ထိုင်းနိုင်ငံ ပတ္တရားမှ သက်သေခံချက်

ကိုသိန်းအောင်

အားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါတယ်။ သက်သေခံခွင့်အတွက် အထူးကျေးဇူးတော်ချီးမွမ်းပါတယ်။ ကျွန်တော့နာမည် သိန်းအောင် - မကွေးသိန်းအောင်ဖြစ်ပါတယ်။ ကျွန်တော့်ကို ဘုရားသခင်ချစ်တဲ့အတွက် ထိုင်းနိုင်ငံထောင်ထဲပို့လိုက်ပါတယ်။ ဘုရားရှင်ကို အထူးကျေးဇူးတင်ပါတယ်။ ဟာ.. ထောင်ကျတာကို ဘာကြောင့်ကျေးဇူးတင်ရပါသလဲ။ ဘုရားရှင်က နည်းအမျိုးမျိုးနဲ့ ဆုံးမသွန်သင်တတ်ပါတယ်။ စကားနဲ့ပဲ ပြောပြီး ဆုံးမလို့ရသူကို စကားနဲ့ပဲဆုံမပေမဲ့ .. ကျွန်တော့ကိုတော့ ထောင်ကျ၊ နှိပ်စက်ခံပြီး ဆုံးမရမဲ့လူဖြစ်တဲ့အတွက် ထောင်ကိုပို့ချင်းဖြစ်ပါတယ်။ ထောင်ထဲရောက်မှပဲ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို သိရှိ၊နာခံတတ်လာပါတယ်။ 

.

ကျွန်တော်ဟာ ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပါတယ်။ တပါးအမျိုးသား ဘာသာရေးတက္ကသိုလ်မှာ အဆင့်မြင့်အထိ တက်ရောက်ခဲ့သူဖြစ်ပါတယ်။ ဘာကြောင့် အခုလို ယုံကြည်ချက်ပြောင်းလဲသွားသလဲ ဆိုပြီး မိတ်ဆွေများက အံ့သြကြသလို ကျွန်တော့ကိုယ်ကိုလဲ အံ့သြမိပါတယ်။ 

ထိုင်းနိုင်ငံမှာ ကျွန်တော်ကို ရောင်းစားခံခဲ့ရပါတယ်။ ကျွန်တော့ကို ပိုက်ဆံမပေးပဲလိမ်သွားတဲ့ ထိုင်းလူမျိုးသူဌေးကို စကားများပြီး သတ်ခဲ့မိတဲ့အတွက် ထောင်ထဲကို ရောက်လာခြင်းဖြစ်ပါတယ်။ ထောင်တစ်သက်တစ်ကျွန်းကျပြီး အခန်းကျဉ်းလေးထဲမှာ နေရတယ်။ အမှောင်ထဲမှာ စားသောက်နေထိုင်ဆင်းရဲတဲ့အပြင် အမှုကြီးသူများဖြစ်လို့ သံကြိုးတဖက်နဲ့ နေရပါတယ်။ သေချင်လောက်အောင် နေ့တိုင်း စိတ်ဆင်းရဲခြင်းခံစားရပါတယ်။ 

တနင်္ဂနွေနေ့ဆိုရင်တော့ ဘေးနားက နိုင်ဂျီးရီးယားက ကပ္ပလီတသက်တကျွန်း အကျဉ်းသားကို သူတို့ သူတို့သူငယ်ချင်း ကပ္ပလီယုံကြည်သူများက လာခေါ်ကြပါတယ်။ ထိုင်းနိုင်ငံမှာတော့ ဘာသာအလိုက် ဘုရားဝတ်ပြုခြင်းများကို ခွင့်ပြုပေးတော့ ကပ္ပလီက တနင်္ဂနွေနေ့ဆို ကျွန်တော့ကို အပြင်လိုက်ခဲ့ဖို့ခေါ်ပါတယ်။ စိတ်ညစ်နေရတဲ့အထဲ My Friend ဆိုပြီးခေါ်တဲ့ ဒီအသားမဲမဲ၊ သွားပဲမြင်ရတဲ့ ကပ္ပလီ၊ ထောင်တသက်ကျနေတာ အနှစ်၂၀ရှိနေတဲ့လူနောက် မလိုက်ဖြစ်ပါဘူး။ နောက်ပိုင်းတော့ အထဲက အမှောင်ထဲနေတာထက်စာရင် အပြင်လိုက်သွားရင် မဆိုးပါဘူးဆိုပြီး လိုက်သွားတယ်။ ယုံကြည်မှုလည်းမရှိပါဘူး။ အပြင်ထွက်ရင် ဗမာများတွေ့ရမလား ဆိုပြီး လိုက်သွားခဲ့တာပါ။ 

အခုဒီမှာရောက်နေတဲ့ ယုံကြည်သူ၊ မယုံကြည်သူ အားလုံးလည်း ကိုယ့်ဖာသာ ဝေဖန်၊ သုံးသပ်၊ ဆုံးဖြက်ကြပါ။

ထိုင်းနိုင်ငံ ထောင်ထဲမှာဆိုတော့ အပြစ်ဒါဏ်အတွက် နှိပ်စက်မှုတွေ၊ လျှော့တိုက်တာ၊ ရိုက်နှက်ခံရတာတွေ အခုအထိ ပါးစပ်ကရွဲ့နေပြီး၊ ခြေထောက်သိမ်နေပါသေးတယ်။ မြန်မာလားဆိုပြီး ထိုင်းထောင်ဝန်ထမ်းတွေက အလကားတွယ်သွားတာတွေလည်း ရှိတယ်။ မြန်မာဖြစ်တဲ့အတွက် ၂ထပ်ကွမ်း ခံရတယ်။ ဒီဒါဏ်ရာ၊ဒါဏ်ချက်တွေလည်း ထောင်ထဲမှာရှိတဲ့ ယုံကြည်သူ ညီအစ်ကိုများ ကျွန်တော့ကို အဆက်မပြတ်ဆုတောင်းပေးခြင်းဖြင့် ၆လလောက်အကြာမှာ ပျောက်ကင်းသွားပါတယ်။ စိတ်ငြိမ်သက်မှုတွေလည်း ရလာပါတယ်။ အဲဒီမှာပဲ ယုံကြည်သူမဟုတ်သေးပဲနဲ့တောင် ဘုရားရှင်က ဒါလောက်ကြည့်ရှုပေးတာကို သတိပြုမိလာပါတယ်။ ထောင်ထဲမှာတော့ ရှမ်းလို (သို့မဟုတ်) အင်္ဂလိပ်လိုပဲ စကားပြောကြရတယ်။ မြန်မာလို ပြောခွင့်ကြုံလာတာတော့ မြန်မာကျောင်းစာမေးပွဲတွေ ဖြေဖို့  ထောင်ထဲကိုလာရောက် မြန်မာစာသင်ပေးတဲ့ ဟောဒီက ဆရာဦးဇော်မင်း၊ ဆရာထွန်းမြ၊ ဆရာစိုင်းအေးတို့ ကူညီမှုကြောင့်ပါ။ 

ကိုယ့်တစ်သက်တာမှာ တသက်တကျွန်း ထောင်ကလွတ်ဖို့ လမ်းမရှိတော့တဲ့ အခြေအနေမှာတော့ မိတ်ဆွေများလည်း မရှိတော့ပါဘူး။ ကိုယ့်ကို ချစ်လှပါတယ် ဆိုတဲ့အမျိုးသမီးလည်း ပထမတော့လာပြီး၊ နောက်ပိုင်း ပေါ်မလာတော့ပါဘူး။ ဆွေမရှိ၊မျိုးမရှိ၊  ထောင်တစ်သက်က လျှော့ဖို့ အယူခံဝင်ရေးအတွက် ငွေကြေးလဲမရှိတော့ မျှော်လင့်ချက် ကင်းမဲ့နေပါတယ်။ တစ်ခါကတော့ ဘီယာဆိုင်မှာ ရယ်စရာတွေပြောကြတဲ့ သူငယ်ချင်းတွေ အများကြီးပါ။ ထောင်ထဲမှာတော့ ပျောက်ကွယ်သွားကြပါတယ်။ ယုံကြည်သူသူငယ်ချင်းတွေကပဲ ငွေလေးအနည်းအကျဉ်းစုပေး၊ ရှေ့နေငှားပြီး အယူခံတင်ဖို့ လုပ်ပေးကြတယ်။ ပထမအကြိမ် အယူခံဝင်တော့ ထောင်အနှစ်၄၀ အဖြစ် လျှော့ချပေးလိုက်တယ်။ ဒုတိယအကြိမ် ရုံးမှာဆက်တင်တော့ ထောင်အနှစ်၂၀ ထပ်လျှော့ခံလိုက်ရတယ်။ 

ဘာကြောင့် ဒီလို ထောင်ဒါဏ်တွေ လျှော့ချခံရသလဲဆိုတော့ မြန်မာပီပီ ကံကောင်းလို့ပဲလို့ ပြောကြပါလိမ့်မယ်။ မဟုတ်ပါဘူး။ အခုတော့ လွတ်လာတယ်။ ကျွန်တော့အတွက် ဆုတောင်းပေးတဲ့လူတွေ ရှိပါတယ်။ ဘုရားရှင်ကြောင့်ပါ။ ထောင်ထဲမှာ နေရင်း အားကိုးစရာရှာတဲ့အခါ အသက်ရှင်တဲ့ဘုရားကို တွေ့လိုက်ရပါတယ်။ တပါးအမျိုးသားဘ၀က ဘယ်လိုလုပ်ပြောင်းလဲလာကြသလဲ ဆိုတော့ မြန်မာတွေက နတ်ကိုးကွယ်မှုကိုပြောင်းလဲသွားသူကိုတော့ အပြစ်မပြောပဲ၊ ယုံကြည်သူအဖြစ်ပြောင်းသွားသူကိုတော့ အများကြီးပြောခံရပါတယ်။ ကျွန်တော့ဘ၀နဲ့ ရင်းနှီးပြီး ပြောင်းလဲခဲ့ရတာပါ။ 

အခုအချိန်ဟာ ဘုရားရှင်ကို သိခြင်းဟာ အစပဲရှိပါသေးတယ်။ လူသားအားလုံးရဲ့ ဘုရားရှင်ဖြစ်ပါတယ်။  ထိုင်းသက္ကရာဇ် ၄၇ခုနှစ်မှာ ဘုရင်မကြီးလွတ်ငြိမ်းချမ်းသာပေးလို့ လျှော့ရက်ရတယ်။ သက္ကရာဇ် ၄၉ခုနှစ်မှာ ထိုင်းဘုရင်ကြီး နန်းသက်၆၀ လွတ်ငြိမ်းချမ်းသာမှုနဲ့ ထောင်ကအပြီးလွတ်လာခဲ့ပါတယ်။ အားလုံးပေါင်းရင် ထောင်ထဲမှာ ၅နှစ်၊ ၄လ နဲ့ ၁၇ရက် နေခဲ့ရပါတယ်။

ကျွန်တော့ညီဝမ်းကွဲတစ်ဦးရှိပါသေးတယ်။ ကျွန်တော်ကတော့ ကယ်တင်ခြင်းရရှိပြီး ငြိမ်သက်ချမ်းသာမှုကို ရရှိခဲ့ပြီး၊ ညီဖြစ်သူအတွက်တော့ စိုးရိမ်ပါတယ်။ ကျွန်တော် ဘာမှမတတ်နိုင်ပါဘူး။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးပဲ တတ်နိုင်ပါတယ်။ အမြဲတမ်းဆုတောင်းပေးနေပါတယ်။ ထောင်ကထွက်ပြီး အမ်စီအေအသင်းတော် ဘုရားကျောင်းမှာ ညီဖြစ်သူကို မမျှော်လင့်ပဲတွေ့ရပါတယ်။ နှစ်ခြင်းခံပြီး..ထောင်ကျနေတဲ့ ကျွန်တော့အတွက် ဆုတောင်းပေးနေတာ ကြာပြီလို့ အံ့သြဘွယ်ရာ သိရှိလိုက်ပါတယ်။ ကျွန်တော်တို့ညီအစ်ကို ၂ဦးစလုံး တပါးအမျိုးသားဓမ္မဆရာတွေဖြစ်ခဲ့ဖူးပါတယ်။ ကျွန်တော်တို့ရဲ့ ဆုတောင်းသံများကို ဘုရားရှင်နားညောင်းတော်မူပါတယ်။

ဘုရားရှင်ဟာ ယုံကြည်သူတွေရဲ့ ဘုရားမဟုတ်ပါဘူး။ လူသားအားလုံးရဲ့ ဘုရားဖြစ်ပါတယ်။ 

.The End....
Ref: PattayaMCA 29Oct2007
http://www.youtube.com/watch?v=zV5OnMHtXdw&feature=related