သင်ခန်းစာ အမှတ် (၁၁) ကယ်တင်ခြင်းနည်းလမ်း (The way of salvation)


“နိဒန်း”

ဤလောကကြီးတွင် သမ္မာကျမ်းစာကို စေ့စပ်သေချာစွာ ပိုင်းခြားနားလည်လိုသော ဓမ္မပညာရှင်များအတွက် “ကယ်တင်ခြင်းနည်းလမ်း” သည် ခပ်သိမ်းသောအရာတို့ထက်သာ၍ အရေးကြီးလျှက်ရှိကြောင်း နားလည်သဘော ပေါက်ကြပေလိမ့်မည်။

သင်ခန်းစာအရေးကြီးပုံ (Importance of this lesson)

ကမ္ဘာပေါ်ရှိဘာသာရေးဆိုင်ရာ ဂိုဏ်းဃနများနှင့် အသင်းတော်ပေါင်းများစွာတို့သည် စစ်မှန်သော သမ္မာတ ရားနှင့်ကယ်တင်ခြင်းနည်းလမ်းတို့ကို သိကျွမ်းပိုင်ဆိုင်ထားလျှက်ရှိကြောင်း အတိအလင်းကြေငြာသည်။ ဤဘာသာရပ်နှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာထက် ပိုမိုရှင်းလင်းလွယ်ကူစွာ တင်ပြနိုင်သော စာပေကျမ်းဂန် များလည်းမရှိပေ။ သို့ဖြစ်စေကာမူ စာတန်မာနတ်သည် ဧ၀ံဂေလိတရား၏အလင်းကို မျက်ကွယ်ပြုလျက် ကြီးမားသော ရှုပ်ထွေးမှုကိုဖန်တီးရန်အစွမ်းကုန် ကြိုးစားအားထုတ်လျှက်ရှိ၏။ သို့ဖြစ်၍ ဤဘာသာနှင့်စပ် ဆိုင်သောအကြောင်းအရာများကို တိကျမှန်ကန်စွာပိုင်းခြား၍ အကြွင်းမဲ့နားလည် သဘောပေါက်ရန်မှာ ဤသင်ခန်းစာ၏ အဓိကရည်ရွယ်ချက်ဖြစ်သည်။

“ကယ်တင်ခြင်းနည်းလမ်း” ကို သိနားလည်ရန်မှာ ကောင်းချီးမင်္ဂလာဖြစ်စေသော ထိုကယ်တင်ခြင်း၏ စိတ်ချမှုကို ၀မ်းမြောက်စွာခံစားရမည်ကို မျှော်လင့်ခြင်းပင်ဖြစ်၏။ “ယုံကြည်ခြင်း”၌ “၀မ်းမြောက်ခြင်း” နှင့် “ငြိမ်သက် ခြင်း” ကိုခံစားရမည့်အကြောင်း၊ ဤူသင်ခန်းစာကို လေ့လာမှတ်သားရာတွင် ကျေညက်ပိုင်နိုင်စွာ ခံယူ နားလည်စေ ရန်ဘုရားသခင်၏ မစကူညီခြင်းကိုခံရပါစေသော။ “ကယ်တင်ခြင်းနည်းလမ်း” တွင် ထင်ရှားသည့် အဆင့် (၆) ဆင့်ရှိသည်။

၁။       အသိအမှတ်ပြုခြင်း (RECOGNITION)

(က) “ကယ်တင်ခြင်းနည်းလမ်း” သည် “အသိအမှတ်ပြုခြင်း” ဖြင့်အစပြု၍တနည်းအားဖြင့် ကျွန်ုပ်တို့၏ ပကတိအခြေအနေကို ဘုရားသခင်၏ ရှု့ထောင့်မှမြင်သည့် အတိုင်း ရှုမြင်သုံးသပ် ရန်ဖြစ်သည်။

(ခ )       နောင်တမလွန်၌ ကောင်းကင်နိုင်ငံတော်တွင် ဘုန်းတော်ဝင်စား ရမည့်အကြောင်းနှင့် ထာဝရအသက်ကို ပိုင်ဆိုင်ရရှိကြမည့်အကြောင်း ယုံကြည်သူမျှော်လင့်တောင့်တကြသည့် အခြေ အနေသို့            ရောက်ရှိနိုင်ရန် အသိအမှတ်ပြုခြင်းမရှိလျှင် “မျှော်လင့်ခြင်း” ကင်းမဲ့လျှက်အချည်းအနှီး ပင်ဖြစ်ပေသည်။

ဥပမာ (၁)           မျှော်လင့်ခြင်းကင်း၍ လေလွင့်ပျောက်ဆုံးမေ့မျှောလု နီးပါးဖြစ်စေသည့် အခြေအနေသို့ မရောက်မီတိုင်အောင် မည်သူမျှ ကယ်တင်ခြင်းကိုမခံယူလိုကြပေ။

ဥပမာ(၂)            အပြင်ဒုစရိုက်အမျိုးမျိုးတို့၌ နစ်မွန်းလျှက်မစင်ကြယ်သော အသက်တာဖြင့်ညစ်ညူးစွာ အသက်ရှင်နေသောသူ တစ်ဦးသည်လည်း ထိုအခြေအနေဆိုးနှင့် မရင်ဆိုင်ရသည့် ကာလပတ်လုံး “သန့်ရှင်းစင်ကြယ်ခြင်း” အမှုကိုမပြုလိုကြပေ။

(ဂ)                 ဘုရားခင်၏အမြင်ကို ငြင်းပယ်တတ်သော လူတို့၏သဘောထားများ။

(၁) အခြားအခြားသောသူများနည်းတူ မိမိသည်လည်းဖြောင့်မတ်မှန်ကန်သောသူ တစ်ဦး ဖြစ်ကြောင်း

(၂) မိမိ၏လက်ရှိပကတိ အခြေအနေမှာ သင့်မြတ်လျှော်ကန်သဖြင့် ပြုပြင်ပြောင်းလဲ ရန်မလိုပေ။

(၃) မိမိအသက်ရှင်မှုမှာ သင့်တော်ကောင်းမွန်းလျှက် အဘယ်အရာမျှမလို၊ ပြည့်စုံလုံ လောက်နေပြီး။

(၄) မိမိသည် အကောင်းဆုံးဖြစ်စေရန် အတတ်နိုင်ဆုံး ကြိုးစား အသက်ရှင်နေသဖြင့် အဘက်ဘက်တွင် ပြီးပြည့်စုံမှုရှိနေသည်။

(၅) မိမိထက် အခြေအနေဆိုးဝါးသော သူများရှိသေးသည်။

(၆) မိမိသည် သမ္မာကျမ်းစာမှာ ဖော်ပြသည့်အတိုင်းဆိုးသွမ်း မိုက်မဲခြင်းသို့ရောက်နေ သည့်အတိုင်းအတာအထိ မရောက်သေး။

(၇) ပညတ္တိကျမ်း၏ အချုပ်ကိုစောင့်ထိန်းလျှက်ရှိ၏။

(ဃ)                  သို့ပေမဲ့ဘုရားသခင် မိန့်တော်မူခဲ့သည်မှာ အဘယ်နည်း။

(၁) “ကျွန်ုပ်တို့ရှိသမျှသည် သန့်ရှင်းစင်ကြယ်ခြင်း မရှိပါ။” (ဟေရှာ ၆၄း၆)

(၂) “စိတ်နှလုံးသည် ခပ်သိမ်းသောအရာထက် စဉ်းလဲတတ်၏။အလွန်ယိုယွင်းသော သဘောရှိ၏။” (ယော၊ ၁၇း၉)

(၃) “ကျမ်းစာလာသည်ကား၊ ဖြောင့်မတ်သောသူမရှိ၊ ကောင်းသောအကျင့်ကိုကျင့်သော သူမရှိ၊ လူအပေါင်းတို့သည် လမ်းလွှဲကြ၍ တညီတညွှတ်အသုံးမရသောသူ ဖြစ်ကြပြီး။” (ရော ၃း၁၀-၁၂)

(၄) “ပျောက်သောသူများဖြစ်ကြ၏။” (လု ၁၉း၁၀)

(၅) “အပြစ်စီရင်ခြင်းကိုခံရ၏။” (ယော၊ ၃း၁၈)

(၆) “ဘုရားသခင်၏ အသက်နှင့်ကွာရှင်းလျှက် ရှိကြ၏။” (ဧဖက် ၄း၁၉)

(၇) “လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍၊ ဘုရားသခင်ရှေ့တော်၌ အသရေပျက်ကြပြီး”  (ရောမ ၃း၂၃)

(င)                  ထို့ပြင်သမ္မာကျမ်းစာ ရှိသူတော်စင်များက မည်ကဲ့သို့သက်သေခံကြသနည်း။

၁။  “ဒါဝိဒ်” – “အကျွန်ုပ်သည် မွေးစကပင် အပြစ်ပါလျှက်ရှိပါ၏။ အမိဝမ်း အထဲ  မှာအဋိသန္ဓေယူစဉ်ကပင် အပြစ်စွဲပါ၏။” (ဆာလံ ၅၁း၅)

၂။        “ဟေရှာယ” – “ငါသည်ညစ်ညူးသော နှုတ်ခမ်းရှိလျှက်၊ ညစ်ညူးသောနှုတ်ခမ်းရှိ သောလူမျိုးတွင် နေလျှက်။” (ဟေရှာ၊ ၆း၅)

၃။        “ယေရမိ” – “စိတ်နှလုံးသည် ခပ်သိမ်းသောအရာတို့ထက် စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသော သဘောရှိ၏။” (ယေ၊ ၁၇း၉)

၎။ “ပေါလု” – “ငါ့အထဲမျာ ငါ့ဇာတိပကတိ၌ ကောင်းသောအရာတစ်စုံတစ်ခုမျှ မတည်သည်ကိုငါသိ၏။” (ရော ၇း၁၈)

၅။        “ပေတရု” – “အကျွန်ုပ်သည် အပြစ်များသောသူ ဖြစ်ပါ၏။ အကျွန်ုပ်ထံမှကြွသွား တော်မူပါ။” (လု ၅း၈)

(စ)     သို့ဖြစ်၍  “ကယ်တင်ခြင်း” နည်းလမ်းသည် “အသိအမှတ်ပြုခြင်း”မှ အစပြုသဖြင့် ဘုရားသခင်၏ သဘောကိုနားလည်၍၊ သမ္မာကျမ်းစာ၏ သွန်သင်ဖော်ပြခြင်းတို့ကို၊ ယုံကြည်လက်ခံမှသာလျှင် သခင်ဘုရားနှင့် ကယ်တင်ခြင်းတရားကို နားလည်နိုင်ပေလိမ့်မည်။ သမ္မာကျမ်းစာမှ လူစွမ်းကောင်းကြီးများပင်လျှင်၊ မိမိကိုယ်မိမိအပြစ် သားများဟုဝန်ခံအသိအမှတ်ပြုကြလျှင် ကျွန်ုပ်တို့လည်း စိတ်နှလုံးကိုနှိမ့်ချလျက်ထိုသူတော်စင်များနည်းတူဝန်ခံကြရန် လိုပေသည်။

၂။            နောင်တရခြင်း (Repentance)

(က)   အဓိပ္ပါယ်ဖွင့်ဆိုချက်

၁။         ဂရိဘာသာစကား (ကြိယာ) Metanola မှ ဘာသာပြန်ဆိုထားခြင်းဖြစ်ပြီး “နောက်မှတွေ့ သည်”၊ တနည်းအားဖြင့် မိမိစိတ်ကူးစိတ်သန်းနှင့် အကြံအစည်ရည်ရွယ်ချက်တို့ကို ပြောင်းလဲခြင်းဟူ၍ အဓိပ္ပါယ်သက် ရောက်သည်။

၂။         ဂရိဘာသာစကား (နာမ်) Metanola မှလည်း စဉ်းစားပြီးမှ (    )သို့မဟုတ် စိတ်ကူးပြောင်းလဲခြင်း ဟုအဓိပ္ပါယ်ဖွင့်ဆိုထားသည်။

၃။         မည်သို့ပင်ဖြစ်စေကာမူ အဓိပ္ပါယ်ဖွင့်ဆိုခြင်း (၂)မျိုးစလုံး၌ ကွာဟမှုမရှိသလောက်ဖြစ်၍၊ ဓမ္မကျမ်း၌ (Change for the better) “ကောင်းသော (အလားအလာရှိသည့်) အခြေအနေသို့ ကူးပြောင်းခြင်း” တနည်းအားဖြင့် “အပြစ်ဒုစရိုက်မှ ရှောင်ကျဉ်ခြင်း” (a turning away from sin and evil) ဟူ၍ ထင်ရှားစွာဖွင့်ဆိုထားကြောင်း တွေ့ရ ပေသည်။

(ခ)     သို့ဖြစ်၍၊ ယုတ္တိကျကျဆင်ခြင်သုံးသပ်မည်ဆိုလျှင် “နောင်တရခြင်း”သည် “ကယ်တင်ခြင်း”နည်း လမ်း၏ဒုတိယအဆင့် (၀ါ) ဒုတိယခြေလှမ်းပင်ဖြစ်သည်။ ပထမခြေလှမ်းအနေဖြင့် ကျွန်ုပ်တို့သည် မိမိကိုယ်မိမိဘုရား သခင်၏သဘော၊ ဘုရားသခင်၏အမြင်အတိုင်းသုံးသပ်တတ်ဘို့လိုသည်။ ဒုတိယခြေလှမ်းအရထိုပကတိအခြေအနေ တို့ကိုဝန်ခံအသိအမှတ်ပြုလျှက်ထိုအနေအထားမှ ကျောခိုင်းရှောင်ကျဉ်ရန်ပင်ဖြစ်သည်။

(ဂ)     ဘုရားသခင်သည် ကျွန်ုပ်တို့အား “နောင်တရရန်”မိန့်ကြားတော်မူ၏။

၁။         “သင်တို့ရှိသမျှလည်း၊ နောင်တမရလျှင်ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည်” (လု ၁၃း၃)

၂။         “လူအပေါင်းတို့အား ကိုယ့်အပြစ်ကိုယ်မြင်၍၊ နောင်တရကြလော့ဟု ပညတ်တော်မူ၏။ (တ ၁၇း၃၀)

၃။         သို့ဖြစ်၍ “နောင်တရခြင်း”သည် အလေးမမူဂရုမစိုက်၊ လစ်လှူရှုလျက်ပြစ်ပါယ်ရှောင်ရှား ၍မရသောအချက်ပင်ဖြစ်ပြီး၊ “နောင်တမရ”ကြလျှင် မိမိတို့သည်၊ အပြစ်နွံထဲ၌၊ နစ်မွန်းလျက်ပျက်စီး ခြင်းသို့ဧကန်ရောက်ကြလိမ့်မည်။

(ဃ)   ဘုရားသခင်သည် လူသားအပေါင်းတို့နောင်တရစေခြင်းငှာ မိန့်တော်မူခဲ့သည်။

၁။         လူအချို့တို့သည် ကိုယ်ကျင့်တရားအားဖြင့်သော်လည်းကောင်း၊ သိက္ခာသမာဓိအားဖြင့် သော်လည်းကောင်း၊ အခြားသူတို့ထက်ဖြောင့်မတ်ခြင်းအရာ၌ ခိုင်ခန့်တည်ကြည်သည်ဟု ထင်မှတ် ကြပြီး၊ “နောင်တရရန်” မလိုအပ်ပေဟု ယုံကြည်လက်ခံထားကြသည်။

၂။         သို့ရာတွင် သမ္မာကျမ်းစာက -

(လု ၃း၁၃)                      (က)      “သာ၍အပြစ်ရှိသည်မဟုတ်၊ သင်တို့ရှိသမျှလည်း နောင်တမရလျှင် ပျက်စီးခြင်း သို့ရောက်ကြလိမ့်မည်”

(လု ၁၇း၃၀)                    (ခ)        “ယခုမှာ ကိုယ်အပြစ်ကိုမြင်၍၊ နောင်တရကြလော့ဟု ခပ်သိမ်းသော အရပ်တို့၌ ရှိသော လူအပေါင်းတို့အား ပညတ်တော်မူ၏”

(၂ ပေ ၃း၉)                     (ဂ)        “ငါတို့တွင် အဘယ်သူမှမပျက်စီးဘဲ၊ ရှိသမျှတို့သည် နောင်တရစေခြင်းငှာ အလိုတော်ရှိ၍၊ ငါတို့ကို သီးခံတော်မူ၏။”

(င) “နောင်တရခြင်း”နှင့် “ယုံကြည်ခြင်း”တို့သည် အမှန်တကယ်လိုအပ်သော အရာများဖြစ်သည်။

၁။         သို့ရာတွင် “နောင်တရခြင်း”တစ်ခုတည်းဖြင့် “ကယ်တင်ခြင်း”ကို မရနိုင်သည့်ပြင် “ခွင့်လွှတ်ခြင်း”တရားအတွက်လည်း မလုံလောက်သည်မှာ မှန်ကန်သော်လည်း၊ စစ်မှန်၍ ကယ်တင်နိုင်သောယုံကြည်ခြင်းအတွက် အဓိကကျသော အစိတ်အပိုင်း တစ်ခုဖြစ်ပြီး ဘုရားသခင်၏အလိုတော်နှင့် ညီသောအချက်တစ်ခုပင်ဖြစ်သည်။

(တ ၂း၄၁)          (က)      “နောင်တရကြ၍” “နှုတ်ကပတ်တော်ကို”နှလုံးသွင်းလျှက် လက်ခံယုံကြည်သောအားဖြင့် “ကယ်တင်ခြင်း”ကို ရကြ၏။

(တ ၃း၁၉)          (ခ)        “နောင်တရ”၍ “စိတ်ပြောင်းလဲခြင်း”သို့ရောက်စေ၏။

(၁ ၂၀း၂၁)          (ဂ)        တမန်တော်ရှင်ပေါလုသည် “ဘုရားသခင်ရှေ့တော်၌ နောင်တရခြင်းတရားကို၎င်း၊ သခင်ယေရှုခရစ်ကို “ယုံကြည်ခြင်းတရားကို၎င်း” ဟောပြောသက်သေခံခဲ့သည်။

(စ)     စစ်မှန်သော နောင်တတွင် “စိတ်သဘောအကြံအစည်” (Mind) “ခံစားချက်” (Emotion) နှင့် “အလိုဆန္ဒ” (Will) စသည်တို့ပါဝင်နေသည်။

၁။         “စိတ်သဘောအကြံအစည်”ကိုသရုပ်ဖော်ခြင်း

(Illustration of the Mind of Interlect)

“တမန်တော်ရှင်ပေတရု (က ၂း၁၄-၄၀)တွင် “ယုဒလူမျိုး”တို့ကို “နောင်တ”ရကြရန်တိုက် တွန်းသွေးဆောင်သောအခါတွင် “ခရစ်တော်”အပေါ်၌ထားသော၎င်းတို့၏ စိတ်သဘော ထားများကို ပြောင်းလဲကြရန် နှိုးဆော်ခြင်း”ဖြစ်သည်။ ယုဒလူမျိုးတို့သည်၊ မာကျောသော စိတ်နှလုံးများဖြင့် “သခင်ခရစ်တော်”အားဘုရားကို လွန်ကျူးစွာပြောဆိုသော အယောင် ဆောင်ပုဂ္ဂိုလ်တစ်ဦးအဖြစ် သဘောထားကြသည်။ သို့ဖြစ်၍ “နောင်တရကြလျှင်” “ခရစ်တော်”ကို “ကယ်တင်ရှင်မေရှိယ” အဖြစ် လက်ခံကြရန် တိုက်တွန်းနှိုးဆော်ခြင်း ဖြစ်သည်။

၂။                  ခံစားချက်ကိုသရုပ်ဖော်ပြခြင်း

(Illustration of the emotional involvement)

(၂ကော ၇း၈-၁၁) (က)      “ကောရိန္တုအသင်းသားများသည် ၀ှက်ထားသော အပြစ်ကြောင့် “နောင်တရ”၍ ၀မ်းနည်း ကြ၏။ ကယ်တင်ခြင်းနှင့် ယှဉ်သော နောင်တစိတ်ဖြစ်သည့်အတွက် စစ်မှန်သော နောင်တ ဖြစ်သည်။

(မ ၁၁း၂၀) (ခ)                 “လျော်ထားသော အ၀တ်ကိုဝတ်၍ ပြာနှင့်လူးသော အ၀တ် စပ်ဆိုင်သော “နောင်တ” ရခြင်းမျိုးသည် ပြင်းပြသော စိတ်နှလုံးမှ ဖြစ်ပေါ်လာသော ခံစားချက်သာဖြစ်သည်။

၃။                  “အလိုဆန္ဒကိုသရုပ်ဖော်ခြင်း”

(Illustration of the will)

(၁သက် ၁း၉)                   (က)      “ရုပ်တုဆင်းတု”တို့ကို ပစ်ပယ်၍၊ အသက်နှင့်ပြည့်စုံလျက် မှန်တော်မူသော ဘုရားသခင်၏ အမှုတော်ကိုထမ်းဆောင်ခြင်းအလိုဆန္ဒ၏ အပြုအမူတရပ်ပင် ဖြစ်သည်။

(က ၂၆း၁၈)                    (ခ)        “မှောင်မိုက်မှအလင်းသို့ကူးမြောက်၍၊ စာတန်၏အာဏာထဲမှ ဘုရားသခင်ထံ တော်သို့ပြောင်းလဲခြင်း”သည် စစ်မှန်သော နောင်တဖြစ်၍ “အလိုဆန္ဒ”၏လုပ် ဆောင်ခြင်းတစ်ခုကိုဖော်ဆောင်ခြင်းဖြစ်သည်။

(လု ၁၅း၁၈-၂၀)               (ဂ)        “ပျောက်သောသား” ကိုပုံဆောင်သောသာဓကတွင် “နောင်တရခြင်း”၏ လက္ခဏာရပ် (၃)မျိုးစလုံးကိုပီပြင်စွာ သရုပ်ဖော်ဆောင်ထားကြောင်းတွေ့ရမည်။

၁။         “ထိုအခါသတိရလျှင်” (စိတ်သဘောအကြံအစည်)

၂။         “ငါမူကား၊ ဤပြည်၌ သေအောင်အငတ်ခံရ၏” (ခံစားချက်)

၃။         “ငါထ၍ အဘထံသွားမည်” (အလိုဆန္ဒ)

မှတ်ချက်။                        ။ ထို့ကြောင့် “နောင်တရခြင်း” သည်“အပြစ်အတွက်” စိတ်နှလုံးကြေကွဲရမျိုးမဟုတ်ဘဲ၊ အပြစ်မှလွှတ်မြောက်ရခြင်းအတွက် ကျိုးပဲ့သော စိတ်နှလုံးနှင့် နောင်တစိတ်ကို ဆိုလိုသည်။

(ဆ)      “နောင်တရခြင်း”ကို ကျွန်ုပ်တို့အထဲမှ နည်းအမျိုးမျိုးဖြင့် ဖြစ်ပေါ်စေ၏။

(ရောမ ၂း၎)        ၁။         ဘုရားသခင်၏ ကျေးဇူးတော်သည်၊ နောင်တလမ်းသို့ သွေးဆောင် သည်။

(တ ၂း၃၇-၄၁)     ၂။         ဧ၀ံဂေလိသတင်းစကားကိုကြားခြင်းအားဖြင့် နောင်တရကြသည်။

၃။         ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် (ဧဖက် ၂း၈၊ ၉) (တ ၁၁း၁၈)

၎။         ဘုရားသခင်၏ သီးခံတော်မူခြင်းသည်၊ နောင်တရခြင်းသို့ပို့ဆောင်၏။ (၂ပေ ၃း၁၉)

၅။         ဘုရားသခင်သည် အပြစ်ကိုစစ်ဆေးခြင်း၊ ဆုံးမခြင်းဖြင့် သူချစ်သမျှ သောသူတို့ကိုနောင်တရစေ၏။ (ဗျာဒိတ် ၃း၁၉)

၃။         အမှန်ဖြစ်ခြင်း

(က)      ကျွန်ုတို့သည် (မိမိကိုယ်မိမိ) ဘုရားသခင်၏သဘောကို နာခံလျှက် အသိအမှတ်ပြု၍၊ ပြုခဲ့သမျှ အပြစ်များအတွက် အမှန်တကယ် “နောင်တရ”ကြလျှင် အောက်ဖော်ပြပါအချက်ကြီး (၂)ချက်ကို တသက်တာ၌၊ မုချခံစားရပြီး “အမှန်သိမြင်နားလည်ဖို့လိုသည်။

၁။         လူသည် “အပြစ်သား”သက်သက်ဖြစ်သည်သာမက “မိမိကိုယ်မိမိ” မကယ်တင်နိုင်သော အပြစ်သားဖြစ်သည်။ “အပြစ်တရား”မှ လွှတ်မြောက်နိုင်ရန် လုံးဝမတတ်စွမ်းသောသူပင်ဖြစ်သည်။

၂။         “ခရစ်တော်တစ်ပါးတည်း”သာကျွန်ုပ်တို့ကို “အပြစ်တရား”မှ “ကယ်တင်နိုင်၍၊ ကယ်တင် တော်မူသောအရှင်သခင်ဖြစ်သည်။

(ခ)        “အသိအမှတ်ပြုခြင်း”နှင့် “အမှန်တကယ်သိမြင်ခံစားရခြင်း”တို့အကြား၌ အလွန်ကြီးမားသော ကွာခြားမှုများရှိပေသည်။

ဥပမာ (၁)- တစုံတစ်ယောက်သောသူ၏ရောဂါဝေဒနာကိုသိသာထင်ရှားသောပြင်ပ လက္ခဏာ များအားဖြင့် အသိအမှတ်ပြုနိုင်သော်လည်း၊ ထိုရောဂါဝေဒနာနှင့်စပ်လျဉ်း၍၊ ဝေဒနာရှင်၏ ခန္ဓာကိုယ်ထဲ၌ ရောဂါသည်၊ အဘယ်မျှလောင်ကျွမ်းနေသည်ကို မသိနိုင်ပါ။

“အမှန်ဖြစ်ခြင်း” ကိုသိမြင်ခံစား၍ မရနိုင်။

ဥပမာ (၂)           တစ်စုံတစ်ယောက်သောသူသည် ငတ်ပြတ်၍ ပစ်ပါယ်ထားသော ကလေးတစ်ယောက်၏ မျက်မှောက်အခြေအနေကို “အသိအမှတ်ပြု” နိုင်မည်ဖြစ်သော်လည်း၊ ထိုဘ၀သို့ရောက်အောင် ပို့ဆောင်လိုက်သောထိုသူငယ်၏မိသားစုအတွင်းရင်ဆိုင်နေရသော ဆင်းရဲခြင်းဒုက္ခနှင့် ကြေကွဲစရာ အဖြစ်အပျက်တို့ကို “အမှန်တကယ်သိရှိနားလည်ရန်” လွယ်ကူမည်မဟုတ်ပေ။

ထိုနည်းတူ - တစ်စုံတစ်ယောက်သောသူသည် မိမိကိုယ်မိမိ “အပြစ်သားတစ်ဦးဖြစ်ကြောင်း “အသိအမှတ်ပြု” နိုင်သော်ငြားလည်း မိမိကိုယ်မိမိမကယ်နိုင်သောအချက်ကို “အမှန်ပင်သိမည်” မဟုတ်။

(ဂ)        သို့ဖြစ်၍ “ကယ်တင်ခြင်း” နည်းလမ်း၏ တတိယအဆင့်ဖြစ်သော “အမှန်တကယ်ဖြစ်ခြင်း” (သို့) “အမှန် တကယ်သိမြင်ခံစားရခြင်း” ဆိုသည်မှာ အောက်ဖော်ပြပါအကြောင်းအရာများနှင့် ပတ်သက်၍၊ လက်တွေ့ခံစားရပြီး နားလည်သဘောပေါက်ခြင်းကိုဆိုလိုသည်။

၁။         လူသည် မိမိကိုယ်မိမိကယ်တင်နိုင်ရန် တတ်နိုင်စွမ်းမရှိသည့်အပြင်၊ မိမိ၏ “ကယ်တင်ခြင်း” နှင့် ပတ်သက်၍ “ဘုရားသခင်၏ ကျေးဇူးတရား” အပေါ်တွင် လုံးဝမူတည်လျက် မျှော်လင့် အားထား စရာ ဖြစ်ကြောင်း သိရှိနားလည်ရမည်။

(ဧဖက် ၂း၈၊ ၉)    (က)      “ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းကိုရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည် မဟုတ်။”

(တိတု ၃း ၅၊ ၆)    (ခ)        “ငါတို့ကျင့်သော ဖြောင့်မတ်ခြင်းအကျင့်အားဖြင့်ကယ်တင်ခြင်းသို့မရောက်။

(ရောမ ၄း၅)        (ဂ)        အကျင့်မရှိသောသူ၏ ယုံကြည်ခြင်းသည်၊ ဖြောင့်မတ်ရာသို့ရောက်စေ၏။

၂။         “ခရစ်တော်တစ်ပါးတည်း” ကယ်တင်နိုင်၍၊ လုံးဝကယ်တင်တော်မူသောအရှင်သခင်ဖြစ်သည်။

(က)      “ငါတို့အပြစ်များကို ကိုယ်တော်တိုင်အားဖြင့် သုတ်သင်ပါယ်ရှင်းပြီးလျှင်” (ဟေဗြဲ ၁း၃)

(ခ)        “တစ်ခါတည်းကိုယ့်ကိုပူဇော်သောအားဖြင့် အပြစ်များကို သုတ်သင်ပယ်ရှင်းခြင်းငှာ ပေါ်ထွန်းတော်မူ၏။ (ဟေဗြဲ ၉း၂၆)

(ဂ)        “ဘုရားသခင်သည် အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသော သူဖြစ်စေတော်မူ၏” (၂ကော ၅း၂၁)

(ဃ)      “ထာဝရဘုရားသည် ခပ်သိမ်းသောငါတို့၏ အပြစ်များကို သူ့အပေါ်၌ တင်တော်မူ၏” (ဟေရှာယ ၅၃း၆)

၎။         “ဖွင့်ပြခြင်း” (Revelation) (၀ါ) “ဖော်ပြခြင်း” “ကယ်တင်ခြင်းနည်းလမ်း”ကို နားလည်သဘောပေါက်ပြီး “ကယ်တင်ခြင်း”ရရှိသော သူအပေါင်းတို့သည် “ခရစ်တော်”နှင့် စပ်ဆိုင်သော ဗျာဒိတ်အရ “ဖွင့်ပြခြင်း” ကိုခံစားရမည်။ ထို “ဖွင့်ပြခြင်း”ကား အဘယ်နည်း။ “ခရစ်တော်”သည် ဘုန်းတော် အနန္တနှင့် ပြည့်စုံတော်မူ သောအရှင်သခင်ဖြစ်၍၊ အသက်ရှင်တော်မူသော ဘုရားသခင်၏ တစ်ပါးတည်းသော သားတော်ဖြစ် တော်မူကြောင်းပေတည်း။

(က)      “ရှင်ပေတရု”သက်သေခံချက်ကိုသတိပြုပါ။ (မဿဲ ၁၆း၁၆)

(မ ၁၆း၁၆) “ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏ သားတော် ဖြစ်သည်”ဟု ၀န်ခံလေသည်။

(မ ၁၆း၁၇)          “ခရစ်တော်”၏ ဖြေကြားချက်ကိုသတိပြုပါ။ (မဿဲ ၁၆း၁၇)

အကြောင်းမူကား အသွေးအသားသည် ဤအကြောင်းအရာကို သင့်အားဖော်ပြသည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်သည် ဖော်ပြတော်မူသတည်း။

(ခ)        သမ္မာကျမ်းစာမှ “ပြောင်းလဲခြင်း” နှင့် စပ်ဆိုင်သော ဖော်ပြခြင်းတို့ကို သရုပ်ဖော်ထားပုံအချို့။

၁။         တာရှမြို့မှ ရှောလု (တ ၉း၅) ရှောလုက “ သခင်ကိုယ်တော်သည် အဘယ်သူပါနည်း”ဟုမေးလျှောက်၏။

အဖြေကိုသတိပြုပါ။ “သခင်ဘုရားကလည်း၊ ငါကားသင်ညှင်းဆဲသော ယေရှုဖြစ်သတည်း”။

အလွန်အံ့သြဖွယ်ကောင်းသော “ဖော်ပြခြင်းဖြစ်သည်။

“ရှောလု”သည်၊ ယုဒလူမျိုးစစ်စစ်ဖြစ်၍၊ ဘာသာရေးဓလေ့ထုံးစံစဉ်လာများနှင့် တရားဘက်ဆိုင်ရာ ကိစ္စများ တွင် “ဖာရိရှဲ” တစ်ဦးဖြစ်သည်။ ဖာရိရှဲအထဲ၌လည်း၊ ထူးခြားပြောင်မြောက်လှသော ပုဂ္ဂိုလ်ဖြစ်သည့် “ရှောလု”အား “ခရစ်တော်”သည် အံ့သြဖွယ်ကောင်းသော ဗျာဒိတ်ရူပါရုံအားဖြင့် “ဖွင့်ပြခြင်း” ကိုပေးပြီး၊ သူညှင်းပန်းနှိပ်စက်၍ အလွန်မုန်းတီးသော “ယေရှုသည် သူ၏အရှင်သခင် ကယ်တင်ရှင်မေရှိယဖြစ်ကြောင်း” ဖော်ပြလေသည်။

ကားတိုင်ပေါ်၌

(၂)        သေလုမျောပါးဖြစ်နေသော ဓါးပြကြီး။

အစကနဦး၌၊ ထိုလူဆိုးကြီးကလည်း “ခရစ်တော်”ကိုလွန်ကျူးစွာပြောဆိုခဲ့သောသူဖြစ်၏။ (မ ၂၇း၄၄)သို့ရာ တွင်သေလုမျှောပါးဖြစ်နေသည့်အခါတွင် လူဆိုးကြီးသည် ဘုရားသခင်၏ “ဖွင့်ပြခြင်း”ကို ခံရပြီး၊ အသက်တာ ပြောင်းလဲ၍နောက်ဆုံးအချိန်၌ ကယ်တင်ခြင်းကိုရရှိလိုက်သည်။ လူဆိုးကြီး၏ ကြွေးကြော်သံကိုသတိပြုပါ။ (လု ၂၃း၄၂)

“သခင်၊ ကိုယ်တော်သည် နိုင်ငံတော်တည်လျှက်ကြွလာတော်မူသောအခါ အကျွန်ုပ်ကိုအောက်မေ့တော်မူပါ” ဟုယေရှုကိုလျှောက်ဆို၏။

(၃)        ယာကုပ်ရေတွင်းတွင် တွေ့ရသော ရှမာရိအမျိုးသမီး။

ယာကုပ်ရေတွင်းတွင်တွေ့ရသော ရှမာရိအမျိုးသမီးအား၊ “ဘော်ပြသော” “ဖွင့်ပြခြင်း”သည်လည်း၊ အံ့မခန်း ဖြစ်သည်ကို သတိပြုပါ။

“ယေရှုကလည်း၊ သင်နှင့်စကားပြောသောငါသည် မေရှိယပင်ဖြစ်သည်ဟု မိန့်တော်မူသည်။”

(၄)        ဇက္ခဲ (လု ၁၉း၁-၁၀)

ဇက္ခဲသည် ယေရှုကို အဘယ်သို့သောသူဖြစ်သည်ကိုသိလို၍၊ အရပ်နိမ့်သောသူပင်ဖြစ်လင့်ကစား မလျှော့သောလုံ့လ၀ီရိယဖြင့် သင်္ဘောသဖန်းပင်ပေါ်တက်ပြီးမှ ကြည့်ရှုလေ၏။ ထိုအခါ “ကယ်တင်ရှင်”ကိုမြင် ရသောကြောင့် “ဖွင့်ပြခြင်း”ကိုခံရပြီး “ကယ်တင်ခြင်း”ကို ရရှိလေသည်။

(ဂ)        သမ္မာကျမ်းစာမှ အထောက်အထား

(၁)        ယော ၂၀း၃၀- ယေရှုသည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏သားတော်ဖြစ်တော်မူသည်ကို၊ သင်တို့ယုံမည်အကြောင်း၊ ထိုသို့ယုံ၍ နာမတော်အားဖြင့် အသက်ကိုရမည်အကြောင်း၊ ဤမျှလောက် ရေးထားလျှက်ရှိသတည်း။

(၂)        (တ ၁၆း၃၁) “သခင်ယေရှုခရစ်ကို၊ ယုံကြည်လော့။ ယုံကြည်လျှင် သင်နှင့် သင်၏အိမ်သူအိမ်သား တို့သည် ကယ်တင်ခြင်း၊ သို့ရောက်ကြလိမ့်မည်။

(၃)        (ရော ၁၀း၉-၁၀) “သင်သည် သခင်ယေရှုကိုနှုတ်ဖြင့်ဝန်ခံ၍၊ ဘုရားသခင်သည်၊ သူ့ကိုသေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ရောက်မည်။

၅။         လက်ခံခြင်း (Receive)

(က)      ကယ်တင်ခြင်းသည် ဘုရားသခင့်ထံမှ လက်ဆောင် သက်သက်ဖြစ်သည်။ လက်ဆောင်တစ်ခုမည် သည်ကြိုးစားအားထုတ်ခြင်း၊ ငွေနှင့်ဝယ်ယူခြင်း၊ မိမိနှင့်ထိုက်တန်ခြင်းဟူ၍မရှိ မရနိုင်သောအရာ တစ်ခုဖြစ်၍ “လက်ခံရယူခြင်း”မှတစ်ပါး၊ အခြားသောလမ်းမရှိပါ။

(ခ)        ကယ်တင်ခြင်းရရှိရန်အတွက် ကျွန်ုပ်တို့အသက်တာ၌ လက်ခံရယူရန် အချက် (၂)ချက်ရှိသည်။

၁။         သမ္မာကျမ်းစာမှ ဘုရားသခင်၏ နှုတ်ကတပ်တော်တည်းဟူသော “ဧ၀ံဂေလိတရားတော်” နှင့် “ခရစ်တော်”နှင့် စပ်ဆိုင်သော ၀မ်းမြောက်ဖွယ်ရာသတင်းစကား။

(က)      ဧ၀ံဂေလိတရားတော်ကို ဟောပြောသောအခါ၊

(၁ကော ၁း၂၁) (တ ၂း၄၁)

(ခ)        ကြားနာခြင်းအားဖြင့်ယုံကြည်ခြင်း။

(မ ၁၄း၂၀) (ရော ၁၀း၁၇)

မှတ်ချက်။            ။ ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် အသစ်သောအသက်တာနှင့် ဒုတိယမွေးခြင်းကို ခံကြရ၏။

(၁ပေ ၁း၂၂၊ ၂၃)

၂။         အသက်ရှင်တော်မူသော နှုတ်ကပတ်တော်တည်းဟူသော ခရစ်တော်ပင်ဖြစ်၏။

(ယော ၃း၁) နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။

(ယော ၁း၁၂) ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏သားဖြစ်ရသောအခွင့်ကိုပေးတော်မူ၏။

(က)      ယုံကြည်ခြင်းအားဖြင့် နှုတ်ကပတ်တော်ကို လက်ခံသောအခါ၊ အသက်ရှင်သော နှုတ်ကပတ်တော်တည်းဟူသော “ခရစ်တော်”သည် ကျွန်ုပ်တို့နှလုံးသားအတွင်းဝင်ရောက် ကိန်းအောင်းတော်မူလိမ့်မည်။

“ငါသည် တံခါး၊ ရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံ (နှုတ်ကပတ်တော်) ကိုကြား၍ တံခါးကိုဖွင့်အံ (လက်ခံခြင်း) ထိုသူရှိရာသို့၊ ငါဝင်၍(အသက်ရှင်တော်မူသောနှုတ်ကပတ် တော်)နှင့် အတူစားသောက်မည်။ သူသည်လည်း ငါနှင့်အတူ စားသောက်ရလိမ့်မည်။

(ဗျာဒိတ် ၃း၂၀)

၆။         ကိုးစားခြင်း (Reliance)

(က)      မိမိကိုးကွယ်ခံယူသော ဘာသာတရားကိုပင်လျှင်၊ မိမိ၏ ကိုးစားမှုထက်သာ၍ မကြီးနိုင်၊ ထို့ကြောင့် ကောင်းကင်နိုင်ငံရောက်ရာရောက်ကြောင်း သင်ဘာကို ကိုးစားမည်နည်း။

(ခ)        အချို့သောသူများသည် ဗတ္တိဇံခံခြင်း၊ ကောင်းမှုကုသိုလ်များပြုလုပ် ခြင်း၊ အသင်းတော်တစ်ပါးပါး၌ ၀င်ခြင်း၊ ကိုယ်ကျင့်တရားကောင်းမွန်ရန် ကြိုးစားခြင်၊ ဖြောင့်မတ်တည်ကြည်ခြင်းအစရှိသည်တို့ကို “ကိုးစား”တတ်ကြသည်။

(ဂ)        ကယ်တင်ခြင်းစိတ်ချမှုအတွက် ကျွန်ုပ်တို့သည် သမ္မာတရား၏ အဓိကမဏ္ဍိုင် (၂)ရပ်အပေါ်ကိုးစား ဘို့ရန်လိုပေသည်။ ကျွန်ုပ်တို့မတ်တပ်ရပ်နိုင်ရန် ဘုရားသခင်သည် ခိုင်ခန့်သော မဏ္ဍိုင်ကြီး (၂)ခု အပေါ်ကိုးစားရပ်တည်နိုင်ရန် ပြင်ဆင်ပေးခဲ့သည်။

(၁)        သမ္မာကျမ်းစာ၏ အဆုံးအဖြတ် (The Finatily of The Bible)

သမ္မာကျမ်းစာထဲတွင် ဘုရားသခင်၏ကတိတော်ပေါင်းမြောက်များစွာရှိပေသည်။ ဘုရား သခင်ကိုနှုတ်ထွက်စကားများဖြစ်၍၊ ခိုင်လုံတည်ကြည်သဖြင့် ကျွန်ုပ်တို့သည် ထိုကတိတော်များကို အရှိအရှိအတိုင်း ယုံကြည်လက်ခံ၍ ကိုးစားနားထောင်ဘို့လိုသည်။ ဘုရားရှင်၏ နှုတ်ကပတ်တော် များဖြစ်၍၊ သံသယဖြစ်စရာမလို၊ စောဒကတက်စရာအကြောင်းမရှိဘဲ၊ ပကတိအတိုင်း ချွင်းချက် မရှိလက်ခံရမည်ဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်သည် အစဉ်အဆက်တည်ကြည်မှုရှိ သည်။

(၂)        ပြီးဆုံးသွားသော “ခရစ်တော်”၏ အမှုဆောင်ခြင်း (The Finished work of Christ)

(ယော ၁၉း၃၀)တွင် “ယေရှု”က “အမှုပြီးပြီ”ဟု မိန့်တော်မူခဲ့သော တရားတော်ကို၊ စောင့်ထိန်းလျှက်ဘုရားသခင်၏ ဘုန်းတော်ကိုထင်ရှားစေခဲ့သည်။ စာတန်မာနတ်၏တန်ခိုးကိုလည်း ချေမှုန်းနိုင်ခဲ့ပြီ။ အပြစ်ကိုလည်း ပေးဆပ်နိုင်ခဲ့ပြီ။

၇။         နိဂုံးချုပ်

သို့ဖြစ်၍ ကယ်တင်ခြင်းနည်းလမ်းမည်သည် မိမိကိုယ်မိမိ ပကတိအတိုင်း သန့်ရှင်းတော်မူသော ဘုရားသခင် ၏ သဘောထားအမြင်နှင့် “အသိအမှတ်ပြုခြင်း” အပြစ်ကို ကျောခိုင်းပြီး၊ စစ်မှန်သော နောင်တ ဖြင့် ဘုရားသခင် ထံတော်သို့လာသော အပြစ်သားများအား ကယ်တင်ခြင်း။ လက်ခံခြင်းနှင့် ဘုရားသခင်၏ ကတိတော်များကို အကြွင်းမဲ့ယုံကြည်ပြီး ပြည့်စုံပြီဖြစ်သော ခရစ်တော် ၏အမှုတော်မြတ် ကြီးအပေါ်၌ လုံးဝရပ်တည်ကိုးစားရန်ဖြစ်သည်။

အထက်ဖော်ပြပါနည်းလမ်းများကို မသိနားမလည်၍၊ “ကယ်တင်ခြင်း”ကို မရသောသူတို့အဘို့ ယခုအချိန် သည် အကောင်းဆုံး၊ အသင့်တော်ဆုံးဖြစ်၍ “ခရစ်တော်”အား ကျွန်ုပ်တို့၏ကယ်တင်ရှင်နှင့် အရှင်သခင် အဖြစ်ဝန်ခံလျှက် ခေါ်ဘိတ်ကြပါစို့။

ကျောင်းသားတိုင်းဖြေဆိုရန် မေးခွန်းများ           သင်ခန်းစာ (၂)

၁။         ကယ်တင်ခြင်းနည်းလမ်းကို၊ မှန်ကန်စွာပိုင်းခြားနားလည်နိုင်သောဥာဏ်ပညာသည် အဘယ်ကြောင့် အဓိကအရေးကြီးဆုံးမဏ္ဍိုင်တွင် ရပ်တည်နေသနည်း။

(သင်ခန်းစာ၏ အရေးကြီးပုံ- မဖြေဆိုရန်)

၂။         ကယ်တင်ခြင်းနည်းလမ်း၏ ထင်ရှားသော ပေါ်လွင်သောအဆင့် (၆)ဆင့်ကိုဖော်ပြပါ။

၃။         လူသည် သမ္မာကျမ်းစာကို ဆန့်ကျင်၍၊ မိမိမှန်သည်ထင်သည့်အတိုင်း ခံယူလိုက်လျှောက်နေသော အယူအဆအနဲဆုံး (၄)မျိုးကိုဖော်ပြပါ။

၎။         သန့်ရှင်းတော်မူသောဘုရားသခင်ရှေ့မှောက်၌ မိမိကိုယ်မိမိအပြစ်သားဟု ၀န်ခံအသိအမှတ်ပြုကြသော သမ္မာကျမ်းစာမှ သူရဲကောင်း (၃)ဦး၏အမည်ကိုဖော်ပြပါ။

၅။         အသိအမှတ်ပြုခြင်းနှင့် အမှန်ဖြစ်ခြင်း၏အခြေခံခြားနားချက်ကိုဖော်ပြပါ။

(အခန်း ၃(ခ)မှ ဖြေဆိုပါ)

၆။         ဓမ္မကျမ်းတွင် နောင်တရခြင်း မူရင်းအဓိပ္ပါယ်ကိုဖော်ပြပါ။

(အခန်း ၃(က)မှ ဖြေဆိုပါ)

၇။         နောင်တရခြင်းဆိုရာ၌ မိမိအနေဖြင့် ရုပ်ပိုင်းဆိုင်ရာ ကဏ္ဍမှ ပါဝင်လုပ်ဆောင်ရမည့်အဓိကအချက် (၃)ချက်ကို ဖော်ပြပါ။ (အခန်း ၂(စ)မှ ဖြေဆိုပါ)

၈။         ကယ်တင်ခြင်းနည်းလမ်းကို မသိနားမလည်မီအမှန်တကယ်သိရှိခံစားရမည့်အရေးကြီးသော အချက်ကြီး (၂)ချက်ကိုဖော်ပြပါ။ (ကျမ်းစာတစ်ပုဒ်စီဖြင့် ကိုးကား၍ဖြေဆိုပါ)

၉။         (မာ ၁၆း၁၆)တွင် ရှင်ပေတရု၏ ၀န်ခံချက်မှအရေးပါသော ကဏ္ဍကိုဖော်ပြပါ။

၁၀။       ကယ်တင်ခြင်းရရှိရန်အတွက်လက်ခံခြင်းနှင့် စပ်ဆိုင်သော အဓိကအချက်(၂)ချက်ကိုဖော်ပြပါ။

၁၁။       ကယ်တင်ခြင်းစိတ်ချမှုရရှိရန်အတွက် အဆင့် (၆)ဆင့်အားလုံးပါဝင်သောကယ်တင်ခြင်းနည်းလမ်းကိုဖြေဆို ပါ။

၁၂။       ဤသင်တန်းစာအပေါ်အခြေခံလျှက် အဆင့်(၆)ဆင့်အားလုံးပါဝင်သော ကယ်တင်ခြင်းနည်းလမ်းနှင့် စပ်ဆိုင် သောစာတမ်း တစောင်ကို ရှင်းလင်းစွာရေးသားဖြေဆိုပါ။

LESSONS FROM ROGMA INTERNATIONAL FREE BIBLE CORRESPONDENCE SCHOOL

Prepared by William S. H. Piper (D.D)

 

မှတ်ချက်။     စာပေးစာယူ၊ အဝေးသင်ဒီပလိုမာကျမ်းစာသင်ခန်းစာများ (အခန်း ၁၁) ဖြစ်ပါသည်။

Part 3 (12 MB, until lesson 36) Bible Study (Piper) - received from Saya Aung Naing
http://www.mediafire.com/download.php?p2zfdh4gcf7b47e