ဘုရားသခင်၏ ဒုတိယလူ God’s 2nd Man Lesson 2


အန်ဒရူး

အဓိကကျမ်းပုဒ် ။ ။ ၁ကော ၁၅း ၄၇
ဖတ်ရန်ကျမ်းစာ ။ ။ လုကာ အခန်းကြီး ၁၊၂

ချစ်သောမိတ်ဆွေ

ဘုရားသခင်ကြီးစွာသောကယ်တင်ခြင်းကို နားလည်နိုင်ရန်အတွက် အဓိကသော့ချက်မှာ ဘုရားသခင်သည် အာဒံနှင့် ခရစ်တော်တည်း ဟူသော လူနှစ်ယောက်အပေါ်တွင် မူတည်၍ လူတမျိုးနွယ်လုံးကို ကိုင်တွယ်သည်ကို နားလည် သဘောပေါက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် သင်ခန်းစာ၌ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ပထမလူအာဒံ၏ရာဇ၀င်ကို လေ့လာခဲ့ ကြသည်။ အပြစ်နှင့်သေခြင်းသည် အာဒံ၏အပြစ်အားဖြင့် ဤလောကထဲသို့ ၀င်ရောက်လာသည်ကို ကျွန်ုပ်တို့သိခဲ့ကြသည်။ ဘုရားသခင်သည် ပထမလူအာဒံနှင့် သူ၏ဆွေစဉ်မျိုးဆက်တို့၌ ၀မ်းမြောက်မှု မရ ရှိခဲ့ပေ။ သို့သော် ဘုရားသခင်သည် ဒုတိယလူကို လူသားမျိုးနွယ်အား ပေးခဲ့သည်။ ထိုလူသည် ဘုရားသခင်၏သားတော်ဖြစ်သည်။ ကျမ်းစာက ဤသို့ ဆိုသည်။ ““ရှေးဦးစွာသောလူသည် မြေကြီးကဖြစ်သောကြောင့် မြေသားဖြစ်၏။ ဒုတိယလူမူကား၊ ကောင်းကင်ဘုံက ဖြစ်တော်မူသော သခင်ပေတည်း။””            ၁ကော ၁၅း၄၇

ဘုရားသခင်၏ဒုတိယလူ

သခင်ယေရှု၏အမည်နာမများထဲမှတစ်ခုမှာ ““နှုတ်ကပတ်တော်””ဖြစ်သည်။ တမန်တော်ယောဟန်က ယေရှုနှင့် ပတ်သက်၍ ဤသို့ ပြောခဲ့သည်။ ““အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏။ .....နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍ .....ငါတို့တွင်တည်နေတော်မူသည်”” ယော ၁း ၁၊၁၄

ဤကျမ်းပုဒ်၌ ယောဟန်သည် သခင်ယေရှုနှင့်ပတ်သက်၍ အံ့သြဖွယ်ကြီးမြတ်သော သမ္မာတရား (၄)ခုကို ကြေငြာ ခဲ့သည်။

ယေရှု၏ထာဝရဖြစ်တည်ခြင်း  - ““အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။””

ဘုရားသခင်၏ဦးခေါင်းတော်၌ သူ၏မိတ်သဟာယဖွဲ့ခြင်း - ““နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။””

သူ၏ဘုရားဇာတိ - ““နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏””

လူတစ်ယောက်အနေဖြင့် လောကအတွင်းသို့ ၀င်ရောက်လာခြင်း -

““နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍ ငါတို့တွင် တည်နေတော်မူသည်””

လူဇာတိအဖြစ်ခံယူခြင်း

လူသားမျိုးနွယ်အတွက် ဒုတိယဦးခေါင်းကို ပေးရန် ဘုရားသခင်၏သားတော်သည် ကလေးငယ် လေးတစ်ဦး အနေဖြင့် လူသားမျိုးနွယ် အတွင်းသို့ ၀င်ရောက်လာသည်။ ယေရှု မမွေးဖွားမီ လွန်ခဲ့သည့်နှစ်ပေါင်း နှစ် ရာပေါင်းများစွာ ကတည်းကပင် အံ့သြဖွယ် ကလေးငယ်တစ်ဦး မွေးဖွားမည်ဟု ဘုရားသခင်သည် ပရောဖက်ဟေရှာယအား ပြောခဲ့သည်။ ဟေရှာယ ဤသို့ရေးခဲ့သည်။ ““အကြောင်းမူကား၊ ငါတို့အဘို့ သူငယ်ကိုဖွားမြင်၏။ ငါတို့အား သားကို သနားတော်မူ၏။ .....နာမတော်မူကား အံ့သြဖွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသောဘုရားသခင် ...... ဟေ ၉း ၆။

ဘုရားသခင်သည် သူ့သားတော်၏ကြွလာခြင်းနှင့်ပတ်သက်၍ ထူးခြားသော အရိပ်လက္ခဏာတစ်ခု ကို ပြခဲ့သည်။ အပျိုကညာမှ ဖွားမြင်မည် ဟူ၍ ဖြစ်သည်။ ကျမ်းစာက ဤသို့ဆိုသည်။ ““ထို့ကြောင့်၊ ထာဝရဘုရားသည် ကိုယ်တော်တိုင် နိမိတ်လက္ခဏာကို သင်တို့အား ပေးတော်မူမည်။ ကြည့်ရှုလော့။ သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍၊ သားယောက်ျား ကို ဘွားမြင်လတ္တံ့။ ထိုသားကို ယေရှုအမည်ဖြင့် မှည့်ရမည်။ ထိုသားသည်ကား၊ ကြီးမြတ်သောသူဖြစ်လိမ့်မည်။ အမြင့်ဆုံးသော ဘုရား၏သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရမည်။ သူ့အဘဒါဝိဒ်၏ရာဇပလ္လင်ကို ထာဝရအရှင် ဘုရားသခင်သည် သူ့အား ပေးတော်မူမည်။ ထိုသူသည်လည်း ယာကုပ်အမျိုးအနွယ်ကို အစဉ်မပြတ်အုပ်စိုးလိမ့်မည်။ သူ၏နိုင်ငံသည်လည်း ဆုံးရှုံးခြင်း မရှိရဟု ပြောဆို၏။”” လုကာ ၁း၃၁-၃၃

မာရိသည် ဤအရာကို နားမလည်နိုင်ခဲ့ပါ။ သူမသည် အပျိုကညာတစ်ဦးဖြစ်သည်။ ကောင်းကင်တမန်ကို ဤသို့ ပြန်ပြောခဲ့သည်။ ““ဤအမှု့ အရာသည် အဘယ်သို့ဖြစ်နိုင်မည်နည်း။ ကျွန်မသည် မည်သည့် ယောက်ျားနှင့်မျှ မဆက်ဆံဘူးပါဟု ပြောခဲ့သည်။ ထိုအခါ ကောင်းကင်တမန်က ““သန့်ရှင်းသော ၀ိညာဉ်တော်သည် သင်၏အပေါ်၌ သက်ရောက်တော်မူ၍၊ အမြင့်ဆုံးသောဘုရား၏ တန်ခိုးအာနုဘော်သည် သင့်ကို လွှမ်းမိုးလိမ့်မည်။ ထိုအကြောင်းကြောင့် ထိုသန့်ရှင်းသောသားသည်လည်း၊ ဘုရားသခင်၏ သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်။”” လုကာ ၁း၃၅

လူသားမျိုးနွယ်အတွင်းသို့ ဘုရားသခင်၏သားတော်မွေးဖွားခဲ့သောအချိန်တွင် ကောင်းကင်နိုင်ငံတော်၌  အမိန့် တစ်ခု ထွက်ပေါ်ခဲ့သည်။ ထိုအမိန့်မှာ ““ဘုရားသခင်၏ကောင်းကင်တမန်အပေါင်းတို့သည် ထိုသူကို ပြပ်ဝပ် ကိုးကွယ် ကြစေ”” (ဟေ၊ ၁း၆) ဟူ၍ဖြစ်သည်။ ကောင်းကင်နိုင်ငံသား အပေါင်းသည် မွေးခါစ ယေရှုခရစ်တော်ကို ပြပ်ဝပ် ကိုးကွယ် ခဲ့ကြသည်။

ယေရှုသည် တော်ဝင်နန်းတော်၌မဟုတ်ဘဲ နိမ့်ကျသော နွားတင်းကုပ်၌ မွေးဖွားခဲ့သည်။ သူ၏ မွေးဖွားခြင်းကို ဘုရားသခင်၏ ကောင်းကင်တမန်သည် အနီးအနား၌ရှိသော သိုးထိန်းတို့အား ဤသို့ ကြေငြာပြောဆိုခဲ့သည်။ ““ကြောက်ရွံ့ခြင်း မရှိကြနှင့်။ လူအပေါင်းတို့သည် အလွန်ဝမ်းမြောက် ၀မ်းသာစရာ သတင်းကို ငါသည်သင်တို့အား ကြားပြောရ၏။ ယနေ့တွင် ဒါဝိဒ်မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဘို့အလို့ငှာ၊ ဖွားမြင်ခြင်းကို ခံတော်မူပြီ။”” လုကာ ၂း ၁၀-၁၁

ကောင်းကင်တမန်အများအပြားသည် ထင်ရှားပေါ်ထွန်း၍ ဘုရားသခင်အား ဤသို့ ချီးမွမ်းခဲ့ကြသည်။ ““ကောင်းကင် ဘ၀ဂ် ၀ယ် ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ်၌လည်း ငြိမ်သက်ခြင်း ရှိစေ သတည်း။ လူတို့အား မေတ္တာဂရုဏာရှိစေသတည်း။””

မွေးခါစ ကယ်တင်ရှင်လေးသည် အမြင့်ဆုံးသော ဘုရားသခင်၏ ဘုန်းတော်ကိုထင်ရှားစေသည့် အကြောင်းမှာ သူသည် ဘုရားသခင်ကို ပြီးပြည့်စုံစွာ ကိုယ်စားပြု၍  ဘုရားသခင်၏ချစ်ခြင်းမေတ္တာနှင့် ကျေးဇူးတရားကို သူ့အားဖြင့် ဖော်ပြမည် ဖြစ်သောကြောင့်ဖြစ်သည်။

ယေရှုသည် လူဇာတိ-ဘုရားဇာတိအပြည့်ရှိသူဖြစ်သည်။

သခင်ယေရှုကို တခါတရံ ““ဘုရား-လူသား”” (God-Man) ဟု ခေါ်ကြသည်။ သူ့အတွက် ဤနာမည်မှာ ကောင်းသော နာမည်တစ်ခုဖြစ်သည်။ အကြောင်းမှာ သူသည် အမှန်ပင် ဘုရားဖြစ်ပြီး အမှန်ပင် လူသားလည်းဖြစ်သော ကြောင့်ဖြစ်သည်။ သူသည် ဘုရားတ၀က်၊ လူတ၀က် မဟုတ်ပါ။ ၁၀၀% ဘုရား၊ ၁၀၀% လူဖြစ်သည်။

အပျိုကညာတဦးမှ ယေရှုကို မွေးဖွားလာခြင်းသည် ဘုရားသားတော် မြေကြီးပေါ်သို့ ဘုရား-လူသား အနေ ဖြင့် ဆင်းကြွလာခြင်းဖြစ်သည်ကို ပြီးပြည့် စုံစွာ ဖော်ပြသည်။ သူ့ခမည်းတော်သည် ဘုရားသခင်ဖြစ်သောကြောင့် သူသည် ဘုရားသားတော်ဖြစ်သည်။ သူ့မိခင်သည် မာရိဖြစ်သောကြောင့် သူသည် ““လူသား””လည်း ဖြစ်သည်။

သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှု့ဖြင့် ဟေရှာယသည် ဤအရာကို ဤသို့ရေး၍ ပြီးပြည့်စုံစွာ ဖော်ပြခဲ့သည်။ “ငါတို့အဘို့ သူငယ်ကို ဖွားမြင်၏။ ငါတို့အား သားကိုပေးသနားတော်မူ၏။” “သူငယ်ကို ဖွားမြင်၏။” ဟူသော အချက်သည် ခရစ်တော်၏လူသားဇာတိကို ညွှန်းဆိုသည်။ ““သားကိုပေးသနားတော် မူ၏။””ဟူသော စကားသည် သူ၏ဘုရားဇာတိကို ညွှန်းဆိုသည်။

ဗက်လင်မြို့တွင် မွေးဖွားသောအခါမှ ယေရှုသည် စတင်ဖြစ်တည်လာခြင်း မဟုတ်ပါ။ သူသည် ဘုရားအနေဖြင့် ထာဝရကာလ နေထိုင်ခဲ့သည်။ သို့သော် ဗက်လင်မြို့တွင် မွေးဖွားခြင်းအားဖြင့် လူသားမျိုးနွယ်အတွင်းသို့ ၀င်ရောက် လာ ခဲ့သည်။ ကျမ်းစာက ဤသို့ဆိုသည်။ ““နှုတ်ကပတ်တော်သည်လည်း လူ့ဇာတိအဖြစ်ကို ခံယူ၍ ... ငါတို့တွင် တည်နေ တော်မူသည်။”” (ယော ၁း၁၄)

ကျွန်ုပ်တို့ကဲ့သို့ပင် ယေရှု၌ ၀ိညာဉ်၊ စိတ်နှင့် ကိုယ်ခန္ဓာတစ်ခုရှိသည်။ ကျွန်ုပ်တို့နှင့် သူခြားနား သောအချက်မှာ ကျွန်ုပ်တို့တွင် အပြစ်သား ဇာတိ ရှိသော်လည်း သူ၌မရှိပေ။ သူသည် ဘုရားသခင်၏အပြစ် ကင်းမဲ့သော သားတော် ဖြစ်ခဲ့/ဖြစ်လျက်ရှိသည်။

ယေရှုကိုဖွားမြင်ပြီးနောက် ယောသပ်နှင့်မာရိသည် ပုံမှန် လင်မယားချင်းပေါင်းသင်းဆက်ဆံမှု့ကိုပြန်လည် ရယူပြီး အခြားကလေးများကို မွေးဖွားခဲ့သည်။ ယေရှု၌ ညီိ(၄)ယောက်နှင့် အနည်းဆုံး နှစ်မ နှစ်ယောက်ရှိခဲ့သည်။ (မာကု၊ ၆း၃)

ယေရှုသည် ပုံမှန်အခြေအနေမျိုး၌ ကြီးပြင်းခဲ့သည်။ သူသည် ညီအကို၊ ညီမများနှင့်အတူ အိမ်၌နေခဲ့သည်။ ယောသပ်သည် လက်သမားတစ်ဦး ဖြစ်ပြီး ယေရှုသည် လက်သမား ပညာကို သူ့ထံမှ သင်ယူခဲ့သည်။ သူ့ကလေးဘ၀နှင့် ပတ်သက်၍ ကျမ်းစာက ဤသို့ဆိုခဲ့သည်။ ““ယေရှုသည်လည်း အစဉ် အတိုင်းကြီးပွား၍ ပညာတိုးပွားလျက်၊ ဘုရားသခင် ရှေ့ လူတို့ရှေ့မှာ မျက်နှာရတော်မူ၏။”” (လု ၂း၅၂)

ယခုတွင် ယေရှုသည် ဘုရားသခင်၏ပြီးပြည့်စုံစွာသော ၀မ်းမြောက်စရာအကြောင်း ဖြစ်သည်ကို ဖော်ပြထားသော ကျမ်းစာအချို့ကို လေ့လာကြပါစို့။

ကလေးတစ်ဦးအနေဖြင့် ယေရှု၏ဘဝ

ကလေးတစ်ယောက်အနေဖြင့်တောင်မှ ယေရှုသည် သူ့ကောင်းကင်ဘုံရှိ ခမည်းတော်ကို ကျေနပ် နှစ်သက် စေရန် အတွက် အလေးထားမှု့ ရှိခဲ့သည်။ သူ့အသက် ၁၂ နှစ်တွင် သူ့မိဘများသည် ပဿခါပွဲတော် ကို အတူတူဝင်စားရန် ယေရုရှလင်မြို့သို့ သူ့အားခေါ်သွားခဲ့သည်။ ပွဲတော်ပြီးဆုံး သွားသောအခါ ယေရှုသူ တို့နှင့်အတူတူပါလာသည်အထင်ဖြင့် သူ့ မိဘများသည် ယေရုရှလင်မြို့မှ ထွက်ခွာခဲ့သည်။ တစ်ရက်ခန့် ခရီးသွားပြီးနောက် ယေရှုသူတို့နှင့်ပါမလာသည်ကို သူတို့သိသွားခဲ့သည်။ သူတို့သည် ယေရှုကိုရှာရန် ယေရုရှလင်မြို့သို့ပြန်လာခဲ့သည်။

သုံးရက်ကြာပြီးနောက် ဗိမာန်တော်ထဲ၌ ကျမ်းတတ်ဆရာများနှင့် ပြောဆိုဆွေးနွေးနေသော ယေရှုကို တွေ့ခဲ့ကြသည်။ ယေရှုပြောဆိုသည်ကို ကြားသူအပေါင်းသည် သူ၏ပညာကို အံ့သြမိန်းမောခဲ့ကြသည်။ သူ၏မိဘများက ဘာကြောင့် ဤသို့ပြောဆိုနိုင်သည်ကို ဖြေရှင်းချက်တောင်းသောအခါ ယေရှုက ဤသို့ဆိုခဲ့သည်။““ကျွန်ုပ်အဘ၏အိမ်၌ နေရသည်ကို မသိပါသလော””ဟူ၍ဖြစ်သည်။ လုကာ ၂း၄၉

ယေရှုသည် ““ဘုရားသခင်ကိုရှာသောသူမရှိ၊ တစ်ယောက်မျှမရှိ””ဟု ဆိုသောလောကအတွင်းသို့  ဆင်းကြွလာ ခဲ့သည်။ သို့သော် အသက် (၁၂)နှစ် အရွယ်ကတည်းကပင်၊ သူ၏တစ်ခုသောအလေးအနက်ထား မှုမှာ ကောင်းကင်ဘုံရှိ သူ့အဖ၏အလုပ်ဖြစ်သည်။ ဘုရားသခင်ကို သစ္စာ ရှိစွာ ၀တ်ပြုကိုးကွယ်မှုနှင့် သူ့အလို တော်ကို ဤသန့်ရှင်းသောကလေး၌ တွေ့ရသည်။ ဘုရားသခင်သည် ၀မ်းမြောက်မှု့အပြည့်အဖြင့် ဤကလေး အပေါ်သို့ ကြည့်နိုင်ခဲ့သည်။

လူကြီးတစ်ဦးအနေဖြင့် ယေရှု၏ဘဝ

ကျမ်းစာက ““ယေရှုသည်လည်း၊ အစဉ်အတိုင်းကြီးပွား၍ လူရှေ့ဘုရားရှေ့၌  မျက်နှာရသည်”” ဟူ၍ ဆိုခဲ့သည်။ သူသည် အသက်(၃၀) နှစ် အရွယ်ရှိပြီး သူ၏သာသနာပြုလုပ်ငန်းကို စတင်တော့မည်ကို ကျွန်ုပ်တို့ တွေ့ရသည်။ ယောဟန်သည် ယေရှုကိုနှစ်ခြင်းမင်္ဂလာပေးနေတုန်း ကောင်းကင်သည် နှစ်ခြမ်းခွဲ၍ယေရှု အပေါ်သို့ သန့်ရှင်းသော ၀ိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ဆင်းသက်ခဲ့ကြောင်း ကျမ်းစာကပြောခဲ့သည်။ ကောင်းကင်မှ အသံ တစ်သံ ထွက်ပေါ် လာခဲ့သည်။ ““ဤသူက၊ ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း”” ဟူ၍ဖြစ်သည်။ ဘုရားသခင်သည် သူ့ချစ်စွာသော သားတော် အားဖြင့် ပြီးပြည့်စုံသော ၀မ်းမြောက် မှုကို ရရှိခဲ့သည်။

ယေရှုသည် စာတန်ကိုအောင်နိုင်ခဲ့သည်

ပထမလူအာဒံသည် စမ်းသပ်ခြင်းခံခဲ့ရသည်။ ဘုရားသခင်၏ဒုတိယလူ၊ ယေရှုခရစ်တော်သည်လည်း စမ်းသပ်ခြင်းကို ခံရန်လိုအပ်ခဲ့သည်။ ကျမ်းစာက ဤသို့ဆိုခဲ့သည်။ “ထိုအခါ မာနတ်၏စုံစမ်း သွေးဆောင်ခြင်းကို ခံစေမည် အကြောင်း၊ ၀ိညာဉ်တော်သည် ယေရှုကိုတောသို့ ပို့ဆောင် တော်မူ၍။””            မဿဲ ၄း၁

စာတန်သည် မည်သည့်ရည်ရွယ်ချက်ဖြင့် စာတန်ကိုသွေးဆောင်ခဲ့သနည်း? သူ၏ရည်ရွယ်ချက်မှာ ယေရှုသည် ဘုရားသခင်ကို မနာခံ စေရန် ဖြစ်သည်။ တကိုယ်ကောင်းစိတ်ဖြင့် လုပ်ဆောင်ရန် စာတန်သည်  သွေးဆောင်ခဲ့ပြီး ယေရှုသည် သုံးကြိမ်တိုင် ငြင်းပယ်ခဲ့သည်။ စာတန်သည် ကျရှုံး သွား ခဲ့သည်။

ပထမလူသည် မိမိတကိုယ်ကောင်းစိတ် အလိုတိုင်း လုပ်ဆောင်၍ ဘုရားသခင်ကို မနာခံခဲ့သောကြောင့် စာတန်၏အလဲထိုးအနိုင်ယူခြင်းကို ခံခဲ့ရသည်။ ဒုတိယလူသည် ဘုရားသခင်ကို လုံးဝနာခံခဲ့သောကြောင့် စာတန်အပေါ် အောင်ပွဲခံနိုင်ခဲ့သည်။

ယေရှုသည် ကြီးမြတ်သောအမှုများကို လုပ်ဆောင်ခဲ့သည်

ယေရှုက သူသည် ဘုရားသခင်၏သားတော်ဖြစ်သည်ဟု ပြောခဲ့သည်။ ထိုအချက်မှန်ကန်သည်ကို အံ့သြဖွယ် ကြီးမြတ်သောအမှု့များကို လုပ်ဆောင်ခြင်းအားဖြင့် သက်သေပြခဲ့သည်။

မဿဲအခန်းကြီး (၈)တွင် ယေရှုသည် တပည့်တော်များနှင့်အတူ လှေတစ်စင်းအတွင်း၌ ရှိနေသည် ကို ကျွန်ုပ်တို့ ဖတ်ခဲ့ပြီးဖြစ်သည်။ ယေရှုသည် အိပ်ပျော်သွားခဲ့ပြီး မုန်တိုင်းကြီးတစ်ခုဖြစ်ပေါ်လာသည်။ လှေ နစ်မြှုပ်မည်ကို တပည့်တော် များသည် စိုးရိမ်နေခဲ့ကြသည်။ သူတို့သည် ယေရှု ကို နှိုး၍ “သခင်၊ ကျွန်ုပ်တို့ ကို ကယ်ပါ””ဟူ၍ ပြောကြသည်။

ယေရှုသည် ““ငြိမ်သက်ခြင်းရှိစေ”” ဟူ၍လေနှင့်ပင်လယ်ကို ပြောခဲ့သည်။ ထိုအခါ လေနှင့်ပင်လယ်သည် ငြိမ်ကျသွားသည်။ တပည့်တော်တို့တွင် အလွန်အမင်း အံ့အားသင့်ပြီး ““ဤသူကား အဘယ်သို့သောသူနည်း။ လေနှင့် ပင်လယ်သည် သူ၏စကားကိုနားထောင်ပါသည်တကား”” ဟုဆိုခဲ့ကြ သည်။

ယေရှုတွင် နတ်ဆိုးများကိုနိုင်သော တန်ခိုးတော်ရှိသည်။ ၀ိညာဉ်ဆိုးများသည် ယေရှုမှာဘုရား သားတော် ဖြစ်သည်ကို သိကြ၍ သူက အမိန့် ပေးသောအခါ နာခံကြသည်။ (လုကာ ၄း၃၆ တွင်ကြည့်ပါ)

အနာရောဂါရှိသမျှကို ငြိမ်းစေနိုင်သော တန်ခိုးလည်းယေရှုတွင်ရှိသည်။ သူသည် ဒုက္ခိတများကို လမ်းပြန်လျှောက် စေခဲ့သည်။ မျက်ကန်းများကိုလည်း အမြင်အာရုံ ပြန်လည်ရရှိစေခဲ့ပြီး ရောဂါရှိသူများကိုလည်း ရောဂါပျောက်စေခဲ့သည်။ ကျမ်းစာက နာမကျန်းဖြစ်သူအများအပြားသည် သူထံသို့လာ၍ ““ကိုယ်တော်သည် ထိုလူနာအသီးသီးတို့အပေါ်၌ လက်တော်ကို တင်၍ အနာငြိမ်းစေသည်”” ဟုဆိုသည်။ (လုကာ ၄း၄၀)

ယေရှု၌  သေခြင်းတရားကို အောင်နိုင်သော တန်ခိုးလည်းရှိသည်။ သူသည် လူ(၃)ဦးကိုသေခြင်းမှ ထမြောက် စေခဲ့သည်။ တခါတွင် အသုဘ ပို့ဆောင်သူလူအစုအဝေးနှင့် ယေရှုတွေ့ဆုံခဲ့သည်။ လူအားလုံးသည် ငိုယိုနေခဲ့ကြသည်။ မုဆိုးမ၏တစ်ဦးတည်းသောသား သေဆုံးခဲ့၍ဖြစ်ပြီး သူ့ကို မြှုပ်နှံရန် အတွက် ပို့ဆောင်နေကြခြင်းဖြစ်သည်။

ဤသနားဖွယ် မိန်းမတွင် ယောက်ျားမရှိဘဲ သူမ၏တစ်ဦးတည်းသောသားမှာလည်း သေဆုံးခဲ့၍ သူမသည် ခါးသီးစွာ ငိုကြွေးနေခဲ့သည်။ ယေရှုသည် သူမကိုသနား၍ မငိုရန် ပြောခဲ့သည်။ ထို့နောက် သေနေပြီဖြစ်သော သူမ၏ သားကို ““လူငယ်၊ ထလော့၊ သင့်ကိုငါပြောသည်ဟူ၍ ပြောခဲ့သည်။ ယေရှု ထိုစကားများကို ပြောပြီးသည်နှင့်တပြိုင်နက် ထိုလူငယ်သည် ထထိုင်၍ စကားစတင်ပြောခဲ့သည်။ လူများသည် အလွန်အမင်း ပျော်ရွှင်ခဲ့ကြသည်။ သူတို့သည် ဘုရားသခင်အား ချီးမွမ်း၍ ““ဘုရားသခင်သည် လူများထံ အလည်အပတ်လာပြီ။”” ဟူ၍ ပြောဆိုခဲ့ကြသည်။ (လုကာ ၇း၁၁-၁၆ တွင်ကြည့်ပါ။)

ယေရှုတွင် အပြစ်များကို ဖြေလွှတ်နိုင်သောတန်ခိုးတော်ရှိသည်

ယေရှုတွင် လူများကိုအနာငြိမ်းစေနိုင်သော တန်ခိုးတော်ရှိရုံမက သေသောသူများကို ထမြောက်စေ နိုင်သော တန်ခိုးတော်လည်းရှိသည်။ သို့သော် ထိုအရာများထက်များစွာ အရေးကြီးသောအရာကိုလည်း သူ လုပ်နိုင်သည်။ သူ့တွင် လူများ၏အပြစ်များကို ဖြေလွှတ်နိုင်သော တန်ခိုးတော် ရှိသည်။ တစ်နေ့တွင် လူ(၄)ယောက်သည် သူတို့၏သူငယ်ချင်းကို ယေရှုထံခေါ်လာကြသည်။ ဤလူသည် မသန်မစွမ်းဖြစ်ပြီး လမ်းမလျှောက်နိုင်ပေ။ သူ့ သူငယ်ချင်းများသည် ယေရှုက သူ့ကို အနာရောဂါငြိမ်းစေနိုင်သည်ကို ယုံကြည် သဖြင့် ယေရှုထံခေါ်ဆောင်လာကြသည်။ ယေရှုအနီးအပါး၌ လူများစွာ ရှိသောကြောင့် သူတို့သည် ယေရှု၏အနီးအနားသို့ မလာနိုင်ကြပေ။ ထို့ကြောင့် သူတို့သည် အိမ်ခေါင်မိုးပေါ်တက်၍ အမိုးကိုဖေါက်ကာ ယေရှုရှိသော နေရာသို့ မသန်မစွမ်းဖြစ်နေသူကို လျှောချကြသည်။ ယေရှုက ဤလူသည် အနာရောဂါ ငြိမ်းစေသောအခွင့်ရဖို့ လိုအပ်ရုံသာမက သူ၌သာ၍ကြီးသော လိုအပ်ချက်ဖြစ်သော အပြစ်မှလွှတ်ခြင်းအခွင့် ကို လိုအပ် ကြောင်းကိုလည်း သိရှိခဲ့သည်။ ယေရှုက ““သင့်အပြစ်များသည် ဖြေလွှတ်ခြင်းခံရပြီ။”” ဟူ၍ ထို လူအားဆိုလိုက်သည်။ ထိုနေရာတွင်ရှိနေသော ဘာသာရေးခေါင်းဆောင်များသည် ထိုစကားကို သဘော မတူကြပေ။ သူတို့ဘာသာ ဤသို့ တွေးနေ ကြသည်။ ““ဤလူက ဘယ်လိုလုပ်ပြီး အပြစ်များကို ဖြေလွှတ်နိုင် မှာလဲ? ဘုရားသခင်တယောက်ထဲပဲ လုပ်နိုင်တာပဲ”” ဟူ၍ဖြစ်သည်။

ဘုရားသခင်တစ်ယောက်ထဲကပဲ အပြစ်များကို ဖြေလွှတ်နိုင်သည်ဟု တွေးတောခြင်းသည် မှန်ကန် သော်လည်း ယေရှုကို သာမန်လူ အဖြစ် ထင်ခြင်းသည် သူတို့၏မှားယွင်းမှု့ဖြစ်သည်။ ယေရှုသည် သူတို့တွေး တောနေသော အရာများ ကို သိသဖြင့် ဤသို့ဆိုခဲ့သည်။ ““လူသားသည် မြေကြီးပေါ်မှာ အပြစ်လွှတ်နိုင်သည်ကို သင်တို့သိစေခြင်းငှာ ထလော့။ ကိုယ်အိပ်ရာကိုဆောင်၍ ကိုယ်အိမ်သို့သွားလော့။ သင့်အားငါဆိုသည် ဟု လက်ခြေ သေသောသူအား မိန့်တော်မူ၏။”” ထိုသူသည်လည်း လူများရှေ့မှာ ချက်ချင်းထ၍အိပ်ရာကို ဆောင်လျက်၊ ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းလျက် မိမိအိမ်သို့သွားလေ၏။

ယေရှုသည် ခမည်းတော်ကို ထင်ရှားစေသည်။

ယေရှုသည် ခမည်းတော်ကို ထင်ရှားစေရန် ဆင်းကြွလာသည်။ ဘုရားသခင်က မည်သည်ပုံစံမျိုး ဖြစ်သည်ကို ပြသရန်၊ ပြောရန် ဆင်းကြွ လာသည်။ ကျမ်းစာက ဤသို့ဆိုသည်။ ““ဘုရားသခင်ကို အဘယ်သူမျှ မမြင်စဖူးသော်လည်း ခမည်းတော်၏ ရင်ခွင်၌ရှိသောတစ်ပါးတည်းသော သားတော်သည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။ ယော ၁း၁၈

ယေရှုသည် ခမည်းတော်၏ အံ့သြဖွယ်ချစ်ခြင်းမေတ္တာတော်နှ့င် ကျေးဇူးတော်ကို သူအးဖြင့် ပြသခဲ့သည်။ သူက ““ငါ့ကိုမြင်သောသူသည် ခမည်းတော်ကို မြင်၏””ဟု ဆိုခဲ့သည်။ ယော ၁၄း၉

ယေရှုသည် ဘုရားသခင်ကို အမြဲကျေနပ်နှစ်သက်စေသည်။

ယေရှုသည် ဘုရားသခင်၏ အပြစ်အနာအဆာမရှိ ပြီးပြည့်စုံသော အစေခံဖြစ်သည်။ သူသည် အမြဲတမ်း ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်နေခဲ့သည်။ သူ့ခမည်းတော်ကို ကျေနပ်နှစ်သက်စေ သောအရာများကိုလည်း အမြဲတမ်း လုပ်ဆောင်နေခဲ့သည်။ ယေရှုက ဤသို့ပြောခဲ့သည်။ ““ငါ့ကိုစေလွှတ် တော်မူသောသူသည် ငါနှင့်အတူ ရှိတော် မူ၏။... အကြောင်းမူကား၊ နှစ်သက်စေတော်မူသောအမှု့ကို အစဉ် အမြဲငါပြုသည်ဟု မိန့်တော်မူ၏။”” ယော ၈း၂၉

ယေရှုသည် သုံးနှစ်ခွဲကြာ ဟောပြောသင်ကြားရန် လှည့်လည်သွားလာခဲ့သည်။ ကျမ်းစာက ဤသို့ ဆိုသည်။ ““ထိုအကြောင်းအရာဟူမူကား ဘုရားသခင်သည် သန့်ရှင်းသော ၀ိညာဉ်တော်နှင့်၎င်း၊ တန်ခိုးတော်နှင့်၎င်း၊ နာဇရက်မြို့ သား ယေရှုကိုဘိသိတ်ပေးတော်မူသဖြင့် ထိုသူသည် ဘုရားသခင်၏အခွင့်တော်နှင့် ကျေးဇူးပြုလျက်၊ မာနတ် ညှင်းဆဲ သော သူအပေါင်းတို့အား ချမ်းသာကိုပေးလျက်၊ လှည့်လည် တော်မူ၏။ တမန် ၁၀း၃၈

တစ်ခါတွင် ယေရှုသည် တပည့်တော်များဖြစ်သော ပေတရု၊ ယာကုပ်နှင့်ယောဟန်တို့နှင့်အတူ မြင့်သော တောင်ထိပ်တစ်ခုဆီတက်ကြသည်။ ထိုနေရာတွင် ဘုရားသားတစ်ဦးအနေဖြင့် ယေရှု၏ဘုန်းတော်သည် သူ့ထံမှ ထွန်း တောက် နေခဲ့သည်။ ကျမ်းစာက သူသည် ““ထူးခြားသော အဆင်း အရောင်နှင့် ပြည့်စုံသည်ဖြစ်၍၊ မျက်နှာတော်သည် နေကဲ့သို့ထွန်းတောက်လျက်၊ အ၀တ်တော်သည် အလင်းကဲ့သို့ဖြူလျက် ရှိ၏။”” မဿဲ ၁၇း၂

ထို့နောက် ဓမ္မဟောင်းကျမ်းမှ သူတော်စင်များဖြစ်သော မောရှေနှင့်ဧလိယသည် ယေရှုနှင့်အတူ ပေါ်လာသည်။ ပေတရုက တဲတော်(၃)ခုကို ထိုနေရာတွင်ဆောက်ရန် အကြံပေးသောအခါ တောက်ပသော တိမ်တိုက်တစ်ခုသည် သူတို့အားလွှမ်းခြုံခဲ့သည်။ ထို့နောက် ဘုရားသခင်သည် ကောင်းကင်မှ ဤသို့ ပြောခဲ့သည်။ ““ဤသူသည် ငါနှစ်သက် မြတ်နိုးရာ ငါ၏ချစ်သားပေတည်း။”” သူ၏စကားကို နားထောင်ကြ လော့။”” ဟူ၍ဖြစ်သည်။ (မဿဲ ၁၇း၅)

ပေတရုသည် ထိုအချိန်က မြင်ကွင်းကို ဘယ်တော့မှ မမေ့တော့ပေ။ အနှစ် ၃၀ ကြာပြီးနောက် ပေတရုက ဤသို့ရေးခဲ့သည်။ ““ငါတို့သခင် ယေရှု၏တန်ခိုးတော်ကို၎င်း၊ ကြွလာတော်မူခြင်းကို၎င်း၊ သင်တို့အား ကြားပြောသောအခါ၊ ငါတို့သည် ပရိယာယ်နှင့်ပြင်ဆင်သော ဒဏ္ဍာရီစကား ကိုမလိုက်၊ ဘုန်းအာနုဘော်ကို ကိုယ်တိုင်မြင်သောသူဖြစ်ကြ၏။ အဘယ်သို့နည်းဟူမူကား၊ ဤသူကား ငါနှစ်သက် မြတ်နိုးရာ၊ ငါ၏ချစ်သား ပေတည်းဟူ သော အသံတော်သည် ထူးမြတ်သောအရောင်အ၀ါတော်ထဲက ထိုသခင်သို့ ရောက်သောအခါ ခမည်းတော်ဘုရားသခင့် ထံတော်မှ ဂုဏ်အသရေ ဘုန်းအာနုဘော်ကို ခံရတော်မူ၏။ ၂ပေ ၁၆-၁၇

ဘုရားသခင်၏လူနှစ်ဦး

ဘုရားသခင်စပ်ဆိုင်သောအရာများကို နက်ရှိုင်းစွာ သင်ကြားခြင်းခံရသူတစ်ဦးက ဤသို့ဆိုသည်။ ““ကျမ်းစာ သည် အာဒံနှင့် ခရစ်တော် တည်းဟူသော လူနှစ်ယောက်၏ရာဇ၀င်ကို ကျွန်ုပ်တို့အား ပြောပြသည်။ အာဒံသည် ဘုရားသခင် အတွက် မလုပ်ဆောင်ခဲ့ပါ။ ခရစ်တော်ကသာ လုပ်ဆောင်ခဲ့သည်။

ခရစ်ယာန် သမ္မာတရားကို အနှစ်ချုပ်လိုက်ပါက ဘုရားသခင့်ရှေ့၌ရှိသော ဘုရားသခင်ကိုကျေနပ်နှစ်သက် စေသော တစ်ဦးတည်း သောသူမှာ ခရစ်တော်သာဖြစ်သည်။ (C.A. Coates)

ဤအရာသည် မှန်ကန်သည်။ အာဒံနှင့်သူ၏အပြစ်သားဇာတိ၊ မိသားစုသည် ဘုရားသခင်အတွက် လုပ်ဆောင်မည် မဟုတ်ပေ။ ဘုရားသခင်၏နှလုံးသားကို ကျေနပ်နှစ်သက်စေမည် မဟုတ်ပါ။

အနှစ်ချုပ်ရသော်

ဘုရားသခင်၏ဒုတိယလူ သခင်ယေရှုခရစ်တော်သည် ဘုရားသခင်ကို လုံးဝ နှစ်သက်စေသူအဖြစ် တွေ့မြင် စေသော သူတစ်ဦး ဖြစ်သည်။

ပြန်လည်၍  စဉ်းစားဆင်ခြင်ခြင်း

ယေရှုခရစ်တော်နှင့်ပတ်သက်၍  ကျွန်ုပ်တို့အမြဲတမ်းသိသင့်သော ကြီးမြတ်သောအချက် (၃)ချက် ရှိသည်။

၁။ ယေရှုခရစ်တော်သည် ဘုရားဖြစ်သည်

““ယေရှုသည် ဘုရားဖြစ်သည်။”” ဟူသောကိစ္စနှင့်ပတ်သက်၍ ကျမ်းစာက သံသယလုံးဝမရှိအောင် တင်ပြ ထားသည်။ ဟေဗြဲ ၁း၈ တွင် ခမည်းတော်ဘုရားသခင်သည် သူ့သားတော်ယေရှုခရစ်တော်ကို ဤသို့ ပြောနေသည်။ ““အို ဘုရားသခင်၊ ကိုယ်တော်၏ပလ္လင်သည် နိစ္စထာဝရ ပလ္လင် ဖြစ်တော်မူ၏။”” ဟူ၍ဖြစ် သည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သခင်ယေရှု မည်သူဖြစ်သည်ဟူသော သမ္မာတရားနှင့် ပတ်သက်၍ ရှင်းလင်းစွာတင်ပြရန် အလွန် အမင်း ဂရုစိုက်၍ ရေးသားထားသည်။ ကျမ်းစာသည် ဘုရားသခင်၏ ဘုန်းတော်နှင့် သူ့လူ၏ဘုန်းတော်ကို တင်ပြရေးသားရာတွင် အထူးဂရုစိုက် ခဲ့သည်။ သူသည် ဘုရားသခင်ဖြစ်ခဲ့၊ ဖြစ်လျက်ရှိပြီး အမြဲတမ်းလည်းဖြစ်နေမည်ဖြစ်သည်။

ဘုရားသခင်၏သားတော် ယေရှုခရစ်တော်၏အမည်နာမတစ်ခုမှာ ““နှုတ်ကပတ်တော်”“ဟူ၍ဖြစ်သည်။ ကျမ်းစာ က ဤသို့ဆိုသည်။ ““အစအဦး၌ နှုတ်ကပတ်တော်(ယေရှုခရစ်တော်၊ သားတော်)ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင် နှင့် အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ (ယော ၁း၁)

၂။ ဘုရားသခင်၏သားတော်သည် လူဇာတိကိုခံယူခဲ့သည်။

ကျမ်းစာက ““နှုတ်ကပတ်တော်သည်လည်း လူ့ဇာတိအဖြစ်ကိုခံယူ၍ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင် တည်နေတော်မူသည်ဖြစ်၍  ခမည်းတော်၌ တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့၊ သူ၏ဘုန်းတော် ကို ငါတို့သည်မြင်ရကြပြီ။ (ယော ၁း၁၄)

ဘုရားသခင်၏သားတော်သည် ဤကမ္ဘာပေါ်တွင် နေထိုင်ခဲ့သည်။ ဤကြီးမြတ်သောအချက်သည် သင့်နှလုံးသား ထဲတွင် စွဲနေပါစေ။ ကျွန်ုပ်တို့သည် ဤအံ့သြဖွယ်ကြီးမြတ်သောအချက်ကို တစ်စက္ကန့်မျှပင် မမေ့လျော့သင့်ပေ။ ကျမ်းစာက ဤသို့ဆိုသည်။ ““မှန်သောကိုးကွယ်သောအရာ၏ နက်နဲသောအရာသည် ကြီးစွာသောအရာဖြစ်သည်ဟု ငြင်းခုန်ရန်မရှိ။ ဘုရားသခင်သည် ကိုယ်ခန္ဓာတော်၌ ပေါ်ထွန်းတော်မူပြီ။”” (၁တိ ၃း၁၆)

အခြားအရာများသာမက ဘုရားသခင်၏သားတော်သည် ကြီးမြတ်သောဖန်ဆင်းရှင်ဖြစ်ရန် စကြ၀ဌာကို စကား တော်အားဖြင့် တည်ရှိ ဖြစ်ပေါ် စေခဲ့သောအကြောင်းကိုလည်း ကျမ်းစာသည် ကျွန်ုပ်တို့အား ပြောပြထားသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်က ဤသို့ဆိုထားသည်။ “ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်း တော်မူ၏။ ဖန်ဆင်းတော်မူခြင်းနှင့် ကင်းလွတ်လျှက်ရှိသောအရာ တစ်စုံတစ်ခုမျှမရှိ။”” ယော ၁း၃

ဤသို့ တွေ့ကြည့်ပါ။ ကြီးမြတ်သောဖန်ဆင်းရှင်သည် ဤလူသားမျိုးနွယ်အတွင်းသို့ သေးငယ်သော ကလေးလေး အနေဖြင့် ၀င်ရောက် လာခဲ့သည်။ လူသားကိုဖန်ဆင်းသူသည် လူသားကို ရွေးနှုတ်ကယ်တင်ရန်အတွက် လူသားဇာတိကို ခံယူခဲ့သည်။ ဤအရာထက်သာ၍ အံ့သြဖွယ် ကောင်းမွန်သော အရာများရှိဦးမည်လော့။

၃။ ဘုရားသခင်၏ သားတော်ယေရှုခရစ်တော်သည် ထာဝရကာလပတ်လုံး ဘုရား-လူသား အနေဖြင့် ဆက်လက်တည်ရှိနေမည်။

လူအများစုက ခရစ်တော် လူဇာတိအဖြစ်ခံယူခြင်းသည် ဤကမ္ဘာပေါ်တွင် သူရှိစဉ်ကာလ အတွင်း၌သာ လူကိုယ်ခန္ဓာတစ်ခု၌ ၀င်စားသည် ဟု ထင်ကြသည်။ ဤသည်မှာ အမှားတစ်ခုသာဖြစ်သည်။ လူသား တစ်ယောက် ဖြစ်ခဲ့ပြီးသော ခရစ်တော်သည် ထာဝရကာလပတ်လုံး ဘုရား-လူသား အနေဖြင့် ဆက်လက်တည်ရှိ နေမည်ဖြစ်သည်။ လူဇာတိကိုယူခြင်းသည် သူ ဤကမ္ဘာတွင်းသို့ ၀င်ရောက်စဉ်ကာလအတွင်း၌သာ ဖြစ်တည်ခဲ့သော လူ့ဇာတိ ကို ရည်ရွယ်ခြင်း မဟုတ်ဘဲ သူ ယခုလက်ရှိဖြစ်နေသော သူ၏ဇာတိကို ရည်ညွှန်းသည်။

ဘုရားသားတော်၊ ယေရှုခရစ်တော်သည် လူ့တစ်ဦးအနေဖြင့် ဤကမ္ဘာပေါ်တွင် နေထိုင်ခဲ့ပြီး လူတစ်ဦး အနေဖြင့် သေဆုံးခဲ့သည်။ လူတစ်ဦး အနေဖြင့် မြှုပ်နှံခြင်းကိုခံခဲ့ရပြီး လူတစ်ဦးအနေဖြင့် သေခြင်းမှ ထမြောက်ခဲ့သည်။ သူသည် ဘုန်းတော် ထွန်းတောက်၍ ထမြောက်သော လူသား တစ်ဦး အနေဖြင့် ကောင်းကင်ဘုံသို့ ပြန်တက်သွားခဲ့သည်။ ယနေ့တွင် သူသည် ကောင်းကင်နှင့်မြေကြီးပေါ်၌ ဘုန်းတော်ထင်ရှားသော လူသားအနေဖြင့် ခမည်းတော်၏ လက်ျာတော် ဘက်၌ နေရာချထားခြင်းခံရသည်။ ယနေ့တွင် ဖြစ်လျက်ရှိသော ခရစ်တော်၏ဇာတိနှင့်ပတ်သက်၍ ကျမ်းစာက ဤသို့ ဆို သည်။ “အကြောင်းမူကား၊ ဘုရားသခင်၏ ဇာတိအဖြစ်တော်နှင့်ပြည့်စုံခြင်းအပေါင်းသည် ခရစ်တော်၌ကိုယ်ထင်ရှား၍ ကျိန်းဝပ်တော်မူ၏။” (ကော ၂း၉) ခရစ်တော်၌ ရှင်ပြန်ထမြောက်ခဲ့သော ကိုယ်ခန္ဓာရှိသည်ကို ဆိုလိုခြင်းဖြစ်သည်။

မေးခွန်းများ

၁။ ဘုရားသခင်ကြီးစွာသောကယ်တင်ခြင်းအကြောင်းကို နားလည်နိုင်ရန်အတွက် အဓိကသော့ချက်မှာ ဘုရားသခင်သည် လူသားမျိုးနွယ်တစ်စုလုံးကို အောက်ပါအပေါ်မူတည်၍ ကိုင်တွယ်သည်ကို နားလည်ရ မည်ဖြစ်သည်။

(က) လူနှစ်ဦးဖြစ်သော အာဒံနှင့်ခရစ်တော်အပေါ်

(ခ)  လူတစ်ဦးဖြစ်သော အာဒံအပေါ်

၂။ ယေရှုခရစ်တော်သည် .....

(က) လူဇာတိနှင့် ဘုရားဇာတိအပြည့်ရှိသူဖြစ်သည်။

(ခ)  လူဇာတိနှင့် ဘုရားဇာတိ တစ်ဝက်စီရှိသူဖြစ်သည်။

၃။ ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ်သည်။ အကြောင်းမှာ .....

(က) ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်၏ သားများဖြစ်သောကြောင့် ဖြစ်သည်။

(ခ)  ဘုရားသခင်သည် သူ၏ခမည်းတော်ဖြစ်သောကြောင့်ဖြစ်သည်။

၎။ ယေရှုသည် လူ၏သားလည်းဖြစ်သည်။ အကြောင်းမှာ .....

(က) ယောသပ်သည် သူ့၏ဖခင်ဖြစ်သောကြောင့်ဖြစ်သည်။

(ခ)  မာရိသည် သူ၏အမေဖြစ်သောကြောင့်ဖြစ်သည်။

၅။ ကျွန်ုပ်တို့နည်းတူ ခရစ်တော်၌ ၀ိညာဉ်၊ စိတ်နှလုံးနှင့် ခန္ဓာကိုယ်တို့ ရှိကြသည်။ ကျွန်ုပ်တို့နှင့် ကွဲပြားသောအချက်မှာ ...

(က) သူ၌အပြစ်သားဇာတိမရှိပါ။

(ခ)   သူသည် ကျွန်ုပ်တို့ထက်များစွာသာလွန်ကောင်းမွန်သည်။

၆။ ယေရှုက သူသည် ဘုရားသခင်၏သားတော်ဖြစ်သည်ကို ပြောခဲ့ပြီး ဘုရားသားဖြစ်ကြောင်း ဤသို့ သက်သေပြခဲ့သည်။

(က) လူများနှင့် ဘာသာရေးခေါင်းဆောင်များကြားတွင် လူကြိုက်များအောင်မြင်ခြင်းဖြင့်။

(ခ)   သူ၏အံ့သြဖွယ်လုပ်ဆောင်မှုများအားဖြင့်။

၇။ ယေရှုသည် စာတန်အပေါ် ဤသို့လုပ်ခြင်းဖြင့် အောင်နိုင်သည်။

(က) တကိုယ်ကောင်းဆန်စွာပြုလုပ်ခြင်းနှင့်သူ၏ တန်ခိုးအာဏာကို ပြသဖြင်းအားဖြင့်။

(ခ)   ဘုရားသခင်ကို အပြည့်အ၀နာခံခြင်းအားဖြင့်

၈။ ယေရှုဤလောကသို့ကြွလာသည်။

(က) လူများကိုအနာငြိမ်းစေရန်နှင့် ထိုခေတ်ကာလရှိ လူမှုရေးပြသနာများကိုဖြေရှင်းရန်။

(ခ)   ဘုရားသခင်ကို ဖော်ထုတ်ပြသရန်နှင့် ကျွန်ုပ်တို့၏ ကယ်တင်ရှင်ဖြစ်ရန်။

၉။ သမ္မာကျမ်းစာအရ ယေရှုသည် ဘုရားသခင်ကို ------ နှစ်သက်ပျော်ရွှင်စေခဲ့သည်။

(က) သူသည် ဒေသနာတော်ဟောပြော၍ လူများကိုအနာရောဂါငြိမ်းစေသောအချိန်များတွင်သာ။

(ခ)   အမြဲတမ်း

၁၀။ သမ္မာတရားတစ်ခုလုံး၏ အနှစ်ချုပ်မှာ

(က) ဘုရားသခင်၏ပျော်ရွှင်ဝမ်းမြောက်မှုအတွက် ဘုရားရှေ့တော်၌ရှိသော တဦးတည်းသောသူမှာ ယေရှုခရစ်တော် သာ

ဖြစ်သည်။

(ခ) လူများကို ကောင်းကောင်းမွန်မွန်ဆက်ဆံ၍ ဘုရားသခင်၏ ပညတ်တော်တို့ကို စောင့်ထိန်းသူ တိုင်းသည်

ဘုရားသခင်ကို ကျေနပ်နှစ်သက်စေသည်။

 

အန်ဒရူး