အစာသစ် (မင်းအောင်သက်လွင်)



စင်ကာပူကို ရောက်နေတဲ့ မိန်းမတစ်ယောက်ဟာ ဒီမှာ ၀ယ်လို့ မရတဲ့ ဂျူးမြစ်အဖူး၊ ပုရစ်ကြော်၊ ဥတစ်လုံး ကြက်သွန်ဖြူတွေကို မြန်မာပြည်က လူကြုံရှိရင် တကူးတက မှာယူ စားသောက်လေ့ ရှိပါတယ်။ စင်ကာပူမှာ ရှိနေတဲ့ မြန်မာ လူမျိုး တော်တော် များများဟာ မြန်မာပြည်က ရိုးရာ အစားအစာကို ခက်ခက်ခဲခဲ ဈေးကြီးပေး အပင်ပန်းခံပြီ သယ်ယူ မှာစားလေ့ရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ဟာ မြန်မာပြည်ပေါက်တွေ ဖြစ်တဲ့အတွက် စားနေကျ မြန်မာအစာကို တမ်းတကြတာ ဖြစ်ပါတယ်။ နိုင်ငံခြားကို ရောက်မှ နိုင်ငံခြားသားတွေ စားတဲ့ အစာဟာ၊ သူတို့ အရင်တုံးက တစ်ခါမှ မစားဖူးတဲ့ ၊ စားလေ့ စားထ မရှိတဲ့ အစာသစ်တွေ ဖြစ်နေလို့ပါပဲ။ အစာသစ်တွေကို စားရတော့ အာသာမပြေ၊ မချင့်မရဲဖြစ်၊ ဗိုက်မ၀ ဖြစ်ပြီး၊ အစာဟောင်းကို ချဉ်ခြင်း တပ်ခဲ့ရပါတယ်။ အစာသစ်နဲ့ လိုက်လျှောညီထွေ ဖြစ်အောင် မစားတတ်၊ အဟာရ မယူတတ် တဲ့အတွက် အစာအတွက် ရတက်မအေး ဖြစ်ရပြန်ပါတယ်။ မြန်မာပြည်မှာ ပေါက်ပြီး သက်လတ်ပိုင်း အရွယ်မှာ သြစတြေးလျား ရောက်နေတဲ့ သူငယ်ချင်း တစ်ယောက် ၇နှစ် ကြာပြီးမှ မြန်မာပြည်ကို အလည်ပြန်ရောက်လာတဲ့ အခါ စားနေကျ အစာသစ်တွေကို စားနေရာမှ၊ မစားရတာ ကြာပြီဖြစ်တဲ့ မြန်မာပြည်က အစာဟောင်းတွေကို စားမိပြီး အစာအိမ်က လက်မခံတဲ့အတွက် ၀မ်းပျက်၊ ၀မ်းလျော သွားပါတယ်။

.


၂၀၀၃ ခုနှစ်တုံးက ကျွန်တော်လဲ မင်္ဂလာဆောင်ဖို့ အတွက် စင်ကာပူ ကနေ မြန်မာပြည်ကို ပြန်လာခဲ့ပါတယ်။ စင်ကာပူမှာ ၂နှစ် နေခဲ့ပြီးမို့ ဟိုမှာ စားနေကျ အစာတွေ အစား၊ မင်္ဂလာမဆောင်ခင် တစ်ည အလိုမှာ ကရင်နှစ်သစ် ကူးကျင်းပတဲ့ အင်းစိန်မြို့ အာလိန်ငါးဆင့် ဘုရားနားက လမ်းဘေးမှာ ရောင်းတဲ့ ဘူးသီးကြော်နဲ့ အချဉ်ကို သွားစားမိလို့ ၀မ်းလျော ၀မ်းသွားခဲ့ပါတယ်။ မင်္ဂလာဆောင်တဲ့နေ့မှာ ၀မ်းပိတ် ဆေးတွေ နင်းကန် စားပြီး ၀မ်းကို ထိန်းထားရပါတယ်။ မင်္ဂလာ ဆောင်မဲ့ နေ့မှာ ၀မ်းမသွားရအောင် ၀မ်းပိတ်ဆေး ကြိုသောက်ထားလို့ ဘာမှ မဖြစ်ခဲ့ပေမဲ့၊ မင်္ဂလာဆောင်ပြီး နောက်တစ်နေ့မှာတော့ ထိန်းချုပ်လို့ မရတဲ့အတွက် ၀မ်းလျော၊ ၀မ်းသွားခဲ့တာ အခါ သုံးဆယ် တောင် ရှိခဲ့ပါတယ်။ ကျွန်တော့ အဖြစ်နည်းတူ အစားအစာ မလတ်ဆတ်တာ၊ မကောင်းတာ စာမိခဲ့တဲ့ ငယ်သူငယ်ချင်း တစ်ယောက်ဟာ ဘွဲ့ယူမဲ့ နေ့မှာ ဘွဲ့နှင်းသဘငိခန်းမ ထဲမှာ ထိုင်နေရင်း ဗိုက်အရမ်း နာလာ တဲ့အတွက် အလှည့်မကျခင် ငါးမိနစ်အလိုလောက်မှာ ဘွဲ့ဝတ်ရုံကြီး တကားကား နဲ့ ဘွဲ့နှင်းသဘင် ဘေးနားက ခြုံပုတ်ထဲမှာ အခင်းကြီး သွားခဲ့ရပါတယ်။ အစာကို မစားတဲ့လူ၊ သတ္တ၀ါ မရှိသလောက် ရှားပါးပါတယ်။ လူ သတ္တ၀ါမှန်ရင် အစာ၊ အဟာရကို မှီဝဲ သုံးဆောင်ပါမှ ရှင်သန် ကြီးထွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ သတိပြုဖို့က အစာဟောင်းကို မစားမိဖို့ လိုပါတယ်။ အသစ်နဲ အဟောင်း ပူးတွဲသုံးလို့ မရပါ လို့ သမ္မာကျမ်းစာထဲမျာ ဥပမာ ပေးထားပါတယ်။ တွဲသုံးခဲ့ရင် စပျစ်ရည် အသစ်က ဗူးအဟောင်းကို ဆုတ်ကွဲ စေလိမ့်မယ် လို့ ဆိုထားပါတယ်။ အသက်တာသစ် တည်းဟူသော ဗူးအသစ်ထဲမှာ စပျစ်ရည်သစ် တည်းဟူသော အစာသစ် (ဘုရားသခင် နှုတ်ကပတ်တော်) ကို ထည့်သွင်းရမှာ ဖြစ်ပါတယ်။ မဿဲ ၉း၁၆-၁၇  ယေရှုခရစ်တော်ကို အရှင်သခင် အဖြစ် ထားသူရဲ့ အသက်တာဟာ လူသစ်၊ အဖြစ်နဲ့ အသက်ရှင် နေရပါပြီ။ ဒီလို လူသစ်အဖြစ် အသက်ရှင် နေချိန်မှာ ၀ိညာဉ်ရေးရာ နဲ့ သက်ဆိုင်တဲ့ အစာသစ် တွေကို စားသုံးပြီး အသက်တာသစ်ကို ကြီးထွား ရှင်သန် စေရမှာ ဖြစ်ပါတယ်။ လူသစ် ဖြစ်နေရက်သားနဲ့ အစာဟောင်းကို ပြန်လည် စားသုံးမိသူဟာ မင်္ဂလာမဆောင်ခင်မှာ ၀မ်းလျော ၀မ်းပျက် ခဲ့တဲ့ ကျွန်တော့ကို နမူနာ ယူရမှာ ဖြစ်ပါတယ်။ သခင် ယေရှု ခရစ်တော်ကို ကယ်တင်ပိုင်ရှင် အဖြစ် ယုံကြည်သူများရဲ့ အသက်တာဟာ အသစ်သော အသက်တာကို လျှောက်လှမ်းရမှာ ဖြစ်ပါတယ်။

အသစ်သော အသက်တာအတွက် အစာသစ် ဖြစ်တဲ့ နှုတ်ကပါတ် တော်ကို နေ့စဉ် မှီဝဲ ရမှာပါ။ အစာသစ်ကို မှီဝဲခြင်းအားဖြင့် ရရှိလာတဲ့ ခွန်အား အသစ် နဲ့ အသက်တာ အသစ်ကို လျှောက်လှမ်း နိုင်မှာ ဖြစ်ပါတယ်။ အသက်တာ သစ် ထဲမှာ လျှောက်လှမ်း နေပါလျက်နဲ့ အစာသစ်ကို ခံတွင်းမတွေ့ပဲ အစာဟောင်းကို ချင်ခြင်း၊ တက်မက် နေရင်တော့ အဆီအငေါ် မတည့်တာတွေ အစဉ်မပြေတာတွေ တွေ့ရမှာ ဖြစ်ပါတယ်။ ကျွန်ခံရာ အဲဂုတ္တုပြည်က ထွက်လာတဲ့ က္ကုသရေလ လူမျိုးတွေဟာ တောထဲမှာ ချာချာလည်နေရင်း ဘုရားသခင် ချပေး ကျွေးသနား တော်မူတဲ့ အစာသစ် ဖြစ်တဲ့ မန္နမုန့်ကို မစားနိုင်ပဲ အစာဟောင်းဖြစ်တဲ့ အဲဂုတ္တု ပြည်က အစာတွေကို ချဉ်ခြင်း တက်မက်ခဲ့ပါတယ်။ အဲဒီလို အစာဟောင်းကို တက်မက်မိလို့ ခေါင်းဆောင် မောရှေနဲ့ နောက်လိုက် က္ကုသရေလတွေ အမြဲလိုလို ပဋိပက္ခ ဖြစ်ရပါတယ်။ လမ်းဘေး ဈေးထဲမှာ တွဲဖက်ပြီး မစားရမဲ့အစာတွေ၊ ရှောင်ရမဲ့ အစာတွေကို စားရင်း ပြုစုပြီး ရောင်းတာ တွေ့ဖူးပါလိမ့်မယ်။

ယုံကြည်သူများရဲ့ အသက်တာမှာ လူသစ်နဲ့ အစာဟောင်း၊ တွဲစားလို့ မရပါ ဆိုတဲ့ စာရင်းကို အသစ် ရေးသွင်းဖို့ လိုပါလိမ့်မယ်။ ၂ပေ ၂း ၂၀-၂၂ ကျမ်းစာ ထဲမှာ အသစ်သော အသက်တာကို ပြောင်းလဲပြီးမှ ယခင် အသက်တာဟောင်းမှ အကျင့်ဟောင်းကို ပြန်ကျင့်သူဟာ ခွေးသည် မိမိ အန်ဖက်ကို ပြန်၍ စားသကဲ့သို့ လို့ ခပ်ကြမ်းကြမ်းလေး သုံးပြီး ဥပမာ ပေးထားပါတယ်။ ကျွန်တော်တို့ အစာသစ် စားသောသူလား။ အစာဟောင်းကို ပြန်လည် စားသုံးသူလား။ 


မင်းအောင်သက်လွင်

သခင့်စကား အမှတ်စဉ် ၁၁၅၊  (March 2011) တွင်ဖေါ်ပြခဲ့သော ဆောင်းပါးဖြစ်သည်။