက်တွေ များသထက်များလာတယ်။ ပီနန်မြို့ဟာ တိုးတက်ကြီးပွားနေတယ်။ လူချမ်းသာများလည်း များစွာတွေ့ရတယ်။ မြန်မာပြည်အတွက် စိတ်မကောင်းဘူး ..ပြောလာလို့၊ မေးမြန်းကြည့်တော့ အာဇာနည် မိုင်းပွန်စော်ဘွားကြီးအမျိုးအနွယ်ဆိုပဲ။ လက်ရှိ ဒုသမ္မတ စိုင်မောက်ခမ်းနဲ့လည်း ဆွေမျိုးမကင်းဖူးလို့ ဆိုပါတယ်။ MV Amusement World မှာ ဦးသန်းရွှေနဲ့အမျိုးစပ်သူလည်းပါတယ် ဆိုတယ်။ ဗိုလ်ချုပ်သားများလည်းရှိသလို၊ မြန်မာပြည်က အထင်ကရများရဲ့ ဆွေမျိုးများလည်း ပါဝင်ကြပါတယ်။ အောက်ဆုံးအဆင့်ဆို တလဒေါ်လာ၂၀၀နဲ့ပဲ စားသောက်၊နေထိုင် ခိုနားစရာရင်တော်ပြီဆိုတဲ့ မြန်မာလူငယ်များစွာရှိပါတယ်။ ဖိလစ်ပိုင်၊ မလေးရှား မိန်းကလေးတွေချည်းတွေ့လို့ မြန်မာမိန်းကလေးပါသလားမေးလိုက်တယ်...။ ကာစီနိုငွေစာရင်းကိုင် မြန်မာမိန်းကလေးတစ်ယောက်ရှိတယ်။ ကန်ဒေါ်လာ ၄၀၀ ရတယ်လို့ပြောကြောင်း မြန်မာအလုပ်သမားတစ်ဦးက ပြောပြပါတယ်။

ကာစီနိုသင်္ဘောမှာ အလုပ်သမား၊ အင်ဂျင်နီယာ ၄၀၀ကျော်အတွက်တော့ ကာစီနိုကစားခွင့် လုံးဝမပြုပါဘူး။ သူတို့အတွက် စားသောက်ခန်းများ၊ ကေတီဗွီ၊ ဖြေဖျော်ခန်းများ၊ တီးဝိုင်းပစ္စည်းများ၊ နောက်ဆုံး မြန်မာစာကြည့်တိုက်တစ်ခုကိုပါ လုပ်ပေးထားတာတွေ့ရပါတယ်။ စာကြည့်တိုက်အတွက် ယူလာတဲ့ မြန်မာဘာသာ ဂျာနယ်၊သတင်းစာ၊ စာအုပ်များကို ပေးထားလိုက်ပါတယ်။ ယုဒသန်အသင်းတော်စာအုပ်များ၊ မုရန်၊ သခင်စကားစာစောင်များ ..သင်္ဘောသာများ အားလပ်ချိန်မှာ ဖတ်ရှုပြီး ထာဝရဘုရားရဲ့ ကောင်းမြတ်ခြင်းများကို နားလည်စေလိုပါတယ်။ အဲဒီမှာအလုပ်လုပ်တဲ့ မြန်မာများ အားလုံးဟာ လူမှုဆက်ဆံရေးအထူးကောင်းမွန်သူများ ဖြစ်လာကြပါတယ်။ အင်္ဂလိပ်စကား ကောင်းကောင်းပြောနိုင်သူများ ဖြစ်လာကြပါတယ်။ အကယ်၍ ပီနန်မြို့ရောက်ရှိပြီး လည်စရာပတ်စရာကုန်လို့ ညအိပ်ခရီးထွက်ချင်ရင် Mr. Richard  ထံ ဖုန်းဆက်မေးမြန်းနိုင်ပါတယ်။ သူက မြန်မာများကို ခင်မင်တဲ့ ကားမောင်းဆရာ မလေးရှားတရုပ်လူမျိုးဖြစ်ပါတယ်။ ကိုယ်ရှိတဲ့နေရာကို သူကိုယ်တိုင်ကားမောင်းလာပြီး ကာစီနိုသဘော်ပေါ်တင်ပေးမယ်ဖြစ်ပါတယ်။

နောက်ဆုံးတော့ လူတိုင်းကိုစွဲလမ်းစေတဲ့ ကာစီနိုသင်္ဘောကြီးမှာ ဝမ်းရေးအတွက် အလုပ်လုပ်နေတဲ့ မြန်မာ၄၀၀ခန့်ကို နှုတ်ဆက်ခွဲခွာခဲ့ပါတယ်။ မလေးရှားပီနန်မှ ဘတ်ဂျက်လေယဉ် Tiger Air ၁နာရီခွဲစီးနင်းပြီး  စင်ကာပူ ချန်ဂီလေဆိပ်ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ ကျွန်တော်တို့ အသင်းတော်သင်းအုပ်ဆရာ ကာစီနိုသင်္ဘောတခုပေါ်ကို မကြာခဏ မစ်ရှင်ခရီးထွက်ပါတယ်။ ကာစီနိုသင်္ဘောပေါ်က သင်္ဘောသားမြန်မာများအတွက် ဆုတောင်း၊ကိုးကွယ်ဝတ်ပြုခြင်း၊မိတ်သဟာရပြုခြင်းများ လုပ်ဆောင်ပေးဖို့ဖြစ်ပါတယ်။ အများအားဖြင့် ကာစီနိုသင်္ဘောပေါ်က မြန်မာများဟာ အသက်မွေးဝမ်းကြောင်းအလုပ်တခုလို့ပဲ သတ်မှတ်ပြီး သောက်စား၊လောင်းကစားမှုများ မလုပ်ကြပါဘူး။ ကာစီနိုကစားပွဲကိုလည်း သဘော်သား၊ အလုပ်သမားများ ဝင်ရောက်ကစားခွင့်မရှိပါဘူး။
ဇော်အောင်(မုံရွာ)၂၄-အောက်တိုဘာ-၂၀၁၃