နေထိုင်ခွင့်၊ (နေ့စဉ်မှတ်တမ်း - မင်းအောင်သက်လွင်)


မင်းအောင်သက်လွင်

စင်ကာပူ နိုင်ငံမှာက နေချင် တိုင်း နေလို့မရ။ နေခွင့် ရတိုင်းလဲ နေလို့ မရပါဘူး။ ၁၉၉၆ ခုနှစ် ကျွန်တော် ရောက် ကာစ အခြေအနေတုံးက စင်ကာပူဆိုတာ EP (Employment pass) တွေ ခေတ်စားတဲ့ အချိန်ပေါ့။ ဟိုလူလဲ အီးပီ။ ဒီလူလဲ အီးပီနဲ့ တပီပီလို့ မြည်နေတဲ့ အချိန်ပေါ့။ အီးပီ ရအောင် ရိုးရိုးသားသား လျှောက်ထားတဲ့သူရော မရိုးမသား လျှောက်တဲ့သူရော အစုံပါဘဲ။ အဲဒီကြားထဲမှာ ရက်လွန် နေထိုင်ခွင့်တွေနဲ့ တရားမဝင် နေတဲ့သူတွေလဲရှိပါသေးတယ်။ နောက်တော့ ကျောင်းသားခေတ်၊ ပီအာ (Permanent Resident) (စင်ကာပူမှာ အမြဲတမ်း နေထိုင်ခွင့် ၅နှစ် ရထားတဲ့သူ) ခေတ် ဆိုပြီး ထပ်ပေါ် လာပြန်တယ်။ အခုအချိန် အထိတော့ ပီအာက တော်တော် ခေတ် ကောင်းနေတဲ့ အတွက် ပီအာမှ မဟုတ်ရင် ဘုရားနဲ့ မမှန်သလို၊ သောက်သုံး မကျတဲ့ သူလိုလို။ လူ အထင်သေး ခံရတဲ့ အချိန် ပါဘဲ။

ဒါပေမဲ့ ၂ဝ၁ဝခုနှစ် နောက်ပိုင်းမှာ ပီအာတွေလဲ မျက်ခုံး တော်တော်လှုပ် နေကြပါပြီ။ စင်ကာပူမှာ ကျောင်းပြီးတဲ့ လူငယ် တစ်ယောက်ဟာ အရင်က ရနေကျ ပီအာ သက်တမ်း ငါးနှစ်ကို မရတော့ဘဲ တစ်နှစ်ဘဲ ရခဲ့ပါတယ်။ ပီအာ လျှောက်တိုင်း မကျတဲ့အချိန်မှာ မိတ်ဆွေတွေထဲက ပီအာ လတ်လတ် ဆတ်ဆတ် ရသွားတဲ့ သူတွေ ရှိနေပါတယ်။ ၂ဝ၁ဝခုနှစ် နိုဝင်ဘာလ မှာတော့ ပီအာ  ၂ယောက်ဟာ ပီအာ သက်တမ်း အသစ် စက်စက်လေးကို ရထားပြီးကာမှ ရွာပြန်ရမဲ့ ကိန်း ဆိုက်လာပါ တယ်။ ရွာပြန် တာတောင် ရိုးရိုးမဟုတ်ပါ။ စင်ကာပူကို ဘယ်အချိန် ပြန်လာရမှန်းတောင် မသိလောက်အောင် ပြန်ရမယ်လို့ ပြောလာပါတယ်။ ပီအာ ဆိုတာ စင်ကာပူမှာ အခိုင် ဆုံး နိုင်ငံခြားသားပါ။ အဲဒီလို ခိုင်တဲ့သူက မခိုင်ဘဲ ရွာပြန်ရမယ်တဲ့။ ကျွန်တော်တို့ စင်ကာပူမှာ နေထိုင်နေတာ မဟုတ်ပါ။ လောကကြီးထဲမှာ နေထိုင်ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ကို စင်ကာပူအစိုးရက ပီအာ ပေးတာ မဟုတ်ပါ။ ဘုရားက နေထိုင်ခွင့် (ပီအာ) ပေးထားခြင်းသာ ဖြစ်ပါတယ်။ ခေတ္တ နေရတဲ့ နိုင်ငံမှာ နေထိုင်စဉ် ခန ဘုရားသခင် သာလျှင် အရာရာကို အုပ်စိုးပိုင်တဲ့သူဖြစ်ကြောင်း သတိရ စေပါ၏။ ဘုရား သခင်ရဲ့ မျက်မှောက်တော် ထဲမှာသာ နေထိုင်ခြင်း သည်သာ အလုံခြုံ ဆုံး ဖြစ်ပါတယ်။ ကျွန်တော်တို့ ထာဝရနေရမဲ့ နေရာကို သိထားရင် လောကထဲ ခေတ္တ ခန နေရတဲ့ နေရာအကြောင်း ဝါကြွားစရာ မလို၊ စိုးရိမ်စရာ မလိုတော့ပါ။

(၂ကော ၅း၁-၅ ။ ယာယီတဲ ဖြစ်သော ငါတို့ မြေအိမ်သည် ပျက်လျှင် ကောင်းကင်ဘုံ၌ လူလက်ဖြင့် မလုပ်ဘဲ ဘုရားသခင် ဖန်ဆင်းတော်မူသော နိစ္စထာဝရ  အိမ် ရှိကြောင်းကို ငါတို့ သိကြ၏ - - - -။)

.