နာဂကျော်နီုင်၏ ဗျာဒိတ်ကျမ်းအနက်ဖွင့်၊သက်သေခံချက် နှင့် ပို့ချချက်ပန်းချီကားများ


နာဂကျော်နိုင် @ ဗျာဒိတ်ကျော်နိုင် သက်သေခံချက်

ကျွန်တော်ဟာ မုံရွာမြို့က ပရဟိတကျောင်းမှာ ၈နှစ်နေထိုင်ခဲ့ပါတယ်။ (ပရဟိတကျောင်းသည် ထင်ရှား၊ကျော်ကြားသော ဗုဒ္ဓဘာသာ မိဘမဲ့ကလေးကျောင်းဖြစ်သည်)။ တစ်နေ့မှာ ဘုန်းကြီးခိုင်းတဲ့အတိုင်း ထနောင်းကုန်းရွာ ယက္ကန်းသွားချည် တဲ့အချိန် ညအိပ်မက်တခု မြင်ပါတယ်။ ကျွန်တော့ခေါင်းကြီးက ပြက်ပြီး၊ ရေထဲကျနေတာတွေ့ရတယ်။ ကျောက်ဂူကြီးထဲမှာ ခေါင်းကြီးကို ငါးကြီးတစ်ကောင်က ဆွဲသွားတယ်။ ကြောက်စရာကောင်းလွန်းလို့ လန့်နိုးလာပြီး၊ ကျွန်တော့ အသားတွေ တဆတ်ဆတ်တုံနေပါတယ်။ ဆိုလိုတာက ကျွန်တော်သေမယ်၊ သေပြီးရင် ငရဲကိုကျမယ်ဆိုတဲ့နမိတ်ပါပဲ။ ကျွန်တော့ခေါင်းပြတ်ကြီးရေထဲကျနေတဲ့အိမ်မက်ပါ။ သေဖို့ အင်မတန်ကြောက်လာတယ်။ သေရင် ဘယ်သွားမလဲဆိုတဲ့ မေးခွန်းကို ကိုယ်ဖာသာပြန်မေးရင်း၊ ၇မိုင်ဝေတဲ့ မုံရွာမြို့ကို ပြန်လာခဲ့တယ်။ လူစီးဘတ်စ်ကားတွေကို ခါတိုင်းလို တားစီးရမှာလဲ၊ မရဲဘူး၊ ကားမှောက်ပြီးသေမှာစိုးလို့၊ ဘတ်စ်ကားကြီးတွေ တစ်စီးပြီးတစ်စီး၊ မတားဖြစ်ဘူး။ နောက်ဆုံ ဂျစ်ကားတစ်စီလာမှ နောက်ကခိုပြီးစီးလာခဲ့တယ်။ ကားမှောက်ရင်လဲ ခုန်ချပြီး၊ အသက်ဘေးလွတ်အောင် သတိနဲ့လိုက်ခဲံတယ်။ အထဲဝင်ထိုင်ပါလို့ ဂျစ်ကားလက်မှတ်ရောင်းကပြောတာလဲ၊ ကားမှောက်ရင်အထဲမှာ ညှပ်သေမှာကြောက်လို့ အထဲမ၀င်ထိုင်ရဲဘူး။ ဒီလိုနဲ့ မုံရွာပြန်ရောက်ပြီးနောက်မှာ သေရင်ဘယ်သွားမလဲဆိုတဲ့ မေးခွန်းကို စတင်မေးမြန်းပါတော့တယ်။

ကျွန်တော်တို့ဟာ ကုသိုလ်တပဲ၊ ငရဲတပိသာ ဆိုစကားအတိုင်းဆိုရင်၊ ကျွန်တော်တို့မှာ အကုသိုလ်တွေက များလွန်းလို့၊ သေရင်ငရဲကိုဘဲ ရောက်မျာသေချာနေပါတယ်။


အဲဒီအချိန်မှာ မုံရွာကို Campus Crusade က ဆရာတစ်ဦးရောက်ပြီူး၊ ကျွန်တော်တို့ ပရဟိတကျောင်းသားများရဲ့ လယ်ထဲအထိလိုက်လာပါတယ်။ ဆရာက ခရစ်တော်နာမည်တော့ မသိတော့ပါဘူး၊ သူက ခရစ်တော်ကို ယုံပါသလား.. လို့ ကျွန်တော့ကိုမေးတယ်။ ကျွန်တော်လည်း သေရင်ဘယ်သွားမလဲဆိုတဲ့အဖြေကို ခရစ်တော်ဆီကရမယ် မျှော်လင့်ပြီး၊ သူပြောမဲ့စကားကို ကြားချင်တယ်။ ဒါကြောင့် ယုံပါတယ် ဆိုပြီး လိမ်ပြောလိုက်ပါတယ်။ ဒါမှဆရာက ဂယနဏ ပြောတာကိုကြားမယ် မျှော်လင့်ပါတယ်။


တစ်ညနေမှာ အဲဒီဆရာနဲ့ချိန်းထားပါတယ်။ အဲဒီညနေမှာ ကျွန်တော် ထန်းရည်သောက်ဖြစ်ပါတယ်။ အရက်လည်းပါတော့ မူးပြီး၊ ဒီဆရာနဲ့မတွေ့ရဲတော့ဘူး၊ အရက်နံ့တွေနဲ့ ဆရာကိုတွေ့ဖို့ အားနာတယ်။ ဒါကြောင့် ချိန်းထားတာကို လွဲသွားအောင် တမင်၊ အကြာကြီး နောက်ကျပြီးမှ အိမ်ပြန်တယ်။ မူးမူးနဲ့ ပြန်ရောက်ချိန်မှာ အဲဒီဆရာက စိတ်ရှည်စွာ၊ ကျွန်တော့ကို စောင့်နေတာတွေ့လိုက်ရတယ်။ ကျွန်တော့ရဲ့ လူမှုရေး၊ အသိတရားမရှိမှုအတွက် အရမ်းအားနာမိတယ်။ ဆရာကလဲ ကျွန်တော်မူးနေတာ သဘောပေါက်လို့၊  နဲနဲပါးပါးပြော၊ ဆုတောင်းပြီးပြန်သွားပါတယ်။


အဲဒီနောက်မှာ သူပေးခဲ့တဲ့ ကျမ်းစာကို ဖွင့်ဖတ်မိတယ်။ ယောဟန် ၃း ၁၆
ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူ အပေါင်း တို့သည် ပျက်ဆီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။ .. ဆိုတာကို ဖတ်မိပါတယ်။ ချစ်တော်မူသည် ဆိုတဲ့ စကားလုံးကို နှလုံးသားတွင် ရောက်သွားပါတယ်။

ကျွန်တော်ဟာ အဖေ၊အမေမရှိပါဘူး၊ မွေးချင်းလဲမရှိ၊ မေတ္တာဆိုတာလည်း မခံစားရဘူး။ ဒါပေမဲ့ ဘုရားရဲ့မေတ္တာကိုတော့ ခံစားသင့်ပါတယ်လို့ စဉ်းစားမိတယ်။ ဒီစာကို ရေးတဲ့ ပုဂ္ဂိုလ်ဟာ ကျမ်းသဘောအနေနဲ့ပဲ ရေးသလား၊
အဲဒီပုဂ္ဂိုလ်က တကယ်ပဲ အသက်ရှင်နေတုံးပဲလား၊ ရှိသေးသလား၊ အဖြေသိချင်တယ်။  ရှိတယ်ဆိုရင် တကယ်ပဲ ချစ်ခြင်းမေတ္တာကို ပေးသလား၊ ရှိတယ်ဆိုရင် အဲဒီ ချစ်ခြင်းမေတ္တာကို ခံစားခွင့် ပေးပါလို့ ဆုတောင်းမိခဲ့ပါတယ်။ ကျွန်တော့်တသက်တာမှာ တခါမှမခံစားဖူးတဲ့ အသက်တာ၊ ပီတိဖြစ်ပြီး၊ ၀မ်းမြောက်ခြင်းကို ခံစားရပါတယ်။  နောက် မနက်အိပ်ယာနိုးပြီးတဲ့နောက် ကျွန်တော်ဟာ အလွန်ပဲဝမ်းမြောက်ပြီ၊ လေဟုန်စီးသလိုခံစားရပါတယ်။ ဆရာသင်ပေးတဲ့
သမင်ဒရယ်သည် ရေစီးသော ချောင်းကို တောင့်တသကဲ့သို့ .. ဆိုတဲ့ သီချင်းကို ဆိုပြီးရင်းဆို၊ သီဆိုရင်း၊ လယ်ထဲအလုပ်သွားပါတယ်။ အလွန်ပဲ ကျေနပ်၊ ၀မ်းမြောက်မိပါတယ်။ ကျမ်းစာဖတ်တိုင်း ဖတ်လို့အလွန်ကောင်းလာပါတယ်။ သူငယ်ချင်းတွေကို ပြောပြတော့ သူတို့မခံစားတတ်ပါဘူး။

အဲဒီနေ့ကစပြီး မီးခွက်ထွန်း၊ ကျမ်းစာကို ရှင်မသဲကနေစပြီး ဖတ်ပါတယ်။ ဖတ်ရင်းနဲ့ ဗျာဒိတ်ကျမ်းရောက်တော့ တခြားကျမ်းတွေနဲ့မတူတာကို သတိထားမိတယ်။ ဗျာဒိတ်ကျမ်းမှာ အကောင်၊ပလောင်တောင်များ အကြောင်း၊ ကျွန်တော့ကို အဖြေကောင်းကောင်း မပေးနိုင်ခဲ့ပါဘူး၊

အဲဒီအချိန် 1983 လောက်မှာ မုံရွာမြို့၊ မက်သဒစ်အသင်းတော် တစ်ခုပဲရှိတယ်။ အဲဒီက သင်းအုပ် ဆရာမမိုးမိုးအိ ဆီကို နှစ်ခြင်းမင်္ဂလာပေးဖို့ပြောတော့၊ မက်သဒစ်က ဖြန်းပြီး ဗတ္တိဇံပေးမယ်ပြောတယ်။ ကျွန်တော်က ရေပဲအနှစ်ခံချင်တယ်။ အပတ်စဉ်တိုင်း သွားပြီး တောင်းဆိုမိတယ်။ နောက်ဆုံးမှာ အေဂျီဆရာတစ်ပါး ဆရာဟော်လင်ခမ်းအဖွဲ့ ရန်ကုန်မှ ရောက်လာပြီး Campus Crusade နဲ့ ပြောင်းလဲတဲ့ ၇ယောက်ကို နှစ်ခြင်းမင်္ဂလာပေးခဲ့ပါတယ်။

ဒါကို ဘုန်းကြီးကြားသွားပြီး၊ ကျော်နိုင်၊ မင်းက ငါ့ကျောင်းမှာပဲ နေတယ်၊ ငါ့ကျောင်းက ထမင်းကိုစားပြီး၊ နှစ်ခြင်းခံတာကောင်းသေးလား၊ အပြင်မှာပဲနေပေါ့ နဲ့ ပူညံ၊ပူညံ ဖြစ်လာခဲ့တယ်။ ကျွန်တော်လည်း နှစ်ခြင်းပေးတဲ့ ဆရာကို ကျမ်းစာကျောင်းတက်ချင်တယ်၊ ကူပါ ပြောတော့၊ ကျမ်းစာကျောင်းက ၁၀တန်းအောင်မှ တက်ရတာ၊ မင်းကမအောင်ပေမဲ့လည်း တစ်ခုတော့ရှိတယ်။ အစာရှောင်၊ဆုတောင်း၊ ကျမ်းစာဖတ် လုပ်ဖို့ ပြောပါတယ်။ ဒါကြောင့် အစာရှောင်ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်းတွေကို နောက်နေ့ကစပြီး အပြင်းအထန်လုပ်ခဲ့တယ်။ ကျမ်းစာကျောင်းတက်ခွင့်ရဖို့ ဆပ်ကပ်ရပါတယ်။

အဲဒီညမှာပဲ ရန်ကုန်က ဧ၀ံဂေလိဆရာတစ်ပါး ရောက်လာပြီး ခေါ်သွားမယ်၊ 1983 တပည့်တော်ဖြစ်သင်တန်း ရန်ကုန်မှာ တက်ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ ဆရာမဒေါ်မြင့်မြင့်ဟန်ရဲ့ ဗျာဒိတ်ကျမ်းသင်ခန်းစာများကို ရရှိခဲ့ပါတယ်။

ဗျာဒိတ်ကျမ်းကို သိချင်လွန်းလို့၊ လေ့လာခဲ့ပါတယ်။ သူများကို သင်ဖို့မဟုတ်ပဲ ကိုယ်နားလည်ဖို့ လေ့လာရင်း နားလည်လာပါတယ်။ ၁၉၈၅၊၈၆ မှာ ပန်းတနော်မြို့မှာ ၄လလောက် နေခဲ့စဉ်၊ ဗျာဒိတ်ကျမ်းပန်းချီကားများဆွဲခဲ့ပါတယ်။ ၁၉၈၆ ကျိုင်းတုံး၊တာချီလိတ်မှာ ၄လ ကျမ်းစာသင်တန်းပို့ချနိုင်ခဲ့ပါတယ်။ ပါတီ၊ကောင်းစီလူကြီးများ၊ တရားသူကြီးများကို ပို့ချနိုင်ခဲ့ပါတယ်။ နာဂကျော်နိုင် အမည်ကနေ ဗျာဒိတ်ကျော်နိုင်အဖြစ် ခေါ်လာကြပါတယ်။

ဗျာဒိတ်ကျမ်းကို မြန်မာနိုင်ငံက ခရစ်ယာန်တိုင်း သိရစေမယ် ဆုတောင်းခဲ့တာ ရခိုင်ပြည်ကလွဲပြီး၊ ပြည်နယ်၊တိုင်း မြို့ရွာအားလုံးကို ရောက်ခဲ့ပါတယ်။ ဗျာဒိတ်ကျမ်းကို ကြောက်စရာလို့ ထင်ကြတယ်။ ဗျာဒိတ် ၁း ၃  နဲ့ ဗျာဒိတ် ၂၂း ၇ တို့မျာ မင်္ဂလာရှိ၏ ဆိုပြီးရေးထားပါတယ်။ ဗျာဒိတ်ကျမ်းဟာ မင်္ဂလာကျမ်းဖြစ်ပါတယ်။ ကြောက်စရာမရှိပါဘူး၊  အပိုင်း၃ပိုင်း ဖြစ်ပြီး၊ ဖြစ်ဆဲ နဲ့ ဖြစ်လတ္တံ တို့ကို ဘုရားမှာ ဖေါ်ပြအသေချာရေးထားပါတယ်။

အခန်းကြီး ၁-၃   အသင်းတော်ကာလ
အခန်းကြီး ၄-၅  အသင်းတော်ချီဆောင်ခြင်းကာလ
အခန်းကြီး ၆-၁၈ ဘေးဒဏ်ကြီးကာလ
အခန်းကြီး ၁၉  အသင်းတော်နှင့်အတူ၊ ခရစ်တော် ဒုတိယအကြိမ်ကြွလာခြင်း
အခန်းကြီး ၂၀  ခရစ်တော် အနှစ်၁၀၀၀ အုပ်စိုးသောကာလနှင့် နောက်ဆုံးတရားစီရင်ခြင်း
အခန်းကြီး ၁၂-၂၂  ကောင်းကင်သစ်နှင့်မြေကြီးသစ်   တို့ဖြစ်ကြပါတယ်။

ဆရာနာဂကျော်နိုင်ရဲ့ ပို့ချချက်များဗွီဒီယို နဲ့ အသံများကို ကြည့်ရှု၊နားဆင်ရန် လင့်ခ်

http://www.mcathailand.com/index.php?lay=show&ac=article&Id=539361020&Ntype=3

မုရန်
၅-စက်တင်ဘာ-၂၀၁၁

ဗျာဒိတ်ကျမ်းပို့ချချက်များတွင် အသုံးပြုသော ပုံကားချပ်များ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ဆရာနာဂကျော်နိုင်ရဲ့ ပို့ချချက်များ (၁၄ကြိမ်)၊ ဗွီဒီယို၊အသံများကို ကြည့်ရှု၊နားဆင်၊ ဒေါင်းလုပ်ရန် လင့်ခ်
http://www.mcathailand.com/index.php?lay=show&ac=article&Id=539361020&Ntype=3

 

ချီဆောင်ခြင်း/Rapture

Tuesday, 06 September 2011 23:04 ဆရာကျော်နိုင် (နာဂ)
E-mailPrintPDF


ဆရာaကျာ်နိုင် (နာဂ)

ဝတ်ပြုရာကျမ်း၂၃ ကိုဖတ်ကြည့်မယ်ဆိုရင် ဘုရားသခင်၏ပွဲတော် ၇မျိုး အကြောင်းကို တွေ့ရမှာဖြစ်ပါတယ်. ဒီကျမ်းကို စာရေးသူအရင်ကဖတ်တုံးကဆို ဆိုလိုရင်းအနက်အဓိပ္ပါယ်ကို နားမလည်တဲ့အတွက် ဖတ်နေပေမဲ့ဘာတွေပြောနေမှန်းကိုမသိဘူး ပွဲနေ့တွေကိုဟိုဟာလုပ်ဒီဟာလုပ် နဲ့ဘဲရှုပ်နေတာဘဲ နောက်ပြီးဒီပွဲနေ့တွေဟာကိုယ်နဲ့မဆိုင်ဘူး ဓမ္မဟောင်းမှာဂျုးတွေကိုလုပ်ခိုင်းခဲ့တာလို့ ဘဲထင်ခဲ့တယ်. ဒီပွဲနေ့တွေကိုဘုရားသခင်ကအလကား သက်သက်လုပ်ခိုင်းနေတာမဟုတ်ဘူး အားလုံးဟာအဓိပ္ပါယ်ရှိတယ်ဆိုတာကို သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လမ်းပြမှုကြောင့်နားလည်လာတယ် ဒါကြောင့်ဒီကိုလာကြတဲ့ယုံကြည်သူအားလုံးကိုလဲသိစေခြင်တာနဲ့ ရေးလိုက်ပါတယ်။

ကောလောသဲ ၂: ၁၆- ၁၇  မှာ “ ပွဲနေ့၊ လဆန်းနေ့၊ ဥပုသ်နေ့တို့” ဆိုတာ နောက်ဖြစ်လတံ့သော အရာတို့၏အရိပ် လို့ပြောထားတယ်. ဒီပွဲနေ့တွေအားလုံးဟာ ခရစ်တော်ယေရှု ကိုရည်ညွန်းနေတာဘဲ ဒီပွဲနေ့တွေအကုန်လုံးကိုလဲ ခရစ်တော်အားဖြင့်ဘဲပြည့်စုံစေမှာဘဲ. ဒါကြောင့်နောင်အနာဂတ်နဲ့ပက်သက် တဲ့ဒီပွဲနေ့တွေကို အခြေခံလောက်သိဖို့လိုတယ်. သခင်ခရစ်တော်ပြန်လာမဲ့နေ့ကိုဘယ်သူမှမသိပါဘူး ဒါပေမဲ့ဘုရားသခင်က ယုံကြည်သူများကို ပြန်လာချိန်နီးရင်ဖြစ်မဲ့ signs တွေအများကြီးကို ကျမ်းစာတအုပ်လုံးကနေရာတော်တော်များများမှာရေးပြီး အသင့်ပြင်ပြီးစောင့်နေဖို့အလိုရှိပါတယ်။

ဘုရားသခင်၏ပွဲတော်၇မျိုးကတော့  1)ပသခါ Passover 2)အဇုမ တဆေးမဲ့မုန့် unleavened bread  3)အဦးရိတ်သောကောက်လှိုင်း First Fruits 4)ပင်တေကုတ္တေပွဲ Pentecost   5)တန်ပိုးမှုတ်ပွဲ Trumpets   6)အပြစ်ဖြေရာနေ Atonement   7) သကေနေပွဲ tabernacles  ဆိုပြီးခွဲလို့ရတယ်.။

နံပါတ် 1, 2, 3, 4 ကတော့ခရစ်တော်အားဖြင့် ပြည်စုံပြီးသွားပြီလို့တွက်လို့ရ ကျန်၃ပွဲကတော့ ဖြစ်ပြီး, ဖြစ်နေဆဲ,ဖြစ်လာတော့မယ် လို့ပြောလို့ရတယ်. ဣသရေလလူမျိုးတွေဟာ ၁နှစ်မှာသုံးခါ ပသခါ,ပင်တေကု,သကေနေပွဲ တွေမှာ ယေရုရှလင်မြို့ကိုမလာမနေလာရတယ်.

1)    ပသခါပွဲဆိုတာ ဓမ္မဟောင်းကျမ်းမှာ မောရှေ ဣသရေလလူမျိုး (Jew) တွေကို အဲဂုတ္တုပြည် (Egypt) ကမထွက်ခင်မှာ အဲဒီလရက် 10ရက်နေ့မှာ အပြစ်မပါ၊ အခါမလည်သိုးကိုရွေးပြီး 14ရက်နေ့ညနေစောင်းနေမဝင်ခင်မှာ ဣသရေလအမျိုးအစည်းအဝေး ပရိသတ်အပေါင်း အရှေ့မှာသတ်ရတယ်. ဓမ္မသစ်ကြတော့ ရှင်ယောဟန်ခရစ်ဝင်၁:၂၉ မှာယောဟန်က သခင်ယေရှု ကို မြင်တော့ "ဤလောက၏အပြစ်ကို ဆောင်သွားသောဘုရားသခင်၏ သိုးသငယ်ကိုကြည့်လော့" လို့ပြောခဲ့တယ်. အခုခေတ်ခေါ်တဲ့ Palm Sunday ဆိုတာ ဓမ္မဟောင်းက 10ရက်နေ့ဘဲ ဒါကြောင့်ခရစ်တော် ယေရုရှလင်မြို့ထဲကို မြည်းကလေးစီးပြီးဝင်လာတော့ လူတွေကဝိုင်းပြီး Hosanna ဆိုပြီးကြွေးကြော်တဲ့အချိန်ဟာ ဗိမာန်တော်ထဲကိုသတ်ဖို့ရာထားတဲ့သိုးတွေခေါ်လာ တဲ့အချိန်ဘဲ နောက်တော့သိုးတွေကို 14ရက်နေ့အထိအပြစ်အနာအစာရှိမရှိ ရှာသလိုဘဲ ခရစ်ဝင်ကျမ်း 4ကျမ်းစလုံးမှာဖတ်ကြည့်ရင် ယဇ်ပရောဟိတ်တွေကခရစ်တော်ကိုသတ်ဖို့ အပြစ်ရှာကြံကြတာဘဲ ဒါပေမဲ့ပိလတ်မင်းကိုတိုင်က အပြစ်မရှိလို့ပြောပေမဲ့လဲ 14ရက်နေ့ညနေစောင်းမှာ ဗိမာန်တော်ထဲကပလ္လင်ပေါ်မှာသိုးရဲ့အသွေးသွန်းခဲ့သလိုဘဲ ကားတိုင်ပေါ်မှာကိုယ်တော်အသက်ပေးပြီးအသွေးသွန်းခဲ့တယ်။

2)    အဇုမတဆေးမဲ့မုန့် နဲ့ ပသခါ  ကတော့ တစ်ရက်ထဲလို့ထင်ရတယ် ဘာကြောင့်ဆိုဘုရားသခင်ရဲ့ နာရီက နေဝင်တာနဲ့နောက်တစ်ရက်လို့တွက်တယ် ကမ္ဘာဦးကျမ်း ၁:၅ “  ညဦးနှင့်နံနက်သည် ပဌမနေ့” လို့ခေါ်တယ်. ဒါကြောင့်၁၄ရက်နေ့ည နေဝင်တာနဲ့ ၁၅ရက်နေ့စတယ်. 7ရက် တဆေးမပါတဲ့မုန့်ကိုစားရတယ် ပထမနေ့ နဲ့ နောက်ဆုံး7ရက် မြောက်နေ့ကဥပုသ်နေ့ဖြစ်တယ်. ကျမ်းစာက “တဆေး” ဆိုရင် ကောင်းတဲ့အဓိပ္ပါယ်လဲရှိတယ်မကောင်းတဲ့အဓိပ္ပါယ်လဲရှိတယ် ဒီနေရာမှာတော့ မကောင်းတဲ့အဓိပ္ပါယ် “အပြစ်” ကိုတင်စားပြောတာဖြစ်တယ်. ခရစ်တော်ဟာ “အပြစ်မပါတဲ့မုန့်” လို့ဆိုလိုတယ် ကောရိ န္တု သြဝါဒစာပဌမစောင်၅:၆-၇ ကိုဖတ်ရင်နားလည် နိုင်တယ်။

3)    အဦးရိတ်သောကောက်လှိုင်း ဆိုတာ ခရစ်တော်ဟာ သေသောသူအားလုံးထဲမှာ “ပထမဆုံး သေခြင်းမှရှင်ပြန်ထမြောက်သောသူဖြစ်တယ်” ဆိုတဲ့အဓိပ္ပါယ်နဲ့လုပ်တဲ့ပွဲနေ့ဖြစ်တယ် အခုခေတ်အခေါ် Easter. ကောရိ န္တု သြဝါဒစာပဌမစောင် ၁၅း၂၀-၂၃မှာပါတယ်.။

4)    အဦးရိတ်သောကောက်လှိုင်းက နေ နောက်7ပတ်/49ရက်နေု့ပြီး နောက်တစ်ရက်ကို ပင်တေကုတ္တေပွဲနေ့လို့ခေါ်တယ်. ဓမ္မဟောင်းမှာ ဣသရေလလလူမျိုးတွေ အဲဂုတ္တုပြည်က ထွက်ပြီး ရက်50မြောက်နေ့မှာ ထာဝရဘုရားသည် မီး ဖြင့်လွှမ်းလျက်၊ သိနာတောင်ပေါ်သို့ ဆင်းသက်တော်မတူတယ်လို့ ထွက်မြောက်ရာကျမ်း၁၉ မှာပြောတယ်. ပင်တေကုတ္တေအဓိပ္ပါယ်က ဂရိ(Greek)လို ရက်50ကိုခေါ်တာ. ဓမ္မသစ် တမန်တော်ဝတ္ထု၁မှာ ခရစ်တော်ကသန့်ရှင်းသော ဝိညာဉ်တော် ဘုရားကိုစောင့်ဖို့မှာခဲ့တယ် တမန်တော်ဝတ္ထု၂ မှာ သန့်ရှင်းသောဝိညာဉ်တော်ဘုရား တမန်တော်တွေအပ်ါမီးလျှာကဲ့သို့ဆင်းသက်တယ်. ဓမ္မဟောင်းကာလက ပင်တေကုတ္တေပွဲနေ့ရောက်ရင် ဒုတိယအကြိမ်ရိတ်သော အဦးသီးသောအသီး(wheat/ဂျုံ)နဲ့ တဆေးဖြင့်ဖောင်းကြွနေတဲ့မုန့်နှစ်လုံး ကိုထာဝရဘုရားအဘို့ ချီလွှဲရတယ် အဓိပ္ပါယ်ကနောင်တချိန် ကြရင် ခရစ်တော်ရဲ့အသွေးကြောင့်သာ ဖြောင့်မတ်သူလို့သတ်မှတ်ခံရတဲ့ ဒုစရိုက်အပြစ်နဲ့လုံးလုံး မကင်းနိုင်သေးတဲ့ ယုံကြည်သူ ဣသရေလလူမျိုးနဲ့တပါးအမျိုးသားများ ကိုဘုရားသခင်ကလက်ခံ တယ်ဆိုတဲ့အဓိပ္ပါယ်ဘဲ.။

5)    အခုခေတ်ကျမ်းစာလေ့လာသူများက တန်ပိုးမှုတ်တဲ့ပွဲနေ့ဟာ အောက်ပါအကြောင်းအရာကြောင့် ယုံကြည်သူများကို “ချီဆောင်ခြင်း” (Rapture) ဖြစ်နိုင်တယ်လို့ ခန့်မှန်းလာကြတယ်.

ထိုပွဲနေ့ဟာ အခုခေတ် calendar ဆိုရင် Sep or Oct မှာကြပြီး ကျမ်းစာကပြောတဲ့calendar နဲ့ဆို "7လ ရဲ့ ပထမနေ့” မှာကျင်းပပါတယ်. Rabbi(ဂျုးလူမျိုးကျမ်းတတ်ဆရာ) များရဲ့အဆိုအရ ဒီပွဲနေ့ဟာ လဆန်းနေ့(new moon) ဖြစ်တဲ့အတွက်ရှေးက Satellite တွေမရှိတော့ လဆုတ်ပြီးနောက်ဘယ်အချိန်မှာ "လ" စထွက်မလဲဆိုတာ အချိန်အတိအကြမပြောနိုင်တဲ့အတွက် လူနှစ်ယောက်ကိုသက်သေအဖြစ်ခန့်ထားရတယ် ဒီလူနှစ်ယောက်ဟာ "လ" စထွက်တာကိုမြင်တာ နဲ့ ယဇ်ပရောဟိတ်မင်းကိုပြေးပြီးချက်ခြင်းပြောရတယ် အဲဒီအခါကြမှ တန်ပိုးမှုတ်လိုက်တာနဲ့ ဥပုသ်နေ့စတယ်ဆိုတာ ဣသရေလတမျိုးလုံးသိတယ်လို့ဆိုပါတယ်.

ဂျုးလူမျိုးများရဲ့ မင်္ဂလာဆောင်ရင်လုပ်တတ်တဲ့ အစဉ်အလာတခုက မိန်းကလေးကလက်ခံလိုက် ပြီဆို သတို့သားကသူ့အိမ်ကိုပြန်ပြီး သတို့သမီးနေဖို့အိမ်ပြင်ဆင်ရတယ် ပြီးရင်သူ့အဖေကိုပြရ တယ် အဖေကကြည့်ပြီးစိတ်ကြိုက်ဖြစ်မှ သတိုးသမီးကိုသွားခေါ်ရတယ်.။

ဒါကြောင့် ရှင်ယောဟန်ခရစ်ဝင်၁၄:၂- ၃ မှာခရစ်တော်က “ငါ့အဘ၏ အိမ်တော်၌ နေစရာအခန်း အများရှိ၏။...သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည်သွား၍သင်တို့နေစရာ အရပ်ကို ပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှါ သင်တို့ကိုငါ့ထံသို့ သိမ်းဆည်းမည်။”

(ရှင်မဿဲ၂၄:၃၆) မှာ “ထိုအချိန်နာရီကိုကားအဘယ်သူမျှမသိ...ငါ့ခမည်းတော်တပါးတည်းသာသိတော်မူ၏” လို့ပြောခဲ့တယ်. သိုးသငယ်၏ မင်္ဂလာဆောင်ပွဲကို ဗျာဒိတ်ကျမ်း ၁၉:၇-၉  မှာဖတ်ကြည့်ပါ။

တံပိုးမှုတ်ခြင်းအမျိုးမျိုးရှိပါတယ် ဥပမာရန်သူဝိုင်းရန်အသံတမျိုး လူစုရင်အသံတမျိုး စသည်ဖြင့် အသံအတိုးအကျယ် အသံအတိုအရှည်ဆိုပြီး ခွဲထားတယ်လို့ပြောကြတယ်.။

ကျမ်းစာထဲကတန်ပိုးမှုတ်ခြင်း 4မျိုးကိုဖော်ပြလိုက်ပါတယ်.။

1. ဓမ္မဟောင်းမှာ ပရိသတ်စည်းဝေး (တောလည်ရာ၁၀) - ဓမ္မသစ် Rapture/ ချီဆောင်ခြင်း (ယုံကြည်သူများ ကို ခရစ်တော်က ကောင်းကင်မှာလာတွေ့ပြီး တတိယကောင်းကင်(heaven) ကိုခေါ်သွားမှာဖြစ်ပါတယ်. ရှင်မဿဲ၂၄:၃၁, ကောရိ န္တု၁၅:၅၂, သက်သာလောနိတ်၎:၁၆)

မှတ်ချက်: ချီဆောင်ခြင်းနဲ့ဒုတိယအကြိမ်ကြွလာခြင်းက မတူဘူးဆိုတာသတိထားစေခြင်ပါတယ်

2. ဘုရင် မြှောက်ရင်/အဖြစ်ကြွေးကျော် (ဓမ္မရာဇဝင် တတိယစောင် ၁:၃၄, ဆာလံကျမ်း၉၈:၄-၆) - သခင်ခရစ်တော်ကို ဘုရင်တကာတို့ရဲ့ဘုရင် သခင်တကာတို့ရဲ့သခင်ဆိုတာ ကျမ်းစာအုပ်ထဲမှာနေရာအများကြီးမှာဖော်ပြထားပါတယ် တကယ်ကမ္ဘာကိုအုပ်ချုပ်မှာကတော့ ဒုတိယအကြိမ်ပြန်ကြွလာပြီးမှပါ. သခင်ခရစ်တော်ရဲ့ခေါင်းတော်ပေါ်၌ သရဖူများဆောင်းပွဲ or မင်းမြှောက်တင်ပွဲလဲရှိပါတယ် (ဗျာဒိတ်ကျမ်း၁၉:၁၁-၁၂, ၁၆)

3. Jubilee/ယုဘိလ အနှစ်၅၀ပြည့်ရင် လွတ်ခွင့်ပေးရတယ် ကိုယ်မှာဆုံးရုံးခဲ့တာတွေပြန်ရတယ် (၀တ်ပြုရာကျမ်း၂၅) - အာဒံနဲ့ဧဝကြောင့် ဆုံးရှုံးခဲ့တဲ့တာတွေလဲ မကြာတော့သောအနာဂတ်မှာ သခင်ခရစ်တော်ဘုရင်အဖြစ်အနှစ်၁၀၀၀အုပ်ချုပ်တဲ့အခါပြန်ရတော့မှာပါ။

4. စစ်ချီဖို့ - ရန်သူတွေ့ရင်သတိပေးဖို့ - တရားစီရင်ခြင်းရဲ့အစ လူတွေကိုနောင်တရကြရန်သတိပေး(ယောလအနာဂတ္တိကျမ်း၂:၁) အနာဂတ်မှာဖြစ်နိုင်ခြေက အန္တိခရစ်, မိစ္ဆာပရောဖက် နဲ့အပေါင်းအပါတွေရဲ့လက်ထဲ ကဣသရေလတိုင်းပြည်ကြမဲ့အချိန်ဖြစ်နိုင်တယ်။

6)    အပြစ်ဖြေရာနေ့ကိုတန်ပိုးမှုတ်ပွဲကနေ 10ရက်မြောက်နေ့ မှာကျင်းပတယ် ဥပုသ်နေ့ကြီးဖြစ်တယ် လူတိုင်းကိုယ့်အပြစ်ကိုနောင်တရရမယ် တနေ့လုံးအစာရှောင်ချိုးခြံတယ်. တနှစ်လုံးမှာအဲဒီနေ့ တရက်ဘဲ ယဇ်ပုရောဟိတ်မင်းတပါးတည်း အသန့်ရှင်းဆုံးအတွင်းခန်းထဲသို့ဝင်နိုင်တယ်. ဣသရေလတစ်မျိုးလုံးရှေ့မှာ ဆိတ်နှစ်ကောင်ကို မဲချတယ် တကောင်ကထာဝရဘုရားအဘို့ အပြစ်ဖြေရာယဇ်အဖြစ်ပူဇော်ပြီး  နောက်ဆိတ်တကောင်ရဲ့ခေါင်းပေါ် ယဇ်ပုရောဟိတ်မင်းက လက်နှစ်ဘက်ကိုတင်ပြီး ဣသရေလအမျိုးသားတို့၏ ဒုစရိုက်မှစ၍ ပြစ်မှားသော အပြစ်အမျိုးမျိုး ရှိသမျှတို့ကို ဘော်ပြပြီး တောထဲလွှတ်လိုက်တယ်။ (ထွက်မြောက်ရာကျမ်း၂၉, ၀တ်ပြုရာကျမ်း၁၆).

ဒီမှာ ယဇ်ပုရောဟိတ်မင်းက ခရစ်တော်ကိုပုံဆောင်တယ် "ယဇ်ပုရောဟိတ်မင်းဖြစ်သော ခရစ်တော်သည်၊ ငါတို့အဘို့ထာဝရရွေးနှုတ်ခြင်း ကျေးဇူးကို ခံရ၍ ဆိတ်အသွေး၊ နွားကလေးအသွေးနှင့် မဟုတ်၊ မိမိအသွေးတော်နှင့်သန့်ရှင်းရာဌာနထဲသို့ တခါတည်းဝင်တော်မူ၏" (ဟေဗြဲသြဝါဒစာ၉) ဆိတ်၂ကောင်လုံးကလဲ ခရစ်တော်ကိုဘဲပုံဆောင်တာဘဲ တကောင်ကအသေခံ တယ် နောင်တကောင်ကအပြစ်တွေယူသွားတယ်. ဒါကြောင့်ကားတိုင်ပေါ်မှာသခင်ခရစ်တော်က "အမှုပြီးပြီ" လို့ပြောခဲ့တာ.။

အနာဂတ်မှာဖြစ်နိုင်ခြေက အသင်းတော်/သတို့သမီးကို အပြစ်စစ်ကြောတဲ့နေ့ (မှတ်ချက်:ငရဲကြမဲ့အပြစ်လို့မဆိုလိုပါ ယုံကြည်သူများအသက်တာနဲ့ဆိုင်တဲ့ ဘုရားစကားနားထောင်     မထောင်နဲ့ဆိုင်တဲ့ Judgement ကိုဆိုလိုပါသည်)။

မယုံကြည်သူဣသရေလများအတွက်အဲဒီနေ့ဟာ ကယ်တင်ရှင်သခင်ယေရှုကိုငြင်းပယ်ခဲ့တဲ အမှားအတွက်နောင်တရပွဲ ဖြစ်နိုင်ပါတယ်. ဒီတခါဖြစ်မဲ့ တတိယကမ္ဘာစစ်ဟာ ဣသရေလတိုင်းပြည်ကို လုရကနေစမှာ ဖြစ်ပါတယ် ဒါကြောင့်ဣသရေလလူများဟာ အဲဒီအချိန်မှာအတော်ကို ဒုက္ခရောက်နေမှာပါ အဲဒီအခါကြမှဘဲခရစ်တော်ကို သူတို့ရဲ့ကယ်တင်ရှင်အဖြစ် သိလာကြမယ်လို့ ထင်ပါတယ် ဇာခရိအနာဂတ္တိကျမ်း ၁၂မှာ"သူတို့သည် မိမိတို့ထိုးဖောက်သောငါ့ကို ရှုမြင်ရကြလိမ့်မည်။ တယောက်တည်း သောသားအတွက် အဘသည် ငိုကြွေးမြည်တမ်းသကဲ့သို့၊ ထိုသူအတွက် ငိုကြွေးမြည်တမ်းရကြလိမ့်မည်" သခင်ယေရှုကိုယ်တိုင်ကလဲ ရှင်မဿဲ ၂၃:၃၉ “ငါဆိုသည်ကား၊ ထာဝရဘုရား၏ အခွင့်နှင့်ကြွလာသောသူသည် မင်္ဂလာရှိစေသောဟု သင်တို့မပြောမှီတိုင်အောင် ယခုမှစ၍ သင်တို့သည် ငါ့မျက်နှာကိုမမြင်ရကြဟု မိန့်တော်မူ၏။”

နောက်တခုက ယေဇကျေလအနဂတ္တိကျမ်း၄၆:၁ မှာဥပုသ်နေ့နှင့်လဆန်းနေ့၌ ဗိမာန်တော်အတွင်း တန်တိုင်းတံခါးဖွင့်ထားရမည် လို့ပြောပါတယ် အဓိပ္ပါယ်ကတော့ ဘုရားသခင်ဆီတိုးဝင်နိုင်သေးတယ် ကျေးဇူးတော်နဲ့သနားခြင်းဂရုဏာကို မရုတ်သိမ်းသေးဘူး အသက်စာစောင်ဖွင့်ထားဆဲဘဲလို့ ယူဆလို့ရပါတယ်.  စာရေးသူအထင်ကတော့ကမ္ဘာကိုမီးနဲ့မဆေးခင် နောက်ဆုံးအချိန်အထိ ဘုရားသခင်ကမယုံကြည်သူများကို အခွင့်ပေးထားဆဲဘဲလို့ထင်ပါတယ်.။

7)      သကေနေပွဲ/သိုထားပွဲ ကတော့အပြစ်ဖြေရာနေ့ နောက် ၅ရက်မြောက် ကျမ်းစာရဲ့calendarအရ 7လရဲ့၁၅ရက်နေ့မြောက်မှာလုပ်ရပါတယ်. 7ရက်ကြာတယ် 7ရက်လုံးပျော်ပွဲခံရတယ်.။

ဘာကြောင့် သိုထားပွဲလို့ခေါ်လဲဆို ကျမ်းစာမှာအသီးအနှံရိတ်တာ၃ခါဖော်ပြထားတယ် ပထမဆုံးရိတ်တာက အဦးရိတ်သောကောက်လှိုင်းပွဲ, ဒုတိယရိတ်တာကပင်တေကုတ္တေပွဲ, တတိယနဲ့နောက်ဆုံးရိတ်တာက သိုထားပွဲ. မဿဲ၁၃:၃၀ မှာစပါးပင်နဲ့တောပင် နှစ်ပင်ရှင်ပေါက်နေပေမဲ့ စပါးရိတ်သည်ကာလရောက်ရင် တော့ တောပင်ကိုအရင်ရွေးပြီး မီးရှို့ဖို့စည်းထားပြီး  စပါးကိုတော့ကျီ၌စုသိမ်းမယ်. ရှင်မာကု၎:၂၉ အသီးမှည့်၍ ရိတ်ချိန်ရောက်သောအခါ၊ လယ်ရှင်သည် မဆိုင်းမလင့်၊ တံစဉ်နှင့် ရိတ်စေတတ်သည်ဟု မိန့်တော်မူ၏။ ဗျာဒိတ်ကျမ်း၁၄:၁၄- ၁၉ကိုဖတ်ကြည့်ရင် ခရစ်တော်ရဲ့လက်ထဲမှာတံစဉ်ရှိတယ်ဆိုတာတွေ့ရမယ်.  မဿဲ၃:၁၁-၁၂မှာခရစ်တော်ကို "လက်တော်တွင်စံကောပါလျက်၊ မိမိကောက်နယ်တလင်း ကိုရှင်းလင်းစေသဖြင့်၊ မိမိဂျုံစပါးကို ကျီ၌စုသိမ်းသွင်းထား၍၊ အဖျင်းကိုကား မငြိမ်းနိုင်သောမီးနှင့်ရှို့ တော်မူ လတံ့ဟု ယောဟန်ဟောပြော၏" လို့လာတယ်.။

သကေနေ ဆိုတာ တဲတော်, ဗိမာန်တော် အတူတူပါဘဲ ထွက်မြောက်ရာ၂၉:၄၄-၄၆ မှာ “ဣသရေလ အမျိုးသား တို့တွင် ငါနေ၍၊ သူတို့၏ဘုရားဖြစ်မည်။” အဓိပ္ပါယ်က ဘုရားသခင်လူသားတွေကြားထဲမှာအတူလာနေတာကိုပြောတာ. အနာဂတ်ကြရင် ဘုရားနဲ့လူအတူတူနေကြမယ်ဆိုတာဗျာဒိတ်ကျမ်း အခန်းကြီး ၂၀,၂၁,၂၂အပြင် ကျမ်းစာထဲမှာ နေရာတော်တော်များများမှာ ဘုရားသခင်ရဲ့နိုင်ငံကိုတည်ထောင်မဲ့အကြောင်း အနှစ်၁၀၀၀စိုးစံမဲ့အကြောင်း ဒီအပြင်ထာဝရဘုရားနဲ့အမြဲနေရမဲ့အကြောင်းတွေကိုလဲ ယုံကြည်သူတိုင်းဖတ်မိမယ်လို့ထင်ပါတယ်.။

အခုရေးထားတာတွေဟာအတတ်နိုင်ဆုံး အကျည်းချုံးပြီးရေးထားပါတယ် အချိန်ရရင်ကိုယ့်ဘာသာကိုယ်လေ့လာကြည့်ပါလို့တိုက်တွန်းလိုက်ပါတယ်.။
God Bless You All


ဆရာaကျာ်နိုင် (နာဂ)
MCA အင်တာနက် (mcathailand.com) မှတဆင့်ဖေါ်ပြပါသည်။

 

Credit:  King Peter (MCA Bangkok)