သာသနာပြုဆိုသည်မှာ၊ (နေ့စဉ်မှတ်တမ်း - မင်းအောင်သက်လွင်)


မင်းအောင်သက်လွင်

စင်ကာပူမှာ ကျွန်တော်ဟာ သခင့် စကား ဆိုတဲ့ စုပေါင်းသက်သေခံ ဝေငှ ချက် စာစောင်လေးကို လတိုင်း အခမဲ့ ဖြန့်ချိပေး နေပါတယ်။ မထင်မှတ်တဲ့တစ်နေ့မှာ အမျိုး သမီးတစ်ယောက် ကျွန်တော့်ဆီ စာရေး ဆက်သွယ် မိတ်ဆက်ပါတယ်။ ဖုန်းနဲ့ စကား ပြောပြီးတဲ့ နောက်မှာ လူချင်းလဲ တွေ့ဖြစ်ခဲ့ ပါတယ်။ သူ့ အကြောင်း သိရတာကတော့ သူဟာ ရန်ကုန်နဲ့ မဝေးတဲ့ ရွာ တစ်ရွာက ကျမ်းစာကျောင်းဆင်း သာသနာပြု ဆရာမတစ်ဦး ဖြစ်တဲ့အကြောင်း။ သူ့ အသင်း တော် ဆောက်လုပ်ဖို့ လိုအပ်တဲ့ ငွေနဲ့ သာသနာပြုဘို့ လိုအပ်တဲ့ငွေကို သမ္မာ အာဇီဝ အလုပ်နဲ့ ရှာဖွေဖို့ စင်ကာပူကို ထွက်လာခဲ့ကြောင်း။ စင်ကာပူမှာ အနိမ့်ဆုံးလို့ လူတွေ သတ်မှတ်ထားတဲ့ အိမ်အလုပ်ကို လာလုပ်ရင်း အနိမ့်ဆုံး လစာကို အမြင့် မြတ်ဆုံး စိတ်ထားနဲ့ လုပ်ဆောင်နေတာဟာဖြင့် ကြားရတဲ့ ကျွန်တော် ကိုယ့်ကိုယ်ကို ရှက်လို့ မဆုံးခဲ့ပါ။ ကိုယ်တွေ ကတော့ မိသားစု စားဝတ်နေရေးအတွက်။ ကိုယ့်လိုဘ ပြည့်ဖို့အတွက် ကိုယ်တစ်ဦးတည်း ကောင်းစားဖို့အတွက် လာရောက် အလုပ်လုပ် နေပေမဲ့ သူလေး ကတော့ ဘုရားအတွက်၊ သာသနာအတွက်၊ အသင်းတော် အတွက် တဲ့။ သူ့ရဲ့ပညာ။ သူ့အလုပ် သူ့လစာက စင်ကာပူမှာ အနိမ့်ဆုံးပါဘဲ။ ဒါပေမဲ့ သူ့ စေတနာ။ သူ့လုပ်ရပ်။ သူ့ ဆက်ကပ်မှု၊ သူ့နှလုံးသား၊ သူ့အစေခံမှုကတော့ အမြင့် မြတ်ဆုံး ဖြစ်ပြီး ကောင်းကင်ဘုံရှင်နဲ့ ကောင်းကင်သားများ ဝမ်းသာလက်ခုပ်တီးရမဲ့ အလုပ် ဖြစ်ပါတယ်။

၂နှစ် အထိ အလုပ်လုပ်ရင်း သာသနာအတွက် ငွေစုဖို့ အသင်းတော်က အသင်းသားများနဲ့ ကတိက​ဝတ်ပြုပြီး ထွက်လာတဲ့ ကျမ်းစာကျောင်းဆင်း ဆရာမ အိမ်ဖော် တစ်ဦးပါ။ သူ့ရည်းစားလေးကလဲ ကျမ်းစာကျောင်းဆင်း သာသနာပြုဆရာ တစ်ဦးပါတဲ့။ work permit နဲ့ စင်ကာပူက သင်္ဘောကျင်း တစ်ခုမှာ အလုပ်ကြမ်း လုပ်ရင်း သာသနာအတွက် ငွေရှာနေတာပါတဲ့။ သာသနာအတွက် ဘယ်သူ့ဆီကမှ အလှူမခံ။ ဘယ်နိုင်ငံခြား အဖွဲ့အစည်းဆီကမှ ငွေမတောင်းဘဲ ကိုယ့်အသိ စိတ်ဓါတ် ကိုယ့် လုပ်အားခနဲ့ ရှင်ပေါလုလို သာသနာပြုဖို့ ငွေရှာတဲ့ သူလေးနဲ့ ရည်းစားလေးကို ကျွန်တော် မမေ့နိုင်ပါ။ သာသနာပြုရန် အလှူငွေစောင့်နေသော သူများကို တွေ့ခဲ့ဖူး ပါသည်။ သာသနာပြုရန် အလှူငွေတောင်းသောသူများနဲ့လဲ ဆုံခဲ့ဖူးပါတယ်။ သူလေး ကတော့ သာသနာပြုဖို့ လိုငွေကို ကိုယ့်လုပ်အားနဲ့ ရှာခဲ့ပါတယ်။ သူလေး စင်ကာပူမှာ ၂နှစ် အလုပ်သက်တမ်းပြည့်ချိန်မှာ ရွာပြန်မှာဖြစ်တဲ့အတွက် သူ့မွေးနေ့မှာ ဆုတောင်း ဆက်ကပ်ပေးဖို့ ကျွန်တော့်ကို တောင်းဆိုခဲ့ပါတယ်။ တစ်ခုသော တနင်္ဂနွေ နေ့မှာ သူနဲ့ ကျွန်တော် နှစ်ယောက် တည်း စင်ကာပူ ပန်နီစူးလား ပလာဇာနား၊ ဖူနန်း စင်တာ က မက်ဒေါနယ် ဟမ်ဘာဂါ ဆိုင်လေးမှာ မွေးနေ့ ကိတ်မုန့် ဖယောင်းတိုင်ကို မှုတ်ရင်း တိတ်တဆိတ် ကျင်းပသွားခဲ့ကြပါတယ်။ သူ့ သာသနာအတွက် ဆုတောင်း ဆက်ကပ် ပေးခဲ့ပါတယ်။ ထိုကဲ့သို့သော သာသနာပြုများ ကို ကောင်းကင်နိုင်ငံတော်မှ အလိုရှိနေ ပါတယ်။                    ။ မင်းအောင်သက်လွင်

(၁ကော ၁း၂၆-၂၉ --- ခေါ်တော်မူသော သူတို့တွင် လောကီ ပညာရှိ အများ မပါ။ ထင်ရှားသော လူကြီး အများ မပါ။ မင်း အမျိုးအနွယ် ဖြစ်သောသူ အများ မပါ - - - )

နေမ၀င်နိုင်ငံသို့သွားရာလမ်း စာအုပ်မှတဆင့်ဖေါ်ပြသည်။

.