ကွက်လပ် - ရွှေရ


လွန်ခဲ့တဲ့ လေးနှစ်တုန်းက ဖြစ်ပျက်ခဲ့တဲ့ မတော်တဆမှုကြောင့် ကျနော့် ချစ်ဇနီးသည် ဆုံးပါးသွားပြီး နောက်ပိုင်း သူမ ကောင်းကင်နိုင်ငံတော်မှာ ဘယ်လိုများ နေ နေမလဲ ဆိုပြီး မကြာခဏ အောက်မေ့ သတိရနေမိပါတယ်။ ကျနော့်လို အိမ်မှု ကိစ္စ ညံ့ဖျင်းပြီး ကလေး ပြုစုပျိုးမှုပိုင်း အားနည်းတဲ့ ခင်ပွန်းသည်ကို လောကအလယ် တစ်ယောက်ထဲ ထားခဲ့ရတာ သူမ အရမ်းကို ကြေကွဲဝမ်းနည်း နေမလားလို့ တွေးမိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော့်ကိုယ်တိုင်ကိုကလည်း အဲဒီလိုမျိုး ခံစားနေရလို့ပါ။ ကျနော့် သားငယ်လေးရဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို လုံလောက်အောင် မဖြည့်ဆည်းပေးနိုင်ခဲ့တိုင်း သားငယ်အပေါ် အဖေလိုတစ်မျိုး အမေလိုတစ်ဖုံ တာဝန်မကျေနိုင်တဲ့ ကျနော့်ရဲ့ ခနော်ခနဲ့ မိသားစု ဘ၀လေးကို ပြန်တွေးမိတိုင်း စိတ်မကောင်း ဖြစ်မိပြန်ပါတယ်။

.

 

 

နေ့လေး တစ်နေ့ကတော့ တစ်ကယ့်ကို မှတ်မှတ်ရရပါပဲ...
အလုပ်က အရေးပေါ်လှမ်းခေါ်လို့ ကျနော် သားငယ် အိပ်ယာက မနိုးခင်မှာ အိမ်ကနေ ထွက်လာခဲ့ရတယ်။ စိတ်ထဲမှာတော့ မနေ့က ထမင်းကြမ်း လက်ကျန်အနည်းငယ် ရှိဦးမှာပဲလို့ အောက်မေ့မိတယ်။ သားအတွက် ကြက်ဥဟင်း အလျင်စလိုချက်ပြီး ထားခဲ့ပေးလိုက်တယ်။
ဖခင်အဖြစ်ရော အစိုးရ၀န်ထမ်းတစ်ယောက်အဖြစ်ပါ ပူးတွဲ တာဝန်ယူထားရတဲ့ ကျနော်ဟာ အိမ်မှာရော ရုံးမှာပါ အလွန် ပင်ပန်းရပါတယ်။ ဒါကြောင့် အလုပ်က ပြန်လာပြီး အိမ်ရောက်ပြီဆို ကျနော် ရှိသမျှအားတွေ အကုန် ကုန်ရောပဲ။ အဲဒီနေ့က အိမ်ပြန်ရောက်တော့ ပင်ပန်းလွန်းလို့ ထမင်းတောင် မစားနိုင်တော့ပဲ သားငယ်ကို ဖက်၊ မွေးမွေးပေးပြီး အိပ်ခန်းထဲ တန်း ၀င်လာခဲ့တယ်။
အားရပါးရ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပစ်လိုက်တော့မယ်ဆိုပြီး အိပ်ယာပေါ်ကို အရုပ်ကြိုးပြတ် ပစ်လှဲချလိုက်ချိန်မှာ ခွမ်းကနဲ ပန်ကန်ကွဲသံနဲ့အတူ နွေးတေးတေး  အရည်တွေရဲ့ အထိအတွေ့ ကိုပါ တစ်ခါတည်း ခံစားလိုက်ရတယ်။ ဒေါမောနဲ့ စောင်ကို လှန်ကြည့်လိုက်တော့ တွေ့လိုက်ပါပြီ ပြဿနာ အရင်းခံကို ….
ပန်းကန်အကွဲနဲ့ ခေါက်ဆွဲခြောက်ပြုတ်တွေ…. အိပ်ယာနဲ့ စောင်တွေကတော့ ပေကျံလို့…။
ထောင်းခနဲ ဒေါသ ထွက်သွားတယ်။ စိတ်ဆိုးမာန်ဆိုးနဲ့ အင်္ကျီချိတ်ကို လှမ်းယူပြီး သူ့ အရုပ်တွေနဲ့ ပျော်ပျော်ကြီး ဆော့နေတဲ့ သားကို အားရပါးရ တီးပစ်လိုက်တယ်။ သူ ငိုတယ် ဒါပေမဲ့ ကျနော့်ကိုအသနားတော့ မခံဘူး။ အငိုရပ်တော့ သူ ခပ်တိုတိုပဲ ကျနော့်ကို ရှင်းပြတယ်။
"ဖေဖေ၊ သားအရမ်း ဗိုက်ဆာလို့ မီးဖိုချောင်ထဲဝင်ကြည့်တော့ ထမင်း မကျန်တော့ဘူး။ ဖေဖေလဲ ပြန်မလာသေးဘူးလေ၊ တစ်ကယ်တော့ ကျနော် ခေါက်ဆွဲခြောက် တွေ ပြုတ်စားမလို့ပါ။ ဒါပေမဲ့ ဖေဖေ သားကို လူကြီး တစ်ယောက်ယောက် မရှိပဲ ဂက်စ် မသုံးဖို့ ပြောထားတာကို သတိရလို့ သား ရေချိုးခန်းထဲက ရေပူနဲ့ပဲ ပြုတ်ရတယ်ဖေဖေ။ ဖေဖေ့အတွက်တစ်ခွက် သားအတွက် တစ်ခွက်ပါ။ ဖေဖေပြန်မရောက်ခင် ခေါက်ဆွဲတွေ အေးကုန်မှာစိုးလို့ သား စောင်တွေနဲ့ အနွေးဓါတ်ပေးထားတာပါ။ ဒါပေမဲ့ ဖေဖေ ပြန်ရောက်လာတော့ သား ဆော့နေတာနဲ့ ဖေဖေ့ကို သတိပေးဖို့ မေ့သွားတယ်။ သားကို ခွင့်လွှတ်ပါ ဖေဖေ…..။"
အဲဒီ အခိုက်အတန့်မှာ ကျနော့်ပါးပေါ်ကို မျက်ရည်တွေ စီးကျ လုလုဖြစ်သွားတယ်။ ဒါပေမဲ့ သားရှေ့မှာ ငိုပြရလောက်အောင် ပျော့ညံ့တဲ့ ဖခင်မျိုး မဖြစ်ချင်ဘူး။ ဒါကြောင့် ရေချိုးခန်းထဲ တစ်ရှိန်ထိုးဝင်၊ ရေပန်းကိုဖွင့်ပြီး အားပါး တရငိုချပစ်လိုက်တယ်။ စီးကျနေတဲ့ ရေပန်းက ရေတွေနဲ့ ကျနော့် မျက်ရည်တွေကို ဖုံးကွယ်ပစ်လိုက်တယ်။ အဲဒါပြီးတော့မှ သားကို တင်းတင်းကြပ်ကြပ်ဖက်လိုက်ပြီး ဒဏ်ရာတွေကို ဆေးထည့်ပေးလိုက်တယ်။ သူ့ကို အတတ်နိုင်ဆုံး ငြင်ငြင်သာသာချော့သိပ်ပြီး မှ ကျနော့် အခန်းထဲက ပေပွနေတဲ့ ခေါက်ဆွဲ ပြဿနာကို ပြန်ဖြေရှင်းရတယ်။ သန်းခေါင်ချိန်ရောက်မှ ရှင်းလင်းတဲ့ ကိစ္စပြီးလို့ မအိပ်ခင်လေး သားငယ်ရဲ့ အခန်းကို သွားချောင်းကြည့်လိုက်တော့ သားငယ်လေးဟာ တိတ်တိတ်လေး ကြိတ်ပြီး ဆက်ငိုနေတာကို တွေ့လိုက်တယ်။ သူ့တင်ပါးပေါ်က ဒဏ်ရာတွေကြောင့်ငိုတာ မဟုတ်ဘူးဆိုတာကိုတော့ သူ့လက်ထဲကိုင်ထားတဲ့ ကျနော့် ဇနီးဓါတ်ပုံလေးကို မြင်လိုက်ရတဲ့ အခိုက်မှာ ကျနော် သဘောပေါက်သွားခဲ့တယ်။

xxx

အဲဒီ အဖြစ်အပျက်ပြီးလို့ တစ်နှစ်ကျော်ကြာခဲ့တယ်။ ဒီအတောအတွင်း ကျနော် သားဖြစ်သူကို အဖေ့မေတ္တာရော အမေ့မေတ္တာပါ ပေးနိုင်အောင် အတတ်နိုင်ဆုံးကြိုးစားခဲ့တယ်။ သူလိုအပ်သမျှတွေကို ကြိုးစား ဖြည့်ဆည်းပေးရင်းပေါ့…။ ဟော..မကြာခင်မှာ သားလဲ အသက် ခုနစ်နှစ်ထဲဝင်တော့မယ်။ မူလတန်း ကျောင်းပြီးလို့ အလယ်တန်း ကျောင်းသားကြီး ဖြစ်တော့မယ်လေ။
ကံကောင်းထောက်မစွာပဲ သားလေးဟာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းကို သိပ်မှတ်မှတ်ထင်ထင် မရှိလှတော့ပဲ ကလေးဘ၀ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်ကျော်လာခဲ့တယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ကျနော် သားကို ထပ်ပြီး ရိုက်နှက် ဆုံးမဖို့ အကြောင်းဖန်လာပြန်တယ်။ ဆို့နင့်ကြေကွဲဖွယ် ဒီဖြစ်ရပ်လေးဟာလဲ ထပ်ပြီး သားငယ်အတွက် အနာရွတ်တစ်ခုလို ထင်ကျန်ခဲ့ပြန်တယ်။ ဒီတစ်ခါဖြစ်ပုံကတော့ သားရဲ့ ဆရာမက ကျနော့်ကို လှမ်းခေါ်ပြီး သားတော်မောင် ကျောင်းပျက်တဲ့အကြောင်း တိုင်ကြားခဲ့တယ်။ ကျနော်လဲ စိုးရိမ်သွားခဲ့တယ်။ သား အပေါင်းအသင်းများ မှားနေပြီလားဆိုပြီး တော့လေ…။ ဒါနဲ့ ကျနော် အလုပ်က ခွင့်ယူပြီး စောစော ပြန်လာခဲ့တယ်။ သူ့ကို စိတ်ရှည်ရှည်နဲ့ အသေအချာ ရှင်းပြဖို့ပါ။ ဒါပေမဲ့ သူ အိမ်မှာ ရှိမနေခဲ့ဘူး။ သူ့နာမည်ကို အော်ခေါ်ပြီး အိမ်ဝင်းထဲ လှည့်ပတ်ရှာလည်း မတွေ့ဘူး။ နောက်ဆုံးတော့ သူ့ကို စာရေးကိရိယာရောင်းတဲ့ စတိုးဆိုင်ထဲက ဂိမ်းစက်ရှေ့မှာ ပျော်လို့ ရွှင်လို့ ဂိမ်းဆော့နေတာကို သွားတွေ့တယ်။ ကျနော် စိတ်ဆိုးလွန်းလို့ သူ့ကို အိမ်အထိ တရွတ်တိုက်ဆွဲခေါ်သွားပြီး စိတ်ဆိုးမာန်ဆိုးနဲ့  ရိုက်နှက်ဆုံးမပစ်တယ်။ သူက တော့ ဘာမှ မတုန့်ပြန်ဘူး။ အဲ… တောင်းပန်ပါတယ် ဖေဖေတဲ့..။ တစ်ခွန်းပဲပြန်ပြောတယ်။ နောက်များကျမှ ကျောင်းကို အသေအချာ ပြန်စုံစမ်း ကြည့်လိုက်တော့ ဖြစ်ပုံက အဲဒီနေ့က သားတို့ကျောင်းမှာ စွမ်းရည်ပြိုင်ပွဲ တစ်ခု လုပ်တယ်။ ဖိတ်တာက ကျောင်းသားအားလုံးရဲ့ မိခင်တွေချည့် သီးသန့်…။ ဆိုတော့ အမေ မရှိရှာတဲ့ ကျနော့်သားလေး ကျောင်းပျက်ရတော့တာပေါ့။

xxx

ဒီလိုနဲ့ နောင် ရက်များ မကြာမီမှာ သားလေးဟာ အိမ်ကို ပြန်ရောက်ရောက်ချင်း သူ့ကျောင်းက စာရေးနည်းနဲ့ စာဖတ်နည်း စသင်တဲ့အကြောင်း ကျနော့်ကို လာပြောပြတယ်။ အဲဒီအချိန်တွေကစပြီး သားတော်မောင်ဟာ သူ့ဟာသူ တစ်ကိုယ်ထဲနေပြီး သူ့ အခန်းလေးထဲ စာ အရေး အဖတ် အပတ်တကုတ် ကျင့်နေတော့တာပါပဲ။ ကျနော့် ဇနီးသည်သာ ရှိနေသေးရင်တော့ သူ ဘယ်လောက်ပျော်ပြီး သားဖြစ်သူအတွက် ဂုဏ်ယူလိုက်လိမ့်မလဲလို့ တွေးမိတယ်။ ကျနော် ကိုယ်တိုင်လည်း သားငယ်လေး ဒီလိုကြိုးစားသင်ယူနေတာတွေကို မြင်တွေ့ရတော့ သားအတွက် ဂုဏ်ယူမဆုံးပါပဲ။
ဒီလိုနဲ့ အချိန်တွေကုန်မြန်လိုက်တာ နှစ်တစ်နှစ်တောင် ကုန်မှန်းမသိ ကုန်သွားတော့မယ်။ ဆောင်းရာသီ ခရစ်စမတ် အချိန်လေးပေါ့..။ လမ်း တိုင်း အိမ်တိုင်းလိုလိုမှာ ခရစ်စမတ် သီချင်းသံတွေရယ်...အလှဆင်ထားတဲ့ ထိန်ထိန်ညီးနေတဲ့ ခရစ်စမတ် သစ်ပင်တွေ… ငြိမ်းချမ်း တဲ့ အနှစ်သာရနဲ့ ပြည့်ဝလို့နေတယ်…။ ဒီမှာတင် ကျနော့်သားဟာ အခြား ပြဿနာ တစ်ခုကို ထပ်ဆုံရပြန်တယ်။ တစ်နေ့ ကျနော် အလုပ်ပြီး ခါနီးလို့ အိမ်မပြန်ခင် ပစ္စည်းတွေ သိမ်းဆည်းနေချိန်မှာ စာတိုက်ရုံးက လှမ်း ဖုန်းဆက်တယ်။ ရေခဲမတတ် အေးစက်နေတဲ့ ရာသီကြောင့် စာတိုက်မှူးလဲ စိတ်ဆတ်နေပုံရတယ်။ ဖုန်းဆက်ရတဲ့အကြောင်းရင်းကတော့ သားတော်မောင်ဟာ လိပ်စာမပါတဲ့ စာပေါင်းများစွာကို ပို့ဖို့ ကြိုးစားနေပါသတဲ့။ သားငယ်လေးကို ဘယ်တော့မှ မရိုက်တော့ဘူးလို့ စိတ်ပိုင်းဖြတ်ထားပါသော်လည်း ဒီလို ထိန်းရခက်တဲ့ သားငယ်ကို ရိုက်နှက်ဆုံးမ ရုံမှတပါး အခြားမရှိတော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီး အိမ်ကို စိတ်ဆိုးမာန်ဆိုးနဲ့ ပြန်လာခဲ့တယ်။ သူ့ကို ဖြစ်ရတဲ့ အကြောင်းရင်းကို မေးကြည့်တော့  အရင်အခါတွေလိုပဲ သူဟာ အခြားဘာကိုမှ အကြောင်းပြချက် မပေးပဲ။ တောင်းပန်ပါတယ် ဖေဖေ ဆိုပြီး တစ်ခွန်းထဲပြောတယ်။
ကျနော်လဲ စိတ်ဆိုးလွန်းလို့ သူ့ကို အခန်းထောင့်ထဲ တွန်းပစ်လိုက်တယ်။ နောက် စာတိုက်ရုံးကို သွားပြီး သူ့ရဲ့ လိပ်စာမပါတဲ့ စာတွေကို ယူပြီးအိမ်ပြန်လာခဲ့တယ်။ နောက်ပြီး ဘာလို့ ဒီလို အဓိပ္ပါယ်မရှိတဲ့ ပေါကြောင်ကြောင် အလုပ်မျိုးလုပ်ရတာလဲလို့ သူ့ကို ဒေါသစွက်နေတဲ့ လေသံနဲ့ မေးကြည့်တော့....ရှိုက်ငိုနေတဲ့ကြားက အသံတိမ်လေးနဲ့ ဖြေလိုက်တဲ့ သူ့အဖြေက
"အဲဒါ မေမေ့ဆီကို ပို့တဲ့ စာတွေပါ ဖေဖေ…"တဲ့။
အဲဒီအခိုက် ကျနော့် မျက်လုံးထဲ မျက်ရည်တွေလျှံတက်လာလို့ သားငယ်ကို သဲသဲကွဲကွဲ မမြင်ရတော့ဘူး။ ဒါပေမဲ့ စိတ်ကို အတင်း တည်ငြိမ်အောင်ထိန်းရင်း လေသံ မှန်မှန်နဲ့
"ဒါပေမဲ့ သားရယ် ဘာလို့ တစ်ခါတည်းနဲ့ စာအများကြီး ပို့ရတာလဲ။ စာတိုက်ရုံးက ဦးလေးကြီးတွေ သားရဲ့ လိပ်စာမပါတဲ့ စာတွေအတွက် ဒီလို ချမ်းအေးလွန်းတဲ့ ရာသီထဲ အိမ်မပြန်နိုင်ပဲ အလုပ်များသွားလိမ့်မယ် လို့ မတွေးမိဘူးလား။"
သူ့မျက်နှာလေးညှိုးသွားတယ်..။ အတော်ကြာတော့မှ ကျနော့်ကို မရဲတရဲ မော့ကြည့်ပြီး.....
"သားလေ မေမေ့ဆီကို စာရေးနေတာကြာလှဘီ။ ဒါပေမဲ့ သားစာသွားထည့်ဖို့ ကြိုးစားတိုင်း စာတိုက်ပုံးက သားအရပ်နဲ့ မမှီနိုင်လို့ မထည့်ဖြစ်ဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းက သား စာတိုက်ပုံးဆီကို ထပ်သွားကြည့်တော့ သားအရပ်နဲ့ မီနေတာကို တွေ့လို့ ရှိသမျှစာတွေ အားလုံး တစ်ပြိုင်နက် ပို့လိုက်တာပါ ဖေဖေ…။"
သားငယ်ရဲ့ စကား အဆုံးမှာတော့ ကျနော် လွင့်ပျောက်သွားသလို ခံစားခဲ့ရတယ်။ ဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိတော့ဘူး…။ ကျနော် သားငယ်ကို ဘယ်လိုပြောရမှာလဲ….။ နောက်ဆုံး ကျမှ အတတ်နိုင်ဆုံး လေသံကို ထိန်း၊ သူ့ပုခုံးလေးကို ဆုပ်ကိုင်လိုက်ပြီး ...
"သားရေ … သားမေမေက ကောင်းကင်နိုင်ငံရောက်နေပြီလေကွယ် နော်။ ဒါကြောင့် နောင်များမှာ သားမေမေ့ကို တစ်ခုခုပြောချင်တယ်ဆိုရင် စာရေးပြီး မီးသာရှို့လိုက်ပါ။ အဲဒါဆို သားမေမေက သားရေးထားတဲ့ စာကို ဖတ်နိုင်ပြီကွဲ့"
ကျနော် ဒီလိုပြောလိုက်ပြီးတဲ့ နောက်မှာ မှ သားဟာ စိတ်အလိုကျသွားတဲ့ပုံနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အိပ်ပျော်သွားရှာတယ်။ သားငယ်ကို သူ့ကိုယ်စား သူ့စာတွေကို မီးရှို့ပေးပါ့တယ်လို့ ကတိပေးထားတဲ့ အတွက် ကျနော်ဟာ သားငယ်ရဲ့ စာတွေကို ယူပြီး အိမ်အပြင်ကို ထွက်လာခဲ့တယ်။ စာတွေကို မီးမရှို့ခင် ဖွင့်ဖတ်ချင်တဲ့ စိတ်က ထိန်းမရခဲ့ဘူး။
အဲဒီအထဲက စာတစ်စောင်ကတော့ ကျနော့်ကို ရင်ကွဲစေခဲ့တယ်။

မေမေ…
မေမေ့ကို သိပ်လွမ်းတယ် မေမေရယ်။ ဒီနေ့ကျောင်းမှာ စွမ်းရည်ပြပွဲရှိတယ် မေမေရဲ့။ ကျောင်းကလေ အမေတွေအားလုံးကို ဖိတ်တယ်။ ဒါပေမဲ့ မေမေက သားရဲ့ အနားမှာ မရှိဘူးလေ။ ဒါကြောင့် သား အဲဒီပွဲကို မတက်ချင်ဘူး။ သား ဖေဖေ့ကို လဲ ဒီအကြောင်း မပြောရက်ဘူး။ ကျနော် ပြန်ပြောလိုက်ရင် ဖေဖေက မေ့မေ့ကို ပြန်သတိရပြီး ငိုမယ်။ ပြီးရင် မေမေနဲ့ ပတ်သက်တဲ့ အကြောင်းမှန်သမျှ တစ်ခုခြင်း အစကနေ ပြန်တွေးနေပြန်တော့မယ်။ ဖေဖေ သားကို လိုက်ရှာနေခဲ့မှန်း သားသိပါတယ်။ ဒါပေမဲ့ သားလဲ ငိုနေတာကို ဖေဖေ သိသွားမှာစိုးလို့ သားလဲ တွေ့ရာ ဆိုင်တစ်ဆိုင်ရဲ့ ကွန်ပြူတာရှေ့ထိုင်ပြီး ဂိမ်းဆော့ ချင်ယောင်ဆောင်နေလိုက်တယ် မေမေ။ ဖေဖေကတော့ ဒေါသတွေထွက်ပြီး သားကို ဆူလဲဆူ ရိုက်လဲ ရိုက်တယ် မေမေ။ ဒါပေမဲ့ သားဖေဖေ့ကို ဒီအကြောင်းတွေ မပြောပြပါဘူး။ မေမေ… ဖေဖေရယ်လေ မေမေ့ကို နေ့တိုင်း သတိရနေရှာတယ်။ နောက်ပြီး မေမေ့အကြောင်းကို သူတွေးမိတိုင်း သူတစ်ယောက်ထဲ အခန်းထဲ ၀င်ပြီး တိတ်တိတ်လေး ငိုနေတတ်တယ် မေမေ။ သားတို့ နှစ်ယောက်လုံး မေမေ့ကို အရမ်း လွမ်းနေကြတယ်။ ဒါပေမဲ့ မေမေ.. အခုနောက်ပိုင်းလေ သား မေမေ့မျက်နှာကို သိပ်မမှတ်မိတော့ဘူး။ သားရဲ့ အိပ်မက်ထဲ ခဏဖြစ်ဖြစ် ပြန်လာခဲ့ပါလား မေမေ။ ဒါမှ သားလဲ မေမေ့ကို မြင်ပြီး မေမေ့ မျက်နှာလေးကို ပြန်မှတ်မိလာမယ်။ သားကြားဖူးတာ ကိုယ်သတိရနေတဲ့ သူရဲ့ ဓါတ်ပုံကို ခေါင်းအုံးအောက် ထားပြီး အိပ်ရင် ညအိပ်မက်ထဲ ပြန်မြင်ရတယ်ဆို…။ မေမေ့ကိုကျ သားဘာလို့ မမြင်ရတာလဲဟင်..။

စာကို ဖတ်ပြီးနောက်မှာ ကျနော် ဘယ်လိုမှ ချုပ်တီးနိုင်စွမ်း မရှိတော့ပဲ ရှိုက်ကြီး တငင် ငိုချလိုက်မိတယ်။ ကျနော့် ဇနီးသည် ထားခဲ့တဲ့ အစားထိုးမရတဲ့ ကွက်လပ်ကို ကျနော် ဘယ်တော့မှ ဖြည့်နိုင်လိမ့်တော့မယ် မဟုတ်ဘူးလို့ တွေးမိလို့ပါပဲ….။


မမ လက်ဆင့်ကမ်းပေးသော Forward Mail ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။


စာကြွင်း ။ ။ အပါးရေ.. ကြားနိုင်မယ် မထင်တော့ဘူး. ဒါပေမဲ့ အပါး တစ်သက် မပြောဖြစ်ခဲ့တဲ့ စကားတစ်ခွန်းပြောပါရစေ....
               အပါးကို ... ချစ်တယ်။

ရွှေရ

Received from Min Aung Thet Lwin