ဘုရားသခင်၏ သွန်သင်ခြင်း စည်းကမ်း - Course 4, Lesson 9
God’s Discipline ,  Practical Christian Living Course 4, Lesson 9
အန်ဒရူး
အဓိကကျမ်းပုဒ် ။    ။ ကိုယ်တော်ဆုံးမ၍ တရားတော်ကို သွန်သင်တော်မူသောသူသည် မင်္ဂလာရှိပါ၏။ (ဆာ ၉၄း ၁၃)
                ဘုရားသခင်ကသူ၏အမြင်၌ ဘယ်အရာကမှန်သည်၊ ဘယ်အရာကမှားသည်ဆိုတာကို ကျွန်ုပ်တို့၏သြတ္တပ္ပစိတ်ထဲတွင် ကျွန်ုပ်တို့ကို ပြသ ကြောင်းကို လေ့လာခဲ့ပြီးဖြစ်သည်။ ဤသင်ခန်းစာ၌၊ သူ၏ သား သမီးများသည် နာခံမှုရှိစွာ သူနှင့်အတူအသက်ရှင်နိုင်ရန်အတွက် ဘုရားသခင်က မည်သို့လေ့ကျင့်သင် ကြားပေးသည်ကို လေ့လာကြမည်ဖြစ်သည်။
. ဘုရားသခင်သည် မယုံကြည်သူများကို တရားစီရင်သည်။
                ဆိုးသွမ်းသူများသည် သူတို့၏အပြစ်မျာထဲ၌ ကျင်လည်ကြပြီး ဤဘ၀၌ ကြွယ်ဝချမ်းသာကြသည် ကို မကြာခဏတွေ့ရလေ့ရှိသည်။ ဘုရားသခင်၏ သားသမီးများမှာမူ စုံစမ်းနှောက်ယှက်ခြင်းများနှင့် ဒုက္ခ ပြဿနာများစွာကို ရင်ဆိုင်ကြုံတွေ့ကြသည်။ ဆာလံ ၇၃ တွင် ၊ ဆာလံဆရာက ဤကိစ္စနှင့်ပတ်သက်၍ ဘုရားသခင်ကို တိုင်တန်းတင်ပြထားသည်။ သူက ““အကြောင်းမူကား၊ မတရားသောသူတို့၏ စည်းစိမ်ကို မြင်သောအခါ၊ မိုက်သောသူတို့ကိုပင် ငါငြူစူမိပြီ။ .....ဆူဝသောကြောင့် မျက်နှာမော်လျက်ရှိကြ၏””ဟုဆိုခဲ့ သည်။ ဆာ ၇၃း ၃,၇
                မိုက်သောသူတို့ ကြွယ်ဝချမ်းသာနေခြင်းအကြောင်းကို ဆာလံဆရာသည် စဉ်းစားသောအခါ သူကို နာကျင်စေခဲ့သည်။ သို့သော် မိုက်သောသူတို့၏ အဆုံးသတ်နိဂုံးမှာ မည်သို့ဖြစ်သည်ကို ဘုရားသခင်က သူ့ကိုဖော်ပြသောအခါတွင်မူ သူ၏နာကျင်မှုမှာ လျော့ပါးသွားခဲ့သည်။ ကျမ်းစာက ““အကယ်စင်စစ်၊ ကိုယ်တော်သည် သူတို့ကိုချောသောအရပ်၌ ထားတော်မူပြီ။ ဖျက်ဆီးရာအရပ်သို့ချတော်မူ၏။ တခဏချင်းတွင် အကျိုးနည်း ကြပါပြီတကား။ ဘေးဥပါဒ်များအားဖြင့် ရှင်းရှင်းပယ်ပျောက်လျက်ရှိကြပါပြီတကား။””ဟု ဆို သည်။ ဆာ ၇၃း ၁၈-၁၉
                ဤနေရာတွင် တင်ပြထားသောသမ္မာတရားမှာ ဆိုးမိုက်သူများသည် သူတို့လုပ်ခဲ့သောအပြစ်များ အတွက် နောက်ဘ၀၌ နောက်ဆုံးသော တရားစီရင်ခြင်းကို ခံရကြမည်ဖြစ်သည်။ ဤဘ၀၌ သူတို့သည် ကြွယ်ဝချမ်းသာနိုင်သော်လည်း၊ ဘုရားသခင်၏ ဖြောင့်မတ်စွာတရားစီရင်ခြင်းကိုမူ မရှောင်ကွင်းနိုင်ပါ။ တနေ့တွင် သူ့တို့ကိုဖြူသောပလ္လင်ကြီးရှေ့၌ မတ်တပ်ရပ်စေ၍ သူတို့လုပ်ခဲ့သောအပြစ်တိုင်းအတွက် စီရင်ခြင်းခံရမည်ဖြစ်သည်။
ဘုရားသခင်သည် သူ၏သားသမီးများကို သွန်သင်ဆုံးမသည်။
                မယုံကြည်သူများတွင် မရှိသောအခွင့်ထူးများသည် ယုံကြည်သူများ၌ရှိသည်။ သူတို့သည် ကောင်းကင်ဘုံရှိ သူတို့အဘ၏ ဆုံးမ သွန်သင်မှု အောက်၌ ရှိကြသည်။
                ““ဆုံးမသွန်သင်သည်”” ဆိုသည်မှာ အဘယ်နည်း။
                ဆုံးမသွန်သင်ခြင်းဆိုသည်မှာ ““ကလေးငယ်ကို လေ့ကျင့်သင်ကြားပေးခြင်း””ဖြစ်သည်။ ဖခင်တဦး ကသူ့ကလေးငယ်ကို လေ့ကျင့် သင်ကြား ပေးခြင်းမျိုးဖြစ်သည်။ ဖခင်တဦးသည် အခြားသူများ၏ ကလေးများ ကို သွန်သင်ဆုံးမမည်မဟုတ်ဘဲ၊ မိမိ၏သားသမီးအရင်းများကို လေ့ကျင့်သင်ကြား ပေးရန်အတွက်သာ အာရုံစိုက်မည်ဖြစ်သည်။
                ဖခင်တဦးက သူ့သားကိုဆုံးမသွန်သင်သောအခါ၊ သူဖြစ်လိုသောသူတဦးဖြစ်လာစေရန်အတွက် သူ့သားကို လေ့ကျင့်သင်ကြားပေးနေခြင်း ဖြစ်သည်။ ဖခင်ကောင်းတဦးသည် သူ့သားကို နာခံမှုရှိစေလိုသည်။ ဖြောင့်မတ်စေလိုသည်။ ရိုးသားစေလိုသည်။ နိုးကြားကြိုးစားစေလိုသည်။ သူ့သားကို ယဉ်ကျေးစေလို၍ အခြားသူများအတွက် စဉ်းစားပေးသောသူတဦး ဖြစ်စေလိုသည်။
                ဖခင်ကောင်းတဦးသည် သူ့သားကို ငယ်ရွယ်စဉ်အချိန်မှစ၍ လေ့ကျင့်သင်ကြားပေးပြီး သူ့သား ရင့်ကျက်လာသည့်အချိန်ထိ ဆက်လက် လေ့ကျင့်သင်ကြားပေးနေမည် ဖြစ်သည်။ မိမိသားငယ်ကို သူဖြစ်စေ လိုသောသူတဦး ဖြစ်လာစေရန်အတွက် ဖခင်ဖြစ်သူသည် သစ္စာရှိစွာ၊ ချစ်ခင်မြတ်နိုး စွာဖြင့် နေ့စဉ်နေ့တိုင်း သားငယ်ကို သွန်သင်ဆုံးမနေမည်ဖြစ်သည်။
ဘုရားသခင်သည် သင်ကြားခြင်းအားဖြင့် မိမိ၏သားသမီးများကို ဆုံးမသည်။
                ဘုရားသခင်သည် ဖခင်ကောင်းတဦးဖြစ်သည်။ သူ၏သားသမီးများအား သူဖြစ်စေလိုသောသူများ ဖြစ်လာနိုင်ရန်အတွက် သစ္စာရှိစွာ၊ ချစ်ခင်မြတ်နိုးစွာဖြင့် သူဆုံးမသွန်သင်သည်။ သူတို့သည် သူ၏နာမတော်အား ချီးမြှောက်နိုင်ရန်အတွက် သူတို့အား လေ့ကျင့်သင်ကြားပေးနေခြင်း ဖြစ်သည်။ ဘုရားသခင်သည် ဤကတိကို သူ၏သားသမီးများအား ပေးခဲ့သည်။ ““သင့်ကို ငါသွန်သင်မည်၊ သင်သွားရမည့်လမ်းကို ပြညွှန်မည်။ သင့်ကို ကြည့်ရှု့ပြုစုမည်။””
                ကျွန်ုပ်တို့သည် နှုတ်ကပတ်တော်အားဖြင့် သူနှင့်အတူအချိန်ယူမိတ်သဟာယဖွဲ့စဉ်တွင် သင်ကြားသည်။ သင်းအုပ်ဆရာများနှင့် ကျမ်းစာ ဆရာများအားဖြင့်လည်း သင်ကြားသည်။ ဘုရားသခင်၏ အလို တော်နှင့်အညီ အသက်ရှင်သောယောက်ျား၊ မိန်းမတို့ကို ဥပမာအနေဖြင့် ပြသ၍လည်း သင်ကြားသည်။ ကျွန်ုပ်တို့၏ဘ၀တလျှောက်လုံး၌ ကျွန်ုပ်တို့သည် ဘုရားသခင်အကြောင်းနှင့် သူ၏အကြံအစည်တော်တို့ကို သိရှိနိုင်ရန် သင်ယူ လေ့လာ သင့်သည်။
ဘုရားသခင်သည် သူ၏သားသမီးများအား သူတို့၏ဘ၀အခြေအနေများအားဖြင့်လည်း သင်ကြား သည်။
                ဘုရားသခင်သည် ကျွန်ုပ်တို့ကို သွန်သင်ဆုံးမရန်နှင့် သူဖြစ်စေလိုသောသူများဖြစ်လာရန်အတွက် ကျွန်ုပ်တို့၏ဘ၀အခြေအနေများကို အသုံး ပြုသည်။ ဓမ္မဟောင်းကျမ်းထဲရှိ ယာကုပ်၏အဖြစ်အပျက်ကို ကြည့် ခြင်းအားဖြင့် ဘုရားသခင်သည် သူ၏သားသမီးများအား သွန်သင်ဆုံးမရန် အတွက် ဘ၀အခြေအနေများကို အသုံးပြုသည်ကို တွေ့နိုင်သည်။
                ယာကုပ်သည် ကိုယ်ကျင့်စရိုက်သိပ်မကောင်းသူဖြစ်သည်။ သူသည် လိမ္မာပါးနပ်၍ကောက်ကျစ်ရုံ သာမက လောဘကြီးပြီး မရိုးမဖြောင့်ပါ။ အခြားသူများထဲမှ အကောင်းဆုံးအရာများကို ရရှိရန်သာ အမြဲတမ်းကြိုးစားနေလေ့ရှိသူဖြစ်သည်။
                ယာကုပ်သည် သားဦးအရိုက်အရာကို သူ့အစ်ကိုထံမှ လိမ်လည်ရယူခဲ့သည်။ မိမိဖခင်ကိုလည်း လိမ်ညာခဲ့သည်။ အမှန်မှာသူသည် သူနှင့် ထိတွေ့ဆက်ဆံရသောသူများထံမှ အကောင်းဆုံးအရာများကို ရယူနိုင်ခဲ့သည်။
                ဘုရားသခင်က ယာကုပ်သည် ဘယ်လိုပုံစံမျိုးဖြစ်သည်ကို သိရှိပြီး သူကိုပြုပြင်ပေးရန် ကြိုးစားနေခဲ့သည်။ ယာကုပ်သည် လူလိမ်တစ်ဦးဖြစ်ပြီး ယာကုပ်ကဲ့သို့လူစားမျိုးဖြစ်သော လာဗန်ထံတွင် အလုပ်လုပ် ရန်အတွက် ဘုရားသခင်က သူ့ကိုလာဗန်ထံသို့ စေလွှတ်ခဲ့သည်။ ယာကုပ်သည် လာဗန်၏သမီး ရာခေလကို ချစ်ကျွမ်းဝင်သွား၍ သူမကိုလက်ထပ်လိုခဲ့သော်လည်း လာဗန်က သူမအတွက် ၇နှစ်အလုပ်လုပ် ပေးရမည်ဟု ပြောခဲ့သည်။ ယာကုပ်သည် အလုပ်လုပ်ပေးရန် ၀မ်းမြောက်စွာသဘောတူခဲ့သည်။ ကျမ်းစာက ““ယာကုပ်”” သည် ရာခေလအတွက် ၇ နှစ် ကျွန်ခံခဲ့သော်လည်း ရာခေလအပေါ်တွင်ထားသော သူ၏ချစ်ခြင်းမေတ္တာကြောင့် ၇ နှစ်သည် ရက်အနည်းမျှသာဖြစ်သည်ဟု ခံစားရသည်။””ဟု ဆိုသည်။
                ၇ နှစ် အလုပ်လုပ်ပြီးနောက်၊ ယာကုပ်သည် သူ၏သတို့သမီးကို တောင်းခံခဲ့သည်။ လာဗန်သည် မင်္ဂလာပွဲတော်ကြီးကို ပြင်ဆင်ပေးခဲ့သည်။ ပွဲတော်ပြီးဆုံးပြီးနောက် ယာကုပ်သည် သူအလိမ်ခံလိုက်ရသည် ကိုသိရှိသွားခဲ့သည်။ လာဗန်သည် ရာခေလ၏နေရာတွင် သူ၏သမီးအကြီးဖြစ်သော လေအာကိုအစားထိုး ခဲ့သည်။ ယာကုပ်သည် အခြားမိန်းမတစ်ယောက်ကို လက်ထပ်မိခဲ့သည်။ သူသည် ရာခေလအတွက် နောက်ထပ် ၇ နှစ် အလုပ် ဆက်လုပ်ခဲ့သည်။
                နှစ် ၂၀ ကြာအောင် ယာကုပ်သည် သူ့ဦးလေး၏ညာစားခြင်းကို ခံခဲ့ရသည်။ ဤအချိန်အတော အတွင်း လာဗန်သည် သူ့လုပ်ခကို ၁၀ကြိမ်တိုင်တိုင် ပြောင်းလဲခဲ့သည်။ နောက်ဆုံးတွင် ယာကုပ်သည် ဟာရန်နယ်မြေကို စွန့်ခွာကာ မိမိအိမ်သို့ပြန်ခဲ့သည်။ ဤခရီးစဉ်အတွင်း၊ ရာခေလသည် ဖျားနာ၍သေဆုံး သွားခဲ့သည်။
                နောက်ပိုင်းတွင် ယာကုပ်၏အချစ်ဆုံးသား ယောသပ်သည် မနာလိုဖြစ်နေသော သူ့အစ်ကိုများ၏ ကျွန်အဖြစ်ရောင်းစားခြင်းကို ခံခဲ့ရသည်။ ဤအစ်ကိုများက ယောသပ်သည် သားရဲတကောင်၏ သတ်ဖြတ် ခြင်းကို ခံခဲ့ရသည်ဟု သူတို့၏ဖခင်ကို ထင်စေခဲ့သည်။ ယာကုပ်သည် ယောသပ် သေဆုံးသွားပြီဟု ယုံကြည်လျက် နှစ်ပေါင်းများစွာ သူ့အတွက် ငိုကြွေးမြည်တမ်းခဲ့သည်။
                ယာကုပ်သည် အခြားသူများကို လိမ်ညာခဲ့ပြီး သူကိုယ်တိုင်လည်းပဲ လိမ်ညာခြင်းကို ခံခဲ့ရသည်။ သူသည်အခက်အခဲတခုပြီးတခု တွေ့ကြုံ ခဲ့သည်။ တကြိမ်တွင် သူက ““အရာအားလုံးသည် ငါ့ကိုဆန့်ကျင် လျက်ရှိပါတကား””“ဟု အော်ဟစ်ခဲ့သည်။ အမှန်စင်စစ်၊ ဘုရားသခင်သည် ဤအခြေ အနေ အားလုံးကို အသုံးပြု၍ ယာကုပ်၏အကျိုးစီးပွားအတွက် လုပ်ဆောင်ပေးနေခြင်းဖြစ်သည်။ ဤသို့ဆုံးမသွန်သင်ခြင်း အားဖြင့် ယာကုပ်၏ ကိုယ်ကျင့် စရိုက်ကို အပြောင်းအလဲဖြစ်စေခဲ့သည်။
                နောက်ဆုံးတွင် အရင်ကနှင့်မတူသော ယာကုပ်ကို ကျွန်ုပ်တို့တွေ့ရှိရသည်။ ကောက်ကျစ်သော လူလိမ်အဖြစ် အရင်ကအသက်ရှင်ခဲ့သူသည် ယခုတွင်ဘုရားသခင်နှင့်အတူရှိသော မင်းသားတပါး ဖြစ်လာသည်။ နူးညံ့ သိမ်မွေ့၊ နှိမ့်ချ၊ ရင့်ကျက်၍ ဘုရားသခင်နှင့်အတူ အသက်ရှင် လျှောက်လှမ်း သောသူ တစ်ဦး ဖြစ်လာသည်။ ထိုအချိန်က ကမ္ဘာပေါ်တွင်တန်ခိုးအကြီးဆုံးဘုရင်ဖြစ်သူ၊ ဖာရောတောင်မှ ယာကုပ်ကိုဘုရားသခင်၏ လူတဦးအဖြစ် အသိအမှတ်ပြုခဲ့သည်။ ဖာရောသည် ယာကုပ်ထံမှကောင်းချီးပေးခြင်းကို ခံရရန်အတွက် ယာကုပ်ရှေ့တွင် ဦးညွတ်ခဲ့သည်။
                ယာကုပ်တွင်ရှိခဲ့သော အရာများစွာသည် ကျွန်ုပ်တို့တွင်ရှိသည်။ ယာကုပ်၏စရိုက်လက္ခဏာများစွာ သည် ကျွန်ုပ်တို့တွင်လည်းရှိသည်။ ကျွန်ုပ်တို့သည် တကိုယ်ကောင်းဆန်၍ မိမိအကျိုးကိုသာရှာဖွေကြ သည်။ ကျွန်ုပ်တို့သည် လိမ္မာပါးနပ်၍ မိမိလိုချင်တာကိုရဖို့ မည်သို့လိမ်ညာရမည်ကို သိကြသည်။ ထို့ကြောင့် ဘုရားသခင်က ကျွန်ုပ်တို့ကို ဆုံးမသွန်သင်ရမည် ဖြစ်သည်။ ဘုရားသခင်က ကျွန်ုပ်တို့ကို မည်သို့ဆုံးမသွန်သင်သနည်း။ ကျွန်ုပ်တို့၏ဘ၀အခြေအနေများအားဖြင့် ဆုံးမသွန်သင်သည်။ ဘုရားသခင်သည် သူသင်ယူစေလိုသော အရာများကို ကျွန်ုပ်တို့သင်ယူနိုင်ရန်အတွက်၊ အဖြစ်အပျက်မျိုးစုံ ကို စီစဉ်သည်။ ဘုရားသခင်၏ သားသမီးတစ်ဦးမှာ ဖြစ်ပျက်သမျှသော အရာတို့သည် မတော်တဆ ဖြစ်ပျက်ခြင်းမဟုတ်ပါ။ ကျွန်ုပ်တို့ဘ၀တွင် ဖြစ်ပျက်သမျှသောအရာတို့သည် ဘုရားသခင်က ဖြစ်စေရန် မှာကြားထား၍ ဖြစ်စေ၊ ဖြစ်စေရန်ခွင့်ပြုထား၍ဖြစ်စေ၊ ဖြစ်ပျက် ကြခြင်း ဖြစ်ပြီး ထိုအရာတို့သည် ကျွန်ုပ်တို့ ၏အကျိုးစီးပွားအတွက် အတူတကွလုပ် ဆောင်လျက်ရှိသည်။ ကျမ်းစာက ““ကျွန်ုပ်တို့၌ ဖြစ်ပျက်သော အရာတို့သည် ကောင်းချင်မှကောင်းမည်။ အမှန်ပင် ကျွန်ုပ်တို့အတွက် နာကျင်ဖွယ်နှင့်ခါးသီးဖွယ် ကောင်းနိုင်သည်။ သို့သော် ဘုရားသခင်၏နှုတ်ကပတ်တော်က ““ဘုရားသခင်ကိုချစ်သောသူတို့အဘို့ အရာအားလုံးသည် အတူတကွတညီတညွှတ်တည်း လုပ်ဆောင်လျက်ရှိကြသည်”” ဟုပြောထားသောကြောင့် ထိုအချက်ကိုကျွန်ုပ်တို့သိနိုင်ကြသည်။
ဘုရားသခင်သည် အပြစ်ပေးဆုံးမခြင်းအားဖြင့်လည်း သူ၏သားသမီးများကိုပဲ့ပြင်ပေးသည်။
                အကယ်၍ ကျွန်ုပ်တို့သည် သူ၏သင်ကြားမှုနှင့်ပဲ့ပြင်ခြင်းကို ဂရုမစိုက်ပါက  ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဆုံးမရန်လိုအပ်လာသည်။ အပြစ် ပေးဆုံးမခြင်းသည် ဘုရားသခင် ပဲ့ပြင်ပေးခြင်းပုံစံတစ်မျိုး ဖြစ်သည်။ ကျွန်ုပ်တို့နာခံမှုမရှိသောအခါ ဘုရားသခင်ကကျွန်ုပ်တို့ကိုအပြစ်ပေးဆုံးမသည်။
                အပြစ်ပေးဆုံးမခြင်းသည် အပြစ်ဒဏ်ပေးခြင်းနှင့်မတူညီပါ။ အပြစ်ဒဏ်ပေးခြင်း၏အဓိကရည်ရွယ် ချက်မှာ တစုံတဦးလုပ်ခဲ့သောအပြစ် (သို့) အမှားအတွက်ထိုသူကို ဝေဒနာပြန်လည်ခံစားရစေရန် အပြစ် ပေးခြင်းဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့်၊ အပြစ်ပေးဆုံးမခြင်း၏အဓိကရည်ရွယ်ချက်မှာ တစုံတဦးအား ပို၍ကောင်းသောလူတဦးဖြစ်လာစေရန်အတွက် လမ်းမှန်ရောက်အောင်ပြုပြင်ပေးခြင်းဖြစ်သည်။
                အခြားခြားနားမှုတစ်ခုလည်းရှိသေးသည်။ အပြစ်ဒဏ်ပေးခြင်း၌ ချစ်ခြင်းမေတ္တာမပါရှိပဲ အပြစ်ပေး ဆုံးမခြင်း၌သာပါရှိသည်။ ဖခင်တစ်ဦးသည် သားကိုအပြစ်ပေးဆုံးမခြင်းအားဖြင့် သူ့သားအားသူ၏ မေတ္တာကိုပြသသည်။ ကျမ်းစာက ““ကြိမ်လုံးကိုမသုံးသောသူသည် မိမိသားကို မုန်းရာသို့ ရောက်၏”” ဟု ဆိုသည်။ (သု ၁၃း၂၄)
ဘုရားသခင်၏ အပြစ်ပေးဆုံးမခြင်း၏ အဓိပ္ပာယ်
                ဘုရားသခင်က ကျွန်ုပ်တို့ကို အပြစ်ပေးဆုံးမသောအခါ ကျွန်ုပ်တို့သည် မိမိကိုယ်ကိုစိတ်မကောင်း ဖြစ်စေရန် ““ငါ့ကျမှ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ”” ဟုတွေးကောင်းတွေးလိမ့်မည်။ ကျွန်ုပ်တို့သည် မိမိ ပတ်ဝန်းကျင်ကို ကြည့်ရှုသောအခါ ကျွန်ုပ်တို့လုပ်သကဲ့သို့ အခြားသူများက လုပ်ပေမယ့် သူတို့ကျတော့ ကျွန်ုပ်တို့ရင်ဆိုင်ရသောပြဿနာမျိုးကို မရင်ဆိုင်ရသည်ကိုတွေ့ရှိလာပေမည်။ ဘုရားသခင်က ကျွန်ုပ် တို့ကိုမချစ်ပဲ ကျွန်ုပ်တို့ ကိုအမျက်ထွက်နေသောကြောင့် ထိုသို့သောပြဿနာမျိုးကို ရင်ဆိုင်စေခြင်းဖြစ်သည် ဟုကျွန်ုပ်တို့ထင်နိုင်သည်။ သို့သော် ဤသို့ ကောက်ချက် ချခြင်း သည် မှားယွင်းသည်။
                ယခုတွင် အပြစ်ပေးဆုံးမခြင်း၏မှန်ကန်သောအဓိပ္ပာယ်ကို လေ့လာကြပါစို့။
အပြစ်ပေးဆုံးမခြင်းခံရခြင်းက ကျွန်ုပ်တို့သည် ဘုရားသခင်၏ သားသမီးများဖြစ်ကြောင်းကို သက်သေပြသည်။
                အပြစ်ပေးဆုံးမခံရခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့ပထမဆုံးသိရမည့်အရာမှာ ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြောင်းကို ဤအချက်ကသက်သေပြသည်။ ဘုရားသခင်သည် မယုံကြည်သူ များကိုမဆုံးမပါ။ သူ့သားသမီးများကိုသာ ဆုံးမသည်။
                ကလေး ၅ ဦးသည် ခြံတစ်ခြံထဲတွင် ကစားနေကြသည်။ သူတို့သည် ရွှံ့များဖြင့် တကိုယ်လုံးပေကျံ လျက်ရှိကြသည်။ ရုတ်တရက်၊ မိခင်တစ်ဦးသည် ထွက်လာပြီး သူတို့ထဲမှ ၃-ဦးကို ဆုံးမသွန်သင်ပြီး ရွှံ့ထဲ တွင် နောက်ထပ် ထပ်မကစားရန် တားမြစ်ခဲ့သည်။ သူမ၏ သားသမီးများထဲမှ တစ်ဦးက ဤသို့စောဒက တက်သည်။ ““အမေ၊ အခြားကလေးတွေကိုကျတော့ ဘာကြောင့် မသွန်သင်တာလဲ”” ဘာကြောင့်လဲဆိုတော့၊ သူတို့ဟာ ငါ့သားသမီးတွေ မဟုတ်လို့ပဲ””ဟု အမေဖြစ်သူက ပြန်ပြောသည်။
                ကယ်တင်ခြင်းမခံရသူများသည် အပြစ်လုပ်သော်လည်း အပြစ်ကိုရင်ဝယ်ပိုက်လျက် အဆင်ပြေပြေ ဆက်လက်နေနိုင်သော်လည်း ဘုရား၏ သားသမီးတဦးက ထိုကဲ့သို့အပြစ်ကိုလုပ်သောအခါ ဘာကြောင့် အပြစ်ပေးဆုံးမခြင်းကိုခံရသလဲဆိုတာကို သင်တွေးကြည့်ဖူးပါသလား။ ဘုရားသခင်၏ သားသမီးများသာ အပြစ်ပေးခံရခြင်း၏အကြောင်းအရင်းမှာ မယုံကြည်သူများသည် ဘုရားသခင်၏ သားသမီးများမဟုတ် သောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် သူ၏သားသမီးများကိုသာ အပြစ်ပေးဆုံးမသည်။ မယုံကြည် သူများသည် သူတို့၏အပြစ်များတွက် နောက်ဘ၀၌ စီရင်ခြင်းကို ခံရမည်ဖြစ်သော်လည်း ဘုရားသခင်သည် ယခုဘ၀၌သာ သူ၏သားသမီးများကို အပြစ်ပေးဆုံးမသည်။ အကယ်၍ ဘုရားသခင်သည် သင့်ကို သွန်သင်ဆုံးမပါက သင်သည် ဘုရားသခင်၏သားသမီးဖြစ်ကြောင်းကို သက်သေပြခြင်းဖြစ်သည်။ ကျမ်းစာက ““သင်တို့သည် ဆုံးမတော်မူခြင်း ကိုခံလျှင်၊ သားတို့ကိုပြုသကဲ့သို့ ဘုရားသခင်သည် သင်တို့ ကို ပြုတော်မူ၏။ အကြောင်းမူကား၊ အဘမဆုံးမသောသား တစုံတယောက်ရှိသလော။ သားအပေါင်းတို့ သည် ခံတက်သောဆုံးမခြင်းကို သင်တို့သည် မခံဘဲနေလျှင် သားရင်းမဟုတ်။ မင်းဦးမင်းလွင်ရသော သားဖြစ်ကြ၏””ဟေဗြဲ ၁၂း ၇-၅
အပြစ်ပေး ဆုံးမခံရခြင်းက ကျွန်ုပ်တို့ကို ဘုရားသခင်က ချစ်ကြောင်းကိုသက်သေပြသည်။
                အပြစ်ပေးဆုံးမခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့သိရမည့် ဒုတိယအချက်မှာ ဘုရားသခင်က ကျွန်ုပ်တို့ကို ချစ်ကြောင်းကို ဤအချက်က သက် သေပြသည်။ ဘုရားသခင်က ကျွန်ုပ်တို့ကို အပြစ်ပေး ဆုံးမခြင်းမှာ ကျွန်ုပ်တို့ကို မနှစ်သက်၍ (သို့)အမျက်ထွက်၍ မဟုတ်ပါ။ သူသည် ကျွန်ုပ်တို့ ကိုချစ် သော ကြောင် အပြစ်ပေးဆုံးမခြင်းဖြစ်သည်။ ကျမ်းစာက ““ထာဝရဘုရားသည် ချစ်တော်မူသူကို ဆုံးမတော်မူ တတ်၏””ဟု ဆိသည်။ ဟေဗြဲ ၁၂း ၆
                စုံစမ်းနှောက်ယှက်ခြင်းများနှင့် ခက်ခဲမှုများသည် ကောင်းကင်ဘုံရှိ ကျွန်ုပ်တို့၏အဘထံမှ လာကြောင်းကို ကျွန်ုပ်တို့သိမြင်ပြီး ထိုအရာများ သည် ကျွန်ုပ်တို့ထံ ရောက်လာခြင်းမှာ ဘုရားသခင်က ကျွန်ုပ်တို့ကိုချစ်သောကြောင့်ဖြစ်သည်ကို နားလည်လာသောအခါ၊ ထိုအရာများပေါ်တွင်ထားသော ကျွန်ုပ် တို့၏ သဘောထားသည် လုံးဝပြောင်းလဲသွားမည်ဖြစ်သည်။ ဆာလံဆရာက ““ကိုယ်တော်ဆုံးမ၍ တရားတော်ကို သွန်သင်တော်မူသောသူသည် မင်္ဂလာရှိပါ၏”” ဟု ဆိုသည်။ ဆာ ၉၁း ၁၃
ဘုရားသခင်၏အပြစ်ပေးဆုံးမခြင်းကို ကျွန်ုပ်တို့မည်သို့ ခံယူသင့်သနည်း?
                နှုတ်ကပတ်တော်ထဲ၌ ဘုရားသခင်က သူ၏အပြစ်ပေးဆုံးမခြင်းကို လက်ခံရမည်ဟုပြောထားသည် ကျမ်းစာက ““ထိုမှတပါး၊ ငါ့သား ထာဝရ ဘုရား ဆုံးမတော်မူခြင်းကို မမှတ်ဘဲမနေနှင့်။ သင်၏အပြစ်ကို ဆုံးမတော်မူသောအခါ စိတ်မပျက်နှင့်။””ဟုဆိုသည်။
                ဤကျမ်းပုဒ်၌ ကျွန်ုပ်တို့သည် အပြစ်ပေးဆုံးမခြင်းကို ခံရသောအခါ ကျွန်ုပ်တို့ထားရမည့်သဘော ထား ၂-ခုရှိသည်ဟု ဘုရားသခင်က ပြောထားသည်။
(၁)        ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဆုံးမတော်မူခြင်းကို မထီမဲ့မြင် မပြုရပါ။
 ဤနေရာတွင် သုံးထား သော ““မထီမဲ့မြင်ပြုသည်””ဟူသော စကားစုသည် ““အရေးမပါသလို ပြုမူသည်””ကို ဆိုလိုခြင်းဖြစ်သည်။ ကျမ်းစာက ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဆုံးမခြင်းကို အရေးမပါသလိုမျိုး လျစ်လျူမရှုသင့်ပါဟု ပြောနေခြင်းဖြစ်သည်။ ဘုရားသခင်က ဆုံးမသောအခါ ထိုသို့ဆုံးမခြင်းကို အလေးအနက်ထားရမည်။ သူကဘာကို ကျွန်ုပ်တို့အား သင်ကြားပေးနေသည်ကို ရှာဖွေရမည်။
                ကောင်းကင်ဘုံရှိ ကျွန်ုပ်တို့၏အဘသည် ကျွန်ုပ်တို့ကို အဆက်မပြတ်လေ့ကျင့်သင်ကြားပေးနေသည်။ သို့သော် ဘုရား၏သားသမီးများစွာ တို့သည် သူတို့ဘ၀၌ ဖြစ်ပျက်သောအရာတို့၌ ဘုရားသခင်၏ လက်တော်ကို မမြင်ကြပါ။ သူတို့၌ ဖြစ်ပျက်သောအရာတို့သည် မတော်တဆ ဖြစ်ပျက်ခြင်း သာဖြစ်သည်ဟု ထင်ကြလျက်၊ ထိုအဖြစ်အပျက်များ၏ နောက်ကွယ်၌ ဘုရားသခင်ရှိနေသည်ကို ဘယ်တော့မှ နားမလည် ကြပေ။ ဤအရာများကို အသုံးပြု၍ ဘုရားသခင်က သူ၏အကြံအစည်တော်ကို သင်ကြားပေးနေသည်ကို နားမလည်ကြပေ။ မိမိ၏ဘ၀အခြေအနေတို့၌ ဘုရားသခင်၏ လက်တော်ကို မမြင်နိုင်ခြင်းသည် ခရစ်ယာန် တဦးအတွက် ၀မ်းနည်းဖွယ်ကောင်းသည်။ ဘုရားသခင်၏ ဆုံးမခြင်းကို မထီမဲ့မြင်ပြု (သို့) အလေးမထား ခြင်းသည်လည်း ၀မ်းနည်းဖွယ်ကောင်းလှသည်။
                သို့ဖြစ်၍ ဘုရား၏သားသမီးတဦးသည် ပထမဆုံး သင်ယူရမည့် သဘောထားများထဲမှ တစ်ခုမှာ သခင်၏ဆုံးမခြင်းကို အလေးအနက်ထား၍ ခံယူရန်ဖြစ်သည်။ နာမကျန်းမှုတိုင်းနှင့် မတော်တဆအဖြစ် အပျက်တိုင်းသည် ဘုရားသခင်၏ ဆုံးမခြင်းဖြစ်သည်ဟု ကျွန်ုပ်တို့မပြောလိုပါ။ သို့သော် ကျွန်ုပ်တို့၏ ဘ၀အဖြစ်အပျက်များနှင့် ပတ်သက်၍ ဂရုတစိုက်ရှိသင့်သည်။
                တစုံတခုသည် ဖြစ်ပေါ်လာသောအခါ၊ ကျွန်ုပ်တို့၏ ပထမဆုံးမေးရမည့်မေးခွန်းများမှာ ““ဤအရာက ဘာကိုဆို လိုတာလဲ”” ““ဘုရားသခင်က ငါ့ကို တခုခုကို သင်ယူစေလိုခြင်းလော့?”” ငါ့ဘ၀မှာ သူမ နှစ်သက်တဲ့အရာ တစုံတခုရှိသလော?”” စသည်တို့ဖြစ်သည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ အတွက် သခင်၏လုပ်ဆောင်မှု များကို အလေးအနက်ထား ရမည်။ မထားပါက၊ ကျွန်ုပ်တို့အတွက် အကျိုးဖြစ်ထွန်း မည်မဟုတ်ပါ။
(၂) ကျွန်ုပ်တို့ကို ဘုရားသခင်က ဆုံးမသောအခါ စိတ်မပျက်သင့်ပါ။
                ဤနေရာတွင် ““စိတ်ပျက်သည်””ဟူသော စကားစုသည် စိတ်ဓါတ်ကျသည်(သို့)မ၀ံ့မရဲဖြစ်လာသည် ကိုဆိုလိုသည်။ ဘုရားသခင်က ကျွန်ုပ်တို့ကို အပြစ်ပေးဆုံးမသောအခါ၊ ၀န်လေးစွာဖြင့် မခံယူဖို့ ကျမ်းစာက ပြောထားသည်။ ဘုရားသခင်က ကျွန်ုပ်တို့ကို ကိုင်တွယ် ဆက်ဆံနေစဉ် အတွင်း၊ ကျွန်ုပ်တို့ သည် စိတ်ပျက်လာနိုင်ပြီး အရှုံးပေးလိုသောစိတ်များပင် ဖြစ်ပေါ်လာနိုင်သည်။ ““ကျွန်ုပ်တို့သည် ခရစ်ယာန် အသက်တာကို အသက်မရှင်နိုင်ပါ””ဟူ၍ ထင်ကောင်းထင်လာနိုင်သည်။ သို့သော် ဘုရားသခင်က ကျွန်ုပ်တို့အား စိတ်ဓါတ်မကျဖို့ ပြောထားသည်။ သူသည် ကျွန်ုပ်တို့ကို အပြစ်ပေးဆုံးမနေခြင်းမှာ ကျွန်ုပ် တို့ကိုချစ်၍ ကျွန်ုပ်တို့အတွက် အကောင်းဆုံးအရာများကိုသာ ပြင်ဆင်ချပေးလိုသောကြောင့်ဖြစ်သည်ကို ကျွန်ုပ်တို့အား နားလည်စေလိုသည်။
ဖြောင့်မတ်ခြင်း၏ငြိမ်သက်ခြင်းကို ဖြစ်စေသော ၀ိညာဉ်အသီး
                စုံစမ်းနှောင့်ယှက်ခြင်းများ၊ အတွေ့အကြုံများနှင့် ဆုံးမခြင်းများကို ကျွန်ုပ်တို့ထံစေလွှတ်ခြင်းသည် ကျွန်ုပ်တို့၏အထွတ်အထိပ် အကျိုးစီးပွားကို လိုလားသောကြောင့် ဖြစ်သည်ကို ဘုရားသခင်သည် ကျွန်ုပ်တို့ အားသိမြင်စေသည်။ အပြစ်ပေးဆုံးမခံရခြင်းနှင့်ပတ်သက်၍ ၀မ်းမြောက်စရာ ဘာမျှ မရှိသော်လည်း၊ ဆုံးမခြင်းကို နည်းမှန်လမ်းမှန်အားဖြင့် ခံယူတုံ့ပြန်ပါက၊ ကျွန်ုပ်တို့၏ဘ၀တွင် အဖိုးထိုက်သောအသီးကို သီးစေ မည်ဖြစ်သည်။ ကျမ်းစာက ““ဆုံးမခြင်းမည်သည်ကား၊ ခံရစဉ်အခါ ၀မ်းမြောက်စရာမထင် ၀မ်းနည်းစရာ ထင်တတ်၏။ သို့သော်လည်း၊ ဆုံးမခြင်းကို ခံရသောသူတို့သည်၊ နောက်မှငြိမ်သက်ခြင်းနှင့် စပ်ဆိုင်သော ဖြောင့်မတ်ခြင်းအကျိုးကို ခံရကြ၏။ ဟေဗြဲ ၁၂း၁၁
                မည်သူ့ထံတွင် ဆုံးမခြင်းသည် ဖြောင့်မတ်ခြင်း၏ငြိမ်သက်ခြင်းကို ဖြစ်စေသောဝိညာဉ်အသီးကို သီးစေသနည်း။ ဘုရားသခင်၏ဆုံးမခြင်းကို စိတ်နှလုံးအကြွင်းမဲ့ခံယူ၍၊ ဆုံးမခြင်း၏လေ့ကျင့်သင်ကြား ပေးခြင်းကို ခံရသောသူတို့တွင် အသီးကိုသီးစေသည်။
                ဒါဝိဒ်သည် ဘုရားသခင်က သူကိုအပြစ်ပေးဆုံးမခြင်း၏ ဆိုလိုရင်းကို သိနားလည်ခဲ့သည်။ ဤအရာသည် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံ ရမည့်အရာ ဖြစ်သည်ကိုလည်း နားလည်ခဲ့သည်။ သူသည် သူကိုမမျှတစွာဆက်ဆံသည်ဟု ဘုရားသခင်အားမစွပ်စွဲပါ။ ဘုရားသခင်ကိုလည်း မနာကြည်းခဲ့ပါ။ ထိုသို့ ပြုလုပ်မည့်အစား၊ သူသည် ဘုရားသခင်ကသူ့အပေါ်တွင် သစ္စာရှိမှုအတွက် ကျေးဇူးတော်ကို ချီးမွမ်းခဲ့သည်။ ဒါဝိဒ်က ““အိုထာဝရဘုရား၊ စီရင်တော်မူချက်တို့သည် ဟုတ်မှန်ကြောင်းကို၎င်း၊ သစ္စာတော်နှင့် အညီ အကျွန်ုပ်ကိုဆင်းရဲစေတော်မူကြောင်းကို၎င်း၊ အကျွန်ုပ် သိပါ၏။””ဟုဆိုသည်။ ဆာလံ ၁၁၉း၇၅
                ဤပုံစံအတိုင်း ကျွန်ုပ်တို့သည်လည်း ဘုရားသခင်၏အပြစ်ပေးဆုံးမခြင်းကို ခံယူသင့်သည်။ သူလုပ်သောအရာများသည် လုံးဝဥဿုန် မှန်ကန်သည်ဟု သူ့အားပြောသင့်သည်။ သူ့အားကျေးဇူးတင်သင့်ပြီး သူသင်ကြားပေးနေသော ဘ၀သင်ခန်းစာများကို သိရှိနိုင်ဖို့ သင်ယူသင့်သည်။ ကျွန်ုပ်တို့၏နောက်မှ လိုက်သောလူများကို ကူညီပေးနိုင်ရန်အတွက် ကျွန်ုပ်တို့၏အတွေ့အကြုံများကို ဘုရားသခင်က အသုံးပြု လိမ့်မည်ဆိုတာကိုလည်း နားလည်ရမည်။ ကျမ်းစာက ““ထို့ကြောင့်၊ တွဲလွဲနေသောလက်တို့နှင့်၊ အားမရှိသော ဒူးတို့ကိုခိုင်ခံ့စေကြလော့။ ခြေမစွမ်းသောသူတို့သည် အဆစ်မပြုတ် သည်သာမက၊ ချမ်းသာရစေခြင်း ငှာ၊ သင်တို့သွားဘို့ရာဖြောင့်သောလမ်းတို့ကို ပြင်ဆင်ကြလော့။””ဟုဆိုသည်။ ဟေဗြဲ ၁၂း၁၂-၁၃
                ဤကျမ်းပုဒ်က ဘာကိုဆိုလိုသနည်း? ဆိုလိုသည်မှာ ကျွန်ုပ်တို့သည် မိမိဘာသာမိမိအသက်ရှင် နေခြင်းမဟုတ်ပဲ အခြားသူများအပေါ်တွင် အနည်းနှင့်အများလွှမ်းမိုးမှုရှိသည်။ အခြားလူများသည် ကျွန်ုပ်တို့၏နောက်ကို လိုက်နေကြသည်။ အကယ်၍ ကျွန်ုပ်တို့သည်နာခံခြင်းမရှိပါက၊ ကောက်သောလမ်း ကိုဖြစ်ပေါ်စေပြီး အခြားသူများအား လမ်းလွဲစေမည်ဖြစ်သည်။ သို့သော် သခင့်ကိုနာခံခြင်းဖြင့် လျှောက် လှမ်းပါက၊ အခြားသူများ လိုက်လျှောက်ရန်အတွက် ဖြောင့်သောလမ်းကို ဖြစ်စေကြမည်ဖြစ်သည်။
ရှာဖွေတွေ့ရှိရသော အဖိုးထိုက်ရတနာ
                ဘုရားသခင်က သူ၏သားသမီးများသည် နာခံခြင်းရှိစွာ သူနှင့်အတူအသက်ရှင်လျှောက်လှမ်းနိုင် ရန်အတွက် သူ၏သားသမီးများကို အပြစ် ပေး ဆုံးမခြင်းဖြစ်သည်။
မေးခွန်းများ
(၁)           ဆိုးညစ်ကောက်ကျစ်သူများသည် ဤကမ္ဘာပေါ်တွင် ချမ်းသာကြွယ်ဝလေ့ရှိပါသလား?
                (က)         ရှိပါတယ် (ခ) မရှိပါ
(၂)           ဆိုးညစ်ကောက်ကျစ်သူများသည် ဘယ်အချိန်တွင်သူတို့၏အပြစ်များအတွက် နောက်ဆုံးသော တရားစီရင်ခြင်းကို ခံ၇မည်နည်း?
                (က) ဘုရားသခင်က သူတို့ကိုအပြစ်ပေးဆုံးမသောအခါ
                (ခ) ဖြူသောပလ္လင်ကြီးရှေ့၌ တရားစီရင်ချိန်တွင်
                (ဂ) နောက်ဆုံးသောတရားစီရင်ခြင်းကို သူတို့သည် မခံရကြပါ။
(၃)           ဆုံးမသွန်သင်ခြင်းဆိုသည်မှာ...
                (က) ကျွန်ုပ်တို့လုပ်ခဲ့သော အမှားတခုခုအတွက် အပြစ်ဒဏ်ပေးခံရခြင်းဖြစ်သည်။
                (ခ) ကမ္ဘာပေါ်ရှိလူတိုင်းအတွက်ဖြစ်သည်။
                (ဂ) ကလေးငယ်ကို လေ့ကျင့်သင်ကြားပေးခြင်းဖြစ်သည်။
(၄)           ဘုရားသခင်သည် ကျွန်ုပ်တို့၏ဘ၀အခြေအနေများအားဖြင့် ကျွန်ုပ်တို့ကို ဆုံးမသွန်သင်ပါ သလား?
                (က) သွန်သင်ပါတယ် (ခ) မသွန်သင်ပါ။
(၅)           အပြစ်ပေးဆုံးမခြင်းသည်...
                (က) ဘုရားသခင်က ကျွန်ုပ်တို့ကို အမျက်ထွက်ကြောင်းကို သက်သေပြသည်။
                (ခ) ဘုရားသခင်သည် မကြာမီအချိန်အတောအတွင်း ကျွန်ုပ်တို့ကို စွန့်လွှတ်တော့မည်ကို သက်သေပြသည်။
                (ဂ) ကျွန်ုပ်တို့ကို ဘုရားသခင်ကချစ်ပြီး သူ၏သားသမီးများဖြစ်ကြောင်းကို သက်သေပြသည်။
(၆)           ဘုရားသခင်၏အပြစ်ပေးဆုံးမခြင်းကို ခံရချိန်တွင်၊ ကျွန်ုပ်တို့ထားရမည့်စိတ်သဘောထားမှာ-
                (က) ဆုံးမခြင်းသည် သိပ်ကြာမှာမဟုတ်ပါဘူး။
                (ခ) သခင်၏အပြစ်ပေးဆုံးမခြင်းကို မရွံရှာမမုန်းတီးရပါ။
                (ဂ) ကောင်းမှု့ကုသိုလ်များစွာကို စတင်ပြုလုပ်ပါက၊ ဘုရားသခင်သည် သူ၏ဆုံးမခြင်းကို ရပ်တန့်ကောင်းရပ်တန့်လိမ့်မည်။
(၇)           ယောသပ်၏အစ်ကိုများသည် ယောသပ်ကို ဘာလုပ်ခဲ့သနည်း။
                (က) အစေခံကျွန်အနေဖြင့် ရောင်းစားခဲ့သည်။
                (ခ) ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့သည်။
                (ဂ) ညစာစားပွဲတစ်ခုကို သူ့အတွက်ပြင်ဆင်ပေးခဲ့သည်။
(၈)           အပြစ်ပေးဆုံးမခြင်းသည် အပြစ်ဒဏ်ပေးခြင်းနှင့်အတူတူပင်ဖြစ်သည်။
                (က) တူသည် (ခ) မတူပါ။
(၉)           ဘုရားသခင်၏သားသမီးတစ်ဦးသည် ဆုံးမခံရချိန်၌၊ ပထမဆုံးသူ၌ရှိရမည့်သဘောထားမှာ..
                (က) ဆုံးမခံရသည့်အတွက် ခါးခါးသီးသီးဖြစ်ရန်၊
                (ခ) ဘုရားသခင်၏ ဆုံးမခြင်းကို အလေးအနက်ထား၍ ခံယူရန်
(၁၀)         ကျွန်ုပ်တို့၏အသက်တာများအားဖြင့် ပြုလုပ်ဖြစ်ပေါ်စေသောလမ်းများကို အခြားသူတို့ကလည်း နောက်မှလိုက်၍ လျှောက်လှမ်းမည်ဖြစ်သည်။
                (က) မှန် (ခ) မှား