ကြီးထွားရင့်ကျက်နည်း သင်ခန်းစာ (၂၃)


ဆရာမောဇက်ထောင်ကျုံး

ခလေးများကြီးထွားဘို့ ရန်အောက်ပါအချက်များရှိဘို့လိုအပ်သည်။  ကျန်းမာခြင်း၊ အစာစားသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်း၊ အနားယူခြင်း၊  နှင့်အချိန်များလိုအပ်သည်။ ထိုအရာများပြည့်စုံပါက ကြီးထွားခြင်းသည် အလိုလို ဖြစ်သည်။

အစားအစာ

ခလေးများကြီးထွားရန် ပဌမဦးဆုံးနို့ စို့ ရသည်။ မိခင်နို့သည် ခလေးများ အတွက် အကောင်းဆုံးဖြစ်သည်။ ထိုနည်းတူ ၀ိညာဉ်ပိုင်း၌လည်းဝိညာဉ်နို့ သောက် ဘို့ လိုသည်။ ကျမ်းစာက- ထို့ ကြောင့်သင်တို့ သည် သခင်ဘုရား၏ ကျေးဇူးတော်ကို မြည်းစမ်း ကြသည်ဖြစ်၍ အမျိုးမျိုးသော မနာလိုခြင်း၊ လှည့်ဖျား ခြင်း၊ လျှို့ ဝှက်ခြင်း၊ ငြူစူခြင်း၊ ကဲ့ ရဲ့ ခြင်းရှိသမျှကို ပယ်ရှား၍ ကယ်တင်ခြင်း အလိုငှါ နှုတ်ကပတ်တော် တရား၏ နို့ စစ် အားဖြင့် ကြီးပွားမည့် အကြောင်း ဘွားစသောသူငယ်ကဲ့သို့ ထိုတရားနို့ ကို အလွန် လိုချင်သော စိတ်ရှိကြလော့-ဟုဆိုသည် (၁ ပေ၊၂း၁-၃)။

ခလေးနို့ မစို့လျှင် မကြီးထွားနိင်သကဲ့သို့  ၀ိညာဉ်လူ လည်း နှုတ်ကပတ် တော်နို့ စစ်ကို မစို့ လျှင် မကြီးထွားနိင်ချေ။ နှုတ်ကပတ်တော်သည် ၀ိညာဉ်နို့ ဖြစ်သောကြောင့်ဖတ်ရှုလေ့လာရမည်။ အချို့ သောသူများသည် ကြားနာခြင်း အားဖြင့်သာလျှင် နှုတ်ကပတ်တော်ကို ခံယူကြသည်။ ကိုယ်တိုင်ဖတ်ရှုလေ့ လာခြင်းမရှိ။ ထိုသို့ သောသူသည်မကြီးထွားနိင်။ နှုတ်ကပတ်တော် မဖတ်ဘဲ ကြီးထွားနိင်သောဖြတ်လမ်းမရှိ။ ထိုကြောင့်ကြီးထွာလိုလျှင် နှုတ်ကပတ်တော်ကို ဖတ်ရှုလေ့ လာရမည်။

.

 

ဆုတောင်းရမည်

ကိုယ့်အစွမ်းအစအားဖြင့် ဘုရားသားမဖြစ်နိင်သကဲ့သို့  ကိုယ့်အစွမ်း အစအားဖြင့် ခရစ်ယာန်အသက်တာ အသက် မရှင်နိင်ပါ။ခရစ်ယာန်အသက်တာကို ဘုရားသခင်၏တန်ခိုးအားဖြင့်သာရှင် နိင်သည်။ သခင်ယေရှုက- ငါနှင့်ကွာလျှင် သင်တို့ သည် အဘယ်အမှုကိုမျှ မတတ်နိင်ကြ-ဟုဆိုခဲ့သည် (ယော၊ ၁၅း၅)။ ထို့ ကြောင့်ကြီးထွားရင့်ကျက်ရန် ဆုတောင်းဘို့ လိုသည်။ ဆုတောင်းခြင်းသည် လက်မြှောက် အရှုံးပေးခြင်း  ဘုရားသခင်ကို လုံးဝဥသုန် အားကိုးခြင်းဖြစ်သည်။  ဘုရားသခင်နှင့် အစဉ်ဆက်သွယ်ဘို့ လိုသည်။

မိဿဟာရဖွဲ့ ခြင်း

ခလေးများကြီးထွားဘို့ရန် ဆော့ကစားခြင်းလည်း လိုအပ်သည်။ထို့ နည်းတူ ယုံကြည်သူများလည်း အခြားသူများနှင့် ထိတွေ့ မှု မိဿဟာရဖွဲ့ ဘို့ လိုအပ်သည်။ ယုံကြည်သူများနှင့်တွေ့လျှင် အချင်းချင်းတိုက်တွန်းခြင်း၊ သက်သေခံခြင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်း ဆုံးမသွန်သင်ခြင်းများပြုလုပ်ခြင်း အားဖြင့် ၀ိညာဉ်ရေးရာ၌ ကြီးထွားရင့်ကျက်နိင်သည်။ ထို့ကြောင့်အချင်းချင်း စည်းဝေးခြင်းအမှုကို မရှောင်မလွဲကြနှင့်၊ အချင်းချင်းတို့ ကို တိုက်တွန်း နိုးဆော်ကြလော့။ကာလ အချိန်ရောက်လုနီးသည်ကို ထောက်သဖြင့် သာ၍ကြိုးစားကြ လော့- (ဟေဗြဲ ၊၁၀း၂၅)။

အနားယူခြင်း

ခလေးများကြီးထွားရန် အိပ်စက်အနားယူဘို့လိုသည်။ ခလေးငယ် လေလေ ပို၍အအိပ်များလေလေဖြစ်သည်။ ၀ိညာဉ်ရေးရာ ၌လည်း အနားယူဘို့ လိုအပ်သည်။ မည်ကဲ့သို့  အနားယူမည်နည်း။ အနားယူခြင်းသည် အလုပ်မလုပ်ခြင်း၊ သူ တပါးကို အားကိုးခြင်း ဖြစ်သည်။ ဘုရားသခင်ကိုအားကိုးခြင်းအားဖြင့် အနား ယူနိင်သည်။ သခင်ယေရှုက-၀န်လေး၍ပင်ပန်း သောသူ အပေါင်းတို့ ငါ့ ထံသို့  လာကြလော့။ ငါသည် ချမ်းသာပေးမည်- ဟုလက်ကမ်းကြိုနေသည် (မဿဲ၊၁၁း၂၈)။

လူတိုင်း၌၀န်ထုတ်ဝန်ပိုးများရှိကြသည်။ထိုအရာများ ကို သခင်ခရစ်တော် က ထမ်းပေးချင်သည်။ ထို့ ကြောင့် သူ့ ကို မိမိ၏ ၀န်ထုတ်များအပ်နှံဘို့ လိုအပ်သည်။ ၀န်ထုတ်ဝန်ပိုးများရှိနေလျှင် ၀ိညာဉ်ရေးရာ၌ ကြီးထွားရင့်ကျက်ခြင်းမရှိနိင်ချေ။  လောက၌ ရှိကြသေးသောကြောင့် ဆင်းရဲဒုက်္ခများရှိရဦးမှာ ဖြစ်သည်။ ထို့ ကြောင့် သခင်ယေရှုက-သင်တို့ သည် ဤလောက၏ ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ သို့ သော်လည်း မစိုးရိမ်နှင့် ငါသည်လောကကိုအောင်ပြီ-ဟုမိန့် တော်မူ၏။ (ယော၊၁၆း၃၃)။

ခရစ်တော်၌ များများအနားယူခြင်းဖြင့် ၀ိညာဉ်ပိုင်း၌ ပို၍ ကြီးထွားနိင်သည်။  ဆက်လက်၍- အဘယ်သူသည်စိုးရိမ် ခြင်းအားဖြင့် မိမိအသက်တာကို တတောင်ခန့်မျှ တိုးပွါးစေနိင်သနည်း-ဟုဆိုသည်  (မဿ၊ဲ ၆း၂ရ)။ စိုးရိမ် ပူပန်ခြင်းဖြင့် ၀ိညာဉ်ပိုင်း နေမကောင်း ဖြစ်စေသည်။ ထို့ ကြောင့်-ထာဝရ ဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ့်ဥာဏ်ကိုအ မှီမပြုနှင့်။ သွားလေ ရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။ သို့ပြုလျှင်သင်၏ လမ်း ခရီးတို့ ကို ပဲ့ပြင်တော်မူမည်။ ငါသည်ပညာရှိသည်ဟု ကိုယ်တိုမထင်နှင့်။ထာဝရဘုရားကို ကြောက်ရွှုံ ဒုစရိုက်ကိုရှောင်လော့။သို့ပြလျှင် သင်၏အ ကြောတို့ သည်အားသန်၍ အရိုးတို့ သည် ခြင်ဆီနှင့် ပြည့်စုံကြ လိမ့်မည်- (သုတ္တံ၊ ၃း၅-၈)။

ကျန်းမာဘို့ လိုသည်

ခလေးများကြီးထွားဘို့ ရန် ကျန်းမာဘို့ လိုသည်၊ မည်မျှ ပင်စားသော်လည်း မကျန်းမာပါက ကြီးထွားနိင်မည် မဟုတ်။ ထို့ နည်း တူဝိညာဉ်ပိုင်း၌လည်း ကျန်းမာ ဘို့လိုသည်။ ၀ိညာဉ်ပိုင်း နေမကောင်းစေသောအရာသည် အပြစ်ဖြစ်သည်။ ယုံကြည်သူတယောက်အပြစ် ကျူးလွန်သောအခါ ကြီးထွားမှု ကိုရပ်တန့် စေသည်။  ဆာလံဆရာက-ငါသည်အပြစ်ကိုမဖေါ်ပြဘဲနေစဉ်အခါ တနေ့လုံး ညည်းတွား သောအားဖြင့် ငါ့အရိုး တို့ သည်ဆွေးမြေ့ခြင်းသို့ ရောက်ရ ကြ၏။ နေ့ ညမပြတ်ကိုယ်တော်၏လက်သည် အကျွန်ပ် အပေါ်မှာ လေး၍ အကျွန်ပ်၏ ချွေးရည်သည် နွေကာလ၌ခြောက်သွေ့ ခြင်းကဲ့သို ဖြစ်၏- ဟုဆိုသည် (ဆာ၊၃၂း၃-၄)။

နေမကောင်းသောသူသည်ဂရုစိုက်ရသည်။ ဆေးသောက်ရသည်။ ကုသပေးရသည်။ သို့ မှသာ ကျန်းမာ၍ကြီး ထွားနိင်ပေမည်။ ထို့ နည်းတူ ၀ိညာဉ်ပိုင်းကျန်းမာဘို့ ရန် အ ပြစ်များကို ဘုရားသခင်ထံ ၀န်ချတောင်းပန်ရမည်။  ကျမ်းစာ က-တဖန်အကျွန်ပ်သည် ကိုယ်အပြစ်ကိုရှေ့ တော်၌၀န်ချပါ ၏။  ပြုမိသောဒုစရိုက်ကိုဝှက်၍မထားပါ။ ငါလွန်ကျူးသောအရာကို ထာဝရ ဘုရားအား ဖေါ်ပြ တောင်းပန် မည်ဟုပြောဆိုသောအခါ ကိုယ်တော်သည် အကျွန်ပ်ပြစ်မှားခြင်းအပြစ်ကို လွှတ်တော်မူ၏- (ဆာ၊၃၂း၅)။ လူသည်အပြစ်မရှိလျှင်ရောဂါမရှိ။ ရောဂါမရှိလျှင်ကျန်းမာ၍ကြီးထွားဘို့ ရန်သာရှိတော့သည်။

အချိန်စောင့်ဘို့ လိုသည်

ခလေးကြီးထွားရန် အချိန်စောင့်ဘို့ လိုသည်။ မည်မျှပင် ဂရုစိုက် ကျွေးမွေးပြုစုသော်လည်း နေ့ ချင်းညချင်းမကြီးထွားနိင်။ ထို့  နည်းတူ ၀ိညာဉ်ပိုင်း လည်း အချိန်စောင့်ဘို့ လို သည်။ ဟေဗြဲစာရေးသောသူက ဤသို့ ရေးသည်- သင်တို့ သည် ကာလကြာသောကြောင့် ဆရာအဖြစ်သို့ ရောက်သင့် သော် လည်း-ကြေခဲသောအစာကိုမသုံးဆောင်။ နို့ ကိုသာ သုံးဆောင်ရ သော သူဖြစ်ကြ၏- (ဟေ၊၅း၁၂)။ ဤနေရာကာလအချိန်ကြာသောအခါ ကြီးထွား ရင့်ကျက်သော ဆရာအဖြစ်သို့ ရောက်သင့်ကြောင်း သိရသည်။ ထို့ကြောင့်ယုံကြည် သူများသည် ကြီးထွားရင့်ကျက်ဘို့  အချိန်စောင့်ဘို့ လို ကြောင်းသိရသည်။

ရင့်ကျက်ခြင်း

ရင့်ကျက်ခြင်းသည် ကြီးထွားခြင်း၏ အသီးအပွင့် သို့ မဟုတ် အဆက်ဖြစ် သည်။ ကိုယ်ခန္ဓာရင့်ကျက်ခြင်းသည် မျိုးဆက်ပြန့်  ပွါးစေနိင်သည်။ စိတ်ပိုင်းဆိုင်ရာ ကြီးထွားခြင်းသည် အသိဥာဏ်ဗဟုသုတ ပွားများခြင်းဖြင့်ရရှိနိင်သည်၊ ရင့်ကျက် ခြင်းမူကား ရရှိထားသော အသိဥာဏ်ကို အသုံးပြုခြင်းအား ဖြင့်ရရှိနိင်သည်။  ကျောင်းသားဖြစ်စဉ်တွင် ရင့်ကျက်ခြင်းမရှိသော်လည်း ကြီးထွားသည်။ ထို ကျောင်းသား သည် ဆရာ ဖြစ်လာသောအခါ ကြီးထွားခြင်းရပ်၍ ရင့်ကျက်လာ သည်။ ကြီးထွားစဉ်တွင် ဆော့ကစားချင်၍ ဣဒြေစောင့်ခြင်းမရှိ။ သို့ သော် ဆရာ ဖြစ်လာသောအခါရင့်ကျက်ခြင်း၏လက္ခဏာဖြစ်သော ဣဒြေစောင့်ခြင်းသည် အလိုလို ဖြစ်လာသည်။ ထိုဆရာသည် ကျောင်းပြန်တက် ပါက ကြီးထွားပြန်၍ ခလေးစိတ်ပြန်ဝင်လာမှာဖြစ်သည်။ တပည့်တော်များလည်း သခင်ယေရှုနှင့်နေ စဉ်တွင်အလွန်ခလေးဆန်ကြသည်။ ယောဟန်နှင့်ယာကုပ်ညီအစ်ကိုတို့လည်း လောကီရာထူးရရှိဘို့  သခင်ယေရှုထံ၌ တောင်းခဲ့ကြသည်။ ကျန်သော တပည့်တော် များကလည်း ခလေးစိတ်ရှိကြသောကြောင့် ထိုညီအစ်ကို နှစ်ယောက်အပေါ်တွင် မနာလိုကြ၍ စိတ်ဆိုး ကြသည်(မဿဲ၊၂၀း၂၀-၂၄)။ အဘယ်သူသည်အ ကြီးမြတ်ဆုံး ဖြစ်ကြောင်းကိုလည်း သိချင်ကြသည် (မ၊၁၈း၁)။ ထိုသို့ ဖြစ်ရခြင်းသည် သင်တန်းသား ဖြစ်ခြင်းကြောင့်ဖြစ်သည်။ သူတို့  သခင်နှင့်ခွဲခွါပြီး သောအခါ တွင်မူ ရင့်ကျက်လာကြသောကြောင့် ခလေးအကျင့် များမတွေ့  ရတော့ဘဲ လူကြီး ကဲ့သို့ ပြောဆိုကြသည်။ သတ်္တိလည်းရှိကြသည်။ လူအကြီးအကဲများကိုလည်း မကြောက်တော့ဘဲ ပြတ်ပြတ်သားသားရင် ဆိုင်ရဲကြသည်။

ထို့ ကြောင့်ဝိညာဉ်ရေးရာ၌လည်း သူတပါးထံ၌ သင်ယူနေလျှင် ကြီးထွား ခြင်းရှိသော်လည်း ရင့်ကျက်ခြင်းမရှိနိင်။ ကြီးထွား လိုလျှင်သင်တန်းသားလုပ်၍ ရင့်ကျက်လိုလျှင်ဆရာလုပ်ရမည်။ တပြိုင်တည်းကြီးထွား ရင့်ကျက်လိုလျှင် သူတပါး ထံတပည့်ခံ၍ အခြားသူ များကိုလည်းသင်ပေးရမည်။  ကြီး ထွားရင့်ကျက် သောသူ သည် လုပ်ငန်းအောင်မြင်နိင်သည်။  ပြသနာကိုလည်းဖြေရှင်းနိင်သည်။ သူတပါး ကိုလည်း တည် ဆောက်နိင်သည်။ ဘုရား၏ဘုန်းတော်လည်းထင်ရှား၍ လူ များကို ဆွဲဆောင်နိင် ဦဆောင်နိင်သည်။

သင်ခန်းစာ (၂၃) မေးခွန်းများ

၁။            ၀ိညာဉ်ပိုင်းအတွက် နို့ သည် -------------ဖြစ်သည်။

၂၊။            ကျမ်းစာမဖတ်ဘဲကြီးထွားနိင်သလော ---------------။

၃။            ဆုတောင်းခြင်းသည် -------------- ဖြစ်သည်။

၎။            မိဿဟာရဖွဲ့ ခြင်းအဘယ်ကြောင့်အရေးကြီးသနည်း။-----------------------

၅။            အနားယူခြင်းသည် --------------- ဖြစ်သည်။

၆။            ၀ိညာဉ်နေမကောင်းစေခြင်းသည် --------------- ဖြစ်သည်။

ရ။            အပြစ်သည်ဝိညာဉ်ကြီးထွားမှုကို --------------- စေသည်။

၈။            ၀ိညာဉ်ပိုင်းကြီးထွားရင့်ကျက်ရန် --------------- လိုသည်။

၉။            တပည့်ခံခြင်းဖြင့် --------- ၍သူတပါးကို သင်ပေးခြင်းဖြင့် -------- စေသည်။

၁၀။ ကြီးထွားရင့်ကျက်ခြင်း၏အကျိုးများဖေါ်ပြပါ။ -----------------------------

---------------------------------------------------------------------

ဆရာမောဇက်ထောင်ကျုံး