မိုင်ယိုနီးစ် ပုလင်းနဲ့ ကော်ဖီ(၂)ခွက်



သင့်ဘ၀မှာ အရာရာဟာ ကိုင်တွယ်ထိန်းချုပ် ရတာခက်ခဲနေတယ် ဆိုရင်၊ တစ်နေ့မှာ ရှိတဲ့ (၂၄)နာရီဟာ သင့်အတွက် မလုံလောက်တော့ဘူးလို့ ထင်တယ်ဆိုရင် “Mayonnaise ပုလင်းနဲ့ ကော်ဖီ(၂)ခွက်”ကို သတိရလိုက်ပါ။

ပါမောက္ခကြီးတစ်ယောက်က အတန်းရှေ့မှာ ရပ်နေပြီး သူ့ရှေ့မှာ ပစ္စည်းတစ်ချို့ လည်းချထားပါတယ်။ အတန်းချိန်စတာနဲ့ ဘာမှမပြောဘဲ သူ့ရှေ့မှာရှိတဲ့ Mayonnaise ပုလင်းလွတ်ကြီးကို ကောက်ကိုင်လိုက်ပြီး ဂေါက်သီးလုံးတွေနဲ့ ဖြည့်လိုက်ပါတယ်။ ပြီးမှ ကျောင်းသားတွေကို ပုလင်းပြည့်နေပြီလားလို့ မေးပါတယ်။ ကျောင်းသားတွေက ပြည့်နေပြီလို့ ပြောကြပါတယ်။

အဲဒီအခါမှာ ပေါမောက္ခကြီးက ကျောက်စရစ်ခဲလေးတွေ ထည့်ထားတဲ့ ဗူးကိုကောက်ကိုင်လိုက်ပြီး ပုလင်းထဲကို ထည့်လိုက်ပြန်ပါတယ်။ ပြီးတော့ ပုလင်းကို အသာလေးလှုပ်ပေးလိုက်တယ်။ ကျောက်စရစ်ခဲလေးတွေက ဂေါက်သီးလုံးတွေ ကြားက လွတ်နေတဲ့ နေရာလေးတွေထဲကို ၀င်သွားကြပါတယ်။ ပါမောက္ခကြီးက ပုလင်းပြည့်နေပြီလားလို့ ကျောင်းသားတွေကို မေးပြန်ပါတယ်။ ကျောင်းသားတွေ ကလည်း ပြည့်နေကြောင်း ဖြေကြပြန်ပါတယ်။

ဒါပေမယ့် ပါမောက္ခကြီးက သဲတွေထည့်ထားတဲ့ ဗူးကိုယူလိုက်ပြီး ပုလင်းထဲကို ထည့်လိုက်ပြန်ပါတယ်။ သဲတွေကလည်း ပုလင်းထဲက နေရာလွတ်တွေအားလုံးထဲ ကျသွားပြန်ပါတယ်။ ပါမောက္ခကြီးက ပုလင်းပြည့်နေပြီလားလို့ ထပ်မေးပြန်ပါတယ်။ ဒီတစ်ခါမှာလည်း ကျောင်းသားတွေက ပြည့်နေကြောင်း တညီတညာတည်း ဖြေကြပြန်ပါတယ်။

ကျောင်းသားတွေအဖြေစကားကို ကြားပြီးတဲ့အခါမှာ ပါမောက္ခကြီးက ကော်ဖီ(၂)ခွက်ကို ဖျော်လိုက်ပြီး ပုလင်းထဲကို ထည့်လိုက်တဲ့အခါမှာ သဲတွေကြားထဲက လွတ်နေတဲ့နေရာတွေထဲကို ကော်ဖီတွေဝင်သွားပြီး ပြည့်သွားပြန်ပါတယ်။ အဲဒါကို မြင်တဲ့အခါ ကျောင်းသားတွေအားလုံး ရယ်ကြပါတော့တယ်။

ရယ်သံတွေစဲသွားတော့မှာ ပါမောက္ခကြီးက “အခု... ဆရာက ဒီပုလင်းကို မင်းတို့ရဲ့ဘ၀လို့ သဘောထားကြည့်စေချင်တယ်။ ဂေါက်သီးလုံးတွေက မိသားစုတို့၊ သားသမီးတို့၊ ကျန်းမာရေးတို့၊ သူငယ်ချင်းကောင်းတို့၊ ကိုယ်တန်ဖိုးအထားဆုံး အနှစ်သက်ဆုံးအရာတို့ စတဲ့ အရေးကြီးတဲ့အရာတွေ ပေါ့ကွာ။ တခြားဟာတွေ ဘာမှမရှိတော့ဘဲနဲ့ သူတို့ချည်းပဲ ကျန်ခဲ့ရင်တောင် ဘ၀ကို ပြည့်စုံစေမယ့် အရာတွေပေါ့။ ကျောက်စရစ်ခဲတွေကတော့ တခြားအရေးပါတဲ့ အလုပ်တို့၊ အိမ်တို့၊ ကားတို့ပေါ့ကွာ။ သဲတွေကတော့ ကျန်တဲ့ သေးသေးမွှားမွှား အရာအားလုံးပေါ့။ သဲတွေကိုသာ ပုလင်းထဲ အရင်ထည့်လိုက်မယ်ဆိုရင် ကျောက်စရစ်ခဲတို့ ဂေါက်သီးလုံးတို့အတွက် နေရာရှိတော့မှာ မဟုတ်ဘူး။ ဘ၀မှာလည်း ဒီလိုပဲ။ မင်းတို့ရဲ့အချိန်တွေ လုပ်အားတွေကို သေးသေးမွှားမွှားကိစ္စတွေ အတွက်ပဲ အကုန်လုံးသုံးပစ်ရင် တကယ်အရေးကြီးတဲ့အရာတွေ အတွက် ဘယ်တော့မှ ကျန်မှာမဟုတ်ဘူး။ ကိုယ့်စိတ်ချမ်းသာမှုအတွက် အဓိကကျတဲ့ အရာတွေကို အလေးထားပါ။ သားသမီးတွေ ရှိလာရင် ကလေးတွေနဲ့ အချိန်ပေးပြီး ကစားပါ။ ကျန်းမာရေးကိုလည်း ပုံမှန်စစ်ဆေးပါ။ ကိုယ့်ဇနီး/ခင်ပွန်းသည်နဲ့ ညစာအတူတူထွက်စားတာမျိုး တွေလုပ်ပေးပါ။ ကိုယ်နှစ်သက်မက်မောတဲ့ အားကစားတို့ ၀ါသနာပါရာတို့ကို စိတ်ကျေနပ်လောက်တဲ့အထိ လုပ်ပါ။ ကိုယ့်အတွက် တကယ်အရေးပါတဲ့ ဂေါက်သီးလုံးလိုမျိုး အရာတွေကို အလေးထားပါ။ ကိုယ့်အတွက် ဘယ်အရာကဘယ်လောက် အရေးကြီးလဲဆိုတာကိုလည်း အဆင့်ခွဲခြား သတ်မှတ်ထားပါ။ ကျန်တာတွေကတော့ သဲတွေပါပဲကွာ။”

အဲဒီအချိန်မှာ ကျောင်းသူတစ်ယောက်က လက်ကိုထောင်ပြီး ကော်ဖီက ဘာကိုကိုယ်စားပြုတာလည်းဆိုတာ မေးလိုက်ပါတယ်။ ပါမောက္ခကြီးက ပြုံးလိုက်ရင်း “အဲဒီလိုမေးတဲ့အတွက် ဆရာဝမ်းသာပါတယ်။ အဲဒါကဘာကို ပြောချင်တာလဲဆိုတော့ မင်းတို့ရဲ့ဘ၀မှာ ဘယ်လောက်ပဲ လုပ်စရာတွေပြည့်နေပါစေ သူငယ်ချင်းကောင်း တစ်ယောက်နဲ့ အေးအေးဆေးဆေးထိုင်ပြီး ကော်ဖီ(၂)ခွက် လောက် သောက်ဖို့အတွက် နေရာလွတ်(အချိန်)လေးတွေတော့ အမြဲရှိနေသေးတယ် ဆိုတာပါပဲ။”

“အချိန်တွေကလည်း အကုန်မြန်လိုက်တာ။ ဘာမှတောင် မလုပ်လိုက်ရဘူး။”လို့ မကြာခဏ ညည်းတတ်တဲ့ ကျွန်မအတွက် အရမ်းအဓိပ္ပါယ်ရှိတဲ့ ဇာတ်လမ်းလေးပါ။ အချိန်ကို အရေးမကြီးတဲ့ ကိစ္စတွေအတွက် အများကြီးသုံးမိလို့ ပြန်ပြန်စဉ်းစားပြီး နှမြောမိတာ ခဏခဏပါပဲ။ ဒီဇာတ်လမ်းလေးကို ဖတ်ပြီး ဘ၀မှာလုပ်စရာရှိတာတွေကို အဓိကနဲ့သာမညခွဲလုပ်ပြီး အချိန်ကို အဓိပ္ပါယ်ရှိရှိအကျိုးရှိရှိ သုံးရမယ်လို့ ကိုယ့်ကိုကိုယ် ဆုံးမမိပါတယ်။ ဒီဇာတ်လမ်းလေးကိုလည်း လူတော်တော်များများ အင်္ဂလိပ်လို ဖတ်ပြီးသား ဖြစ်နိုင်ပေမယ့် မဖတ်ရသေးတဲ့သူတွေကို မျှဝေချင်လို့ ကြိုးစားပြီး ဘာသာပြန်ထားတာပါ။ အားလုံး အဓိပ္ပါယ်ရှိတဲ့ အချိန်များကိုပဲ ပိုင်ဆိုင်နိုင်ကြပါစေရှင်။

မှတ်ချက်။ ။ ရွှေပြည်သူဘလောက် http://www.shwepyithu.com/2008/03/mayonnaise.html March 10, 2008 တွင်ဖေါ်ပြခဲ့ပြီး သဲသဲ၊ William WIN တို့မှတဆင့်ရရှိပါသည်။ ဘာသာပြန် နှင့် ရုပ်ပုံ - Website Admin များမှ ကူးယူတင်ပြပါသည်။ (ရွှေပြည်သူဘလောက်ရေးသူသည် ဗုဒ္ဓဘာသာယုံကြည်သူဖြစ်ပြီး။ မုရန်အယ်ဒီတာမှ ထပ်ဆင့်တင်ပြခြင်းဖြစ်ပါသည်)။

Monday, March 10, 2008

.