ခေတ်တွေပြောင်းကုန်ပြီ 03/06/2011


လှမင်းသူ   Daily Hope
အကြောင်းမူကား၊ ယာကုပ်အမျိုး၌ သက်သေတရားကို စီရင်၍၊ ဣသရေလအမျိုး၌ ပညတ်တရားကို ထားတော်မူ၏။
သဘော မဖြောင့်၊ ဘုရားသခင်၌ စိတ်ဝိညာဉ်အမြဲ မဆည်းကပ်သောအမျိုး၊ ငြင်းဆန်၍ ပုန်ကန်တတ်သော အမျိုးတည်းဟူသော ဘိုးဘေးတို့ကဲ့သို့ သားမြေးတို့သည်မဖြစ်၊ ဘုရားသခင်၏ အမှုတော်တို့ကိုမမေ့၊ ဘုရားသခင်ကို ယုံကြည်ကိုးစား၍၊ ပညတ်တော်တို့ကို စောင့်စေခြင်းငှာ၊ ထိုတရားတို့ကို ဘိုးဘေးတို့သည် သားတို့အားပြသ၍၊ ဖြစ်လတံ့သော အမျိုးတည်းဟူသော၊ ဘွားမြင်လတံ့သော သားတို့သည် သိနားလည်၍၊ နောက်တဖန် မြေးမြစ်တို့အား ပြသကြမည်အ ကြောင်း ပညတ်ထားတော်မူပြီ။
ဆာလံကျမ်း ၇၈း၅-၇
တနေ့က ဆယ်နှစ်အရွယ် ကျွန်တော့်သားနဲ့ "Leave it to Beaver" ဆိုတဲ့ တီဗွီ ဇတ်လမ်းတွဲကို ထိုင်ကြည့်ဖြစ်တယ်။ အဲဒီနေ့က ဇတ်လမ်းမှာ အဖေက ဆံပင်ညှပ်ဖို့ ပေးလိုက်တဲ့ တစ်ဒေါ်လာခွဲကို Beaver က ဖျောက်ပစ်လိုက်တယ်။ အဲဒီအကြောင်းကို အဖေဖြစ်သူကို ပြန်မပြောရဲဘူး။ အစ်ကို ဖြစ်တဲ့ Wally က ကြားကနေ မနေနိုင်ပဲ Beaver ကို ကူပြီး ဆံပင်ဖြတ်ပေးရတော့ ရယ်စရာတွေ ဖြစ်သွားတဲ့ ဟာသ ဇတ်လမ်းလေးပါ။
ဇတ်လမ်းကြည့်ရင်းနဲ့ ကြားဖြတ်ကြော်ငြာ ၀င်လာပါတယ်။ အဲဒီကြော်ငြာကတော့ Fran Drescher ရဲ့ "Happily Divorced" ဆိုတဲ့ ဟာသဇတ်လမ်း ကြော်ငြာလေးပါ။ Fran Drescher ရဲ့ ဘ၀ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ အဲဒီဇတ်လမ်းလေးမှာ FranDrescher ဟာ လက်ထပ်ပြီးနှစ်ပေါင်းများစွာကြာမှ မိမိခင်ပွန်းဟာ လိင်တူဆက်ဆံတဲ့သူ ဖြစ်မှန်း သိသွားတယ်။ သူ့ အနေနဲ့ လင်တော်မောင်ကို ပုံစံသစ်တမျိုးနဲ့ ပြန်လည်ဆက်ဆံရပြီး ရည်းစားဘ၀က ချိန်းတွေ့ခြင်းမျိုးတွေကို ပြန်လုပ်ခဲ့ရတဲ့ ဟာသမြောက်တဲ့ ဇတ်လမ်းပါ။
Bob Dylan ဆိုတဲ့ နိုင်ငံဂုဏ်ဆောင် ကဗျာဆရာကလည်း ဟာသကားထဲက Beaver တို့နဲ့ ခေတ်တခတ်တည်းပါပဲ။ (Wally ကတော့ ၁၉၆၃ ခုနှစ်မှာ ကောလိပ်တက်ခဲ့တယ်)။ Bob Dylan က "The Times They Are a-Changin’ "(ခေတ်တွေလည်း ပြောင်းကုန်ပြီ) ဆိုတဲ့ သီချင်းလေးကို ကိုယ်တိုင် ရေးသား သီဆိုခဲ့ပါတယ်။ အမှန်ပါပဲဗျာ။ ခေတ်တွေဟာ တကယ်ပြောင်းကုန်ပါပြီ။
Saddleback အသင်းတော်က  ကလေးတွေရဲ့ သင်းအုပ်ဆရာ ဖြစ်တဲ့ Steve Adams က ခုခေတ်ကလေးတွေဟာ သူတို့မိဘတွေ တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲနဲ့ မတူတဲ့ တိုက်ပွဲမျိုးတွေကို တိုက်နေရတယ်လို့ ဆိုပါတယ်။ ဥပမာပြောရမယ်ဆိုရင် သုတေသန အချက်အလက်တွေအရ အသက် ၈နှစ်နဲ့ ၁၇ နှစ် အရွယ် ကလေး၊လူငယ်တွေရဲ့ အင်တာနက်မှာ ရှာဖွေမှု အများဆုံး ထိပ်တန်း ၁၀၀ ထဲမှာ၊ ညစ်ညမ်းတဲ့ လိင်ဆက်ဆံမှုအကြောင်း (Pornography) ဟာ နံပါတ်လေး နေရာမှာ ချိတ်နေတာကို တွေ့ရတယ်လို့ အဲဒီသင်းအုပ်က ဆိုပါတယ်။ Wally နဲ့ Beaver တို့သာ အဲဒီအချိန်က ဒီ Porn ဆိုတာကို ရှာဖွေဖြစ်မယ် ဆိုရင် ၁၉၆၀ နှစ်များက ထုတ်ဝေခဲ့တဲ့ Playboy မဂ္ဂဇင်းကိုပဲ ခိုးကြည့်ဖြစ်မှာ ဖြစ်ပါတယ်။ အဲဒီခေတ်က Playboy မဂ္ဂဇင်းဆိုတာကလည်း အခုခေတ်မှာ ထုတ်တဲ့ ရေးကူးဝတ်စုံ အားကစားစာစောင်ထက် နည်းနည်းလေး ပိုပြီး ဖော်ကြရုံပါပဲ။
ခေတ်တွေဟာ ပြောင်းကုန်ကြပါပြီ။
မိဘတွေဟာ မိမိတို့ရဲ့ သားသမီးတွေကို သူတို့ရင်ဆိုင်နေရတဲ့ တိုက်ပွဲမှာကြံ့ကြံ့ခံ အောင်ပွဲဝင်နိုင်ဖို့ ခေါင်းကိုဆီလိမ်း ဆုတောင်းဖို့လိုတယ်လို့ Steve ကပဲ ဆိုပါတယ်။ မိမိဆုတောင်းရမယ့် ဆုတောင်းချက်ဟာ လွယ်လွယ်လေးပါ။ " ဘုရားသခင်၊ ကျွန်တော့်သား(သို့) ကျွန်တော့သမီးကို ကျွန်တော် ချစ်ပါတယ်။ သူ့ ဘ၀အတွက် ရည်မှန်းချက်ကို ဘုရားသခင်ရော ကျွန်တော်ပါ ထားရှိပါတယ်။ ကျွန်တော့ကလေးအတွက် ကောင်းကြီးချပေးဖို့ ကျွန်တော် ဒီကနေ့ ဆုတောင်းပါတယ်။ ဤကလေးငယ်(နာမည်တပ်၍ပြောပါ) အတွက် ကောင်းကြီးသွန်းလောင်းချပေးတော်မူပါ။ အာမင်။"

ဆုတောင်းချက်ကတော့ လွယ်လွယ်လေးပါ။ ဒါပေမဲ့ အဲဒီဆုတောင်းချက်မှာ အစွမ်းတန်ခိုးပါပါတယ်။ မိမိကလေးတွေအတွက် ဒီကောင်းကြီးလိုတယ်လို့ Steve က ဆိုပါတယ်။ သူတို့လေးတွေ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေနဲ့ ဒီခေတ်ကြီးမှာ ရှိတဲ့ သွေးဆောင်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ ခေါင်းကို ဆီနဲ့ လိမ်းပြီး ကောင်းကြီးပေးတဲ့ ကောင်းကြီးမျိုးကို မြင့်မြတ်သန့်ရှင်းတဲ့ ဘုရားရှင်ထံကနေ လိုအပ်ပါတယ်။ အဲဒီဆုတောင်းချက်ကို တောင်းဖြစ်အောင် တောင်းကြပါ။
ရစ်ဝါရင်၏ နေ့စဉ်မျှော်လင့်ချက် စာစောင်မှ ဇွန်လ ၃ရက် ရက်စွဲပါ စာမျက်နှာအား ဆီလျော်အောင် ပြန်ဆိုသည်။

နာမတော်မြတ်၌
လှမင်းသူ
.