ဒေါင်းမီးခွက်ရွာ သခင်ဘုန်းတော်ကျမ်းစာသင်တန်း Yangon 19-miles

ဒေါင်းမီးခွက်ရွာ သခင်ဘုန်းတော်ကျမ်းစာသင်တန်း
ရန်ကုန်-မန္တလေးအမြန်လမ်းမ ၁၉မိုင် သိန္ဒိအောင်မြန်မာဘုန်းကြီးကျောင်းသို့ ဆိုတဲ့ဆိုင်းဘုတ်ရှိတဲ့လမ်းအတိုင်း ကားမောင်းသွားရင် တမိုင်လောက်မှာ ရောက်ပါတယ်။ မိုးရာသီဖြစ်တော့ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေနေပြီး ရော်ဘာပင်၊ သီဟိုပင် စိုက်ခင်းများရှိပါတယ်။ ဒါပေမဲ့ ဒေါင်းမီးခွက်ကျေးရွာလေးကတော့ အိမ်ခြေ ၅၀လောက်နဲ့ စီးပွားလုပ်ငန်းမရှိပါဘူး။ တရွာလုံး ထိုင်းနိုင်ငံအလုပ်သွားလုပ်နေတဲ့ လူငယ်လူရွယ်များရဲ့ ပံ့ပိုးပေးငွေနဲ့ပဲ မှီခိုနေရပါတယ်။ တရွာလုံး ကရင်ခရစ်ယန်များဖြစ်ပြီး နှစ်ခြင်းအသင်းတော် တိုက်ခန်းတခုနဲ့ ၂ထပ်တိုက်ငယ်တခုကို အမှုဆောင်များနေထိုင်တာ တွေ့ရပါတယ်။ ၆လ တကြီမ် ပွဲတော်ပေးပြီး သမရိုးကျ ကရင်နှစ်ခြင်းအသင်းတော်ဖြစ်ပါတယ်။

သိန္ဒိအောင် မြန်မာဘုန်းကြီးကျောင်းကိုလည်း ခရစ်ယန်များက ကူညီမတည်ပေးပါတယ်။ ဗုဒ္ဓဘာသာ၊ မြန်မာ ၄အိမ်လောက်တော့ ရှိပြီး ခပ်လှမ်းလှမ်း တမိုင်အကွာမှာ မြန်မာဗုဒ္ဓဘာသာ ရွာတစ်ရွာလည်း ရှိပါတယ်။

ကျမ်းစာသင်တန်းဆောက်လုပ်ရေး
အဲဒီ နေရာမှာ သခင့်ဘုန်းတော် ကျမ်းစာသင်တန်းကို စင်ကာပူယုဒသန်နှစ်ခြင်းအသင်းတော်မှ လာရောက်တည်ဆောက်နေပါတယ်။ တာဝန်ခံ ဆရာရဲနောင်၊ ဆရာမြင့်မောင် တို့နှစ်ဦးနဲ့ ဆောက်လုပ်ရေးအဖွဲ့တို့ ဆရာ၊ ကျောင်းသားကျောင်းသူများ နေထိုင်ဖို့ တခုကို ၃၀ပေ x ၃၀ပေ ၂ထပ်တိုက် ၄လုံး တည်ဆောက်နေကြပါတယ်။ လျှပ်စစ်မီးမရှိပေမဲ့ နေရောင်ခြည် ဆိုလာပြားကြီး၂ချပ်နဲ့ လျှပ်စစ်ရယူပါတယ်။ တိုက်တစ်လုံးကို သိန်း၂၀၀ လောက်ဘတ်ဂျတ်နဲ့ ဆောက်ပေးမဲ့ ကန်ထရိုက်တာလိုက်ရှာခဲ့ကြပါတယ်။ လိုက်မေးတော့ တလုံးကို သိန်း၇၀လောက် ဆောက်ခကုန်ကျမယ်လို့ ပြောနေကြပါတယ်။ ဒါပေမဲ့ ကျေးဇူးတော်ကြောင်း တလုံးကို သိန်း၃၀နဲ့ ဆောက်ပေးမဲ့ ကန်ထရိုက်တာတစ်ဦး ရရှိပြီး ဧပြီလ၊ ၂၀၁၆ မှစတင်ဆောက်လုပ်နေတာ အခုချိန်မှာတော့ ဖောင်ဒေးရှင်းတွေ ပြီးစီးသွားပါပြီ။ ပျဉ်းကတိုးသားတိုင်များနဲ့ အုတ်နံရံ ရေလောင်းအိမ်သာများနဲ့ တိုက်ခန်းများမှာ သင်တန်းသား၊ ဆရာများ ၄၀လောက်တော့ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။ တစ်နှစ်လောက်ဆိုရင် အားလုံး ပြီးသွားပြီးမှာ စာသင်ဆောင်များ ဆက်လက်ဆောက်လုပ်ပါမယ်။ နောက်နှစ် ၂၀၁၇ မှာ သခင်ဘုန်းသာသနာ ၂လ ကျမ်းစာသင်တန်းများကို ယခုလုပ်နေတဲ့ သံတွဲမြို့နဲ့ ကျိုင်းတုံမြို့များကနေ ဒေါင်းမီးခွက်ရွာကို ရွှေ့ပြောင်းကြမဲ့ အစီအစဉ်ဖြစ်ပါတယ်။

ဇူလိုင်လ ၉ရက်နေ့မှာ ၂လ ကျမ်းစာသင်တန်းကို သံတွဲမြို့၊ နှစ်ခြင်းအသင်းတော်မှာ စတင်ပါမယ်။ သံတွဲမြို့မှာ ကျမ်းစာသင်တန်း စာသင်ဆောင်တစ်ခု ၂၀၁၅ မှာဆောက်လုပ်ပြီးစီးခဲ့ပါတယ်။ သင်ကြားပို့ချမဲ့ နေဗီဂေတာစာအုပ် ၅၀စုံကို မုရန်စာပေမှ ဆရာရဲနောင်ထံ လာရောက်ပေးအပ်ခြင်းပါ။

ရွာသူ အမျိုးသမီးကြီးတစ်ဦး
ကျမ်းစာသင်တန်းတည်ဆောက်မှု လေ့လာနေချိန် အသက်၅၀ကျော် ကွမ်းစားနေတဲ့ အမျိုးသမီးတစ်ယောက် ချက်စားဖို့ မှို တပိသာ ငါးထောင်ကျပ်နဲ့ လာရောင်းချပါတယ်။ ရော်ဘာပင်တွေကြားမှာ လက်မလောက်အရွယ် မှိုပေါက်နေတာတွေ့လို့ မှိုရတဲ့မျက်နှာနဲ့ လာရောင်းချပါတယ်။ အဲဒီ ကွမ်းစားနေတဲ့ အမျိုးသမီးကြီးကို မေးမြန်းကြည့်ပါတယ်။ သူမလည်း ကရင်ခရစ်ယာန်ဖြစ်ပြီး သား၎ဦးရှိကြောင်း၊ ဆင်းရဲနွမ်းပါး လယ်ယာမြေမရှိတော့ သူရင်းငှား ကောက်စိုက်၊ ကောက်ရိတ်လုပ်ငန်းများ ယောင်္ကျားက လုပ်ကိုင်ကြောင်း၊ သူမကတော့ ချက်ပြုတ်အိမ်အလုပ်ပဲ လုပ်ကြောင်း၊ သား၂ဦး အိမ်ထောင်ကျသွားပြီး မြေးများရရှိနေကြောင်း၊ ပထမ သား၂ယောက်ကတော့ ရွာမူလတန်းကျောင်းမှာ ၂တန်းအထိပဲ သင်ပြီး၊ ကျန်တဲ့ သားအငယ်၂ဦးကတော့ ၅တန်းအထိ ပညာသင်ကြပါတယ်။ သားကြီး၂ယောက်ကတော့ အိမ်ထောင်ကျပြီး အိမ်ခွဲ သူတို့အိမ်နဲ့နေကြပါတယ်။ သားအငယ်၂ယောက်ကတော့ ကြက်ခြံလုပ်သားအဖြစ် ၂နှစ်လောက်လုပ်နေကြပါတယ်။ လစာ တစ်လ ကျပ်၇သောင်းရပါတယ်။ ဖခင်ကတော့ လယ်ယာ ကျပမ်းအလုပ်သမား ကောက်စိုက်ချိန်ဆို တရက် ကျပ်၅၀၀၀ နဲ့အလုပ်လုပ်ပါတယ်။

ဘုရားကျောင်းတက်ကြသလား မေးတော့ ရံဖန်ရံခါ တက်ပြီး ၆လတစ်ခါ ပွဲတော်ပေးရင်တော့ ရွာက ဘုရားကျောင်းမှာ လူအများကြီးလာကြကြောင်း၊ မိရိုးဖလာ မနိုးကြားသေးတဲ့ ကရင်အသင်းတော်တစ်ခု နဲ့ မူကြိုကျောင်းလေးဖြစ်ပါတယ်။ ဒေသခံ ကရင်သင်းအုပ်ဆရာ၊ ဆန်းဒေးစကူး ကျောင်းဆရာမများ ရှိပါတယ်။

ရွာက လူငယ်၊ လူရွယ် အားလုံးနီးပါးကတော့ ထိုင်းနိုင်ငံ အလုပ်သွားလုပ်ကြတယ်။ ပြန်လာတဲ့ မိန်းကလေး၂ယောက်တော့ အခုရွာမှာရှိတယ်။ ဒီလိုပဲ လာလိုက် သွားလိုက်နဲ့။ ရွာမှာ မော်တော်ကား ၂စီးရှိပြီး၊ တစ်စီးကတော့ အခုကျမ်းစာကျောင်း ဆောက်နေတဲ့ ဆရာ၂ယောက်ရဲ့ ကားဖြစ်ပါတယ်။ နောက်တစ်စီးကတော့ ထိုင်းမှာအလုပ်သွားလုပ်တဲ့လူငယ်က သူ့မိဘများကို ဝယ်ပေးထားတဲ့ ကားတစီးပါ။ ရွာသားအများစုကတော့ အိမ်မှာ ဝက်မွေးကြတယ်။ အိမ်ကြက်ဘဲတွေ မွေးကြတယ်။

ကရင်ခရစ်ယန်ရွာလေးက ကွမ်းစားပြီး မှိုလာရောင်းတဲ့ ကရင်အမျိုးသမီးကြီး ပြောပြတာတွေပါ။

အနာဂါတ် သခင်ဘုန်းတော် ကျမ်းစာသင်တန်း

နောက်နှစ်ဆိုရင် ၂လသင်တန်းများကို ဒီနေရာမှာ စတင်သင်ကြားပေးတော့မယ် ဖြစ်ပါတယ်။ စင်ကာပူယုဒသန်အသင်းတော်မှာ ဆုတောင်းခြင်းနဲ့ စင်ကာပူ၊ မြန်မာပြည်က ကျမ်းစာကျောင်းဆရာများက သခင်ဘုန်းတော်ထင်ရှားရေးအတွက် ဒေါင်းမီးခွက်ကျေးရွာမှာ သာသနာဘုန်းတော်ထင်ရှားစေမယ် ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာတော့ မြန်မာပြည်က ဆရာကွယ်ဝါး၊ ဆရာမန်းအောင်ကျော်မြတို့ ဦးဆောင်သင်ကြားပေးနေပါတယ်။

စင်ကာပူ ယုဒသန်အသင်းတော်က သင်းအုပ် ဆရာသြဂတ်စတပ် (ဆရာဘုတ်)၊ ဆရာမျိုးသူ၊ ဆရာရဲဝင့်လတ်။ ဆရာထိုက်၊ ဆရာမပါပူး စတဲ့ ဆရာများလည်း လာရောက်ပို့ချပေးကြပါမယ်။ လက်ရှိကျမ်းစာသင်တန်း တက်နေဆဲ လူငယ်ဆရာတွေလည်း ရှိပါတယ်။ ရန်ကုန်မြို့မှာလည်း အပတ်စဉ် ကိုးကွယ်ဝတ်ပြုတဲ့ သခင်ဘုန်းတော်အသင်းတော် တစ်ခုဖြစ်ပေါ်လာဖို့လည်း ဆုတောင်းလုပ်ဆောင်လျက်ရှိပါတယ်။

 

ထို့ကြောင့် ငါတို့ချစ်သော ညီအစ်ကိုတို့သည် သခင်ဘုရား၏ အမှုတော်ကို ဆောင်ရွက်၍ အကျိုးကြီးသည်ကို သိမှတ်သဖြင့် တည်ကြည်သောစိတ်နှင့်ပြည့်စုံ၍ မရွေ့လျော့၊ မတိမ်းယိမ်းဘဲလျက်၊ သခင်ဘုရား၏ အမှုတော်ကို ကြိုးစားအားထုတ်ကြလော့၊ ၁ကော၁၅း၅၈