ကိုယ်ကျင့်သိက္ခာ ပြောင်းလဲစေရန် စည်းမျဉ်းများ (ရွေးချယ်ခြင်း)


လှမင်းသူ

အထက်ကကျင် လည်ကြသည်အရာမှာ လှည့်ဖြားတတ်သော လောဘစိတ်တို့ဖြင့် ပုတ်ပျတ်သောလူဟောင်းကို ချွတ်ပယ်၍၊ စိတ်နှလုံးသဘောသစ်ကို ရပြီးလျှင်၊ မှန်သောဖြောင့် မတ်ခြင်း၊ သန့်ရှင်းခြင်းပါရမီအားဖြင့် ဘုရားသခင်နှင့်အတူ အမျှ ဖန်ဆင်းသောလူသစ်ကို ယူတင်ဝတ်ဆောင်မည် အကြောင်း၊ ခရစ်တော်၏စကားကို ကြားနာရသည်ဖြစ်၍၊ ယေရှု၌ သမ္မာတရားရှိသည်နှင့်အညီ၊ ထိုသင်ထံ၌ နည်းခံကြပြီသတည်း။ ထိုကြောင့် မုသာစကားကိုပယ်ရှား၍၊ မှန်သောစကားကိုသာ အချင်းချင်းတယောက်နှင့်တယောက် ပြောကြလော့။ အကြောင်းမူကား၊ ငါတို့သည် အချင်းချင်းအင်္ဂါချင်းဖြစ်ကြ၏။ အမျက်ထွက်ရာတွင် အပြစ်မရှိ စေနှင့်။ အမျက် မပြေဘဲ နေမဝင်စေနှင့်။ မာရ်နတ်ကို အခွင့်မပေးကြနှင့်။  ဧဖက်သြ၀ါဒစာ ၄း၂၁-၂၇

လှည့်ဖြားတတ်သော လောဘစိတ်တို့ဖြင့် ပုတ်ပျတ်သောလူဟောင်းကို ချွတ်ပယ်၍၊ စိတ်နှလုံးသဘောသစ်ကို ရပြီးလျှင်၊ (ဧဖက်သြ၀ါဒစာ ၄း၂၂)

ပြောင်းလဲချင်ရင် ရွေးချယ်ရခြင်းများ ရှိပါတယ်။ ပြောင်းလဲမယ်လို့ စိတ်ကူးယဉ် အိမ်မက် ရုံနဲ့တင် မလုံလောက်ပါဘူး။ ပြောင်းလဲချင်တဲ့စိတ် ရှိရုံနဲ့လဲ မလုံလောက်သေးပါဘူး။ ကိုယ်ကပြောင်းလဲချင်ရင် ဆုံးဖြတ်ချက်ကို ခိုင်မာပြတ်သားစွာ ချရပါတယ်။ ပြောင်းလဲခြင်းဖက်ကို ရွေးကို ရွေးချယ်မှ ဖြစ်ပါတယ်။

ပြောင်းလဲဖို့အတွက် ရည်ရွယ်ချက်ထားပြီး လုပ်ဆောင်ရပါတယ်။

နောက် ၆ လမှာ ကိုယ်ဟာ အခုနဲ့ မတူအောင် ပြောင်းလဲသွားမလား။

နောက်တနှစ်မှာ ကိုယ်ဟာ ပိုပြီး ကောင်းလာမလား။

ပိုပြီးကျန်းမာလာမလား။

ပိုပြီး သန်မာလာမလား။

ပိုပြီး ရင့်ကျက်လာမလား။

ပိုပြီး ပျော်ရွှင်လာမလား။

တင်နေတဲ့ အကြွေးတွေ နည်းလာမလား။

ဘုရားအလိုရှိတဲ့ ပုံသဏ္ဍန်နဲ့ ပိုပြီး နီးစပ်လာမလား။

ဒီအဖြေကို အခုချက်ချင်း ကျွန်တော်ပေးနိုင်ပါတယ်။ အဲဒီလို ပြောင်းလဲမှုမျိုး ဖြစ်ချင်ရင် ပြောင်းလဲခြင်းကို ရွေးကို ရွေးချယ်ရပါတယ်။ ဘာကြောင့်မလို့လဲဆိုတော့ မတော်တဆ ဘယ်တော့မှ ဖြစ်မလာနိုင်လို့ ပါပဲ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က Decade of Destiny ဆိုတဲ့ "ဆယ်စုနှစ်ကြမ္မာ" လမ်းစဉ်ကို ချမှတ် ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ ဒီနှစ်အကုန်မှာ ကိုယ်ဟာ ဘယ်လို ဖြစ်လာရမလဲ ဆိုတာ ကြိုပြီး မြင်ယောင်ထားဖို့လို့တယ်။ နောက်သုံးနှစ်မှာဆို ကိုယ်ဟာ ဘယ်လိုဖြစ်လာမလဲ။ နောက်ခြောက်နှစ်မှာကော ဘယ်လိုလဲ။ ဆယ်စုတနှစ်ရဲ့ အကုန်ပိုင်းမှာကော ဘယ်လိုဖြစ်လာမလဲ ဆိုတာကို ကြိုပြီး မြင်ယောင်ထားကြည့်ကြပါ။ ကျွန်တော်က အားလုံးကို နောက်ဆယ်နှစ်အကြာမှာ အခုထက် ပိုပြီးကောင်းစေချင်ပါတယ်။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင်က ပြောင်းလဲဖို့ မရွေးချယ်ခဲ့ရင်တော့ ဖြစ်လာမှာ မဟုတ်ပါဘူး။

ပြောင်းလဲခြင်းဟာ ရွေးချယ်မှကို ရပါတယ်။

အကြိမ်တော်တော်များများ ကျွန်တော်တို့ထင်တာက ဘုရားသခင်က ကျွန်တော်တို့ကို ပြောင်းလဲပေးလိမ့်မယ်ဆိုပြီး  စောင့်မျှော်နေတတ်ကြတယ်။ အဲဒါမဟုတ်ဘူးဗျ။ ဘုရားသခင်ကို ကိုယ်ကစောင့်နေရမှာ မဟုတ်ဘူး။ ဘုရားသခင်က ကိုယ့်ကို စောင့်နေတာ။ "ဘုရားသခင်။ ကျွန်တော်မျိုး

ဒီလို ပြောင်းလဲမှုတွေဖြစ်ဖို့ စိတ်ဆန္ဒ ပြင်းပြနေပါပြီ။" ဆိုတဲ့ ကိုယ့်ရဲ့ အပြောကို ဘုရားသခင်က စောင့်နေတာ။

ကျွန်တော်တို့ဟာ ကြီးထွားရင့်ကျက်ချင်ရင် ပြောင်းလဲခြင်းအတွက် တမင်သက်သက်ကို ရွေးချယ်ရပါတယ်။ ပြောင်းလဲခြင်းရှိမှ ကြီးထွားခြင်းရှိပါတယ်။ ပြောင်းလဲခြင်းမှာ စွန့်လွှတ်ရခြင်း ရှိပါတယ်။ စွန့် လွှတ်ရခြင်းမှာ အနာခံရခြင်းများရှိပါတယ်။ ကိုယ်ဟာ ကြီးထွားချင်ရင် ပြောင်းလဲခြင်းရှိရမယ်။ ပြောင်းလဲဖို့အတွက် အရာဟောင်း တချို့ ကို စွန့်လွှတ်ရပါတယ်။ ဒါမှလည်း အရာသစ်တွေကို ဆုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။

ဘာနဲ့ တူသလဲဆိုတော့ ကြိုးလွှဲကျွမ်းဘား ကစားနည်းနဲ့တူပါတယ်။ ကြိုးလွှဲ ကျွမ်းဘားကစားသမားတယောက်ဟာ တန်းဘားတခုကို လွှဲပြီး နောက်တန်းဘား တခုရှိရာ ဆီကို လှမ်းပြီး ဆုပ်ကိုင်ရပါတယ်။ တချိန်မှာ သူဟာ သူကိုင်နေတဲ့ တန်းဘားကို လုံးလုံး လွှတ်ချလိုက်ပြီးတော့ နောက်တန်းဘားကို ဆုပ်ကိုင်လိုက်ရပါတယ်။ ဒီလိုမှမဟုတ်ရင် အခြားတဖက်ဆီကို သူမရောက်နိုင်ပါဘူး။ တကယ်လို့များ သူက တန်းဘားနှစ်ခုလုံးကို ကိုင်ထားမယ်ဆိုရင် ဘယ်လိုဖြစ်မလဲ။ ဟိုဖက်လဲမရောက် ဒီဖက်လဲမရောက်ပဲ အလယ်မှာပဲ တန်းလန်းကြီးဖြစ်ပြီး၊ အောက်ကို ပြုတ်ကျသွားပါလိမ့်မယ်။

ခင်ဗျားတို့ တချို့ ဟာလည်း အလယ်မှာပဲ တန်းလန်းကြီး ရှိနေပြီး နောက်ဆုံး အောက်ကို ပြုတ်ကြသွားကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့ ပုံစံဟောင်း၊ အကျင့်ဟောင်း၊ အတွေးအခေါ်ဟောင်း တွေကို လုံးဝမစွန့် လွှတ်ကြလို့ပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ လမ်းဟောင်းကို စွန့်ကို စွန့် လွှတ်ရမှာ ဖြစ်ပါတယ်။

ကျမ်းစာကလည်း " ပုတ်ပျတ်သော လူဟောင်းကို ချွတ်ပယ် " ပါ လို့ဆိုထားပါတယ်။ တနည်းအားဖြင့် ဆိုရင်တော့ စွန့် လွှတ်စရာရှိတာ စွန့်လွှတ်လိုက်ပါ။ အဲဒီ အကျင့်ဟောင်းတွေ၊ အဲဒီ ပုံစံဟောင်းတွေ၊ အဲဒီ ဒုစရိုက်ဟောင်းတွေ .. သွားတော့ ဆိုပြီး စွန့် လွှတ်လိုက်ပါ။ ကျမ်းစာကလည်း ဒီလို လွှင့်ပစ်လိုက်ဖို့ နဲ့ "အလိုရှိစေခြင်းငှါ၎င်း၊ အကျင့်ကျင့်စေခြင်းငှါ၎င်း၊" ( ဖိလိပိသြ၀ါဒစာ ၂း၁၂-၁၃)" ဘုရားက မိမိအတွင်းထဲမှ ပြုပြင်လုပ်ဆောင်နေကြောင်း ယုံကြည်စိတ်ချဖို့ သွန်သင်နေပါတယ်။

နာမတော်မြတ်၌

လှမင်းသူ

( နေ့စဉ်မျှော်လင့်ချက် စာစောင်ထဲမှ ၂၂ ရက် ဇွန်လှိုင်လ ၂၀၁၁ ပါ စာမျက်နှာအား ဆီလျော်အောင် ပြန်ဆိုသည် )
.