အင်တာဗျူး၊ (နေ့စဉ်မှတ်တမ်း - မင်းအောင်သက်လွင်)


မင်းအောင်သက်လွင်

ကျောင်းက ဆရာ တစ်ယောက် သူ့ အိမ် မှာ ကူဖော်လောင်ဘက် လိုတဲ့ အတွက် အိမ်ဖော် တစ်ယောက် လိုချင်ကြောင်း ပြော လာ ပါတယ်။ ဆရာ့အိမ် ဖြစ်တဲ့အတွက် နာမည်ပျက် မရှိတဲ့ ရိုးသားကြိုးစားတဲ့ အိမ်ဖော်တစ်ယောက်ကို အသိ မိတ်ဆွေတွေ ထဲက ရှာပေးခဲ့မိပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် မိတ်ဆွေ အိမ်ဖော်မလေးကလဲ အိမ် ဟောင်းကို မကြိုက်လို့ အိမ်သစ် ပြောင်းဖို့ အလုပ်ရှာ နေချိန်ဖြစ်လို့ ကောင်မလေး အိမ်ဟောင်းကနေ ရွာအပြန် စင်ကာပူ အပြည်ပြည်ဆိုင်ရာ ချန်ဂီ လေဆိပ်မှာ တွေ့ဆုံ အင်တာဗျူးဖို့ ကျွန်တော် စီစဉ်ပေးခဲ့ပါတယ်။ ကောင်မလေးကလဲ အိမ်ရှင်ဟောင်းနဲ့ လေဆိပ်ထဲ လေယာဉ် စောင့်နေချိန်မှာ အိမ်ရှင်အသစ် ဖြစ်မဲ့ ကျွန်တော့် ဆရာ ဇနီး မောင်နှံနဲ့ အခမဲ့ပွဲစား ကျွန်တော်တို့ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ တွေ့ဆုံချိန်က ၅မိနစ် သာသာ လေးဘဲ ရှိပါတယ်။ ကျွန်တော့်ဆရာက ဒီပလိုမာ သင်တန်းမှာ စီးပွားရေးနဲ့ ပါတ်သက်ပြီး သီအိုရီ သင် ပေးတဲ့ဆရာ ဖြစ်ပါတယ်။ ဆရာသင်ပေးတဲ့ စီးပွားရေး ဘာသာမှာ အင်တာဗျူးခြင်း အကြောင်းလဲ ပါပါတယ်။ ကျွန်တော်တို့ ကျောင်းသား တွေကို အလုပ်ခွင် အင်တာဗျူး တဲ့ အခါ သူဌေးကြိုက်အောင် ဘယ်လိုနေ၊ ဘယ်လို ဝတ်။ ဘယ်လိုဖြေ ရမယ်ဆိုတာ သင်ပေးခဲ့ဖူးပါတယ်။ အခုတော့ ဆရာကိုယ်တိုင်က သူဌေးအဖြစ်နဲ့ ကောင်မလေး (အလုပ် သမား) ကို အင်တာဗျူးရမှာမို့ ကျွန်တော့် မှာတော့ စီပွားရေးဘာသာရပ် သင်တဲ့ ဆရာ သူကိုယ်တိုင် လူတွေကို ဘယ်လို အင်တာဗျူး မလဲဆိုတာ လက်တွေ့ ကျကျမြင်ရမှာမို့ အပျော်ကြီး ပျော်နေခဲ့ပါတယ်။

ဆရာသင်ပေးတဲ့ စီးပွားရေး အင်တာဗျူးမှာ အလုပ်ရှင်ကို မျက်လုံးချင်းဆိုင်ဖို့။ စကားကို အေးအေး ဆေးဆေးပြောဖို့ စတဲ့စည်းမျည်းတွေ ရှိပါတယ်။ နောက်တစ်ခုမှာ Elivator speech ဆိုတဲ့ ဓါတ်လှေခါး အင်တာဗျူး အကြောင်းလဲ ပါပါတယ်။ အကယ်၍ ဓါတ်လှေကား ထဲမှာ မမျှော်လင့်ဘဲ သန်းကြွယ်သူဌေး တစ်ယောက်နဲ့ သင် အတူတူ ဆုံမိရင် ဓါတ်လှေကား သွားနေတုံး သုံးမိနစ်စာ အချိန်တိုလေး အတွင်း သန်းကြွယ် သူဌေးက သင့်ကို သူ့ကုမ္ပဏီမှာ အလုပ်ခန့်အောင် ဘယ်လို အင်တာဗျူး ဝင်မလဲ ဆိုတဲ့ သင်ခန်းစာ ပါပါတယ်။ သူတို့နှစ်ယောက် ဘယ်လို အင်တာဗျူးသလဲ ဆိုတာ ကျွန်တော် အသေးစိတ် မသိပါ။ အဲဒီနေ့ကတော့ လေယာဉ်ပေါ် မတက်ခင် ဗျူးသွားကြပါတယ်။ နောက်တစ်ပါတ်လောက် အကြာမှာ ကြားရတဲ့ သိတင်းကတော့ ကျွန်တော့ အသိ ကောင်မလေး အလုပ် မရသွားခဲ့ပါဘူး။ ဆရာ့ရဲ့ ဝေဖန်ချက် ကတော့ မင်းရဲ့ သူငယ်ချင်းက ပြာယာခတ်နေတယ်။ စိတ်တည်ငြိမ်မှု မရှိဘူး။ ဘာအလုပ်မှ မလုပ်သေးခင် ဟိုဟာ မလုပ်ချင်ဘူး ဒီဟာ မလုပ်ချင်ဘူးဆိုတဲ့ ဆင်ခြေတွေက များနေ တယ်လို့ ပြန်ပြောပြပါတယ်။

အင်တာဗျူးတာ သိပ်အရေးကြီးပါတယ်။ ရန်ကုန်ကလာတဲ့ ဘီအီးဘွဲ့ရ မိတ်ဆွေ တစ်ယောက် စင်ကာပူမှာ ကျွန်တော် လုပ်နေတဲ့ ကုမ္ပဏီကို ရောက် မလာခင် မှာ ၆လအတွင်း ၃၃ခါ  အင်တာဗျူး ဝင်ခဲ့တာတောင် အလုပ်ကောင်းကောင်း မရခဲ့ပါ။ ကျွန်တော် တို့ အသက်တာမှာ မကြာခန အင်တာဗျူးဝင်နေရပါတယ်။ အလုပ် အင်တာ ဗျူး၊ ကျောင်းဝင်ခွင့်၊ စကောလားရှစ် အင်တာဗျူး။ ချစ်သူဆီက အဖြေရဖို့ ချစ်အင်တာ ဗျူး တွေလဲ ဝင်ရပြန်ပါတယ်။ လောကမှာ အင်တာဗျူးတွေ ဘယ်လောက်ဘဲ ဝင်ဝင်။ ထာဝရ အသက်ရမဲ့ အင်တာဗျူးကိုတော့ မဝင်မဖြစ် ဝင်ဖြေခဲ့ဖို့ရန် သတိပေး လိုပါတယ်။ ကားတိုင်ပေါ်မှာ အသေခံသွားတဲ့ လူဆိုးကြီး တစ်ယောက်ဟာ သူ သေခါ နီး နောက်ဆုံးအချိန်မှာ သခင်ယေရှုနဲ့ တွေ့ဆုံပြီး ကောင်းကင်ဘုံ ဝင်ခွင့် ရဖို့ အရေး အင်တာဗျူးဝင်တာ အောင်မြင်သွားပါတယ်။ (--- ယနေ့တွင် သင်သည် ငါနှင့် အတူ ပရဒိ သုဘုံ၌ ရှိလိမ့်မည် - - လု-၂၃း၄၃) သူ့ရဲ့ ထာဝရအသက် အင်တာ ဗျူးဟာ Elivator speech လိုပါဘဲ။ ထွက်သက်ကို ခက်ခက်ခဲခဲရှုရင်း နောက်ဆုံး လူ့သက်တမ်း အချိန်တိုလေးအတွင်းမှာ အင်တာဗျူး ဝင်ဖြေနေရတာ ဖြစ်ပါတယ်။ အင်တာဗျူး တဲ့သူက သန်းကြွယ်သူဌေးထက် သာလွန်တဲ့ အတုမဲ့၊ အနှိုင်းမဲ့ ကယ်တင် ရှင်ယေရှု ခရစ်တော် ဖြစ်ပါတယ်။ ကောင်းကင် အင်တာဗျူးကို သင် အောင်မြင် သွားခဲ့ ပြီးပြီလား။

မင်းအောင်သက်လွင်


နေမ၀င်နိုင်ငံသို့သွားရာလမ်း စာအုပ်မှတဆင့်ဖေါ်ပြသည်။

.