စောတူးတူးဂျိမ်း သံတောင်၊ နောဘူဘောဆုတောင်းတောင်မှ သက်သေခံချက်

ပုံ(၁) နော်ဘူဘောတောင် ကောင်းကင်မှမြင်ကွင်း 
စောတူးတူးဂျိမ်း ဆိုတဲ့တောင်ငူသား၊ သူငယ်စဉ်က အလုပ်မျိုးစုံလုပ်ရင်း ဆုံးရှုံးမှုများနဲ့နောက်ဆုံး ခရစ်ယန်ဓမ္မတက္ကသိုလ် MIT အင်းစိန်မှာ (၄)နှစ်တာ ဓမ္မပညာဆည်းပူးခဲ့ပါတယ်။ နောက်ပိုင်း တာဝန်ကျရာ ကချင်ပြည်နယ်ဘက် အမှုတော်ထမ်းဆောင်ရင်း မံစီမြို့မှာ ကချင်အမျိုးသမီး ဆရာမ မရောထုရာ နဲ့အိမ်ထောင်ထူထောင်ခဲ့ပါတယ်။ ယခုအခါ တောင်ငူမြို့မှာ လွန်ခဲ့တဲ့ ၇နှစ်က အခြေချပြီး သမီးသုံးဦး သမီးအကြီး ဂျီတီစီအင်ဂျင်နီယာနောက်ဆုံးနှစ်၊ သမီးအလတ် တတိယနှစ်၊ သမီးငယ် ပထမနှစ် တို့နဲ့အတူ ကော်ပြန့်လုပ်ငန်းလုပ်ကိုင်ရင်း၊ ခရစ်ယာန်ဓမ္မဆရာမိသားစု ဖြစ်ပါတယ်။

ကချင်ပြည်နယ် စစ်ပွဲများကြားမှာ ပျော်ရွှင်စွာ ခရစ်ယာန်ဓမ္မဆရာလုပ်ရင်း၊ အိုမင်းတဲ့မိခင်ရှိတဲ့ တောင်ငူမြို့ကို မိသားစုအလည်ရောက်လာပါတယ်။ ကချင်ပြည်နယ်မပြန်ဖြစ်ပဲ ကော်ပြန့်ကြော်လုပ်ရောင်းရင်း အခုအခါ ကော်ပြန်လိပ်လက်ကားအရောင်းဆိုင်ရှင်ဘဝကို ရောက်လာပါတယ်။ သူပထမဆုံး ကော်ပြန်ကြော် လမ်းဘေးမှာ ကြော်ရောင်းခဲ့တဲ့ တပေလောက်ပဲရှိတဲ့ ဒယ်အိုးလေးကို အမှတ်တရသိမ်းဆည်းထားပါတယ်။ သူ့ရဲ့ဘဝကို မမေ့ရအောင် သေသည့်တိုင်အမှတ်တရဒယ်အိုးလေးနဲ့ ဓါတ်ပုံမှတ်တမ်းတင်ထားပါတယ်။

စောတူးတူးဂျိမ်းစ် ငယ်စဉ်က ငွေကြေးကို ကောင်းစွာမကိုင်တွယ်နိုင်ခဲ့ပါဘူး။ ငွေအရင်းအနှီးရှိရင် လုပ်ငန်းအောင်မြင်မယ် လို့ မြန်မာနိုင်ငံသားအများစုအတွေးအခေါ်အတိုင်း မိဘဆီက ငွေရင်းနှီးနဲ့လုပ်ငန်းအစုံ လုပ်ခဲ့ပါတယ်။ အားလုံးဆုံးရှုံးခဲ့ပါတယ်။ နောက်ဆုံး အမေကို ဒါနောက်ဆုံးပါ ဆိုပြီး ငွေ၅သောင်း အရင်းနှီးတောင်းတော့ အမေက မင်းကိုပေးတာ သဲထဲရေသွန်သလိုပါပဲကွယ် ပြောပြီး လုံးဝမပေးတော့ပါဘူး။ နောက်ပိုင်း ကိုယ်ဘဝကိုယ်ရှောက်လှမ်းရင်း ဖေမြင့်ရေးတဲ့ ဘေဘီလုန်မှအချမ်းသာဆုံးပုဂ္ဂိုလ်စာအုပ်ကို လက်စွဲထားပြီး မိမိကိုယ်ကို ပြုပြင်ပြောင်းလဲမှု လုပ်ခဲ့ပါတယ်။

စောတူးတူးဂျိမ်း ကော်ပြန်ကြော်ရောင်းပေမဲ့ ခရစ်ယန်ဓမ္မဆရာလည်းဖြစ်တော့ စေတနာမေတ္တာနဲ့ ရောင်းပါတယ်။ သူများတွေ ကော်ပြန်တစ်ခုကို ၂၅ကျပ် ရောင်းနေချိန်မှာ သူက ၁၅ကျပ်နဲ့ရောင်းပါတယ်။ ၁၀၀ဖိုးယူရင် ၇ခု ပေးပါတယ်။ စေတနာလည်း အကျိုးပေးတော့ ရောင်းတွင်ကျယ်လာပါတယ်။ ဘေဘီလုန်အချမ်းသာဆုံး စာအုပ်အတိုင်း ငွေစုခြင်းကို လုပ်ပါတယ်။ တစ်နှစ်အတွင်းမှာ ကျပ်၂၅သိန်း စုဆောင်းမိပါတော့တယ်။ သူလို ကော်ပြန်ကြော်ဆိုင်များစွာ ဖြစ်လာအောင် အခမဲ့သင်တန်းပေးပါတယ်။ ဆိုင်ငယ်လေးများကိုလည်း ကူညီတည်ထောင်ပေးပါတယ်။ နောက်ဆုံးတော့ ကော်ပြန့်မကြော်တော့ပဲ ကော်ပြန့်အဝိုင်းပြားများကို ဂျုံမှုန်းနဲ့လုပ်ရောင်းတဲ့ လုပ်ငန်းရှင်လေးဘဝကို ရောက်လာပါတယ်။

၂၀၁၀ ခုနှစ်မှာ တိုင်းပြည်စနစ်တွေပြောင်းလာတော့ တောင်ငူမြို့လည်မှာ လူမနေ၊ ခြုံတောနဲ့ အမှိုက်တွေပစ်တဲ့ ဝင်းခြံတစ်ခုရှိပါတယ်။ ပိုင်ရှင်က ရန်ကုန်မှာနေတယ်လို့ပဲ သိရပါတယ်။ မမျှော်လင့်ပဲ့ အဖွားအိုတစ်ဦးနဲ့ ဘတ်စကားတစ်ခုံတည်းကျပြီး စကားပြောရင်း၊ အဲဒီအဖွားက အိမ်ပိုင်ရှင်ဖြစ်မှန်းသိလိုက်ရတယ်။ စကားပြောရင်း ရင်းနှီးလာတော့ အိမ်ရောင်းဖို့ စကားစရင်း ၂၅သိန်းရရင် ရောင်းမယ်ပြောလာပါတယ်။ ဟာ..ဒါလောက်ငွေ ကျနော်မှာမရှိဘူး..လျော့ပေးပါဦး ပြောရင်း နောက်ဆုံး ဈေးလျှော့ပေးလို့ ချက်ခြင်း ရန်ကုန်မှာပဲ ငွေချေ၊ အရောင်းဝယ်စာချုပ် ချုပ်လိုက်ပါတယ်။ ၂၀၁၃လောက်မှာ အိမ်ခြံမြေဈေးတွေ တက်လာတော့ အခု ၂၀၁၅မှာ သိန်း၃၀၀လောက် ပေါက်တဲ့အိမ်မြေခြံလေးကို ပိုင်ဆိုင်သွားပါတယ်။ အဖွားကြီးကတော့ ရန်ကုန်မှာလဲ အိမ်ခြံမြေတွေရှိပြီး သားသမီးလဲမရှိ၊ မွေးစားသားနှစ်ယောက်ကလည်း အိမ်မှာမနေ၊ သူ့မှာလဲ ဘာမှပူပန်စရာမရှိပဲ ကြွယ်ဝသူပါပဲ။ ကျနော်ကတော့ ဘုရားသခင်ပေးတဲ့ အိမ်ခြံမြေနဲ့ ကော်ပြန့်လုပ်ငန်းရှင်ဖြစ်နေပါပြီ။

ဆောက်လုပ်ရေးခေတ်ဖြစ်နေတော့ သမရိုးကျအုပ်ဖုတ်လုပ်ငန်းကနေ ကွန်ကရစ်အုပ်လုပ်ငန်း ခေတ်စားလာချိန် ကွန်ကရစ်အုတ်စက်တစ်ခုလည်း လုပ်ထားပါတယ်။ ဒီလုပ်ငန်းကလည်း အများကြီးအကျိုးပေးပါတယ်။ ကိုယ်တိုင်လုပ်ရုံမကပါဘူး မိတ်ဆွေအပေါင်းသင်းများ၊ ခရစ်ယန်မိတ်ဆွေများရဲ့ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများကိုလဲ စက်မှုခေတ်နဲ့အညီ လုပ်ငန်းများကို အကြံပေး၊ ကူညီလုပ်ကိုင်ပေးပါတယ်။ ဒါနဲ့ ကျနော်တို့အသိုင်းအဝိုင်းလည်း စီးပွားရေးတွေ အသင့်တင့်အဆင်ပြေလာကြပါတယ်။

အခု တောင်ငူမြို့က ကော်ပြန်လိပ်၊ ကော်ပြန့်စိမ်း၊ စမူစာ ရောင်းသူများရဲ့ အားထားရတဲ့ ကုန်ကြမ်းလုပ်ငန်းရှင်ဖြစ်နေပါပြီ။ လုပ်ငန်းအပြိုင်လုပ်သူများ ရှိပါတယ်။ သူ့ဆီက ဝယ်တဲ့ ဖောက်သည်များကိုလည်း အထူးဂရုစိုက်ဆက်ဆံပါတယ်။ ကော်ပြန်ကြော်ရောင်းသူများ ကုန်ကြမ်းလာဝယ်ပြီး မကြိုက်လို့၊ အပြစ်အနာဆာပါလို့ ပြန်လာလဲရင်လဲ လဲလှယ်ပေးပါတယ်။ ဖောက်သည်များ ကိုင်တွယ်မှုမှားယွင်းလို့ အပြစ်အနာဆာဖြစ်ရင်လဲ ပြန်လဲပေးပါတယ်။ နောက်တစ်ခါ ဒါမျိုးမဖြစ်အောင် ဖောက်သည်များကို ချိုသာစွာပြောဆို သင်ကြားပေးရင်း ဖောက်သည်များနဲ့ဆက်ဆံရေးအဆင်ပြေ၊ လုပ်ငန်းလည်းအောင်မြင်လာပါတယ်။

အခုအချိန်မှာတော့ စောတူးတူးဂျိမ်း မိသားစုက လက်နဲ့လုပ်တဲ့ ကော်ပြန့်လုပ်ငန်းကို စက်နဲ့လုပ်တဲ့အဆင့်ရောက်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ မကြာခင်ကာလမှာ မြန်မာပြည်မှာပဲ အစ၊ အဆုံး .. စက်နဲ့လုပ်တဲ့ ကော်ပြန်ကြော်များ စောတူးတူးဂျိမ်းတို့ တောင်ငူကော်ပြန့်စက်ရုံက ထွက်လာတော့မယ် ဖြစ်ပါတယ်။ ကော်ပြန့်စက်ရုံ ပထမဆုံးစတင်သူဖြစ်ပေမဲ့ ပညာရပ်ကိုသူတစ်ယောက်ထဲ သိမ်းထားမဲ့လူမဟုတ်ပါဘူး။ ပင်လယ်ရေဘယ်မခမ်း ဆိုစကားအတိုင်း စက်မှုလုပ်ငန်းအတွက် လိုအပ်မဲ့စက်ကို တရုပ်ပြည်က ဘယ်လိုမှာရတဲ့အကြောင်း၊ ဘယ်လို တရုပ်ပြည်က စက်ရုံအထိ သွားရောက်ပြင်ဆင်အမှာစာပို့ရတဲ့အကြောင်း၊ အရည်အသွေးကို ဘယ်လိုစစ်ဆေး၊ ထိမ်းကြောင်းရပုံ အားလုံးကို ပွင့်လင်းစွာကူညီ ပညာဖြန့်ဖြူးပေးမယ်ဖြစ်ပါတယ်။



တောင်ငူမြို့မှ ကော်ပြန်ကြော်ဆိုင်




ပုံ(၂) စောတူးတူးဂျိမ်းစ်နဲ့ဇနီးဆရာမ မရော်ထုဂျာ




ကော်ပြန်ကြော်ဆိုင်မှ ကော်ပြန့်စက်ရုံသို့ ဘဝခရီ အမှတ်တရ ဒယ်အိုးကလေးပါ
ပုံ(၃) စောတူးတူးဂျိမ်းနှင့်ပထမဆုံးဒယ်အိုး


မိသားစုတရုပ်၊မြန်မာ၊ကရင် စားသောက်ဆိုင်
ပုံ(၄) ဆိုင်

ဦးရော်နယ်ကို မိတ်ဆက်ပေးဖို့ စောတူးတူးဂျိမ်းရဲ့ Kifam 1,3 cc အမျိုးအစား၊ ပေါင်မုန့်ကားကလေးကို တောင်ငူမြန်မာနှစ်ခြင်းအသင်းတော်က စတင်မောင်းနှင်လာပါတယ်။ ဒီကားကလေးက ဝယ်ထားပြီးနောက် မြန်မာနိုင်ငံအနှံသွားနိုင်ခဲ့ကြောင်း၊ တောင်ငူကနော အောက်မြန်မာပြည် ရန်ကုန်၊ မော်လမြှိုင်၊ ဖားအံ စတဲ့နေရာများစွာ ရောက်ခဲ့ကြောင်း၊ အထက်မြန်မာပြည်ဆို မန္တလေး၊ ဗန်းမော်၊ မြစ်ကြီးနားကနေ ဧရာဝတီ မေခ၊မလိခ မြစ်ဆုံအထိ ဒီကားမောင်းပြီးရောက်ပြီးပြီ ဖြစ်ကြောင်း၊ တရုပ်ဒီဇိုင်းနဲ့ ကားဖြစ်ပေမဲ့ ခိုင်ခန့်မာကြောကြောင်း၊ တခါမှမပြင်ရသေးကြောင်း၊ အဟောင်းဆို သိန်း၅၀၊ အသစ်ဆို သိန်း၈၀ နဲ့ဝယ်နိုင်ကြောင်း၊ ရန်ကုန်၈မိုင်မှာ ခိုင်ခိုင်ကုမ္မဏီက ရောင်းပေးနေကြောင်း၊ မြန်မာပြည် သာဓုကန်မှာ ကားတပ်ဆင်ထုတ်လုပ်တဲ့ စက်ရုံရှိကြောင်း ပြောပြပါတယ်။

နောက် ဦးရော်နယ်တို့ရဲ့ ဆိုင်နာမည် မိသားစု စားသောက်ဆိုင်လေးကို ရောက်ခဲ့ပါတယ်။ သမီးနှစ်ယောက်၊ သားတစ်ယောက်၊ တစ်ပိုင်တစ်နိုင် စားသောက်ဆိုင် အကြောင်းကို မိတ်ဆက်ပေးပါတယ်။ ကိုရော်နယ် မလေးရှားနိုင်ငံ စားသောက်ဆိုင်မှာ နှစ်၂၀ တိုင်အောင် မိသားစုနဲ့ခွဲခွာပြီး အလုပ်လုပ်ပါတယ်။ ရတဲ့ငွေကို စုဆောင်းပြီး တောင်ငူကို ပြန်ပို့ပေးပါတယ်။ ဇနီးဖြစ်သူက ပို့ပေးတဲ့ငွေနဲ့ သားသမီး၃ယောက်ကို ပညာသင်ရင်း၊ တိုက်အိမ်တစ်ခုဆောက်တာ အခုမြင်ရတဲ့ ၂ထပ်တိုက်အိမ်က ကျနော်အမျိုးသမီး ဆောက်ပေးထားတဲ့နေအိမ်ကြီးဖြစ်ပါတယ်။ ဒါနဲ့ ၂၀၁၃မှာ ကျနော်လည်း အနှစ်၂၀ ဝေးကွာ၊ ခွဲခွာခဲ့ရတဲ့ မိသားစုရှိတဲ့ မြန်မာပြည်ပြန်လာပြီး၊ ဟိုကတည်းက တတ်ကြွမ်းလာတဲ့ စားသောက်ဆိုင်လုပ်ငန်းကို စတင်လုပ်ခဲ့တာ အခုတော့ အောင်မြင်တဲ့အဆင့်ကို ရောက်နေတာ တွေ့ရပါတယ်။

ဦးရော်နယ်ရဲ့ သားအငယ်ဆုံးက ၂၃နှစ်ဆိုတော့ သားအငယ်ဆုံး ၃နှစ်အရွယ် မိသားစုနဲ့ခွဲခွာပြီး မလေးရှားကို အလုပ်သွားလုပ်သူပါ။ အနှစ်၂၀လုံးလုံး တစ်ခေါက်မှ မြန်မာပြည်ကိုပြန်လာမလည်နိုင်ပါဘူး။ အရင်ခေတ်တွေက မလေးရှားရောက်ပြီး မြန်မာပြည်ပြန်လာလည်ဖို့ဆိုတာ အခုခေတ်လိုမလွယ်လှပါဘူး။

ဦးရော်နယ်ရဲ့ အဓိကလုပ်ငန်းကတော့ ပွဲလမ်းသဘင်များ၊ အစိုးရဌာနဆိုင်ရာများကို ထမင်းဟင်းချက် အော်ဒါမှာတဲ့လုပ်ငန်းဖြစ်ပါတယ်။ ဆိုင်ကလည်း သန့်ရှင်းသပ်ယပ်ပြီး၊ အေးဆေးစွာစားသောက်လို့ရပါတယ်။ ဆရာတူးတူးဂျိမ်းစ်က ခင်ဗျားကြိုက်သလို ချက်ပေးဗျာ။ ဝက်သားကုန်းဘောင်ကြော်နဲ့တုံရမ်းဟင်းချိုတစ်ခွက်၊ ဆရာစောတူးတူးဂျိမ်စ်၊ ဆရာဦးခင်လတ် (မြန်မာနှစ်ခြင်းအသင်းတော် လက်ထောက်သင်းအုပ်နဲ့ တီတီစီ တောင်ငူမြို့ခရစ်ယန်အသင်းတော် ၂၉ခုရဲ့ ဥက္ကဌ ) နဲ့အတူ လူ(၃)ယောက်စားဖို့ ကြိုက်သလိုချက်ပေးဖို့မှာပါတယ်။ လဘက်ထမင်း၊ ငါးထမင်း၊ ကြက်သားထမင်းတွေ ပန်းကန်ထဲလုံးလုံးလေး ပုံစံနဲ့ ထမင်းသုံးပွဲနဲ့ဟင်း၊ ဟင်းချို၊ ငါးပိတို့စရာ၊ အသီးအရွက်များနဲ့ အလွန်စားကောင်းပါတယ်။ တစ်ပွဲကို တစ်ထောင်နဲ့ ကျပ်၅၀၀၀ပဲ ကျသင့်ပါတယ်။ လဘက်ရည်၊ ကော်ဖီနဲ့ အအေးများလည်း သောက်ကြပါတယ်။ ဒါလောက်လဲ ဈေးချိုပြီး မရောင်းပါနဲ့၊ တစ်နှစ်ကို ၂၀% ဈေးတင်ပေးပါ။ မြန်မာပြည်ငွေဖောင်းပွမှုက ၁၇% ရှိတယ်လို့ ဈေးတိုးသတ်မှတ်ဖို့ အားပေးရပါသေးတယ်။ ကရင်အမျိုးသားဖြစ်တဲ့ ဦးရော်နယ်ကတော့ ငွေများများရဖို့ မလုပ်ပါဘူး။ သူ့အတွက် အရင်းကြေ၊ လူတွေစားပျော်ဖို့ အကောင်းဆုံးချက်ပြုတ်ရင်း ပျော်နေပါတယ်။


ဦရော်နယ်နဲ့ဇနီး ဒေါ်အားလားမို မိသားစုစားသောက်ဆိုင်
ပုံ(၅) ဇနီးမောင်နှံပုံ





မိသားစု စားသောက်ဆိုင်၊ တောင်ငူမြို့။
ပုံ(၅) စားသောက်ဆိုင်

တောင်ငူမြို့တွင် ပထမဆုံး စက်ဖြင့်လုပ်တဲ့ ကော်ပြန်အပြားထုတ်စက် ...
ပုံ(၆) ကော်ပြန့်စက်

နောက်ဆုံးတော့ စောတူးတူးဂျိမ်းရဲ့ နေအိမ်၊ ဆိုင်ခမ်းလေးကို ရောက်ရှိပြီး၊ ဆေးခါး (လဘက်ရည်အေး) တိုက်ကြွေးပါတယ်။ ဇနီးချော၊ သဘောကောင်း၊ ယောင်္ကျားကို အမြဲပါရမီဖြည့်ပေးတဲ့သူနဲ့ မိတ်ဆက်ပေးရင်း၊ ထိုင်စကားပြောကြပါတယ်။ သမီးငယ်များ တက္ကသိုလ်ကျောင်းသူ (၃)ဦးတို့ တစ်ယောက်ပြီးတစ်ယောက် ရောက်လာပါတယ်။ ကော်ပြန်ထုတ်များကို ဖောက်သည်များလည်း တယောက်ပြီးတစ်ယောက် လာဝယ်ကြပါတယ်။

တောင်ငူကို နောက်တစ်ခေါက်ရောက်ပါဦးမယ်။ တောင်ငူဆည်မြောင်းဦးစီးဌာနနဲ့ တောင်ငူနှစ်ခြင်းအသင်းတော်တို့မှာ TSP Community နည်းပညာဖြန့်ဖြူးရေးသင်တန်းများအတွက် လာရောက်ရင်း၊ တောင်ငူ စက်မှု၊ လက်မှုလုပ်ငန်းများကို အများကြီးလေ့လာရပါဦးမယ်။

စောတူးတူးဂျိမ်းရဲ့ ပထမဆုံး တောင်ငူကော်ပြန်စက်ကို တရုပ်ပြည် ဘီဂျင်းမြို့က ထုတ်လုပ်ပါတယ်။ အဲဒီစက်ကို စံနမူနာယူပြီး မြန်မာပြည်တွင်းပညာရှင်များနဲ့ပဲ မြန်မာပြည်မှာ တစ်ပုံစံတည်းထုတ်လုပ်ဖို့ ကျနော်တို့အမြန်ဆုံးကြိုးစားပါမယ်။ မြန်မာစက်မှုအတတ်ပညာရှင်များက အတုမြင်အတတ်သင် တရုပ်စက်မှုပညာရှင်များထက် မသာတောင် မညံ့ပါဘူး။


နိဂုံး
ဒါတွေအားလုံးဟာ ကိုယ့်အစွမ်းအစနဲ့ ဘဝခရီးမဟုတ်ပါ။ ဘုရားသခင် ကျေးဇူးတော် သက်သက်ပဲ ဖြစ်တယ်လို့ ဆရာစောတူးတူးဂျိမ်းက မကြာခဏပြောပါတယ်။ သံတောင်၊ တောင်ငူ မြို့များမှာ ယုံကြည်သူ ခရစ်ယန်မိတ်ဆွေများ အလည်လာရောက်မယ်ဆိုရင် စောတူးတူးဂျိမ်းကို ဖုန်းဆက်ပါ။ ဖေ့ဘုတ် Saw Tu Tu James ဖြစ်ပါတယ်။ တောင်ငူအသင်းတော်၊ သံတောင်အသင်းတော်များမှာ စိတ်အားထက်သန်စွာ ပါဝင်နေပါတယ်။ ဇနီး နဲ့ တက္ကသိုလ်ကျောင်းသူ သမီး(၃)ဦးတို့ကိုလည်း မိမိနဲ့အတူ ဘုရားသခင်ထံ အလုံးစုံ ဆပ်ကပ်အပ်နှံထားသူ ဖြစ်ပါတယ်။

ဒါကြောင့် စောတူးတူးဂျိမ်းစ် (ဆရာစောတူးတူးဂျိမ်းစ်) ရဲ့ ကော်ပြန်လုပ်ငန်းအကြောင်း အနည်းငယ်တင်ပြရင်း မြန်မာစိတ်ရင်းကောင်းသူတစ်ဦး Myanmar Good Attitude အဖြစ် မှတ်တမ်းတင်လိုက်ပါတယ်။ ဇော်အောင်(မုံရွာ)

ကိုးကားချက် Webpage
http://murann.com/stories/kaw.pyant.sawtutu-james.htm