ပန်းချီကားချပ်ထဲသို့ ခရီးသွားခြင်း -



 ဆရာဦးလတ်ယေရှဲ

ပန်းချီကားချပ်ထဲတွင်းသို့ မောင်းနှင်ဝင်ရောက်နေဘိအလား ခံစားမိသည်။ ညီညာ ဖြောင့်ဖြူး လှသည့် ပေတရာ လမ်းမကြီးပေါ်၌ တဝီဝီမောင်းနှင်နေသော နောက်ဆုံးပေါ် ကားများသည် သူ့ထက်ငါအပြိုင်ပြေးလွှား နေကြသည်။ ဝေသီမြင့်မားလှသောမြို့အလှဂုဏ်ဆောင်သည့်အဆောက်အဦးများကိုအဝေးမှရေးရေးစမြင်နေရ ပြီ။ ရင်ထဲ၌ အမည် ဖော်ပြ၍ မရနိုင်သော ကြည်နူးမှု့များ လေပြေလေညှင်းနှင့်အတူ ဝင်ရောက်လာသည်။

ဆန်ဖရန်စစ္စကိုမြို့၏ အလှကျက်သရေဆောင်ဖြစ်သော ကမ္ဘာကျော် ရွှေတံခါးတံတားကြီး (Golden Gate Bridge)သည် ဖွေးနုလှပပြီး ဂွမ်းဆိုင်ခဲနှင့်တူလှသည့် နှင်းမူန်များအကြား ကြွားကြွားဝင့်ဝင့်ထင်ပေါ် လှပလျှက် ရှိနေသည်ကို မြင်ရပြန်သောအခါ ဘုရားရှင်၏ကျေးဇူးတော်ကို ထပ်မံ ချီးမွမ်း မိသည်။ ငယ်စဉ်ချိန်ခါတုန်းက ရုပ်ရှင်ထဲမှာ၊ စာအုပ်ထဲမှာ၊ သီချင်းထဲမှာသာ မြင်ဘူးကြားဘူးတဲ့ဆန်ဖရန်စစ္စကိုမြို့တော် ကိုရောက်လာသည်မှာ ဘာလိုလိုနှင့်တစ်ဆယ့်ငါးနှစ်ပင် ပြည့်ခဲ့ပြီ။ အရှည်ဆုံးတံတားဖြစ်တဲ့ Bay Bridge ပေါ်ကိုရောက်တယ် ဆိုရင် ဘဲ ကျယ်ပြောလှတဲ့ပစ္စိဖိတ်သမုဒ္ဒရာပြင်ကျယ်ကြီးကိုမြင်နေရပြီဖြစ်သည်။ကျွမ်းကျင်လွန်းလှသည့်ပန်းချီဆရာ ချယ်မူန်းထားသောဆန်ဖရန်စစ္စကိုမြို့တော်ပန်းချီကားချပ်ထဲသို့မောင်းနှင်ဝင်ရောက်နေဘိအလားခံစားမိပြန် သည်။ ဪ တင့်တယ်လှပ ပေသကိုး။

.


“ဆရာတို့ ဘုရားကျောင်းကို ရောက်တော့မလား” မေးသံကြားလိုက်တော့မှ ခေါ်လာ ခဲ့သော ဧည့်သည် ဆရာကို သတိရမိတော့သည်။ ပန်းချီကားတစ်ချပ်လို ဆွဲဆောင်နိုင်စွမ်း တဲ့ ဆန်ဖရန်စစ္စကိုရဲ့ အလှကို နှစ်နှစ်ခြိုက်ခြိုက် ခံစားနေမိတာလဲ ဒီတစ်ကြိမ်ထဲ မဟုတ်ပါ။ ဒီကို ရောက်ကထဲကပင် ဖြစ်သည်။ အကြိမ်ကြိမ် မြင်တိုင်း အကြိမ်ကြိမ် ကြည်နူးမှု့ ပေးစွမ်း နိုင်အောင်တင့်တယ်လှပသည်မှာအမှန်ပင်ဖြစ်သည်။ခင်မင်ရသော မိတ်ဆွေများ၊ မိသားစုများ မရောက်ဘူးကြသေးသူများ၊ မြင်ရမှယုံကြသူများအတွက်တစ်ခါတစ်ခေါက်ဘဲဖြစ်ဖြစ် လာရောက်စေချင်မိသည်။ ခုဘဲကြည့်တော့၊ အလှပန်းချီကားထဲ နစ်မြောမိလို့ တကူးတက ခေါ်လာတဲ့ဧည့် သည် ကိုတောင် မေ့နေခဲ့သည်၊

“ဪ ဟုတ်ကဲ့၊ တံတားကြီးကျော်ပြီး ဆယ့်ငါးမိနစ်လောက်ဆိုရင် ရောက်ပါပြီ။” “ဆရာတို့ အသင်းတော်က ဆန်ဖရန်စစ္စကိုမြန်မာ နှစ်ခြင်းအသင်းတော် ဟုတ်တယ် နော်” ကြားလိုက်ရသည်မှာ သာမန်မေးခွန်း လေးဖြစ်ပေသော်လည်း၊ နားထဲကိုချိုမြသည့်ပျားရည် လောင်းထည့်လိုက်သလို “နင့်”ကနဲ ခံစားလိုက်ရပြန်သည်။ အခုဘဲ လှပခမ်းနား တဲ့ ဆန်ဖရန်စစ္စကို အလှကို ခံစားနေခဲ့တယ် မဟုတ်ပါလား။ ကမ္ဘာပေါ်မှာအလှဆုံးစာရင်းဝင်မြို့တစ်မြို့ဖြစ်တဲ့ဆန်ဖရန်စစ္စကိုမြို့ထဲမှာမြန်မာလိုစကားပြောတဲ့ အသင်းတော် လေးတစ်ပါးကို ဖန်တည်းပေးခဲ့သည်မှာ သုံးဆယ့်ငါးနှစ်ကျော် ရှိခဲ့ပြီ။ လှပတဲ့အသင်းတော်လေး တစ်ပါးကို လှပတဲ့ မြို့လေးထဲမှာ ထားရှိပြီး၊ အဲဒီ အသင်းတော်လေးထဲမှာပါဝင်ခွင့်ရတာ၊အမှု့တော်မှာပါဝင်ခွင့် ရတာ ဘုရားရှင်ရဲ့ ကျေးဇူးတော်ပင် ဖြစ်သည်။ ဒါဝိဒ်မင်းကြီး ရေးစပ်သလိုလဲ ခံစားမိသည်။ “ဆီဥကို၎င်း၊ ဆူသောအသားကို၎င်း စား၍ ဝသကဲ့သို့၊ အကျွန်ုပ်၏ ဝိညာဉ်သည် ရွှင်လန်းသော နူတ်ခမ်းနှင့်၊ အကျွန်ုပ်၏ နူတ်သည် ကိုယ်တော်ကို ချီးမွမ်းပါမည်။” (ဆာလံကျမ်း၊ ၆၃း၅)။ “ဆရာ” “ဟေ” “ဆရာ့ကို ကြည့်ရတာ တော်တော်ပီတိဖြစ်နေသလိုဘဲ၊ ဆရာတို့ ဆန်ဖရန်စစ္စကိုက အရမ်းလှတာဘဲနော်” “မှန်လိုက်လေ ဆရာရေ၊ နောက်မှ ဒီထက်လှပတဲ့ နေရာတွေ လိုက်ပြမယ်လေ။ ဘုရား ကျောင်း ရောက်ရင် ဒီထက်ပိုပြီး ပီတိဖြစ်စရာကောင်းတဲ့ အလှအပလေးတွေလဲ ဆရာ မြင်ရအုံးမယ်။” “တယ်ဆိုတဲ့ စာပါလား ဆရာလတ်”


“တယ်ဆိုဆို၊ တစ်ကယ့်ကို မှန်လို့ပေါ့ဗျာ၊ ဟိုရောက်ရင် တကျော်ကျော် သီချင်းဆို၊ ကခုန်မြူးတူးနေကြမဲ့ ချစ်စဖွယ်ရင်သွေးငယ်လေးတွေ၊အနာဂါတ်ခေါင်းဆောင်ကောင်းတွေဖြစ်မယ့်လူငယ်မောင်မယ်လှပျိုဖြူလေး တွေ၊ တိုင်းတပါး ရောက်နေပေမယ့် မြန်မာရိုးရာ ယဉ်ကျေးမူ့ အစဉ်အလာကို ထိမ်းသိမ်းနေကြပြီး ပြူငှါ ဖော်ရွေတဲ့ အသင်းသား အသင်းသူ တွေ အပြင်၊ မြန်မာပြည် အလွမ်းပြေစေမယ့် ရိုးရာအစားအသောက်တွေ ဖွယ်ဖွယ်ရာရာ စားသောက် ရအုံးမယ်လေ။ ကျွန်တော်ပြောရင် ပိုတယ်ထင်မှာစိုးလို့ ဆက်မပြောတော့ ပါဘူး၊ ဟိုရောက်ရင် ဆရာကိုယ်တိုင် ခံစားရပါလိမ့်မယ်။”

"Daddy! There's a parking spot!" ကြည့်- သမီးလေးရဲ့ အသံကြားလိုက်မှဘဲ မိုင်လေးဆယ်လောက် ဆန်ဖရန်စစ္စကို ပန်းချီကားချပ်ထဲ မောင်းနှင်ရင်း ဘုရားဖန်ဆင်းခြင်း အလှတရားကို ခံစားလာလိုက်တာ၊ ကားနောက်ခုံမှာ ချစ်ဇနီးနဲ့ သားသမီး လေးဦး ပါလာတာကို ဘုရားကျောင်းရောက်မှဘဲ သတိရမိတော့သည်။ ဘယ်လောက် ပီတိဖြစ်စရာ ကောင်း တဲ့ အသင်းတော်လဲဆိုတာ၊ ဒါကိုဘဲ ကြည့်တော့။ "Thanks, honey!" သမီးလေးညွှန်ပြတဲ့ နေရာမှာ ကားရပ်ခဲ့ပြီး ဧည့်သည်ဆရာကို ခေါ်ကာ ကျေးဇူး တော် ချီးမွမ်းခြင်း အနှစ်သာရ အသစ်နဲ့ ဘုရားကျောင်းထဲ ဝင်ရောက်ခဲ့ပါတော့သည်။ ဪ ပန်းချီကားချပ်ထဲသို့ ခရီးနှင်ရတဲ့ ပီတိဟာ ဘာနဲ့မှ နှိုင်းလို့မရနိုင်တဲ့ အဓိပ္ပါယ်ရှိလှတဲ့ ခရီးသစ် ပါတကား။

လူ့ဘဝသည် လောကခရီးကို သွားနေခြင်း ဖြစ်သည်။ ကျွန်ုပ်တို့ မှီတင်းနေထိုင်ရာ ကမ္ဘာမြေကြီးသည် မလှုပ်မရှား ရပ်တည်နေဘိအလား တည်ငြိမ်နေသော်လည်း၊ တစ်နာရီ လျှင် မိုင်ခြောက်သိန်းနှုန်းနှင့် ရွေ့လျား ပြေးလွှားသွားနေသည်ဟု ပညာရှင်များက လေ့လာ တွေ့ရှိထားသည်။ အသင်းတော်များသည် ခရစ်တော် ၏ သတင်းတော်မြတ်ကို သယ်ဆောင် ကာ သာသနာ့ခရီးကို ချီတက်နေကြသည်။ ကျွန်တော်တို့ ဘယ်လိုခရီးကို သွားနေကြ ပါသလဲ။ ပျော်ရွှင်ချမ်းမြေ့ပြီး စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ ကျေးဇူးတော် ရေတွက်ချီးမွမ်း တဲ့ခရီး စဉ် လား၊ သို့တည်းမဟုတ် ပျင်းရိငြီးငွေ့စရာကောင်းပြီး၊ ပင်ပန်းဆင်းရဲလှတဲ့ သောက ပင်လယ်၊ ပူလောင် ပြင်းပြလှတဲ့ နွေကန္တာရထဲ၊ ငြီးတွား လူးလိမ့်နေရတဲ့ ခရီးစဉ်လား။ ခရီးရဲ့ အကောင်းအဆိုးဟာ လမ်းခရီး ရဲ့ ကြမ်းတမ်းမှု့၊ ချောမောမှု့ထက် ခရီးသွားသူရဲ့ခံယူချက်၊ ယုံကြည်ချက်၊ ဝိညာဉ်ရေးရာ ရင့်ကျက်မှု့အပေါ်မှာ အများကြီး မူတည်နေပါတယ်။ အရာရာ ဟာ ကမ္ဘာလောကရဲ့ ဖန်ဆင်းရှင်၊ လောကရဲ့ပန်းချီဆရာဘုရားသခင် က အလှပဆုံး ဖန်ဆင်း ရေးဆွဲထားတဲ့ ခရီးစဉ် ဖြစ်တယ်လို့ ယုံကြည်လက်ခံထားရင်၊ လှပတဲ့ ဘဝပန်းချီကား ထဲပီတိအဟုန်နဲ့ကျေးဇူးတော်ချီးမွမ်းတဲ့ခရီးကို သွားနေရသလိုခံစားရမဲ့အပြင်၊စိတ်နှလုံးငြိမ်သက်အေးချမ်းခြင်း၊ ကြည်လင်ပြီပြင်တဲ့ အနာဂါတ်ကို ပိုင်ဆိုင်ရခြင်း၊ ဘဝ ခရီးအတွက် နေ့စဉ် ခွန်အားသစ်များရရှိခြင်းနဲ့ အသက် ရှင်တဲ့ ဘုရားရှင်နဲ့အတူ ဘဝခရီး သွားနေရခြင်း ဆိုတဲ့ အနှစ်သာရတွေ ပြည့်ဝ စုံလင်မှာ ဖြစ်ပါတယ်။

“သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။” (သုတ္တံကျမ်း၊၃း၆)။ ဘုရားသခင် ပဲ့ပြင်တော်မူတဲ့ ခရီးစဉ် မှန်ရင် လှပတဲ့ လောက ပန်းချီ ကားချပ်ထဲ ခရီးနှင်ရသလို ကြည်နူးချမ်းမြေ့ ဘွယ်ရာများနှင့် ပြည့်ဝမည်မှာ အမှန်ဧကန် ဖြစ်သည်။ “ဆရာ” “ဟေ”


“ဆရာ တရားရေအေး တိုက်ကျွေးဖို့ အစီအစဉ် ရောက်နေပြီလေ”


ကျေးဇူးတော် ချီးမွမ်း၍ မကုန်နိုင်တဲ့ ပန်းချီကားချပ် ခရီးစဉ် ပန်းတိုင် အထွဋ်အမြတ် အကြာင်းကို ပလ္လင် ရှေ့မှာ ရပ်ရင်း အားပါးတရ ဟောပြောဝေငှ လိုက်သည်။ ဒီတစ်ခါ တရားဟောရတာလောက် အားရတာ မရှိ တော့ပါ။ “ခရစ်တော်ကို အရှင်သခင်လို့ ယုံကြည် လက်ခံသူများ၊ နောက်ဆုံး လျှောက်ကြရမဲ့ ခရီးစဉ်ဟာ အလှပဆုံး ပန်းချီကားချပ်ထဲကို အောင်မြင်ခြင်း၊ ဘုန်းတော် ထင်ရှားခြင်း၊ အောင်မြင်သောကြွေးကြော်သံများနဲ့ ခရီးဆုံးကို လျှောက်ကြရမှာ ဖြစ်တယ်။ (ဗျာဒိတ်ကျမ်း၂၁)မှာ-“ကောင်းကင် သစ်နှင့် မြေကြီးသစ် ကိုလည်း ငါမြင်၏။ သန့်ရှင်းသော မြို့တည်းဟူသော ယေရူရှလင်မြို့သစ်သည် တန်ဆာ ဆင်သော မင်္ဂလာဆောင် သတို့ သမီးလို ဖြစ်၏။ခပ်သိမ်းသောအရာတို့သည်အသစ်သောဖန်ဆင်းခြင်းများဖြစ်ကြ၏။ထိုမြို့၏အရောင်အဝါသည် ကျောက်သလင်း နဂါးသွဲ့ကဲ့သို့ အမြတ်ဆုံးသော ကျောက်မျက်မွန်နှင့် တူ၏။ မြို့သည်လည်း ကြည်လင်သော ဖန်နှင့် တူသော ရွှေစင်ဖြစ်၏။ တံခါးတို့သည် ပုလဲများဖြင့် စီချယ်ထား၏။ မြို့လမ်းမတို့သည် ကြည်လင်သော ဖန်ကဲ့သို့သော ရွှေစင်ဖြစ်၏၊ ထိုမြို့၌ ဗိမာန်တော်မရှိ၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင် ဘုရားသခင်နှင့်သိုးသူငယ်သည်ထိုမြို့၏ဗိမာန်တော်ဖြစ်တော်မူ၏။ ညစ်ညူးသောအရာ ၊စက်ဆုတ် ဘွယ်သောအရာ၊ သစ္စာပျက်သောအရာ တစုံတခုမျှ မဝင်ရဘဲ သိုးသူငယ်၏ အသက်စာစောင်၌ စာရင်းဝင်သော သူတို့သာ လျှင် ဝင်ရ၏။ ”

ဤမျှ ကြည်နူးချမ်းမြေ့ဘွယ်ကောင်းသော ကောင်းကင် ရွှေပြည်တော် ပန်းချီ ကားချပ်သည် စိတ်ကူး ယဉ် ပန်းချီကားချပ် မဟုတ်ပါ။ ကျွန်ုပ်တို့ အမှန် ဝင်စား ရမည့် ကောင်းကင် ရွှေပြည်တော် ဖြစ်သည်။ ဤ့မြတ် လှသော မျှော်လင့်ချက် ပန်းတိုင်သည် လောကခရီး လျှောက်လှမ်းရာမှာအသစ်သောခွန်အား၊အသင်းတော်၏ သာသနာ့ ခရီး အတွက် အသောမသတ်နိုင်အောင် ဖြည့်စွမ်း ပေးနေသော တန်ခိုးအာနိသင်ပင် ဖြစ်ပါသည်။ အနာဂါတ် ခရီးကို ကျေးဇူးတော် ချီးမွမ်းခြင်းနှင့် လျှောက်လှမ်း နိုင်ကြပါစေသော်။

မေတ္တာများစွာဖြင့်၊

ဆရာဦးလတ်ယေရှဲ

Ref: http://access2ministry.blogspot.com/2011/02/blog-post.html