ကျွန်တော့ဖခင်အတွက် မှတ်တမ်းလွှာ


ဇော်အောင် (မုံရွာ)

ကျွန်တော့ဖခင် သေရာမှပြန်ရှင်ခြင်း

အသက်၃၀ကျော်အရွယ် စစ်ကိုင်းတိုင်း၊ ဆလင်းကြီးမြို့နယ်မှာ တာဝန်ထမ်းဆောင်ရင်းက ဇနီးသည်မိသားစုရှိရာ မုံရွာမြို့ကို အပြင်းဖျားပြီးရောက်လာပါတယ်။  ကျွန်တော်မိခင်၊ အသက်၃၀ကျော်ပဲရှိသော်လည်း ကလေး ၆ယောက်အမေဖြစ်တဲ့ မိခင်ဒေါ်လခန်းခါး၊ သားဖွားဆရာမခမြာ ခင်ပွန်းရဲ့ အသက်ရှုမရဖြစ်ပြီး၊ အပြင်းဖျား၊ အပူချိန်လည်း အရမ်းတက်လို့၊ ခြေလက်၊မျက်နှာယောင်ကားပြီး ဘယ်မျက်လုံးတဖက်ပြုးထွက်နေတာကို ဘာမှမတတ်နိုင်တော့ပါဘူး။ မုံရွာမက်သဒစ်အသင်းတော်မှလည်း မိသားစုကို ကြည့်ရှုပေးပါတယ်။ မုံရွာ ပြည်သူ့ဆေးရုံကြီးကလဲ လက်လျှော့လိုက်ပါပြီ။ ကျွန်တော်မိခင်ခမျာ မုံရွာမြို့ရဲမှုးကြီးဦးဖိုးကျော်ဆီ သွားပြီး ငိုယိုပြောကြားခဲ့ပါတယ်။ သဘောကောင်း၊တာဝန်ယူတတ်သူ ရဲမှုးကြီးက ချက်ခြင်း အရေးပေါ်သူနာပြုကားတစီး စီစဉ်ပြီး မန္တလေး တိုင်းဆေးရုံကြီးဆီကို သွားခိုင်းလိုက်ပါတယ်။ အမေကိုယ်တိုင် လိုက်သွားပါတယ်။ လယ်ပင်းကို ဖောက်ပြီး၊ အသက်ရှုအောင် မျက်ရည်မျက်ခွက်နဲ့ ကျွန်တော့အမေ ဘေးက စပယ်ရှယ်နာစ်အနေနဲ့ လိုက်သွားတယ်။ (ငါမျက်ရည်သည် နေ့ညဥ့်မပျက် ငါ့စားစရာဖြစ်ရသည် ဆာလံ-၄၂)။ ကားပေါ်မှာပဲ ဆေးပိုက်များတန်းလန်းနဲ့ မန္တလေးတိုင်းဆေးရုံကြီး ၄နာရီလောက်မောင်းသွားပြီးမှ ချက်ခြင်းခွဲစိတ်ကုသပါတယ်။ အချိန်မီရောက်သွားတော့ အသက်ချမ်းသာရပေမဲ့ ဘယ်ဘက်မျက်လုံးတော့ ထုတ်ပစ်လိုက်ပြီး၊ ကျောက်မျက်လုံးအစားထိုးလိုက်ပါတယ်။ ကျွန်တော့်အဖေဟာ သားသမီးများကို အခုချိန်ထိ သူမျက်လုံးတဖက်မရှိကြောင်း လုံးဝမပြောပါဘူး။ အမေပြောပြလို့သာ သိရပါတယ်။ ဖခင်ရဲ့အားနည်းချက်များကို သားသမီးများ သိပြီးစိတ်ပျက်သွားမှာ မလိုလားပါဘူး။

ကျွန်တော့်အဖေ၊ သေလုနိးပါး၊ မျောနေချိန် ၃ရက်လောက်မှာ အိပ်မက်လိုလို တခုပဲ သတိရပါတယ်။ အဖေကို သေဒဏ်ပေးခံရပြီး ချုပ်ထားခြင်းခံရပါတယ်။ အဲဒီအချိန်မှာ ရဲမှုကြီးဦးဖိုးကျော်က ချုပ်ထားသူတွေကို ဟေ့ကောင်တွေ၊ သူ့ကို လွှတ်လိုက်၊ ဒီလူက လူကောင်းပဲ .. လို့ ဟစ်အော်ပြောတာနဲ့ ကျွန်တော့အဖေကို လွှတ်လိုက်တယ်။ နောက်တစ်ယောက်ကတော့ သေဒဏ်ပေးခံရတယ်။ မျောနေရာက နိုးလာတော့ ဘေးကုတင်မှာလဲ လဲနေတဲ့လူတစ်ယောက်ကို တွေ့တယ်။ အဲဒီလူရဲ့ မျက်နှာနဲ့က သေဒဏ်ပေးခံရတဲ့လူနဲ့တူသလို ထင်ရတယ်။ နောက်တနေ့ ကုတင်ပေါ်ကလူ မရှိတော့ဘူး၊ မေးကြည့်တော့ သေသွားပြီတဲ့။  အဲဒီအချိန်က သားသမီး ၆ယောက်ဖခင် .. အခု ၂၀၁၁ မှာ နှစ်ပေါင်း ၄၀ကြာသွားပါပြီး၊ အားလုံး သာသမီး ၈ယောက်ကို ကျွေးမွေး၊ပြုစု၊ ပညာသင်ပေးနိုင်ခဲ့ပါတယ်။

ငယ်စဉ်တောင်ကြိးဘဝ
ကျွန်တော့အဖေဟာ မိဘမဲ့တစ်ဦးပါပဲ။ ကချင်ပြည်၊ မိုးကောင်းမြို့နယ်၊ မရမ်းကျေးရွာ သူကြီးမိသားစုက ဒုတိယကမ္ဘာစစ်မှာ မိဘမဲ့ကလေးငယ်ကို ၂ယောက်ကို မွေးစားလိုက်ပါတယ်။ ကလေးတွေဟာ  စာကြိုးစားတဲ့အတွက် အလယ်တန်းပညာကို မြစ်ကြီးနားမြို့အထိ တက်ရောက်စေခဲ့ပါတယ်။ မိဘမဲ့ကလေးနောက်တစ်ဦးကတော့ စီးပွားရေး၊ ကျောက်စိမ်းလုပ်ငန်းများလုပ်ကိုင်ပြီး နောင်တချိန်မှာ အင်အယ်ဒီပါတီက အမတ်အဖြစ်အရွေးခံရသူ မရမ်ဇော်အောင်ဖြစ်ပါတယ်။ ကျွန်တော့ဖခင်ကတော့ ၁၀တန်းအောင်ပြီး ရဲသိပ္ပံဆက်တက်တယ်။ ရဲအရာရှိဖြစ်သွားပြီး သူကြီးသမီး သားဖွားဆရာမ ကျွန်တော့မိခင်နဲ့  လက်ထပ်ပေးလိုက်ပါတယ်။ အဲဒိအချိန်ကတော့ ရွှေတကျပ်သား ၃၀ကျပ်လောက်ရှိတဲ့အချိန် မိဘ ၂ယောက်ပေါင်း လစာငွေ ၅၀၀ကျော်ရတဲ့ ဖခင်၊မိခင်တို့ဘ၀ဟာ ပျော်စရာကြီးပါ။ မြစ်ကြီးနားမြို့မှာ ၇၅ရာနှုန်းက ကျွန်တော့ဖခင်ကို သိပါတယ်။ ကျွန်တော်ကတော့ ရန်ကုန်စက်မှုတက္ကသိုလ်က ဘွဲ့ရတဲ့ အင်ဂျင်နီယာကြီးဖြစ်ပေမဲ့ အဖေလောက် လူသိမများပါဘူး။ နာမည်လည်း မရပါဘူး။ အဖေကို မှီဖို့ အများကြီးလိုပါသေးတယ်။ ဒါကတော့ ရုပ်ပိုင်းဆိုင်ရာ အဖေနဲ့နှိုင်းယှဉ်ကြည့်မိတာပါ။

ဝိညာဉ်ပိုင်းကို ကြည့်ရင် အဖေဟာ၊ ဟိုး..ငယ်ငယ်ကတည်းက ယုံကြည်သူ ကချင်မိသားစုနဲ့ ကြီးပြင်းလာပါတယ်။ ဘုရားသခင်ကို အလွန်အားကိုး၊ ယုံကြည်သူဖြစ်ပါတယ်။ ကျွန်တော်တို့ ငယ်စဉ်က မိသားစု ညစဉ် ၀တ်ပြု၊ဆုတောင်းပါတယ်။ ဘုရားကျောင်း အပတ်စဉ်သွားပါတယ်။ ဆန်းဒေးစကူးမတက်မနေရ သွားရပါတယ်။ သို့သော် ကျွန်တော် ၁၀တန်းအောင်တဲ့အချိန် မုံရွာမြို့နယ်မှာ အမှတ်ထိပ်တန်းနဲ့ အောင်ခဲ့ပါတယ်။  ကျွန်တော်မေးတဲ့ ယုံကြည်ခြင်းမေခွန်းများကို မိဘများက နားလည်အောင်မဖြေနိုင်၊ တရားဟောဆရာများကလည်း ရှင်မပြနိုင်တော့ ဘုရားမဲ့ဝါဒီ ဖြစ်သွားခဲ့ပါတယ်။ အသက်၄၀ရောက်မှ ဘုရားသခင်ကို ကိုးစား၊ယုံကြည်လာတော့ ကံကောင်းလို့မသေ၊ သံချောင်းတို့အဖေ  .. သေကံမရောက်၊ ငရဲကလွတ်ပြီး ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်း စိတ်ချမှုရခဲ့ပါတယ်။ ကျွန်တော့အဖေကတော့ သူ့ဘ၀တလျှောက်လုံး ကယ်တင်ခြင်း စိတ်ချစွာနေထိုင်ခဲ့ရပါတယ်။ ကျွန်တော်ကတော့ ထင်ရစိုင်း၊ ငါ ဆိုတဲ့ အတ္တနဲ့ အသက်၄၀အရွယ်ထိ ယောင်္ကျားဆို မလုပ်တာမရှိဖူးအောင် သောက်စား၊ မူးရစ်၊ မိုက်ရမ်း၊ ရန်ဖြစ်၊ လူကြီးတွေကို ပြန်ပြောနဲ့ ခပ်မိုက်မိုက်ပဲ မှားယွင်းစွာနေထိုင်ခဲ့ပါတယ်။ မသေပဲ နောင်တရပြီး ဘုရားကို လက်ခံယုံကြည်ခဲ့ပါတယ်။ ဒါကြောင့် ယုံကြည်ခြင်း ၀ိညာဉ်ရေးမှာလည်း ကျွန်တော့ဖခင်ကို ခြေဖျားတောင် မမှီပါဘူး။

ခွေတာစုဆောင်းတတ်သူ
ဖခင်ဖြစ်သူဟာ မ.ဆ.လ ခေတ်က ဘေးပေါက်ဝင်ငွေနဲ့ လုပ်စားရတဲ့အချိန်မှာ သူ့လစာပဲစုဆောင်းပါတယ်။ စုဆောင်းချွေတာတတ်တဲ့ ဖခင်ကြောင့် မြစ်ကြီးနားမြို့မှာ မြေကွက်ကြီးတစ်ခု ၀ယ်နိုင်ခဲ့ပါတယ်။ အိမ်လေးတစ်ခုဆောက်ပြီး မိသားစု နောင်ရေးအတွက် မြေတကွက်၊ အိမ်တစ်လုံး ရရှိခဲ့ပါတယ်။ မိခင်ဖြစ်သူကတော့ သားဖွားဆရာမဖြစ်တဲ့အတွက် တလကို ကလေး၁၅ယောက်မွေးဖွားပေးပြီး၊ လူနားများ ကန်တော့ငွေနဲ့ ငွေရွှင်ခဲ့ပါတယ်။ အသုံးစွဲမဆင်ချင်တဲ့ မိခင်က ငွေမစုဆောင်းမိပါဘူး။ ဖခင်ကတော့ လစာငွေတလ ၄၅၀ကျပ်လောက်ပဲ ရပေမဲ့ အိမ်မြေ၀ယ်နိုင်တဲ့အထိ ငွေစုနိုင်ခဲ့ပါတယ်။

ကလေးများကိုချစ်သူ (မေတ္တာ)
ကျွန်တော့ဖခင်ဟာ ကလေးများကို အလွန်ချစ်ပါတယ်။ သားသမီး ၈ယောက်ကို မျှတစွာချစ်ပါတယ်။ ကလေးများနဲ့ပဲ အချိန်ပေးပါတယ်။ စာသင်ပေးပါတယ်။ ကလေးများကို ဖက်ကဲတလင်းနေထိုင်ပြီး ခြင်ထောင်အကြီးကြီးထဲမှာ ကလေးအငယ်များနဲ့ အတူအိပ်ပါတယ်။ ကလေးအကြီးဆုံးသား၊ သမီးများကတော့ တခြားခြင်ထောင်မှာ အိပ်ရပါတယ်။ ကျွန်တော်တို့ ငယ်စဉ် ကလေးဘ၀က ပျော်စရာကောင်းလှပါတယ်။ မောင်နှမ ၈ယောက် စားပွဲဝိုင်းလေးမှာ ထမင်းအတူစားခြင်း၊ ဟင်းကို တယောက်တပုံစီ ထည့်ပေးပြီး ချွေတာစားသောက်ခြင်းများဟာ ဆင်းရဲသော်လည်း ပျော်ရွှင်၊ညီညွတ်မှုဟာ ကြည်နူးစရာပါ။ ဖခင်ကြီးနဲ့ ကလေးတသိုက်ကြီး ပန်းခြံ၊ အိမ်ဝင်းခြံတွေမှာ အတူကစား၊ သွားလာရခြင်းကို ဖခင်ကြီး သိပ်နှစ်သက်သလို ကျွန်တော်တို့ ကလေးများလည်း အလွန်ပျော်ရပါတယ်။ သားသမီးများကိုသာမက ဆွေမျိုး၊ မြေးမြစ်များကိုလည်း အလွန်ချစ်တတ်ပါတယ်။ အသံကျယ်လောင်စွာနဲ့ မိတ်သဟာရစကားပြောတတ်ပါတယ်။ မုံရွာမြို့က ရွှေစည်းခုံနဲ့ဆုတောင်းပြည် ဘုရားပွဲတော်ကျင်းပချိန်များဆို နှစ်စဉ် ကျွန်တော်တို့ သားသမီးများနဲ့ ဖခင်ကြီး ဘုရားဈေးတန်းမှာ အရုပ်ဝယ်ဖို့ သွားကြပါတယ်။ အရုပ်က တရုပ်ထဲရမှာ တပြုံကြီး၊ တပျော်တပါးကြီး လျှောက်ကြည့်ကြပါတယ်။ သမီးတွေက အိုးပုတ်၊ပလုပ်တုတ်၊ သားတွေက မော်တော်ကားနဲ့သေနပ် .. ရှင်းရှင်းပြောရရင် ဘုရားပွဲဈေးနေ့က ခရစ်စမတ်၊နှစ်သစ်ကူးထက် ပိုပျော်စရာကောင်းသလိုပဲ။ အုံးအုံးတိုက်နေမှ ပျော်တဲ့ ကလေးသဘာဝကိုး...။ ပြီးတော့ ဖခင်ကြီးနဲ့ မြို့တွင်းကန်တော်ကြီးရေကန်၊ မြို့ပြင်ဂွေ့ကြီးအင်းတွေမှာ ငါးသွားမျှားကြတယ်။ ငါးပက်ကြတယ်။ ဖခင်ကြီးလည်း ချောင်းကြိုချောင်းကြားက ကြီးပြင်းလာတော့ ငါးမျှား၊ ငါးပက်၊ ငါးဖမ်း အလွန်ဝါသနာကြီးပါတယ်။ ငါးဖမ်းသွားတော့ သားတွေနဲ့ ပျော်စရာကြီးပါပဲ။ ၇နှစ်အရွယ် တတိယသမီးဖြစ်သူက တွံတေးသိန်းတန်သီချင်း ဒီတခါလမင်းတွေ့ရင်၊ ပြုံးဖြစ်အောင်ပြုံးပြလိုက်မယ်နော် .. ဆိုပြီး အိမ်သာအကွယ်က ခေါင်းလေးပြူပြီး ညနေခင်းမှာပေါ်နေတဲ့ လပြည်ကြီးကို ပြုံးပြနေချိန် ဖခင်ကြီးနဲ့ကျွန်တော်က ဘေးက ဟေးဆိုပြီး ချောက်လိုက်တော့ တတိယသမီးခမြာ အရမ်းရှက်သွားတာတွေ ဖခင်ကြီးအောက်မေ့ဘွယ်များပါ။

၁၉၇၀ လောက်က ခွင့်တလရတဲ့ ဖခင်ကြီး၊ မုံရွာမြို့ကနေ မြစ်ကြီးနား ဆွေမျိုးများဆီ အလယ်အပတ်သွားတော့ သားကြီးကျွန်တော် ၁၀နှစ်သားကို ခေါ်သွားပါတယ်။ အမေကတော့ ကျန်တဲ့ကလေးများကို ကြည့်ရမှာနဲ့ ခွင့်လဲမယူချင်တော့ အဖေကြီးနဲ့သား ၂ယောက်ထဲ အထက်တန်းရထားတွဲနဲ့ မုံရွာ၊ မန္တလေး၊ မြစ်ကြီးနား ခရီးစဉ်ထွက်ရတာ အရမ်းပျော်စရာကောင်းပါတယ်။ ကျွန်တော့မွေးရပ်မြေ မရမ်းရွာရောက်တော့ ရထားလမ်းဘေး၊ တောင်၂တောင်က မျောက်တွေ နာရီဝတ်တကြိမ် ..ဝေါ်ဝူး၊.. ဝေါ်ဝူး.. နဲ့ အော်သံများ ကြားရလို့ တော်တော်တောင် လန့်မိတယ်။ အဲဒီတုန်းက ရွာကခြေတံရှည်အိမ်အောက်ကို ရောက်လာတတ်တဲ့ ကျားများရှိကြောင်း၊ ကျားအော်သံ၊ ဟိန်းသံများလည်း ညအချိန် ကြားရတတ်ပါတယ်။ အခုတော့ အဲဒီ မျောက်များ၊ ကျားများလည်း  မျိုးတုန်းပြီး ကုန်သွားပါပြီ။ မရမ်းရွာက အိမ်တွေ သားအဖ၂ယောက် လိုက်လည်ကြတယ်။ အဲဒီခေတ်က သူပေးတဲ့ မုန့်ဖိုးငွေငါးကျပ်၊ တဆယ်ဆို အလွန်တန်ဖိုးရှိပါတယ်။ ရွာက ကလေးများ အသက် ၁၃နှစ်ကျော်ရင် ကျောင်းမတက်တော့ပဲ တောင်ယာလုပ်ငန်း၊ မိရိုးဖလာ လယ်ယာပြန်လုပ်ကြတယ်။ သြော် ..အဖေအမေတို့ခေတ်က ၁၀တန်းရောက်အောင် ဒီလိုတောတောင်ကနေ ကြိုးစားလာခဲ့ရတာပဲ။ ကလေးမလေးတစ်ယောက်ကို ဖခင်ကြီးကမေးတော့ မြစ်ကြီးနားကျောင်းသွားတယ် .. ကြားတာနဲ့ ကျွန်တော့အဖေကြီးက ..ကျောင်းသူဆိုတော့ ရော့ရော့ ဆိုပြီး တဆယ်တန် ၂ရွက်ကို မုန့်ဖိုးပေးပါတယ်။ ဘယ်နှစ်တန်းရောက်ပီလဲလို့ မေးတော့ .. ကလေးမလေးက မြစ်ကြီးနားကျောင်းသွားတက်ချင်တယ်ပြောတာပါ။ ကျောင်းမနေတော့ဖူး ..လို့ပြောပြီး .. ကျွန်တော့ဖခင်ပေးတဲ့ တဆယ်တန်၂ရွက်ကို ကိုင်ထားပါတယ်။ ဖခင်ကြီးရဲ့ ကျယ်လောင်စွာ  ဟာကွာ... ပြောသံကြီးကြားလိုက်ပါတယ်။ သူပေးထားတဲ့ ပိုက်ဆံ တဆယ်တန်၂ရွက်လဲ အရမ်းပြန်သိမ်းယူချင်တဲ့ ပုံစံကို ဟန်မဆောင်နိုင်အောင် မြင်တွေ့ရပါတယ်။ ၁၅စက္ကန့်လောက်ကြာတော့ ဘေးကကြည့်နေတဲ့ လူကြီးတွေလဲ အားနာ၊ ရှက်စရာဆိုတော့ .. အေး..ကျောင်းပြန်တက်၊ ဒိပိုက်ဆံနဲ့ ကျောင်းစာအုပ်တွေဝယ် .. လို့ပြောပြီး၊ စိတ်လျှော့လိုက်ပါတယ်။ ဖခင်ကြီးက နှမျောတွန့်တိုစွာနဲ့ ပေးတဲ့ လက်ဆောင်များက ရယ်စရာကောင်းပါတယ်။

သစ္စာရှိသူ၊ သစ္စာစောင့်ထိန်းသူ
ကျွန်တော်တို့ ယောင်္ကျားများဟာ အိမ်ထောင်ရေးကိစ္စတွေမှာ ဇနီးဖြစ်သူရဲ့ ညိုညင်မှုကို ခံရတတ်ပါတယ်။ အထူးသဖြင့် အခြားမိန်မများနဲ့ ပြောဆို၊ဆက်ဆံတဲ့အခါများမှာ မိန်းမသားများကို အရေးတယူဆက်ဆံခြင်းများ မိမိဇနီးသည်ရဲ့ ညိုညင်ပြောဆိုခံရတတ်ပါတယ်။ ကျွန်တော့်ဖခင်ကတော့ မိန်းမကိစ္စ ရှင်းလင်းပါတယ်။ ဘယ်မိန်းမကိုမှ အထူးမဆက်ဆံတတ်သလို၊ ကျွန်တော့မိခင်ကလည်း ဖခင် နဲ့ နှစ်ချီခွဲခွာနေရပေမဲ့ ၊ စိတ်မချမှုတဲ့ စကားများ တခါမှမပြောပါဘူး။ အိမ်ထောင်ရေး ပြသနာလုံးဝမရှိပါဘူး။ ရဲအရာရှိတဦး တခြားမြို့ရွာတွေမှာ တယောက်တည်း သွားရောက်နေထိုင်ပေမဲ့ အရှုပ်အရှင်းဘာမှ မရှိပါဘူး။ ဒါလဲ ဘုရားကို ကြောက်တဲ့ ကျွန်တော့ဖခင်ရဲ့ ဘုရားမကြိုက်တာ တခုမှမလုပ်ဘူး ဆိုတဲ့ ပုံသက်သေတခုပါ။

ပညတ်တရားများလိုက်နာသူ
ကျွန်တော် အသက် ၃၀၊ ၄၀ အထိ သောက်စား၊ ဆေးလိပ်၊၊ ပျော်ပွဲရွှင်ပွဲ၊ ဘီယာဘားကလပ်များသွားခြင်းတွေ လုပ်တတ်ပါတယ်။ ယောင်္ကျားသဘာဝ ဆိုပြီး ဇနီးသည်ကလည်း မကြေနပ်ပေမဲ့ ခွင့်လွှတ်ထားရပါတယ်။ ကျွန်တော့ဖခင်ကတော့ သောက်စား၊ မူးရစ်၊ ဆေးလိပ်သောက်ခြင်းများ လုံးဝမလုပ်ပါဘူး။ ပညတ်တရားများကို လိုက်နာတဲ့နေရာမှာ ကျွန်တော့ဖခင်ကို အဖျားတောင် ကျွန်တော်မမှီပါဘူး။

သားသမီးများအကြောင်း
ကျွန်တော့ဖခင်ဟာ မိဘမဲ့ပြောလို့ရပါတယ်။ သူငယ်စဉ်က မိုးကောင်း၊မိုညှင်းတ၀ိုက်မှာ မိခင်၊ဖခင်၊ ညီမတဦးတို့နဲ့ သွားလာခဲ့ခြင်းများကို သူမှတ်မိပါတယ်။ အဖေ့ရဲ့ ညီမငယ်လေး အပြင်းဖျားနာပြီးသေဆုံးသွားတယ်။ မကြာခင်ပဲ မိခင်လဲအပြင်းဖျားနာ သေဆုံးသွားရကြောင်း၊ သူ့ရဲ့ဖခင်ဖြစ်သူဟာလည်း နောက်ပိုင်း ဖျားနာသေဆုံးသွားပုံရပြီး၊ မရမ်းကျေးရွာကလူကြီးတွေက ကလေးငယ်လေး  အသက်၇နှစ်အရွယ်လောက်ရှိတဲ့ ကျွန်တော့အဖေကို ခေါ်ယူထိန်းသိမ်းခဲ့ရတယ်။၊ ရွာသူကြီးဖြစ်သူ ကျွန်တော့အဖိုး ဦးလခန်းဂမ်က ကျောင်းထားပေးရပါတယ်။ ကျွန်တော်တို့ ကချင်အမျိုးအနွယ်ဟာ သားယောင်္ကျားကို အထူးတန်ဖိုးထားပါတယ်။ ကချင်မျိုးနွယ်ကို ထိန်းသိမ်းချင်တဲ့ ကျွန်တော့ဖခင်ဟာ သားသမီးများနဲ့ မြန်မာအလယ်ပိုင်း မုံရွာမြို့မှာ အစိုးရ၀န်ထမ်းအဖြစ် နှစ်၂၀လောက် မိသားစုနဲ့အတူ သောင်တင်သွားရပါတယ်။ ဒီတော့ ကချင်လူမျိုးဆိုလို အဲဒီတ၀ိုက်မှာနည်းနည်းပဲရှိပါတယ်။ ရဲမင်းကြီးဟောင်းဦးဆွန်နော် (ကွယ်လွန်) နဲ့ အမေ့သူငယ်ချင်းဒေါ်ကိုင် တို့ရဲ့သားသမီးများ၊ ရဲအုပ် ဦးဇော်လီ၊ ရဲအုပ်ဦးဆွန်လွတ်နော်၊ သစ်တောမင်းကြီးဦးဇော်အောင်(ကွယ်လွန်)နှင့်ဇနီးဆရာမကြီးဒေါ်နန်ဂျာ (Now in L.A) စတဲ့ကချင်လူနည်းစုပဲရှိပါတယ်။ ခရစ်ယာန်ကတော့ မက်သဒစ်အသင်းတော်၊ နဲ့ ရိုမင်ကက်သလစ်အသင်းတော်တို့ပဲ ရှိပါသေးတယ်။ ကျွန်တော့အစ်မလည်း မြန်မာတစ်ဦးနဲ့အိမ်ထောင်ကျ၊ ကျွန်တော်လည်း ကရင်အမျိုးသမီးနဲ့အိမ်ထောင်ကျ၊ သမီး၂ယောက် (ဒုတိယ၊တတိယသမီးများ) လည်း မြန်မာလူမျိုးနဲ့ အိမ်ထောင်ကျ၊ သားအငယ်ဆုံး (စတ္တုထသား) လည်း စစ်တပ်မှာ စစ်ဗိုလ်ကြီးဘ၀က အငြိမ်းစားယူပြီး မြန်မာအမျိုးသမီးတဦးနဲ့အိမ်ထောင်ကျ၊ ဒုတိယသားကလဲ ပုသိမ်သွားရင်း ကရင်အမျိုးသမီးနဲ့အိမ်ထောင်ကျ .. ခရစ်ယန်ဘာသာတူသော်လည်း ကချင်လူမျိုးစွဲရှိတဲ့ ကျွန်တော့ဖခင်ကြီး၊ အရမ်းစိတ်မကောင်းဖြစ်ရပါတယ်။ ဒါကြောင့် ကချင်ပြည်နယ်ကို ၁၉၈၀နောက်ပိုင်း အပြီးပြောင်းရွှေ့သွားတဲ့နောက်မှာ တတိယသား အေးအေးနေတဲ့လူပျိုကြီးလဲ အသက်၄၀ပြည့်တော့မဲ့အချိန် ကချင်မ တစ်ဦးနဲ့ လက်ထပ်ပေးနိုင်ခဲ့တယ်။ လူပျိုကြီးတတိယသား ထက် ဖခင်ကြီးက ပိုပြီးပျော်နေတယ်။ အမေကတောင် နင်မင်္ဂလာဆောင်တာ ကျနေတာပဲ ... နောက်ရတယ်။ တတိယသားရဲ့ မင်္ဂလာဆောင်ကို မြစ်ကြီးနားမှာ ချိန့်ချိန့်သဲ လူတစ်ထောင်ကျော်ကို ထမင်းကျွေးပြီး မင်္ဂလာပွဲ၊ ဒူကထောင် ဘုရားကျောင်းမှာလုပ်ပါတယ်။ ကျွန်တော့အဖေကိုယ်တိုင် စိတ်ကြိုက်ရွေးထားတဲ့ ချွေးမ၊ ကချင်မ ဆိုတော့ အဖေကြီးက အရမ်းပျော်နေရှာတယ်။ ကချင်မျိုးဆက် စစ်စစ်ဖြစ်အောင် သူလုပ်နိုင်ခဲ့တဲ့အတွက် ဘုရားကျေးဇူးတော်ကို အားရပါးရ ချီးမွှမ်းခဲ့ပါတယ်။ နောင် ၇နှစ်လောက်ကြာတော့ တတိယသားရဲ့၊ မိသားစု ရန်ကုန်ကနေ မြစ်ကြီးနား ရွှေ့ပြောင်းလာပြီး ချွေးမနဲ့ တအိမ်တည်းနေကြတော့ စည်းကမ်းကြီး၊ ပညာတ်တရားကြီးတဲ့ ဖခင်ကြီးနဲ့ ချွေးမတို့ မတည့်ဖြစ်သွားပါတယ်။ ကချင်ထုံးစံက ဟိုး..အဝေးကြီးမှာ ကျန်ရစ်ခဲ့ပြီပဲ။ လူကြီးကတော့ ပြောင်းလဲမှာ မဟုတ်ပေမဲ့ ဘုရားကို ချစ်တဲ့ ချွေးမကိုပဲ ပြောရတယ်။ ကိုယ်ကောင်းကြီးမင်္ဂလာ ရဖို့ဆိုရင် လူကြီးနဲ့ တတ်နိုင်သမျှ ဝေးဝေးရှောင်နေဖို့၊ ငယ်တဲ့လူပဲ ပြောင်းလဲဖို့ ပြောပြရတယ်။ ဘုရားကို ချစ်တဲ့ ချွေးမက ဘုရားမျက်နှာနဲ့ တည့်အောင်ဆက်ဆံတော့ ကျေးဇူးတော်ကြောင့် အားလုံးအဆင်ပြေရပါတယ်။

ဘာပဲဖြစ်ဖြစ် တတိယသား ကချင်စစ်စစ် လင်မယားကနေ ကလေး၂ယောက်တောင် မွေးဖွားပေးခဲ့ပြီပဲ။ ကျေးဇူးတော်ချီးမွမ်းပါတယ်။

ဒါတွေကတော့ ဖခင်ဖြစ်သူရဲ့ မျိုးဆက်သစ် သားသမီး ၈ယောက်အကြောင်းပါ။ သားသမီး ၈ယောက်၊ မြေး ၁၆ယောက်၊ မြစ် ၃ယောက်တို့အတွက်လည်း ဖခင်ကြီးက လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ၊ ဘုရားကျောင်းမှဖြစ်စေ၊ မနက်တိုင်း၊ ညတိုင်း အိမ်မှာဖြစ်စေ .. မခြားမလတ် ဆုတောင်းပေးနေပါတယ်။  အဖေကြီးဟာ ရှေးကချင်ကြီးများ သားသမီး၊ မြေးမြစ်တွေနဲ့ တစုတဝေးတည်း သြဇာရှိရှိနေချင်ပေမဲ့ အခုခေတ်မှာ မဖြစ်နိုင်တဲ့ အခြေအနေပါ။ ညီအစ်ကို အချင်းချင်း ချစ်ခင်ကြဖို့၊ ငွေရတတ်သူက ဆင်းရဲသူ ညီအစ်ကို၊မောင်နှမများကို မျှတပေးဖို့၊ သို့မဟုတ် ငွေရတတ်သူဆီက ငွေရအောင်တောင်းပြီး ၊ သူကပဲ ဆင်းရဲတဲ့ ညီအစ်ကို၊သားသမီးများကို တဆင့်ပေးကမ်း၊ ကျွေးမွေးပါတယ်။ မြေးမြစ်တွေလည်း အဖိုးရဲ့စေတနာကို နားလည်ပေမဲ့၊ အဖိုးရဲ့ ပညတ်တရား၊ အဆူအပူ၊ ကြိမ်လုံးဒဏ်ကို မခံနိုင်ကြပါဘူ။ ဖခင်ကြီးလက်စွဲ ကျမ်းပိုဒ်တစ်ခုရှိပါတယ်။ ဆာလံကျမ်း ၁၃၃  "ညီအစ်ကိုတိုသည် သဘောတူလျှက် ပေါင်းဖေါ်ကြသည်အရာမှာ အလွန်ကောင်းပေ၏။ တင့်တယ်လျောက်ပတ်ပေ၏။" .. ဆိုသည့် အချက်ကို ဖခင်ကြီး အလွန်ကြိုက်နှစ်သက်ပါတယ်။


အားနည်းချက်များ
လူ့သဘာဝအရ အားနည်းချက်များလည်း ရှိပါတယ်။ ဖခင်ငယ်စဉ်အချိန်က စိတ်တိုခြင်း၊ အော်ဟစ်ပြောဆိုတတ်ခြင်း၊  စိတ်ဆိုးရင် နာအောင်ရိုက်နှက်တတ်ခြင်း၊ သားသမီးများဆိုးရင် ရဲအရာရှိဖြစ်တဲ့အတွက် ဖမ်းချုပ်၊ ထောင်ချလိုက်ဖို့ ၀န်မလေးခြင်း၊ ကပ်စေးနည်းခြင်း စတဲ့ အားနည်းချက်များပါ။ ကပ်စေနဲတတ်ခြင်း ဖခင်ဗီဇကိုကျွန်တော်မရပဲ အမေရဲ့ လက်ဖွာခြင်း အကျင့်ကို ကျွန်တော်ရခဲ့ပါတယ်။ ကျွန်တော့ဖခင် ရဲအရာရှိဖြင့် မြို့ရွာများတွင် တရားဥပဒေစိုးမိုးရေးအတွက် မကောင်းမှုများစွာကို လိုက်လံနှိမ်နင်းရင်း ထွက်ပြေးသူ ဓါးပြတစ်ယောက်ကို သေနပ်ဖြင့် ပစ်သတ်ခဲ့ဖူးပါတယ်။ ထို လူသေမှုကို ကျွန်တော့ဖခင်စိတ်တွင် အရိပ်မဲကြီး အိပ်မက်ဆိုးဖြစ်ခဲ့ဖူးပါတယ်။ ကျွန်တော်သည် ဖခင်နှင့်အတူ မကြာခဏလိုက်သွားရင်း ဖခင်၏ ရဲတပ်ဖွဲ့ သေနပ်များကို ပစ်ခတ်၊ဆော့ကစားခွင့်ရခဲ့ပါတယ်။ ကျေးဇူးတော်ကြောင့် ဖခင်ကဲ့သို့ လူသေမှုအဖြစ် မရောက်ခဲ့ပါ။ ကျွန်တော့ဇနီးဟာ အမှားမရှိပေမဲ့ ရဲမြင်တိုင်း ကြောက်တတ်ပါတယ်။ အထူးသဖြင့်ကားမောင်းနေစဉ် အမှားမရှိလဲ ရဲအဖမ်းခံရမှာ အလွန်ကြောက်တယ်။ ရဲအရာရှိ၏ သားဖြစ်သူ ကျွန်တော်ကတော့  ရဲကို လုံးဝမကြောက်ပါ။ ဒီအချက်သည်လည်း ဖခင်ပေးသော ဗီဇတခုဖြစ်ပါတယ်။

ဖခင်ဖြစ်သူဟာ IQ မြင့်ကဲ့အတွက် ဗဟုသုတ၊ ကျမ်းစာများစွာ လေ့လာ ဆည်းပူး၊ ရေးမှတ်နိုင်ပါတယ်။ သို့သော် အီမိုးရှင်း EQ မှာတော့ မကောင်းရှာပါဘူး။ ၀မ်းနည်းခြင်း၊ ၀မ်းသာခြင်း ကိုတော့ ထိမ်းထားနိုင်ပါတယ်။ ဖခင်မျက်ရည်ကျတာ တစ်ခါမှ ကျွန်တော်မမြင်ဖူးပါဘူး။ သို့သော် အထူးသဖြင့် သူပိုင်တဲ့ သူ့နယ်မြေမှာ သူမကြိုက်တာ လုပ်ခြင်းကိုတော့လုံးဝလက်မခံပါဘူး။ ဒါကလည်း ဗီဇစိုးမိုးတဲ့ အာဒံခေတ်ကတည်းက ရှိတဲ့ လူသားဗီဇပါ။ ဒေါသထွက်လာပြီး ခြံဝင်းထဲမှာ အသံကျယ်လောင်စွာ အော်ဟစ်ပြောဆိုပါတယ်။ သားသမီး၊ ဆွေမျိုး၊ မြေးမြစ်များကို ရိုက်တတ်ပါတယ်။ အထူးသဖြင့် အားလုံးထွက်ပြေးသွားရင်၊ မိခင်ကြီးကြောင့် သားသမီးများ စကားနားမထောင်ခြင်းဖြစ်တယ် ပြောပြီး၊ မနာအောင် ရိုက်နှက်တတ်ပါတယ်။ မိခင်ကြီးကတော့ မျက်ရည်ကျပြီး အရိုက်ခံပါတယ်။ သုတ္တံကျမ်း ၁၃း ၂၄ " ကြိမ်လုံးကို မသုံးသောသူသည် မိမိသားကို မုန်းရာသို့ ရောက်၏။ သားကို ချစ်သောသူမူကား၊ ငယ်သော အရွယ်မှ စ၍ ဆုံးမတတ်၏၊" ... ဆိုတဲ့ ကျမ်းပိုဒ်ဟာ ဖခင်ကြီးရဲ့ လက်စွဲကျမ်းဖြစ်ပါတယ်။ ဖခင်ကြီး စင်ကာပူ အလယ်ပတ်ရောက်တော့ East Coast ပင်လယ်ကမ်းခြေကို ခေါ်သွားပါတယ်။ တသက်မှာ ပင်လယ်ကမ်းခြေ မရောက်ဖူးတဲ့အပြင် ပင်လယ်ရေချိုးချင်တဲ့ စိတ်က အရမ်းပြင်းထန်လာတော့၊ ငါရေစိမ်မှဖြစ်တော့မယ် ပြောပြီး အကျီ၊ဘောင်းဘီရှည် ချွတ်လိုက်တယ်။ အတွင်းခံ အားကစားဘောင်းဘီပဲ ကျန်တယ်။ ပင်လယ်ရေကို စိမ်ဖြစ်အောင် စိမ်ပြီး၊ ရေချိုးပါတယ်။ ကျွန်ေောာ်လည်း မသိချင်ယောင်ဆောင်ခဲ့ရပါတယ်။ ပြီးတော့ Orchard Road, Luck Plaza ဆိုတဲ့  ရှော့ပင်စင်တာကို ၀င်ကြည့်တယ်။ တနေရာရောက်တော့ အဖေကြီးက အမေကြီးကို ကပ်ပြီးတခုခုပြောလိုက်ပါတယ်။ နောက် မိခင်ကြီးက ကျွန်တော့ဆီကလာပြီး သားရယ်၊ မင်းအဖေက အနှိပ်ခံချင်တယ်၊ သူ့ခန္တာကိုယ်လက်တွေ ညောင်းညာနေတာ ဒီအနှိပ်ဆိုင်မှာ အနှိပ်ခံချင်လို့  ဆိုပြီး အမေကတဆင့် ကျွန်တော့ဆီကို ပြောလာပါတယ်။ ကျွန်တော့အဖေရဲ့ EQ ဟာ ဒီလိုပါပဲ။ ကျွန်တော်လည်း အဖေ့အမွေ ဆက်ခံထားတော့ ဖခင်ကြီးလိုပါပဲ။  EQ သိပ်မကောင်းလှပါဘူး။ လုပ်စရာရှိရင် ထစ်ကနဲလုပ်ပစ်လိုက်ချင်တယ်။

ကျန်တဲ့ ဖခင်ရဲ့ အားနည်းချက်များအားလုံး ကျွန်တော် အမွေဆက်ခံရပါတယ်။ ဒါပေမဲ့ ဘုရားကို လက်ခံပြီးတဲ့နောက်မှာ အဖေရဲ့အားနည်းချက်များကို ထိမ်းချုပ်လာနိုင်ပါတယ်။  ကျွန်တော်ဟာ ဖခင်ရဲ့ ကောင်းမွေ၊ ဆိုးမွေ ဗီဇအားလုံးကို လက်ခံရရှိထားပါတယ်။ ဘုရားမေတ္တာနဲ့ ဘုရားသခင်အားဖြင့်သာ အဖေရဲ့ ကောင်းမွေများကို ပိုမိုကျင့်သုံးပြီး၊ ဆိုးမွေများကို ရပ်တံ့နိုင်မှာဖြစ်ပါတယ်။


သားကြီးကျွန်တော့အတွက် ၀မ်းနည်းရခြင်းများ
ကျွန်တော့ကို အကြီးဆုံးသားဖြစ်တဲ့အတွက် မိဘများဟာ အလွန်အားကိုးပါတယ်။ မုံရွာမြို့မှာ ၈တန်းကျောင်းသားဘ၀ ကျွန်တော် စိတ်လေသွားပါတယ်။ ကျွန်တော့တို့ မောင်နှမ ၈ယောက်ရှိတာ ကျွန်တော့အစ်မလည်း ၁၀တန်းအောင်ပြီး ယောင်္ကျားယူသွားပါတယ်။ ကျွန်တော်ကတော့ ကျောင်းမတတ်တော့ပါ။ မောင်နှမ အငယ်များ ၆ယောက်ရှိပါတယ်။ အားလုံး ကျောင်းသား၊ကျောင်းသူများ၊ ကျွန်တော့ဖခင်ကတော့ မုံရွာနဲ့ မိုင် ထောင်ချီဝေးတဲ့ ပူတာအို၊ ဆွန်ပရာဘွန်မြို့များမှာ ရဲအုပ်တာဝန် ထမ်းဆောင်နေရပါတယ်။ ကျွန်တော်တို့ ဘ၀မှာ အခက်ခဲဆုံး ကာလတွေပါ။ ကျောင်းမနေတဲ့ ကျွန်တော့ကို အမေက အသက်မွေးဝမ်းကျောင်း ဘက်ထရီ၊ဒိုင်နမိုဆိုင်မှာ အလုပ်သင်အပ်ထားလိုက်ပါတယ်။ ကျွန်တော်ကတော့ တေးဂီတ၀ါသနာပါတဲ့အတွက် ဂီတာကိုပဲ ခုံမင်စွာတီးမှုတ်ရင်း မုံရွာမြို့မှာ လျှပ်စစ်ဂီတာများ၊ ကိုယ့်ဖာသာလုပ်တယ်။ စီပိုင်း (တိုင်ကီ) သံပတ်များနဲ့ ဒရမ်စက် လုပ်ပြီး မုံရွာမြို့မှာ လွင်လှိုင်းဆိုတဲ့ ခေတ်ပေါ်တေးဂီတ၀ိုင်းကို ဦးဆောင်ခဲ့ပါတယ်။ အဆိုတော် အမဖြစ်သူ မဂျာရား၊ သူငယ်ချင်းဖြစ်သူ မတင်နှင်း၊ လိဂီတာ ကျွန်တော်၊ ဒရမ် ကိုဆန်းနီ၊ ဘေ့စ် ကိုနော်ဂျာ၊ ရစ်သမ် ကိုမျိုးအောင်၊ အဆိုတော် ကိုမြင့်အောင်ကြီး၊ ကိုမြင့်အေင်လေး .. အောက်မေ့မိပါတယ်။ နောက်ပိုင်း မုံရွာက ခေတ်ပေါ်၊ မြန်မာဂီတ၀ိုင်းကြီး တေးမြတ်မွန်က ကျွန်တော်တို့အဖွဲ့ကို တပွဲ ကျပ်၃၀၀ နဲ့ ငှားပါတယ်။ တေးဂီတလောက ဖြစ်တဲ့အတွက် ကျောင်းမတက်၊ အလုပ်မရှိ၊ သောက်စား၊ပျော်ပါးတဲ့ ကျွန်တော့ကို မိဘများ အလွန်စိတ်ပျက်မိမှာသေချာပါတယ်။ ပြီးတော့ ကျွန်တော်က သားအကြီးဆုံး၊ ရှေ့ဆောင်သွားတဲ့ နွားလေးက ကျောင်းထွက်၊ဂီတာတီးလုပ်နေတော့ မိဘများ ရင်ကျိုးစရာပေါ့။ ကျွန်တော် တီးဝိုင်းရငွေနဲ့ စုဆောင်းဝယ်ထားတဲ့ ဂစ်တာလေး ပျောက်သွားလို့ အမေကို တွေ့သလားမေးတော့ ဘာမှမဖြေပါဘူ။ ဘယ်မှာမှ ရှာမရတဲ့အဆုံး အိမ်သာကျင်းထဲ ဓါတ်မီးနဲ့ထိုးကြည့်တော့  ချေးပုံများထဲ ကျိုးပဲ့၊ နစ်နေတဲ့ ကျွန်တော့အမြတ်တနိုး ဂီတာလေးကို တွေ့ရပါတယ်။ အလွန်ဝမ်းနည်းမိပါတယ်။ ကျွန်တော် ၀မ်းနည်းတာထက် ၁၀ဆမက ကျွန်တော့ ဖခင်၊ မိခင်များ ၀မ်းနည်းကြမှာ သေချာပါတယ်။

၃နှစ် ကျောင်းမနေသော်လည်း ကျွန်တော့ ညကျောင်းတက်၊ ၈တန်း၊ ၉တန်း အောင်လာပါတယ်။ ကျွန်တော် ၁၀တန်းအောင်တော့ အမှတ်ကောင်းပါတယ်။ ဆေးတက္ကသိုလ်ကို မှီသော်လည်း၊ အင်ဂျင်နီယာပဲ ၀ါသနာပါတဲ့အတွက် ရန်ကုန်စက်မှုတက္ကသိုလ်ကို တက်ခွင့်ရပါတယ်။ အဲဒီအချိန်မှာ ကျွန်တော့မိဘများရဲ့ မိသားစုမျှော်လင့်ချက် ပြန်လည် အသက်ဝင်လာခဲ့ပုံရပါတယ်။ ကျွန်တော့အမေက ထိုစဉ်က ကချင်ပြည်နယ်ကောင်စီ ဥက္ကဌ ဦးလဗန်လ နဲ့ လမ်းစဉ်ပါတီ အလုပ်သမားဗဟိုကော်မတီဝင် ဦးလကွယ်တူးတို့ဆီ သွားပြောပါတယ်။ သားဖြစ်သူက ရန်ကုန်စက်မှုတက္ကသိုလ် တက်နေပြီဆိုတော့ ပြောအားရှိလာပါတယ်။ လူကြီးများရဲ့ ကူညီမှုကြောင့် ကချင်ပြည်မှာ အလွန် လပ်လာဘ ကောင်းတဲ့ ကျောက်စိမ်းမြို့တော် မိုးကောင်းမြို့မှာ ဖခင်ဖြစ်သူက ရဲအုပ်ရာထူး၊ မိခင်ဖြစ်သူက ဆေးရုံသူနာပြုအလုပ်ပြောင်းရွှေ့ခွင့် ရသွားပါတယ်။ ငွေရွှင်သလား မပြောနဲ့ ကျန်တဲ့ သားသမီး ၆ဥိးစလုံးကို ရန်ကုန်တက္ကသိုလ်ပို့ပေးနိုင်တဲ့အထိ ငွေကြေးအဆင်ပြေခဲ့ပါတယ်။ ကျွန်တော့အဖေလည်း ငွေထုတ်ကြီးတွေနဲ့ ကျောက်စိမ်းပွဲစားများ ပေးကမ်းခြင်းကို ရဲတပ်ဖွဲ့၊ ဝေစုကို ယူရပါတယ်။ အဖေခမြာ ဒါမျိုးမလုပ်ဖူး၊ မကြုံဖူးတော့ အရမ်းစိုးရိမ်ပြီး၊ ဘုရားကို အဆက်မပြက်ကွယ်ကာစောင့်ရှောက်ဖို့ ဆုတောင်းမှာတော့ သေချာပါတယ်။ သားသမီးများ ပညာရေးအတွက် တံစိုးလက်ဆောင်ယူရပါတယ်။ မယူရင်လဲ အပြုတ်ပဲ၊ အဲဒီနေရာကို ရဖို့ ငွေပုံပေးပြီးလိုက်နေသူ တပုံကြီးရှိတာ.. ကျွန်တော် နောက်ဆုံးနှစ်စာမေးပွဲလဲပြီးရော၊ အဖေလဲ ပြုတ်သွားကပါတယ်။ ဒီလို ကျွန်တော်တို့ တက္ကသိုလ်ကျောင်းပညာရေးအတွက် ငွေကြေးအဆင်ပြေသွားတာ .. ဒါလဲ မိဘ၊ ဖိုးဘွားများရဲ့ မခြားမလပ် ဆုတောင်းခြင်း ကျေးဇူးတော်တွေပဲဖြစ်ပါတယ်။ ကျွန်တော်တို့ စွမ်းအား လုံးဝမပါကြောင်း ကျွန်တော့်ဖခင်ကြီးက သိပါတယ်။ သို့သော် ကျွန်တော်ကတော့ ငါမိဘ ကံကောင်းလို့၊ ငါကြိုးစားလို့ ဒီလိုအဆင်ပြေလာတယ် မှားယွင်းစွာ မှတ်ယူခဲ့ပါတယ်။  ဗုဒ္ဓဘာသာ အများစုဖြစ်တဲ့ မြန်မာပြည်မှာနေရင်း ဘုရားမဲ့ဝါဒနဲ့၊ ဘုရားသခင်ကို မေ့သော်ငြားလည်း ဗုဒ္ဓတရားကိုတော့ လက်ခံသလိုဖြစ်နေပါတယ်။

စင်ကာပူသို့ မိဘအလည်လာခြင်း
ကျွန်တော် စက်မှုတက္ကသိုလ်က အီလက်ထရွန်းနစ်ဘွဲ့၊ ရပြီးနောက် စက်မှု(၁)။ စားသောက်ကုန်လုပ်ငန်းမှာ ၅နှစ် အလုပ်ရုံခွဲမှုးတာဝန် အစိုးရအလုပ် ထမ်းဆောင်ပါတယ်။ ၁၉၉၀ မှာ အများနည်းတူ စင်ကာပူကို အလုပ်ရှာထွက်လာပြီး စင်ကာပူမှာ မိသားစုကို ခေါ်ယူနိုင်ခဲ့ပါတယ်။ မိခင်ဖခင်တို့ စင်ကာပူကို အလည်လာတဲ့အချိန်များမှာလည်း မိဘများ၊ ညစဉ်ဘုရားရှိခိုးချိန် ကျွန်တော်က အိမ်ခန်းထဲ ဘုရားမရှိခိုးချင်လို့ စောစောဝင်အိပ်နေတတ်ပါတယ်။ ဘုရားကျောင်း တနင်္ဂနွေသွားရင်လဲ လိုက်မသွားပဲ အိမ်မှာပဲ နေခဲ့ပါတယ်။ ဘုရားကို မေ့နေတဲ့ ကျွန်တော့ကို ဖခင်ဖြစ်သူ ဘာမှ မတတ်နိုင်ပါဘူး။ ငွေရှာပေးနေသူ ကျွန်တော့်အပေါ် ဖခင်ဖြစ်သူရဲ့ သြဇာလုံးဝ မရှိဖြစ်သွားရပါတယ်။ လောကအရာမှာ အဖေ့သြဇာ နည်းသွားပေမဲ့ ၀ိညာဉ်ရေးမှာတော့ ဦးဆောင်နေဆဲဖြစ်ပါတယ်။ ကျွန်တော့ဖခင်၊ မိခင်ကတော့ ဘာမှ မတတ်နိုင်ပဲ ကျွန်တော့အတွက် ကယ်တင်ခြင်းရဖို့ ဘုရားဆီပဲ အများကြီးဆုတောင်းပေးရပါတယ်။


မိဘ၏ဆုတောင်းခြင်းနှင့်ဘုရားကျေးဇူးတော်
မိဘများ၊ မိတ်ဆွေ ယုံကြည်သူများ ကျေးဇူးနဲ့၊ ဘုရားသခင်ရဲ့ အချိန်နဲ့ အလုပ်လုပ်ဆောင်မှုကြောင့် ကျွန်တော် ပြောင်းလဲခဲ့ပါတယ်။ အသစ်တဖန်မွေးဖွားခဲ့ပါတယ်။ ကျွန်တော့မိဘများ ကျွန်တော် ပြောင်းလဲပြီး ခရစ်တော်ကို ယုံကြည်သွားပြီ သတင်းကြားတော့ ၀မ်းမြောက်၊ ကျေးဇူးတော်ချီးမွမ်းကြပါတယ်။

၈နှစ်ကြာအောင် မြန်မာပြည်မပြန်နိုင်ပါဘူး။ ၂၀၁၁ မှာ မိဘများရှိတဲ့ မြစ်ကြီးနားမြို့မှာ ကျန်းမာရေးသိပ်မကောင်းတော့တဲ့ မိဘ၂ပါးကို သွားတွေ့ပါတယ်။ သူတို့၂ဦး လမ်းကောင်းကောင်းမလျှောက်နိုင်တော့ပါဘူး။ သို့သော်လည်း ဖခင်ဖြစ်သူဟာ မနက်၊ ည ပုံမှန် ဘုရားဝတ်ပြုဦးဆောင်ခြင်းများကို မပျက်မကွက်လုပ်ဆောင်လျှက်ရှိပါတယ်။ ကျွန်တော် အရမ်းခွန်အားရပါတယ်။ ကျွန်တော့ရဲ့ ဖခင်၊မိခင်များ ဆုတောင်းခြင်းဟာ ကျွန်တော့မိသားစုအတွက် အဓိက ၀ိညာဉ်ခွန်အားဖြစ်မှာပါ။

အမြင့်ဆုံးသောကောင်းကြီးမင်္ဂလာ
ကျွန်တော့်ဖခင် အသက်၅၂နှစ်အရွယ်မှာ ရဲအရာရှိအဖြစ်က အနားယူခဲ့ပါတယ်။ ရှမ်းပြည်၊ ကွတ်ခိုင် ကချင်ကျမ်းစာကျောင်းကို လူငယ်များနဲ့အတူတက်ခဲ့ပါတယ်။ နောက်ပိုင်း မြစ်ကြီးနားမြို့ နောင်နန်းကျမ်းစာကျောင်းကို ၄နှစ်တက်ပြီး ဘွဲ့ယူခဲ့ပါတယ်။ မြစ်ကြီးနား ဒူကထောင်၊ ကချင်နှစ်ခြင်းအသင်းတော်မှာ ၁၅နှစ်မျှ အမှုဆောင်ခဲ့ပြီး အနားယူခဲ့ပါတယ်။ စိတ်တိုမှုကို လွှတ်ပေးတတ်တဲ့အတွက် သိက္ခာရဆရာအဖြစ်ကို မရောက်ရှိခဲ့သော်လည်း ဘုရားသခင်က ကျွန်တော့်ဖခင်ကို သူ့ရပ်ရွာဒေသမှာ အသုံးချခဲ့ခြင်းဟာ ကျွန်တော့ဖခင်အတွက် အမြင့်ဆုံးသော ဂုဏ်ပြုခံရခြင်းလို့ သတ်မှတ်ပါတယ်။ ဖခင်ရဲ့ အိမ်မှာ ကျမ်းစာနဲ့ပတ်သက်တဲ့ အနက်ဖွင့်ကျမ်း၊ အင်္ဂလိပ် ကျမ်းစာအုပ်အထူးကြီးများစွာ တွေ့ရပါတယ်။ မိခင်ကြီးကတော့ ကွယ်ရာမှာ..   " နင့်အဖေက ကျမ်းတတ်ပုဂ္ဂိုလ်ပေါ့ .. ကျမ်းစာနဲ့ပတ်သက်ရင်၊ သူ့ကိုမေးရတယ်။ အမေတို့ကတော့ သူများကိုလည်း သူ့လိုမရှင်ပြနိုင်ဘူး။ ကြားနာခြင်းနဲ့ပဲ ခွန်အားယူပါတယ် .."   လို့ ပြောပါတယ်။ ကျွန်တော်လည်း ကျမ်းစာတော့ တတ်ချင်ပါတယ်။ ကျမ်းတတ်ပုဂ္ဂိုလ်၊ ဓမ္မဆရာတော့ မဖြစ်လိုပါဘူး။ ကျွန်တော့ဖခင် ပြုစုတဲ့ စာအုပ်တခုမှ မရှိသေးတော့ ဖခင်ဟာ ကျမ်းတတ်ပုဂ္ဂိုလ်တော့ မဖြစ်နိုင်ပါဘူး။

နိဂုံး
အသက် ၇၆နှစ်ရှိပြီဖြစ်တဲ့ ဖခင်ဖြစ်သူ၊
ဦးဖော်ဝမ်းဂမ် လူကြီးရောဂါများနဲ့ ကျန်းမာရေးမကောင်းသော်လည်း ကျေးဇူးတော်အားဖြင့် အသက်ရှင်ပြီး ကျွန်တော်တို့အတွက် ဆုတောင်းပေးနေဆဲဖြစ်ပါတယ်။ သားသမီး၊မြေးမြစ်၊တီတာ များစွာတို့ အတွက်လည်း သူတို့ နေ့တိုင်းဆုတောင်းပေးဆဲဖြစ်ပါတယ်။ ဒီ မိဘများ ဆုတောင်းပေးခြင်း အချက်တခုတည်းက ကျွန်တော့တို့အတွက် ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို လျှံပယ်စွာ ခံစားနေဆဲဖြစ်ပါတယ်။

ဖော်အောင် (မုံရွာ)
၁၀-နိုဝင်ဘား-၂၀၁၁