ဆရာလှိုင်ဦးကြည် (သင်းအုပ်ဆရာ) သီပေါ FGA

ဆရာလှိုင်ဦးကြည် (သင်းအုပ်ဆရာ)
သီပေါမြို့မှာ မိမိခံစားရတဲ့ ၀မ်းမြောက်ခြင်းဘ၀ အသက်တာကို ဝေငှနေသူရဲ့ သက်သေခံခြင်း ဖြစ်ပါတယ်။ ကိုးရီးယား ဆရာမကြီးတစ်ဦးက ထောက်ပံ့မှုနဲ့ အေအမ်အိုင် AMI အန္တီအုတ်ကျမ်းစာကျောင်း ၄နှစ် တက်ခွင့်ရပြီး ရခိုင်ပြည်နယ်မှာ ဧ၀ံဂေလိ အမှုတော်ထမ်းခဲ့ဖူးပါတယ်။ ရခိုင်လူမျိုးများက ခရစ်တော်ကို မယုံကြည်သေးပေမဲ့လဲ သူတို့ လူငယ် နှစ်ယောက်နဲ့ များစွာခင်မင်၊ လူမှုရေးကောင်းကြတာကို ပြောပြခဲ့ပါတယ်။ ကိုးရီးယား အမှုဆောင်များထံ ခွင့်ရက်ယူပြီး ဇာတိ ကျောက်မဲမြို့ကို ပြန် ဧ၀ံဂေလိ လိုက်ပြောနေချိန် ရှမ်းပြည်ကနေ ချင်းပြည်နယ်အထိ ရောက်သွားလို့ ရက်များစွာကျော်လွန်ပြီးမှ ရန်ကုန်ကို သတင်းသွားရောက် သတင်းပို့မိခဲ့ပေမဲ့ သူ့ကို ပြန်လက်မခံဖြစ်တော့ပါဘူး။ ဒါနဲ့ပဲ ဖူးဂေါစပယ် Full Gospel အမှုဆောင် သီပေါမြို့မှာ ဖြစ်လာပါတယ်။ ၂၀၁၀ ကနေ အခုတိုင်အောင် ၈နှစ်ကြာမြင့်ခဲ့ပါပြီ။

ကျော်လွန်သက္ကရာဇ် ၂၀၀၀ခု အသက်၂၀ အရွယ်မှာ ကျောက်မဲမြို့ ဆန်ကုန်သည်ထံ အလုပ်လုပ်ရင်း ဆန်အိတ်ထဲပါလာတဲ့ ဝေစာများကို တွေ့ခဲ့ပါတယ်။ မိဘများက စစ်ကိုင်း၊ မြင်းမူ ဒေသက မိရိုးဖလာ မြန်မာလူမျိုး တောင်သူလယ်သမာများ ဖြစ်ကြပါတယ်။ မြို့တက်အလုပ်လုပ်ရင်း ကျောက်မဲမြို့မှာ သူ့ကို မွေးဖွားလာခဲ့ပါတယ်။ လက်ရှိအခြေအနေမှာတော့ ကျောင်းမနေတော့ပဲ အလုပ်လုပ်ရင်း အသက်၆၀ မိခင်အိုကို ဆေးကုရင်း၊ ညီငယ်လေးကျောင်းစရိတ် မိသားစု(၃)ယောက် ဘ၀ဖြစ်ပါတယ်။ မိခင်ကတော့ အခု ကွယ်လွန်သွားပါပြီ။ 
.
.
.
ဆရာလှိုင်ဦးကြည် သက်သေခံချက်က 
ခရစ်တော်ဆိုတာ ဘာလဲ ဆိုတဲ့အကြောင်း ဘာသာရေးခရစ်ယာန်များကိုလဲ မေတ္တာနဲ့ပြောပြနေပါတယ်။ ယုံကြည်ခြင်း ကြားနာခြင်းအားဖြင့် ဖြစ်၏။ ကြားနာခြင်းသည်လည်း ဘုရားသခင်၏ စကားတော်အားဖြင့် ဖြစ်၏ (1) ဆိုတဲ့ အတိုင်း သူ့ရဲ့ ယုံကြည်ခြင်းက ဆာငတ်တဲ့နှလုံးသားကို ဘုရားသခင် ထိတွေပြီး၊ ရှင်းပြ၊ ပြောပြတဲ့ ခရစ်တော်အမှုဆောင်များကြောင့် ဖြစ်ပါတယ်။ 
ဦးစွာပထမ ဆန်အိတ်ကိုဖွင့်ချိန် ထည့်ပေးထားတဲ့ ဝေစာထဲက ပန်းချီရုပ်ပုံလေးကို ပန်းချီဝါသနာအိုး မောင်လှိုင်ဦးကြည်က စိတ်ဝင်စားသွားပါတယ်။ ငယ်စဉ် ကျောင်းသားဘ၀ကတည်းက ပန်းချီဆိုင်းဘုတ်များကို အချိန်ပိုင်းရေးဆွဲရင်း ၀င်ငွေတပိုင်းတစ ရရှိခဲ့လို့ ကယ်တင်ခြင်းလမ်း ဆိုတဲ့ ဝေစာထဲက ပန်းချီကို အိမ်မှာပြန်ရေးဆွဲဖို့ ယူသွားတယ်။ အိမ်ကျတော့ ကယ်တင်ခြင်း ဆိုတဲ့စာတွေ အကုန်လုံး ဖတ်လိုက်မိပါတယ်။ သြော် ခရစ်ယာန်တွေက သူတို့အပြစ်ကို ဘုရားသား ယေရှုခရစ်တော် လာပြီး လက်ဝါးကပ်တိုင်မှာ လာအသေခံသွားတယ် ဆိုတဲ့ မေတ္တာကိုတော့ သဘောကျမိခဲ့တယ်။ ငယ်စဉ်ကတည်းက ဘုရားတရားနဲ့အညီနေထိုင်ပြီး အရက်၊ ဆေးလိပ်၊ ကွမ်းတွေကို မနှစ်သက်၊ မသုံးဆောင်ခဲ့ပါ။ ကိုယ်ကောင်းတာလုပ်ရင် ကောင်းရာရောက်မယ် ဆိုတာကို စွဲမြဲလက်ခံခဲ့သူဖြစ်ပါတယ်။ ကျောက်မဲမြို့မှာလဲ ဘာသာစုံ နေထိုင်တော့ ခရစ်ယာန်များနဲ့လည်း တွေ့မြင်နေကျပါ။ မိဘများကလည်း ဒိဌိအယူဝါဒ လို့ပြောထားတော့ ခပ်ဝေးဝေးပဲ နေပါတယ်။ သူတို့စာတွေ ဖတ်ရတော့လည်း ကျင့်ဝန်တွေ တရားတွေက မဆိုးပါလား လို့သိလာရတယ်။ ဒါပေမဲ့ ယေရှု ဆိုတဲ့လူအကြောင်းကို ပိုပြီး သိချင်လာပါတယ်။ 
.
ဝေစာမှာတော့ ကယ်တင်ရှင် ဆိုတာ ငါတို့ မြန်မာလူမျိုးတွေကို ကယ်တင်သလား ၊ ခရစ်ယာန်တွေကိုပဲ ကယ်တင်သလား၊ စဉ်းစားနေမိပါတယ်။ ယေရှုအကြောင်း မေးဖို့ ကျောက်မဲ လူမျိုးပေါင်းစုံအသင်းတော်ကိုလဲ လာကြည့်တော့ ရှင်းပြမဲ့လူမတွေ့ပါဘူး။ ဖူးလ်ဂေါစပယ် လို့မြန်မာလိုရေးထားတဲ့ ဆိုင်းဘုတ်ကို တွေ့ပြီး အင်္ဂလိပ်လို Full ဆိုတာ အပြည့်အ၀ဆိုတာ နားလည်ပေမဲ့ Gospel ဆိုတာ တခါမှမကြားဖူးပါ။ အဖြူရောင် နောက်ခံက လက်ဝါးကပ်တိုင်လဲ တွေ့တော့ ခရစ်ယာန်အိမ်ပဲ ဆိုပြီး၊ ညနေပိုင်းမှာ သွားတွေ့ပါတယ်။ သူနဲ့အရွယ်တူ အသက်၂၀ကျော် (ဆရာဖြစ်နေတယ်) ဆိုတဲ့ ကိုအောင်လွင်မိုး က တစ်ကြိမ်၊ နောက်တစ်ခါ သွားမေးတော့ ဆရာနမ်စွမ်းမန် က ငါတို့ပါးစပ်က ဒီအကြောင်းကို ပြောချင်တာ ယားနေတာပဲ ဆိုပြီး လဘက်ရည်တိုက်ပြီး ၃ရက်လောက် ရှင်းပြပါတယ်။ ပြောပြပါတော့တယ်။ လူဆိုတာ ကောင်းတာလုပ်ချင်ပေမဲ့ သိပ်မလုပ်နိုင်ကြောင်း၊ မကောင်းတာမလုပ်ချင်ပေမဲ့ မရှောင်နိုင်ကြောင်း၊ ဗီဇအရပါလာကြောင်း။ ကျွန်ုပ်သည် မွေးကကပင် အပြစ်ပါလျှက်ရှိပါ၏။ အမိဝမ်းထဲမှာ ပဋိသန္ဓေယူစဉ်ကပင် အပြစ်စွဲပါ၏ (2) ဆိုတဲ့ ကျမ်းစာစာအုပ်ကို ဖတ်ပြတဲ့အခါ ခရစ်ယာန်ကျမ်းစာအုပ်ကိုလဲ ကိုးကားပြောဆိုတာကြောင့် ပိုပြီးစိတ်ဝင်စား လာရပါတယ်။
.
.
ကယ်တင်ခြင်း ရရှိပြီးနောက်ပိုင်း
ဆရာနမ်စွမ်းမန် ဆက်ပြောတာတွေကတော့ ကယ်တင်ရှင် ဆိုတာ တယောက်ထဲဆိုလဲ ကယ်တာပါပဲ။ ဗမာလူမျိုးများရဲ့ မိရိုးဖလာဘာသာ က သိပ်ကောင်းတယ်။ မကောင်းမှုတွေကို တားမြစ်ပြီး၊ ကောင်းတာလုပ်ရင် ကောင်းရာကို ရောက်မယ်လို့ပဲ ခံယူထားတော့ မကယ်တော့ဘူးလား။ ကယ်တင်ရှင်က ဗမာလူမျိုးများကိုလဲ ကယ်တင်တဲ့အကြောင်း၊ သေချာစွာ ရှင်းပြနိုင်လို့ ကျနော် ပိုပြီးနားလည်လာပါတယ်။ နောက်တော့ ကယ်တင်ရှင်ကို လက်ခံခဲ့ပါတော့တယ်။ လက်ခံပြီးတော့ ကျောက်မဲမြို့ကို စက်ဘီးစီးသွားလာချိန် အရာရာ အလွန်လှပနေတယ်။ သာယာနေတယ်။ ၀မ်းမြောက်လှပါတယ်။ ငါက ကယ်တင်ရှင်ကို လက်ခံတော့ သူကလဲ ငါ့ကိုလက်ခံတယ်…တဲ့ .. ဆိုတဲ့ ကယ်တင်ခြင်းစိတ်ချမှုကို ရရှိပြီး၊ အရမ်းဝမ်းသာနေမိပါတယ်။ ၀မ်းမြောက်မှုတွေ စီးဆင်း ခံစားနေတာ တခါမှ ဒီလိုမခံစားဖူးပါဘူး။ 
.
အဲဒီ နောက်ပိုင်းတော့ အရင်က သူများကို မနာလိုဝန်တို စိတ်များ၊ စိတ်ထဲမှာတောင် မရှိတော့ပါဘူး။ ကိုယ့်ကို ချောက်တွန်းသူတွေကို အရင်ကဆို ဘယ်ရမလဲ။ ပြန်လုပ်တယ်၊ အခုတော့ သြော် ..သူရဲ့ ဗီဇအပြစ်ကြောင့် ငါ့ကို ချောက်တွန်းတာဆိုတာ သိလာပြီး၊ သူလဲ ကယ်တင်ခြင်းရရင် လုပ်မှာမဟုတ်ဘူး ဆိုပြီး ခွင့်လွှတ်လာပါတယ်။ ပြန်တုံ့ပြန်လိုတဲ့ စိတ်လဲ မရှိတော့ပါဘူး။ အရင်ကနဲ့ မတူတဲ့ စိတ်နေသဘောထားတွေ ဖြစ်လာပါတယ်။ 
.
ဒါနဲ့ပဲ အဲဒီ ဘုရားကျောင်းကို အပတ်စဉ်တတ်ဖြစ်ပြီး၊ မကြာခင် ကျနော်နဲ့ရွယ်တူ မိန်းကလေးများ ဘုရားကျောင်းမှာ တွေ့လို့ မေးကြည့်ပါတယ်။ သင်းထောက်လုပ်နေတဲ့ ခပ်၀၀ ကိုမြင့်အောင်က ကျမ်းစာကျောင်း သွားတက်မဲ့ မိန်းကလေးတွေ ဖြစ်ကြောင်း၊ ကျမ်းစာကျောင်းဆိုတာ ဘာမှန်းမသိ၊ ကျမ်းစာအုပ်ကိုတော့ မဖတ်သေးတဲ့ ကျနော့်စိတ်ထဲ ကိုယ်လဲ ကျမ်းစာကျောင်းတက်ချင်တဲ့ စိတ်တွေ တဖွားဖွား ပေါ်လာပါတယ်။ ၉လ တောင်မှ တက်ရမယ်ဆိုတယ်။ အမေနဲ့ညီလေးကို ထားခဲ့ရမှာ ၀န်လေးပေမဲ့ သင်းထောက်ကိုမြင့်အောင်က လိုက်ချင်ရင် လိုက်သွားပါ။ ဘုရားသခင် မင်းမိသားစုကို စောင့်ရှောက်ပါမယ်လို့ အားပေးတော့ နောက်ဆုံး ကျမ်းစာကျောင်း တက်ဖို့ဆုံးဖြတ်ရင်း FGA ဖူးလ်ဂေါစပါယ် (3) ၉လ သင်တန်းကို တက်ရောက်ခဲ့ပါတယ်။ ဒီတော့မှ ကျမ်းစာကို ဖတ်တတ်လာပြီး၊ သင်တန်းပြီးချိန် ကျောက်မဲမြို့ကို ပြန်လာ၊ ဆရာနမ်စွမ်းမန် တို့နဲ့ အတူပါဝင်ခဲ့ပါတယ်။ မိခင်နဲ့ အပေါင်းသင်းများကတော့ ဒိဌိဘာသာထဲဝင်သွားတယ် ဆိုကြတယ်။ အရင် ဆန်ဆိုင်မှာပဲ ဆက်လက် အလုပ်လုပ်ဖြစ်ခဲ့ပါတယ်။ 
.
လူတွေကို ဧ၀ံဂေလိ အမှုဆောင်ဖို့ဆိုတာ ကျမ်းစာကို ဒီထက်ပိုနားလည်မှ ဖြစ်မယ်ဆိုပြီး အရမ်းတက်ချင်လာလို့ ဆုတောင်း၊ တိုင်ပင်ရာမှာ ကျောက်မဲမြို့လာရောက်တဲ့ နှစ်ခြင်းဆရာတပါးက ရန်ကုန်မှာတက်ဖို့ စပွန်စာပေးမယ်၊ မြစ်ကြီးနား အေဂျီအသင်းတော်က ဆရာကလဲ မြစ်ကြီးနားမှာ တက်ဖို့ စပွန်စာပေးမယ် ပြောပါတယ်။ နောက်ဆုံး ခြေနှစ်ဖက်မရှိတဲ့ ဆရာကျော်ကျော် ကျောက်မဲမြို့လာရောက်ချိန် ပြောပြတော့ ဆရာကျော်ကျော်က ရန်ကုန် လိုက်ခဲ့၊ မင်းကို ကျမ်းစာကျောင်းကောင်းကောင်း တက်လို့ရအောင် လုပ်ပေးမယ် ပြောပြီး၊ ရန်ကုန် အေအမ်အိုင် AMI အန္တီအုတ်ကျမ်းစာကျောင်း (4) ၄နှစ် ၀င်ခွင့်တင်ဖို့ တက္ကစီဒရိုင်ဘာ တစ်ယောက်နဲ့ ပို့ပေးလိုက်ပါတယ်။ တခြား စပွန်စာပေးမယ် ဆိုတဲ့ ဆရာ၂ယောက်ထက် ခြေ၂ဖက် မရှိတဲ့ ဆရာကျော်ကျော်က ကျနော်နဲ့ပိုရင်းနှီးတော့ သူ့နောက်ကိုလိုက်ဖို့ ရွေးချယ်ခဲ့တာပါ။ သူ့ကို ကျနော် ကျောပိုးပြီး ဧ၀ံဂေလိုထွက်ခဲ့ဖူးပါတယ်။
.
.
.
အေအမ်အိုင် AMI အန္တီအုတ်ကျမ်းစာကျောင်း
လူတွေ့မေးဖြေချိန်မှာ မေးခွန်းတွေကို မဖြေနိုင်ပါဘူး။ ဖောင်ဖြည့်တာလဲ နောက်ကျ။ စပွန်စာလဲ မရှိဆိုတော့ လက်မခံနိုင်ကြောင်း၊ အိမ်ပြန်ဖို့ပြောလို့ အောက်ဆင်းလာပြီး ကျမ်းစာကျောင်းမှာပဲ ထိုင်နေပါတယ်။ ကျောင်းဖွင့်တော့မှာဆိုတော့ ကျမ်းစာကျောင်းတက်မဲ့ ကျောင်းသူ၊ ကျောင်းသား တစ်ရာကျော်ကျော်လောက်လဲ လှုပ်ရှားနေကြပါတယ်။ တက္ကစီ ဒရိုင်ဘာလဲ ပြန်သွားပြီ၊ ဆရာကျော်ကျော်ဆီ အကြောင်းကြားဖို့လဲ အဲဒီခေတ်က မိုဘိုင်ဖုန်းလဲ မပေါ်သေးတော့ ရောက်ပြီဆိုတော့ ကျမ်းစာကျောင်းပဲတက်မှ ဖြစ်မယ်ဆိုပြီး ထိုင်နေပါတယ်။ ကျောင်းပေါ်က ကိုးရီးယားဆရာမကြီး ဆင်းလာပြီး ကျနော့် ကိုတွေ့တယ်။ ဘာကြောင့် မပြန်သေးပဲ နေသလဲ ဆိုတာ ဘေးက ဆရာတွေကို အင်္ဂလိပ်လို မေးခိုင်းပြီး ကျမ်းစာကျောင်းတက်ခွင့် မရတော့တဲ့အတွက် အိမ်ပဲပြန်ဖို့ပြောပါတယ်။ ကိုးရီးယားဆရာမကြီးလဲ ပြန်သွားတယ်။ တော်တော်လေး ကြာတော့ ကိုးရီးယားဆရာမကြီး ကျမ်းစာကျောင်းကို ပြန်ရောက်လာချိန် ကျနော်ကို မြင်သွားပြီး ဘာမှမပြောပဲ ကျမ်းစာကျောင်းပေါ် တက်သွားပါတယ်။ မကြာဘူး ကိုးရီးယားဆရာမကြီးက ခေါ်လို့ဆိုပြီး ကျနော့်ကို လာခေါ်တယ်။ ကျနော့်ဘ၀အကြောင်း မေးမြန်းတော့ အခုပြောတဲ့အတိုင်း တနာရီကျော်ကျော် သက်သေခံ ပြောပြပါတယ်။ ကိုးရီးယားဆရာမကြီး က သေချာနားထောင်ပြီး သူ့ကို စပွန်စာပေးမယ်၊ လက်ခံလိုက်ပါ ပြောလိုက်ပါတယ်။ စာအုပ်ဝယ်ဖို့ အဲဒီခေတ်က ဘတ်စ်ကားတခါစီး ၁၅ကျပ် ခေတ်မှာ တစ်လ ကျောင်းသုံးစရိတ် ကျပ်၎ထောင် လစဉ် ထောက်ပံ့ပေးပါတယ်။ 
.
၎နှစ် ကျမ်းစာကျောင်း ပြီးဆုံးတော့ ကျောင်းဆင်း၂ဦးကို ရခိုင်ပြည် ဧ၀ံဂေလိစေလွှတ်ပါတယ်။ လစာလဲရတယ်။ အမှုဆောင်ခွင့် ရလို့ အရမ်းဝမ်းသာပါတယ်။ ခွင့်နဲ့ ကျောက်မဲမြို့ကို ပြန်လာချိန် ဆရာနမ်စွမ်းမန် နဲ့အတူး ရှမ်းပြည်တ၀ိုက် ဧ၀ံဂေလိခရီး အပြင် ၊ မော်တော်ဆိုင်ကယ် တစ်စီးနဲ့ ကျောက်မဲမြို့ကနေ ဆရာရဲ့မိဘများရဲ့ ချင်းတောင် ကျေးရွာများကို လိုက်သွားပြီး ဧ၀ံဂေလိလုပ်ကြပါတယ်။ ပြန်သတင်းပို့ရမဲ့ သတိမေ့သွားပြီး ရက်တော်တော်များများ ကျော်လွန်သွားပါတော့မယ်။ ရန်ကုန် ကိုးရီးယားဌာနချုပ်ကို သတင်းပို့တော့ ကျနော့်ကို ပြန်လက်မခံတော့ပါဘူး။ ဘယ်လိုပြောပြော လက်မခံတော့ကြောင်းသာ အပြတ်ပြောပါတယ်။ သူတို့ပြောတာကတော့ မင်းတို့မြန်မာတွေဟာ သစ္စာမရှိကြောင်း၊ အသင်းအဖွဲ့ကိုသစ္စာမရှိပဲ ကိုယ်လုပ်ချင်သလို ရက်များစွာ နောက်ကျပြီး ရောက်လာလို့ လက်မခံနိုင်တော့ကြောင်း ပြောပါတော့တယ်။ ပြန်လက်ခံပေးဖို့ တောင်းပန်ပြောဆိုတော့ ..အေး၊ ဒါဆိုရင် မှော်ဘီမှာ ရက်၄၀ အစာရှောင် ဆုတောင်းဖို့သွားပါ။ အစာရှောင်ဆုတောင်းပြီး ပြန်လာရင် စဉ်းစားပေးမယ် ပြောပါတယ်။ ဒါနဲ့ စိတ်ပျက်စွာ ပြန်လာချိန် ဖူးလ်ဂေါစပယ် အဖွဲ့က ကျနော်လဲ ဖူးလ်ဂေါ်စပယ် ၉လသင်တန်း တက်ပြီးသားဖြစ်တယ်။ ဒါကြောင့် ဧ၀ံဂေလိခရီးစဉ် ၁နှစ်၊ ၂နှစ် တက်ပြီး ကျနော်လုပ်ချင်တဲ့ သင်းအုပ်ဆရာအလုပ်ကို လုပ်လို့ရမယ်ပြောပါတယ်။ လက်ခံပြီး ၁နှစ်တိတိ ဧ၀ံဂေလိခရီးထွက်ရပါတယ်။ တနှစ်ပြည့်ချိန်မှာ ကျနော်ရဲ့ မွေးဇာတိ ကျောက်မဲမြို့နဲ့ မိုင်၂၀ဝေးတဲ့ သီပေါမြို့မှာ တပည့်တော်စု အသင်းတော် စတင်ခွင့်ရခဲ့ပါတယ်။ 
.
.
.
သီပေါမြို့ FGA 
ကျနော်ဟာ မယုံကြည်သူများကိုပဲ အဓိကထားပြီး ကယ်တင်ခြင်း သတင်းကောင်းများကို ပြောဆိုပါတယ်။ ဒေသခံ အသင်းတော်များကတော့ သူတို့အသင်းသားများကို ဆွဲဆောင်မယ် စိုးရိမ်ပြီး၊ ဆက်ဆံရေးခက်ခဲပါတယ်။ အဲဒီမြို့မှာ ရဟိုးဝါအဖွဲ့ဝင်များ ရှိပါတယ်။ သူတို့ကတော့ တကယ် ဧ၀ံဂေလိ တအိမ်တက် တအိမ်ဆင်း ပြောကြပါတယ်။ သူတို့နဲ့ ခံယူချက်ခြင်း မတူခဲ့ပါဘူး။ ဒါပေမဲ့ သူတို့လိုပဲ အိမ်တွေကို လိုက်ပြီး ဧ၀ံဂေလိ လိုက်ပြောပါတယ်။ မယုံကြည်သူများကိုပဲ ဦးတည်ပါတယ်။ ကိုယ်ပြောတဲ့ လူက ခရစ်ယာန်ဖြစ်တယ်ဆိုရင် သူတို့ ဒေသအသင်းတော်များဆီပဲ တက်ဖို့တိုက်တွန်း အားပေးပါတယ်။ ဒီလိုနဲ့ ၃နှစ်လောက်အထိ ကျနော်လိုက်ပြောတဲ့ လူတွေ မပြောင်းလဲကြပါဘူး။ 
.
FGA က ထောက်ပံတဲ့ လစာရှိပါတယ်။ တခြားဒေသများတော့ လောက်ငှနိုင်ပေမဲ့ သီပေါမြို့က ဈေးကြီးတဲ့ မြို့ဖြစ်ပါတယ်။ ရှေး ရှမ်းစော်ဘွား မြို့ဖြစ်တဲ့အတွက် တိုးရစ်၊ ကမ္ဘာလှည့်ခရီးသည်တွေ၊ ပြည်တွင်းခရီးသည်တွေ အများအပြား လာရောက်ကြည့်ရှုကြပါတယ်။ ဒါကြောင့် သီပေါမြို့မှာ အလုပ်ကိုင်ပေါ၊ ငွေပေါ၊ မှောင်ခိုပစ္စည်းများလဲ ပေါတော့ ကုန်ဈေးနှုန်းတွေ တော်တော်မြင့်မားပါတယ်။ ဥပမာ အမဲသားတပိသာ ရန်ကုန်မှာ ၃ထောင်ကျပ်ဆို သီပေါမှာ ၂ဆလောက် ဈေးပိုကြီးပါတယ်။ ဒါကြောင့် ကျနော်ရတဲ့ လစာနဲ့ မလောက်ပါဘူး။ ဒါပေမဲ့ ဘုရားသခင်ကောင်းကြီး ခံစားရလို့ အဆင်ပြေလာပါတယ်။ ၃နှစ်ပြည့်ချိန်မှာတော့ ရှမ်းအမျိုးသား လူငယ်တစ်ယောက် ယေရှုခရစ်တော်ကို လက်ခံလာပါတယ်။ သူနဲ့အတူ ပတ်ဝန်းကျင် အိမ်တွေ၊ ရွာတွေကို TV နဲ့ ရုပ်ရှင်လိုက်ပြတယ်။ တခြားဇတ်ကားတွေပြတယ်။ ပြီးတော့ ယေရှုဇတ်ကားပြတယ်။ ကယ်တင်ခြင်းအကြောင်းပြောကြပါတယ်။ အဲဒီ ရှမ်းလူငယ်လေးရဲ့ ဇနီးသည်လဲ ပြောင်းလဲလာပါတယ်။ 
.
အခု သီပေါမြို့မှာ FGA အသင်းတော် ၈နှစ် ကြာခဲ့ပါပြီ။ ဒေသခံ အသင်းတော်ကြီးများကလည်း သူတို့ထင်သလို စိုးရိမ်သလို မဖြစ်လာတဲ့အတွက် ကျနော်တို့အသင်းတော်နဲ့ အဆင်ပြေလာပါပြီ။ ပုံမှန် ၀တ်ပြုသူ ၁၅ဦးကနေ ၂၀ဦးလောက်ရှိနေပါပြီ။ အိမ်ထောင်စု ၅စု အမာခံဖြစ်ပြီး၊ တချို့လဲ တံပိုးမတူတဲ့ အိမ်ထောင်များဖြစ်နေပါတယ်။ ထိုင်းနိုင်ငံ အလုပ်သွားလုပ်သူလဲ အလှုငွေများ ပို့ပေး၊ ဆယ်ဖို့တစ်ဖို့ ပို့ပေးနေပါတယ်။ အ၀င်တံခါး ဖွင့်ထားသလို အထွက်တံခါးလဲ ဖွင့်ထားပါတယ်။ တချို့လဲ အကြောင်းအမျိုးမျိုးကြောင့် ထွက်ခွာသွားသူများ ရှိပါတယ်။ ကျနော်တို့ကတော့ ယေရှုအကြောင်း လုံးဝမကြားဖူးသေးတဲ့ လူတွေကိုပဲ ဧ၀ံဂေလိ ပြောကြားကြပါတယ်။ 
.
.
.
ရခိုင်ဧ၀ံဂေလို ဆက်မလုပ်ဖြစ်တော့ခြင်း
ကျနော် AMI ကျမ်းစာသင်ကျောင်း တက်ဖို့ ဆရာကျော်ကျော်နဲ့ လိုက်လာချိန် ၊ မန္တလေးမြို့FGA က ဆရာတန်ဘူနဲ့ သူတို့၂ယောက် စကားပြောနေကြတာ အိပ်နေချိန်မှာ ကြားလိုက်ရပါတယ်။ တသက်လုံး မမေ့နိုင်တဲ့ စကားပဲဖြစ်ပါတယ်။ သူတို့ကတော့ မေ့သွားပြီလားမသိပါ။ ဆရာတန်ဘူ က ရယ်စရာပြောတာ မနိုးတ၀က်နဲ့ ကြားလိုက်ရပါတယ်။။ ကိုလှိုင်ဦးကြည် ကျမ်းစာကျောင်းတက်ချင်တာ စပွန်စာမရှိ၊ ယုံကြည်ခြင်းနဲ့ပဲ ဆိုတော့ တချိန်က ယုံကြည်ခြင်းနဲ့ ဧ၀ံဂေလိထွက်လာတဲ့ လူ၂ယောက်ကို အိမ်တအိမ် လင်မယား၂ယောက်က တညအိပ် လက်ခံခဲ့တယ်။ ညမှာ အရမ်းချမ်းအေးချိန် ဧ၀ံဂေလိလူ၂ယောက်က ကို သူတို့လင်မယား ခြုံတဲ့ စောင်ပေးလိုက်ပါတယ်။ နောက်နေ့မနက်တော့ ဧ၀ံဂေလိ လူ၂ယောက် ခရီးဆက်ထွက်သွားပါတယ်။ ယောင်္ကျားက ဇနီးသည်ကို ပြောပါတယ်။ သူတို့က ယုံကြည်ခြင်းနဲ့ ထွက်လာတဲ့ ဧ၀ံဂေလိပြောသူတွေပဲ၊ သူတို့ကို ကူညီခွင့်ရတာ ကောင်းကြောင်း ပြောတော့ ဇနီးသည်က အေး၊ သူတို့ယုံကြည်ချက်ကတော့ ကောင်းပါတယ်။ ကျမတော့ တညလုံး စောင်မရှိလို့ သိပ်ချမ်းတာပဲ ပြောပါတယ်။ မန္တလေးက ဆရာတန်ဘူက ဆရာကျော်ကျော်ကို ..မင်းလဲ ကိုကျော်ဦးလှိုင် ယုံကြည်ခြင်းနဲ့ပဲ ချမ်းနေဦးမယ်နော် လို့ ရယ်စရာပြောပြီး ရယ်မောနေတာကို အခုတိုင် သတိရပါတယ်။ ကျနော်လဲ ဆရာကျော်ကျော် နောက်မလိုက်တော့ပဲ မိမိဖာသာ ရန်ကုန်သွားတော့မယ် လို့ စဉ်းစားမိပေမဲ့ မလုပ်ဖြစ်ပါဘူး။ ဒါကြောင့် အမှုတော်ဆောင်ချိန်မှာ ဘယ်တော့မှာ အလှုငွေတောင်းတာမျိုး၊ မိမိလိုအပ်တာတွေကို ပြောပြတာမျိုး မလုပ်ဖြစ်အောင် စောင့်ထိန်းပါတယ်။ ဘုရားသခင်ထံပဲ ဆုတောင်းပါတယ်။ 
.
FGA ဆရာများ ပြောတဲ့ စကားတစ်ခုကိုလဲ အမြဲလက်စွဲထားပါတယ်။ အောင်ဘန်းမြို့မှာ ကြားလိုက်ရတဲ့ စကားပါ။ ဆရာဝန်တစ်ယောက် မှားသွားရင် လူနာတစ်ယောက်ပဲ သေမယ်။ ဓမ္မဆရာတစ်ဦး မှားယွင်းတဲ့ ၀ါဒနဲ့ လမ်းမှားသွားရင် လူပေါင်းမြောက်များစွာ သေသွားမယ် ဆိုတဲ့ စကားပဲဖြစ်ပါတယ်။ ဒါကြောင့် ဓမ္မဆရာ တစ်ယောက်ဖြစ်လာတဲ့အချိန် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ အညီသွားနိုင်ဖို့၊ သက်သေခံလိုက်ရပါတယ်။ 
.
Sayar Hlaing Oo Kyi 0936159467
.
မှတ်ချက်။ 
ဆရာ လှိုင်ဦးကြည် (သီပေါမြို့ FGA သင်အုပ်ဆရာ) နှုတ်ကပတ်တော်နဲ့ အမြဲရှိနေမှုအကြောင်း သက်သေခံချက်ကြားရတဲ့အတွက် ယေရှုခရစ်တော်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်း၊ ဆုတောင်းလိုက်ပါတယ်။ 
.
မုရန်
၁၈.ဧပြီ.၂၀၁၈
.
အပြည်အစုံ နားဆောင်ရန် 
Link by Sai Sian, Dec 12, 2015
https://www.youtube.com/watch?v=ZpmMzotKv6s
.
.
.
(1) ရောမ ၁၀း၁၇
ယုံကြည်ခြင်း ကြားနာခြင်းအားဖြင့် ဖြစ်၏။ ကြားနာခြင်းသည်လည်း ဘုရားသခင်၏ စကားတော်အားဖြင့် ဖြစ်၏
(2) ဆာလံ ၅၁း၅
ကျနုပ်သည် မွေးကကပင် အပြစ်ပါလျှက်ရှိပါ၏။ အမိဝမ်းထဲမှာ ပဋိသန္ဓေယူစဉ်ကပင် အပြစ်စွဲပါ၏
(3) FGA ဖူးလ်ဂေါစပယ် Full Gospel Assembly
(4) AMI အန္တီအုတ်ကျမ်းစာကျောင်းများ။ ရန်ကုန် 01580479, မန္တလေး 0228790, မော်လမြိုင် 05721205, မြစ်ကြီးနား၊ တပ်ကုန်း, ပြင်ဦးလွင် ဈေးကုန်းရပ်, အဝေးသင် 01580479 This email address is being protected from spambots. You need JavaScript enabled to view it.