ဆရာဂျဲလ်ဆင် ခရစ်ယန်အသက်တာနဲ့သက်သေခံချက် (HCF ပုသိမ်)

ဆရာဂျဲလ်ဆင် ခရစ်ယန်အသက်တာနဲ့သက်သေခံချက်
ကျန်းမာရေးဝန်ထမ်းဟောင်း ဖြစ်ပြီး၊ ပုသိမ်ကျန်းမာရေး Health Care Fellowship HCF မှာ အမှုတော်ထမ်းဆောင်နေသူဖြစ်ပါတယ်။ အသက်၇၉နှစ် ဆိုပေမဲ့ မော်တော်ဆိုင်ကယ်စီးပြီး ပုသိမ်မြို့နဲ့ကျေးရွာများစွာကို ခေါက်တုန့်ပြန်သွားလာဆဲ၊ ခရစ်တော်ရဲ့အလင်း၊ ဆား အဖြစ် ယုံကြည်ခြင်း ချစ်မေတ္တာပြ အားနည်းသူကိုထောက်ပံ့ကူညီခြင်းများ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ အမြဲတစေ ပြုံးရွှင်စွာနဲ့ လူတွေပြောစကားကို နားထောင်ပါတယ်။ သခင်ခရစ်တော်ရဲ့ အသွေးတော်နဲ့ လက်ဝါးကပ်တိုင်တရား၊ အပြစ်လွှတ်ခြင်း၊ ချစ်ခြင်းမေတ္တာကို စကားထက် ခရစ်ယန်အသက်တာနဲ့ ပြသနေသူတဦးဖြစ်ပါတယ်။ 
.
ငယ်စဉ်ပညာရေး..နဲ့ဘဝ
ဆရာဂျဲလ်ဆင်ကို ၁၉၄၈ခု လွတ်လပ်ရေးရတဲ့နှစ်မှာ မွေးဖွားခဲ့ပါတယ်။ ထိုစဉ်ကာလ ၁၀တန်းအောင်သူ အလွန်ရှားတဲ့အချိန်မှာ ၁၀တန်းအောင်ပြီး အင်ဂျင်နီယာ GTI တက်ခွင့်ရလို့ ပထမနှစ်တက်နေပါတယ်။ နောက်တော့ ကျန်းမာရေးမှုးသင်တန်းတွေ ခေါ်နေချိန် ကျန်းမာရေးမှုး ၀င်ခွင့်စာမေးပွဲဖြေမိတယ်။ လူပေါင်း ထောင်နဲ့ချီဖြေကြပေမဲ့ ရွေးမှာက ၂၀ဦးပါ။ ရေးဖြေအောင်၊ လူတွေ့ဖြေတော့လည်း အရွေးခံရမယ် မထင်ပေမဲ့ ဘုရားကျေးဇူးတော်ကြောင့် ရွေးခံရပြီး အင်ဂျင်နီယာကျောင်းကနေ ကျန်းမာရေးကျောင်းသား ဖြစ်လာပါတယ်။ 
.
အားကစားကလည်း အလွန်ဝါသနာပါလို့ ငယ်စဉ်က မီတာ၁၀၀ ကို ၁၁စက္ကန့်နဲ့ပြေးနိုင်တယ်။ ဘောလုံးလဲအလွန်ဝါသနာကြီးပါတယ်။ သူငယ်စဉ်က မြန်မာ့ဘောလုံး အာရှချံပီယံ ဖြစ်စဉ် ဗဟာဒူး၊ လှဌေး၊ အေးမောင်ကြီး၊ အေးမောင်လေး၊ ဂိုးတင်အောင် စတဲ့ နာမည်ကျော်များအကြောင်း မနားတမ်းပြောပြနိုင်ပါတယ်။ ကိုယ်တိုင်လဲ ၀န်ကြီးဌာန၊ ပြည်နယ်တိုင်းအဆင့် ဘော်လုံးသမားအဖြစ် ကစားခဲ့သူ၊ အလျားခုန်၊ အမြင့်ခုန် ပြေးခုန်ပစ်ထူးချွန်သူး ဖြစ်ပါတယ်။ အလျားခုန် ၁၉ပေ၊ အမြင့်ခုန် သူ့အရပ်ထက်၂လက်မပိုတဲ့ ၅ပေ၇လက်မ ကို ခုန်နိုင်ကြောင်း ပြန်ပြောင်းပြောပြပါတယ်။ ဆရာဂျဲလ်ဆင်ရဲ့ အောက်မေ့ဘွယ်ရာ အားကစားအကြောင်းတွေပါ။ 
.
ဘုရားကို ယုံကြည်ပြီး ဘုရားမကြိုက်တဲ့အရာတွေကို ရှောင်တယ်။ ဘုရားသခင်ကြိုက်နှစ်သက်တဲ့ သူ့တပါးကို ချစ်ခြင်းမေတ္တာပြသခြင်း၊ ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်း၊ ဘုရားကျောင်းတက်ခြင်း၊ လှုဒါန်းခြင်းများကို အစိုးရ၀န်ထမ်းဘ၀ကနေ အခုချိန်ထိ သစ္စာရှိသော ငယ်သားကောင်းအဖြစ် အမှုဆောင်နေဆဲဖြစ်ပါတယ်။ 
.
.
နိုင်ငံရေးသမားဘဝ
ပုသိမ်မြို့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှာ ရိုးဖြောင့်မှန်ကန်တဲ့ ဆရာဂျဲလ်ဆင်ကို ပါတီဗဟိုကော်မတီဝင်အဖြစ် ရွေးကောက်ပြီး၊ ကျန်းမာရေးဝန်ထမ်းဘ၀ကနေ နိုင်ငံရေးသမားဖြစ်လာပါတယ်။ ထုံးစံအတိုင်း ပါတီသင်တန်းတွေတက်၊ ပါတီစည်းရုံးရေးများလုပ်ဆောင်ရင်း အဲဒီခေတ်က လစာကျပ်၄၀၀ လောက် လစာရရှိပါတယ်။ ပါတီလစာငွေက စားဝတ်နေရေး လောက်ငှရုံပဲရှိပါတယ်။ လက်ထောက်ဆရာဝန်လစာလဲ ကျပ်၄၀၀လောက် ခေတ်ဖြစ်ပါတယ်။ ပါတီခေါင်းဆောင်များက အဲဒီခေတ်ကာလ သမ၀ါယမ၊ ကုန်သွယ်ရေး အစိုးရဆိုင်များကနေ စီးကရက်(ဒူးယား၊ ခပေါင်း) ဆပ်ပြာ (ရွှေဝါ၊ကာဘောလိပ်)၊ ဖလန်ထည်၊ ပိတ်စ၊ သစ်၊သံ ဆောက်လုပ်ရေးပစ္စည်း၊ နို့ဆီ၊ သကြား စတဲ့ လူသုံးကုန်ပစ္စည်းများကို ထုတ်ယူခွင့်ရကြပါတယ်။ တချို့လည်း ကိုယ်ကျိုး ထုတ်သုံးလို့ ပါတီကထုတ်ပယ်ခံရသူများစွာ ရှိပေမဲ့ ဆရာဂ်ျလ်ဆင်က သစ္စာရှိစွာ ဒါမျိုးမတရားစီးပွားရှာခြင်း မလုပ်ခဲ့ပါ။
 .
၁၉၈၈ မှာ ရှစ်လေးလုံးအရေးအခင်း ဖြစ်ပြီး မ.ဆ.လ ပါတီလဲ တ.စ.ည ပါတီအဖြစ် ပြောင်းလဲခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ တ.စ.ည ပါတီ အမတ်လောင်းအဖြစ် ပါဝင်ခဲ့ပေမဲ့ ရှုံးနိုမ့်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ပါတီ နိုင်ငံရေးကနေ အသက်ရွယ်ရ၊ အငြိမ်းစားယူ ထွက်ခွာပြီး ဘုရားအမှုတော်ထမ်းဆောင်လိုတဲ့ စိတ်ကြောင့် ကျမ်းစာကျောင်း တက်ခဲ့ပါတယ်။ 
.
.
အင်းစိန်ကျမ်းစာကျောင်းနဲ့ဖိလစ်ပိုင်ကျမ်းစာကျောင်း
အသက်၆၀ကျော် အငြိမ်းစားယူပြီးချိန်မှာ အင်းစိန်ကျမ်းစာကျောင်းကို လျှောက်လွှာတင်ပါတယ်။ တာဝန်ခံများက ဘွဲ့တခုရပြီးဖြစ်တဲ့အတွက် မာစတာအဆင့် သင်တန်းတက်နိုင်ကျောင်း လူတွေ့အင်တာဗျူးမှာ ပြောပါတယ်။ ဆရာဂျဲလ်ဆင်က ကျမ်းစာကျောင်းတက်ခြင်းဟာ ဘွဲ့ထူးထက် ဘုရားအမှုဆောင်များနဲ့ မိတ်သဟာရဖွဲ့ပြီး၊ အမှုတော်ကို ထမ်းဆောင်လိုခြင်းသာဖြစ်လို့ မာစတာဘွဲ့ ထက်၊ ရိုးရိုး ဘီတီအိတ်ချိ ဘွဲ့လောက်တက်ခွင့်ရရင်ပဲ ကျေနပ်ပါတယ် ပြောပြီး၊ တက်ရောက်အောင်မြင်ခဲ့ပါတယ်။ နောက် ဖိလစ်ပိုင်နိုင်ငံသွားပြီး ၃လတိုင်အောင် ကျန်းမာရေး ၀န်ထမ်းများနဲ့ ဒီပလိုမာ တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။ 
.
ကျန်းမာရေးလောကမှာ ယောင်္ကျားတော်တော်ရှားပါတယ်။ အထူးသဖြင့် HCF ကျန်းမာရေးဝန်ထမ်း မိတ်သဟာရမှာ ဆရာဝန်များထက် သူနာပြု၊ သားဖွားများပဲ အများစုဖြစ်ပါတယ်။ ပုသိမ်မှာတော့ ဆရာလောအယ်စိုး၊ ဆရာဂျဲလ်ဆင် တို့၊ ဆရာမဂျူး နဲ့ အမျိုးသမီးအများစုပဲ ဦးဆောင်၊ အမှုဆောင်ကြပါတယ်။
.
ဘုရားသခင်က မိမိကို ဘယ်နေရာမှာ သုံးမယ်ဆိုတာမသိ၊ နောက်ဆုံးတော့ ကျန်းမာရေးမိတ်သဟာရမှာ အသုံးပြုနေတာကို အံ့သြစွာ သိရှိပါတယ်။ တနေ့တနေ့ အငယ်ဆုံးသောသူများဖြစ်တဲ့ ဆင်းရဲမွဲတေသူများစွာကြားမှာ ရေတွင်းတူးပေးခြင်း၊ ဘုရားကျောင်းအငယ်လေးများ ဆောက်လုပ်ပေးခြင်း၊ မြေပြန့်သာသနာ၊ တပည့်တော်စုများကို မော်တော်ဆိုင်ကယ်နဲ့ လှည့်လည်ခြင်း၊ ပုသိမ်အသင်းတော်၁၄ပါး စကောကရင် (ကိုသားဖြူနဲ့ကရင်နှစ်ခြင်း)၊ ပိုးကရင်၊ မြန်မာနှစ်ခြင်း၊ အင်ဂလိကန်၊ ကာရာနီ၊ ကာသိုလစ် စတဲ့အသင်းတော်များရဲ့ မိတ်သဟာရများ၊ မုတ်သုန်ကျမ်းစာသင်ခြင်း အစရှိတဲ့ နှုတ်ကပတ်တော်သင်တန်းများမှာလည်း တတ်အားရှိသရွေ့ ပါဝင်နေသူဖြစ်ပါတယ်။ 
.
.
သက်သေခံချက်တခု..
တနေ့က ပုသိမ် ဆေးရုံကြီးမှာ ဓမ္မမိတ်ဆွေတဦး ခေါ်လို့ အသက်၂၃နှစ် ယောင်္ကျားလေးတယောက် အိတ်အိုင်ဗွီ AIDS ရောဂါနဲ့ အသက်သေဖို့ပဲ မျှော်လင့်စရာရှိတော့တယ် ဆိုလို့ လိုက်ကြည့်ပါတယ်။ အားပေးစကား၊ ငွေကြေး အနည်းငယ် (ကျပ်၂သောင်းလောက်) ပေးခဲ့ပါတယ်။ နောက်တော့ သူတို့ ဆေးရုံကို နောက်တခေါက် လာတော့ ဆင်းသွားပြီး၊ ရာမည ၂လမ်းမှာ ဆိုလို့ ကျန်းမာရေးမိတ်သဟာရ ၄ယောက် လိုက်ရှာပါတယ်။ တညနေလုံး လိုက်ရှာပေမဲ့ ရှာမတွေ့၊ သူပေးထားတဲ့ မိုဘိုင်းဖုန်းလဲ ခေါ်လို့မရဖြစ်နေပါတယ်။ အားလုံး ပြန်လာခဲ့ပါတယ်။ 
.
နောက်တနေ့ ဆရာဂျဲလ်ဆင် လက်မလျှော့ ပဲ အဲဒီဖုန်းနံပါတ်ကို ခေါ်တော့ ဖုန်းဝင်သွားတယ်။ လိပ်စာအတိအကျ၊ ရပ်ကွက်၊လမ်းတွေမေးပြီး ချက်ခြင်းသွားတွေ့တယ်။ ခရစ်တော်ယေရှုအကြောင်းကို အနည်းအကျဉ်းပဲ ပြောပြနိုင်တယ်။ လူနာက အားအလွန်နည်းနေပြီး သူလိုအပ်တာက ခန္တာကိုယ် စားသောက်ဖို့ဖြစ်ပါတယ်။ အိတ်အိုင်ဗွီ ဆေးလဲ မထိုးချင်တော့ဘူး၊ ဆေးထိုးရင် အားနည်း၊ စားမ၀င်လို့ သေမင်းဆီကိုပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ သွားတော့မဲ့ ပုံစံဖြစ်ပါတယ်။ အဲဒီလူငယ်ကို ဘယ်လိုနှစ်သိမ့်၊ ၀မ်းမြောက်ခြင်း ပေးမလဲ .. ငွေကြေး၊ ဆန်ဆီဆား ပေးတယ်။ နောက် သူ့ကို လက်ခံမဲ့အိမ်လည်း ရှာဖွေရတယ်။ သူအားနည်းနေစဉ်မှာ ကယ်တင်ခြင်း ယေရှုအကြောင်းပဲ စဉ်းစားနေတယ်ဆိုရင် ပြီးတာပဲ၊ မေတ္တာပြ၊ တတ်နိုင်သမျှ ပံ့ပိုးပေးဖို့က သူ့တာဝန်၊ အမှုတော်ဖြစ်ကြောင်း ပြောပြပါတယ်။ အသင်းတော်တွေက မလုပ်နိုင်တဲ့ အငယ်ဆုံးသောသူကို မစခြင်း အမှုတော်ကို ဆရာဂျဲလ်ဆင် နဲ့ မိတ်ဆွေများက လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။ 
.
.
ဖိတ်ခေါ်ပါတယ်။ 
ဖေဖော်ဝါရီး ၂၀၁၇ မှာ ရန်ကုန်၊ စင်ကာပူ အဖွဲ့များနဲ့အတူ ၂ရက်သင်တန်း ပုသိမ် HCF ၂ရက်သင်တန်းကို အောင်မြင်စွာလုပ်ဆောင်ခဲ့ပါတယ်။ အမာခံများနဲ့ ၂ပတ်တခါ ကျန်းမာရေးဝန်ထမ်းများ ကိုးကွယ်ဝတ်ပြုခြင်းကို လုပ်ဆောင်ကြပါတယ်။ လူငယ်များစွာ ဆရာဝန်၊ သူနာပြု၊ သားဖွား ရှိနေပေမဲ့ ပုသိမ်အပါဝင် မြို့ကြီးများစွာမှာ ကျန်းမာရေးဝန်ထမ်းများ လူနာများကို ခက်ခဲစွာ တာဝန်ထမ်းဆောင်သူများကို ဆရာဂျဲဆင်တို့ HCF အဖွဲ့က ဆုတောင်းပေးခြင်း၊ ကိုးကွယ်ဝတ်ပြုခြင်း ပုံမှန်လုပ်ဆောင်ပေးခြင်းများနဲ့ ကူညီအမှုဆောင်နေပါတယ်။ 
.
ဆရာဦးဂျဲလ်ဆင် ကျန်းမာပါစေ။ 
.
မှတ်ချက်။ စင်ကာပူ HCF မြန်မာကျန်းမာရေးမိတ်သဟာရ အဖွဲ့ကတော့ တပတ်ကို ၃ကြိမ်၊ ဆဲလ်ဂရု အိမ်မှာ စုပေါင်းဝတ်ပြုခြင်း၊ တလတခါ ဘုရားကျောင်းတခုမှာ စုပေါင်းဝတ်ပြုခြင်း၊ ၃လတကြိမ် မြန်မာပြည်အဖွဲ့ကို ဖိတ်ခေါ်လုပ်ဆောင်ခြင်း များနဲ့ ကိုးကွယ်ဝတ်ပြု၊ မိတ်သဟာရပြုခြင်းများ လုပ်ဆောင်နေကြတာကို သတိရမိပါကြောင်း။ 
.
ယနေ့ကျမ်းပိုဒ်
ဤမြို့၌ အသရေထင်ရှားသော ဘုရားသခင်၏ လူတစ်ယောက်ရှိ၏။ သူပြောသမျှသော စကားသည် ဧကန်အမှန်ပြည့်စုံ တတ်၏။ သူ့ထံသို့ သွားကြစို့။ ငါတို့ သွားရသောလမ်းကို သူပြကောင်းပြလိမ့်မည်။ (း၆) ဖတ်ရန်: ၁ ရာ ၉း၁-၁၀ | သမ္မာကျမ်းစာတစ်နှစ်စာ: □ ၁ ရာ ၇-၉ □ လု ၉း၁၈-၃၆ (နေ့စဉ်ခွန်အား)
.
မုရန် 
၇.ဧပြီ.၂၀၁၇