ဂရုမစိုက်ဘူး၊ အရေးတယူမရှိဘူး လို့ ခံစားနေရရင် 10/6/2011


လှမင်းသူ  Daily Hope:
When You Are Neglected, Choose to Encourage

စိတ်ငယ်သော သူတို့ကို အားပေးကြလော့။ အားနည်းသောသူတို့ကို ထောက်မကြလော့။ ခပ်သိမ်းသောသူတို့အား ရှည်သော စိတ်ရှိစေကြလော့။ သက်သာလောနိသြ၀ါဒစာ ပထမစောင် ၅း၁၄

ကိုယ့်ကို သူတပါးက လျစ်လျူရှုထားတယ်၊ ဂရုမစိုက်ဘူး၊ အရေးတယူမရှိဘူး လို့ ခံစားနေရရင် ဘယ်လိုတုံ့ ပြန်ကြမလဲ။ ကိုယ့်ရဲ့ ပင်ကိုယ်စရိုက်ပေါ် မူတည်ပြီး တုံ့ ပြန်ကြပုံခြင်း မတူကြပါဘူး။ "မင်းငါ့ကို ဂရုမစိုက်ရင်၊ ငါလဲ မင်းကို ဂရုမစိုက်ဘူး" ဆိုပြီး ခပ်ခွာခွာနေတဲ့ နည်းကို သုံးကောင်းသုံးမယ်။ ဒါမှမဟုတ် သူတပါး ဂရုမစိုက်စိုက်အောင် နည်းလမ်းရှာပြီး လုပ်ကောင်းလုပ်လိမ့်မယ်။ ဘယ်နည်းကို ပဲ သုံးသုံး၊ နှစ်နည်းလုံးက ကိုယ့်ရဲ့ အတ္တကို ဦးစားပေးလုပ်နေကြတာပါပဲ။

ဘုရားကတော့ ကိုယ်ရွေးချယ်တဲ့ နည်းနဲ့ မတူတဲ့ တခြား တုံ့ ပြန်တဲ့နည်းကို ရွေးစေချင်ပါတယ်။ သူ့ ရဲ့ထိန်းချုပ်နိုင်တဲ့ တန်ခိုးနဲ့  ကိုယ့်ထက် တခြားသူတွေကိုပဲ အာရုံစိုက်တဲ့ နည်းကို ရွေးစေချင်ပါတယ်။ ကိုယ်ဟာ လျစ်လျူရှု ခံနေရတယ်လို့ ခံစားနေရရင် ကိုယ့်လိုပဲ ခံစားနေရတဲ့ အခြားသူတဦးဦး ရှိဦးမှာ ဖြစ်ပါတယ်။ အဲဒီ သူတဦးဦးအတွက် ကိုယ်က တခုခုလုပ်ပေးနိုင်တဲ့ အခွင့်အလမ်း ပိုရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က သူ့အတွက် ခံစားနားလည် ပေးနိုင်လို့ပါပဲ။

ခွန်အားပေးဖို့လိုနေတဲ့ လူတဦးတယောက်ကို ရှာဖွေလိုက်ခြင်းအားဖြင့် ကိုယ့်ကိုကိုယ် သနားနေခြင်း ဆိုတဲ့ နွံထဲကနေ လွတ်မြောက်နိုင်ပါတယ်။ တခြားလူတွေကို ရှာဖွေပြီး သူတို့ ဘ၀တွေကို ပြုပြင်ပြောင်းလဲတဲ့ သူဟာ မိမိဖြစ်လာပါတယ်။

ဒီကနေ့ ကျမ်းပိုဒ်လေးက ဆိုထားတဲ့အတိုင်း လူတွေရဲ့ နှစ်သိမ့်မှုကို မခံရတဲ့ သူတဦးဦးကို အရှာအဖွေထွက်ဖို့ လိုပါတယ်။ လူအများစုဟာ တန်ခိုးသြဇာ ကြီးမားတဲ့ လူတွေလောက်ကိုသာ အကူအညီပေးချင်ကြပါတယ်။ ဒါမှလဲ သူတို့အတွက် အကျိုးတခုခု ပြန်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘုရားကတော့ "စိတ်ငယ်သောသူ၊ အားနည်းသောသူ" တို့ကို ကူညီထောက်မ အားပေးဖို့ အလိုရှိပါတယ်။

ကိုယ်ဘယ်သူ့ ကို အာပေးနှစ်သိမ့်ရမလဲ ဆိုတာ စဉ်းစားပါ။ ကိုယ့် အသိထဲက တယောက်ယောက်ကများ လျစ်လျူရှု တာ၊ ဂရုမစိုက်တာကို ခံနေရတာများရှိနေလား လို့ ခဏလောက် အချိန်ယူပြီး စဉ်းစားပါ။ အဲဒီလူဟာ ကိုယ့်လုပ်ငန်းခွင်ထဲက သူတစ်ဦးဦး၊ စာသင်ကျောင်းထဲက သူတဦးဦး (ဒါမှမဟုတ်) ကိုယ့်အိမ်နီးနားချင်းက သူတဦးဦး ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

ဟေဗြဲသြ၀ါဒစာ ၁၀း၂၄ က "တိုက်တွန်းနှိုးဆော်ရသော အခွင့်ကိုရှာ၍၊ အချင်းချင်း တယောက်ကိုတယောက် ထောက်စာကြည့်ရှုကြကုန်အံ့" လို့ ဆိုထားတဲ့ အတိုင်း လိုက်နာဆောင်ရွက်ဖို့ အချိန်တချို့ ကို ဖယ်ထားပါ။ အားပေးဖို့ လိုအပ်တဲ့လူအတွက် ပြောချင်တာတွေကို ခပ်မြန်မြန်လေး ရေးပြောတာပဲ ဖြစ်ဖြစ်၊ နေ့ လည်စာ အတူတူစားဖို့ ခေါ်တာပဲ ဖြစ်ဖြစ်၊ လုပ်နိုင်ပါတယ်။

ဒီလို မသိသာတဲ့ အလုပ်လေးတွေကို လုပ်ပေးလိုက်ရင် သူတို့ဘ၀ကို လဲပြောင်းလဲပေးနိုင်တဲ့ အပြင်၊ ကိုယ့် ဘ၀လဲ ပြောင်းလဲသွားနိုင်ပါတယ်။ ကိုယ့်ဖာသာကိုယ် ပုန်းအောင်းနေပြီး လျစ်လှူရှု ခံနေရတာကို ကြိတ်မှိတ် ခံနေမဲ့အစား၊ အပြင်ကို ထွက် ဘုရားပေးတဲ့ အစွမ်းကို အသုံးချပြီး သူတပါးအတွက် ဆောင်ရွက်ပါ။ ဒါဟာ သာသနာပြုခြင်း တမျိုးဖြစ်လဲ ဖြစ်တယ်။ ထိလဲထိရောက်တယ်။ မတူတဲ့ ပြောင်းလဲမှု တွေကို ဖြစ်စေပါတယ်။

ရစ်(ခ်)၀ါရင်၏ နေ့စဉ်မျှော်လင့်ချက် စာစောင်များမှ ဇွန်လ (၁၀)ရက် ၂၀၁၁ ပါ စာမျက်နှာအား ဆီလျော်အောင် ပြန်ဆိုပါသည်။
.