ဂေါမာ

ကျုပ်အရမ်းခံစားနေရတယ်ဗျာ။ ရှက်လည်းအရမ်းရှက်တယ်။ နာလည်း နာကျည်းတယ်။ စိတ်ကလည်း ဘယ်လိုမှ ဖြေဆည်လို့ မရဘူး။ ကျုပ်ရဲ့ အရင်က ပျော်ရွှင်နေတဲ့ မိသားစုလေးဟာ အခုတော့ စိတ်ညစ်စရာတွေနဲ့ချည်း ပြည့်နေတယ်။ အရင်က မိသားစုအတွင်းမှာ ပျော်ရွှင်စရာ ဆည်းလည်းသံတွေက အခုဘယ်ရောက်ကုန်ပြီလဲ မသိဘူး။ တိတ်လို့ဆိတ်လို့။ ကျုပ်ရဲ့ သားသမီး တွေကလည်း ငေးတိငေးငိုင်နဲ့။ ကျုပ်ရဲ့ အိမ်ထောင်ဟာ အစက စိုစိုပြေပြေ ရှိပေမယ့် ခုတော့ ခြောက်ကပ်ကပ်။ ပျော်ရွှင်မှုတွေ ဆိတ်သုဉ်းနေတော့ ဘယ်လိုလုပ် စိုပြေနိုင်တော့မှာလဲ။ ဒီလို အခြေအနေကို ရောက်အောင်၊ မိသားစုလေး သာယာမှုကို ပျက်ဆီးသွားအောင်၊ ပျော်ရွှင်မှုတွေ ပျက်သုဉ်းသွားအောင် လုပ်ခဲ့တဲ့ တရားခံကတော့ ကျုပ်ရဲ့ ချစ်လှစွာသော ဇနီး ဂေါမာ(Gomer) ပါပဲဗျာ။

.

လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်တုန်းက ပေါ့။ ကျုပ်ကို ဘုရားသခင်က ပရောဖက် အနေနဲ့ ခန့်ထားခဲ့တယ်။ ကျုပ်ရဲ့အဖေ ဗေရိ(Beeri) နဲ့ ကျုပ်ရဲ့ အမေက ကျုပ်ကို ငယ်ငယ်လေးထဲက ဘုရားသခင်ကို ကြောက်ချစ်ရိုသေဖို့ သင်ပေးခဲ့တယ်။ နေ့စဉ်နေတိုင်းလည်း ဘုရားသခင်ဆီမှာ ဆုတောင်းတယ်။ ဒါဝိဒ် ဘုရင်စပ်ဆိုခဲ့တဲ့ သီချင်းတွေကို လည်း အမြဲတမ်း သီဆိုခဲ့တယ်။ နောင်လာလတ္တံသော ကယ်တင်ရှင် မေရှိယကိုလည်း အမြဲတမ်း စောင့်မျှော် နေခဲ့တယ်။

ကျုပ်ရဲ့ သာသနာပြုခရီးဟာ သိပ်တော့ မလွယ်ဘူးဗျ။ ကျုပ်ဟာ ငယ်ကလည်း ငယ်သေးတော့ သွေးဆူလွယ်တယ်။ ကျုပ်တရားဟောရင်လည်း ဟောဟောဒိုင်းဒိုင်း ဟောတတ်တယ်။ ကျုပ်ဟောတဲ့တရားကို လူတွေ သိပ်နားမထောင်ကြဘူး။ နားမထောင်တဲ့အပြင် တခါတရံမှာ ပြောင်လှောင်တာကိုတောင် ခံရသေးတယ်။ ကျုပ် သုံးဆယ့်နှစ်နှစ် အရွယ်ရောက်မှ ဘုရားသခင်က ကျုပ်ရဲ့ စိတ်ကို နိုးဆော်တော့မှ ကျုပ်ဟာ ဆုတောင်းခြင်းကို ပိုမို ပြုလုပ်လာပြီး စိတ်ပိုမို တည်ငြိမ်လာတော့တာပါပဲ။ အဲဒီလိုတည်ငြိမ်လာပေမဲ့လည်း ကျုပ်ဟာ အဖော်မဲ့ပြီး အထီးကျန်သလို ဖြစ်နေတယ်။

အဲဒီလိုနဲ့ တစ်နေ့မှာ ကျုပ်ရဲ့ အဖေနဲ့ အမေက သူတို့ရဲ့ သူငယ်ချင်း ဒိဗလိမ် (Diblaim) အိမ်ကို အလည်သွားကြတယ်။ ကျုပ်လဲ ကျုပ်ရဲ့ မိဘတွေနဲ့ လိုက်သွားတယ်။ ကျုပ်က သာသနာပြု လုပ်ငန်းတွေကို ချည်း အာရုံစိုက် လုပ်နေခဲ့တော့ ဒိဗလိမ် မိသားစုနဲ့ သိပ်ပြီး ရင်းရင်းနှီးနှီးတော့ မရှိဘူး။ ဒါကြောင့်လည်း ကျုပ်ရဲ့မိဘတွေက ဒိဗလိမ် နဲ့ စကားတွေကို ဖောင်ဖွဲ့ပြီး ပြောနေတာကို နားပဲထောင်နေခဲ့တယ်။ တခါတခါမှ တစ်ခွန်းစ နှစ်ခွန်းစ ဆိုသလို ၀င်ဝင်ပြီးတော့ အလိုက်အထိုက် ပြောတာမျိုးတော့ လုပ်တယ်။ အဲဒီ အချိန်မှာပဲ အခန်းတံခါးတစ်ခု ပွင့်သွားပြီး ဒိဗလိမ် ရဲ့ သမီး ဂေါမာ ထွက်လာတာကို ကျုပ်မြင်လိုက်ရတယ်။ ဂေါမာကို ကျုပ်ငယ်ငယ်တုန်းက မြင်ဖူးပါတယ်။ သူရဲ့ မိဘတွေကဆိုဆုံးမလို့ မရတဲ့ ချောချောလှလှ ကောင်မလေး။ အခုတော့ သူက အပျိုကြီး ဖားဖား ဖြစ်နေပြီး အရမ်းချော အရမ်းလှ လာတယ်။ သူရဲ့ အသားအရောင်က ဆင်စွယ်ရောင်လို ၀င်းပနေပြီးတော့ ပိတုန်းရောင် ဆံကေသာကလည်း သူရဲ့ မျက်နှာလေးနဲ့ တကယ်ကို လိုက်ဖက်တယ်။ သူ့ကိုတွေ့လိုက်တဲ့အခိုက်မှာ ကျုပ်ရဲ့ စိတ်ထဲ ဘုရားပွဲ အသေးစားလေးလှည့်သွားတယ်။ သူ့ရဲ့ အလှမှာ ကျုပ်ယစ်မူးသွားတယ်။ ကျုပ်ရဲ့ မျက်လုံးတွေကလည်း သူ့ဆီက ခွာလို့ကို မရတော့ဘူး။

မြင်မြင်ခြင်းပဲ ဂေါမာကို ကျုပ်စွဲလမ်းမိတယ်။ အိမ်ပြန်ရောက်တော့ ကျုပ်ရဲ့အဖေနဲ့သာ ကျုပ်က တခြားအကြောင်းတွေကို ပြောနေပေမဲ့ ဂေါမာကို ကျုပ်မျက်စိထဲက ဖျောက်လို့ကိုမရဘူး။ အဲဒီနောက်ပိုင်း ကျုပ်ရဲ့ အဖေ ဒိဗလိမ် အိမ်ကို သွားတိုင်း ကျုပ်လိုက်လိုက်သွားတယ်။ ကျုပ်အဖေနဲ့ ဂေါမာ အဖေ ဒိဗလိမ် ရဲ့ ရင်းနှီးမှုကလည်း ပိုမိုတိုးပွားလာတယ်လို့ဆိုရမှာပေါ့။ ကျုပ်အဖေလည်း ဒိဗလိမ် နဲ့ တစ်ခါတစ်ခါ ဘာတွေပြောမှန်း မသိဘူး အကြာကြီး အဆက်မပြတ် ပြောပြောနေတာ ကြားရတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ကျုပ်အဖေက ဆိုင်းမဆင့် ဗုံမဆင့် ကျုပ်ကို ”ငါ့သား ။ မင်း ဂေါမာနဲ့ လက်ထပ်ရမယ်” လို့ ပြောတယ်။ ကျုပ်လည်း ကြားကြားချင်း တော့ ဘယ်လို ပြန်ပြောရမှန်း မသိဘူး။ ကျုပ် ဂေါမာကို ချစ်တာ မေးစရာမလိုဘူး။ ဒါပေမဲ့ ဂေါမာ နဲ့ ပတ်သက်ပြီး ကျုပ်စိတ်ထဲမှာ စိုးရိမ်မှုလေးတွေ ရှိတယ်။

ဂေါမာက ငယ်တယ်။ ပြီးတော့ လှချင်ပချင်တယ်။ ဈေးကြီးတဲ့ လက်ဝတ်လက်စား၊ အ၀တ်အစား၊ အလှပြင်ပစ္စည်း တွေကို လိုချင်မက်မောတတ်တယ်။ မိန်းကလေး တစ်ယောက်အနေနဲ့ ဒီလို မက်မောတာ မဆန်းပါဘူး။ ဒါပေမဲ့ ဂေါမာက ခေတ်ရှေ့  ပြေးပြီး ခေတ်ဆန်လွန်းတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်ဂေါမာကို ချစ်တယ်။ ကျုပ်ရဲ့အဖေကလည်း ကျုပ်ကို ဂေါမာနဲ့ လက်ဆက်ချင်တာပဲ မဟုတ်လား။ ဘုရားသခင်ဆီမှာ ဆုတောင်းတော့လည်း ဘုရားသခင် ဂေါမာကို လက်ထက်ဖို့ အလိုရှိတယ် ဆိုတာ သိရတယ်။

ကျုပ်ဂေါမာရဲ့ အချစ်ကို မရရအောင် ကြိုးစားတော့တာပဲ။ ကျုပ်က ပရောက်ဖက်ဆိုတော့ ကျုပ်တတ်တဲ့ စာပေအနုပညာ နဲ့ ဂေါမာကို ကျုပ်ရအောင် ပိုးတယ်။ ကျုပ် ကဗျာတွေရေးပြီး ဂေါမာကို ချစ်တဲ့အကြောင်းတွေကို စာဖွဲ့ တယ်။ မကြာမီမှာပဲ ဂေါမာကလည်း ကျုပ်ကို မေတ္တာရှိတဲ့အကြောင်း စာပြန်တယ်။ ကျုပ်ဖြင့် ၀မ်းသာလိုက်တာ မပြောတော့ပါနဲ့။ ဂေါမာနဲ့ ကျုပ်နဲ့ လက်ထပ်ဖို့ စီစဉ်လိုက်ကြတယ်။ လက်ထပ်တဲ့ နေ့ကို ကျုပ် ဒီတစ်သက် မမေ့နိုင်ပါဘူး။ ဟေဗြဲ လူမျိုးတွေ လက်ထပ်တဲ့ ထုံးစံအတိုင်း ကျုပ်နဲ့ ဂေါမာ ပန်းတွေပြန့်ကြဲနေတဲ့ ဘုရားစင်ရှေ့ မှာ အတူတူ မတ်တပ်ရပ်တယ်။ ဘုရားရှေ့ မှာလည်း ထာဝရ မခွဲမခွာပဲ သစ္စာရှိရှိနဲ့ ချစ်ကြဖို့ ကို နှစ်ဦးသား တိုင်တည်ကြတယ်။ အဲဒီနေ့က ဂေါမာကော ကျုပ်ကော မိုးမမြင်၊ လေမမြင် ပေါ့ဗျာ။ ဂေါမာကို ကျုပ်ရဲ့အိမ်ကို ခေါ်လာတယ်။ ဆော်လမွန်ဘုရင် ရေးစပ်ထားတဲ့ သီချင်းတွေကို အတူတူ ဆိုကြတယ်။ ကျုပ်တို့ နှစ်ဦးသား အချစ်ရဲ့ ချိုမြိန်တဲ့ အသီးတွေကို စားကြတယ်။ ဂေါမာကလည်း အာရုံဦးမှာ ပွင်းလန်းလာတဲ့ ပန်းကလေးလိုပဲ လန်းဆန်းတက်ကြွနေတယ်။ ဘုရားသခင်နဲ့ ကျုပ်ရဲ့ ရင်ခွင်အောက်မှာ ဂေါမာ နေရတာ နွေးထွေးမှု နဲ့ လုံခြုံမှုကို ကျေနပ်နေပုံပဲ။ ကျုပ်လည်းပဲ ရှေးရေးအတွက် မျှော်လင့်ခြင်း အပြည့်နဲ့ တက်ကြွနေတာပေါ့ဗျာ။

ဒီလိုနဲ့ ကျုပ်တို့ လက်ထပ်လို့ တစ်နှစ်ပြည့်တဲ့ နေ့မှာ ဂေါမာ ကျုပ်အတွက် သားဦးလေး မွေးဖွားပေးတယ်။ ကျုပ်ဘုရားဆီမှာ ဆုတောင်းတော့ ဘုရားသခင်က ကျုပ်ရဲ့သားလေးကို ယေဇရေလ (Jezreel) လို့ အမည်ပေးဖို့ ပြောတယ်။ ကျုပ်လည်း ဒီနာမည်အတိုင်း ကျုပ်သားကို ကင်ပွန်းတပ်လိုက်တယ်။ ယေဇရေလ (Jezreel) လေးမွေးလို့ သိပ်မကြာဘူး၊ ဂေါမာ အနည်းငယ်အချိုး ပြောင်းသွားတယ်။ ကျုပ်နဲ့ ခပ်ခွာခွာနေပြီး ကျုပ်ကို ခပ်စိမ်းစိမ်း ကြည့်တတ်လာတယ်။ ကျုပ်ကတော့ သားကလေးကို စောင့်ရှောက်ကြည့်ရှုနေရလို အရမ်းပင်ပန်းအလုပ်များနေလို့ကြောင့်ပဲ ထင်မိတယ်။

သိပ်မကြာပါဘူး ကျုပ်ကလေး နောက်တစ်ယောက် ရတယ်။ ဒီတစ်ခါတော့ မိန်းကလေးဗျို့ ။ ဘုရားဆီကို ဆုတောင်းတော့ လောရုဟာမာ(Lo-Ruhamah) လို့ ပေးဖို့ ပြောတယ်။ ဘုရားပြောတဲ့အတိုင်း သမီးကလေးအတွက် အဲ့ဒီနာမည်ကို ပေးလိုက်တယ်။ သမီးကလေးမွေးပြီးလို့ နောက်ပိုင်းမှာတော့ ဂေါမာ ကျုပ်ဆီကနေ တဖြည်းဖြည်း ခွာလာတယ်။ ဂေါမာ ခြေလှမ်းတွေပျက်လာတယ်။ မကြာခဏ ဆိုသလို ဂေါမာတစ်ယောက် ကလေးတွေကို အိပ်ရာမှာ သိပ်ပြီးတာနဲ့ အပြင်ထွက်တတ်လာတယ်။ မနက်မိုးလင်းအားကြီးမှ အိမ်ပြန်လာတတ်တယ်။ ပြန်လာတဲ့ အခါတိုင်းလည်း ပင်ပန်းနေပုံရပြီး မျက်တွင်းတွေလည်း ကျနေတယ်။ ပြီးတော့ ကျုပ်ကို ရန်လိုပြီး ပုန်ကန်တဲ့ အရာတွေကို ပြုလာတယ်။ ကျုပ်ဂေါမာကို ကျုပ်နဲ့မခွဲမခွာနေဖို့ ဘယ်လိုပဲ ဖြောင်းဖျဖြောင်းဖျ ကျုပ်စကားတွေကို ဂေါမာ နားမ၀င် တော့ဘူး။ နောက် ၁၈ လလောက် အကြာမှာ သားလေးတစ်ယောက်ကို ဂေါမာ မွေးပြန်တယ်။ ဘုရားသခင် ပြောတဲ့အတိုင်း လောအမ္မိ (Lo-Ammi) လို့ အမည်ပေးလိုက်တယ်။ ဒီသားဟာ ကျုပ်ရဲ့ သားလေး မဟုတ်တာသေချာတယ်။ သမီးလတ်ကလည်း ကျုပ်ရဲ့ သွေးမှ ဟုတ်ရဲ့လားတောင် သံသယ ရှိလာတယ်။ ကျုပ်မှာ စိတ်ဆင်းရဲရတာ မပြောပါနဲ့တော့။ ဒါဝိဒ်ရဲ့ သီချင်းတွေကိုလည်း အရင်ကလို ကျုပ် မဆို နိုင်တော့ဘူး။ ကျုပ် အရမ်းပဲ ခံစားနေရပြီး အသည်းကွဲ နေရပြီ။

သားအငယ်ဆုံးလေး နို့ဖြတ်တော့ ဂေါမာ ကျုပ်ကို အပြီးအပိုင် စွန့်ပစ်သွားတယ်။ ကျုပ် ဆီကို လုံးလုံး ပြန်မလာတော့ဘူး။ ကျုပ်မှာ သားသမီးသုံးယောက်နဲ့ အိမ်မှာ အထီးကျန်စွာ ကျန်ရစ်ခဲ့တာပေါ့ဗျာ။ ကျုပ် စိတ်ဓါတ်တွေ အရမ်းကျဆင်းသွားတယ်။ ကျုပ်ရဲ့ သာသနာပြုလုပ်ငန်းတွေကိုပါ ထိခိုက်လာတယ်။ ဘုရားဆုတောင်းတာတွေလည်း လျော့နည်းလာပြီး ဆုတောင်းနိုင်တဲ့ ခွန်အားတွေလည်းမရှိတော့ဘူး။

ကျုပ်ကို စွန့်ပစ်သွားတဲ့ ဂေါမာကို မေ့လိုမရမှန်း ကျုပ်တဖြည်းဖြည်း သဘောပေါက်လာတယ်။ ဂေါမာကို ချစ်တဲ့အချစ်စိတ်တွေ ကျုပ်ဆီမှာ ရှင်သန်နိုးကြားနေတုန်းပဲ။ ကျုပ်သူ့ကို ဘယ်လိုမှာ စွန့်မလွှတ်နိုင်ဘူး။ ကျုပ် ဂေါမာကို ရှမာရိ (Samaria) တစ်လျှောက် လိုက်ရှာတယ်။ နောက်ဆုံးတော့ ဂေါမာကို ကျုပ်ရှာတွေ့ တယ်။ ဂေါမာ ဣသရေလ လမျိုး ယောက်ျားတစ်ယောက်နဲ့ အိမ်တစ်အိမ်မှာ အတူတူ နေတယ်။ အဲဒီလူရဲ့ အိမ်ကလည်း စုတ်ပြတ်သပ်နေတာပဲ။ ဒီလူ့ ကြည့်ရတာလည်း အကျင့် စာရိတ္တလုံးလုံးကောင်းမဲ့ပုံ မပေါ်ဘူး ။ ဂေါမာကိုလည်း ကောင်းကောင်းမွန်မွန်ထားနိုင် ပုံလည်း မရဘူး။ ကျုပ် ဂေါမာကို ကျုပ်ဆီ ပြန်လာဖို့ အမျိုးမျိုး တောင်းပန်တယ်။ ဂေါမာ ခါးခါးသီးသီး ငြင်းတယ်။ ကျုပ်လည်း မတတ်နိုင်တဲ့အဆုံး အလွန် ကြေကွဲစွာနဲ့ပဲ ကျုပ် သားသမီးတွေရှိရာ အိမ်ကို ပြန်လာခဲ့တယ်။ အိမ်ရောက်တော့ ကျုပ်ငိုကြွေးပြီး ဆုတောင်းမိတယ်။

ကျုပ် ဆုတောင်းအပြီး အကြံတစ်ခု ရတာနဲ့ ဈေးဘက်ကို ထွက်ခဲ့တယ်။ ဂေါမာအတွက် စားစရာနဲ့ အ၀တ်အစား အကောင်းစားတွေ ၀ယ်တယ်။ ဂေါမာ ကြိုက်တဲ့ လက်ဝတ်လက်စားတွေနဲ့ အလှပြင်ပစ္စည်းတွေကို ၀ယ်တယ်။ ပြီးတော့ ဂေါမာရဲ့ အချစ်သစ်ဖြစ်တဲ့ လူကို ဘယ်သူမှ မတွေ့နိုင်တဲ့နေရာကို ချိန်းလိုက်တယ်။ ဒီလူကလည်း ကျုပ်က သူ့ကို ရန်လုပ်မှာကို ကြောက်တယ်။ ဒါပေမဲ့ ကျုပ်က အဲဒီလူကို ကျုပ်ရဲ့ အစီအစဉ်ကို ပြောပြတယ်။ ကျုပ် ဂေါမာ အနေအစား ချို့ တဲ့နေတာကို မကြည့်ရက်ကြောင်း ကျုပ်ပြောပြတယ်။ ကျုပ်ဝယ်လာတဲ့ ပစ္စည်းတွေကို ဂေါမာကို ပေးပေးဖို့နဲ့ ဒီပစ္စည်းတွေကို ကျုပ်က ပေးတယ်လို့ ဂေါမာ မသိစေချင်ကြောင်း ပြောပြတယ်။ အဲဒီလူလည်း အနည်းငယ်ပြုံးပြီး ကျုပ်ရဲ့ အစီအစဉ်ကို လက်ခံလိုက်တယ်။ အဲဒီလူ သူ့အိမ်ပြန်သွားတော့ ကျုပ်နောက်ကနေ နောက်ယောင်ခံ လိုက်သွားတယ်။

အဲဒီလူအိမ်ပြန်ရောက်တော့ ကျုပ်ဝယ်ပေးလိုက်တဲ့ ပစ္စည်းတွေကိုလည်း ဂေါမာတွေ့ရော သူ့ရဲ့ လင်ငယ်ဝယ်ပေးတယ် အထင်နဲ့ အဲဒီလူကို အချစ်မိုးတွေ ရွာတော့တယ်။ အဲဒီလူကိုလည်း အိမ်ပြင်မှာ စောင့်ခိုင်းထားပြီး ဂေါမာ ပစ္စည်းတွေနဲ့ အိမ်လေးထဲကို ပြန် ၀င် သွားတယ်။ ဂေါမာ စုတ်ပြတ်နေတဲ့ အ၀တ်အစားတွေအစား ကျုပ်ဝယ်ပေးတဲ့ အ၀တ်အစားအသစ်တွေနဲ့ လဲလှယ်ဝတ်ပြီး ပြန်ထွက်လာတယ်။ ဂေါမာ အ၀တ်အစားသစ်၊ လက်ဝတ်လက်စား အသစ်တွေနဲ့ ပြန်ထွက်လာတာ အရမ်းကို လှတယ်ဗျာ။ ပထမဆုံးအကြိမ် သူ့ရဲ့အဖေအိမ်မှာ တွေ့ရတဲ့အတိုင်းပါပဲ။ ဂေါမာ လှမြဲ လှလျက်ပါပဲ။ သူရဲ့လင်ငယ်က ဂေါမာ အရမ်းလှတာကိုလည်းတွေ့ရော ဖက်မလို့ လုပ်လိုက်တာ ဂေါမာက အဖက်မခံဘူး။

”ခဏနေအုံး။ ဒီလောက်ဈေးကြီးပြီး ကောင်းလှတဲ့ အ၀တ်အစားနဲ့ ပစ္စည်းတွေက ရှင်ဝယ်ပေးတာ လုံးလုံးမဖြစ်နိုင်ဘူး။ ဗာလ (Baal)ဘုရား ပေးတာပဲ ဖြစ်ရမယ်။ ဗာလ ဘုရားကိုပဲ ကျေးဇူးဆပ်ဖို့ ကျွန်မ ဆုံးဖြတ်လိုက်ပြီ။ ကျွန်မ ဗာလဘုရား ဆီမှာပဲ အစေခံ တော့မယ်။”

ဂေါမာ အဲဒီလိုပြောပြီး သူ့ရဲ့ လင်ငယ်ကို ချက်ချင်း ထားခဲ့တယ်။ ခြံခုန်တဲ့ နွားများဟာ နောက်တစ်ခါ ခုန်ဖို့ ၀န်မလေးဘူး ဆိုတာ ကျုပ် တွေ့လိုက်ရတယ်။ ဂေါမာဟာ ဘယ်လိုမှ ထိန်းသိမ်းလို့မရတဲ့ မိန်မစားမျိုး ပါလား။ ကျုပ်အရမ်းတုန်လှုပ်သွားပြီး ရင်နင့်အောင့်လည်း ခံစားလိုက်ရတယ်။ အဲဒီနောက်ပိုင်း ကျုပ် ဂေါမာနဲ့ ပတ်သက်ပြီး ၀မ်းနည်းကြေကွဲ ရတာကြောင် အိပ်မပျော်တဲ့ ညပေါင်းတွေလည်း မနည်းတော့ပါဘူး။ ဂေါမာ ဗာလ ဘုရားဆီမှာ အစေခံတယ် ဆိုတာ တကယ်တော့ ဗာလဘုရားဆီကို လာပြီး ကိုးကွယ်ကြတဲ့ လူတွေရဲ့ အလိုကို ဖြည့်ပေးရတဲ့ ပြည့်တန်ဆာ အလုပ်ကိုလုပ်ရတာ ပါပဲ။

ကျုပ်ရဲ့ ဘ၀ဟာလည်း ပျက်စီးလုမတတ်ပါပဲ။ ဒါပေမဲ့ ကျုပ်ထာဝရဘုရား ဆီမှာ ပြန်လည် ခိုလှုံလိုက်တယ်။ ကျုပ်ရဲ့ သားသမီး သုံးယောက်ကိုလည်း ကျုပ်ရဲ့ အဖေနဲ့အမေက ကြည့်ရှုစောင့်ရှောက်ပေးတယ်။ ကျုပ်သားသမီးတွေကလည်း အဖိုးနဲ့အဖွား ဖြစ်သူကို ချစ်ကြပြီး၊ စကားနားထောင်တယ်။ ကျုပ်သားသမီးတွေကြောင့်သာ ကျုပ်ရဲ့ နှလုံးသားက ဒဏ်ရာသက်သာရာ ရခဲ့ပါတယ်။ နေ့စဉ်နဲ့အမျှ ဂေါမာအတွက် ကျုပ်ဆုတောင်းပေးပြီး၊ ဂေါမာအတွက် အလွမ်းသီချင်းတွေကို ကျုပ်စိတ်ထဲမှာ ဆိုမိတယ်။ ညတိုင်းလည်း ဂေါမာကို အိမ်မက်မက်တယ်။ အိမ်မက်က လန့်နိုးတိုင်းလည်း ဂေါမာတစ်ယောက် ကျုပ်ကို ထားခဲ့ပြီ ဆိုတဲ့ အတွေးကြောင့် ကြေကွဲစွာ ခံစားရတယ်။

နှစ်တွေကုန်လွန်သွားပေမဲ့ ဂေါမာတစ်ယောက် ဗာလဘုရားရဲ့ အစေခံ ပြည့်တန်ဆာဘ၀ကနေ ရုန်းမထွက်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ နွေဦးပေါက်ရာသီတစ်ခုကို ရောက်ရှိခဲ့တယ်။ တစ်နေ့မှာ ထာဝရဘုရားက ကျုပ်ကို ရှင်မာရိ လူတွေကြားကို သွားဖို့ ကျုပ်ရဲ့ စိတ်ကို စေ့ဆော်သလို ခံစားရတယ်။ ကျုပ်ရဲ့ စိတ်ထဲမှာလည်း မျှော်လင့်ချက်ကြီးတစ်ခုခု ရုတ်တရက် ပေါ်ထွက်လာသလိုပဲ။ ဒါနဲ့ ကျုပ်လည်း မြို့ ထဲက လမ်းတွေဘက်ရှိရာကို ထွက်လာခဲ့တယ်။ မကြာပါဘူး ကျွန်တွေကို ရောင်းချတဲ့ ဈေးကို ကျုပ်ရောက်သွားတယ်။ ဒီနေရာက ကျုပ် အရွံမုန်းဆုံး နေရာပဲ။ အဲဒီအချိန်မှာ ဗာလဘုရားရဲ့ ကျောင်းတော်က ယဇ်ပုရောဟိတ် တစ်ယောက်က မိန်းမတစ်ယောက်ကို ကျွန်တွေကို လေလံတင် ရောင်းချတဲ့ နေရာကို ဆွဲခေါ်လာတယ်။ အဲဒီ အမျိုးသမီးကို တွေ့တော့ ကျုပ်ရဲ့ နှလုံးသွေးတွေရပ်သွားတယ်။

”ဂေါမာ ။ ဟုတ်တယ် ။ ဂေါမာမှ ဂေါမာအစစ်။ ”

ဂေါမာကို သူတို့ ဘာအ၀တ်အစားမှ ပေးမ၀တ်ပဲ ဒီအတိုင်း ထားသွားတယ်။ မိမွေး ဖမွေး အတိုင်းရှိတဲ့ ဂေါမာကို ဘယ် ယောကျာ်းသားကမှ ရာဂစိတ်နဲ့ မကြည့်ကြတော့ဘူး။ ဘာကြောင့်လဲဆိုတော့ ဂေါမာဟာ အရင်က ဂေါမာလို စွဲမက်ဖွယ်ရာ မဟုတ်တော့ဘူး ။ ဂေါမာ အရမ်းပိန်ချုံးသွားပြီး အရိုးပေါ်အရေတင်ပဲ ရှိတော့တယ်။ မျက်တွင်းတွေလည်း ဟောက်ပက်နေပြီး နံရိုးပြိုင်းပြိုင်းပဲ ကျန်တော့တယ်။ ဆံပင်ဖြူတွေကြိုးတိုကြဲတဲ နဲ့ ဂေါမာဟာ အရူးမ တစ်ယောက်လိုပါပဲ။ လေလံတင်တဲ့ အခါမှာ ဂေါမာကို ဘယ်သူမှ ဈေးပေးပြီး မ၀ယ်ကြဘူး။ ဂေါမာကို အခုအချိန်မှာ ကျွန် တစ်ယောက် အနေနဲ့တောင် ဘယ်သူမှ မလိုချင်တော့ပါဘူး။ ကျုပ် ငွေသား ၁၅ ကျပ် နဲ့ မုယောဆန် တစ်တင်းခွဲ ပေးပြီး ၀ယ်လိုက်တယ်။

ဂေါမာကို ခေါ်ဖို့ ကျုပ် ကျွန်တွေထားရာ နေရာကို သွားတော့ လူအုပ်ကြီးကနေ အသံတွေထွက်လာတယ်။ ကျုပ်ဟာ ဂေါမာရဲ့ ခင်ပွန်းဖြစ်တာကို သူတို့ သိကြတယ်လေ။ ကျုပ်က ဂေါမာကို သေတဲ့ အထိ ရိုက်သတ်မယ်လို့ ထင်ပြီး စိုးရိမ်တကြီး ကြည့်နေကြတယ်။

ဒါပေမယ့် ကျုပ်ကသူတို့ ထင်သလို ဂေါမာကို ဘာမှ မလုပ်ပဲ အနီးနားက ၀တ်ရုံတွေရောင်းနေတဲ့ ဈေးသည်ဆီကနေ ကျုပ်ဝတ်ရုံဖြူတစ်ထည်ကို ဈေးကြီးပေးပြီး ၀ယ်လိုက်တယ်။ ပြီးတော့ မလုံမလဲ ဖြစ်နေတဲ့ ဂေါမာကို ကျုပ် လွှမ်းခြုံပေးလိုက်တယ်။

”ဂေါမာ။ ငါက မင်းရဲ့ ယောကျာ်း ဖြစ်တာကြောင့် မင်းကို ပိုင်ဆိုင်တဲ့ အခွင့်ရှိတယ်။ အခုလည်း မင်းကို ဈေးကြီး ပေးပြီး ၀ယ် လိုက်တဲ့ အတွက် မင်းကိုတစ်သက်လုံး ငါပိုင်သွားပြီး။ မင်းဘယ်တော့မှ ငါ့ဆီက မထွက်သွား ပါနဲ့တော့။ မကြာခင်မှာ မိန်းမမြတ် တစ်ယောက်ရဲ့ သိက္ခာနဲ့ ပြန်ပြီး ပြည်စုံလာတော့မှာပါ။”

ဂေါမာ သက်ပြင်းရှည်တစ်ချက်ကို ချလိုက်ပြီး ကျုပ်ရဲ့ ရင်ခွင်ထဲမှာ မေ့မြောသွားတယ်။ ကျုပ် ဂေါမာကို အိမ်ရှိရာ ပြန်ခေါ်လာခဲ့တယ်။ ဂေါမာ ပြန်ကျန်းမာလာအောင် ကျုပ် တယုတယနဲ့ ကြည့်ရှုစောင့်ရှောက်တယ်။ မကြာခင်မှာပဲ ဂေါမာ ပြန်လည် ကျမ်းမာလာတယ်။ နေ့တိုင်း ဂေါမာ ကို ဘုရားရဲ့ နူတ်ကပတ်တော်ကို ဖတ်ပြတယ်။ ဒါဝိဒ်ရဲ့ သီချင်းတွေကို ပြန်ဆိုတတ်အောင် ကျုပ်ဂေါမာကို သင်ပေးတယ်။ ဂေါမာ ပြန်ဆိုနိုင်တဲ့ အခါကျတော့ ကျုပ်တို့ နှစ်ဦးသား ဘုရားသီချင်းကို ဆိုကြပြီး ကျေးဇူးတော်ကို ချီးမွမ်းကြတယ်။ ဂေါမာ အရင်ကလို ပဲ ကျုပ်နဲ့ ကျုပ်ရဲ့ သားသမီးတွေနဲ့ ပြန်လည် ပျော်ရွင် လာပါပြီ။

ကျုပ် ဂေါမာကို ချစ်တဲ့ အချစ်ဟာ အဆုံးမရှိပါဘူး။ ဂေါမာ ကျုပ်ကို စွန့်ပစ်ပြီး သွားခဲ့တဲ့ အချိန်တုန်းကလည်း ကျုပ် ချစ်ဆဲပါပဲ။ အခု ကျုပ်လက်ထဲ ပြန်ရောက်လည်း ချစ်ဆဲပါပဲ။ ကျုပ်ရဲ့ စစ်မှန်တဲ့၊ ခွင့်လွှတ်တတ်တဲ့ မေတ္တာကို ဂေါမာ တစ်ယောက် နက်ရှိုင်းစွာ နားလည်လိုက်တဲ့ အချိန်မှာ ကျုပ်ကို ဘယ်တော့မှလည်း ပစ်ခွာမသွားတော့ဘူးလို့ ကျုပ်နားလည် လိုက်ပါတယ်။

ကျူပ်တို့ အပြစ်သားတွေ အပေါ်မှာ ထားတဲ့ ထာဝရ ဘုရားရဲ့ မေတ္တာဟာ လည်း အတူတူပါပဲ။ ဂေါမာလို ကျုပ်တို့ လူသားတွေဟာ ဘုရားရှင်ကို ပစ်ပြီး ဖောက်လွဲဖောက်ပြန် ပြုကြပေမဲ့လည်း ဘုရားသခင်က ကျုပ်တို့ကို ခွင့်လွှတ်သည်းခံပြီး ချစ်ပါတယ်။ သူ့ဆီကို ပြန်လာဖို့ လည်း အမျိုးမျိုး ဖြားယောင်းပါတယ်။ ကျုပ်တို့ဟာ အပြစ်တွေကြားမှာ နစ်မွန်းလို့ ဒုက္ခရောက်နေတာတောင်မှ သားတော်ရဲ့ အသွေးနဲ့ ဈေးကြီးပေးပြီး ပြန်လည်ဝယ်ယူခဲ့တယ်။ ဘုရားသခင်ရဲ့ ပေးဝယ်မှုကြောင့် ကျုပ်တို့တစ်တွေ ဘုရားရှင်ရဲ့ ရင်ခွင်ထဲ ပြန်ရောက်သွားပြီ ဖြစ်တဲ့ အတွက် ၊ သင်ခန်းစာများစွာ ရပြီး မေတ္တာရဲ့ နက်နဲတဲ့ သဘောကို ပေါက်သွားတဲ့ ဂေါမာလိုပဲ ကျုပ်တို့ ဘုရားကို ပစ်မခွာကြဘို့ ကျုပ်တိုက်တွန်းရင်း နိဂုံး ချုပ်လိုက်ပါတယ်။

(ပရောဖက် ဟောရှေ၏ ဘုရားမေတ္တာကို တင်စား ဖွဲ့ကြူးထားသော အနာဂတ္တိကျမ်းကို အခြေခံပြီး ရသဆန်ဆန် ဖွဲ့ဆိုသည်။)

 နာမတော်မြတ်၌

လှမင်းသူ

မှီငြမ်းချက်။

၁။ Wikipedia

၂။ သမ္မာကျမ်းစာတော်မြတ်မှ ဟောရှေအနာဂတ္တိကျမ်း

၃။ The Story of Gomer ပြဇတ် သရုပ်ဖော်ချက်။