ဘုရားသခင်၏ဆုံးမပဲ့ပြင်ခြင်း - Course 4, lesson 12



God’s Chastening
Practical Christian Living Course Four, Lesson 12

သော့ချက်ကျမ်းပုဒ် ။ ။ အလွဲမယူကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကို ခံတော်မမူ။ လူသည် မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကို ရိတ်ရ လိမ့်မည်။ ဂလာ ၆း ၇

ခရစ်ယာန်များအနေဖြင့် ကျွန်ုပ်တို့သည် နာခံခြင်းရှိရမည်ဟူသော မူဝါဒအားဖြင့် အသက်ရှင်ကြရ မည်ဖြစ်သည်။ ဘုရားသခင်သည် ဘယ်သောအခါမှ မိမိ၏သားသမီးများကို အပြစ်၌ မကျင်လည်စေလိုပေ။ ကျမ်းစာက““ချစ်သားတို့၊ သင်တို့သည် ဒုစရိုက်ကိုမပြုစေခြင်းငှာ၊ ဤအရာတို့ကို သင်တို့အားငါရေး၍ ပေးလိုက်၏။””ဟု ဆိုသည်။ ၁ယော ၂း၁

သို့သော်လည်း၊ ခရစ်ယာန်တို့သည် အမှန်တကယ်ပင်အပြစ်ကို ပြုလုပ်ကြပြီး ခရစ်ယာန်များစွာတို့သည် အပြစ်နှင့်ပတ်သက်၍ ပေါ့ပျက်ပျက် သာ သဘောထားကြသည်။ ဤသင်ခန်းစာ၌ ဤမေးခွန်းကို ကိုင်တွယ်ကြမည်ဖြစ်သည်။ ““ယုံကြည်သူတဦးဦး ဆန္ဒရှိရှိ(စိတ်ပါလျက်) အပြစ်ကို ကျူးလွန်ပါက ဘာဖြစ်မည်နည်း?

.

 

 

ယုံကြည်သူတဦး၏အသက်တာရှိ အပြစ်၏အကျိုးဆက်များ

သင်ခန်းစာ ၆ တွင် ယုံကြည်သူတဦး၏ဘ၀ထဲရှိ အပြစ်၏အကျိုးဆက်များထဲမှတစ်ခုကို လေ့လာ ခဲ့ကြပြီးဖြစ်သည်။ ၄င်းမှာ အပြစ်သည် ဘုရားသခင်နှင့် ကျွန်ုပ်တို့၏မိတ်သဟာယကို ဖျက်ဆီးပစ်သည်။ ဤသင်ခန်းစာတွင် ““အပြစ်သည် ဆုံးမပဲ့ပြင်တတ်သော ဘုရားသခင်၏ လက်တော်ကို ကျွန်ုပ်တို့အပေါ်သို့ ကျရောက်စေသည်”” ပင်ဖြစ်သည်။

ယုံကြည်သူတဦးသည် ခရစ်တော်အား သူ၏ကယ်တင်ရှင်အဖြစ် လက်ခံခဲ့ချိန်တွင် သူ၏အပြစ်များသည် လွှတ်ခြင်းခံရသည် ဆိုသည့် အချက်မှာ မှန်ကန်သည်။ သို့သော် ဤအချက်က သူ့စိတ်ကြိုက်အသက် ရှင်၍ သူလုပ်လိုသမျှ မည်သည့်အရာကိုမဆို လုပ်နိုင်သော အခွင့်ကိုမူ သူအား မပေးပါ။ သူသည် သူလုပ် ဆောင်မှုများ၏ လက်တွေ့ကျသောအကျိုးဆက်များကို ရင်ဆိုင်ရပေမည်။ ကျမ်းစာက ““အလွဲမယူကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကို ခံတော်မမူ။ လူသည် မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကို ရိတ်ရ လိမ့်မည်။””ဟု ဆိုသည်။ ဂလာ ၆း၇

ကျွန်ုပ်တို့သည် မည်သို့သောအပြစ်ကိုမဆို ကျူးလွန်ခဲ့သည်ဖြစ်စေ၊ ဘုရားသခင်ထံသို့သွား၍ ထိုအပြစ်ကို ၀န်ချတောင်းပန်ပြီး ခွင့်လွှတ်ပေးရန် တောင်းဆိုပါက ကျွန်ုပ်တို့သည် အပြစ်လွှတ်ခြင်းခံရမည် ဖြစ်သည်။ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့မှုကိုလည်း အလျင်အမြန်ပြန်လည် ရယူနိုင်သည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အပြစ်များကို ရိုးသားဖြောင့်မှန်စွာ ၀န်ချတောင်းပန်က၊ ဘုရားသခင်သည် အပြစ်အားလုံးတို့ကို လွှတ်ပေးရန် ဆန္ဒရှိသည်။ သို့သော် ဤအရာက ကျွန်ုပ်တို့၏အပြစ်များအတွက် ဆုံးမခြင်းကို မခံရပါဟု ဆိုလိုခြင်းမဟုတ်ပါ။

ဒါဝိတ်အား ဆုံးမပဲ့ပြင်ခြင်း

ဓမ္မဟောင်းကျမ်းထဲတွင် လူများစွာတို့၏ အသက်တာအကြောင်းအရာတို့ကို မှတ်တမ်းတင်ထားခြင်းမှာ ထိုသူတို့ဘ၀အသက်တာ၏ အတွေ့ အကြုံများမှ သင်ယူစရာများကို ကျွန်ုပ်တို့ သင်ယူနိုင်ကြရန် ဖြစ်သည်။ ဒါဝိတ်၏ကြီးစွာသော အပြစ်အကြောင်းအရာမှ ကျွန်ုပ်တို့သင်ယူရမည့် အလွန် အရေးကြီးသော သင်ခန်းစာ (၂)ခုရှိသည်။

(၁)           ကျွန်ုပ်တို့၏အပြစ်များသည် လွှတ်ခြင်းခံရမည်ဖြစ်သော်လည်း၊ ကျွန်ုပ်တို့လုပ်ဆောင်မှု၏ အကျိုးဆက်များကိုမူ မလွဲမသွေ ရင်ဆိုင်ရမည်။

(၂)           အချို့သောအပြစ်များသည် တစ်သက်တာလုံးစာ အတွက် အကျိုးဆက်များရှိသည်။

ဒါဝိတ်သည် ဘုရားသခင်၏ ကြီးမြတ်သောလူဖြစ်ရုံမက၊ အစ္စရေးနိုင်ငံကို အုပ်စိုးခဲ့သော ဘုရင်များအနက် အကြီးမြတ်ဆုံးသော ဘုရင်တစ်ပါး လည်းဖြစ်သည်။ သို့သော် ဒါဝိတ်သည် ၀မ်းနည်း ကြေကွဲဖွယ် အပြစ်လုပ်ခဲ့ပြီး သူ့အပြစ်၏အကျိုးဆက်များကို အလူးအလဲ ခံစားခဲ့ရသည်။

ဓမ္မရာဇ၀င် ၁နှင့် ၂တွင် ဒါဝိတ်၏ကြီးစွာသောအပြစ်အကြောင်းကို မှတ်တမ်းတင်ထားသည်။ ဒါဝိတ်၏တပ်သားများသည်  စစ်မြေပြင်၌ စစ်တိုက်ထွက်နေချိန်တွင် ဒါဝိတ်သည် မိမိနန်းတော်၌ ကျိန်းစံနေခဲ့ သည်။ ညနေခင်းတစ်ခုတွင် သူသည် နန်းတော်၏ လသာဆောင်တစ်ခု၌ လမ်းလျှောက် နေစဉ်၊ မိန်းမလှ တစ်ဦး ရေချိုးနေသည်ကို မြင်တွေ့ခဲ့သည်။ လိုချင်ရမ္မက်စိတ်သည် သူ့စိတ်ထဲသို့ ၀င်ရောက်လာခဲ့သည်။ သူသည် ဗာသရှေဘကို အထံတော်သို့သွင်းစေပြီး သူမနှင့် ဖောက်ပြားခဲ့သည်။

မကြာမီအချိန်တွင် ဗာသရှေဘက သူမသည် ဒါဝိတ်နှင့်ရသည့် ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်းကို ဒါဝိတ်အား အကြောင်းကြားခဲ့သည်။ ဗာသရှေဘ၏ ခင်ပွန်းဖြစ်သူ ဥရိယသည် စစ်တိုက်ထွက်နေပြီး အိမ်နှင့်ဝေးရာအရပ်တွင် အချိန်အတန်ကြာရှိနေသာကြောင့် သူ့မယားကို ပြစ်မှားခြင်း အပြစ်သည် မကြာမီ အချိန်အတောအတွင်း လူအများရှေ့၌ ထွက်ပေါ်လာတော့မည်ကို ဒါဝိတ် နားလည်ခဲ့သည်။

ဒါဝိတ်သည် သူ၏အပြစ်ကို ဖုံးကာရန်နှင့် သူအနေဖြင့် ဗာသရှေဘအား လက်ထပ်နိုင်ရန်အတွက် ဥရိယအား စစ်ပွဲအတွင်း၌ ကျဆုံးစေရန် စီမံခဲ့သည်။ ဒါဝိတ်သည် သူ့အပြစ်ကို အောင်မြင်စွာ ဖုံးကာနိုင်ခဲ့သည်ဟု ထင်ရသော်လည်း ကျမ်းစာက ““ဒါဝိတ်လုပ်ခဲ့သောအရာသည် ဘုရားသခင်အား မနှစ်မြိုစေခဲ့ပါ”” ဟုဆိုသည်။

ဘုရားသခင်သည် သူ့မယားကိုပြစ်မှားခြင်းအပြစ်နှင့် သူ့အသက်ကိုသတ်ခြင်းအပြစ်တို့ကို ကျူးလွန်ခဲ့သော ဒါဝိတ်အား ရင်ဆိုင်တွေ့ဆုံရန် အတွက် ပရောဖက်နာသန်အား စေလွှတ်ခဲ့သည်။ ဒါဝိတ် သည် သူ၏အပြစ်တို့ကို အမှန်တကယ် နောင်တရခဲ့ပြီး ဘုရားသခင်ထံဝန်ချတောင်းပန်ခဲ့သည်။ ဆာလံ ၅၁ တွင် ဒါဝိတ်၏၀န်ချတောင်းပန်မှုသည် မည်မျှနက်ရှိုင်းသည်ကို မှတ်တမ်းတင်ထားသည်။ ““အို ဘုရားသခင်၊ ကျေဇူးပြုချင်သော စေတနာစိတ် ရှိသည်အတိုင်း၊ အကျွန်ုပ်ကို သနားတော်မူပါ။ စုံမက်တော်မူခြင်း ဂရုဏာများပြားသည်နှင့်အညီ၊ အကျွန်ုပ်လွန်ကျူးခြင်းအပြစ်ကို ဖြေတော်မူပါ။ ဒုစရိုက် အညစ်အကြေးကို အကုန်အစင်ဆေးကြော၍၊ အကျွန်ုပ်ကို သန့်ရှင်းစေတော်မူပါ။ အကျွန်ုပ်လွန်ကျူးပါပြီဟု ၀န်ချလျက် ကိုယ်အပြစ်ကို အစဉ်မပြတ် အောက်မေ့လျက် နေပါ၏။”” ဆာ ၅၁း ၁-၃

ဤကျမ်းပုဒ်တို့ကို ကြည့်ခြင်းအားဖြင့် ဒါဝိတ်သည် သူ၏အပြစ်များနှင့် ပတ်သက်၍ အမှန် တကယ်ပင် သူ၏စိတ်နှလုံး ကျိုးပဲ့ကြေကွဲခဲ့သည်ကို တွေ့နိုင်သည်။ ဘုရားသခင်သည် ဒါဝိတ်၏ ၀န်ချ တောင်းပန်ခြင်းအား လက်ခံခဲ့ပြီး သူ့ကိုအပြစ်လွှတ်ကာ သူနှင့်ပြန်လည်မိတ်သဟာယဖွဲ့စေခဲ့သည်။ နာသန်က ဒါဝိတ်အား ““သခင်သည် သင်၏အပြစ်များကို ဖယ်ရှားပစ်ခဲ့ပြီးဖြစ်သောကြောင့်၊ သင်မသေဆုံး တော့ပါ””ဟူ၍ ပြောခဲ့သည်။

သို့သော် ဤမျှနှင့် ဤကိစ္စက မပြီးဆုံးသွားပါ။ ဘုရားသခင်သည် စင်္ကြာဝဠာကို အုပ်စိုးသူဖြစ်ပြီး သူသည် သန့်ရှင်း၍ ဖြောင့်မတ်သည်။ သူသည် ကျွန်ုပ်တို့၏အပြစ်များကို မမြင်ချင်ဟန်ဆောင်၍ ကျော်ကြည့်သွား၍မရသလို ကျွန်ုပ်တို့၏အပြစ်တို့ကို မသိသလိုမျိုး ဟန်ဆောင်၍လည်းမရပါ။ ဒါဝိတ်သည် ဘုရင်တစ်ပါးဖြစ်သော်ငြားလည်း ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းကို ခံခဲ့ရသည်။ ကျမ်းစာက ဘုရားသခင်သည် “အဘယ်သူ၏မျက်နှာကိုမျှ မှတ်တော်မမူ” ဟူ၍ပြောခဲ့သည်။ ရော၊ ၂း၁၁

ဒါဝိတ်၏ အပြစ်က ဘုရားသခင်၏ ရန်သူများအား ဘုရားသခင်၏နာမတော်ကို ရှုံ့ချနိုင်စေရန် အတွက် အခြေအနေပေးသလို ဖြစ်သွားသော ကြောင့်၊ ဘုရားသခင်က ““ဓားလက်နက်သည် သင့်အိမ်မှ ဘယ်သောအခါမှ ထွက်ခွာသွားလိမ့်မည်မဟုတ်။ အကြောင်းမှာ သင်သည် ငါ့အပေါ်တွင် ကျူးလွန်ခဲ့ပြီး”” ဟု ဆိုခဲ့သည်။

ဘုရားသခင်က သူ၏အပြစ်တို့ကို ခွင့်လွှတ်ပေးခဲ့သော်လည်း ဒါဝိတ်သည် သူ့ဒုစရိုက်အပြစ်များ၏ လက်တွေ့ကျသော အကျိုးအဆက်တို့ကို ဤလောက၌ရှိစဉ်ကာလတွင်း ရိတ်သိမ်းခဲ့ရသည်။ သူသည် ၀မ်းနည်းကြေကွဲစရာကိစ္စများစွာတို့နှင့် ရင်ဆိုင်ခဲ့ရသည်။ ဗာသရှေဘ မှ မွေးဖွားသော သားသည် သေဆုံး ခဲ့သည်။ သူ့သားများထဲမှ တစ်ဦးမှာ အသတ်ခံခဲ့ရသည်။ အခြားသားတဦးက ဒါဝိတ်အား ပုန်ကန်မှုကို ဦးဆောင်ခဲ့ပြီး စစ်ပွဲ၌ ကျဆုံးခဲ့သည်။ အမှန်တကယ်ပင် ဓားလက်နက်သည် ဒါဝိတ်၏အိမ်တော်မှ မထွက် ခွာသွားခဲ့ပါ။

ကျွန်ုပ်တို့၏အပြစ်များသည် လွှတ်ခြင်းခံရမည်ဖြစ်သော်လည်း၊ ကျွန်ုပ်တို့သည်လည်း ဒါဝိဒ်ကဲ့သို့ ပင်ကျွန်ုပ်တို့အပြစ်များ၏လက်တွေ့ကျသော အကျိုးဆက်တို့ကို ရင်ဆိုင်ကြုံတွေ့ရမည်ကို ကျွန်ုပ်တို့သိမြင် ကြပါရဲ့လား? အပြစ်သည် တစ်သက်တာလုံးစာအတွက် အကျိုးဆက်များရှိသည်ကိုလည်း မြင်ကြပါရဲ့လား?

ကျွန်ုပ်တို့ လုံးဝမလုပ်ရမည့်အရာအချို့

ခရစ်ယာန်တဦးသည် မိမိ၏အသက်တာကို နမော်နမဲ့အသက်မရှင်နိုင်သလို အပြစ်ကိုလည်း ပေါ့ပျက်ပျက် သဘောမထားနိုင်ပါ။ ဘုရားသခင် သည် ကျေးဇူးတော်နှင့်ကြွယ်ဝပြည့်စုံ၍ ကျွန်ုပ်တို့အပြစ်များကို လွှတ်ပေးလိုသော်လည်း၊ သူ၏ဆုံးမပဲ့ပြင်ခြင်းကို မခံရပါဟု ဆိုလိုခြင်းမဟုတ်ပါ။

ကျွန်ုပ်တို့သည် ပြင်းထန်ဆိုးဝါးသောအကျိုးဆက်တို့ကို ရှောင်လွှဲလိုပါက၊ ကျွန်ုပ်တို့မလုပ်ရမည့် အရာအချို့ရှိသည်။

(၁) ဆန္ဒ(စိတ်နှလုံး)ပါလျက် အပြစ်ကိုမကျူးလွန်ပါနှင့်

ဘုရားသခင်အား ဆန္ဒရှိရှိ(စိတ်နှလုံး)ပါလျက် တမင်သက်သက်မနာခံခြင်းသည် သူအားပုန်ကန်ခြင်းတမျိုးဖြစ်သောကြောင့်၊ ဘုရားသခင်၏ ဆုံးမတတ်သော လက်တော်ကို ကျွန်ုပ်တို့အပေါ်သို့ကျရောက်စေနိုင်သည်။ ဘုရားသခင်က သူ၏သားသမီးများ အမှားတစ်ခုခုလုပ်သည့်အခါတိုင်းတွင် ဆုံးမခြင်းမဟုတ်ပါ။ သူသည် ထိုကဲ့သို့ မဟုတ်ပါ။ သူသည် သူ့သားသမီးများကိုချစ်ပြီး သူတို့နှင့်ပတ်သက်လာလျှင် စိတ်ရှည်သည်းခံပြီး ညင်သာသည်။ ဒါဝိဒ်က ““ငါတို့အပြစ်များခြင်းနှင့်အလျောက်၊ ငါတို့၌ပြုတော်မမူတတ်၊ ငါတို့၌ဒုစရိုက်ရှိ သည်အတိုင်း အပြစ်ကိုပေးတော်မမူတတ်။ မြေကြီးပေါ်တွင် ကောင်းကင်အမြင့်ရှိသည်အတိုင်း၊ ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့၌ ဂရုဏာတော်သည် အားကြီးပေး၏။””ဟု ဆိုသည်။ ဆာ ၁၀၃း၁၀-၁၁

ဒါဝိဒ်က ဘုရားသခင်သည် သူ၏သားသမီးများအပေါ်တွင် အလွန်အမင်းကျေးဇူးတော် ကြွယ်ဝပြီး စိတ်ရှည်သည်းခံသည်ကို အသိ အမှတ် ပြုခဲ့သည်။

သို့သော် ဤကိစ္စနှင့်ပတ်သက်၍ အခြားတစ်ဖက်၌ ဆင်ခြင်စရာရှိသေးသည်။ ဘုရားသခင်သည် သူ၏သားသမီးများအပေါ်တွင် အလွန် စိတ်ရှည် သည်းခံတတ်သည်ကို အသိအမှတ်ပြုနေတုန်းတချိန်တည်း၌ပင် ကျွန်ုပ်တို့နားလည်ထားရမည့်အချက်မှာ ဆန္ဒ(စိတ်နှလုံး)ပါလျက် နာခံခြင်း မရှိသော လုပ်ဆောင်မှုတစ်ခုတည်းကတောင် မှ ပြင်းထန်ပြီး၊ သက်ရောက်မှုများစွာရှိသော အကျိုးဆက်တို့ကို ဖြစ်ပေါ်စေနိုင်သည်။

ပထမဦးဆုံးသော လူယောက်ျားနှင့် လူမိန်းမတို့၏ တစ်ခုတည်းသော မနာခံမှု ဖြစ်ရပ်ကြောင့် အပြစ်နှင့်သေခြင်းသည် ဤလောကအတွင်းသို့ ၀င်ရောက်လာခြင်းဖြစ်သည်။ အပြစ်၏ရလဒ်ဖြစ်သော ၀မ်းနည်းစရာများ၊ ခေါင်းခဲစရာများနှင့် ကြေကွဲဖွယ်ဖြစ်ရပ်များသည်လည်း ဤလောကအတွင်းသို့ ၀င်ရောက်လာခဲ့သည်။ ကျွန်ုပ်တို့အပိုင်းမှ နာခံခြင်းမရှိဘဲ လုပ်ဆောင်မှု တစ်ခုတည်းတောင်မှ ကြေကွဲဖွယ် နှင့်တခါတရံတစ်သက်တာလုံးအပေါ်တွင် သက်ရောက်မှုရှိသော အကျိုးဆက်တို့ဖြစ်ပေါ်စေနိုင်သည်။

ခရစ်ယာန်မိဘများ၏သားဖြစ်သူ လူငယ်တစ်ဦးသည် ကိုယ်ကျင့်တရားမရှိသော မိန်းမတစ်ဦးထံ သွားပြီး သူမနှင့် ကာမရောယှက်ခဲ့သည်။ တကြိမ်တခါတည်းသော လိင်ဆက်ဆံမှုမှတဆင့် သူသည်ကာလသားရောဂါတစ်ခုကို ရလိုက်သည်။ သူသည်ဆေးဝါးကုသမှုခံခဲ့သော်လည်း ဤရောဂါကို မထိန်းချုပ်နိုင်ခဲ့ ပါ။ ၃ နှစ်အတောအတွင်း သူသေဆုံးသွားခဲ့သည်။

(၂) ကျွန်ုပ်တို့သည် ကိုယ်ကာယ၏အလိုနောက်သို့လိုက်၍ အသက်မရှင်သင့်ပါ။

ကိုယ်ကာယ၏အလိုနောက်သို့လိုက်၍ အသက်ရှင်ခြင်းဆိုသည်မှာ ကိုယ်ကာယ၏ အလိုဆန္ဒနှင့် ရမ္မက်တို့၏ကျွန်အဖြစ် အသက်ရှင်ခြင်းကို ဆိုလိုသည်။ ကျမ်းစာက ဤသို့အသက်မရှင်ရန် သတိပေးထားသည်

ကိုယ်ကာယ၏အလိုနောက်သို့လိုက်၍ အသက်ရှင်သောကြောင့် တွေ့ကြုံရသောအကျိုးဆက်တို့အား ရှန်ဆုံ၏အသက်တာကို ကြည့်ခြင်းအား ဖြင့် သိနိုင်သည်။ သူ့လူများကို ရွေးနှုတ်သောသူအဖြစ် ဘုရားသခင်က ရှန်ဆုံးကို ရွေးချယ်ခဲ့သည်။ ဘုရားသခင်ကသူ့ကို ထူးခြားသော တန်ခိုးနှင့်စွမ်းရည် တို့ကို ပေးအပ် ထားသည်။ သူသည်ကြီးစွာသောလုပ်ရပ်တို့ကို လုပ်ဆောင်ခဲ့သည်။ သို့သော်ရှန်ဆုံသည် သူ၏ကိုယ်ကာယ ၏တပ်မက်မှုတို့ကို မထိန်းချုပ်နိုင်ခဲ့ပါ။

ရှန်ဆုံသည် ဒေလိလ ဟူသော ဖိတိတ်္တိမိန်းမနှင့် မတော်မလျော်သော ဆက်နွယ်မှုရှိခဲ့သည်။ ဒေလိလ ၏လုပ်ဆောင်မှုများက သူမသည် ရှန်ဆုံကိုသစ္စာဖောက်ပြီး သူ့ရန်သူများလက်ထဲသို့ အပ်နှံရန် ဆန္ဒရှိကြောင်းကို ရိုးရှင်းစွာပြသသည်။ ရှန်ဆုံကလည်းဤအရာကိုသိသည်။ သူ့အမှား လုပ်နေသည်ကို လည်းသူသိသော်လည်း ဒေလိလ နှင့်ကာမ ယှက်နွယ်မှုကို ဆက်လက်ပြုလုပ်ခဲ့သည်။ သူ၏လုပ်ဆောင်မှု များနှင့်စပ်လျဉ်း၍ ဘုရားသခင်သည် ရှန်ဆုံ၏စိတ်နှလုံး၌ ကြိမ်ဖန်များစွာပြောဆိုခဲ့သည်မှာ သံသယရှိ စရာမလိုပေ။

နောက်ဆုံးတွင် ဒေလိလ သည် သူမအကြံအစည်ကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ခဲ့ သည်။ သူမသည် ရှန်ဆုံကို သူ၏ ရန်သူများ လက်ထဲသို့ အပ်နှင်းခဲ့သည်။ ရှန်ဆုံက အရင်ကသူလုပ်ခဲ့သလို မျိုး သူ၏ကြီးစွာသော အားကိုသုံး၍ သူ့ရန်သူများကို အောင်နိုင်လိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော် ဘုရားသခင်သည် သူကိုစွန့်ခွာသွားပြီးဖြစ်သောကြောင့် သူသည် အခြားလူများထက် မသန်စွမ်းတော့ပါ။ ဖိလိတ်္တိ လူများသည် သူ၏မျက်စိကို ဖောက်ထုတ်ကာ သံကွင်းများဖြင့်ချည်နှောင်၍ အကျဉ်းချထားပြီး ကြိတ်ဆုံကို ကြိတ်စေခဲ့သည်။

ဒါဝိဒ်နှင့်ရှန်ဆုံတို့၏ အဖြစ်အပျက်များသာမက အခြားလူတို့၏အဖြစ်အပျက်တို့ကို ဓမ္မဟောင်း ကျမ်း၌ မှတ်တမ်းတင်ထားခြင်းမှာ သူတို့၏ အသက်တာကိုကြည့်၍ သင်ယူစရာများကို ကျွန်ုပ်တို့သင်ယူ နိုင်ကြရန်ဖြစ်သည်။ ကျမ်းစာက ““ထိုအကြောင်းအရာ ရှိသမျှတို့သည် ပုံသက်သေ ဖြစ်အံ့ သောငှာ ထိုသူတို့ ၌ရောက်ကြ၏။”” ၁ကော ၁၀း၁၁ ဟုဆိုသည်။

ရှန်ဆုံ၏အဖြစ်အပျက်မှ ကျွန်ုပ်တို့သင်ယူရမည့် သင်ခန်းစာမှာ ““ကိုယ်ကာယ၏အလိုနောက်သို့ လိုက်၍ အသက်မရှင်နှင့်”” ဖြစ်သည်။ ကျမ်းစာက ““သင်တို့သည် ဇာတိပကတိအတိုင်း အသက်ရှင်လျှင် သေရကြမည်””ဟုဆိုသည်။ ရော ၈း၁၃

အပြစ်အချို့တို့ကို ကျွန်ုပ်တို့ တင်ပြခဲ့ပြီးဖြစ်သည်။ သို့သော် ထိုအပြစ်တို့သာမက အခြားသော အပြစ်တို့ကလည်း ဘုရားသခင်၏ ဆုံးမတတ် သော လက်တော်ကို ကျွန်ုပ်တို့အပေါ်သို့ ကျရောက်စေနိုင် သည်။

ဝန်ချတောင်းပန်ထားခြင်းမရှိသော၊ မစွန့်လွှတ်သော မည်သည့်အပြစ်မဆိုသည် ဘုရားသခင်၏ ဆုံးမပဲ့ပြင်မှုအောက်သို့ ကျွန်ုပ်တို့ကို ကျရောက် စေသည်။

ဘုရားသခင်က ကျွန်ုပ်တို့ကို မိမိကိုယ်ကို မိမိ စစ်ကြောစီရင်စေလိုသည်

ဘုရားသခင်အား မနှစ်မြို့စေသောအရာတစ်ခုခုကို ကျွန်ုပ်တို့လုပ်နေပါက၊ သူသည် ပထမဆုံး ကျွန်ုပ်တို့၏ သြတ္တပ္ပစိတ်မှတဆင့် ကျွန်ုပ်တို့ကို စကားပြောသည်။ သူ၏နှုတ်ကပတ်တော်နှင့် သန့်ရှင်း သောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့လုပ်ဆောင်ချက်၏ မှားယွင်းမှုများကို ပြသရန်ကြိုးပမ်းသည်။ ဘုရားသခင်က သစ္စာရှိသော ခရစ်ယာန်တဦးကို ကျွန်ုပ်တို့အား သတိပေးရန် ကျွန်ုပ်တို့ထံ စေလွှတ်ကောင်း စေလွှတ်လိမ့်မည်။ ဘုရားသခင်က ကျွန်ုပ်တို့၏ အပြစ်များကို ၀န်ချတောင်းပန်စေလို၊ စွန့်လွှတ်စေလိုသည် ထိုမှသာ၊ သူသည် ကျွန်ုပ်တို့ကို စစ်ကြောစီရင်စရာမလိုတော့ပါ။ ကျမ်းစာက ““ငါတို့သည် ကိုယ်ကိုကိုယ် စစ်ကြောစီရင်လျှင်၊ စစ်ကြောစီရင်တော်မူခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်””ဟုဆိုသည်။ ၁ကော ၁၁း၃၁

ကျွန်ုပ်တို့သည် မိမိကိုယ်ကို မစစ်ကြော မစီရင်ပါက၊ ဘုရားသခင်က စစ်ကြောရမည်ဖြစ်သည်။ ဘုရားသခင်က ကျွန်ုပ်တို့ကို ဆုံးမပဲ့ပြင်ခြင်းမှာ ကျွန်ုပ်တို့ကို အလွန်ချစ်၍ နာခံခြင်းရှိစွာ အသက်ရှင်နိုင်ရန်အတွက်ဖြစ်သည်။ ကျမ်းစာက ““စစ်ကြောစီရင်တော်မူခြင်းကို ခံရကြသောအခါ၊ လောကီသား တို့ နှင့် အတူအပြစ်စီရင်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆုံးမတော်မူခြင်းကိုခံရကြ၏”” ဟုဆိုသည်။             ၁ကော ၁၁း ၃၂

ဘုရားသခင်က ကျွန်ုပ်တို့ကို မည်သို့ဆုံးမသနည်း? သူ့သားသမီးများကို ဆုံးမရန်အတွက် ဘုရားသခင်အတွက် ဘုရားသခင်တွင် နည်းလမ်း များ စွာရှိသည်။ သူသည် ကျွန်ုပ်တို့ကို နာမကျန်းဖြစ်စေမည် (သို့) မတော်တဆမှုတစ်ခုခုတွင် ပါဝင်စေမည်။ သူသည် ဘဏ္ဍာရေးအရ ကျွန်ုပ်တို့ကို ဆုံးရှုံးစေနိုင်သည် သာမက မိမိ၏ ချစ်သောသူတဦးဦးကိုပင် လက်လွှတ်ဆုံးရှုံးစေနိုင်သည်။ သူ့သားသမီးများကို ကိုယ်တွယ် ရန် ဘုရားသခင်တွင် နည်းလမ်းများစွာရှိသည်။ ဘုရားသခင်က ကျွန်ုပ်တို့ကို မည်သို့ဆုံးမမည်ကို ကျွန်ုပ်တို့မပြောနိုင်သော်လည်း၊ သူကဆုံးမခြင်းမှာ ကျွန်ုပ်တို့သည် ဆုံးမခြင်း ခံရန် လိုအပ်သောကြောင့် ဖြစ်သည်ကိုမူ သေချာသိနိုင်သည်။ ကျမ်းစာက ““ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူ တတ်၏။ လက်ခံတော်မူသမျှသောသားတို့ကို ဒဏ်ခတ်တော်မူတက်၏”” ဟုဆိုသည်။ ဟေဗြဲ ၁၂း၆

သတိပြုရန်…ဖျားနာခြင်းအားလုံးသည် ဘုရားသခင်၏ဆုံမခြင်းဖြစ်သည်ဟု မှားသောယူဆခြင်းကို ကျွန်ုပ်တို့ မဖြစ်စေရပါ။ သဘာဝအကြောင်းအရာများက များစွာသော ဖျားနာခြင်းကိုလည်း ဖြစ်စေသည်။

ကျွန်ုပ်တို့ကို ဆုံးမခြင်း၌ ဘုရားသခင်၏ရည်ရွယ်ချက်များ

ဘုရားသခင်သည် ရည်ရွယ်ချက်များထားလျက် သူ၏သားသမီးများကို ဆုံးမခြင်းဖြစ်သည်။ ၄င်းတို့ထဲမှ ၃ခုကို ကြည့်ကြပါစို့။

(၁) ကျွန်ုပ်တို့သည် နာခံခြင်းကိုသင်ယူနိုင်ရန်အတွက် ဘုရားသခင်က ဆုံးမခြင်းဖြစ်သည်။

ကျွန်ုပ်တို့သည် မိမိကိုယ်ကိုမိမိ သိသည်ထက်၊ ကောင်းကင်ဘုံရှိ ကျွန်ုပ်တို့၏ ခမည်းတော်က ကျွန်ုပ်တို့ကိုသာ၍ သိနားလည်သည်။ ကျွန်ုပ်တို့သည် ဇာတိသဘောအရ နာခံခြင်းမရှိသူများဖြစ်ကြသည် ကို သူသိသည်။ ဖခင်၏လက်ထဲတွင် ကြိမ်တုတ်ကိုမတွေ့မချင်း ဖခင်၏စကားကို နားမထောင်သော ကလေးများနှင့် ကျွန်ုပ်တို့သည်တူသည်။ အပြစ်ပေး ဆုံးမမှသာ ကျွန်ုပ်တို့သည် သူ့ကိုနာခံရန် သင်ယူကြ မည်ကို သူသိသည်။ ဒါဝိတ်က ““ကျွန်ုပ်သည်ဆင်းရဲမခံမှီ လမ်းလွဲပါ၏။ ယခုမူကား၊ ဗျာဒိတ်တော်အတိုင်း ကျင့်စောင့်ပါ၏””ဟု ဆိုသည်။ ဆာ ၁၁၉း ၆၇

ဘုရားသခင်က ကျွန်ုပ်တို့ကို ဆုံးမပြီးတာတောင်မှ ကျွန်ုပ်တို့သည် ဆက်ပြီးနာခံခြင်းမရှိဘဲ ပုန်ကန် ကောင်းပုန်ကန်လိမ့်မည်။ ယင်းမှာ ကြေကွဲဝမ်းနည်းဖွယ် ကောင်းလှသည်။ ဤအရာက ဆိုလိုသည်မှာ ကျွန်ုပ်တို့သည် ဘုရားသခင်အား နာခံရန် မသင်ယူသေးဘဲ သူ၏အုပ်စိုးခြင်းကိုလည်း မခံသေးပါဟုဆိုလို ခြင်းဖြစ်သည်။ ဤအချက်က ဘုရားသခင်၏စိတ်နှလုံးကို ကြေကွဲဝမ်းနည်းစေသည်။ အကြောင်းမှာ သူသည် သူ၏သားသမီးများ ဝေဒနာခံစားရသည်ကို မကြည့်ရက်သောကြောင့်ဖြစ်သည်။ သို့သော် ကျွန်ုပ် တို့သည် မိမိကိုယ်ကို သူထံသို့ မဆပ်ကပ်မချင်း သူသည် ကျွန်ုပ်တို့ကို ဆက်လက်ကိုင်တွယ်ရပေမည်။ မှန်ကန်သောစိတ်ဓာတ်မျိုးဖြင့် ဘုရားသခင်၏ ဆုံးမခြင်းကို လက်ခံရန်မှာ အရေးအကြီးဆုံးအရာတစ်ခု ဖြစ်သည်။ ကျမ်းစာက ““တနည်းကား၊ ကိုယ်ကာယနှင့်စပ်ဆိုင်သော အဘတို့လက်ဖြင့် ဆုံးမခြင်းကို ခံရသောအခါ၊ သူတို့ကို ရိုသေကြ၏။ ထိုမျှမက၊ စိတ်ဝိညာဉ်တို့၏ အဘအလိုသို့လိုက်၍ အသက်ချမ်းသာရ ကြမည်မဟုတ်လော”” ဟုဆိုသည်။ ဟေဗြဲ ၁၂း ၉

ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဆုံးမခြင်းကို အလျင်အမြန်သဘောတူနိုင်ပြီး ဤသို့ပြောနိုင်ပါစေ။ ““သခင်၊ သခင်၏စစ်ကြောစီရင်မှုသည် မှန်ကန်ဖြောင့်မတ်ပါသည်။ ကိုယ်တော်ထံသို့ မိမိကိုယ်ကို ဆပ်ကပ်အပ်နှံရန်အတွက် ကျွန်ုပ်လိုလားပါ၏””

(၂) ကျွန်ုပ်တို့သည် သူ၏သန့်ရှင်းတော်မူခြင်းကို ဆက်ဆံဝင်စားသူများဖြစ်နိုင်ရန်အတွက် ကျွန်ုပ်တို့ကို ဆုံးမခြင်းဖြစ်သည်။

ဘုရားသခင်က ကျွန်ုပ်တို့ကို ဆုံးမခြင်းမှာ ကျွန်ုပ်တို့ကို အမျက်ထွက်ပြီး အပြစ်ဒဏ်ပေးလိုသောကြောင့် မဟုတ်ပါ။ ဘုရားသခင်က ကျွန်ုပ်တို့ ကို ကိုင်တွယ်ခြင်းအားလုံးတို့မှာ ကျွန်ုပ်တို့၏ ကောင်းကျိုး အတွက်သာဖြစ်သည်။ သူသည်သူ၏သားသမီးများအား ““ကလေးကို လေ့ကျင့် သင်ကြား ပေးသကဲ့သို့”” လေ့ကျင့်ပေးနေခြင်းဖြစ်သည်။ ဘုရားသခင်က ကျွန်ုပ်တို့ကို ဆုံးမခြင်း၏ ရည်ရွယ်ချက်မှာ ကျွန်ုပ်တို့ သည် သူ၏သန့်ရှင်းခြင်းကို ဆက်ဆံ ၀င်စားသူများဖြစ်လာကြရန်ဖြစ်သည်။ ကျမ်းစာက ““အကြောင်းမူကား ထိုအဘတို့သည် မိမိအလိုသို့လိုက်၍ တခဏသာဆုံးမပေးကြ၏။ ကိုယ်တော်မူ ကား၊ မိမိသန့်ရှင်းခြင်း ပါရမီတော်ကို ငါတို့သည် ဆက်ဆံစေခြင်းငှာ၊ ငါတို့အကျိုးကိုထောက်၍သာ ဆုံးမပေးတော်မူ၏””ဟု ဆိုသည်။ ဟေဗြဲ ၁၂း ၁၀

ဘုရားသခင်သည် ဆုံးမခြင်းအားဖြင့် သူ၏သန့်ရှင်းခြင်းကို ကျွန်ုပ်တို့အတွင်းသို့ ပေါင်းစပ်ပေးသည်။ သူကဆုံးမချိန်တွင် ကျွန်ုပ်သည် ““သခင်၊ ဤသို့ဆုံးမခြင်းအားဖြင့် ဘာကိုသင်ကြားပေးနေ သနည်း?””ဟုမေးသင့်သည်။ ဘုရားသခင်၏အလိုတော်ကို ပိုမိုသိရှိလာနိုင်ရန်နှင့် သူနှင့်ပို၍ တူလာအောင် ကျွန်ုပ်တို့အား ဆုံးပဲ့ပြင်ပေးခြင်းဖြစ်သည်။

(၃) ကျွန်ုပ်တို့သည် သူ၏နာမတော်ကို ချီးမြှောက်နိုင်ရန်အတွက် ဘုရားသခင်က ကျွန်ုပ်တို့ကို ဆုံးမခြင်း ဖြစ်သည်။

ဘုရားသခင်၏ ဆုံးမပဲ့ပြင်ပေးမှုကြောင့်၊ ဒါဝိတ်သည် ဘုရားသခင်၏ စိတ်တော်နှင့်တွေ့သူတဦး ဖြစ်လာသည်။ ဒါဝိတ်၏နာမည်ကို ဟေဗြဲ ၁၁ တွင် စာရင်းသွင်းထားသည်။ ဤအခန်းကြီးတွင် ဘုရား သခင်၏ ““ကျော်ကြားသူများစုဝေးရာခန်းမ””ကို ဖော်ပြထားသည်။ မိမိတို့၏ယုံကြည်ခြင်းနှင့် လုပ်ဆောင် မှုများအားဖြင့် ဘုရားသခင်၏ ဂုဏ်အသရေတော်ကို ထင်ရှားစေသူများကို ဤနေရာ၌ စာရင်းပြုစုထားခြင်း ဖြစ်သည်။

ရှန်ဆုံသည် သူ၏အပြစ်ကို နောင်တရခဲ့ပြီး ဘုရားသခင်၏ ရန်သူများကို သူအသက်ရှင်စဉ်က သတ်သည်ထက် သာ၍များသောရန်သူတို့ကို သူ၏သေဆုံးချိန်၌ သတ်ဖြတ်ခဲ့သည်။ ရှန်ဆုံကိုလည်း“ဘုရားသခင်၏ ကျော်ကြားသူများစုဝေးရာခန်းမ”(Hall of Fame) ထဲတွင် စာရင်း သွင်းထားသည်။

ဘုရားသခင်က ကျွန်ုပ်တို့ကို ဆုံးမပဲ့ပြင်ပေးခြင်းမှာ ကျွန်ုပ်တို့သည် သူ၏နာမတော်ကို ထင်ရှားစေနိုင်ရန် ဖြစ်သည်။

(၄) ကျွန်ုပ်တို့သည် သူ၏နာမတော်ကို ခိုင်မာစေကြရန်အတွက် ဘုရားသခင်က ကျွန်ုပ်တို့အား ဆုံးမခြင်း ဖြစ်သည်။

ကျွန်ုပ်တို့သည် ခရစ်တော်၏နာမတော်ကို ယူဆောင်ထားကြသည်။ ခရစ်ယာန်တဦးသည် ““ခရစ်တော်၏လူတဦး”” ဖြစ်သည်။ ကျွန်ုပ်တို့ လုပ်သောအရာတို့သည် သူ့အပေါ်တွင် သက်ရောက်မှုရှိသည်။ အကယ်၍ ကျွန်ုပ်တို့သည် သူ၏နာမတော်ကို ဆန့်ကျင်ပါက သူသည် ကျွန်ုပ်တို့ကို ဆုံးမ လိမ့်မည်။ ဒါဝိတ်၏အခြေအနေမျိုးတွင် ဘုရားသခင်က သူသည် ဒါဝိတ်၏အပြစ်များနှင့် ပတ်သက်ဆက်စပ်မှု လုံးဝ မရှိကြောင်းကို သူ၏လုပ်ဆောင်မှုများ အားဖြင့် ပြသခဲ့သည်။ သူသည် ဒါဝိတ်၏အပြစ်ကို မကြေအေးခဲ့သလို၊ ကျော်မကြည့်သွားခဲ့ပါ။ ကျွန်ုပ်တို့သည်လည်း သူ၏နာမတော်ကို ညှိုးနွမ်းစေပါက၊ သူသည် ထိုကဲ့သို့ ပင်ပြုလုပ်လိမ့်မည်။ ထိုကဲ့သို့ဆုံးမခြင်းခံနေရသည့် အချိန်မျိုးတွင်၊ ကျွန်ုပ်တို့၏ ဦးခေါင်းကို ညွတ်၍ ဘုရားသခင်အား ဤသို့ပြော၍ ၀တ်ပြုကိုးကွယ်ပါ။ ““သခင်၊ ကျွန်ုပ်သည် ဤကိစ္စ၌ သခင်၏ဆုံးမခြင်း ကို ၀မ်းမြောက်စွာ လက်ခံပါ၏။ ကျွန်ုပ်၏ အပြစ်ကြောင့် ဤသို့ ဆုံးမခြင်း ခံရသည်ကို လည်း အသိအမှတ် ပြုပါ၏။ ကျွန်ုပ်သည် သခင်၏လူများ၊ လောကလူများနှင့် စာတန်တို့အား ကိုယ်တော်သည် ဤအပြစ်နှင့် ပတ်သက် ဆက်စပ်မှု လုံးဝမရှိဘဲ ကျွန်ုပ်၏အမှားသက်သက်သာဖြစ်ကြောင်းကို ၀မ်းမြောက်စွာ သိစေပါ မည်။

ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းကို မြန်နိုင်သမျှ မြန်မြန် လက်ခံ၍ အသိအမှတ်ပြု လေလေ၊ ဘုရားသခင်၏ ဆုံးမခြင်းသည် လည်း လျင်မြန်စွာ ပြီးဆုံးသွားမည်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ၊ ဆင်ခြေပေး၍ အပြစ်မှ ရှောင်ရှားကာ၊ အခြားသူများအပေါ်တွင် အပြစ်ပုံချပါက ဘုရားသခင်၏ ဆုံးမခြင်းသည် ကြာရှည်စွာ ကျွန်ုပ်တို့နှင့်အတူ ရှိနေမည်ဖြစ်သည်။

ဘုရားသခင်ကို ကြောက်ရွံ့ခြင်းသည် ဥာဏ်ပညာ၏အစဖြစ်သည်။

ဘုရားသခင်အား ရိုသေလေးမြတ်သောစိတ်သည် ယုံကြည်သူတိုင်းတွင်ရှိသင့်သည်။ ထိုစိတ်က သူတို့အား ဘုရားသခင်၏စကားကို နားထောင်ရန် လှုံ့ဆော်ပေးသင့်သည်။ ကျွန်ုပ်တို့သည် သူ့ကို ဆန္ဒရှိရှိ(စိတ် ပါလျက်) မနာခံပါက၊ ကျွန်ုပ်တို့အား ဆုံးမမည်ကို ဘုရားသခင်က ပြောထား ပြီး ဖြစ်သလို၊ သူ၏စကားအတိုင်း လုပ်ဆောင်မည်ကိုလည်း ကျွန်ုပ်တို့သိကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို အမှန်တကယ်ချစ်ပြီး ရိုသေ လေးမြတ်ပါက၊ သူ့အား မနာခံလိုမည် မဟုတ်ပေ။ ဤကဲ့သို့သော ချစ်ကြောက်ရိုသေမှုသည် ကျွန်ုပ်တို့အား ဥာဏ်ပညာရှိစေပြီး မှန်သောရွေးချယ်မှု တို့ကို ပြုလုပ်စေသည်။ ထို့ကြောင့် ကျမ်းစာက ““ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ၏အစဖြစ်၏””ဟုဆိုခြင်းဖြစ်သည်။ သု ၉း ၁၀

ကျွန်ုပ်တို့သည် ဖြောင့်မတ်မှုကို ချစ်မြတ်နိုး၍ အပြစ်ကိုမုန်းတီးနိုင်ကြပါစေ။ အကြောင်းတခုခုကြောင့်၊ ဘုရားသခင်၏ ဆုံးမတတ်သော လက်တော်သည် ကျွန်ုပ်တို့အပေါ်သို့ ကျရောက်လာပါက၊ မှန်ကန်သောစိတ်သဘောထားမျိုးဖြင့် ဆုံးမခြင်းကို လက်ခံရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ““သခင်၊ ကျွန်ုပ်တို့မှားတာကို ကျွန်ုပ်သိပါ၏။ သခင်လုပ်သောအရာတို့သည် လုံးဝဥသုန် မှန်ကန်ပါ၏။ သခင်သာ ကျွန်ုပ်တို့ကို မကိုင်တွယ်ခဲ့ပါက၊ ကျွန်ုပ်ဘာဖြစ်သွားမည်ကို မသိနိုင်ပါ။ ကိုယ်တော်၏ချစ်ခြင်းမေတ္တာနှင့် သစ္စာရှိမှုအတွက် ကိုယ်တော်ကို ချီးမွမ်း၍ ကျေးဇူးတင်ပါ၏””ဟုပြောသင့်သည်။

ရှာဖွေတွေ့ရှိသောအဖိုးထိုက်ရတနာ

ဘုရားသခင်က ကျွန်ုပ်တို့၏အပြစ်များကို ခွင့်လွှတ်သော်လည်း၊ ကျွန်ုပ်တို့လုပ်ဆောင်ခဲ့မှု၏ လက်တွေ့ကျသောအကျိုးဆက်ကိုမူ ရင်ဆိုင်ရမည်။

မေးခွန်းများ မှန်/မှား

၁။           အပြစ်သည် ဘုရားသခင်နှင့်ကျွန်ုပ်တို့၏မိတ်သဟာယကို ဖျက်ဆီးသည်။

၂။            ဘုရားသခင်ကအပြစ်ကို မနှစ်သက်သော်လည်း အပြစ်အတွက် ကျွန်ုပ်တို့ကို မဆုံးမပါ။

၃။            ကျွန်ုပ်တို့၏အပြစ်အတွက် ၀န်ချတောင်းပန်ပြီးသည်နှင့် တပြိုင်နက် ကျွန်ုပ်တို့သည် ခွင့်လွှတ်ခြင်း ခံရပြီး ထိုအပြစ်၏အကျိုးဆက်တို့မှာ ဖယ်ရှားခြင်း ခံရမည်ဖြစ်သည်။

၎။            ဇာတိပကတိ၏ အလိုအတိုင်း အသက်ရှင်ခြင်းဆိုသည်မှာ ကိုယ်ကာယ၏ဆန္ဒရမ္မက်များ၏ကျွန် အဖြစ် အသက်ရှင်ခြင်းဖြစ်သည်။

၅။            ကျွန်ုပ်တို့အပြစ်လုပ်သောအခါ ဘုရားသခင်က ဆုံးမခြင်းမှာ သူသည်အမျက်ထွက်သောကြောင့် ဖြစ်သည်။

၆။            ယုံကြည်သူတဦးသည် ခရစ်တော်ကို သူ၏ကယ်တင်ရှင်လက်ခံချိန်တွင် သူ၏အပြစ်များသည် လွှတ်ခြင်းခံရသည်။

၇။            အချို့သောအပြစ်တို့တွင် တစ်သက်တာလုံးအပေါ်တွင် သက်ရောက်မှုရှိသော အကျိုးဆက်များရှိသည်။

၈။            သူ၏သားသမီးများက အမှားတစ်ခုခုကို လုပ်သည့်အခါတိုင်းတွင် ဘုရားသခင်သည် ဆုံးမသည်။

၉။            ဘုရားသခင်က ကျွန်ုပ်တို့အား မိမိကိုယ်ကိုမိမိ စစ်ကြောစီရင်စေလိုသည်။

၁၀။          ဘုရားသခင်က ကျွန်ုပ်တို့ကို ဆုံးမခြင်းမှာ နာခံခြင်းကို သင်ယူနိုင်ရန်အတွက် ဖြစ်သည်။

ရဲလင်းထွန်း (အင်းစိန်)