ညစဉ်ခွန်အား (ဇွန်လ၊ ၂၀၁၁) ထွက်ပြီ



ဆိုး (ညစဉ်ခွန်အား)

မင်္ဂလာပါ .. ညစဉ်ချစ်သူ၊
သုန်ဖျင်းသော မိုးရေစက်များအားဖြင့် စိမ်းလန်းသော မြင်ကွင်းများမှာ တဖန်အသက်ဝင် လာခဲ့ရပါပြီ။ နွေအပူကို ဖြတ်သန်းပြီးသည့် နောက်မှာတော့ ကျွန်တော်တို့ကို အစိမ်းရောင်က ကြိုဆိုနေခဲ့ပါပြီ။ သစ်ပင်များလည်း အစိမ်း၊ လွင်ပြင်မှာလည်း အစိမ်း၊ လယ်ကွင်းမှာလည်း အစိမ်း၊ တောတောင်မှာလည်း အစိမ်းရောင်သာ လွှမ်းမိုးနေပါပြီ။ နောက်ဆုံး မြို့ပြများမှာ တောင်မှ အစိမ်းရောင်က လွှမ်းမိုးပါ၏။ ရင်သွေးငယ်တို့၏ ပညာသင် အစိမ်းရောင် အ၀တ်များကို အဖြူရောင် အနားသတ်နှင့် လွင်လွင်ကလေး စည်ကားနေပါသည်။

အစိမ်းရောင် များစွာထဲမှာ စာသင်သားတို့၏ အစိမ်းက အတောက်ပဆုံးပါပဲ။ တည်မြဲနေတာ မဟုတ်ပဲ လှုပ်ရှားနေသော အစိမ်းရောင်များကို မြင်ရလျှင် သာ၍ စိတ်လှုပ်ရှားရပါ၏။ တကယ်တော့ "သင်ယူခြင်းကာလ" ဖြစ်သော ဇွန်လမှာ ကျွန်တော်တို့ လူလားမြောက် ခဲ့ပြီဆိုသည့် တိုင်အောင် သင်ယူစရာတွေ အများကြီး ရှိနေသေးတာကို သတိရစေပါ၏။ လောကအရာဖြစ်စေ၊ ၀ိဥာဏမှာ ဖြစ်စေ၊ .. သင်ယူကြဦးမှာ ဖြစ်တာမို့ စိမ်းလန်းသော နှလုံးသားနှင့် လက်ခံနိုင်ဖို့ပါပဲ။

ယခုလမှာ သက်သေခံချက်တစ်ပုဒ်ကို ထပ်မံဖြည့်စွတ်၊ ထည့်သွင်းဖေါ်ပြပါသည်။ လက်ဆောင်ကလေးပါ။ ဖတ်ရှုခံစားပေးဖို့ တောင်းဆိုပါသည်။ ညစဉ်ခွန်အားကို ချစ်၍ အားဖြည့်ပေးသော မိတ်ဆွေများနှင့်၊ ညစဉ်ချစ်သူ မိသားစုများ အားလုံးကို ဘုရားရှင်သိမှတ်၍ စုံလင်သော ကောင်းကြီးမင်္ဂလာနှင့် ပတ်စည်းပါစေဟု နာမတော်မြတ်၌ ဆုတောင်းမေတ္တာပို့သ အပ်ပါသည်။ (အာမင်)

အစဉ်သဖြင့်
ဆိုး
ရန်ကုန်မြို့၊ ၂၀၁၁ နှစ် ဇွန်လ

ညစဉ်ခွန်အားကို ဖတ်ရှုရန်လင့်ခ်
http://jbcs.org.sg/bornagain/index.php/daily-supper


ယခုလသက်သေခံချက်

ဘုရားသခင်ကို နံပါတ်တစ်နေရာမျာ ထားပေးပါ။

ကျွန်မ မမီးမီး (တာချီလိတ်မြိုပသူ) သည် မွေးကတည်းက ခရစ်ယာန်ဖြစ်ခဲ့သော်လည်း ဘုရားကို ကောင်းစွာမသိခဲ့ပါဘူးလို့ ပထမဆုံး ၀န်ခံပါရစေ။ အမေ ခရစ်ယာန်ဖြစ်လို့ ကျွန်မကလည်း ခရစ်ယာန် ဖြစ်လာတာပါ။ သမ္မာတရားကို ကောင်းစွာ နားမလည်ခဲ့ပါဘူး။ ဘုရားသခင်ကို ယုံရင် ကောင်းကင်နိုင်ငံသို့ သွားရမည်၊ ဒါဘဲသိသည်၊ ဘုရားအလိုတော်ကို မသိ၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းမရှိ၊ ကိုယ်ကောင်းတာ လုပ်ရင် ကောင်းတာရမယ်လို့ ခံယူခဲ့ပါသည်။ ကျွန်မ အသက် (၁၉)နှစ်မှာ ကိုယ့်သဘောနဲ့ကိုယ် အိမ်ထောင်ပြုခဲ့ပါသည်။ ကျွန်မ ခံယူချက်က ကျွန်မရွေးချယ်တာ မှန်တယ်။
ကျွန်မာယူတဲ့ အမျိုးသာက မယုံကြည်သူ၊ အလုပ်ကြိုးစားတယ်။ ယောင်္ကျားပီသတဲ့ လူမျိုးဖြစ်တယ်။ ကျွန်မကို ချစ်တယ်။ ကျွန်မ မမှားဘူးလို့ ခံယူပြီး ယူခဲ့မိပါတယ်။ အိမ်ထောင်ကျခါစမှာတော့ ပျော်တာဘဲသိသည်။ မိဘဆွေမျိုးတွေ စိတ်ဆင်းရဲနေမယ်၊ ဘုရားသခင် အလိုတော်နဲ့ မညီဘူးဆိုတာကို မသိခဲ့ပါ။ အိမ်ထောင်သက်တမ်း တနှစ်မပြည်ခင်မှာ စပြီး စကားများရန်ဖြစ်လာပါသည်။ ယုံကြည်သူ သူငယ်ချင်းတွေက သတိပေးစကား ပြောလာသည်။ နင်က ဘုရားကို သိတဲ့လူ၊ ဘုရားမသိတဲ့ လူနဲ့ယူတော့ မှားမှာပေါ့။ ထမ်းပိုးမှ မညီတာ။ ဘုရားကျောင်းကို ပြန်သွားပါ။ ဘုရားဝတ်၌ မွေ့လျော်ပါ။ ကျမ်းစာဖတ်၊ဆုတောင်း အမြဲပြုပါ။ သို့သော် ကျွန်မ နားမထောင်ခဲ့ပါ။ ထမ်းပိုးညီသော ခရစ်ယာန် အိမ်ထောင် ဖြစ်ဖို့ ဆုတောင်းပါလို့ သူငယ်ချင်းတွေက ပြောခဲ့ကြပါသည်။ ဒါပေမဲ့ နားမထောင်ခဲ့ပါ။ ကျွန်မစိတ်ထဲမှာတော့ ဘုရားသခင်ကို ဆာငတ် တောင်းတနေပါသည်။ ရှာချင်ပါသည်။ ဒါပေမဲ့ ဘယ်လိုစပြီး ရှာရမှန်းမသိခဲ့။ သမီးလေး၂ယောက် မွေးပြီးမှ အကြီးအကျယ် ကြောက်လန့်မိတဲ့စိတ်က ငါ့သမီး၂ယောက် ငါလိုဘုရားမသိတဲ့ အသက်တာ၊ ပျော်ရွှင်မှုမရှိတဲ့ အသက်တာမျိုး၊ မဖြစ်စေချင်ဘူး။ စိုးရိမ်စိတ်များ ဖြစ်လာ ပါသည်။ အပြစ်မဲ့တဲ့ သမီးလေးနှစ်ဦးရဲ့ မျက်နှာကို ကြည့်ပြီး သနားတယ်။ သူတို့နှစ်ဦးရဲ့ ရှေ့အသက်တာမှာ ဘုရားကို သိပြီး ပျော်ရွင်သော အသက်တာရှိဘို့ ကျွန်မလိုချင်တယ်။ ကျွန်မ နောင်တရခဲ့တယ်။ ထမ်းပိုးမညီသော အိမ်ထောင်ဟာ ပျော်ရွှင်မှု မရှိခဲ့ပါ။ ကျွန်မချစ်သော အမျိုးသားသည် ဘုရားကို မသိ။

မိသားစုကို ရှာကျွေးနိုင်ခဲ့ ပေမဲ့ မိသားစုအပေါ် အချိန်မပေး၊ မိသားစုအပေါ် အနစ်နာခံခြင်းမရှိ၊ စိတ်ရှည်ခြင်းမရှိ၊ အဆိုးဆုံးကတော့ သစ္စာမရှိတာပါ။ ကျွန်မအမြဲတမ်းပဲ ငိုရသည်။ ၀မ်းနည်းရတယ်။ ဘုရားရှင် ကျွန်မအပြစ်ကို ခွင့်လွှတ်ပါ။ ကျွန်မပြုခဲ့တဲ့ ကျွန်မအပြစ်ကြောင့် ကျွန်မမိသားစုအပေါ် အပြစ်ဒဏ် မကျရောက်ပါစေနှင့်။ သမီးနှစ်ဦးကို ကောင်းကြီးပေးပါ။ ကျွန်မအမျိုးသားကို ဘုရားရှင်ဟာ ဘုရားစစ် ဘုရားမှန်ဖြစ်ကြောင်း ပြောင်းလဲပေးပြီး ယုံကြည်လာပါလို့ အမြဲဆုတောင်းခဲ့ပါသည်။ အဲဒီ အချိန်ကစပြီး သမီးနှစ်ဦးရဲ့ အသက်တာကို ဘုရားရှင်လက်ထဲ ဆက်ကပ် အပ်နှံတယ်။ အသင်းတော် ကျောင်းကို မှန်မှန် ပို့ခဲ့တယ်။ ကျွန်မလည်း ဘုရားသခင်ကို အချိန်ပေးတတ်၊ ကျမ်းစာဖတ်၊ ဆုတောင်းတတ်လာပါသည်။ သမီးနှစ်ဦးကို မူကြိုအရွယ်ကတည်းက ဘုရားအမှုတော်ဆောင်ဖြစ်ဖို့ ဆရာတော်တွေနှင့် ပြောပြီး၊ အမြဲဆုတောင်း၊ ဆက်ကပ် ထားခဲ့ပါသည်။ ဒီလိုနဲ့ အိမ်ထောင်သက် တဆယ်နှစ် ကျော်လာခဲ့တော့ မထင်မှတ်ဘဲ ဘုရားရှင်က နာကျင်မှုဖြင့် ကျွန်မကို ဆုံမပါသည်။ စစ်မှန် ပျော်ရွှင်သော ခရစ်ယာန် အိမ်ထောင်ဖြစ်ဖို့ ဆုတောင်းရင်း မျှော်လင့်ခဲ့သည့် ဆယ်နှစ်ကျော် ကာလပတ်လုံး အမျိုးသားရဲ့ ဆိုးဒဏ်၊ သစ္စာမရှိသောဒဏ်၊ မိသားစုကို အချိန်မပေးတတ်တဲ့ ဒဏ်တွေ၊ သည်းခံခဲ့သမျှ တစ်နေ့မှာတော့ ကျွန်မအမျိုးသား ပြင်းပြင်းထန်ထန် ဖျားခဲ့တယ်။

ဆေးကုသခြင်း ခံယူသော်လည်း အဖျားမပျောက်၊ ရက်တွေ ကြာလာတော့ ကျွန်မ အစ်မ သားဖွားဆရာမက မသင်္ကာတော့ သွေးစစ်ဆေးဖို့ ပြောတဲ့အခါ သွေးစစ်ခဲ့တယ်။ မထင်မှတ်ထားတဲ့ အဖြေ HIV ပိုးရှိကြောင်း သိရတယ်။ ကျွန်မ အရမ်းကြီး ကြောက်လန့်ခဲ့ရပါတယ်။ ကျွန်မအတွေးထဲမှာ ဘာဘဲရှိလဲဆိုတော့ ငါ့အမျိုးသားမှာ ဒီပိုးရှိရင် ငါလည်းရှိပြီ။ ငါ့သမီးနှစ်ယောက်ကိုတော့ သူတို့ ရှေ့ရေး အရေးကြီတယ်။ ငါလို ဘုရားမသိတဲ့ လူတွေနဲ့ မယူဖို့၊ ဘုရားအမှုတော်ဆောင်ဖြစ်ဖို့၊ ငါမသေခင် ငါပံ့ပိုးပေးရမယ်။ သွန်သင်ရမယ် ဆိုတဲ့ ခံယူချက်နဲ့ ၀မ်းနည်းတဲ့ ကြားထဲကနေ ဘုရားရှင်ထံ ခွန်အားယူခဲ့တယ်။ မျက်ရည်တွေကြားထဲကနေ သမီးနှစ်ဦးကို ခိုးခိုးကြည့်ပြီး ဆုတောင်ခဲ့တယ်။ ဘုရားရှင်ကို ကျွန်မ အပြစ်မမြင်ပါ။ ကျွန်မ စိုက်တဲ့အတိုင်း ကျွန်မ ရိတ်ရတယ်လို့ ခံယူခဲ့ပါတယ်။ ဒါပေမဲ့ ဘုရားရှင်က ကျွန်မထင်ထားခဲ့သလို မဟုတ်ခဲ့ပါဘူး။ ဘုရားရှင်သည် ကောင်းမြတ်သော၊ တရားမျှတသော ဘုရား၊ အရာခပ်သိမ်းကို သိမြင်တော်မူသော ဘုရားဖြစ်ကြောင်း သက်သေခံလိုပါတယ်။ ကျွန်မတို့လည်း ကျွန်မအစ်မ သားဖွားဆရာမက နင်လည်း သွေးစစ်ကြည့်တော့။ နင့်ယောင်္ကျား ရောဂါရှိတယ်။ နင်လည်း ရှိတယ်ဆိုရင် ဆေးကုသမှု တခါတည်း ခံယူလို့ရတယ် ဆိုပြီး ကျွန်မအစ်မ ကျွန်မရဲ့သွေးယူပြိး သွားစစ်ခဲ့တယ်။ အစ်မပြန်လာမဲ့ အချိန်ကို စိတ်ထဲက မျှော်နေပေမဲ့၊ ဟန်ဆောင်နေရတယ်။ သွေးစစ်ထားခြင်းရဲ့ အဖြေကို မကြားချင်အဆုံးပါပဲ။ ရောဂါပိုး ရှိမယ်လို့ မကြားဝံ့ပါဘူး။ နားမထောင်ရဲပါဘူး။

အစ်မ အိမ်ပြန်လာတဲ့ အသံကို ကြားတာနဲ့။ မ၀ံ့မရဲ အစ်မမျက်နှာကို ကြည့်ခဲ့တယ်။ အစ်မအဖေါ် ဆရာမက လက်မထောင်ပြတယ်။ ညီမ အခြေအနေကောင်းတယ်။ ညီမ ကျေးဇူးတော် ချီးမွှမ်းပါ။ များများ ဆုတောင်းပါလို့ ပြောတယ်။ ညီမရဲ့သွေးမှာ HIV ပိုး မတွေ့ဘူး လို့ ပြောတဲ့အခါမှာ ကျွန်မ ဘုရားရှင်ကို အရမ်းကျေးဇူးတင်တယ်။ ကျွန်မ သက်သေခံရမယ်လို့ တွေးခဲ့တယ်။ ကျွန်မအစ်မက နောက်ထပ် ၃လ ကြာရင် သွေးထပ် စစ်ကြည့်ဦးမယ်။ ၃လကြာမှ မရှိဘူးဆိုရင် စိတ်ချရပြီလို့ ပြောခဲ့ပါတယ်။ ၃လ ကြာလာတော့ ကျွန်မကိုယ်တိုင် ဆေးရုံမှာ သွေးသွားစစ်၊ အဖြေကိုလည်း ကိုယ်တိုင် သွားယူခဲ့ပါတယ်။ ဘုရားရှင်ကိုလည်း ဆုတောင်း ဆက်ကပ်ထားတယ်။ အလိုတော်အတိုင်းဖြစ်ဖို့ သွေးစစ်ခြင်း အဖြေကို စောင့်နေစဉ် အစာရှောင် ဆုတောင်းပေးသော ဆရာ၊ ဆရာမများလည်း ရှိပါတယ်။ အဖြေသွားယူတဲ့ အချိန်မှာလည်း ကျွန်မရဲ့သွေးမှာ ရောဂါပိုး မတွေ့ကြောင်း သိရတဲ့ အချိန်မှာ ဘုရားရှင်ကို ကျေးဇူးတင်တယ်။ ငါမသေရသေး၊ အမှုတော်မှာ ပါဝင်သက်သေခံရမယ် ဆိုတဲ့ စိတ်နဲ့ ဆက်ကပ်ခဲ့တယ်။ နောက်၆လ ကြာတော့ တစ်ခါ သွေးပြန်စစ်ကြည့်ပြန်တော့လည်း ရောဂါပိုး မတွေ့ရပါ။ ဘုရားရှင် တန်ခိုးကြီတယ်။ အရာခပ်သိမ်းကို တတ်နိုင်တယ်။

ဘုရားရှင် ကျွန်မကို ကောင်းကြီးပေးပြီး အသုံးပြုတဲ့အတွက် သက်သေခံချင်ပါသည်။ အိမ်ထောင်ပြုပြီး သွားသူများအတွက် ကျွန်မပြောချင်သည်။ ဘုရားကို အရင်ဆုံးချစ်ပါ။ မိသားစုကို ဒုတိယချစ်ပါ။ ဘုရားအပေါ်၊ မိသားစုအပေါ် သစ္စာရှိပါလို့ သက်သေခံချင်ပါသည်။

သင့်ကို ဘုရားရှင် ကောင်းကြီးပေးမည်။ အိမ်ထောင်မပြုသေးသော လူငယ်မောင်မယ်များ အားလုံးအတွက် အထူးသတိပေး သက်သေခံချင်တာကတော့ ထမ်းပိုးမညီသော အိမ်ထောင်မပြုဖို့ ဘုရားသခင်ကို မချစ်သူ၊ ဘုရားဝတ်၌ စစ်မှန်သော မွေ့လျော်ခြင်း မရှိသူ၊ ဘုရားသခင်ကို မသိသောသူများကို အိမ်ထောင်ဖက်အဖြစ် မရွေးချယ်ဖို့ သက်သေခံချင်ပါသည်။ ကျွန်မရဲ့ သက်သေခံချက်ကို ဖတ်ကြားသူတိုင်းအတွက် အသက်တာမှာ တည်ဆောက်စရာများ ဖြစ်စေပြီး ဘုရားရှင်ထံမှ ကောင်းကြီးမင်္ဂလာ ခံစားရပါစေ။

တောင်ပေါ်မြေမှ
မီးမီး  (တာချီလိတ်)


ညစဉ်ခွန်အား အလှုရှင်များ၊ ပဲခူးမြို့မှ K.M Mart. မန္တလေးမြိုမှာ ပါမောက္ခဒေါက်တာ်ဦးစိုးထွန်း (၆၉နှစ်)၊ ရန်ကုန်မြို့ ဒဂုံသစ်မြောက်ပိုင်းမှ အန်တီဒေါ်သန်းသန်းမြင့် (၇၀နှစ်)၊ ရန်ကုန်တိုင်း ဒဂုံမြို့သစ်မြောက်ပိုင်းမှ အန်တီဒေါ်တင်သန်းဇင် (၆၄နှစ်)၊ အင်းစိန်မြို့တောင်သူကုန်းမှဖီးဖီးဒေါ်ရှယ်၏မြေးစောခါးမတ်စ်ဒေး (၆နှစ်)၊ ရန်ကုန်မြို့၊ ကမာရွတ်၊ မာလာမြိုင်ရပ်မှာ ဦးတက်ထွန်းမိသားစု၊ ဟာခါးမြို့၊ ကျိန်ဒွဲအသင်းတော်မှသင်းအုပ်ဆရာမ ငဲမ်ခေါမ်ညောင်မိသားစု၊ တောင်ငူမြို့၊စောထူးလယ် မိသားစု၊ နေပြည်တော်မှချစ်သူအတွက် ရန်ကုန်မှမသူဇာ၊ ညောင်တုန်းမြိုပ၊ ဇိးဖြူကျွန်းကျေးရွာမှ ကိုပေါ်ထင်ဦး၊ ရန်ကုန်မြို့၊ ကန်ဘဲ့အသင်းတော်မှ မလဲ့လဲ့ဟန်၊ အင်းစိန်၊ဒညင်းကုန်းမှ စောဗစ်တာရှဲ (၁၄နှစ်)၊ ကျောက်တန်းမြို့၊ဆေးဘိုဝကျေးရွာမှဆရာမ ဒေါ်နန်းခေါင်၊ အင်းစိန်မြို့မှ ဒေါ်မာမာအေး၊ အင်းစိန်မြိျု့မှ မွေးနေ့ရှင် နော်ဂရေစီဝင်း၊ နော်မေရီဝင်း၊ ယုဇနဥယျာဉ်မြိုတော်မှ ဦးရဲမြင့်ထွန်း (၅၅နှစ်)၊ ရန်ကင်းမြို့၊ ကျောက်ကုန်းမှ မိခင်ဖြစ်သူ အိုင်ပီဟတ်ပီးနပ်စ်၊ ရန်ကုန်မြို့ကျောက်ကုန်မှသမီးမေမွန်မြက်သူနှင့်သားရွှေသဲမောင်၊ ဆရာမကြီးဒေါ်ဂရေ့စ်တန်မှတဆင့် ပေးလှုသူ၊ မလေးရှားနိုင်ငံမှ မိတ်ဆွေများအားလုံး...လူတို့ကြံစည်၍ မမီနိုင်သော ကြွယ်ဝခြင်းနှင့် ငြိမ်သက်ခြင်း၊ ချမ်းသာခြင်းနှင့်ပြည့်စုံပါစေဟု နာမတော်မြတ်၌ ဆုတောင်းမေတ္တာပိုသအပ်ပါသည်။ (အာမင်)

ဆိုး (ညစဉ်ခွန်အား)
ဖုန်း (၀၉) ၇၃၀၁၅၈၄၄   (၀၉)၅၀၉၂၄၁၃
Email: This email address is being protected from spambots. You need JavaScript enabled to view it.

.