Jasmine နှင့် skunk သတ္တ၀ါလေး 17/6/2011


လှမင်းသူ   Daily Hope

အကျွန်ုပ်ကို စင်ကြယ်စေခြင်းငှါ ဟုဿုပ်ပင်ညွန့်နှင့်သန့်ရှင်းခြင်း မင်္ဂလာကိုပေးတော်မူပါ၊၊ အကျွန်ုပ်ကိုမိုဃ်းပွင့် ထက်သာ၍ ဖြူစေခြင်းငှါ ဆေးကြောတော်မူပါ၊၊
(ဆာလံ ၅၁း၇)။

Jasmine ဆိုတာကတော့ နူးညံသိမ်မွေ့ တဲ့ ကျွန်တော့် ခွေးမလှလှလေးပါ။ Jasmine ဟာ ကျွန်တော့်အိမ်အစပ်မှာ ရှိတဲ့ စပါးကျီဟောင်းကို မသွားရဘူးဆိုတာ ကောင်းကောင်းသိပါတယ်။ ဒါပေမဲ့ စပါးကျီရဲ့ နောက်ဖက်ကို ကြောင်နက်လေးတစ်ကောင် ပြေးဝင်သွားတာ မြင်လိုက်တဲ့အချိန်မှာ မနေနိုင်မထိုင်နိုင်ဖြစ်ပြီး ခုန်ပေါက် ပြေးလွှား လိုက်ဖမ်းပါတော့တယ်။

ကံမကောင်းအကြောင်းမလှတော့ သူကြောင်လို့ထင်တဲ့ အကောင်လေးဟာ ကြောင်မဟုတ်ပါဘူး။ မခံမရပ်နိုင်အောင် နံတဲ့ အနံကို ထုတ်တတ်တဲ့ skunk လို့ ခေါ်တဲ့ အကောင်လေးဖြစ်နေပါတယ်။ Jasmine ဟာ သူ့ မျက်နှာတခုလုံး အပုပ်နံ့ တွေ မွှန်သွားအောင် လွှင့်ထုတ်တာကို မထင်မှတ်ပဲ ခံလိုက်ရပါတယ်။ သူ့ ကိုယ်က အနံ့ က အရမ်းနံနေတာကြောင့် ကျွန်တော် သူ့ကို အိမ်ထဲမှာ မထားချင်တာနဲ့ ရေချိုးခန်းထဲမှာပဲ ပိတ်ပြီး ထားပါတယ်။ တချိန်တည်းမှာ သူ့ အနံ့ပျောက်သွားအောင် လုပ်ရမဲ့နည်းကို စဉ်းစားလိုက်ပါတယ်။

အင်တာနက်ပေါ်မှာ skunk အနံ့ သတ်နည်း တချို့ ကို ကျွန်တော် ရှာတွေ့ ပါတယ်။ အနံ့ သတ်ဆေးအတွက် လိုတဲ့ ပစ္စည်းတွေကတော့ ခရမ်းချဉ်သီးဖျော်ရည်ရယ်၊ မုန့်ဖုတ်ဆိုဒါနဲ့ ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ် အရောရယ်၊ အင်း.....ပြီးတော့ ချောကလက် အမဲစား တမျိုးဖြစ်ပါတယ်။ (ဟဲဟဲ။ ကျွန်တော် ညာပြောတာပါ။ ချောကလက် အမဲစားက ကျွန်တော်စားဖို့ အတွက်ပါ။)

ကြက်သွန်ဖြူအငွေ့ လို မျက်ရည်တွေတွေကျစေ တဲ့ ဒီskunk အနံ့ ကို ကျွန်တော်ရောစပ်ထားတဲ့ အနံ့ သတ်ဆေးနဲ့ လုပ်လိုက်တော့ မခံမရပ်နိုင်အောင် နံတဲ့ ခပ်စူးစူးအနံက ပျောက်သွားပေမယ့် အနံကတော့ စွဲပြီး ကျန်ခဲ့ပါသေးတယ်။ အချိန်ကလဲ သန်းကောင် အချိန်လောက် ရောက်နေပြီဖြစ်တာနဲ့ စောင်အဟောင်းတစ်တထည်ကို ယူပြီး ရေချိုးခန်းထဲမှာချ၊ အဲဒီမှာပဲ Jasmine ကို တညလုံး သိပ်ရပါတော့တယ်။

နောက်တနေ့မနက် အိမ်မွေးတိရိစ္ဆာန်တွေအတွက် ဖွင့်ထားတဲ့ ကုန်စုံဆိုင်ကလေးဆီသွားတဲ့အခါမှာ skunk အနံ့ ပျောက်ဆေးကောင်းကောင်း တွေ့တာနဲ့ ၀ယ်ပြီး သုံးလိုက်တာ ကျွန်တော့်ခွေးမလေး Jasmine မှာ အနံတစက်မှ မကျန်တော့တဲ့အထိ သန့် ရှင်းသွားပါတယ်။

ဒီအကြောင်းအရာလေးကို ကျွန်တော်ပြောပြရတာက ခရစ်တော်လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်ကို မြင်သာထင်ရှားစေချင်လို့ပဲ ဖြစ်ပါတယ်။ ကျမ်းစာထဲမှာ " ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊ ဘုရား သခင်သည် ငါတို့ကို အဘယ်မျှ လောက်ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာပြတော်မူ၏။ " လို့ ဆိုထားပါတယ်။

Jasmine လေးဟာ စပါးကျီနားကို မသွားရဘူးလို့ တားမြစ်ထားတာကို ကောင်းကောင်းသိပါတယ်။ ဒါပေမဲ့ သွေးဆောင်စုံစမ်းခြင်းဟာ  ကြောင်နက်ကလေးတကောင် (Jasmine ရဲ့ စိတ်အထင်) အနေနဲ့ ပေါ်လာပါတယ်။ အပြစ်ဒုစရိုက်ဆိုတာ အမြဲတမ်း အမြင်ကို မှောက်မှားစေတတ်ပါတယ်။ ပြီးတော့ အဲဒီမကောင်းမှဒုစရိုက်အတွက် ပေးဆပ်ရမဲ့ တန်ဖိုးဟာ ကျွန်တော်တို့ထင်တာထက် ပိုတတ်ပါတယ်။ ကျွန်တော့်ခွေးမလေးက ပျော်မယ်ထင်ပြီး လုပ်လိုက်ပါတယ်။ ဒါပေမဲ့ အဆုံးမှာတော့ အပြစ်ရဲ့ အနံ့ ဆိုးက သူ့ ရဲ့ ခန္ဓာတခုလုံး ဖုံးလွှမ်းသွားတာကို ခံလိုက်ရပါတယ်။

ဒီလို နံသွားပေမဲ့လည်း ကျွန်တော့်ခွေးမလေးကို ကျွန်တော်ချစ်ဆဲဖြစ်ပါတယ်။ အိမ်ထဲကို သွင်းထားပြီး ကျွန်တော်နဲ့ အတူနေစေ့ချင်ပါတယ်။ ဒါပေမဲ့ ဒီလို နံစော်နေတဲ့ "အပြစ်" ဆိုတဲ့ အနံနဲ့ အိမ်ထဲမှာ သွားလာစေဖို့ ကတော့ မဖြစ်နိုင်ပါဘူး။ Jasmine ကို ဆေးကြောပစ်ဖို့လိုပါတယ်။ ဒီလိုမှမဟုတ်ရင် သူ့ ရဲ့ အနံ့ ဟာ တအိမ်လုံး ပျံ့ သွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ အပြစ်နဲ့ ပတ်သက်ပြီး အဲဒီအတိုင်း ဘုရားသခင်   မြင်ပါတယ်။ ကျွန်တော်တို့ကို ကောင်းကင်နိုင်ငံတော်ထဲကို ပြန်လက်ခံနိုင်ဖို့ ကျွန်တော်တို့ရဲ့ အပြစ်တွေကို အရင်ဆုံး ဆေးကြောပစ်ရမှာ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင် ကျွန်တော်တို့ရဲ့ အပြစ်နံ့ တွေက ကောင်းကင်တနိုင်ငံလုံး ပျံ့ သွားမှာ ဖြစ်ပါတယ်။ ခရစ်တော်ဟာ ကျွန်တော်တို့ရဲ့ အပြစ်တွေကို ဆေးကြောဖို့ လာပါတယ်။ သူ့ ရဲ့ အသွေးနဲ့  ကျွန်တော်တို့တွေကို မိုးပွင့်လေးတွေထက် ဖြူစင်စေပါတယ်။ (ဆာလံ ၅၁း၇)။

ဘုရားသခင်ကို အချိန်ယူပြီး ကျေးဇူးတော် ချီးမွမ်းလိုက်ပါ။ ဘာကြောင့်လဲဆိုတော့ ခရစ်တော်ရဲ့ အသွေးတော်နဲ့ ကျွန်တော်တို့တတွေဟာ ဆေးကြောစင်ကြယ်သွားလို့ ဖြစ်ပါတယ်။ ဒါ့အပြင် ကျေးဇူးတော်နဲ့ ငြိမ်းချမ်းမှုတွေကိုလည်း တိုး၍တိုး၍သာ ခံစားကြရလို့လည်းပဲ ဖြစ်ပါတယ်။ (၁ ပေ ၁း၂)

ရစ်ဝါရင်၏ နေ့ စဉ်မျှော်လင့်ချက် စာစောင်ထဲမှ ၁၇ ရက် ဇွန်လ ၂၀၁၁ ပါ စာမျက်နှာအား ဆီလျော်အောင် ပြန်ဆိုပါသည်။
.