သခင်အသစ် - Course 3, Lesson 11



A New Master
New Life in Christ Course III, Lesson 11

ဖတ်ရန်ကျမ်းချက်၊  ရော၊ ၆း၁-၁၄။ ၂ကော၊ ၅း၁၄-၁၅။

သော့ချက်ကျမ်းပုဒ်၊ လူအပေါင်းတို့သည် သေလျက်နေကြသည်ဟူ၍၎င်း၊ အသက်ရှင်သောသူတို့သည် တဖန် ကိုယ်အလိုသို့ လိုက်၍မရှင်၊ သူတို့အတွက်ကြောင့်အသေခံပြီးမှ ထမြောက်တော်မူသောသူ၏ အလိုသို့လိုက်၍ ရှင်စေမည်အကြောင်း၊ လူအပေါင်းတို့အတွက်ကြောင့် အသေခံတော်မူသည်ဟူ၍၎င်း၊ ငါတို့သည် သဘောထားလျက်၊ ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်သည် ငါတို့ကို အနိုင်အထက် သွေးဆောင်၏။  - ၂ကော ၅း၁၅။

စင်္ကြာဝဠာ၌ ကြောက်စရာအကောင်းဆုံးသည် အပြစ်ဖြစ်သည်။

လူစီဖာသည် ဖန်ဆင်းခံရာထဲ၌ ပညာအရှိဆုံးနှင့် အလှပဆုံးသော ကောင်းကင်တမန်တပါးဖြစ်၏။ သို့သော် အပြစ်က သူ့ကို ဘုရားသခင်၏ရန်သူနှင့် လူ၏ရန်သူ ဖြစ်သော စာတန် အဖြစ်သို့ ပြောင်းလဲခဲ့၏။ အပြစ်သည် အာဒံနှင့်ဧဝတို့ကိုလည်း ချစ်တော်မူသော ဖန်ဆင်းရှင်နှင့် အဆက်ပြတ် စေခဲ့၏။ အပြစ်သည် ဘုရားသခင် ၏ ပုံသဏ္ဍာန်တော် နှင့် အညီ ဖန်ဆင်းခြင်းခံရသောလူကို အပြစ်နှင့်စာတန်၏ကျွန်ဘဝသို့ ပြောင်းလဲစေခဲ့၏။

.

ဘုရားသခင်သည် အပြစ်ကိုမုန်း၍ ကျွန်ုပ်တို့ကို အပြစ်တန်ခိုးအောက်မှ လွှတ်မြောက်စေခဲ့ပြီး။ ခရစ်တော်ထဲ ၌ အမှောင်နိုင်ငံထဲမှ ထွက်မြောက်ခဲ့ပြီးဖြစ်သည်။ အပြစ်သည်ကျွန်ုပ်တို့ကို အုပ်စိုးခွင့်မရှိတော့ပါ။ အပြစ် တရား အုပ်စိုးသော အမှောင်နိုင်ငံထဲ၌ ကျွန်ုပ်တို့ မရှိတော့သောကြောင့် ဖြစ်သည်။

သို့သော်အပြစ်တရားသည် သူ၏တန်ခိုးဖြင့် လူကိုတားဆီးနှောက်ယှက်ရန် နည်းလမ်းများစွာ ရှိပါသည်။ ဇာတိ ပကတိသည် တခုသော နည်းလမ်းဖြစ်သည်။ ဇာတိပကတိသည် လူ၏အပြစ်ဗီဇတခုဖြစ်ပြီး၊ ဘုရားသခင် ထံမှ ကျွန်ုပ်တို့ကိုကွဲကွာစေခဲ့၏။ ဇာတိပကတိ၏ ပုံစံတခုမှာ အတ္တ(ငါ) ဖြစ်၏။ ဇာတိပကတိ ဖြစ်သော “FLESH” မှနောက်ဆုံးစာလုံး “H”ကို ဖြုတ်ပြီးနောက် မှ ပြန် ဖတ် လျှင် “SELF” အတ္တဟူသော စကားလုံးကို သင်ရရှိပေမည်။

ကျွန်ုပ်တို့၏နှလုံးပလ္လင်ပေါ်၌ အတ္တအုပ်စိုးခြင်းသည် ဘာကိုဆိုလိုပါသနည်း။ အတ္တသည် ဗဟိုပြု အုပ်စိုးခြင်း နှင့် မိမိ၏ အလိုလမ်းကိုသာ လိုက်လျှောက်လိုခြင်းဖြစ်သည်။

အတ္တဗဟိုပြုသော အသက်တာသည် ကျွန်ုပ်တို့၌ ဘယ်လိုဖြစ်လာခဲ့ပါသနည်း။ ပထမလူအာဒံသည် ဘုရား သခင်၏ ပုံသဏ္ဍာန်နှင့် အညီ ဖန်ဆင်းခြင်းကို ခံခဲ့ရပြီး သူသည်ဘုရားသခင်ကို ချစ်ကာ ဘုရား၏ အလိုကို လုပ်ဆောင်ရန် သာ အလိုရှိ၏။ သူသည် ဘုရားကို ဗဟိုပြုသော အသက်တာ ရှိသော လူဖြစ်ပြီး ဘုရားသခင် သည် သူ၏နှလုံးသား ပလ္လင်၌ ဘုရင်ဖြစ်တော်မူ၏။

သို့သော်အာဒံသည် စုံစမ်းခြင်းကိုခံရစဉ် ဘုရားစကားနားမထောင်ခြင်းကို ရွေးခဲ့၏။ သူ၏နှလုံးပလ္လင်မှ ဘုရားသခင် ကို ဖယ်ပြီး အတ္တ(ငါ)ကို အုပ်စိုးခွင့်ပေးခဲ့၏။ ဤကားကြီးမားသောအပြစ်ဖြစ်၏။

ထိုနောက် အာဒံသည် သူ၏ဗီဇအပြစ်နှင့် အတ္တဗဟိုပြုသော အသက်တာကို သူ၏သားစဉ်မြေးဆက်မှတဆင့် လူသား အားလုံး အပေါ်သို့ လက်ဆင့်ကမ်းခဲ့၏။ အာဒံသည် မိမိကဲ့သို့သော အတ္တအုပ်စိုးသော အသက်တာ ရှိသော လူသားများကို ဖြစ်ပွားစေခဲ့၏။ လူသည် ဘုရားသခင်ကို ချစ်ရန် နှင့် ကိုးကွယ်ရန် ဖန်ဆင်းခြင်းကို ခံရသော်လည်း မိမိ ကိုယ်ကိုသာ ချစ်ပြီး၊ မိမိကိုယ်ကို ကိုးကွယ်ခြင်းကိုသာခံလို၏။ လူသည် ဘုရား၏ အလို တော်လမ်းကို လိုက်လျှောက် ရမည့်အစား မိမိ၏ စိတ်ကြိုက် လမ်းကိုသာ လိုက်လျှောက်လို၏။ ''ငါတို့ ရှိသမျှသည် သိုးကဲ့သို့ လမ်းလွှဲလျက်၊ ကိုယ်လမ်းသို့ အသီးအသီး လိုက်သွား ကြသည် ဖြစ်၍..''(ဟေရှာ၊၅၃း၆)

ကျွန်ုပ် ဒုတိယမွေးခြင်းခံပြီးနောက် ဘာဖြစ်လာခဲ့သနည်း။ အခြားသောပဂ္ဂိုလ်တစ်ဦးဖြစ်သော ယေရှုခရစ် သည် ကျွန်ုပ်၏ နှလုံးသားတွင်းနေရန် ဝင်ရောက်လာပြီးဖြစ်သည်။ ဤကား အံ့သြဘွယ်ဖြစ်သည်။ သို့သော် ဒုတိယ မွေးခြင်း ခံပြီးသော်လည်း မူလ အပြစ်ဟောင်း ဖြစ်သော ဇာတိပကတိသည် ကျွန်ုပ်တို့၌ ဆက်လက် ရှိနေဆဲ ဖြစ်သည်။ ခရစ်တော်နှင့် အတ္တသည် တပြိုင်တည်း အတူအုပ်စိုး၍ မရသောကြောင့် အတ္တသည် ပြသနာကိုဖန်တီး ပါသည်။ အတ္တကသာ ဆက်လက် အုပ်စိုးလိုသည်။ ကျွန်ုပ်တို့၏ အသက်တာကို ခရစ်တော် က သာလျှင် အမှန်တကယ် အုပ်စိုးထိုက်သည်။ သို့သော် အတ္တ၏ အလိုဆန္ဒက အသက်တာကို ကြိုးစား၍ အုပ်စိုး ရယူလိုသည်။ ခရစ်ယာန်တိုင်းက အသက်တာ၌ ခရစ်တော်(သို့) အတ္တတခုခုကို အုပ်စိုးခွင့်ပေးရန် ရွေးချယ် ရပေမည်။ သခင်နှစ်ဦး တပြိုင်တည်းအုပ်စိုး၍ မရနိုင်ပါ။ ကျွန်ုပ်တို့သည်တဦး(သို့)အခြားတဦးကို ရွေးချယ်ရပေမည်။

ဤဆုံးဖြတ်ချက်ကို မပြုလုပ်မီ အတ္တအုပ်စိုးသောအသက်တာ၌ ဘာတွေဖြစ်ပျက်နေပါသနည်း၊ နားလည်ရန် လိုအပ်ပါ သည်။ အချို့သော အတ္တသဘောများကို ကျွန်ုပ်တို့၌ ထင်ရှားစွာတွေ့နိုင်ပါသည်။

အတ္တ-အချစ်

ကမ္ဘာပေါ်တွင် အခြားသောသူတဦးထက် သာ၍ချစ်ရန် အကောင်းဆုံးသောသူမှာ မိမိကိုယ်ပင်ဖြစ်သည်။ ကျွန်ုပ် တို့သည် သူတပါး၏ အားကိုးခြင်း၊ ရိုသေခြင်းကို ခံလိုကြသည်။ မိမိကိုယ်ကို ဦးစားပေးခြင်းထက် အခြားသော အရာများသည် မည်သည့် အရာကမျှ အရေးမကြီးပါ။

အတ္တ-မာန

ဤလောက၌ ကျွန်ုပ်အတွက် ဘယ်သူသည် အရေးကြီးဆုံးလဲ။ ကျွန်ုပ်ကိုယ်တိုင်ပင်ဖြစ်သည်။ ကျွန်ုပ်၏ နာမည် ထက် နားဝင်ချိုသော အခြားနာမည်မရှိပါ။ မိမိကိုယ်တိုင်ဝါကြွားလိုပြီး၊ မိမိသာ အရေးကြီးကြောင်း နှင့် အခြားသော သူများကို နှိမ်လိုစိတ် ရှိကြသည်။

အတ္တ-ဂရုဏာ (မိမိကိုယ်ကိုသာ သနားခြင်း)

အဆင်မပြေမှုများနှင့် တွေ့ကြုံသောအခါ မိမိကိုယ်ကို ဝမ်းနည်းစေပြီး၊ အလွယ်တကူ စိတ်ထိခိုက်လွယ် သည်။ အခြားသူများထက် သာ၍ မိမိသည် ခဲယင်းခက်ခဲကြောင်း စိတ်မှာခံစားနေရသည်။

အတ္တ-ကိုယ်ကျိုးကိုသာရှာခြင်း။

မိမိ၌မရှိသော အခြားသောအရာများကို သင်သည်အစဉ်အလိုရှိနေပါသလား။ မိမိ၌ရှိသောအရာများကို ကျေနှပ်မှု မရှိဘဲ စောဒက တက်ဘူး ပါသလား။ ဤသည်ကား အတ္တ၏ အခြားထင်ရှားသော နမူနာ တစ်ခုဖြစ်သည်။

အတ္တ-ဖြောင့်မတ်ခြင်း(ကိုယ်သာလျှင် ဖြောင့်မတ်ခြင်း)

အခြားသောသူများ၏ အပြစ်ကိုသာပြောဆိုလိုပြီး၊ ထိုသူများကိုအပြစ်စီရင်လိုသည်။ သို့သော် မိမိ၏ အမှား ကိုကား မမြင်ပါ။ မိမိ၏နှလုံးသားတွင် အတ္တအုပ်စိုးနေစဉ် ကျွန်ုပ်တို့ပြုလုပ်တတ်သော အခြား သောအတ္တ၏ ပုံစံ တစ်ခု ဖြစ်သည်။

အတ္တ-မှန်ကန်ခြင်း (မိမိသာလျှင် မှန်ကန်ခြင်း၊ တရားခြင်း)

ကျွန်ုပ်သည် ဘယ်သောအခါမျှ အမှားပြုလုပ်လိမ့်မည် မဟုတ်သော သူများတွင် တစ်ဦး အပါအဝင် ဖြစ်ပါ သလား။ မိမိ ကိုယ်ကို မိမိ အစဉ် ကာကွယ်ပြီး၊ အခြားသောသူများကို အပြစ်တင်ပါသလား။ ထိုသို့ဖြစ်သော်၊ သေချာသော လက္ခဏာတစ်ခုမှာ ကျွန်ုပ်၏ နှလုံးပလ္လင်ပေါ် အတ္တရှိနေခြင်း ဖြစ်သည်။

မိမိကိုယ်မိမိ မ၀ံ့မရဲဖြစ်ခြင်း

အချို့သောသူများသည် အတ္တကြောင့် မိမိကိုယ်ကို ရှေ့တန်းတင်ကြသည်။ သို့သော် ကျွန်ုပ်တို့သည် ထိုကဲ့ သို့ ဖြစ်ချင်မှ ဖြစ်သည်။ ကျွန်ုပ်သည် ထိုအရာကို မလုပ်နိုင်ဘူးဟု ပြောဆိုသူတစ်ယောက် ဖြစ်ကောင်း ဖြစ်မည်။ “၄င်းကို အခြားသူတစ်ယောက်ကို လုပ်ခိုင်းပါ။ ၄င်းကို ကျွန်ုပ် ကောင်းအောင် မလုပ်နိုင်ဘူး”ဟု ကျွန်ုပ် ပြောပေမည်။ ဤကား အတ္တ၏အခြားသောပုံစံ တစ်ခုမျှသာ ဖြစ်သည်။

အတ္တ-အလိုဆန္ဒ

မိမိအလိုကိုသာ လုပ်ဆောင်လိုသည်။ သူတပါး၏ အမိန့်သြဇာကို မကြိုက်နှစ်သက်ပါ။ ဘုရားသခင် ကိုယ်တိုင် ထံမှ အမိန့်ကိုပင် မနာခံချင်ပါ။  မိမိသည် ဘုရားသခင်ကိုပင် ဆန့်ကျင်ပုန်ကန်နေပြီ ဆိုလျှင် အသက်တာ၌  စာတန်သည် အုပ်စိုးနေပြီ ဖြစ်သည်။

အတ္တ-အလိုဆန္ဒကိုသာ ဦးစားပေးသော စိတ်ဓါတ်ကို ကျွန်ုပ်တို့ ဘယ်က ရရှိပါသနည်း။ စာတန်ထံမှ ရရှိ ပါသည်။

စာတန်သည် ပထမဆုံးသော ပုန်ကန်သူဖြစ်သည်။ သူက ''ဘုရားသခင်၏ကြယ်တို့အပေါ်မှာ ငါ့ပလ္လင်ကို၊ ငါချီးမြောက်မည်'' (ဟေရှာ၊၁၄း၁၃) ထိုနောက် အာဒံသည်လည်း နှလုံးထဲ၌ပြောသည်မှာ ''ငါ့အလိုလမ်းကို သာ ငါလိုက်မည်'' ယခု သင်နှင့် ကျွန်ုပ်သည်လည်း ''ငါ့အလိုလမ်းကိုသာငါလိုက်မည်''ဟု စိတ်မှာ ပြောပေ သည်။

အတ္တသည်ဘယ်သောအခါမျှဘုရားသခင်၏စကားကိုမနာခံပါ။

အတ္တတွင် မိမိ၌ မတူညီဘဲ ထင်ရှားစွာမြင်နိုင်သော လက္ခဏာများစွာ ရှိပါသည်။ သို့သော် ဘုရားသခင်နှင့် ဆိုင်လျှင် သဘောထား အပြုအမူ ဘယ်သောအခါမျှ မပြောင်းလဲပါ။ အတ္တသည် ဘုရားသခင်ကို ဝန်ခံခြင်း နှင့် နာခံခြင်းမရှိပါ။ ကျမ်းစာ၌ ''ဇာတိပကတိစိတ်သဘောသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်၏။ ဘုရားသခင်၏ တရားတော် အလိုသို့ မလိုက်တတ်။ ထိုမျှမက မလိုက်နိုင်။''(ရော၊၈း၇)

အတ္တသည်ကျွန်ုပ်တို့၏ရန်သူဖြစ်သည်

အတ္တအုပ်စိုးသော အသက်တာသည် ဘယ်မျှ အပြစ်ရှိကြောင်း သင်မြင်ပါသလား။ ကျွန်ုပ်တို့ ကိုယ်တိုင် ပျော်ရွှင် ခြင်း မရှိယုံသာမက အနီးဝန်းကျင်ရှိလူများကိုလည်း ပျော်ရွှင်ခြင်း မပေးနိုင်ပါ။ အသက်တာ၌ အတ္တအုပ်စိုးစဉ် ကျွန်ုပ် အပြစ်များစွာ ပြုလုပ်ပါသည်။ မှောင်မိုက်နိုင်ငံထဲမှ လွတ်မြောက်လာခဲ့သည့်တိုင် အောင် ကျွန်ုပ်၏ အသက်တာ၌ အတ္တ အုပ်စိုးနေသမျှ ကာလပတ်လုံး အပြစ်၌ တန်ခိုးရှိနေဆဲဖြစ်သည်။

ယခုကျွန်ုပ်၌ အလွန်အရေးကြီးသော မေးခွန်း မေးရန်ရှိပါသည်။ အတ္တအုပ်စိုးမှုအောက်မှ ဘယ်လို လွတ်မြောက်မည်နည်း။

ပထမဦးစွာ အတ္တအသက်တာကို ဘုရားသခင်ကဘယ်လို ပြုလုပ်ဖြေရှင်းခဲ့သနည်း ဆိုတာကို နားလည်ထား ရန် ဖြစ်သည်။ ဘုရားသခင်က ကျွန်ုပ်ကိုခရစ်တော်နှင့် အတူလက်ဝါးကပ်တိုင်၌ သေစေခဲ့ပြီ။ ဘုရားက ကျွန်ုပ် တို့၏ အတ္တအသက်တာကို မုန်းတော်မူ၍ အတ္တအသက်တာနှင့် ပတ်သက်ပြီး တစုံတရာ ပြုလုပ်ပေး ခဲ့သည်။ ဘုရားက ဘာပြုလုပ်ခဲ့သနည်း။ သူသည် ကျွန်ုပ်ကို ခရစ်တော်နှင့်အတူ သေစေခဲ့၏။

ဘုရားသခင်သည် အတ္တကို လက်ဝါးကပ်တိုင်ပေါ် ခရစ်တော်ထဲ၌ထည့်ကာ ဖြေရှင်းပေးခဲ့ပြီ။ ခရစ်တော် ကားတိုင်၌ အသေခံစဉ် ကျွန်ုပ်လည်း ခရစ်တော်နှင့် အတူအသေခံခဲ့ပြီး ဖြစ်၏။

မည်ကဲ့သို့ခရစ်တော်နှင့်အတူ အသေခံခဲ့ပါသနည်း။ ရုပ်ပုံဥပမာနှင့်ဖေါ်ပြခြင်းကို စဉ်းစားခြင်းဖြင့် ဤအရာကို နားလည်ရန် အထောက်အကူ ဖြစ်ပေလိမ့်မည်။

စက္ကူဖြင့် လူရုပ်ပုံတခုကိုပြုလုပ်ပြီး စာအုပ်တအုပ်တွင် ထည့်ထားမည်။ ယခု ထိုလူရုပ်ပုံသည် စာအုပ်ထဲတွင် ရှိနေ သည်။ စာအုပ်ကို စားပွဲပေါ်တင်ခဲ့သော် လူရုပ်ပုံသည်ဘယ်မှာရှိမည်နည်း။ သူသည်လည်း စားပွဲပေါ်၌ ရှိနေပြီး စာအုပ်ထဲ၌ ရှိနေမည်။ စာအုပ် ကိုကြမ်းပြင်ပေါ်ချထားပါက လူရုပ်ကလေးလည်း ကြမ်းပြင်ပေါ်၌ ရှိနေမည်။ ယခု လူရုပ်ပါသောစာအုပ်ကို ပါစယ်ထုပ်ပြုလုပ်ပြီး နိုင်ငံခြားတိုင်းပြည်သို့ပို့ခဲ့သော် လူရုပ်ကလေး ဘယ်မှာရှိမည်နည်း။ သူသည်စာအုပ်တွင် ရှိသောကြောင့် နိုင်ငံခြား တိုင်းပြည်တွင် ရှိနေပေလိမ့်မည်။ စာအုပ်၌ ဖြစ်ပျက်မှုတိုင်း လူရုပ်၌လည်းဖြစ်ပျက်နေပေမည်။ လူရုပ်ကလေးသည် စာအုပ်ထဲ၌ ရှိနေသော ကြောင့် ဖြစ်သည်။

ဘုရားသခင်က ကျွန်ုပ်ကိုကယ်တင်ရာ၌ ကျွန်ုပ်အားလက်ဝါးကပ်တိုင်ပေါ် ခရစ်တော်ထဲ၌ ထည့်ထားခဲ့ပြီး ဖြစ်၏။ ခရစ်တော်၌ ဖြစ်ပျက်မှုတိုင်းသည် ကျွန်ုပ်၌လည်းဖြစ်ပျက်ခဲ့ပြီ။ ခရစ်တော်၏ အထဲ၌ရှိနေသော ကြောင့်ဖြစ်သည်။ ခရစ်တော် လက်ဝါးကပ်တိုင်၌ ရိုက်ထားခံစဉ် ကျွန်ုပ်လည်း သူနှင့်အတူ ရိုက်ထားခံရ၏။ သူသေသောအခါ ကျွန်ုပ်လည်း သူနှင့်  အတူသေခဲ့ ၏။ သူရှင်ပြန်ထမြောက်သောအခါ ကျွန်ုပ်လည်း သူနှင့် အတူ ထမြောက်ခဲ့၏။ တမန်တော်ရှင်ပေါလုက ''ငါသည်ခရစ်တော်နှင့် အတူအသေခံခဲ့ပြီ'' တမန်တော် ပေါလု၌ အမှန်တရား ဖြစ်သော အရာများသည် ခရစ်ယာန်တစ်ယောက် ဖြစ်သော ကျွန်ုပ်၌လည်း အမှန် တရား ဖြစ်ပေသည်။ ခရစ်တော်သည် ကျွန်ုပ်အတွက် အသေခံတော်မူ၏။ ကျွန်ုပ်လည်း ခရစ်တော်နှင့်အတူ အသေခံခဲ့ပြီ။ ဤမဟာအမှန်တရား နှစ်ခုသည် ခရစ်ယာန်တိုင်းအတွက် အမှန်တရား ဖြစ်ပေသည်။

ဘာကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့ကို ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်၌ အသေခံစေခဲ့ပါသနည်း။ ကျွန်ုပ် တို့ကို ခရစ်တော်နှင့် အတူသေစေခြင်းက ကျွန်ုပ်တို့အား အတ္တကမအုပ်စိုးနိုင်တော့ရန်ဖြစ်သည်။ ကျမ်းစာက ''ထိုမှတပါး၊ ငါတို့၏ လူဟောင်းသည် ထိုသခင်နှင့် အတူ လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်း ကိုခံပြီဟု ငါတို့သိကြ၏။ အကြောင်းမူကား၊ ငါတို့သည် အပြစ်တရား၏ အစေကို မခံစေခြင်းငှါ၊ အပြစ်တရား ၏ ကိုယ်ကို ဖျက်ဆီးမည့် အကြောင်းတည်း။''ဟု ဆိုသည်။ (ရော၊၆း၆)

ခရစ်တော်သည် ကျွန်ုပ်၏ သခင်အသစ် ဖြစ်သည်။

ဘုရားသခင်သည် အတ္တအသက်တာကို ဖြေရှင်းပေးရုံသာမက အသစ်သော သခင်ကိုလည်း ပေးတော်မူ၏။ ခရစ်တော်သည် ကျွန်ုပ်၏သခင်အသစ် ဖြစ်တော်မူသည်။ သူသည် ကျွန်ုပ်၏ စိတ်နှလုံးတွင်း နေရန် ဝင်လာ ပြီး ကျွန်ုပ် အသက်တာ၏ သခင် ဖြစ်တော်မူ၏။ ကျမ်းစာက ''အကြောင်းမူကား၊ ခရစ်တော်သည်၊ သေသော သူတို့ကို၎င်း၊ ရှင်သောသူတို့ကို၎င်း ၊အစိုးရသော အရှင်ဖြစ်လိုသောငှါ အသေခံ၍၊ ခံပြီးမှ အသက်ရှင်ပြန် တော်မူ၏။''ဟု ဆို သည်။ (ရော၊၁၄း၉)

ခရစ်တော်သည် ကျွန်ုပ်စိတ်နှလုံး၌ ဘုရင်အဖြစ်အုပ်စိုးစဉ် သန့်ရှင်းသောဝိညာဉ်သည် ကျွန်ုပ်၌ ခရစ်တော်၏ စိတ်သဘောများ ရှိလာရန် ပြုလုပ်ပေးပါသည်။ ကျမ်းစာ၌ ခရစ်တော်၏ထင်ရှားသောအသက်တာများမှာ ''ဝိညာဉ် ပကတိ၏ အကျိုးမူကား၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ် ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်း ပေတည်း။'' (ဂလာ၊၅း၂၂-၂၃)

အတ္တအသက်တာမှ ကျွန်ုပ် အဘယ်ကဲ့သို့ လွှတ်ခြင်းကို ရနိုင်မည်နည်း။ အတ္တကို အောင်မြင်ခြင်းရနိုင်သော အချက်သုံးချက်ကို သိထားရန် လိုအပ်ပါသည်။

၁။ အတ္တကိုကျွန်ုပ်ငြင်းပယ်ရမည်။

သခင်ယေရှု၏နောက်သို့ လိုက်လိုသော်၊ စိတ်နှလုံးပလ္လင်မှ အတ္တကိုဖယ်ရပေမည်။ အတ္တအုပ်စိုးခြင်းကို အခွင့် မပေးရန် ရွေးချယ်မှု ပြုလုပ်ရပေမည်။ ဤကား''ငါသည် ကိုယ်တိုင်မရှင်၊ ခရစ်တော်သည်ငါ၌ရှင်တော်မူ၏ ''သခင်ယေရှုခရစ်တော်က ''ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ်ငြင်းပယ်ရမည်။ ကိုယ်လက်ဝါး ကပ်တိုင်ကို နေ့တိုင်းထမ်း၍ ငါ့နောက်သို့ လိုက်ရမည်''ဟုဆို၏။ (လု၊၉း၂၃)

၂။ ခရစ်တော်၌ရှိသော ကျွန်ုပ်တို့၏ ရပ်တည်ချက် (ပိုင်ဆိုင်ခွင့်) ကို သိထားရမည်။

ဘုရားသခင်က ကျွန်ုပ်တို့ကို လက်ဝါးကပ်တိုင်ပေါ် ခရစ်တော်ထဲ၌ ထည့်ထားခဲ့ပြီး၊ သူအသေခံစဉ် ကျွန်ုပ် တို့လည်း သူနှင့်အတူ အသေခံခဲ့၏။ ဤကား ခရစ်တော်ထဲ၌ ကျွန်ုပ်တို့၏ ရပ်တည်ချက် အနေအထား ဖြစ်သည်။ ဤ အကြောင်းအရာကို သိမှတ်ထားရန် ဖြစ်သည်။ ကျမ်းစာက ''ထိုနည်းတူ  သင်တို့သည် အပြစ် တရား နှင့်ဆိုင်သော အရာ၌ကား၊ အသေဖြစ်သည် ဟူ၍၄င်း၊ ဘုရားသခင်နှင့်ဆိုင်သောအရာ၌ကား၊ ငါတို့ သခင်ယေရှုခရစ်အားဖြင့် အသက်ရှင်သည်ဟူ၍၄င်း၊ ကိုယ်ကိုကိုယ် ထင်မှတ်ကြလော့''ဟု ဆိုသည်။ (ရော၊၆း၁၁)

သိမှတ်ခြင်းသည် အမှန်တရားတခုအပေါ် သဘောတူခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ခရစ်တော်နှင့် အတူ အသေခံ ခဲ့ပြီး ဖြစ်သည်ကို သင်သည်သိမှတ်ယုံကြည် ပါသလား။''ငါသည် ခရစ်တော်နှင့်အတူ လက်ဝါး ကပ်တိုင်၌ အသေခံပြီ''

၃။ ခရစ်တော်ထံကျွန်ုပ်အရှုံးပေးအပ်နှံရမည်။

ခရစ်တော်သည် ကျွန်ုပ်၏သခင်အသစ် ဖြစ်သည်။ သူ့အတွက်အသက်ရှင်ရမည်။ ကျွန်ုပ်အတွက်မဟုတ်ပါ။  ကျမ်းစာ က ''အကြောင်းမူကား၊ တစ်ယောက်သောသူသည် လူအပေါင်းတို့အတွက်ကြောင့် အသေခံသည် မှန်လျှင်၊-လူအပေါင်းတို့သည် သေလျက် နေကြသည် ဟူ၍၄င်း၊ အသက်ရှင်သော သူတို့သည် တဖန် ကိုယ် အလိုသို့လိုက်၍ မရှင်၊ သူတို့အတွက်ကြောင့် အသေ ခံပြီးမှ ထမြောက်တော်မူသော သူ၏ အလိုသို့ လိုက်၍ ရှင်စေမည့်အကြောင်း၊ လူအပေါင်းတို့အတွက်ကြောင့် အသေခံတော်မူသည်ဟူ၍၄င်း၊ ငါတို့သည် သဘော ထားလျှက်၊ ခရစ်တော်၏ ချစ်ခြင်းမေတ္တာတော်သည် ငါတို့ကို အနိုင်အထက် သွေးဆောင် ၏''   (၂ကော၊၅း၁၄-၁၅)

ခရစ်တော်ထံ ကျွန်ုပ်တို့အရှုံးပေးအပ်နှံခြင်းသည် တစ်ကြိမ်တည်းနှင့်အပြီး တစ်သက်လုံး အသက်တာကို ပေးအပ်ခြင်းနှင့်အတူ သူ့နောက် လိုက်ရန် နေ့စဉ် အသက်တာကို ပေးအပ်ခြင်းဖြစ်သည်။ နေ့စဉ် အတ္တကို ငြင်းပယ်ပြီး သခင်ယေရှု၏အုပ်စိုးခြင်း ကို ဝန်ခံခြင်းဖြစ်သည်။ သခင်ယေရှုက ''ငါ၌ ဆည်းကပ်လိုသောသူ ဖြစ်လျှင် ကိယ်ကိုကိုယ်ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို နေ့တိုင်းထမ်း၍ ငါ့နောက်သို့လိုက် ရမည်'' ဟု ဆို၏ (လု၊၉း၂၃)။

သင်ဘာကို ရွေးချယ်မည်နည်း။

သခင်ယေရှုကို သင့်အသက်တာတခုလုံး၏ အရှင်သခင်အဖြစ်ပြုလုပ်ရန် အဆင်သင့်ဖြစ်ပါသလား။ မည်သည့် အဖိုးအခကို ပေးရပါစေ သင်သည် သူ့ကိုနာခံရန်ဆုံးဖြတ်မည်လား။ သင်သည် အတ္တကိုငြင်းပယ် ပြီး ခရစ်တော်ကို အရှုံးပေး အပ်နှံခြင်း အခွင့်ကို ရွေးချယ်မည်လား။ ဤအရာသည် သင်၏ စိတ်အလိုဆန္ဒ ဖြစ်ခဲ့သော် သင်သည် ခရစ်တော်ထံ ယခုပင် ဆုတောင်း ပြောဆိုနိုင်ပါသည်။

ဤဆုတောင်းချက်က သင့်ကို မစကူညီပေလိမ့်မည်။ ''သခင်ယေရှု၊ ကျွန်ုပ်အသက်တာ၌ အတ္တကိုငြင်းပယ် ပြီး ကိုယ်တော်အုပ်စိုးရန် အလိုရှိပါသည်။ ကျွန်ုပ်၏အသက်တာဟောင်းသည် လက်ဝါးကပ်တိုင် အပေါ် ကိုယ်တော်နှင့် အတူ အသေခံခြင်းဖြင့် အဆုံးသပ်ခဲ့ပြီးဖြစ်ကြောင်း သိပါ၏။ ကျွန်ုပ်၏အသက်တာသစ်ကို ကိုယ်တော်ပိုင် တော်မူ၏။ ကျွန်ုပ်၏အသက်တာကို ကိုယ်တော်ထံ အရှုံးပေးအပ်နှံပါ၏ ။ ကျွန်ုပ်၏ အလို အတိုင်း မဟုတ်ဘဲ ကိုယ်တော်၏ အလို တော်အတိုင်း ဖြစ်စေတော်မူပါ'' အာမင်။

ရှာဖွေတွေ့ရသော ရတနာ

ဘုရားသခင်သည် ကျွန်ုပ်ကိုခရစ်တော်နှင့် အတူလက်ဝါးကပ်တိုင်ပေါ် အသေခံစေခဲ့ပြီးဖြစ်၍ ကျွန်ုပ်၌ အတ္တသည် အုပ်စိုးခွင့် မရှိသင့်တော့ပါ။ ခရစ်တော်သည် ကျွန်ုပ်၏ သခင်အသစ်ဖြစ်သည်။

မေးခွန်းများ

၁။ အဖြေမှန်ကိုရွေးပြီး ကွက်လပ်ဖြည့်ပါ။ စင်္ကြ၀ဠာ၌ အကြောက်ရဆုံးသောအရာမှာ ……….. ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့…….ဖြစ်ရန်အလိုရှိသည်။

(က) အပြစ်…အပြစ်တန်ခိုးမှ လွှတ်မြောက်ခြင်းရရန်။

(ခ ) မုန်တိုင်းများ…ထိုအရာများကို မကြောက်ရန်။

၂။ အပြစ်သည် ကျွန်ုပ်တို့ကို ယင်း၏တန်ခိုး၌ ထိန်းထားရန် နည်းလမ်းများအနက်တစ်ခုမှာ။

(က) ကျွန်ုပ်တို့ကို ကြောက်စေခြင်းဖြင့်။

(ခ ) ဇာတိပကတိ။

၃။ ကျွန်ုပ်တို့၏ စိတ်နှလုံးပလ္လင်၌ ဇာတိစိတ်ရှိခြင်းသည် ဘာကိုဆိုလိုပါသနည်း။ ၄င်း၏အဓိပ္ပါယ်မှာ ကျွန်ုပ်တို့………..ဖြစ်သည်။

(က) အကောင်းဆုံး။

(ခ ) ဇာတိစိတ်(အတ္တ) ဗဟိုပြုခြင်း။

၎။ ကျွန်ုပ်တို့ကယ်တင်ခြင်းခံရပြီး ဇာတိပကတိနှင့်ကင်းလွှတ်ခြင်းသို့ ရောက်ခဲ့ပြီးလား။

(က) ရောက်သည်။

(ခ ) မရောက်ပါ။

၅။ ဇာတိစိတ်အလို စိတ်သဘောကို ကျွန်ုပ်တို့ ဘယ်ကရခဲ့ပါသနည်း။

(က) ကျွန်ုပ်တို့ မိဘများ။

(ခ ) စာတန်။

(ဂ ) အထက်ပါအရာများမှ။

၆။ ဘုရားသခင်သည် ဇာတိစိတ်အလိုကို မုန်းတော်မူခြင်းကြောင့် ၄င်းနှင့်ပတ်သက်၍ သူသည် တစ်စုံ တစ်ရာကို ပြုလုပ်ခဲ့သည်။ ဘုရားသခင်က မည်သည့်အရာကို ပြုလုပ်ခဲ့ပါသနည်း။

(က) သူသည် ကျွန်ုပ်တို့ကို ခရစ်တော်နှင့်အတူ ကားတိုင်၌ သေစေခဲ့သည်။

(ခ ) သူသည် ကျွန်ုပ်တို့ကို ကားတိုင်ထက် ခရစ်တော်၌ ထည့်ထားခဲ့သည်။

(ဂ ) အထက်ပါအရာများ။

၇။ ခရစ်ယာန်တိုင်း၌ အမှန်ဖြစ်သော မဟာဖြစ်ရပ်မှန် နှစ်ခုမှာ၊

(က) ခရစ်တော်သည် ကျွန်ုပ်တို့အတွက်သေခဲ့သည်။ ကျွန်ုပ်တို့သည် သူနှင့်အတူ သေခဲ့သည်။

(ခ ) သူတို့ လူကောင်းများဖြစ်သည်။ သူတို့သည် အမြင်၌ ကောင်းသူများဖြစ်သည်။

အဘယ်ကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့ကို ခရစ်တော်နှင့်အတူ ကားတိုင်၌ အသေခံခဲ့ပါသနည်း။ ထို့ကြောင့်….။

(က) ထိုအရာ၌ မည်ကဲ့သို့ခံစားရသည်ကို ကျွန်ုပ်တို့ နားလည်ရန်။

(ခ ) ဇာတိစိတ်က ကျွန်ုပ်တို့ကို မအုပ်စိုးတော့ရန်ဖြစ်သည်။

 

၉။ ကျွန်ုပ်တို့၏ သခင်သစ်သည် မည်သူနည်း။

(က) ကျွန်ုပ်၏သင်းအုပ်။

(ခ ) ကျွန်ုပ်ကိုယ်တိုင်။

(ဂ ) ခရစ်တော်။

 

၁၀။ ဇာတိစိတ်(အတ္တ) အုပ်စိုးခြင်းမှ လွှတ်မြောက်ရန် ခရစ်တော်၌ရှိသော ကျွန်ုပ်တို့၏ရပ်တည်ချက် (အရိုက်အရာ) ကို သိမှတ်ရမည်။ ခရစ်တော်ထံ ကျွန်ုပ်တို့အရှုံးပေးအပ်နှံရမည်။

(က) ဇာတိအတွက်အသက်ရှင်ရမည်။

(ခ ) ကျွန်ုပ်တို့သည် နံပတ် (၁) ဖြစ်သည်ကို လေ့လာသင်ယူရမည်။

(ဂ ) ဇာတိစိတ်(အတ္တ)ကို ငြင်းပယ်ရမည်။

 

အန်ဒရူး