မဟောဖြစ်သည့်တရားတစ်ပုဒ်


ကိုမေတ္တာ(သင်းအုပ်ဆရာ)


"ဗူး ....  ပူအိုက်လိုက်တာကလည်း လွန်ရောကွာ" 
" သြော် .. မောင်ပြန်လာပြီလား"
ပြောပြောဆိုဆိုဖြင့် ကိုမေတ္တာချွတ်၍လုပ်ပေးလိုက်သော တိုက်ပုံအင်္ကျီ ကိုယူကာ အင်္ကျီချိတ်တွင်လှမ်းချိတ်လိုက်ရင်း ..
" ရော့ .. မောင်၊ ရေလေးသောက်လိုက်ပါဦး၊ ခဏနားလိုက်နော်။ ပြီးရင် 'မော်' ထောင်းထားတဲ့ မရမ်းသီးထောင်း စပ်စပ်ကလေးနဲ့ ထမင်းစားကြရအောင်နော်။ ကန်ဇွန်းရွက်ချဉ်ရည် ဟင်းလေးနဲ့ ကြက်ဥလည်း ကြော်ထားတယ်"
ဇနီးသည် ဒေါ်သင်းသင်းအောင်၏ ပြောစကားကို နားထောင်ရင်း ကိုမေတ္တာ ပခုံးတစ်ချက်တွန်းလိုက်ကာ...
" အေးကွာ .. 'မော်' ထောင်းထားတဲ့ မရမ်းသီးထောင်း စပ်စပ်ကလေးကတော့ စားချင်သကွာ။ ဒါပေမဲ့ ဒီမနက် အသင်းတော်အစည်းအဝေးသွားရင်း သင်းထောက် ကိုစတီဗင်က ကျောက်ပွင့်လို့ ဆိုင်မှာ လိုက်ကျွေးတာနဲ့ ဗိုက်ကားလာတယ်ကွာ။ လူပျိုသိုးကြီး မြန်မြန်စွံပါစေလို့တောင် ဟာသဖောက်ပြီး၊ နောက်ခဲ့ရတယ်ကွာ၊ ဟဲ ဟဲ .."
" အင်း ... ဒါဆိုရင်တော့ ညနေထမင်း လျှော့ချက်ရတော့မယ်။ မောင်ကတော့လေ၊ အိမ်မှာမိသားစုနဲ့ ထမင်းလက်ဆုံ စားဖို့တောင် ချိန်းရမလိုပဲနော်၊ ဆုံခဲလိုက်တာ .."
" အင်းလေ ... မော်ရာ၊ အမှုတော်ဆောင်ဘ၀က ဒီလိုပါပဲ .."
" မောင်နော် .. အပြင်မှာ သူများကျွေးတာလည်း စားပေါ့၊ စားကောင်းတိုင်းလည်း စွတ်ပြီးမစားနဲ့။ အသက်ရလာပြီးမဟုတ်လား။ မောင့်ဗိုက်က တဖြေးဖြေးနဲ့ ပိုပို ရွှဲလာတာ သတိပြုမိရဲ့လား .."
" အဟား .. မိန်းမပြောမှပဲ သတိထားမိတယ်။ အဟုတ်သားပဲကွ၊ ရပါတယ်ကွာ..။ နှစ်ပါတ်လောက် မနက်စောစော ထပြေးလိုက်ရင် ကျသွားမှာပါ။ ဘာလဲ...ဗိုက်ရွှဲလာတာ မလှတော့ရင် မော်က မချစ်တော့ဘူးလား.."
" မဟုတ်ပါဘူး မောင်ရာ..။ မောင်က ခဏခဏ သွေးတိုးတက်တတ်တယ် မဟုတ်လား။ စိတ်ပူလို့ပါ။ တော်ကြာ ကျန်းမာရေးထိခိုက်နေမှ မောင့် အသင်းတော် တာဝန်တွေ လစ်ဟင်းနေမှာစိုးလို့ ပြောတာပါ။ "

" သြော်.. ဒါနဲ့ မော်ရေ .... သားတော်မောင် ဘယ်သွားလဲကွာ၊ ဒီနေ့ ကျောင်းပိတ်ရက် မဟုတ်လား.."
" ပြော .. မပြောချင်ဘူး မောင်ရာ၊ မောင့်သားက ဘယ်လိုဝါသနာမှန်းလည်း မသိဘူး၊ အား .. အားတိုင်း  .. ငါးမျှားတံ တစ်လက်နဲ့ ထွက်ရော၊ အခုလည်း ဟိုး... အင်းစပ်မှာ ငါးမျှားဖို့ အဖော်တွေနဲ့ လိုက်သွားလေရဲ့ .."
" ခက်ပါလား မော်ရာ... မော်မပြောဘူးလား၊ ဒီလောက်နေပူပြင်းတာ အတော်ကြား ဖျားနာရင် မခက်ဘူးလား၊  အားလပ်ချိန်မှာ စာလေးဘာလေး ကျက်ခိုင်းပါလား၊ ဟိုလပတ်မှာလည်း အဆင့်ကျတယ်ဆို..."

ကိုမေတ္တာ မြည်တွန် တောက်တီးမှုကြောင့် ဇနီးသည်ဖြစ်သူ မော်လည်း စိတ်ညစ်လာပုံဖြင့် ...
" ပြောပါလား .. မောင်ရာ။ ကိုယ်တော်လေးက ပြောနေရင်း တန်းလန်း မော် မီးဖိုချောင်ဝင်နေတုန်း၊ လှစ်ကနဲ ပျောက်သွားတာ၊ ကြည့်လိုက်တော့ ငါးမျှားတံတွေလည်း မရှိတော့တာ တွေ့ရတယ်။ မောင့်သား ပြန်လာမှ မောင်ပဲ ဆုံးမတော့။ မော်တော့ စိတ်ကုန်လာပြီ .."
" မိဘစကား နားမထောင်ချင်တဲ့သား၊ ပြန်လာပါစေဦး၊ ပြန်လာမှ ကောင်းကောင်း ဆုံးမရမယ်" ဟု စိတ်ထဲမှာ ကြုံးဝါးရင်း ကိုမေတ္တာ စိတ်တိုတိုဖြင့် ပက်လက် ကုလားထိုင်မှာ လှဲရက်ဖြင့် မှေးကနဲ ဖြစ်သွားပါတော့သည်။

*     *     *     *

" ညောင် .. ညောင် .. ညောင်" ဟူသော ပူစီကလေး အော်သံကြောင့် ကိုမေတ္တာ အိပ်ပျော်ရာမှ နိုးကာ မျက်စိဖွင့်လိုက်သည်။
" သြော် ... ကိုယ်တော်လေး ပြန်ရောက်နေပြီကော"
ကိုမေတ္တာ မေးငေါ့ စကားအဆုံးတွင် မျက်လုံးအ၀ိုင်းသားဖြင့် ထမင်းဝိုင်းတွင် ထမင်းစားနေသော သားတော်မောင် ဖိုးကောင်းကြီးတစ်ယောက် အဖေ့အား ကြောက်စိတ်ဖြင့် ထမင်းပင် နင့်သွားရှာပါသည်။ အင်္ကျီနှင့် ဘောင်းဘီတို့တွင်လည်း ရွံ့များ ပေကျံနေသည်ကို တွေ့လိုက်တော့ ကိုမေတ္တာ ရင်ထဲ ထောင်းကနဲ ဖြစ်သွားကာ ..
" ဖိုးခွား .. မင်း ဘယ်ကပြန်လာတာလဲ၊ အပါးကို ပြောစမ်း"
ခပ်ထန်ထန်လေး ဟိန်းဟောက်လိုက်မှုကြောင့် ဖိုးခွားကြီးတစ်ယောက် မျက်နှာလေး ငယ်သွားသလို၊ သူ့ထမင်းပန်ကန်ထဲမှ ချကျွေးထားသော ထမင်းပုံကလေးကို မစားပဲ ငုံနမ်းနေသော ကြောင်ပူစီကလေးတောင် အဝေးကို ထွက်ပြေးသွားရှာပါသည်။
" ဟိုး... ဟိုလေ၊ အင်းထဲမှာ လောအယ်တို့နဲ့ ငါးမျှားလိုက်သွားတာ "
" သြော် .. တော်တော်လေး အလုပ်အကိုင်ကြီး လုပ်နေတယ်ပေါ့၊ ဟုတ်လား၊  မင်းအမေက မင်းကို မသွားပါနဲ့ .. နေပူတယ်လို့ ပြောထားရဲ့နဲ့ ပျောက်သွားတယ်။ မင်း အခု (၁၀)နှစ်တောင် မပြည့်သေးဘူး၊ မိဘစကား နားမထောင်ချင်ဘူး၊ ကြီးလာရင် ဘယ်လိုလုပ်မလဲ ပြောစမ်း"
" နားထောင်မှာပါ အပါးရယ်၊ အခုရေပြန်ကျသွားချိန် ငါးတွေ တအားဆွဲတယ် ဆိုတာနဲ့ လိုက်သွားတာပါ။ အခုတောင် ဆယ်ကောင်လောက် ရခဲ့တယ်။ ငါးခူ အကြီးကြီ နှစ်ကောင်တောင် ပါသေးတယ်"
" တိတ်စမ်း ... ဘာမှ အတွန့်တက်မနေနဲ့၊ မင်းကိုလေ ငါရိုက်မိတော့မယ်၊ သွားယူစမ်း .. ငါးမျှားတံတွေ"

ကြောက်ကြောက်ရွံ့ ရွံ့  ဖြင့် အဖေဖြစ်သူ၏ ဆူပူ မာန်မဲမှုကြောင့် ငါးမျှားတံလေး(၂)ချောင်းကို တုန်တုန်ရီရီဖြင့် လာပေးရှာသည်။
" ကဲကွာ .. ကဲကွာ .. ဖြောင်း .. ဖြောင်း... မိဘစကားနားမထောင်ချင်ဦး"
" အဖေရယ် ... မလုပ်ပါနဲ့"

ကိုမေတ္တာ စိတ်ဆိုးဆိုးဖြင့် သားတော်မောင်အား ရိုက်နေခြင်းမဟုတ်ပါ။ သူ၏ ငါးမျှားတံလေး (၂)ချောင်းကို အားနှင့် အင်နှင့် အပိုင်းပိုင်း ချိုးလိုက်ခြင်းပင် ဖြစ်သည်။ ဖိုးကောင်းကြီးခမျာ ဖခင်ဖြစ်သူ ချိုး၍ လွှင့်ပစ်လိုက်သော ငါးမျှားတံလေးကို ပြေးကောက်ရင်း မျက်ရည်များ ပြည့်နေသော မျက်ဝန်းကြီးဖြင့် တစ်ချက်မော့ကြည့်ကာ..
" အဟီး .. ရွှတ် ... အဟင့် ... ဟင့်..   အဖေက ငါးမမျှားရဖူးပဲ ပြောတာ၊ အဖေက သူများအိမ်မှာ ဘုရားရှိခိုးသွားတိုင်း၊ အသားဟင်းတွေ အမြဲစားနေတာ၊ သားလည်း စားချင်တာပေါ့ .. အဟီး ..ရွှတ် .. သားကတော့ ငါးမျှားလို့ ရတဲ့အခါမှပဲ အမေက အဲဒီငါးတွေကို ကြော်ပေးတာ၊  သား .. ငါးကြော် စားချင်လို့  နေပူထဲထွက်ပြီး ငါးသွားမျှားတာပါ အဖေရယ်"

တရှုံ့ ရှုံ့  ငိုရင်း ဖခင်ဖြစ်သူ သင်းအုပ်ဆရာကိုမေတ္တာအား ပြောလိုက်သော သားဖြစ်သူ၏ စကားအဆုံးဝယ်၊ ကိုမေတ္တာ တစ်ယောက် ပါးစပ်ကြီး အဟောင်းသားဖြင့် ခြေပစ်လက်ပစ် ပက်လက်ကုလားထိုင်ပေါ် ပုံလျက် ကျသွားပါတော့သည်။ တရှုံ့ ရှုံ့  ငိုနေသော သားငယ်ကို တလှည့်၊ သားနှင့် အဖေကြား အိမ်တွင်းစစ်ပွဲ အသေးစားကလေးတွင် မပါလိုသောကြောင့် မီးဖိုချောင်တွင် ထိုင်ရင်း ကြက်သွန်နွာနေသော ဇနီးသည် မော်ကို တလှည့် ကြည့်ကာ၊ ကိုမေတ္တာ တစ်ယောက် ဘယ်တော့မှ ဟောဖြစ်မည်မဟုတ်သော တရားဟောချက် တစ်ပုဒ်ကို ချက်ချင်း ရလိုက်ပါတော့သည်။ ရွံ့ ပေနေသော အင်္ကျီ၊ ဘောင်းဘီ တို့ဖြင့်၊ တရှုံ့ ရှုံ့  ၀မ်းနည်း ငိုကြွေးနေသော သားငယ်ဖြစ်သူကို လှမ်း၍ ပွေ့လိုက်ရင်း...
"  ဖြစ်မှ ဖြစ်ရလေ .. သားရယ်"

ကိုမေတ္တာတစ်ယောက် သားကို ထွေးထွေး ပွေ့ရင်း၊ အမှုတော်ဆောင်မိသားစုကို အသင်းသူ/အသင်းသားများ နားလည်ပါစေတော့ ဟုသာ တိုးတိုးလေး ရေရွတ်နေမိပါတော့သည်။

ဒီကနေ့ ညနေစာကိုတော့ သားငယ်မျှားလာသော ငါးဟင်းတစ်ခွက်ကို ကြင်နာသော အပြုံးများဖြင့် မိသားစု အတူစားရန် မဖြစ်မနေ ကြိုးစားမည်ဟု ကိုမေတ္တာစိတ်ထဲမှ ဆုံးဖြက်လိုက်မိပါတော့သည်။ ဇနီးသည်ဖြစ်သူအား ကိုမေတ္တာပြောလိုက်သည်။

"  မော်ရေ.. သားရလာတဲ့ ငါးတွေထဲက ငါးခူကြီးကြီး နှစ်ကောင်ကို သားအကြိုက် ကျွတ်ကျွတ်ကလေး ကြော်ပေးလိုက်ပါနော်"
"  ဟုတ်ကဲ့မောင် .. ဟုတ်ကဲ့"

မေတ္တာဖြင့်

သာသနာ့ခရီးသည်၏ဘ၀နှင့်စာပေမှတ်တိုင်များ (၂၀၀၅) စာအုပ်မှကောက်နုတ်ဖေါ်ပြပါသည်။ (Photo Link)

.