ကျူးလွန်သောအပြစ်-ကယ်တင်ခြင်းနှင့်ဆိုင်သော သင်ခန်းစာများ



ကယ်တင်ခြင်းနှင့်ဆိုင်သော သင်ခန်းစာများ

သင်ခန်းစာ (၅)

ကျူးလွန်သောအပြစ်

 သင်ခန်းစာ (၄)၌ မွေးရာပါအပြစ်အကြောင်း သိရှိ ခဲ့ရပြီ။ယခုမွေးရာပါ အပြစ်၏ အသီးအပွင့်ဖြစ်သော ကျူးလွန်သော အပြစ် အကြောင်းကို လေ့လာရမှာဖြစ်သည်။

အသီးအပွင့်

                သခင်ယေရှုက-အသီးအားဖြင့်အပင်၏သဘောကိုထင်ရှား သည် ဖြစ်၍အသီးကောင်းလျှင် အပင်ကောင်းသည်ဟု ဆိုကြလော့၊ အသီး မကောင်း လျှင်အပင်မကောင်းဟုဆိုကြလော့-ဟုဆိုထားသည် (မဿ၊ဲ ၁၂း၃၃)။ သခင်ယေရှုပြော သကဲ့သို့ ပင်သစ်သီး ကောင်း မကောင်း သည်  အပင်နှင့် ဆိုင်သည်။ အပင်ကောင်းလျှင်  အသီးကောင်း၍  အပင်မကောင်းလျှင်  အသီး မကောင်းချေ။ အပင် မကောင်း ခြင်းသည်လည်း  အမျိုးမကောင်းခြင်းကြောင့် ဖြစ်သည်။ မျိုးကောင်းလျှင်အပင်ကောင်းသည်။ အပင်ကောင်းလျှင် အသီးကောင်း သည်။ ထို့  ကြောင့် အသီးသည် အဓိကမဟုတ်။ မျိုးသို့ မဟုတ် အပင်သည်အဓိက ဖြစ်သည်၊

                လူ၌လည်း မွေးရာပါအပြစ်သည် မျိုးနှင့်တူသည်။ မွေးရာပါအပြစ် ရှိသော အပြစ်သားသည်  အပင်နှင့်တူသည်။ အပြစ်သား ကျူးလွန်သော အပြစ်သည် အသီးနှင့်တူသည်။ ကျူးလွန်သောအပြစ်ကို လူတိုင်းကနားလည် ကြသည်။  လူ့ အသက်ကိုသတ်ခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း၊ မတရားသောမေထုန်၌ မှီဝဲခြင်း၊ သူ့ မယားကိုပြစ်မှားခြင်း၊ ခိုးခြင်း၊ လိမ်ညာခြင်း၊ မတရားသဖြင့် ကျင့်ခြင်း၊စိတ်ဆိုးခြင်း၊ စိတ်တိုခြင်း၊ စိတ်ကောက်ခြင်း၊ သူတပါးကိုအမြင်ကပ်ခြင်း၊ မတရား စီးပွါးကို တပ်မက်ခြင်း၊ မမှန်သော သက်သေကို ခံခြင်း၊ လောဘ လွန်ကျူးခြင်း၊ မနာလိုခြင်း၊ မုန်းတီးခြင်း၊ အတင်းပြောခြင်း၊ စသော အပြစ်သားများမှ ထွက်လာသော မကောင်းမှုမှန်သမျှသည်  ကျူးလွန် သော အပြစ်ဖြစ်သည်။ ထိုအပြစ်များသည် လူလူချင်းအပေါ်ပြစ်မှားသော အပြစ်များဖြစ် သောကြောင့်လူ၏ အမြင်၌ အလွန်အပြစ်ကြီးသည်။

 

အသီးကြောင့်မဟုတ်မျိုးကြောင့်

                သရက်ပင်သည်သရက်သီးသီးသောကြောင့်သရက်ပင်ဖြစ်သည်မဟုတ်။ သရက်မျိုးမှပေါက်သောကြောင့် သရက်ပင်ဖြစ်သည်။ သရက်သီးသီးသည်ဖြစ်စေ၊ မသီးသည်ဖြစ်စေ၊သရက်မျိုးမှပေါက်သောကြောင့်သရက်ပင်ဖြစ်သည်။ သရက်သီး မသီးသော သရက်ပင် သည် ရာခိုင်နှုန်းအပြည့်သရက်ပင်ဖြစ်သည်။သရက်သီး သီးသော  သရက်ပင်သည်  ပို၍သရက်ပင်ဖြစ်သည် မဟုတ်။

                ထို့ နည်းတူ လူသည် ကျူးလွန်သော အပြစ်လုပ်သောကြောင့် အပြစ်သား ဖြစ်သည် မဟုတ်။ အပြစ်မျိုးမှ ပေါက်ဘွားလာ သော ကြောင့်အပြစ်သား ဖြစ် ရသည်။  လူတိုင်း ထင်မှတ်တတ် သည်မှာလူသည်  ကျူးလွန်သောအပြစ်ကြောင့်အ ပြစ်သား ဖြစ်ရသည် ဟူ၍ ဖြစ်သည်။ ထို့ ကြောင့်အပြစ်သား မဖြစ်ဘို့ အပြစ်မကျူးလွန်ရန် ချုပ်တီး ကြသည်။ ထိုသို့ ချုပ်တီးရန်လည်း တိုက်တွန်း ဟောပြော သွန်သင်ကြသည်။

မဖြစ်နိင်

                ဒုစရိုက်အပြစ်  ချုပ်တီးခြင်းသည်ကောင်းပါသည်။ သို့ သော်အပြစ်သား သည် ဒုစရိုက်အပြစ်  ကိုချုပ်တီးနိင်သည်  မဟုတ်။ လူရှေ့ချုပ်တီးနိင်သော်လည်း  ဘုရားသခင်ရှေ့အပြစ်ကျူးလွန်လျက်ပင်ရှိသည်၊ ကျမ်းစာက-အဲသယောပိ (လူမဲ)သည် မိမိအရေ၏ အဆင်း ကို၎င်း။ ကျားသစ်သည်မိမိအကွက် အကြား တို၎င်း၊ ပြောင်းလဲနိင်သလော၊  ပြောင်းလဲ နိင်လျှင်  ဒုစရိုက်ကိုပြု လေ့ရှိသောသူတို့ သည် သုစရိုက်ကို  ပြုခြင်းငှါတတ်နိင်ကြလိမ့်မည်-  ဟုဆိုထားပါသည် (ယေရမိ၊၁၃း၂၃)။ထို့ ကြောင့်မိတ်ဆွေအနေဖြင့် သုစရိုက်တည်း ဟူသော ကောင်းမှုပြုနိင်ဘို့ ရန်မှာ အဲသယောပိတည်းဟူသော  အသားမဲ လူမျိုး အရေ အဆင်းပြောင်းရမည်။ ကျားသစ်လည်းမိမိအကွက် အဆင်းပြောင်းရမည်။   အဲသယောပိလူသည်  မိမိအရေအဆင်းကို  မပြောင်းနိင်။  ကျားသစ်သည်လည်း  မိမိအကွက်အကြားကို မပြောင်း နိင်။  ထို့ ကြောင့်မိတ်ဆွေနှင့် ကျွန်ပ်လည်း  အကျင့် မပြောင်းနိင်၊ဘုရားသခင်ရှေ့ကုသိုလ်မလုပ်နိင်ကြ။

ညစ်သောအ၀တ်

                လူ့အမြင်၌ ကောင်းသည်ဟု ထင်ရသော်လည်း ဘုရားအမြင်၌ မကောင်းသောအရာများစွာ ရှိသည် မိတ်ဆွေ အနေဖြင့် မိမိအကျင့်ကို နှစ်သက်မည်ဖြစ်သော်လည်း ဘုရားသခင် အနေဖြင့် အလွန်ရွံရှာသည်၊ ကျမ်းစာက- အကျွန်ပ်တို့ ရှိသမျှသည် စင်ကြယ် ခြင်း မရှိပါ၊ ပြုဘူးသမျှသောကုသိုလ်ကောင်းမှုတို့ သည် ညစ်သော အ၀တ်နှင့်တူကြပါ၏- ဟုဆိုထားပါသည် (ဟေရှာ ၆၄း၆)။

                အထက်ပါကျမ်းပိုဒ်အရကုသိုလ်ကောင်းမှုများပင်လျှင်ရွံစရာကောင်းသောညစ်သော အ၀တ်နှင့်တူသည်။ လူ့ အမြင်၌ ကုသိုလ် ကောင်းမှုသည်ကောင်းပါသည်။ သို့ သော် အပြစ်သားပြုသောကုသိုလ်ကောင်းမှုကိုဘုရားသခင်ရွံရှာသည်။အဘယ်ကြောင့် နည်း ဟူမူကား  လူသည်  ညစ်ညူးသောကြောင့် ဖြစ်သည်။ လူသည်ဘုရားသခင် ရှေ့၌ အနူရောဂါသည်လို ညစ်ညူးသည်။ အနူရောဂါသည် သုပ်ပေးသော လက်ဖက်သုပ်ကို မိတ်ဆွေစားချင် ပါမည်လော။ မည်မျှပင်ကောင်းသောလက်ဖက်၊ ပဲ၊နှမ်း၊ပုဇွန် ခြောက်များသုံး သော်လည်း မိတ်ဆွေ စားချင်မည်မဟုတ်။ အကြောင်းမူကား လက်ဖက်သုပ်ကောင်းသော်လည်း သုပ်ပေးသူမသန့် ရှင်းသော ကြောင့် ဖြစ်သည်။ ထို့  နည်းတူ မိတ်ဆွေ၏ကုသိုလ်  ကောင်းမှုများသည် ကောင်းပါသည်။  သို့သော် မိတ်ဆွေသည် ဘုရားသခင်ရှေ့ မသန့် ရှင်းသောကြောင့် မိတ်ဆွေ၏ ကုသိုလ်ကောင်းမှုများလည်း ညစ်ညူးသည်။ သန့် ရှင်းခြင်းမရှိ။ ထို့ကြောင့် ဘုရားသခင်ရှေ့ ၌့ ကုသိုလ်အားဖြင့် မျက်နှာမရနိင်ချေ။

အပြစ်မရှိဟုထင်တတ်

                လူသည် အမှောင်သားဖြစ်၍ အမှောင်ထဲ၌နေသောကြောင့်မိမိအပြစ်ကို မမြင်တတ်ချေ။ တခါတုန်းက-  မှားယွင်းခြင်းအမှုကို ပြုလျက် နေသော  မိန်းမ တယောက်ကို တွေ့ လျှင်ကျမ်းပြုဆရာနှင့်ဖရိရှဲတို့ သည် ခေါ်၍ အလယ် ၌ ထားပြီးမှ အရှင်ဘုရား ထိုမိန်းမသည် မှားယွင်းခြင်းအမှုကို ပြုစဉ်တွင် ပင် တွေ့ မိပါသည်။ ထိုသို့ သောမိန်းမကို ကျောက်ခဲနှင့်ပစ်ရမည်ဟု မောရှေသည် အကျွန်ပ်တို့ အား ပညတ်တရား၌ စီရင်ထုံးဖွဲ့ ပါပြီ။ သို့ရာ တွင်ကိုယ်တော်သည်အဘယ်သို့ မိန့် တော်မူမည်နည်းဟု လျှောက်ကြ ၏။

                ယေရှုသည်အောက်သို့ ငုံ့ လျက်လက်ညိုးတော်နှင့် မြေ၌ရေး သား၍ နေတော်မူ၏။  ထိုသူတို့ သည်  အထပ်ထပ်မေး လျှောက် ကြသော အခါ ကိုယ်ကိုလှန်တော်မူ၍ သင်တို့ တွင်အပြစ် ကင်းသောသူသည်  ရှေးဦးစွာ ကျောက်ခဲနှင့်ပစ်စေ ဟု မိန့် တော်မူပြီးမှ  တဖန်အောက်သို့ ငုံ့၍မြေ၌ရေးသားတော်မူပြန်၏။ ထိုသူတို့ သည်ကြားရလျှင်မိမိတို့ စိတ် နှလုံးသည်မိမိတို့ အပြစ်ကိုဖေါ်ပြသဖြင့် အသက်ကြီး သောသူမှစ၍ အငယ်ဆုံးသောသူတိုင်အောင် တယောက် နောက်တယောက် ထွက်သွား ကြ၏၊(ယော ၈း၃-၉)။

                ကျမ်းပြုဆရာနှင့်ဖရိရှဲများသည်အစ၌ မိမိတို့ အပြစ်ကိုမမြင်။ အမျိုးသမီး၏။ အပြစ်ကိုသာ  မြင်ကြသည်။ ထို့ ကြောင့် သခင်ယေရှုထံ အမျိုးသမီးကို တရားစွဲကြသည်။ သူတပါး၏အပြစ်ကို မြင်နေချိန်တွင် ကိုယ့်အပြစ်ကိုမမြင်နိင်ချေ။ ထိုနည်းတူ မိတ်ဆွေသည် ကိုယ့်အပြစ်ကို မမြင်နိင်ဘဲရှိနေပါသလား။ သို့ သော် သခင်ယေရှု၏စကားကြောင့် မိမိတို့ အပြစ်ကို  မြင်၍ထိုမိန်းမကို အပြစ်မမြင် တော့ဘဲ  ထွက်ခွါသွားကြသည်။  ထိုသူအပေါင်းတို့ သည် အလာ၌အပြစ်မရှိဟု ထင်မှတ်ကြ သော်လည်း သခင်ယေရှုထံမှ အပြန်တွင်မိမိတို့  အပြစ်များကို သိမြင်လျက်ပြန်သွားကြသည်။  မိတ်ဆွေလည်း သခင်ယေရှုနှင့် တွေ့ပါက မိမိအပြစ်ကိုမြင်လာမှာဖြစ်သည်။

ကောင်းသောအကျင့်ကျင့်သူ

                လူ ထင်မှတ်တတ်သည်မှာ လောက လူတို့အထဲ၌ကောင်းသော အကျင့်ကျင့်သော သူတော်ကောင်းရှိမည်ဟူ၍ဖြစ်သည်။ သို့  သော် ကျမ်းစာက အတိအလင်း ဖေါ်ပြသည်မှာ- ကောင်းသောအမှုကိုပြုသောသူ မရှိ။ နားလည်သောသူ၊ ဘုရားသခင်ကို ရှာသောသူ တစုံတယောက် ရှိသည်မရှိ သည်ကို သိမြင်ခြင်းငှာ ထာဝရဘုရားသည် ကောင်းကင်ပေါ်က လူသား တို့ ကိုငုံ၍ကြည့်ရှုတော်မူ၏။ လူအပေါင်းတို့သည် လမ်းလွဲကြပြီ။ တညီတညွတ်တည်း ဆွေးမြေ့ယိုယွင်းခြင်းရှိကြ၏။ ကောင်းသော အကျင့် ကိုကျင့်သောသူမရှိ၊ တယောက်မျှမရှိ-ဟုဆိုထားသည်(ဆာလံ ၁၄း၂-၃)။

                လူအမြင်၌ ကောင်းသောသူ၊အကျင့်ကောင်းသောသူရှိနိင်သော်လည်း  ထာဝရဘုရားအမြင်၌ တယောက်မျှ ကောင်းသောအကျင့် ကျင့်သောသူ မရှိဟု ဆိုထား သည်။ တယောက်မျှမရှိဟု အတိအလင်း ဖေါ်ပြထားသည်။ အဘယ့်ကြောင့် နည်းဟူမူကားလူသည်မွေးစကပင် အပြစ်သားဖြစ်သောကြောင့်ဖြစ်သည်။ အပြစ်သား သည် အပြစ်လုပ်ဘို့ ရန်မွေးဘွားသည်။ ထို့ ကြောင့်အပြစ်သာ လုပ်တတ်သည်။

               

အပြစ်လုပ်ဘို့ ရန်မွေး

                လူတိုင်းထင်မှတ်တတ်သည်မှာ  လူသည်အကောင်းနှင့်မွေးသော်လည်း ကြီးလာသောအခါ ပတ်ဝန်းကျင်   ကြောင့် အပေါင်း အသင်းကြောင့်  အကျင့်ပျက် သည်  ဟူ၍ဖြစ်သည်။ သို့ သော် မည်သည့်အရာမဆို အမျိုးလိုက်ကြောင်းတွေ့ ရသည်။ ဥပမာ၊ ခွေးသည် ဟောင်ဘို့ မွေးသည်။ ထို့ ကြောင့်ခွေးဟောင်လျှင် အံ့သြစရာမရှိ။ ဘဲသည်ရေကူးဘို့မွေးသည်။ ထို့ ကြောင့်ဘဲရေးကူးလျှင်ထူးဆန်း သည် မဟုတ်။ ကြက်ဖသည် တွန်ဘို့ မွေးသည်။ ထို့ ကြောင့်ကြက်ဖသည် သင်ပေး စရာမလိုဘဲကြီးလာသောအခါ တွန်တတ်သည်။

                ထို့ နည်းတူ လူသည်လည်း အပြစ် လုပ်ဘို့  မွေးဘွားသည်။ ထို့ ကြောင့်ကြီး လာသောအခါ သင်ပေးစရာ မလိုဘဲ အပြစ်မျိုးစုံ လုပ်တတ်သည်။ အပြစ်လုပ်နည်း သင်တန်းမတက်ဘဲအပြစ် လုပ်တတ်ကြသည်။ ခိုးနည်း၊သတ်နည်း၊မုသာပြောနည်း သင်တန်းမရှိပါ။ လူတိုင်း လုပ်တတ်ကြသည်။ ထိုသို့ အပြစ်လုပ်တတ်ဘို့ ရန်မွေးဘွား ကြသည်။

                ထိုအရာကိုသိသောဒါဝိဒ်မင်းကြီးက-အကျွန်ပ်သည်မွေးစကပင် အပြစ်ပါလျက်ရှိပါ၏။ အမိဝမ်းမှာပဋိသနေ်္ဓယူစဉ်ပင် အပြစ်စွဲပါ၏- ဟုဆိုထားသည် (ဆာလံ၊၅၁း၅)၊။ မွေးစ၌ ထိုအပြစ်သဘောသည် မထင်ရှားသေး။ ကြီးလာသောအခါမှထင်ရှားလာသည်။ သစ်ပင်များလည်း ပေါက်ခါစ၌ မသီးတတ်။ သို့ သော်ကြီးရင့်လာသောအခါမှ သီးတတ်ကြသည်။ မသိသောသူများအတွက် အသီးသီးမှသာ အပင်၏သဘောကို သိရကြသည်။ အမျိုးနားလည်သူအတွက် ပေါက်စကပင်မည်သည့် အသီးမျိုးသီးမည်ကို နားလည်နိင်သည်။

                ဘုရားသခင်သည် လူ၏သဘောကို မွေးစကပင် နားလည်သောကြောင့် မည်ကဲ့သို့ သော အကျင့်ကို ကျင့်မည် ဟူသော အရာ ကို သိနှင့်ပြီးသားဖြစ်သည်။ ထို့ကြောင့်အဘယ်သူမျှ ဘုရားသခင်ရှေ့တော်၌ဖြောင့်မတ်သောသူမရှိ-  ခြားနားခြင်း အလျှင်းမရှိ။ လူအပေါင်းတို့  သည် ဒုစရိုက်အပြစ်ကိုပြု၍ ဘုရားသခင်၏ ရှေ့ တော်၌အသရေပျက်ကြပြီ (ရော၊ ၃း၂၃)။

 

သင်ခန်းစာ (၅) မေးခွန်းများ

၁။            အပင်၏သဘောကိုမည်သည့်အရာဖြင့်သိရသနည်း။--------------

၂။            အပင်ကောင်းလျှင်--------------ကောင်းသည်။

၃။            မွေးရာပါအပြစ်သည်မျိုးနှင့်တူ၍ကျူးလွန်သောအပြစ်သည်----------နှင့်တူသည်။

၎။            လူသည်ဒုစရိုက်ပြစ်လုပ်သောကြောင့်အပြစ်သားဖြစ်သလော။ အပြစ်သားဖြစ်သောကြောင့် အပြစ်လုပ်သလော။-----------------

၅။            ကျားသစ်သည်အကွက်အကြားပြောင်းနိင်မှ လူသည် ------------- မလုပ်ဘဲနေနိင်မည်။

၆။            လူ၏ကောင်းမှုကုသိုလ်သည်ဘုရားရှေ့၌ -------------ကဲ့သို့ ဖြစ်သည်။

ရ။            ဖါရိရှဲနှင့်ကျမ်းပြုဆရာတို့ သည်အဘယ့်ကြောင့်မှားယွင်းသောမိန်းမ၏ အပြစ်ကိုသာမြင်သနည်း။--------------

၈။            ဘုရားသခင်အမြင်၌ ကောင်းသောအကျင့်ကိုကျင့်သောသူ -----------မျှမရှိ။

၉။            လူသည်ကောင်းသောအကျင့်ကျင့်ဘို့ မွေးသလော၊မကောင်းသော အကျင့်ကျင့် ဘို့ မွေးသလော။ --------------------

၁၀။          လူသည်မည်သည့်အရွယ်မှစ၍အပြစ်သားဖြစ်သနည်း။ ----------------

 

ရဲလင်းထွန်း (အင်းစိန်)

.